ပုဏ္ဏားကျွန်း – ၂၀၂၃ မေ ၃၁ (မော်ကွန်း)
ရခိုင်ပြည်နယ်မှာ စပါးစိုက်ရာသီ ရောက်ပြီဖြစ်ပေမယ့် လယ်သမားအများစုဟာ မိုခါမုန်တိုင်းကြောင့် အပျက်အစီးတွေကိုပြင်ဆင်နေရပြီး လယ်ယာလုပ်ငန်းတွေ မစနိုင်သေးဘူးလို့ တောင်သူတွေက ပြောပါတယ်။
” ထွန်ယက်ဖို့ထက် လယ်သမားတွေက နေစရာမရှိသေးဘူး။ ပျက်သွားတဲ့အိမ်တွေကို ပြင်နေရတယ်။ ပျက်သွားတဲ့လယ်တွေကို ပြန်ရိတ်တာတွေ၊ လယ်တဲပြန်ဆောက်တာတွေ လုပ်နေရတယ်”လို့ ပုဏ္ဏားကျွန်းမြို့နယ်က တောင်သူတစ်ဦးက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ စပါးစိုက်ဧက အများအပြားစိုက်ပျိုးလုပ်ကိုင်သူဖြစ်တဲ့ ဦးတင့်လွင်ကတော့ နောက်သီတင်းပတ် နှစ်ပတ်ခန့်လောက်မှသာ လယ်တွေကို စတင်ထွန်ယက်နိုင်မှာဖြစ်တယ်လို့ ပြောပါတယ်။
” အခုက ထွန်ယက်မှုစတင်ရမယ့်ကာလကို ရောက်ပြီပေါ့။ မိုးကြိုကာလဆိုတော့၊ အခုတော့ မုန်တိုင်းကြောင့် ထွန်ယက်မှုကို အာရုံမစိုက်နိုင်ဘူး။
ထွန်ယက်ပြီးရင်တော့ ရာသီဥတုကို စောင့်ပြီး ပျိုးကြဲတာ၊ မျိုးစေ့ချတာတွေ လုပ်ရမှာပေါ့။ အခုက တစ်ပြည်နယ်လုံးဆို ထွန်ယက်နိုင်တာ ၅ ရာခိုင်နှုန်းလောက်ပဲ ရှိမယ်” လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ မေ ၁၄ က တစ်နာရီမိုင် ၁၄၀ နှုန်းလောက်နဲ့ ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ ဆိုက်ကလုန်းမုန်တိုင်းမိုခါကြောင့် ရခိုင်ပြည်နယ်က နွေစပါးစိုက်ဧက ၅၀၀ ခန့် ပျက်စီးခဲ့တယ်လို့ တောင်သူတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ နွေစပါးကို စိုက်ဧက ၁,၀၀၀ ခန့်သာ စိုက်ပျိုးလေ့ရှိပြီး မိုးစပါးကိုတော့ ဧက သိန်းနဲ့ချီကာ အဓိကထားစိုက်ပျိုးပါတယ်။
ရခိုင်ပြည်နယ်တစ်ခုလုံးမှာ မိုးစပါးစိုက်ဧကပေါင်း ၁၀ သိန်းကျော်ရှိပြီး ပြီးခဲ့တဲ့ ၂၀၂၂ မှာ ဧကကိုးသိန်းခန့်စိုက်ပျိုးခဲ့ပေမယ့် ရာသီဥတုဖောက်ပြန်မှုတွေကြောင့် ဧကတစ်သိန်းခန့် ပျက်စီးခဲ့ရတယ်လို့ ရခိုင်ပြည်နယ်တောင်သူလယ်သမားသမဂ္ဂအသင်း ကပြောပါတယ်။
မုန်တိုင်းကြောင့် ပျက်စီးခဲ့ရမှုတွေဟာ လက်ရှိကာလသာမက ရေရှည်အတွက်ပါ စားနပ်ရိက္ခာဖူလုံမှုကိုထိခိုက်မယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့အစည်း(WFP)က သတိပေးထားပြီး ရခိုင်မှာ ပင်လယ်ရေငံဝင်ရောက်မှုကြောင့် လယ်မြေတွေ၊ ငါးကန်တွေပျက်စီးခဲ့ရသလို စပါးမျိုးစေ့တွေနဲ့ တိရစ္ဆာန်တွေလည်း ပျက်စီးခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။
ပုံစာ- ပုဏ္ဏားကျွန်းမြို့နယ်က စပါးစိုက်ခင်းကို ရေဝင်ရောက်နေပုံ
ဓာတ်ပုံ – TLM
#Dailynews

