ပျံသန်းတော့မည့် အိပ်မက်တစ်စုံ

ပျံသန်းတော့မည့် အိပ်မက်တစ်စုံ

ကျော်ဇေယျာထွန်း ရေးသည်။

ATR အမျိုးအစားလေယာဉ်တစ်စီးသည် ကွင်းဝိုင်းပင်လယ်ကမ်းခြေတွင် အရှိုန်ပြင်းပြင်းဖြင့် ပြေးနေရာမှ ကောင်းကင်ပေါ်သို့ ထိုးတက်သွားလေသည်။ ကောင်းကင်ပေါ်ရောက်ပြီး ညာဘက်သို့ပြန်အကွေ့မှာတော့ လေယာဉ်သည် ရုတ်တရက် ကျောက်ဆောင်ပေါ်သို့ ဦးခေါင်းနှင့်ထိုးကျကာ “ချောက်” ဆိုသည့် အသံထွက်လာပြီး လေယာဉ်မှာ ထက်ပိုင်းကျိုးသွားလေတော့၏။

အဆိုပါလေယာဉ်မှာ တကယ့်လူစီးလေယာဉ်မဟုတ်ဘဲ ကိုယ်ထည်နှင့်အတောင်ပံ အရှည်လေးပေစီအသီးသီးရှိပြီး လုံးပတ်တစ်ပေကျော်ခန့်ရှိသော ရေဒီယိုထိန်းချုပ်မှုဖြင့် မောင်းနှင်သည့် RC လေယာဉ်အမျိုးအစားဖြစ်သည်။ လေယာဉ်ကို ထိန်းချုပ်မောင်းနှင်သူမှာ ကိုကိုရဲထွဋ်ဖြစ်သည်။ သူသည် လေယာဉ်ကောင်းကင်ပေါ်တက်သွား၍ ရင်ထဲပီတိဖြစ်ကာ ပျော်လို့ပင်မဆုံးခင် ယခုလို မြေပြင်သို့ထိုးကျပျက်စီးသွားသည့်အတွက် ရင်ထဲ ‘ဟာ’ သွားသည်။

“အချစ်ဦးနဲ့ကွဲတဲ့လူလိုလား။ ငါ့ရည်းစားသူများနဲ့ ညားတဲ့သူတွေလိုလား၊ အဲဒီထက်တောင် ဆိုးမယ်ထင်တယ်” ဟု လေယာဉ်ပျက်စီးသွား၍ ဖြစ်ပေါ်လာသည့်ခံစားမှုကို သူကပြောပြသည်။

အော်ဒါမှာသူကို အချိန်မီပေးပို့နိုင်ရန် စွန့်စားပြီးမောင်းကြည့်ခဲ့ရာမှ စက်ချွတ်ယွင်းကာ ယခုလိုအဖြစ်မျိုးနှင့် ကြုံခဲ့ရခြင်းဖြစ်လေသည်။
“ပို့ရမယ့်ပစ္စည်းအသစ်ကြီး။ အဲဒီလိုဖြစ်တော့ နားကားသွားတာပေါ့။ ဆုံးရှုံးမှုက အချိန်တွေရှိတယ်။ သူ့နောက်မှာ စောင့်နေတဲ့ အော်ဒါတွေရှိတယ်” ဟု သူကရှင်းပြသည်။

၂၀၁၆ မှ ယနေ့အထိ ရေဒီယိုထိန်းချုပ်မှု(Radio Control-RC)ဖြင့် မောင်းနှင်သည့် လေယာဉ်ပေါင်း ၃၀ ခန့်နှင့် ရေယာဉ်အကြီးအသေးပေါင်း ၁၂၀ ကျော် ကိုယ်တိုင်ထုတ်လုပ်ရောင်းချခဲ့ပြီးဖြစ်သည်။ ရေငုပ်သင်္ဘောတစ်စီးပင် ပါသေး၏။

အဆိုပါ RC လေယာဉ်၊ ရေယာဉ်ငယ်လေးများကို ကိုယ်တိုင်ထုတ်လုပ်နိုင်သည့်တိုင် ကိုကိုရဲထွဋ်သည် နည်းပညာ တက္ကသိုလ်ကျောင်းဆင်းလည်းမဟုတ်သလို စက်မှုလက်မှုကျောင်းထွက်လည်းမဟုတ်။ နည်းပညာနှင့်ပတ်သက်၍ သင်တန်းပင် မတက်ဖူးပေ။ အတန်းပညာမှာ ၁၀ တန်းမအောင်သဖြင့် ကျောင်းထွက်ထားသူ တစ်ဦးဖြစ်သည်။

သူသည် စကားပြောလျှင် ပြုံး၍၊ ရယ်၍ ပြောတတ်သည်။ စကားကို သွက်သွက်လက်လက်ပြော၏။ သူရယ်လိုက် သည့်အခါမျိုးတွင် ကျပ်ခိုးစွဲနေသည့်သွားများ အတိုင်းသားပေါ်လာသည်။ ဆေးပေါ့လိပ်ကို ပါးစပ်တွင် မတပ်ထားရင်တောင် လက်ထဲညှပ်ထားတတ်သည်။ အရပ်မြင့်မြင့်၊ ပိန်ပိန်ပါးပါးနှင့် အသားမည်းသည်။ ပါဝါ ၄၅၀ ရှိသည့် မျက်မှန်နောက်က သူ့မျက်လုံးများမှာ မှုန်ဝါး၍နေ၏။

သူသည် ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ သပြုချိုင်ကျေးရွာ၊ ရွာသာယာအပိုင်းမှ ဖြစ်သည်။ ယခုလို ရေဒီယိုထိန်းချုပ်မှုနှင့် မောင်းနှင်ရသည့် လေယာဉ်၊ ရေယာဉ်များကို ကိုယ်တိုင်လုပ်နိုင်ခြင်းမှာ ငယ်ငယ်ကတည်းက ဝါသနာပါခဲ့ခြင်းနှင့် အွန်လိုင်းပေါ်တွင် အစဉ်အမြဲလေ့လာနေခြင်းကြောင့်ဖြစ်သည်ဟု သူကရှင်းပြသည်။

ငယ်ငယ်ကဆိုလျှင် မိဘများက ကစားစရာများဝယ်လာပေးလျှင် ဘယ်တော့မှဒီအတိုင်းမထား။ အထဲတွင် ဘာများရှိမလဲဆိုသည့်အတွေးဖြင့် တစ်စချင်းစီဖြုတ်တတ်သည်။ ကားများဝယ်လာလျှင်လည်း အဆိုပါကားဖြင့် မဆော့။ အထဲရှိ မော်တာနှင့် စက်ပစ္စည်းလေးများကိုထုတ်ကာ ကားအခွံကို လွှတ်ပစ်လိုက်သည်။ ပြီးလျှင် ဖော့ပြားတစ်ခုတွင် မော်တာနှင့် ပန်ကာတပ်ပြီး သင်္ဘောမောင်းသည်။

“အဲဒီလိုပစ္စည်းတွေဖျက်ရင် အဖေကတော့ ဘာမှမပြောဘူး။ အမေကတော့ ဆော်တယ်။ အဆော်ခံရတာတော့ အမြဲတမ်း ပဲ။ တုတ်နဲ့ ခေါင်းကို ခေါက်တာ” ဟု ကိုကိုရဲထွဋ်က ပြန်ပြောပြသည်။

သူငါးတန်းနှစ်အရွယ်က ရွာထဲမှကျောင်းနေဖက်သူငယ်ချင်းများနှင့် စစ်တိုက်တမ်းကစားကြသည့်အခါ စကားပြောစက် တစ်လုံး လိုချင်စိတ်ဖြစ်မိသည်။ စပီကာနှစ်လုံးကို ဝါယာကြိုး အရှည်သွယ်တန်းကာ အလယ်တွင် ဓာတ်ခဲထည့်သုံးမည်ဆိုပါက စကားပြောစက်ရနိုင်မည်ဟု တွေးမိသည်။ ထို့ကြောင့် အဖိုးဖြစ်သူ၏ ရေဒီယိုမှ စပီကာနှစ်လုံးကို ခိုးဖြုတ်သည်။ နေရှင်နယ်ဓာတ်ခဲ လေးငါးလုံးလောက်ကို ရှာလိုက်သည်။

ထိုစပီကာနှစ်လုံးကို ဝါယာကြိုးအရှည်ဖြင့် ချိတ်ကာ ဟိုဘက်၊ သည်ဘက် စကားပြောကြည့်သည်။
“အဲတုန်းက စပီကာနှစ်လုံးရယ်၊ ဝါယာကြိုးရယ်၊ ဓာတ်ခဲရယ်။ ဘာမှကြားမခံဘူး။ သူက ကြိမ်နှုန်းနဲ့ စီးသွားတာ။ စကား ပြောလို့ရတယ်” ဟု ကိုကိုရဲထွဋ်က ဆိုသည်။

သူသည် လျှပ်စစ်ပစ္စည်းများနှင့်ပတ်သက်၍ ကလိတတ်သည်၊ အကောင်းများကို ဖျက်ဆီးတတ်သလို ပျက်နေသည့် စက်ပစ္စည်းများကိုလည်း ပြင်နိုင်သည်ဟု ပတ်ဝန်းကျင်ကသိကြသည်။ ထို့ကြောင့် ရွာထဲတွင် ရေဒီယိုပျက်သည့် အခါဖြစ်စေ၊ တီဗီပျက်သည့်အခါဖြစ်စေ သူ့ထံလာအပ်ကြသည်။ ဆိုလာမီးပျက်ခြင်း၊ ဓာတ်မီး မီးမလင်းခြင်းကအစ သူ့ထံရောက်လာတတ်ကြသည်။

တစ်ခါက နွားချေးဖြင့် မီးထွန်း၍ရသည်ဆိုသောသတင်း ကြားရသဖြင့် တကယ်ဟုတ်၊ မဟုတ် သူစမ်းသပ်ကြည့်ဖူးသည်။
“ အဓိကက နွားချေးမှာက အပူဓာတ်ရှိမယ်။ ဆားရယ်၊ ပြီးတော့ ဓာတ်ခဲအဟောင်း ကြိတ်ပြီး ထည့်တယ်။ စဉ်းစားကြည့်တော့ ဟုတ်တော့ဟုတ်တယ်ဆိုပြီးတွေးမိတယ်။ အဲဒါနဲ့ ကျွန်တော်လျှောက်လုပ်တာ။ လင်းတာ ပေါ့။ လင်းပေမယ့် ဝါယာတွေက မခံနိုင်ဘူးလေ။ ၁၀ ရက်၊ ၁၅ ရက်ဆိုရင် ကြိုးတွေက ဆားပေါက်လာပြီ။ LED ဓာတ်မီးတွေ လင်းတဲ့ နှုန်းလောက်လင်းတယ်” ဟု သူကဆိုသည်။
ထို့ကြောင့် ရွာထဲမှ တချို့အိမ်များက ကိုကိုရဲထွဋ်ထံရောက်လာကြပြီး နွားချေးဖြင့် မီးလင်းအောင် လုပ်ခိုင်းကြသည်။

ငါးတန်း၊ ခြောက်တန်းအရွယ်ကဆိုလျှင် သူ့အင်္ကျီအိတ်ထဲတွင် နားကြပ်ကတ်ဆက်မော်တာလေးများ ဆောင်ထား တတ်သည်။ တခြားသောကလေးများက သရေကွင်းပစ်၊ ဒိုးပစ်သည့်အချိန်တွင် သူသည် သူငယ်ချင်းတစ်ဦးနှင့်အတူ ရေအိုင် သို့မဟုတ် ချောင်းတွင် စက်လှေသွား မောင်းလေ့ရှိသည်။

ထိုစဉ်က ကက်ဆက်ပြင်သည့် အဖိုးကြီးထံမှ ကတ်ဆက်မော်တာများကို တစ်လုံး ၅၀၀ ကျပ်ဖြင့် ဝယ်ရသည်။ ယင်းသို့ဝယ် နိုင်ရန် မုန့်ဖိုးများဖြင့် စုဆောင်းဝယ်ရသလို တစ်ခါတစ်ရံ မိဘများမသိအောင် ခိုးယူခဲ့ဖူးတာလည်းရှိသည်ဟု သူကဆိုသည်။

၂၀၀၆-၂၀၀၇ တွင် သူသည် ၁၀ တန်းကျသဖြင့် ကျောင်းထွက်ခဲ့သည်။ ဘာအလုပ်မှမလုပ်ဘဲ ယောင်လည်လည်ဖြစ် ခဲ့သည်။ သူငယ်ချင်း၊ မိတ်ဆွေများဖြင့်သာ အချိန်တွေကုန်ခဲ့သည်။ တစ်ခါတလေ ကလေးများကိုခေါ်ကာ ရေကန်တွင် စက်လှေသွားမောင်းရုံမှလွှဲပြီး သူဝါသနာပါသည့် စက်ပစ္စည်းများနှင့်ပတ်သက်၍ ဘာမှ ဆက်မလုပ်ဖြစ်။

ယင်းသို့နေရင်းက ၂၀၁၃ တွင် နေပြည်တော်ရှိ ဟိုတယ်တစ်ခုတွင် အလုပ်လုပ်နေရင်း လယ်ဝေးမြို့သူနှင့် အိမ်ထောင်ကျခဲ့သည်။ အိမ်ထောင်ကျပြီးသည့်နောက် သူ့ဇာတိရွာသာယာသို့ ပြန်လာခဲ့သည်။ ပြီးလျှင် ဆိုင်ကယ်ပြင်ဆိုင်ဖွင့်သည်။ ယင်းဆိုင်ဖွင့်ဖြစ်ခြင်းမှာလည်း မခံချင်သည့်ဒေါသစိတ်ကြောင့်ဟု သူကဆိုသည်။

“ဒီပစ္စည်းလေးတွေကိုလည်း သိတယ်။ ဈေးနှုန်းလည်း သိတယ်။ လက်ခက ဒီလောက် တောင်းလားပေါ့။ ကြာတော့ တင်းလာတယ်။ ကိုယ့်ဘာသာကိုယ် ပြင်မယ်ကွာဆိုပြီး Google မှာ ရှာတာ။ စက်ပစ္စည်းတွေ ဘယ်လိုအလုပ်လုပ် တယ်ဆိုတာ အန်နီမေးရှင်းတွေ ကြည့်တယ်။ ဘယ်သူမှမမေးဘူး” ဟု အင်တာနက်လိုင်းများအလွယ်တကူရရှိ လာခြင်းကြောင့် Google ကိုသုံးပြီး ဆိုင်ကယ်စတင် ပြင်ဖြစ်ခဲ့ပုံကို ကိုကိုရဲထွဋ်က ရှင်းပြသည်။

ဆိုင်ကယ်ပစ္စည်းအဟောင်းဆိုင်တွင် ဆိုင်ကယ်အင်ဂျင်များသွားဝယ်သည်။ ပြီးလျှင် အင်ဂျင်တုံးကိုဖွင့်ကာ လေ့လာသည်။ ဤသို့ဖြင့် သင်တန်းမတက်၊ ဆရာ မသင်ဘဲ ဆိုင်ကယ်တစ်စီးကို ကောင်းကောင်းပြင်တတ်ခဲ့သည်။

ထိုအချိန်တွင် သူသည် Google မှတစ်ဆင့် သူစိတ်ဝင်စားသည့် စက်ပစ္စည်းများအကြောင်းကို လေ့လာနေပြီဖြစ်သည်။ အထူးသဖြင့် RC (Radio Control) ဖြင့်မောင်းနှင်သည့် လေယာဉ်၊ ရေယာဉ်များအကြောင်းလေ့လာသည်။ တခြားသူများ လုပ်ထားသည့် ယာဉ်များကို ကြည့်သည်။

ကလေးကစားသည့်မော်တော်ကားမှ မော်တာနှင့် ရီမုများကို ဖြုတ်ကာ စက်လှေတစ်စီးတည်ဆောက်သည်။ စက်လှေကို ဖိနပ်အောက်တွင်ခံသည့် ဖော့ပြားဖြင့် လုပ်ခဲ့ခြင်းဖြစ်သည်။ ရောင်းတမ်းမဟုတ်ဘဲ အပျော်တမ်းဆော့ရန် လုပ်ခဲ့ခြင်းဖြစ်ရာ ဆေးပင်သုတ်မထား။ ယင်းစက်လှေကို ချောင်းထဲတွင် မောင်းပြီး ဗီဒီယိုရိုက်ထားလိုက်သည်။ ပြီးလျှင် ဖေ့ဘွတ်ရှိ တီထွင်သူများဂရုတွင် ဗီဒီယိုဖိုင်လေးကို တင်မိလိုက်သည်။ ထိုအခါ ဂရုထဲတွင်ရှိသည့် ဝါသနာရှင်များက ‘မင်းဟာကြီးကကွာ အဲဒါလောက်တော့ ကလေးတောင်လုပ်တတ်တယ်’၊ ‘မင်းဟာက ပဲ့ရွဲ့နေတာပဲ’ စသဖြင့် မျိုးစုံဝေဖန်ခံ ရလေသည်။

“အဲဒါနဲ့ မခံချင်စိတ်နဲ့ အိမ်ပြန်ရောက်တော့ သွပ်ပြားတွေဖြတ်၊ ထုထောင်းပြီး ငါးဖမ်းသင်္ဘောတစ်စီးလုပ်လိုက်တယ်။ တစ်ပတ်လောက်ပဲကြာတယ်။ အဲဒီအခါမှ Bravo တွေဖြစ်သွားတာ” ဟု ဒုတိယမြောက်သင်္ဘောလုပ်သည့်အခါမှ ဝိုင်းပြီး ချီးကျူးခံရပုံကို ကိုကိုရဲထွဋ်က ပြောပြသည်။

ထိုအခါ မန္တလေးမှဝါသနာရှင်တစ်ဦးက ကိုကိုရဲထွဋ်လုပ်ထားသည့် ငါးဖမ်းသင်္ဘောလေးကို သူ့သားလေးအတွက် ဝယ်ပေးချင်သလို အိမ်တွင်လည်းအလှထားလိုသဖြင့် ရောင်းပေးရန် သူ့ထံဆက်သွယ်လာလေသည်။ သူလုပ်ထားသည့်သင်္ဘောလေးကို ရောင်းလိုစိတ်မရှိ။ သို့သော် ဝယ်ချင်သူက မကြာခဏလှမ်းမေးသလို တီထွင်သူများဂရု၏ အက်ဒမင်ဖြစ်သူများကလည်း ရောင်းချလိုက်ရန်နှင့် ဒါဟာလမ်းစတစ်ခုဖြစ်ကြောင်းပြောပြသဖြင့် သင်္ဘောလေးကို ရောင်းချလိုက်တော့သည်။

ယင်းမှာ သူ့ဘဝအတွက် ကိုယ်တိုင်လုပ်သည့် သင်္ဘောလေးကို ပထမဆုံးအကြိမ်ရောင်းလိုက်ရခြင်းပင်ဖြစ်သည်။ အဆိုပါ RC သင်္ဘောအတွက် ခြောက်သောင်းကျပ်ရလေသည်။ ဆိုင်ကယ်ပြင်ဆိုင်ဖွင့်ထားသော သူ့အနေဖြင့် ဆိုင်ကယ်အင်ဂျင် တစ်လုံးပြင်ပေးမှ ကျပ်တစ်သောင်းခွဲခန့်သာရသည်။

“အဲဒါနဲ့ ချဦးမယ်ကွာ နောက်တစ်စီးဆိုပြီး (RC ရေယာဉ်) တစ်စီးထပ် လုပ်တယ်” ဟု သင်္ဘောများတစ်စီးပြီး တစ်စီးဆက်လုပ်ဖြစ်ခဲ့ပုံကို သူကရှင်းပြသည်။

ပထမလုပ်သည့် လေး၊ ငါးစီးကို သွပ်ပြားဖြင့်လုပ်ခဲ့ပြီး ယင်းနောက်ပိုင်းသင်္ဘေားများကို PVC ကော်ပိုက်များဖြင့်သာ လုပ်ခဲ့တော့သည်။ မော်တာနှင့် ရီမုများကိုလည်း ယခင်လိုမဟုတ်တော့ဘဲ ပရော်ဖက်ရှင်နယ်အသုံးပြုသည့် ပစ္စည်းများ ကိုသာ အသုံးပြုတော့သည်။

အဆိုပါစက်ပစ္စည်းများကိုတော့ ရန်ကုန်ရှိ RC ပစ္စည်းအရောင်းဆိုင်မှမှာယူပြီး ရေယာဉ်နှင့် လေယာဉ်ကိုယ်ထည်များ အတွက်လိုအပ်သည့်ပစ္စည်းများကိုတော့ သံတွဲရှိဆောက်လုပ်ရေးဆိုင်နှင့် စက်ဘီးအပိုပစ္စည်းအရောင်းဆိုင်များမှ ဝယ်ယူသည်။

သူသည် ၂၀၁၆ မှစတင်ကာ RC ရေယာဉ်များကို ကိုယ်တိုင်ထုတ်လုပ်ရောင်းချခဲ့ရာမှ RC သင်္ဘောအမှာများ များလာခဲ့သဖြင့် မအားမလပ်ဖြစ်လာခဲ့သည်။ ထို့ကြောင့် အိမ်ရှေ့တွင်ဖွင့်ထားသည့် ဆိုင်ကယ်ပြင်ဆိုင်ကို ပိတ်ပြီး RC ဖြင့် မောင်းနှင်သည့် ယာဉ်များကိုသာ ဇောက်ချလုပ်ဖြစ်ခဲ့သည်ဟု သူက ဆိုသည်။

အဓိက သူစိတ်ဝင်စားသည့်အရာက သင်္ဘောများတည်ဆောက်ခြင်းပင်ဖြစ်သည်။ သင်္ဘောတည်ဆောက်ရာတွင် သူ့အနေဖြင့် ကိုယ်ထည်စလုပ်သည့်အခါ စိတ်ဝင်စားမှုမရှိသေး။ သို့သော် လူနေအခန်း၊ ဆလင်ခန်းများလုပ်ရသည့် အခါတွင် အလုပ်တွင် ဈာန်ဝင်သွားတတ်သည်။ ထိုအခါမျိုးတွင် ထိုင်ရာက မထဖြစ်တော့။ ယင်းသို့လုပ်နေရသည့်အခါ အင်ဂျင်နီယာအဖွဲ့ကြီးဖြင့် ကိုယ်တိုင်တည်ဆောက်နေရသလို ခံစားရသည်ဟု သူကဆိုသည်။

သင်္ဘောများအော်ဒါလက်ခံသည့်အခါ သင်္ဘောအမျိုးအစား၊ အလျား၊ အနံ၊ အမြင့်၊ ရေစူး စသည့်အတိုင်းအတာများ ဘယ်လောက်ရှိသည်ကို မေးရသည်။ သို့မဟုတ် အင်တာနက်တွင် သင်္ဘောပုံစံနှင့် အရွယ်အစားကို ကိုယ်တိုင်ဝင်ရှာသည်။ ပြီးလျှင် Model Scalar ဆော့ဝဲဖြင့် တွက်ချက်ကာ စကေးယူပြီး တည်ဆောက်ရသည်ဟု သူကဆိုသည်။

ယင်းသို့တွက်ချက်ရာတွင်လည်း ကွန်ပျူတာအကူအညီမယူဘဲ ဓာတ်ပုံများကိုကြည့်ပြီး မျက်မြင်ဖြင့်သာ ပြုလုပ်ရခြင်း ဖြစ်သည်။
နေပြည်တော်စစ်သမိုင်းပြတိုက်တွင်ထားရန် စစ်သင်္ဘောလေးစီးလောက် သူတည်ဆောက်ပေးခဲ့ဖူးသည်။ ထပ်မံ တည်ဆောက်ပေးရန်လည်း ရှိသေးသည်ဟုဆိုသည်။

ကိုကိုရဲထွဋ်ကို နည်းပညာတက္ကသိုလ်တစ်ခုမှ ကျောင်းသားတချို့လာရောက် ချိတ်ဆက်ဖူးသည်။ သူတို့ကျောင်းတွင် စာတမ်းပြုစုရန် ရေယာဉ်များတည်ဆောက်ခိုင်းခြင်းဖြစ်လေသည်။ (ယင်းသို့လုပ်ခိုင်းခြင်းမှာ အများမသိအောင် အကူအညီတောင်းကာ လုပ်ခိုင်းတာဖြစ်ခြင်းကြောင့် နည်းပညာတက္ကသိုလ်၏ နာမည်မဖော်ပြရန် သူကမေတ္တာရပ်ခံသည်။)

ကျောင်းသားတစ်ဦးမှာ ရေငုပ်သင်္ဘောလုပ်ခိုင်းခြင်းဖြစ်သည်။ အဆိုပါပရောဂျက်ကို စာတမ်းတင်ပြီးမှသာလျှင် ဘွဲ့ရမည်ဖြစ်ကြောင်းပြောပြပြီး ချိတ်ဆက်လာခြင်းဖြစ်သည်။ ထို့ကြောင့် သူသည် RC ရေငုပ်သင်္ဘောတစ်စီး တည်ဆောက်ပေးခဲ့ရသေးသည်။

ရေငုပ်သင်္ဘောလုပ်ရန် လေးလက်မအကျယ်ရှိသည့် PVC ကော်ပိုက်ကို သုံးပေအရှည်ဖြတ်လိုက်သည်။ ပြီးလျှင် ပိုက်လုံးထိပ်နှစ်ဖက်ကို အပူပေးကာ ရေငုပ်သဘောၤပုံစံဖော်လိုက်သည်။ ရေစိုမခံနိုင်သည့်စက်ပစ္စည်းများကို ရေလုံအောင် လုပ်ထားလိုက်သည်။ ရေငုပ်သင်္ဘောမှာ အခွံ့အတိုင်းဆိုလျှင် ရေတွင်ပေါ်နေတတ်ပြီး လိုအပ်သည့်ရေအလေးချိန် ဖြည့်လိုက်မှသာ ရေထဲသို့မြုပ်သွားခြင်းဖြစ်လေသည်။ ယင်းအတွက်ကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် လုပ်ခဲ့ရသည်ဟု ဆိုသည်။

ရေငုပ်သင်္ဘောလုပ်ရသည်မှာ လုံးလုံးကြီးလုပ်ရသည့်အတွက် တခြားသော သင်္ဘောများလုပ်ရခြင်းထက် ပို၍လွယ်ကူ သည်။ ထို့ကြောင့် လုပ်ရသည့်အချိန်မှာ တစ်လပင်မကြာလိုက်။ ရေငုပ်သင်္ဘောလုပ်ပြီးသည့်အခါ ချောင်းထဲရေကြည် နေသည့်အချိန်တွင် စမ်းသပ်မောင်းနှင်ခဲ့သည်။ ကုန်းပေါ်မှရီမုဖြင့် လိုသလိုမောင်းနှင်ခဲ့သည်ဟု သူကဆိုသည်။

“သူက တကယ့်ရေငုပ်သင်္ဘောအတိုင်း လုပ်ပေးရတာ။ ကြိုက်သလောက်ငုပ်သွားလို့ရတယ်။ ဒါပေမဲ့ မခံနိုင်တဲ့အဆုံးတော့ ပေါက်ထွက်သွားမှာပေါ့” ဟု သူက ဆက်ပြောပြသည်။

သူသည် သင်္ဘောများအပြင် လေယာဉ်ပျံများကိုလည်း စမ်းသပ်ထုတ်လုပ်ကြည့်သည်။ သူလုပ်သည့် ပထမဆုံး လေယာဉ်မှာ Piper J-3 Cub အမျိုးအစားလေယာဉ်ဖြစ်သည်။ ကိုယ်ထည်ကို ဖော့ဖြင့်လုပ်ပြီး အတောင်ပံအတွက် ပလက်စတစ်အမိုးပြားကို အသုံးပြုသည်။ ပြီးလျှင် စက်ကိရိယာများ တပ်ဆင်လိုက်သည်။ ထို့နောက် လက်တွေ့ပျံသန်းကြည့်ဖို့ အိမ်နောက်ဘေးလယ်ကွင်းထဲသို့ ထွက်လာခဲ့သည်။

“စမောင်းတုန်းကဆိုရင် ရင်ထဲတဒိန်းဒိန်းနဲ့။ ဒူးတွေဆိုရင် တဆတ်ဆတ်တုန်နေတာ။ လက်တွေဆိုရင် ဒါမျိုးဖြစ်နေတာ” ဟု စိတ်လှုပ်ရှား၍ ခြေ၊ လက်များ တုန်ခဲ့ရသည့်အဖြစ်ကို ပြောပြသည်။

လေယာဉ်သည် လေထဲသို့ ပျံဝဲသွားသည့်အခါမှာတော့ လင်မယားနှစ်ယောက် ခုန်ပေါက်ကာ ပျော်ခဲ့ရလေသည်။ ပထမဆုံးမောင်းနှင်ရခြင်းဖြစ်သည့်အတွက် လေယာဉ်မှာ အောက်သို့ထိုးစိုက်ကျလာလိုက်၊ အပေါ်သို့ ထောင်တက်သွားလိုက်၊ ပြီးလျှင် ဘယ်ယိမ်း၊ ညာယိမ်းကာ သစ်ပင်များနှင့် တိုက်မလိုဖြစ်လိုက်ဖြင့် ကိုးရိုးကားယားဖြစ် ခဲ့ရသည်။

“လေယာဉ်က ဟိုဘက်ဒီဘက် ယိမ်းနေတာ။ ဒါပေမဲ့ လုံးဝ မပျက်ကျဘူး။ RC လောကက လူတွေ ချီးကျူးတယ်” ဟု ပထမဆုံးစမ်းသပ်မောင်းနှင်သည့်လေယာဉ် ပျက်မကျသဖြင့် ချီးကျူးခံရပုံကို ကိုကိုရဲထွဋ်က ပြောပြသည်။

ထိုနေ့က အဆိုပါလေယာဉ်ကိုလေးကြိမ်ခန့်စမ်းသပ်မောင်းကြည့်ခဲ့သည်။ လေယာဉ် မတည်မငြိမ်ဖြစ်ရခြင်းအကြောင်းကို Google တွင်ရှာပြီး လိုအပ်သည်များကိုပြင်ဆင်လိုက်သည်။ ထို့ကြောင့် ညနေပိုင်းမောင်းသည့်အခါမှာတော့ လေယာဉ်သည် လေထဲတွင် တည်ငြိမ်စွာပျံသန်းနိုင်ခဲ့ပြီး လိုသလိုမောင်းနှင်၍ရခဲ့လေသည်။

“အဲဒီနေ့က ဘယ်လိုပျော်မှန်းကို မသိတာ” ဟု သူ့ဘဝ၏ ပထမဆုံးကိုယ်တိုင်လုပ် RC လေယာဉ်မောင်းခဲ့စဉ်က ခံစားမှုကို ပြန်ပြောပြသည်။

ယင်းပျံသန်းမှုအောင်မြင်ပြီးသည့်နောက်မှာတော့ ကိုကိုရဲထွဋ်သည် လေယာဉ်များကို တစ်စီးပြီး တစ်စီးထုတ်လေတော့ သည်။ ယခုအခါ သူ့အနေဖြင့် ဖော့ပြားကြီးတစ်ခုကိုပင် မော်တာနှင့်ပန်ကာတပ်ကာ မောင်းမည်ဆိုလျှင်ပင် လေထဲပျံအောင် လုပ်နိုင်သည်ဟုဆိုသည်။

ကိုကိုရဲထွဋ်အတွက် ရေယာဉ်၊ လေယာဉ်မျာထုတ်လုပ်ရာတွင် အခက်အခဲတချို့တော့ရှိသည်။ ယင်းမှာ လျှပ်စစ်မီးပင်ဖြစ် သည်။ သူနေသည့် ရွာသာယာအပိုင်းတွင် ပုဂ္ဂလိက မီးစက်ဖြင့် ည ၇ နာရီမှ ၁၀ နာရီအထိသာ လျှပ်စစ်မီးရသည်။ ခဲဆက်လိုသည့်အခါမျိုးတွင် မီးလာအောင်စောင့်ရသည်။ မီးလာသည့်အခါတွင်လည်း လျှပ်စစ်မီးအားမကောင်းသဖြင့် ခဲကောက် မီးပူလာအောင် ထပ်စောင့်ရပြန်သည်။ ထို့ကြောင့် အချိန်မစောင့်နိုင်သည့်အခါမျိုးတွင် မီးဖိုချောင်တွင် မီးမွှေးကာ ကြေးချောင်းကို မီးဖုတ်ပြီး အလုပ်လုပ်ရသည်။

ပစ္စည်းများကို ကော်ကပ်သည့်အခါတွင်လည်း လျှပ်စစ်မီးကိုမစောင့်တော့ဘဲ ကော်ချောင်းကို မီးခြစ်ဖြင့် မီးတို့ကာ ကော်ကပ်ရသည်။
သူသည် ငပလီမြို့၊ မြပြင်ရပ်ကွက်တွင် နှစ်နှစ်နေခဲ့ဖူးသည်။ ထိုစဉ်က လျှပ်စစ်မီးရသဖြင့် အော်ဒါများများလက်ခံနိုင်ခဲ့သလို ကုန်ပစ္စည်းများကိုလည်း များများထုတ်လုပ်နိုင်ခဲ့သည်ဟု သူကဆိုသည်။

နောက်ထပ်အခက်အခဲတစ်ခုက ပစ္စည်းအမှာများကို တစ်ဦးတည်းဒိုင်ခံလုပ်နေရခြင်းပင်ဖြစ်သည်။ ထိုအခါ အချိန်မီမပြီးတာ မျိုးတွေဖြစ်တတ်သည်။ ထို့အတွက် သူ့တွင်စိတ်ဖိစီးမှုများဖြစ်ရသည်။ ယင်းသို့ဖြစ်လာပါက ဘာမှလုပ်ချင်စိတ်မရှိတော့ သည့်အထိ ဖြစ်ရသည်ဟု သူဆိုသည်။

အော်ဒါမှာသမျှကို တစ်ဦးတည်းဒိုင်ခံလုပ်နေရတာမျိုးမဟုတ်ဘဲ ဝန်ထမ်းသုံးလေးယောက်ဖြင့် အသေးစားလုပ်ငန်းတစ်ခုတည်ထောင်ပြီး ကိုယ့်ဒီဇိုင်းနှင့်ကိုယ် ပစ္စည်းများထုတ်လုပ်လိုသည်။ ပြီးလျှင် တစ်နိုင်ငံလုံးတွင် ရှိသည့် RC အရောင်းဆိုင်များတွင် သွားတင်ထားမည်ဟု သူကရည်ရွယ်ထားလေသည်။

ယခုမေလထဲမှာတော့ သူ၏ အနာဂတ်ရည်မှန်းချက်များ အကောင်အထည်ဖော်နိုင်ဖို့ လမ်းစများပေါ်လာသည်ဟုဆိုရမည်။ ယင်းမှာ ပြီးခဲ့သည့်မေလက သူ့တွင် ဖုန်းဘေလ်ထည့်ရန် ပိုက်ဆံမရှိဖြစ်ခဲ့သည်။ ထိုအခါ ဖေ့စ်ဘွတ်ရှိ သံတွဲသူသံတွဲသား ပျော်ပျော်ပါးပါးစကားဝိုင်းဆိုသည့်ဂရုက ၎င်းတို့တွင် အဖွဲ့ဝင် ၇၀,၀၀၀ အထိမ်းအမှတ်အဖြစ် Like အများဆုံးရသည့် ပို့စ်ကို ဖုန်းဘေလ်ငါးထောင်ဖြည့်ပေးမည်ဟု ကြေညာသည်။ ထိုအခါ ကိုကိုရဲထွဋ်သည် သူထုတ်လုပ်ထားသည့် ရေယာဉ်များ၊ လေယာဉ်များနှင့် လေယာဉ်ပျံသန်းသည့် ဗီဒီယိုများကို အဆိုပါဂရုတွင် တင်ပေးလိုက်သည်။

ထိုအခါ သူ၏ပို့စ်မှာ နာရီပိုင်းအတွင်း Like ပေးသူ ထောင်ကျော်သွားလေသည်။ ထို့ကြောင့် သူသည်ဖုန်းဘေလ် ငါးထောင်ရခဲ့သလို သူ့အကြောင်းမှာလည်း သံတွဲမြို့နယ်အတွင်း ချက်ချင်းပျံ့နှံ့သွားခဲ့သည်။ နောက်တစ်ပတ်လောက်မှာ တော့ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးက သူထံဖုန်းဆက်လာသည်။ ကိုကိုရဲထွဋ်ကို သံတွဲခရိုင်အုပ်ချုပ်ရေးမှူးက ရုံးတွင်လာတွေ့ရန် အကြောင်းကြားလာခြင်းဖြစ်သည်။

သူ့စိတ်ထဲစိုးရိမ်စိတ်ဖြစ်သွားသည်။ သူလုပ်နေသည့် အလုပ်များကို ကန့်သတ်လိုက်မှာ ကြောက်သွားသည်။ ဒရုန်းပျံသန်း သဖြင့် အရေးယူအဖမ်းခံရသူများအကြောင်းကို သူကြားဖူးရာ သူ့ကိုလည်း ယင်းသို့အရေးယူလေမလားဟူ၍ စိုးရိမ်နေခြင်း ဖြစ်သည်။ သူသည် သံတွဲခရိုင်အုပ်ချုပ်ရေးမှူးဖြင့် ဇွန်လပထမပတ်တွင် သွားရောက်တွေ့ဆုံခဲ့သည်။

“မိုးလင်းတော့ သွားလိုက်တယ်။ မိန်းမကို ခေါ်သွားတာ။ စစ်ကူခေါ်သွားတာ မိန်းမအားကိုးနဲ့” ဟု ရယ်လျက်ပြောသည်။
မိန်းမသည် သူ့အတွက် အိမ်ထောင်ဖက်တစ်ဦးလည်းဖြစ်သလို အားကိုးရသည့်လုပ်ဖော်ကိုင်ဖက်တစ်ဦးလည်းဖြစ်သည်။ သူအလုပ်လုပ်သည့်အခါ လိုအပ်သည့်ပစ္စည်းများကို မိန်းမကရှာဖွေယူငင်ပေးသည်။ ရေယာဉ်၊ လေယာဉ်များ မောင်းနှင်သည့်အခါတွင်လည်း မိန်းမဖြစ်သူက သူ့ကိုဗီဒီယိုရိုက်ကာ မှတ်တမ်းတင်ပေးသည်။ မျက်စိမှုန်သည့် ကိုကိုရဲထွဋ်အတွက် မိန်းမသည် ဒုတိယမျက်လုံးလည်းဖြစ်သည်။ လုပ်ငန်းမအောင်မြင်သည့်အခါတွင်လည်း တစ်ဦးတည်းသော အားပေးသည့်အဖော်ဖြစ်သည်။ ယခု သံတွဲခရိုင်းအုပ်ချုပ်ရေးမှူးနှင့် တွေ့ရမည်ဆိုသည့်အခါတွင်လည်း မိန်းမက အားကိုးရမည့်အဖော်အဖြစ် လိုက်ပါပေးသည်။

သံတွဲခရိုင်မှူးနှင့်တွေ့သည့်အခါ ခရိုင်မှူးက သူလုပ်နေသည့်အလုပ်ကိုအားပေးပြီး လုပ်ချင်တာကို ရဲရဲလုပ်ရန် တိုက်တွန်းသည်။ လိုက်နာရမည့် စည်းကမ်းများကိုလည်း လိုက်နာပေးရန်မှာကြားသည်ဟု ကိုကိုရဲထွဋ်က ဆိုသည်။

“အဓိကက သူတို့ပံ့ပိုးချင်တဲ့အကြောင်းပေါ့။ လုပ်ငန်းရှင်တွေ စိတ်ဝင်စားလို့ချိတ်ဆက်လာရင် သူဆက်သွယ်ပေးနိုင်တဲ့ အကြောင်းပေါ့။ ကိုယ်ပိုင်အနေနဲ့လုပ်မယ်ဆိုရင်လည်း စွန့်ဦးတီထွင်ပုံစံမျိုးပေါ့။ နိုင်ငံတော်ချေးငွေယူရဲလားတဲ့။ ယူချင်လို့ရှိရင်လည်း လုပ်ငန်းလေးတစ်ခုလုပ်နိုင်အောင်လို့ ကူညီပေးလို့ရတယ်လို့ပြောတယ်” ဟု သူက ဆက်ပြောသည်။

ထိုကဲ့သို့ ကူညီပံ့ပေးမည်ဆိုသည့်အတွက် အားတက်ခဲ့ရသော်လည်း ချေးငွေယူမည့်ကိစ္စမှာ ရုတ်တရက်မဆုံးဖြတ် နိုင်သေးကြောင်း ကိုကိုရဲထွဋ်က ဆိုသည်။

“ခရိုင်မှူးက လေယာဉ်တစ်စီးဆောက်ခိုင်းထားတယ်။ ဝန်ကြီးချုပ်ဦးညီပုလာရင် ပျံပြလို့ရအောင်ပေါ့။ ကျွန်တော်လည်း မဆောက်ရသေးဘူး။ အော်ဒါသုံးစီးအရင်လုပ်နေရတယ်” ဟု သူက ပြောသည်။

ဝန်ကြီးချုပ်ကို လေယာဉ်ပျံသန်းပြရမည်ဆိုသည့်အခါ သူ့စိတ်ထဲ စိုးရိမ်စိတ်တော့ဖြစ်မိသည်။ ကြောက်စိတ်လည်းဖြစ်မိ သည်ဟုဆိုသည်။

“အုပ်ပြတ်ကြီး(လူတွေအများကြီး)ဖြစ်နေမှာ ကြောက်တယ်။ လူတွေက အများကြီး လေယာဉ်က ပြေးလမ်းကတက်ပါပြီတဲ့ တော်ကြာဝန်ကြီး သွားတိုက်နေမှာ ကြောက်တယ် ဟား..ဟား….ဟား…” ဟု ဝါးလုံးကွဲရယ်လျက် ပြောပြသည်။

သူ့တွင် ဆန္ဒတစ်ခုရှိသေးသည်။ ယင်းက RC လေယာဉ်မောင်းပြပွဲသို့ သွားရောက် လိုချင်းပင်ဖြစ်သည်။ သူသည် ၂၀၁၆ မှ စတင်ကာ RC ယာဉ်များကိုယ်တိုင်ထုတ်လုပ်ကာ ရောင်းချခဲ့ရသည့်နောက်ပိုင်း ၂၀၁၈ တွင် သူ့ကို RC လေယာဉ်မောင်း ပြပွဲသို့ လာရောက်ရန် ဖိတ်ကြားခြင်းခံရသည်။ သို့သော် သူသည် ယနေ့အထိ မသွားရောက်နိုင်သေး။ ပြီးခဲ့သည့်နှစ်က ပြင်ဦးလွင်တွင် ကျင်းပသည့်ပြပွဲဆိုလျှင် လမ်းစရိတ်သာကုန်ကျခံရမည်ဖြစ်ပြီး နေစရိတ်၊ စားစရိတ်ကို ပြပွဲမှ စီစဉ်ပေးသည်။ သို့တိုင် ပြပွဲသို့ သူမသွားနိုင်ခဲ့။

ပြိုပွဲသို့သွားမည်ဆိုလျှင် လေယာဉ်တစ်စီးတည်းဖြင့် သွား၍မရ။ လေယာဉ်တည်ဆောက်ရောင်းချသူတစ်ဦးအနေဖြင့် လေယာဉ်များများသယ်သွားဖို့လိုသည်။ လေယာဉ်ကြီးှများလည်း ပါမှရမည်။ ထိုပစ္စည်းများကို သယ်ဆောင်သွားဖို့ စရိတ် မတတ်နိုင်။

ပြီးလျှင် သူခရီးထွက်လျှင် အိမ်တွင် မိန်းမနှင့်ကလေးများ ကျန်ခဲ့ရမည်ဖြစ်သည်။ အလုပ်များကိုပစ်ထားပြီး သွားရမည် ဖြစ်ရာ အိမ်တွင်ကျန်ခဲ့မည့်မိသားစု၏ စားဝတ်နေရေးကလည်း အခက်အခဲဖြစ်နိုင်သည်။ ထိုသို့ မိသားစု ငွေကြေးအခက်အခဲကြောင့် RC လေယာဉ်မောင်းပြပွဲသို့ ယနေ့အထိ တစ်ကြိမ်မှမရောက်ဖူးသေးချေ။

အဆိုပါ လေယာဉ်ပြပွဲတွင် လေယာဉ်အလှဆင်ပြိုင်ပွဲ၊ ပျံသန်းမှုစွမ်းရည်ပြပြိုင်ပွဲစသည်တို့ ပြသရခြင်းဖြစ်ရာ ပြပွဲမှ လေယာဉ်ပျံများကို သူ၏ လေယာဉ်များနှင့် ယှဉ်ပြိုင်နိုင်ပါ့မလားဟု မေးကြည့်သည့်အခါ သူက ယခုလို မဆိုင်းမတွပင် ပြန်ဖြေသည်။

“အား….အဲဒါကတော့ ကိုယ့်ဘာသာကိုယ်ယုံတယ်။ အဲဒါလည်း ထည့်ပြောလိုက်ဦးမယ်။ လုံးဝ Perfect ပဲ။ ဟိုလိုစိန်ခေါ် တာမဟုတ်ဘူး။ ကိုယ့်ထက်ကောင်းအောင်လုပ်လာ၊ အဲဒါထက်ကောင်အောင်ငါလုပ်မယ်”

အမျိုးအစား - ပုံရိပ်လွှာ

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."