ကန္တာရနိုင်ငံဖြစ်ဖို့ နီးလာပြီလော

၂ဝ၁၉၊ ဇန်နဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၁)မှ Cover Story ဖြစ်ပါသည်။
ကျော်ဇေယျ ရေးသည်။
မကွေး (ဇန်နဝါရီ၊ ၂၀၁၈)

                    ဆောင်းရာသီဝင်ခဲ့ပြီ ဆိုပေမယ့် နိုဝင်ဘာရဲ့ နေ့လယ်ခင်းနေက ပူလောင်လွန်း တော့ အိမ်ထဲမှာတောင် အပေါ် အင်္ကျီ ဗလာကျင်းနဲ့ ဆောင်းနေ့ခင်းကို  ဦးရင်ကြည် စစ်ခင်းနေရတယ်။ အိမ်အပြင်မှာတော့ တံလျှပ်တွေက တလက်လက်ထလို့။  

ပဲခူးရိုးမကြီးရဲ့ မြောက်ဘက်ပိုင်း တောင်တန်းတွေရဲ့ ဆင်ခြေလျှောမှာရှိတဲ့ ဦးရင်ကြည်နေထိုင်ရာ ရွှေပန်းရွာဟာ မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်ထဲ မှာ ပါဝင်ပါတယ်။ သစ်ကြီးဝါးကြီးတွေနဲ့ ပဲခူးရိုးမကြီး စည်ပင်သာယာခဲ့တုန်းက  ဦးရင်ကြည်တို့ဒေသရဲ့ ဆောင်းဟာ ဆောင်းလို ပီပြင်ခဲ့ဖူးတာပေါ့။ ရာသီဥတု မျှတပြီး နေလို့ထိုင်လို့ အလွန်ကောင်းခဲ့ တယ်လို့ ဦးရင်ကြည်က ပြန်ပြောင်းပြော ပြတယ်။ အခုတော့ ရိုးမတောကြီးလည်း ပြုန်း၊ တောင်တွေလည်း ကတုံးဖြစ်သွား တဲ့အခါ သူနေထိုင်ရာဒေသမှာ တစ်နှစ် ထက် တစ်နှစ် အပူနှုန်းက မြင့်တက်လာ တာကို သူခံစားမိတယ်လို့ ဦးရင်ကြည်က ပြောပြတယ်။ ““မှတ်မိသလောက်ဆို ကုန်ခဲ့တဲ့ ၁၀ နှစ်လောက်အထိ အေးသေးတယ်ဗျ။ ဒီလို အချိန်ဆို အနွေးထည်တွေ ရွာမှာ ဝတ်နေ ရပြီ””လို့  အသက် ၄၉ နှစ်အရွယ် ဦးရင် ကြည်က ပြောပြတယ်။““ဒီလို ရာသီဥတုမျိုး ရှိခဲ့တယ်ဆို တာ အခုက ပုံပြင်လိုဖြစ်သွားပြီ””လို့ သူကဆိုတယ်။ ဧည့်သည်ကို အားနာဟန် နဲ့ ဗလာကျင်းနေတဲ့ ကိုယ်ပေါ်ကို စွပ် ကျယ်တစ်ထည် စွပ်ချလိုက်ရင်း ““အခုက ပူတာမှတအားပဲ””လို့ ဦးရင်ကြည်က ညည်းတယ်။

                        သူတို့ရွာက နေပြည်တော် – မကွေး ဆက်သွယ်ထားတဲ့ ရိုးမဖြတ်ကျော်ကား လမ်းဘေးမှာ ရှိတာဖြစ်ပြီး ရွာပတ်လည် မှာ ပြုန်းသွားပြီဖြစ်တဲ့ အစိုးရသစ်တော ကြိုးဝိုင်းနယ်မြေတွေ ဝန်းရံနေတဲ့ ရွာ လည်းဖြစ်ပါတယ်။ လမ်းပန်းဆက်သွယ် ရေး ကောင်းလာတာနဲ့အမျှ သူတို့ဒေသ က သစ်တောတွေလည်း ပါးသထက် ပါးလျသွားရတယ်လို့ ဦးရင်ကြည်က ပြော ပြတယ်။““အရင်က ရွာထိပ်မှာတင် ယောကျ်ား နှစ်ဖက်၊ သုံးဖက်စာ လုံးပတ်ရှိတဲ့ ကျွန်း ပင်ကြီးတွေရှိခဲ့တာပေါ့။ နောက်တော့ ဒီ အပင်တွေလည်း ဘဝပြောင်းသွားတာပဲ”” လို့ ရွာရဲ့ အုပ်ချုပ်ရေးမှူးဟောင်းလည်းဖြစ် သူ ဦးရင်ကြည်က ဆိုတယ်။ ဦးရင်ကြည်တို့ဒေသက သစ်တော ကြီးတွေ ဘဝပြောင်းခဲ့သလို နိုင်ငံအဝန်း က သစ်တောကြီးတွေဟာလည်း တစ်နေ့ တခြား  ကွယ်ပျောက်လာနေရတယ်လို့ သစ်တောပညာရှင်တွေက သုံးသပ်ကြ ပါတယ်။          

                    မြန်မာနိုင်ငံမှာ သစ်တောတွေ အဓိ က ပြုန်းတီးခဲ့ရတာဟာ ဆင်းရဲမွဲတေတာ၊ နည်းပညာနိမ့်ပါးတာ၊ စီမံအုပ်ချုပ်မှု ညံ့ဖျင်းတာ၊ ပြည်တွင်းစစ် ဖြစ်ပွားတာ၊ လယ်ယာမြေချဲ့ထွင်တာ၊ ငါးကန်၊ ပုစွန် ကန်တွေ ချဲ့ထွင်တာ၊ အခြေခံအဆောက် အအုံတွေ တည်ဆောက်တာတွေကြောင့် လို့ အပြည်ပြည်ဆိုင်ရာ အဖွဲ့ အစည်းတစ် ခုဖြစ်တဲ့ သစ်တောဥပဒေစိုးမိုးရေး၊ စီမံ အုပ်ချုပ်မှုနှင့် ကုန်သွယ်ရေးအဖွဲ့အစည်း (Forest Law Enforcement, Gover-nance and Trade – FLEGT) က ဆိုပါတယ်။ ဒါ့အပြင် ထင်းမီးသွေးထုတ် လုပ်တာ၊ သတ္တုမိုင်းတွေတူးဖော်တာ၊ စီး ပွားဖြစ်စိုက်ခင်းတွေ ချဲ့ထွင်တာနဲ့ သစ်ထုတ်လုပ်တာတွေကလည်း သစ်တော တွေကို ပြုန်းတီးစေခဲ့တယ်လို့ ဆိုပါတယ်။ ဒီအဖွဲ့က မြန်မာနိုင်ငံမှာ တရား မဝင်သစ်ထုတ်လုပ်မှုတွေ ပပျောက်ဖို့၊ သစ်တောစီမံအုပ်ချုပ်မှုတွေကောင်းမွန်   ဖို့ အစိုးရနဲ့အတူ ဆောင်ရွက်နေတဲ့ အဖွဲ့ အစည်းလည်းဖြစ်ပါတယ်။

                     သုတေသန တွက်ချက်မှုတွေအရ အနိမ့်ဆုံး တစ်နှစ်ကို သစ်တောဧက တစ် သန်းဝန်းကျင်လောက် အောက်ထစ် ပြုန်းတီးနေပြီး ဒါက““လုံးဝပြောင်သလင်း ခါ ထွက်သွားတာ”” လို့ သစ်တောဆိုင်ရာ သုတေသနတွေပြုလုပ်နေသလို သစ် တောကဏ္ဍဖွံ့ဖြိုးရေး စီမံကိန်းတွေ မှာလည်း အကြံပေးပညာရှင်အဖြစ် ဆောင်ရွက်နေတဲ့ ဦးဝင်းမျိုးသူက ပြော ပြတယ်။ တစ်ဖက်မှာ အစိုးရက ပြန်လည် စိုက်ပျိုးနေတာကလည်း နှစ်စဉ် ဧက ငါး သောင်းပမာဏအောက်သာရှိလို့ ပြုန်း နေတဲ့နှုန်းနဲ့ ပြန်စိုက်နိုင်တဲ့နှုန်းကို တွက် ကြည့်ရင် မြန်မာ့သစ်တောတွေရဲ့ အခြေ အနေဟာ “သမင်မွေးရင်း ကျားစားရင်း” လို့ သူက ပြောပြတယ်။ လက်ရှိပြုန်းနေတဲ့နှုန်းထားတွေ အတိုင်းသာနှစ်စဉ်သစ်တောတွေကို ဆုံး ရှုံးနေဦးမယ်ဆိုရင် မြန်မာ့မြေပေါ်က အဖိုး တန်သစ်တောတွေဟာ ““နောက်နှစ်၅၀ လောက်ဆိုရင် ဘာမှမကျန်တော့ဘူး””လို့ သူက မှတ်ချက်ပေးတယ်။

ပူလောင်ရေရှား

                       မော်ကွန်းက သွားရောက်လေ့လာ ခဲ့တဲ့ မကွေးတိုင်းဒေသကြီးအတွင်းထဲက တောင်ပေါ်ဒေသကျေးရွာတွေဟာ သူတို့ ဒေသမှာ သစ်တောတွေ ပါးလျလာတာနဲ့ အမျှ အပူချိန်တွေက မြင့်လာသလို ရေ ကလည်း ရှားသထက်ရှားလာနေတယ်လို့ ဦးရင်ကြည်လိုပဲ ပြောပြကြတယ်။ အပူချိန်မြင့်တက်လာမှုနဲ့ ရေရှား ပါးမှုလို ပြဿနာတွေဟာ သစ်တော ပြုန်းတီးမှုတွေနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ ပြဿနာတွေလို့ သစ်တောပညာရှင်တွေ က ရှုမြင်ကြပါတယ်။ ဒါကြောင့် သစ် တောတွေပြုန်းနေတာကို ရပ်တန့်အောင် လုပ်နိုင်မှ နောက်ဆက်တွဲ အကျိုးဆက် တွေဖြစ်တဲ့ ရေရှားပါးတာ၊ အပူချိန် မြင့် တက်တာမျိုးလို ဘေးတွေကို လူထုက ကျော်လွှားဖြေရှင်းနိုင်မှာဖြစ်တယ်လို့ ပညာရှင်တွေက သတိပေးပါတယ်။ သစ်တောတွေ မရှိတော့တဲ့အခါ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုဒဏ်ကို လူတွေအနေနဲ့ မလွဲမသွေ ကြုံရမှာဖြစ်ပြီး သဘာဝဘေးအန္တရာယ်တွေကိုလည်း ပိုမို ကြုံတွေ့ခံစားရနိုင်တယ်လို့ ကမ္ဘာလုံး ဆိုင် ရာ သဘာဝပတ်ဝန်းကျင်ရန်ပုံငွေအဖွဲ့(World Wildlife Fund –WWF) ၊ မြန်မာနိုင်ငံရုံးက သစ်တောရေးရာ စီမံ ကိန်းအရာရှိ ဦးဇင်လင်းထွန်းက ပြော ပြတယ်။

Photo-Kyaw Zayya  ပဲခူးရိုးမအခြေက ရွှေပန်းရွာ

                    ““သစ်တောပြုန်းတီးမှုကို မတား ဆီးနိုင်ဘူးဆိုရင် အရင်ဆုံး ရင်ဆိုင်ကြုံ တွေ့ရမှာက ရာသီဥတု ဖောက်ပြန်ပြောင်း လဲမှုတွေပါ။ သစ်တောတွေဟာ ရာသီဥတု ကို မျှတအောင် ထိန်းသိမ်းပေးတဲ့ အဓိက အရာဖြစ်ပါတယ်”” လို့ သူက ဆိုတယ်။ ရာသီဥတုဖောက်ပြန်လာတာနဲ့ အမျှ လူတွေရဲ့ စားဝတ်နေရေးနဲ့ကျန်းမာ ရေး ပြဿနာတွေလည်း ပိုပြီးဖြစ်လာနိုင် တယ်လို့ သူကဆိုပါတယ်။ သစ်တောတွေဟာ လူတွေအတွက် လိုအပ်တဲ့ ရေချိုအရင်းအမြစ်ကို ရာသီ မရွေး ရနိုင်အောင် ဖန်တီးပေးတာ၊ စိုက်ပျိုးရေးအတွက် အရေးကြီးတဲ့ မြေဆီ မြေသြဇာကို သစ်ရွက်တွေရဲ့ ဆွေးမြည့်မှု ကတစ်ဆင့် ဖန်တီးပေးတာ၊  မိုးတိမ်တွေ ကို ဆွဲဆောင်လို့ မိုးရွာစေပြီး ရာသီဥတု ကို သမမျှတစေတာနဲ့ ဇီဝမျိုးစုံမျိုးကွဲ တွေအတွက် နေအိမ်သဖွယ်အကျိုးပြုတဲ့ တာဝန်တွေကို ထမ်းဆောင်တယ်လို့ သစ် တောပညာရှင်တွေက ရှင်းပြပါတယ်။

                ဦးရင်ကြည်ကတော့ သူတို့ဒေသ မှာ သစ်တောတွေကလည်း ပြုန်း၊ အပူ ချိန်တွေကလည်း မြင့်လာတာရဲ့ နောက် ဆက်တွဲအဖြစ် စိုက်ရေးပျိုးရေး အဆင် မပြေတာတွေ ဖြစ်ပေါ်နေပြီး ရွာကလူတွေ ဆိုရင် ရွှေ့ပြောင်းအခြေချတာတွေ ဖြစ် လာတယ်လို့ ပြောပြတယ်။ ဦးရင်ကြည်တို့ ရွှေပန်းရွာဟာ တောင်ကြားစိုက်ခင်း၊ ဥယျာဉ်ခြံနဲ့ စပါး စိုက်ပျိုးရေးလို လုပ်ငန်းတွေကို အဓိက လုပ်ကိုင်ကြပါတယ်။““အခုဆို ရွာကလူငယ်အများစုက ပြည်ပထွက် အလုပ်လုပ်တာနဲ့၊ မြို့တွေပေါ် ကို ရွှေ့ပြောင်းသွားကြတာနဲ့ အရွယ် ကောင်း လူငယ်တွေအကုန်လုံးလိုလို ဒီလို ပဲ ရှာဖွေနေကြရတယ်။ ရွာမှာ ရေက ရှား၊ အပူချိန်ကပြင်းတော့ သီးနှံဖြစ်ထွန်းမှုက လည်း တွက်ခြေကိုက်လှတယ် မရှိတော့ ပါဘူး””လို့ ဦးရင်ကြည်က ပြောပြတယ်။

                  ပဲခူးရိုးမပေါ်က စီးဆင်းလာပြီး ရွှေ ပန်းကျေးရွာဘေးကနေ ဖြတ်သွားတဲ့ သဲအပြည့်ဖုံးပြီး ခြောက်ကပ်နေတဲ့ စတုံ ချောင်းကို ရည်ဩန်းလို့ ““ဒီချောင်းဆိုရင် ကုန်ခဲ့တဲ့ ၁၂ နှစ်လောက်ကအထိ ကျွန် တော်တို့ ရေချိုး၊ ရေငုပ်လုပ်ခဲ့တဲ့ ရာသီ မရွေး အသုံးပြုနိုင်တဲ့ ချောင်းပေါ့။ အခု ခင်ဗျားမြင်တဲ့အတိုင်းပဲ””လို့ ဦးရင်ကြည် က ရှင်းပြတယ်။ေရွှပန်းရွာမှာ အခုနောက်ပိုင်း နွေ ရာသီဆို ရေရဖို့ရှာကြရတာက အလုပ် တစ်ခုလို ဖြစ်လာနေပြီး အခက်အခဲလည်း ဖြစ်ကြရတယ်လို့ သူက ပြောပြတယ်။ သစ်တောပြုန်းတီးမှုနဲ့ အပူချိန်မြင့် တက်မှုတွေက ဆက်စပ်နေပြီး လူတွေအနေနဲ့ အနာဂတ်မှာဆိုရင် ဒီဒဏ်ကို ပိုမို ခံစားရဖို့ ရှိတယ်လို့ သစ်တောပညာရှင်နဲ့သဘာဝပတ်ဝန်းကျင်ပညာရှင်တွေက ဟောကိန်းထုတ်ထားပါတယ်။

Photo-Kyaw Zayya      ရေခပ်နေသူအချို့ကို ပဲခူးရိုးမအတွင်း တွေ့ရစဉ်

                မြန်မာနိုင်ငံ ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ပူးပေါင်းအဖွဲ့ (Myanmar Climate Change Alliance – MCCA)  ရဲ့ ဖော်ပြချက်အရ ဦးရင်ကြည် တို့နေထိုင်ရာ မြန်မာနိုင်ငံအလယ်ပိုင်း ဒေသတွေမှာ အပူချိန်တွေ ဆက်လက်မြင့် တက်လာဖို့ရှိပါတယ်။ ပဲခူး၊ မန္တလေးနဲ့ ဧရာဝတီလို တိုင်းဒေသကြီးတွေဟာ လည်း အပူချိန်တွေ မြင့်တက်လာတဲ့ဒဏ် ကို ခံရမယ်လို့  ဒီအဖွဲ့က ခန့်မှန်းတယ်။ ဒါ့အပြင် အပူချိန်မြင့်တက်မှု ကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသမှာ သဲကန္တာရဖြစ်ထွန်းမှုတွေကို တိုးမြင့်ကြုံရ နိုင်ပြီး အပင်မျိုးစိတ်တွေ ပျက်စီး၊ ပျောက် ဆုံးသွားတဲ့ ပြဿနာမျိုးတွေကိုလည်း ရင် ဆိုင်လာရနိုင်တယ်လို့ ဒီအဖွဲ့က ခန့်မှန်းတယ်။ သူတို့အဖွဲ့က ၂၀၃၀အထိ အစိုးရ က ဖော်ဆောင်မယ့်  နိုင်ငံအဆင့် ရာသီ ဥတုပြောင်းလဲမှုဆိုင်ရာ တုံ့ပြန်ရေး မဟာ ဗျူဟာနဲ့လုပ်ငန်းစဉ်တွေကို ရေးဆွဲပေး နေတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။

                အပူချိန်တိုးမြင့်လာမှုကြောင့် နိုင်ငံ ရဲ့ သီးနှံစိုက်ပျိုးထုတ်လုပ်မှုနဲ့ စားနပ်ရိက္ခာ လုံခြုံမှုအပေါ် ဆိုးကျိုးသက်ရောက်မှုတွေ ဖြစ်လာမယ်လို့လည်း ဃြဃဗ အဖွဲ့က သတိပေးထားတယ်။၂၀၀၉၊ ၂၀၁၀ တုန်း ကလည်း မိုးခေါင်မှုကြောင့် စိုက်ပျိုးရေး လုပ်ငန်းတွေထိခိုက်ပြီး နိုင်ငံအန့ှံသီးနှံ အထွက်နှုန်းကျဆင်းခဲ့တာတွေ ဖြစ်ခဲ့ တယ်လို့  သုတေသနပြု ဖော်ပြခဲ့ပါတယ်။အပူချိန်မြင့်တက်လာတဲ့အတွက် မိုးရွာသွန်းမှုပုံစံတွေ ပြောင်းကာ ရေလွှမ်း မိုးတဲ့ ဘေးအန္တရာယ်တွေလည်း နိုင်ငံတစ် ဝန်းဖြစ်ပေါ်ခဲ့ပြီး ၂၀၁၅ မှာ ဆိုရင် အစိုးရ က အရေးပေါ်အခြေအနေကြေညာရတဲ့ အထိ နိုင်ငံအဝန်း ရေလွှမ်းမှုတွေ ဖြစ်ပေါ် ခဲ့ရတယ်လို့ သူတို့က ဖော်ပြတယ်။

                  ဒါ့အပြင် လက်ရှိ ပျမ်းမျှအပူချိန် မြင့်တက်မှုဟာ တစ်နှစ်ကို  ၀ ဒဿမ ၈ ဒီဂရီစင်တီဂရိတ်ရှိတယ်လို့ ဒီအဖွဲ့က တွက်ချက်တယ်။ အပူချိန်မြင့်တက်မှုဟာ ဆက်လက်ဖြစ်ပေါ်လာဖို့ ရှိပြီး ၂၀၂၁ ကနေ ၂၀၅၀ အတွင်း  ပျမ်းမျှ အပူချိန် မြင့်တက်မှုက ၀ ဒဿမ ၈ ကနေ ၁ ဒဿမ ၄ ဒီဂရီစင်တီဂရိတ်အထိ ရှိလာနိုင် တယ်လို့ MCCA က ခန့်မှန်းထားတယ်။ ဒီလိုမြင့်တက်လာမယ့် အပူချိန် တွေကြောင့်ပဲ ရာသီဥတုကို သမမျှတစေ တဲ့ သစ်တောတွေကို ကြီးမားစွာ သက် ရောက်မှု ဖြစ်စေမယ်လို့ ဒီအဖွဲ့က သုံး သပ်ထားတယ်။

                     သစ်တောထဲက အပင်တွေ သေ တာ၊ သစ်တော မြက်ခင်းတွေဟာ သဲ က်္တာရ ဖြစ်လာတာ၊ အင်းဆက်ပိုးတွေနဲ့ အခြားပိုးမွှားတွေ ပေါများလာတာ ကြောင့် သစ်တောတွေကို ထိခိုက်တာ တွေ ဖြစ်လာမယ်။ ဒါ့အပြင် အပူချိန်မြင့် တက်မှုကြောင့် သစ်တောတွေမှာ ရေ ငွေ့ပြန်နှုန်း မြင့်မားလာကာ အပင်တွေရဲ့ စွတ်စိုနှုန်း ကျဆင်းပြီး တောမီးလောင် တာလိုမျိုး ပြဿနာတွေဟာ အနာဂတ် မှာ တိုးပြီး ရင်ဆိုင်လာရနိုင်တဲ့ အကြောင်း အရာတွေ ဖြစ်တယ်လို့ MCCA က ခန့် မှန်းထားတယ်။ ရာသီဥတုပြောင်းလဲခြင်းကို ရင် ဆိုင်ဖို့ဆိုရင်တော့ ရှိနေတဲ့သစ်တောတွေ ကို ထိန်းသိမ်းထားနိုင်ခြင်းကသာလျှင် စရိတ်စက သက်သာစွာနဲ့ ဒီပြဿနာကို ရင်ဆိုင်ကျော်လွှားနိုင်မှာဖြစ်တယ်လို့ ဦးဝင်းမျိုးသူက ဆိုပါတယ်။ ““ဒီလို အဖိုးတန်ရတနာကြီးကိုပစ်ပယ်ပြီးတော့ လုပ်ပစ်ကြရင်တော့ ကျွန် တော်တို့တစ်တွေလောက် မိုက်တဲ့လူ မရှိ ဘူး””လို့ သူက ဆိုပါတယ်။

ကျဆင်းလာတဲ့ သစ်တောအရည်အသွေး

                      ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက် ပျိုးရေးအဖွဲ့(Food and Agriculture Organization – FAO) ရဲ့ ၂၀၁၅ သစ် တော သယံဇာတဆိုင်ရာ အစီရင်ခံစာအရ မြန်မာနိုင်ငံဧရိယာရဲ့ ၄၃ ရာခိုင်နှုန်း ကျော်ကို သစ်တောတွေဖုံးလွှမ်းမှု ရှိသေး တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီအထဲက ၂၂ ရာခိုင်နှုန်းကျော်ကသာ ကောင်းမွန်တဲ့ သစ်တော(ရွက်အုပ်ပိတ်တော)တွေဖြစ် ပြီး ကျန် ၂၁ ရာခိုင်နှုန်းလောက်က ညံ့ ဖျင်းတဲ့သစ်တော (ရွက်အုပ်ပွင့်တော) အမျိုးအစား သစ်တောတွေဖြစ်တယ်လို့ FAO  အဖွဲ့က တွက်ချက်ထားတယ်။ ရွက်အုပ်ပိတ်တောဆိုတာကတော့ အဲဒီသစ်တောမှာ သစ်ပင်ကြီးတွေ အနည်းဆုံး ၄၀ ရာခိုင်နှုန်းပါဝင်ပြီး လူ တွေတို့ထိ မှု မရှိသလောက်နည်းတဲ့ ထူ ထပ်သိပ်သည်းစွာ ပေါက်နေဆဲသစ်တော ကိုခေါ်တာပါ။ ရွက်အုပ်ပွင့်တောဆိုတာက တော့ အဲဒီသစ်တောမှာ သစ်ပင်ကြီး ပေါက်ရောက်မှုဟာ ၁၀ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်းအထိပါဝင်ပြီး လူတွေ တို့ထိ ပြီးတဲ့ သစ်တောတွေကို သတ်မှတ်တာလို့  ၤဗဥ က အဓိပ်္ပာယ်ဖွင့်တယ်။

                      ဒီအဖွဲ့က မြန်မာ့သစ်တော သယံ ဇာတ အရင်းအမြစ်ဆိုင်ရာ အစီရင်ခံစာ ကို ငါးနှစ်တစ်ကြိမ် တွက်ချက် ထုတ်ပြန် ပေးပြီး ၂၀၁၅ မှာ နောက်ဆုံးအစီရင်ခံစာ ကို ထုတ်ပြန်ပေးထားပါတယ်။ မြန်မာ့သစ်တောပြုန်းတီးမှုနှုန်း ဟာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရခေတ်အထိ နှေးကွေးခဲ့ပေမယ့် တပ်မတော် အစိုးရလက်ထက်  ၁၉၈၉ နောက်ပိုင်းကစလို့ တစ်ရှိန်ထိုး မြင့်တက် ခဲ့တယ်လို့ သစ်တောဥပဒေစိုးမိုးရေး၊ စီမံအုပ်ချုပ်မှုနှင့်ကုန်သွယ်ရေးအဖွဲ့အစည်း (FLEGT) က ဖော်ပြတယ်။ FAO  ရဲ့စာရင်းတွေအရ ၁၉၉၀မှာ သစ်တောဧရိယာ ဟတ်တာ ၃၉ သန်း ကျော်လို့ ဖော်ပြပြီး နောက်ဆုံးထုတ်ပြန် တဲ့ ၂၀၁၅  အချက်အလက်တွေမှာတော့ ဟတ်တာ ၂၉ သန်းကျော်သာ ကျန်ရှိ တော့ကြောင်း ဖော်ပြပါတယ်။ ဒါက ၂၅ နှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးထက်  ၁၀ ဆမက ကျယ်ဝန်းတဲ့ သစ်တောတွေ ပြုန်းတီးခဲ့ရတယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။

                      သစ်တောပညာရှင်တစ်ဦးဖြစ် သလို စိမ်းလန်းအမိမြေအသင်းရဲ့ ဒါရိုက်တာလည်းဖြစ်တဲ့ ဦးဝင်းမျိုးသူက တော့ မြန်မာ့သစ်တောတွေဟာ ဒီထက် ပိုမိုပြုန်းတီးလာခဲ့မယ်ဆိုရင် ပြန်လည် ဖွံ့ဖြိုးလာဖို့နေနေသာသာ ““ပြန်နာလန် ထူဖို့တောင် ခက်သွားမယ်””လို့ မှတ်ချက် ပေးပါတယ်။ သစ်တောပြုန်းတီးမှုပြဿနာဟာ မြန်မာမှာသာမက ကမ္ဘာနဲ့အဝန်း ရင်ဆိုင် ကြုံတွေ့နေရတဲ့ ပြဿနာလည်း ဖြစ်ပါတယ်။

                 

 မြန်မာနိုင်ငံပါဝင်တဲ့ မဟာမဲခေါင် ဒေသ (မြန်မာ၊ ကမ္ဘောဒီးယား၊ ထိုင်း၊ လာအိုနှင့်ဗီယက်နမ်) က သစ်တောတွေ ဟာ  ၁၉၇၃ ကနေ ၂၀၀၉ အကြားမှာ သုံး ပုံတစ်ပုံလောက် ပျောက်ကွယ်သွားခဲ့ပြီး ၂၀၁၀ ကနေ ၂၀၃၀ အကြားမှာ သစ် တောဟတ်တာ ၁၅ သန်းကနေ သန်း ၃၀ လောက်အထိ ပြုန်းတီးမှု ထပ်ဖြစ်သွားနိုင် တယ်လို့ WWF က  ၂၀၁၅ မှာ ထုတ်ပြန် တဲ့ “ရှင်သန်နေဆဲသစ်တော”များဆိုတဲ့ ကမ္ဘာလုံးဆိုင်ရာသစ်တောအစီရင်ခံစာ မှာ ခန့်မှန်းထားပါတယ်။

                   အဲဒီအစီရင်ခံစာရဲ့ ခန့်မှန်းချက် တွေအရ ၂၀၃၀ အထိ ဖြစ်ပေါ်မယ့် ကမ္ဘာ့ သစ်တောပြုန်းတီးမှုရဲ့ ၈၀ ရာခိုင်နှုန်း ကျော်ဟာ မဟာမဲခေါင်ဒေသ အပါအဝင် ကမ္ဘာ့သစ်တောဒေသကြီး ၁၁ ခုမှာ ဖြစ် ပေါ်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။  ၂၀၁၀ ကနေ ၂၀၃၀ အတွင်း သစ်တော ပြုန်းတီးမှုဟာ ဟတ်တာ သန်း ၁၇၀ (မြန် မာနိုင်ငံဧရိယာရဲ့ သုံးဆ) လောက် ရှိလိမ့် မယ်လို့လည်း WWF ကခန့်မှန်းထား ပါတယ်။

မဟန့်တားနိုင်သေးတဲ့ သစ်ခိုးထုတ်မှု

                  မြန်မာ့သစ်တောပြုန်းတီးမှုတွေကို တစ်ဖက်က အခြေအနေဆိုးအောင် ချောက် ထဲတွန်းပို့နေတဲ့ အခြားအကြောင်းအရင်း တစ်ရပ်က တရားမဝင် သစ်ခုတ်မှုတွေကို အစိုးရအနေနဲ့ ထိထိရောက်ရောက် မကိုင်တွယ်နိုင်သေးတာကြောင့်ဖြစ်တယ် လို့ သစ်တောပညာရှင်တွေက သုံးသပ် ပါတယ်။

photo-Kyaw Zayya    ပဲခူးရိုးမထဲမှာတွေ့ရတဲ့ သစ်ကားတစ်စီး

       သစ်တောပညာရှင်တွေရဲ့ ဒီသုံး သပ်ချက်ကို နေပြည်တော်၊ သစ်တောဦး စီးဌာနက အရာရှိကြီးတွေကိုယ်တိုင် လည်း လက်ခံပြီး ဒီအခြေအနေကို ကျော် လွှားဖို့အရေး အဖြေရှာဆွေးနွေးနေရဆဲ ပဲ ရှိသေးတယ်လို့ သူတို့က ပြောပြတယ်။ ““ကျွန်တော်တို့မှာ လက်နက်လည်း မရှိဘူး။ အခြားတာဝန်တွေလည်း အများ အပြားရှိနေတဲ့ကြားက သစ်ဖမ်းဆီး မှုတွေကို ဆောင်ရွက်ရတာကြောင့် အဟန့်အတားတွေကတော့ ရှိနေတုန်း ပါပဲ””လို့ နေပြည်တော်၊ သစ်တောဦးစီး ဌာနက စီမံကိန်းဌာန၊ညွှန်ကြားရေးမှူး ဦးတင်ထွန်းက မော်ကွန်းကို မှတ်ချက်ပေး ပါတယ်။

                ““ဒီလိုကိစ္စမျိုးတွေက သစ်တော ဌာနတစ်ခုတည်းနဲ့ လုပ်လို့ မရနိုင်ပါဘူး။ အခြားဆက်စပ်ဌာနတွေ၊ ပြည်သူတွေပါ ဝန်းရံမှ အဆင်ပြေမှာပါ””လို့လည်း သူက ဆိုပါတယ်။ တောင်တွင်းကြီးမြို့က ဦးဝင်းမင်း လတ်ကတော့ သူတို့ ဒေသရဲ့ အမှီသဟဲပြု ရာ ပဲခူးရိုးမတောင်တန်းမှာ အစိုးရက သစ်ထုတ်လုပ်ခွင့် ၁၀ နှစ် ပိတ်ပင်ထား ပေမယ့် မြေပြင်မှာတော့ သစ်ခိုးထုတ်သူ တွေက ““တစ်နှစ်မှမရပ်ဘူး””လို့ ပြောပါ တယ်။ ““သစ်ခိုးထုတ်နေကြပေမယ့်လည်း ဖမ်းမိတာကနည်းတယ်”” လို့ ဦးဝင်းမင်း လတ်က ဆိုပါတယ်။

 photo-Olar      ကယားပြည်နယ်ရှိ သစ်ကွင်းမှ သစ်လုံးများ

               သူက မကွေးတိုင်းဒေသကြီး၊ သစ် တောဥပဒေစိုးမိုးရေး၊ စီမံအုပ်ချုပ်မှုနှင့် ကုန်သွယ်ရေး (FLEGT)  အစီအစဉ် ဖော်ဆောင်မှုမှာ တိုင်းဒေသကြီးအဆင့် ပါဝင်ဆောင်ရွက်နေသူတစ်ဦးလည်း ဖြစ် ပါတယ်။ ပဲခူးရိုးမ၊ သူတို့တောင်တွင်းကြီးမြို့နယ်အပိုင်ထဲမှာဆိုရင် ဘန်းကုန်းဆည် ဝန်းကျင်၊ ကျောက်မိကျောင်းကြိုးဝိုင်း အတွင်းမှာ အဓိက သစ်ခိုးထုတ်တာတွေ ကို လုပ်ဆောင်ကြပြီး ယခင်တုန်းက အစိုးရ သစ်ထုတ်ခဲ့တဲ့ လမ်းတွေကိုပဲ သစ် ခိုးထုတ်သူတွေကလည်း အသုံးပြုကြ တယ်လို့ သူက ပြောပြတယ်။

                 သစ်ခိုးထုတ်သူတွေကို သူကိုယ် တိုင်လည်း ဒေသအာဏာပိုင်တွေနဲ့ ပေါင်းပြီး တားမြစ်ဖမ်းဆီးခဲ့သလို သတင်း ပေးတိုင်ကြားတာတွေလည်း လုပ်တယ် လို့ ဆိုတယ်။ ဒါပေမဲ့ မြေပြင်မှာ ဖမ်းဆီး ခွင့်ရှိတဲ့ဌာနဆိုင်ရာတွေရဲ့ ပူးပေါင်း ဆောင်ရွက်မှုက မရှိသလောက် နည်းတဲ့ အတွက် တာဝန်သိပြည်သူအနေနဲ့ တား ဆီးရေးကိစ္စတွေကို ကူညီရတာ အခက် အခဲဖြစ်ပြီး ထိရောက်မှုလည်း အားနည်း တယ်လို့ သူက ပြောပြတယ်။  ““သစ်ခိုးသယ်တဲ့လူတွေ အကုန် လုံးလည်း ဒေသဆိုင်ရာ အာဏာပိုင် တစ်ဦးမဟုတ်တစ်ဦးနဲ့  ချိတ်ဆက်ပြီးမှ လုပ်ကြတာပါပဲ။ သစ်ခိုးသူနဲ့ အာဏာရှိသူ ပေါင်းလုပ်တဲ့ကိစ္စတွေဆိုတော့ ကျွန် တော်တို့သတင်းပေးတာတွေက ထိ ရောက်မှုမရှိသလို ဖြစ်ရတယ်””လို့ ဦးဝင်း မင်းလတ်က ပြောတယ်။

                  ဦးဝင်းမျိုးသူကလည်း အစိုးရက ပဲခူးရိုးမကို သစ်ထုတ်လုပ်မှု ၁၀ နှစ် ရပ် နားတယ်လို့ ထုတ်ပြန်ထားပေမယ့် တကယ့်မြေပြင်မှာက ရပ်တန့်သွားတာ မျိုးမဟုတ်တာကိုတွေ့ရတယ်လို့ ဆိုတယ်။ ““သစ်ခိုးနေတာတွေက ရပ်မှ မရပ် တာ။ ညဘက်ဆိုရင် ပဲခူးရိုးမထဲမှာ ပွဲ တော်ကြီးကျနေတာပဲလေ။ အခုခိုးတာက ဟိုတုန်းကလို လွှလေးနဲ့ ခိုးတာမဟုတ် တော့ဘူး။ အခုက စက်လွှတွေနဲ့၊ ကားကြီး တွေနဲ့၊ ဘူဒိုဇာတွေနဲ့ ပွဲတော်ကြီးသဖွယ် ခိုးနေတာ””လို့ သူက ပြောတယ်။ သစ်ခိုးထုတ်မှုတွေဟာ လူဆိုးဂိုဏ်း တွေလိုဖြစ်လာတဲ့နောက် သစ်တောဝန် ထမ်းတွေနဲ့တင် မလုံလောက်တော့ဘဲ လက်နက်အင်အားရှိတဲ့ တပ်မတော်လို အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းစစ်ဆင်ရေး လုပ်မှ ဒီပြဿနာတွေကို တားဆီးနိုင်မယ့် အနေအထားမျိုး ဖြစ်လာတယ်လို့ သူက သုံးသပ်တယ်။  

                 ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာတော့ ကချင်ပြည်နယ်ဘက်မှာ တပ်မတော်စစ် ကြောင်းနဲ့ သစ်ခိုးထုတ်မှုတွေကို တားဆီး နှိမ်နင်းတာတွေလုပ်ခဲ့တဲ့နောက် သစ်တန် ချိန်များစွာတင်ထားတဲ့ ကားတွေနဲ့အတူ တရုတ်နိုင်ငံသားအများအပြားကို အလုံး အရင်းနဲ့ ဖမ်းမိခဲ့တဲ့ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။ ဒါ့အပြင် လက်ရှိမှာလည်း တရုတ်နိုင်ငံဘက်ကို ပုံစံမျိုးစုံနဲ့ သယ် ထုတ်နေတဲ့ တရားမဝင် သစ်မှောင်ခိုသယ် ဆောင်မှုတွေကို ဖမ်းဆီးရမိတဲ့ ဖြစ်စဉ် တွေလည်း သစ်တောဦးစီးဌာနက တရား ဝင် သတင်းထုတ်ပြန်နေတာလည်း ရှိ ပါတယ်။ သစ်တောဦးစီးဌာနရဲ့ အဆိုအရ မြန်မာနိုင်ငံက သစ်တွေကို တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့ထိုင်းလို ကုန်းမြေချင်း ထိစပ်နေတဲ့ နိုင်ငံတွေကို သယ်ဆောင်နေ ကြတာရှိသလို ရေလမ်းကြောင်းတွေက တစ်ဆင့် စင်ကာပူနဲ့ မလေးရှားလို နိုင်ငံ တွေကိုလည်း ခိုးထုတ်နေကြတာမျိုး ရှိ ပါတယ်။

                သစ်တောဦးစီးဌာနက မော်ကွန်း ကိုပေးတဲ့ စာရင်းတွေအရ ကုန်ခဲ့တဲ့ ၁၀ နှစ်အတွင်း ဖမ်းဆီးနိုင်ခဲ့တဲ့ တရားမဝင် သစ်ဟာ တန်ချိန်လေးသိန်းနှစ်သောင်း ကျော် ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒီ ၁၀ နှစ် အတွင်း တရားမဝင်သစ်ထုတ်လုပ်ခံရမှု အဆိုးဆုံးဒေသတွေကတော့ နယ်စပ်ဒေ သနဲ့ ထိစပ်နေတဲ့ ပြည်နယ်နဲ့ တိုင်းတွေ ဖြစ်ကြတဲ့ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်နဲ့ကချင်ပြည်နယ်တွေမှာ အများဆုံးဖြစ်ခဲ့ တာလို့ သစ်တောဦးစီးဌာနက ဖော်ပြ ပါတယ်။လက်ရှိအစိုးရ အာဏာစတင်ရယူ တဲ့ ၂၀၁၆-၁၇ ဘဏ္ဍာ နှစ်မှာ တစ်နိုင်ငံလုံး သစ်ထုတ်လုပ်မှုကို ရပ်ခဲ့ပေမယ့် တရား မဝင် သစ်ထုတ်လုပ်မှုက ဆက်ဖြစ်နေခဲ့ပြီး အဲဒီနှစ်မှာတောင် ဖမ်းဆီးရမိတဲ့ ပမာဏ က တန်ချိန် ငါးသောင်းကျော်ရှိခဲ့တယ်လို့ သစ်တောဦးစီးဌာနရဲ့ အချက်အလက် တွေမှာ ဖော်ပြပါတယ်။ ဒီပမာဏက ရှမ်း၊ ရခိုင်နဲ့ မ်္တလေးတိုင်းဒေသတွေမှာ ဒီနှစ် မှာ အစိုးရက တရားဝင်ထုတ်ဖို့ သတ်မှတ် ထားတဲ့ သစ်ထုတ်လုပ်မှု ပမာဏထက် ပို များပါတယ်။

                 နယ်စပ်ဒေသတွေက တောတောင် တွေ ကတုံးဖြစ်တာဟာ အစိုးရသစ် ထုတ် လုပ်မှုနဲ့ တိုက်ရိုက်မဆိုင်ဘူးလို့ သစ်တော ဦးစီးဌာန၊ စီမံကိန်းဌာနက ဩန်ကြားရေး မှူး ဦးတင်ထွန်းက ရှင်းပြတယ်။““အဲဒါက အဲဒီဒေသတွေက ဆိုင် ရာ လက်နက်ကိုင်တွေ လုပ်ခဲ့ကြတာ””လို့ သူက ပြောတယ်။ဒီနှစ်မှာတင် ကယားပြည်နယ် ဘက်မှာ အစိုးရနဲ့ ငြိမ်းချမ်း ရေးယူထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း တစ်ခုက ခုတ်ထားတဲ့ သစ်တွေကို တရား ဝင် တင်ပို့ခွင့်ရ သစ်တွေ ဖြစ်သွားအောင် အစိုးရက ပါမစ်ပေးခဲ့ရတာမျိုး ရှိတယ်လို့ သူက ရှင်းပြတယ်။ဦးဝင်းမျိုးသူကတော့ သစ်တော ဆိုင်ရာစီမံအုပ်ချုပ်မှုတွေ ဒီထက်ပို ကောင်းပြီး သစ်တောထိန်းသိမ်းရေးတွေ အောင်မြင်ချင်ရင် လက်ရှိအစိုးရကျင့်သုံး နေတဲ့ ဗဟိုဦးစီးစနစ်ကြီးတဲ့ သစ်တော စီမံအုပ်ချုပ်မှုစနစ်ကနေ ဒေသအာဏာ ပိုင်တွေကို ဖြန့်ဝေခွဲပေးတဲ့ သစ်တော အုပ်ချုပ်စီမံမှုစနစ်ကို ပြောင်းနိုင်မှ အောင်မြင်မယ်လို့ သုံးသပ်တယ်။

                 ဒါ့အပြင်လက်ရှိအစိုးရလုပ်ဆောင် နေတဲ့ အမျိုးသား သစ်တောကဏ္ဍဖွံ့ဖြိုး ရေးစီမံကိန်းတွေကို အစိုးရကိုယ်တိုင်လုပ် တာမျိုး မဟုတ်ဘဲ သစ်တောတွေအနီးမှာနေထိုင်တဲ့ဒေသခံတွေကို စည်းရုံးပြီး စောင့်ရှောက်ထိန်းသိမ်းစိုက်ပျိုးခိုင်းတာမျိုးက ပိုအလုပ်ဖြစ်မယ်လို့ သူက အကြံ ပြုတယ်။ သူကိုယ်တိုင် ဝန်ထမ်းဘဝတုန်းက အစိုးရအစီအစဉ်နဲ့ သစ်တောဖွံ့ဖြိုးရေး အစီအစဉ်တွေ ဖော်ဆောင်ပေးခဲ့ဖူးပေ မယ့် ဗဟိုဦးစီးချုပ်ကိုင်မှုများနေတဲ့ စီမံခန့်ခွဲမှုပုံစံကြောင့် မအောင်မြင်ခဲ့တဲ့ သာဓကတွေ ရှိခဲ့တယ်လို့ သူက ပြော ပြတယ်။သစ်တောဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ရှိအစိုးရ ဆောင်ရွက်နေပုံ ဟာ ““စေတနာတော့ကောင်းတယ်။ အနာနဲ့ ဆေးမတည့်သေးဘူး””လို့ သူက ဝေဖန်ပါတယ်။

ဘာကြောင့် သစ်ထုတ်တာ မရပ်လဲ

                        တစ်နှစ်ကို သစ်တောပမာဏ ဧက တစ်သန်းကျော်လောက် ဆုံးရှုံးနေတဲ့ ဒီ နိုင်ငံမှာ သစ်တောအတန်းအစားတွေ ဆက်တိုက် ကျဆင်းနေပေမယ့် အစိုးရ    အနေနဲ့ သစ်ထုတ်လုပ်မှုကို ရပ်တန့်ခြင်း မရှိသေးတာကလည်း မြန်မာ့သစ်တော တွေရဲ့ အနာဂတ်အတွက် စိုးရိမ်စရာ ကောင်းတဲ့ စိန်ခေါ်မှုလို့ သစ်တောပညာ ရှင်တွေက သုံးသပ်ကြတယ်။ အဆင့်မြင့်တာဝန်ထမ်းဆောင်နေ ပြီး အမည်မဖော်လိုတဲ့ နေပြည်တော် သစ် တောရုံးက အရာရှိကြီးတစ်ဦးကတော့““အပေါ်က မူဝါဒချမှတ်လုပ်ဆောင်တာ ကြောင့်သာ ဆောင်ရွက်ပေးနေရတာ။ ကျွန်တော်တို့ကိုယ်တိုင်လည်း သစ်ကို မထုတ်စေချင်တော့ဘူး။ ကျွန်တော်တို့ သစ်တောတွေဟာ ခုတ်မရောင်းသင့် တော့တဲ့ အခြေအနေမှာ ရှိပါတယ်””လို့ မော်ကွန်းကို ပြောပြတယ်။

                        လက်ရှိအစိုးရကလည်း အရင်အစိုး ရတွေလို သစ်တောကဏ္ဍကနေ ဝင်ငွေရ အောင်ရှာတာမျိုး မဟုတ်တော့ဘဲ ထိန်း ထိန်းသိမ်းသိမ်းလုပ်လာတဲ့ အနေအထား မှာရှိတယ်လို့ သူက ပြောပြတယ်။သစ်တောဦးစီးဌာနရဲ့စာရင်းတွေ အရ လက်ရှိအစိုးရ အာဏာရလာတဲ့ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှာဆိုရင် တစ်နိုင်ငံ လုံး သစ်ထုတ်လုပ်မှုကို ရပ်ဆိုင်းခဲ့သလို  မနှစ်ကနဲ့ ဒီဘဏ္ဍာနှစ်မှာတော့ တန်ချိန် သုံးသိန်းခွဲလောက်သာ သစ်ထုတ်ခွင့် ပြု ထားပါတယ်။

                             ဒါဟာ ပြီးခဲ့တဲ့ အစိုးရလက်ထက် ၂၀၁၃ တုန်းက ထုတ်ယူခဲ့တဲ့ သစ်တန်ချိန် ၁၈ သိန်းကျော်ဆိုတဲ့ ပမာဏနဲ့ ယှဉ်ရင် သစ်ခုတ်မှုကို ငါးဆကျော် လျှော့ချလိုက် တာလည်းဖြစ်ပါတယ်။ ဦးဝင်းမျိုးသူကတော့ ဒီအစိုးရ လက်ထက် သစ်ထုတ်ဖို့ ဆောင်ရွက်တာ ဟာ သစ်တောဦးစီးဌာနလက်အောက်က  ဝန်ထမ်းသောင်းနဲ့ချီရှိတဲ့ သစ်ခုတ်ပေးရ တဲ့ မြန်မာသစ်လုပ်ငန်းလို အဖွဲ့အစည်းရဲ့ စရိတ်စကကို ကာမိဖို့လောက်နဲ့ အလုပ် ပေးထားနိုင်ဖို့လောက်သာ ထုတ်ယူနေ တာကို တွေ့ရတယ်လို့ သုံးသပ်တယ်။ ““ဒီဝန်ထမ်းတွေကို မြန်မာ့သစ်လုပ် ငန်းကနေပြီးတော့ ပိုက်ဆံပေးနေရတာ ဖြစ်တယ်။ အလုပ်မရှိဘဲ ဒီလူတွေကို ပိုက်ဆံပေးနေရတော့ နိုင်ငံတော်လည်း အရှုံးပေါ်တာပေါ့””လို့ သူက ပြောတယ်။

                  Photo-Kaung Htet San         ရခိုင်ပြည်နယ်ရှိ သံတွဲကြိုးဝိုင်း

    မကွေးမြို့မှာ မော်ကွန်းက တွေ့ ဆုံ ခဲ့တဲ့ မြန်မာ့သစ်လုပ်ငန်းက တိုင်းမန်နေဂျာ ဦးသိန်းဦးရဲ့အဆိုအရတော့ ပြည်တွင်းနဲ့ ပြည်ပမှာ သစ်လိုအပ်ချက်က ရှိနေတဲ့ အတွက် အစိုးရက အလုံးစုံ သစ်ထုတ်မှု ကို ရပ်ပစ်ရင်လည်း ခိုးယူထုတ်လုပ်မှုတွေ က ရှိနေမှာဖြစ်တဲ့အတွက် စနစ်ကျပြီး သစ်တောကို မထိခိုက်တဲ့ နည်းနာတွေနဲ့ သစ်ကို ဆက်ထုတ်လုပ်ဖို့ လုပ်ဆောင်တာ က အစိုးရလည်း ဝင်ငွေရ၊ ပြည်သူတွေရဲ့ သစ်လိုအပ်ချက်ကိုလည်း ဖြည့်ဆည်း နိုင်မယ်လို့ ပြောပါတယ်။ သစ်လိုအပ်ချက်ဟာ ၂၀၃၀ အရောက်မှာ ကုဗတန် ၃၂ သန်းအထိ ရောက်လာမယ်လို့ အမျိုးသားသစ်တော ကဏ္ဍပင်မ စီမံကိန်း ၂၀၀၁-၂၀၃၀ မှာ ဖော်ပြတယ်။ ဒါ့အပြင် နိုင်ငံဧရိယာရဲ့ ၃၀ ရာခိုင်နှုန်းကို အမြဲတမ်းသစ်တောနယ် မြေအဖြစ် ၂၀၃၀ မှာ အပြီး ဖွဲ့စည်းမယ်လို့ ဒီနိုင်ငံတော်မူဝါဒမှာ ဖော်ပြပါတယ်။

                         ဒါပေမဲ့လတ်တလော ကြုံတွေ့နေ ရတဲ့အခြေအနေတွေအရ မူဝါဒချမှတ် ထားတဲ့အတိုင်း သစ်တောမြေ ဖွဲ့စည်းနိုင် မယ့်ရည်မှန်းချက်ဟာ ပြည်မီဖို့ မလွယ်ဘူး လို့ သစ်တောဦးစီးဌာန၊ စီမံကိန်းဌာန၊ဩန် ကြားရေးမှူး ဦးတင်ထွန်းက ပြောတယ်။ လက်ရှိအချိန်အထိ နိုင်ငံဧရိယာရဲ့ ၂၅ ရာခိုင်နှုန်း ဝန်းကျင်ကို သစ်တော မြေတွေအဖြစ် ဖွဲ့စည်းထားနိုင်ပေမယ့် နောက် ၅ ရာခိုင်နှုန်း ထပ်ဖွဲ့နိုင်ဖို့က မလွယ်ကူနိုင်ဘူးလို့ ဒီအရာရှိက ခန့် မှန်းတယ်။ ““တကယ်က မလွယ်ဘူး။ လုပ် တော့လုပ်နေပါတယ်။ အဓိကက သစ် တောမြေတွေကို ကျူးကျော်ထားကြတာ တွေကို ဖြေရှင်းနေရတာတွေကြောင့် ကြိုးဝိုင်းဖွဲ့စည်းရေးမှာ ပြဿနာတွေ ဖြစ်နေတာ””လို့ သူက ဆိုတယ်။သစ်တောပညာရှင်တွေကတော့ သစ်တောတွေကိုပြုန်းမှ အသစ်ကနေ ပြန်တည်ထောင်ဖို့ဆိုတာ မလွယ်ကူဘဲ ရှိတဲ့သစ်တောကို ထိန်းသိမ်းရင်း ပြန် လည်ဖွံ့ဖြိုးရေးကို အရှိန်မြင့် လုပ်ဆောင် သင့်တယ်လို့ အကြံပြုကြပါတယ်။

မရေရာတော့တဲ့ အနာဂတ်

                        WWF  မြန်မာနိုင်ငံရုံးက သစ် တောရေးရာစီမံကိန်းအရာရှိ၊ ဦးဇင်လင်း ထွန်းကတော့ သစ်တောတွေပြုန်းတီးမှု ကြောင့် ဆုံးရှုံးမှုက ကြီးမားတယ်လို့ ဆို ပါတယ်။

Photo-Kyaw Zayya နတ်ရေကန်တောင်တန်းပေါ်က ဂုတ်ကြီးကျေးရွာ

                          ““တောရိုင်းတိရစ္ဆာန်မျိုးစိတ်တွေ၊ အပင်မျိုးစိတ်တွေ ရှားပါးပျောက်ကွယ် သွားရုံသာမက တောတွင်းဂေဟစနစ်ကို ပါပျက်စီးစေပြီး လူသားတွေရဲ့ နေ့စဉ်လူ နေမှုဘဝကိုပါ လာရောက်ထိခိုက်စေပါ တယ်”” လို့ သူက ပြောပါတယ်။ ဦးဇင်လင်းထွန်းရဲ့အဆိုအရ မြန်မာ နိုင်ငံမှာ သစ်တောတွေ ပြုန်းလာတာ ကြောင့် ဆင်နဲ့ကျားလို သတ္တဝါတွေ ရှား ပါးလာသလို ကြံ့နဲ့ ဂင်္ဂါမိကျောင်းလို သတ္တဝါတွေဆိုရင် ပျောက်ကွယ်သွားခဲ့ပြီလို့ ရှင်းပြတယ်။ ဒါ့အပြင် သဘာဝအတိုင်း ပေါက်တဲ့ သံတောင်ကြီး၊ သစ်မွှေးတို့လို အပင်မျိုးစိတ်တွေဟာလည်း ရှားပါးလာ နေပြီလို့ သူက ဆိုတယ်။

                       ““သစ်တောပြုန်းတီးရာကနေ တစ် ဆင့် ရေအရည်အသွေးကိုပါ ကျဆင်းစေပြီး ဂေဟစနစ်ကိုပါ ပျက်စီးစေတဲ့အထိ အန္တရာယ်ကကြီးပါတယ်”” လို့ ဦးဇင်လင်း ထွန်းက မော်ကွန်းကို ပြောတယ်။ မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ နတ်ရေကန်တောင်တန်းပေါ်မှာရှိတဲ့ ဂုတ် ကြီးရွာက ချင်းအမျိုးသား ဦးကျားက တော့  သစ်တောတွေပြုန်းလာတာ နဲ့အမျှ သူတို့တောင်ပေါ်ဒေသမှာ ရေရှားပါးမှု ဟာ တစ်နှစ်ထက်တစ်နှစ် ကြုံလာရလို့ ခေါင်းခဲစရာဖြစ်နေကြရတယ်လို့ ပြော ပြတယ်။အခုဆိုရင် သူတို့ တောင်ပေါ်ချင်း တိုင်းရင်းသားတွေစုပေါင်းပြီး နတ်ရေ ကန်တောင်တန်းပေါ်မှာ ရေထိန်းသိမ်းရေး တောတွေထူထောင်ပြီး ကာကွယ်နေ သလို သူတို့ရဲ့ မိရိုးဖလာတောင်ယာ စိုက် ပျိုးရေးစနစ်တွေကို ပြုပြင်ပြောင်းလဲကာ နှစ်ရှည်သီးနှံ စိုက်ပျိုးရေးလုပ်ငန်းတွေ အဖြစ်ပြောင်းလဲဖို့ ကြိုးစားနေကြတယ် လို့ အသက် ၆၃ နှစ်အရွယ် ဦးကျားက ရှင်းပြတယ်။

                        ““ဟိုအရင်တုန်းက ရွာထဲမှာပဲ ရေ ကိုရတယ်။ အခုက ရေရဖို့ သုံးမိုင်လောက် ဝေးတဲ့ နေရာကနေရွာကို အဆင့်ဆင့် သွယ်ယူရတယ်””လို့ ပင်လယ်ရေမျက်နှာ ပြင်အထက် ပေငါးထောင်လောက်မှာရှိ တဲ့ ကျေးရွာမှာ နေထိုင်တဲ့ ဦးကျားက ရှင်း ပြတယ်။ ဒီတောင်ပေါ်ဒေသမှာ ချင်းတိုင်း ရင်းသားကျေးရွာချည်း ၅၇ ရွာလောက်ရှိ ပြီး နတ်ရေကန်တောင်တန်းက ရခိုင်ရိုးမ တောင်တန်းနဲ့ ဆက်စပ်နေတယ်လို့ ဦးကျားက ရှင်းပြတယ်။ သူမှတ်မိသလောက် လွန်ခဲ့တဲ့ နှစ် ၄၀ကျော် ၅၀ ဝန်းကျင် ကာလလောက် အထိ သူတို့ရွာအနီးမှာပဲ ကျား၊ ဝက်ဝံ၊ ဆတ်၊ ချေနဲ့ ကျေးငှက်ပေါင်းစုံကို တွေ့နိုင် ပေမယ့် အခုအခါမှာတော့ ““ကလေးတွေ ကို တစ်ခါတစ်ခါ ဒီလိုအကောင်တွေဟာ အရင်က ရွာနားတင်ရှိခဲ့တာလို့ ပြောရင် သူတို့က ရယ်ကြတယ်။ မယုံကြဘူး။ သူ တို့အတွက် ပုံပြင်လို့ဖြစ်သွားတာပေါ့”” လို့ ဦးကျားက သူတို့ဒေသက ဂေဟစနစ် ပြောင်းသွားပုံကို ပြောပြတယ်။ ၁၉၈၀ ဝန်းကျင်လောက်ကဆို သူတို့ရွာကို ကျားဝင်လို့ နှိမ်နင်းခဲ့ရဖူးတယ်လို့ သူက ဆိုတယ်။

                        သူတို့တောင်ပေါ်ဒေသမှာ ရေပြတ် မသွားစေဖို့ သူတို့ ဒေသခံတွေဟာ ရေ ထိန်းတောတွေကို မသမာသူတွေ မခုတ် ယူနိုင်စေဖို့  စုပေါင်းကာကွယ်နေတယ်လို့ လည်း ဦးကျားက ရှင်းပြတယ်။ ရေမရ တော့တဲ့အခါ သူတို့ဒေသခံတွေအနေနဲ့ မြေပြန့်ကိုဆင်းနေဖို့ဆိုတာ မလွယ်ကူတဲ့ အတွက် ဒီတောတွေရဲ့ တန်ဖိုးရှိပုံကို နား လည်ကြဖို့ ဒေသခံတွေအချင်းချင်း အသိ ပညာ ဖြန့်ဝေတာမျိုးတွေလည်း လုပ် ဆောင်ကြတယ်လို့ သူက ပြောပြတယ်။ သူတို့ရဲ့ မိရိုးဖလာစိုက်ပျိုးခဲ့တဲ့ တောင်ယာစိုက်ပျိုးရေး စနစ်ဟာလည်း တောကိုပြုန်းစေတယ်လို့ သိလာခဲ့တဲ့ နောက် အခုဆိုရင် သူတို့တောင်ပေါ် ချင်း ရွာတွေက တောင်ယာမြေမှာ နှစ်ရှည်သီး နှံစိုက်ခင်းမျိုးတွေ ပြောင်းလဲစိုက်ပျိုးကြဖို့ လှုံ့ဆော်တာကို တတ်နိုင်သမျှ ဒေသခံ တွေ စုပေါင်းလုပ်နေကြတယ်လို့ ဦးကျား ကရှင်းပြရင်း သစ်တောတွေနဲ့ ပတ်သက် တဲ့ သူ့ရဲ့ စိုးရိမ်ပူပန်မှုကို သူက အခုလို ဆိုပါတယ်။

                   ““သစ်တောတွေ ပြုန်းသွားလို့ နောက်ထပ် အနှစ် ၂၀၊ ၃၀ လောက် အချိန်မှာ ရေတွေခန်းခြောက်သွားခဲ့ရင် တို့ဘိုးဘွားတွေ နေထိုင်ခဲ့ကြတဲ့ ဒီတောင် တန်းကြီးမှာ တို့မျိုးဆက်တွေ ဆက်နေ နိုင်ပါ့မလာဆိုတာ စိုးရိမ်မိတယ်””

  • #Kyaw_Zayya
  • #mawkun
  • #chronicle



 

အမျိုးအစား - ပုံရိပ်လွှာ

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."