ဘဝကို အရှုံးမပေးတတ်တဲ့ ဖိုးထူး

 သီတင်းကျွတ်လပြည့်ညတစ်ညတွင်ဖြစ်သည်။ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသရှိ ရွာတစ်ရွာ၌ လယ်သမားလင်မယားနှစ် ယောက်ထံမှ သားယောက်ျားလေးတစ် ယောက် မွေးဖွားသည်။

ကလေးမီးဖွားရာသို့ လာရောက်ကူညီ နေကြသော ကလေး ၏ ကြီးတော်များသည် မွေးကင်းစကလေးလေးကို မြင်ရသည့် အခါ ကလေးကို အနှီးဖြင့် ထုပ်ပိုးလိုက်ကြ ပြီး ကလေးကို သူတို့ ကိုယ်တိုင်ပြုစုဖို့ ဆုံး ဖြတ်လိုက်ကြသည်။

မိခင်ဖြစ်သူကို ကလေးအနားသို့ ကပ်ခွင့်မပေး။ ကလေး အနှီးလဲတော့လည်း သူတို့။ ကလေးကို ရေချိုးပေးတော့လည်း သူ တို့။ ကလေးနို့ဆာ၍အော်ငိုသည့်အခါမှ ကလေးကို အနှီးဖြင့် ထုပ် ချီလာပြီး ကလေးအမေအား နို့တိုက်စေသည်။ ထိုစဉ်က ကလေး အမေသည် ကလေးကို နို့တိုက်ရုံသာတိုက်ခဲ့ရပြီး ကလေးကို ကိုယ်တိုင်မထိန်းခဲ့ရ။ သူ့အစ်မများသည် ကလေးကို ချစ်၍ သူတို့ ကိုယ်တိုင်ပြုစုနေကြသည်ဟု ကလေးအမေက ထင်ခဲ့သည်။

ကလေးငယ်မွေးပြီး သုံးလေးရက်ခန့်ကြာသောအခါ ကလေး၏ အဘိုးဖြစ်သူက ကလေးကို လာရောက်ကြည့်ရှုသည်။ အဘိုးဖြစ်သူသည် ကလေးငယ်အား သေသေချာချာကြည့်ရှုပြီး နောက် ‘မောင်ဖိုးထူး’ဟု နာမည်ပေးလိုက်သည်။

မောင်ဖိုးထူးလေးသည် မွေးကတည်းက သူများနှင့်မတူဘဲ ထူးခြားစွာ မွေးဖွားလာသည်။ ခြေထောက်နှစ်ဖက်က အတို အရှည်မညီ။ ညာဘက်ခြေထောက်က ပုံမှန်အနေအထားဖြစ်ပြီး ဘယ်ခြေမှာ သိမ်နေသည်။  ညာဘက်လက်မှာလည်း လက် ချောင်းလေးတစ်ချောင်းသာပါလာသည်။ ကျန်တစ်ဖက်မှာ သေး သွယ်သည့်အပြင် လက်ချောင်းသုံးချောင်းသာ ပါလာသည်။

သားပုံစံကို ကလေးအမေ ဒေါ်ဝင်းတင့်မြင်တွေ့သွားလျှင် မီးဖွားပြီးခါစသွေးနုသားနုဖြစ်နေချိန် တစ်စုံတစ်ခုဖြစ်သွားမည် ကို စိုးရိမ်သဖြင့် ကလေး၏ အဒေါ်များက ချက်ချင်းဖွင့်မပြောဘဲ ကလေးကို အနှီးဖြင့်ပတ်ကာ နို့တိုက်စေခြင်းဖြစ်သည်။

ငါးရက်လောက်ကြာမှ အဒေါ်များက သူ့ညီမကို ”ညည်း စိတ်မကောင်းမဖြစ်နဲ့”ဟု အစချီကာ ကလေးအကြောင်းကို ဖွင့် ပြောကြခြင်းဖြစ်သည်ဟု ကလေးအမေဒေါ်ဝင်းတင့်က ဆိုသည်။ ကလေးငယ်က အထက်မှာဆိုခဲ့သည့်အတိုင်း မွေးဖွားလာသည့် အတွက် စိတ်မကောင်းသော်လည်း ကလေးငယ်ကို လူလား မြောက်အောင်ပြုစုဖို့ ဒေါ်ဝင်းတင့် ဆုံးဖြတ်လိုက်သည်။

သို့သော် ပတ်ဝန်းကျင်က ဒေါ်ဝင်းတင့်လိုမဟုတ်။ မောင်ဖိုး ထူး၏ မွေးရာပါ မသန်စွမ်းမှုအပေါ် ကဲ့ရဲ့ကြသည်။ မသန်စွမ်းသည့် အပြင် ကျန်းမာရေးလည်းချူချာသည့် မောင်ဖိုးထူးကို မိဘများ က အရိပ်တကြည့်ကြည့်ဖြင့် ဂရုစိုက်နေကြပြန်လျှင်လည်း ”အတို အယိုလေးမွေးတာကို ဘာဖြစ်လို့ ဒီလောက်ချစ်နေကြတာလဲ”ဟု မေးငေါ့ကြသည်။

ထိုအခါ ”အကောင်းတွေ (သန်စွမ်းသူ တွေ) ထက်တောင် ပိုချစ်သေးတယ်”ဟု ပက်ခနဲပြန်ပြောလေ့ရှိကြောင်း ဒေါ်ဝင်း တင့်က အနည်းငယ်တုန်ယင်သော လေသံဖြင့် ပြောပြသည်။ ပတ်ဝန်းကျင်က မည်သို့ပင် ကဲ့ရဲ့ပြောဆိုကြပါစေ၊ မိဘနှစ်ပါး ကတော့ မောင်ဖိုးထူးအပေါ် အချစ်မပေါ့ခဲ့ပေ။ ဂရုတစိုက်ဖြင့် ဆက်လက် ကျွေးမွေးခဲ့ကြသည်။

            ယနေ့ ကိုဖိုးထူး၏ အသက်သည် ၁၉ နှစ်ရှိလာပြီဖြစ်သည်။

ကိုဖိုးထူးတို့လို မသန်စွမ်းသူများအဖို့ ပညာရှာဖွေရာတွင်လည်း ကောင်း၊ ပတ်ဝန်းကျင်၌ လှုပ်ရှားသွားလာရာတွင်လည်းကောင်း၊ ပတ်ဝန်းကျင်မှလူများနှင့် ပေါင်းသင်းဆက်ဆံရာတွင်လည်း ကောင်း၊ ဘဝရပ်တည်ရန် အလုပ်အကိုင်အခွင့်အလမ်းများ ရှာ ဖွေရာတွင်လည်းကောင်း ခက်ခဲကြမ်းရှလှသည်။ သာမန်လူများ ထက် အခက်အခဲများကို ပိုရင်ဆိုင်ကြရသည်။

မသန်စွမ်းသူများသည် ကမ္ဘာဦးကာလမှစတင်ကာ ယနေ့ ချိန်အထိ လူ့အဖွဲ့အစည်းအသိုက်အဝန်း၏ တစ်စိတ်တစ်ဒေသ အဖြစ်ရှိနေခဲ့သော်လည်း လူ့ပတ်ဝန်းကျင်၏ကဲ့ရဲ့လှောင်ပြောင်မှု များ၊ ခွဲခြားဆက်ဆံမှုများကို ခံနေကြရသည်။ တစ်ကမ္ဘာလုံး လူ ဦးရေ၏ ၁၅ ရာခိုင်နှုန်းမှာ မသန်စွမ်းသူများဖြစ်ကြသည်။

မြန်မာနိုင်ငံမှာတော့ နောက်ဆုံးကောက်ယူထားသည့် သန်းခေါင်စာရင်းအရ မသန်စွမ်းသူဦးရေ နှစ်သန်းသုံးသိန်းကျော် ရှိသည်ဟုဆိုသည်။ ထိုကိန်းဂဏန်းအရ မြန်မာတစ်နိုင်ငံလုံးလူ ဦးရေ၏ ၄ ဒသမ ၅ ရာခိုင်နှုန်းသည် မသန်စွမ်းများဖြစ်ကြသည်။

ထိုမသန်စွမ်းသူများထဲမှ တစ်ဦးဖြစ်သည့် ကိုဖိုးထူးသည် သူ၏ဘဝတွင် အခက်အခဲများစွာကိုရင်ဆိုင်ခဲ့ရသည်။ ငွေကြေး ဥစ္စာမပြည့်စုံသည့် မိသားစုတွင် ရှင်သန်ရသော ကိုဖိုးထူးအတွက် သူလျှောက်ခဲ့၊ လျှောက်ဆဲ၊ လျှောက်ရမည့်လမ်းသည် ချောမွေ့ သော ပန်းခင်းလမ်းများ မဟုတ်ပေ။

သို့သော် ကိုဖိုးထူးသည် ချို့ငဲ့သော ဘဝလှိုင်းလုံးများကြား တွင် ရှင်သန်အောင်ကြိုးစားရင်း ပညာကို တခုတ်တရ ရှာဖွေခဲ့ သည်။ ချိုင်းထောက်တစ်ခုကို အဖော်ပြု ကျောင်းတက်ရင်း အတန်းထဲတွင် ထူးချွန်ဆု၊ ကျောင်းတက်မှန်ဆုများ ရရှိခဲ့သည်။

ယခုအခါ ဆယ်တန်းစာမေးပွဲလည်း အောင်မြင်ခဲ့ပြီဖြစ်၍ မအူပင် တက္ကသိုလ်တွင် သမိုင်းဘာသာအထူးပြုဖြင့် အဝေးသင်ကျောင်း သားတစ်ဦးအဖြစ် တက်ရောက်နေပြီ ဖြစ်သည်။

ခက်ခဲကြမ်းရှ ငယ်ဘဝ

ကိုဖိုးထူးသည် ယခုအခါ မိသားစုနှင့်အတူ ဒေးဒရဲမြို့၊ မြကန်သာရပ်ကွက်တွင် နေထိုင်နေသည်။ ဇာတိကတော့ ဒေးဒရဲ မြို့ နယ်၊ ဖောင်ကြီးပျဉ်ထောင်စုရွာဖြစ်သည်။

ကိုဖိုးထူးသည် အသားညိုကာ မျက်နှာက အနည်းငယ် သွယ်သည်။ ဆံပင်ကို တိုတိုကပ်ကပ်ညှပ်ထားပြီး လည်ပင်းတွင် လက်ဖွဲ့ကြိုးဆွဲထားသည်။ ညာဘက်ခြေထောက်တွင် သားရေ ကြိုးသိုင်းဖိနပ်တစ်ဖက်ကို စီးထားပြီး မသန်မာသည့် ဘယ်ဘက် တွင် ချိုင်းထောက်ဖြင့် အစားထိုးထားသည်။ ချိုင်းထောက် ထောက်၍ ရပ်လိုက်လျှင် အရပ်ငါးပေကျော်ကျော်ရှိသည်။

ချိုင်းထောက်က သံချိုင်းထောက်ဖြစ်သော်လည်း အနည်း ငယ်နိမ့်နေသဖြင့် ချိုင်းထောက်ကို တစ်ထွာခန့်ရှိသော ဝါးဖြင့် ဆက်ထားသည်။ သူ့တို့ရပ်ကွက်ရှိ သဲမြေလွှမ်းသောလမ်းမပေါ် တွင် ချိုင်းထောက်ဖြင့်လမ်းလျှောက်လိုက်သည့်အခါ ချိုင်း ထောက်၏ အောက်ခြေသည် သဲမြေများဖြင့်ပွတ်တိုက်သဖြင့် တရှပ်ရှပ်မြည်နေတတ်သည်။

မွေးချင်းလေးယောက်တွင် ကိုဖိုးထူးက တတိယမြောက် သားဖြစ်သည်။ အစ်ကိုနှစ်ဦးနှင့် ညီမတစ်ဦးရှိသည်။ အစ်ကိုကြီး နှစ်ဦးကို မိဘများက ကျောင်းထားပေးလိုကြသော်လည်း ၎င်းတို့ ကိုယ်တိုင်က ကျောင်းမနေလိုကြ။ ကိုဖိုးထူးကတော့ ငယ်စဉ်က တည်းကပင် ကျောင်းတက်ရန် စိတ်အားထက်သန်သည်ဟု သူ၏မိခင်ဒေါ်ဝင်းတင့်က ပြောပြသည်။

အမှန်တော့ ကိုဖိုးထူးတို့ ဖောင်ကြီးပျဉ်ထောင်စုရွာသည် သန်စွမ်းသော ကလေးတစ်ဦးအတွက်ပင် ကျောင်းသွားရန်ခက်ခဲ သည့်ရွာဖြစ်သည်။ ရွာထဲ၌ပင် ချောင်းများ၊ မြောင်းများရှိနေ သဖြင့် တစ်အိမ်မှ တစ်အိမ်သွားဖို့အတွက်ပင်လှေများကို တစ် နှစ်ပတ်လုံးအသုံးပြုကြရသည်။ အိမ်မှ ကျောင်းသို့ သွားရန်လည်း လှေဖြင့်သွားရသည်ဟု ကိုဖိုးထူးက ပြောပြသည်။

ကိုဖိုးထူးသည် နှစ်နှစ်အရွယ်ကတည်းက ကျောင်းတက် ချင်သဖြင့် မိခင်ဖြစ်သူကို တငိုငိုတရယ်ရယ်ပူဆာတတ်သည်ဟု ဒေါ်ဝင်းတင့်ကပြောပြသည်။ ထိုသို့ပြောပြနေချိန် ဘေးနားတွင် ထိုင်၍နားထောင်နေသော ကိုဖိုးထူးသည် သွားတွေပေါ်အောင် ပြုံးနေသည်။

မောင်ဖိုးထူးက ကျောင်းသွားရန် တကျီကျီ ပူဆာနေသော် လည်း ကလေးက ငယ်သေးသည့်အပြင် လေးဖက်ထောက်၍ တွားသွားလိုက်၊ ခုန်ဆွခုန်ဆွသွားလိုက်နှင့် သွားရေးလာရေး အဆင်မပြေ၍ ကျောင်းထားရန် မဖြစ်နိုင်ခဲ့။ မိဘများကလည်း ကျောင်းတွင် အလေးအပေါ့သွားရန် အခက်အခဲဖြစ်မည်စိုး၍ ကျောင်းအပ်ပေးရန် လက်တွန့်နေခဲ့ကြသည်။

သို့သော် မောင်ဖိုးထူး အသက်လေးနှစ်ကျော်သည့်အခါ သူ့အား ကျောင်းသို့ ခေါ်သွားပေးမည့်သူတစ်ဦး ပေါ်လာခဲ့သည်။ သူက ဆရာမဒေါ်သီတာချိုဖြစ်သည်။ ဆရာမဒေါ်သီတာချိုက သူ့ကို ကျောင်းသို့ခေါ်သွားသည်။ သူ့အမေကလည်း ငိုယိုနေသည့် ကလေးကို ပျော်စေလိုသဖြင့် ဆရာမနှင့် ကျောင်းသို့ထည့်ပေး လိုက်ရသည်။ ထိုဆရာမကျေးဇူးကြောင့် မောင်ဖိုးထူး သူငယ် တန်း စတက်ရလေသည်။

ကျောင်းသို့ ရောက်သည့်အခါ သူနှင့်ရွယ်တူ ကလေးငယ် များစွာကို သူမြင်ရသည်။ ဆရာမများကို တွေ့ရသည်။ သို့သော် အခြားကလေးငယ်များသည် သူနှင့်မတူကြောင်း သတိထားမိ သွားခဲ့သည်ဟု ထိုစဉ်က ပထမဆုံးကျောင်းတက်ရတဲ့ အတွေ့ အကြုံကို ကိုဖိုးထူးက ပြောပြသည်။

”သူများတွေက အကုန်လုံးလမ်းလျှောက်သွားတာလေ။ ကျွန်တော်တစ်ယောက်တည်း လေးဖက်ကလေးသွားတာဆို တော့ အဲဒီကတည်းက သိတယ်။ စိတ်တော့မကောင်းဘူးပေါ့နော်။ ဒါပေမဲ့ ဖြစ်လာမှတော့ ဘာတတ်နိုင်မှာလဲ”ဟု သူက ဖြေ တွေးသည်။

ကျောင်းတွင် သူ့ကိုကူညီသည့်သူငယ်ချင်းများနှင့် ပေါင်း ဖော်ခွင့်ရခဲ့သလို သူ့ကိုလှောင်ပြောင်ကဲ့ရဲ့သူတွေနှင့်လည်း တွေ့ ခဲ့ရသည်ဟု ကိုဖိုးထူးက ပြောပြသည်။ ဖောင်ကြီးပျဉ်ထောင်စု ကျောင်းတွင် မောင်မျိုးအောင်နှင့် မောင်တင့်လွင်တို့မှာ သူ၏ အားအကိုးရဆုံးသူငယ်ချင်းများ ဖြစ်ကြလေသည်။

ကျောင်းလိုက်ပို့သည့်မိဘများက မောင်ဖိုးထူးကို လှေ ပေါ်မှတစ်ဆင့် ကျောင်းတံတားပေါ်သို့ တင်ပေးလိုက်သည့်အခါ မောင်မျိုးအောင်နှင့် မောင်တင့်လွင်တို့က တစ်ယောက်တစ် လှည့်စီကျောပိုးကာ စာသင်ခန်းအထိ ခေါ်ဆောင်ပေးကြသည် ဟု ကိုဖိုးထူးက ပြောပြသည်။

သို့သော် တချို့က မကူညီကြသည့်အပြင် ကဲ့ရဲ့ကြသည်။ ‘အတိုအကျိုး’ ဟု လှောင်ကြသည်။ ထိုအခါ သူစိတ်မကောင်း ဖြစ်သလို စိတ်လည်း ဆိုးသည်။

”တချို့ကျတော့လည်း ကိုယ့်ကို ဘယ်ခင်မလဲ။ မခင်တာက သူတို့နဲ့ မတူဘူး၊ တန်းတူမဖြစ်ဘူးလို့ သူတို့စိတ်ထဲမှာ တွေးပြီး မခင်တာနေမှာပေါ့” ဟု ကိုဖိုးထူးက ကျောင်းတက်စဉ်က သူ့ကို ဆက်ဆံကြပုံကို ပြောပြသည်။

”ကျွန်တော်က ဘယ်ခံနိုင်မှာလဲနော်၊ နောက်ကြတယ်လို့ လည်း မဟုတ်ဘူးလေ။ အတည်ပြောကြတာလည်း ရှိတာပေါ့”ဟု  ရှင်းပြသည်။

သို့သော် သူများတွေလို ကျောင်းနေခွင့်ရ၍ သူ ပျော်ရွှင်ခဲ့ သည်ဟု ကိုဖိုးထူးက ဆိုသည်။ ကျောင်းသို့ ခေါ်သွားသည့် ဆရာမ ကိုလည်း သူကျေးဇူးတင်သည်။ ဆရာမဒေါ်သီတာချိုက သူ့ကို စာရေးဖို့ သင်ပေးသည်။

မောင်ဖိုးထူးသည် သာမန်ကလေးများကဲ့သို့ လက်တစ် ဖက်တည်းဖြင့် ကျောက်တံကိုင်ကာ စာမရေးနိုင်သဖြင့် လက်နှစ် ဖက်စလုံးဖြင့် ကျောက်တံကိုင်ရသည်။ ဆရာမက မောင်ဖိုးထူး လေးကို ရင်ခွင်ထဲထည့်ကာ လက်ချင်းထပ်၍ ဝလုံးများ ရေးရန် သင်ပေးသည်ဟု ဆိုသည်။ အစပိုင်းတွင်အလွန်ခက်ခဲလှသော် လည်း ၁၅ ရက်ခန့် အရေးလေ့ကျင့်လိုက်သည့်အခါ ဝလုံးဝိုင်း ဝိုင်းများကို ကောင်းစွာရေးတတ်သွားတော့သည်။

ကိုဖိုးထူး ၆တန်းနှစ်တွင် ပထမဆုယူနေစဉ်

            ဆရာ၊ ဆရာမများကတော့ သူ့ကို အားမငယ်ရန်နှင့် စာကြိုးစားရန် အားပေးကြသည်ဟု ဆိုသည်။

”အားငယ်စရာမလိုဘူး။ သားထက်ဆိုးတာ အားကြီး (အများကြီး)ပဲတဲ့”ဟု ကိုဖိုးထူးက ဆရာမများက အားပေးခဲ့ကြ ပုံကို ပြန်ပြောင်းပြောပြသည်။ ထိုသို့ဆိုစဉ် ကိုဖိုးထူး၏မျက်နှာ တွင် အားတက်သည့်အရိပ်အရောင်များကို တွေ့ရသည်။

ထိုအချိန်မှစ၍ မောင်ဖိုးထူး ကျောင်းနေပျော်ခဲ့သည်။ တစ် ရက်မျှပင် ကျောင်းပျက်မခံတော့။ ကျောင်းပိတ်သည့်ရက်မှ လွဲ၍ မောင်ဖိုးထူး ကျောင်းတက်သည်။ ကျောင်းတွင် နေမကောင်းဖြစ် လာလျှင်ပင် အိမ်မပြန်တော့ဟု သူ၏အမေ ဒေါ်ဝင်းတင့်က ဆို သည်။ ဆရာမက အိမ်ပြန်ခိုင်းလျှင်သော်မှ အိမ်ပြန်အနားယူရန် ငြင်းဆိုသည်။ ထိုအခါ အမေဖြစ်သူက ကျောင်းသို့ ဆေးဝါးများ ထည့်ပေးရကြောင်း သူ့အမေက ပြောပြလေသည်။

မိသားစုက အားတစ်ခု

မောင်ဖိုးထူးသည် သူငယ်တန်းမှ လေးတန်းအထိ ဖောင် ကြီးပျဉ်ထောင်စုရွာတွင် ကျောင်းတက်ခဲ့သည်။ ရွာတွင် လေး တန်းအထိသာ ကျောင်းရှိသဖြင့် ငါးတန်းကို အင်းဒူးရွာကျောင်း၌ တက်ခဲ့ရသည်။ ခြောက်တန်းနှင့် ခုနစ်တန်းကို ရွာမှ နှစ်မိုင်ခန့် ဝေးသည့်  လေးအိမ်ကုန်းရွာသို့ သွားတက်ခဲ့သည်ဟု ကိုဖိုးထူးက ပြောသည်။ ထိုမှတစ်ဆင့် ဒေးဒရဲမြို့ အခြေခံပညာအထက်တန်း ကျောင်းတွင် ရှစ်တန်းမှ တက္ကသိုလ်ဝင်တန်းအထိ အဆင့်ဆင့် ပညာသင်ကြားခဲ့ရသည်။

            ကိုးတန်းရောက်သည့်အခါ လက်ရှိနေရာသို့ မိသားစုလိုက် ပြောင်းလာကြသည်။

ဆယ်စုနှစ်တစ်ခုအကြာ ပညာရှာဖွေရာတွင် ကိုယ်တိုင် လည်း အပတ်တကုတ်ကြိုးစားခဲ့ရသလို မိသားစုကလည်း ဝိုင်း ဝန်း ပါရမီဖြည့်ခဲ့ကြသည်ဟုဆိုသည်။ မောင်ဖိုးထူး၏ညီမ မကြူ ကြူဝေဆိုလျှင် သူ့အစ်ကိုအတွက် အလွန်အနွံတာခံသူဖြစ် ကြောင်း မိဘများက ဆိုကြသည်။

မောင်ဖိုးထူး သူငယ်တန်းအောင်၍ ပထမတန်းတက်သည့် အခါ သူ့ထက်တစ်နှစ်ငယ်သည့် ညီမဖြစ်သူ ကြူကြူဝေက သူ ငယ်တန်းတက်နေပြီ။ ကြူကြူဝေက မောင်ဖိုးထူးနှင့် အရွယ်သိပ် မကွာသဖြင့် ကစားဖော်ဆိုလည်းဟုတ်သလို ကျောင်းတက်ဖော် ဆိုလျှင်လည်း မှန်သည်။ ကျောင်းပြန်ချိန် မိဘများလာကြိုဖို့ နောက်ကျနေလျှင် ကြူကြူဝေက မောင်ဖိုးထူးကို ကိုယ်တိုင် ကျောပိုး၍ ခေါ်လာတတ်သည်ဟု မိခင်ဒေါ်ဝင်းတင့်က ဆိုသည်။

မောင်ဖိုးထူးကို မနိုင်မနင်းကျောပိုးလာသည့် ကြူကြူဝေကို လမ်းတွင် လူများမြင်ကြသည့်အခါ သနားသဖြင့် တားကြသည်။ သူတို့ကျောပိုး၍ လိုက်ပို့မည်ဟု ပြောကြသည်။ ကြူကြူဝေက သူ့ အစ်ကိုကို အရင်းနှီးဆုံးသူများ လက်ထဲမှလွဲ၍ အခြားသူများ လက်ထဲမထည့်။

မောင်ဖိုးထူးနှင့် ကြူကြူဝေက ကစားဖော်လည်းဖြစ်သည်။ ဖိုးထူးက အင်ဂျင်နီယာလုပ်တမ်းအမြဲကစားသည်။ သူက အင် ဂျင်နီယာဖြစ်ချင်သည်။ အိမ်ပုံများ ဆွဲရသည်ကို သဘောကျ သည်။ တိုက်အိမ်ဒီဇိုင်းများဆွဲနေရသည်ကို နှစ်ခြိုက်ကြောင်း ကိုဖိုးထူးက ပြောပြသည်။

အမြဲတမ်းဆိုသလို အိမ်ဆောက်တမ်း ဆော့တတ်သည်။ ထိုကဲ့သို့ မောင်ဖိုးထူး အိမ်ဆောက်တမ်းဆော့သည့်အခါ သူ့ညီမ ကြူကြူဝေလေးက သူဆော့နေသည့် မြေအိုးများ၊ ခွက်များကို ခဏထားခဲ့၍ အိမ်ဆောက်ရာတွင် ဝင်ကူပေးတတ်သည်။

အိမ်ဆောက်တမ်းဆိုသည်မှာ ဝါးများ၊ သစ်သားချောင်း လေးများကို အသုံးပြု၍ ကလေးနှစ်ယောက် ဝင်နိုင်လောက်သည့် အိမ်များ ဆောက်ကြခြင်း ဖြစ်သည်။ မောင်ဖိုးထူးက ခြေတစ်ဖက် တွင် တုတ်ကိုညှပ်၍ လက်နှစ်ဖက်ဖြင့် ဓားမကို ညှပ်ကိုင်ကာ သူ တို့ဆောက်နေသည့်အိမ်အတွက် တိုင်များပြုလုပ်သည်။ အိမ်ပြီး သည့်အခါ မောင်နှမနှစ်ယောက် ကိုယ်တိုင်ဆောက်သည့် ဝါး ခြမ်းပြားအိမ်လေးတွင် ဝင်၍နေကြသည်။ မိခင်ဖြစ်သူက ဓားဖြင့် မဆော့ရန်ပင် ဝင်ပြောရသေးသည်။

ကြူကြူဝေသည် မောင်ဖိုးထူးကစားရန်သာ ဝင်ကူခဲ့သည် မဟုတ်ပါ။ မောင်ဖိုးထူး ကျောင်းဆက်တက်ရန်အတွက် လေး တန်းမှ ကျောင်းထွက်၍ ကြုံရာကျပန်းအလုပ်များကို အရွယ်နှင့် မလိုက်အောင် လုပ်ကိုင်ကာ မိသားစုဝမ်းရေးကိုပါ ဒိုင်ခံဖြေရှင်း ပေးခဲ့သူလည်း ဖြစ်လေသည်။

မောင်ဖိုးထူး ငါးတန်းရောက်သည့်အခါ ယခင်ကတည်းက ခါးနာရောဂါရှိသည့် ဖခင်ဖြစ်သူဦးတင်စိုး၏ ကျန်းမာရေးအခြေ အနေ ပိုဆိုးလာခဲ့သည်။ ပစ္စည်းလေးလေးပင်ပင်များကို မသယ် နိုင်တော့၍ အလုပ်ကြမ်းများကိုလည်း မလုပ်နိုင်တော့။ မကြာ ခဏ ဆေးရုံ၊ ဆေးခန်းသွားနေရသည့်အတွက် နဂိုကပိုင်ဆိုင်ခဲ့ သည့် လယ်နှင့် ခြံဧက အနည်းငယ်ကိုလည်း ရောင်းချလိုက် ရသည်။

မိခင်ဖြစ်သူ ဒေါ်ဝင်းတင့်ကလည်း ဖခင်အပါးတွင် အနီး ကပ်ပြုစုနေရ၍ ငွေမရှာနိုင်တော့။ အစ်ကိုအကြီးဆုံးဖြစ်သူက အိမ်ထောင်နှင့်ဖြစ်၍ လှည့်မကြည့်နိုင်။ အစ်ကိုလတ်ဖြစ်သူက တော့ ကားမောင်းပြီး ထောက်ပံ့သည်။ သို့သော် အစ်ကိုလတ် သည် ယာဉ်တိုက်မှုဖြစ်ပြီး သေဆုံးသွားခဲ့သည်။

ထိုအခါ မိသားစုဝမ်းရေး၊ မသန်စွမ်းသည့်အစ်ကိုဖြစ်သူ မောင်ဖိုးထူး ကျောင်းဆက်တက်နိုင်ရေးအတွက် အသက် ၁ဝ နှစ် အရွယ် ကြူကြူဝေသည် သူကျောင်းထွက်ပြီး အလုပ်လုပ်ဖို့ ဆုံးဖြတ်ချက်ချလိုက်လေသည်။

”အစ်ကိုလေး ကျောင်းတက်၊ ညီမလေး ကျောင်းထွက် မယ်” ဟုဆိုကာ အလုပ်မျိုးစုံလိုက်လုပ်သည်။ ထိုအထဲတွင် တောလုပ်တောကိုင် ကောက်စိုက်ခြင်း၊ ပျိုးနုတ်ခြင်း၊ စပါးရိတ် ခြင်းများပါဝင်သလို ရွာထဲတွင် ရေအငှားထမ်းခြင်း၊ ဆံပင် အဝယ်ဒိုင်မှာ အလုပ်လုပ်ခြင်းတို့လည်း ပါဝင်သည်။ ဤသို့ဖြင့် မိသားစုအတွက် ရှေ့တန်းမှ တိုက်ပွဲဝင်ခဲ့လေသည်။

ကိုဖိုးထူး ပညာရေးကံကောင်းသည်ဟု ဆိုရမည်။ ကျောင်း တက်နိုင်ရန် လုံလုံလောက်လောက် ထောက်ပံ့မည့်သူများ ပေါ် လာခဲ့သည်။ ၂ဝဝ၈၊ မေတွင် လူပေါင်း ၁၄ဝ,ဝဝဝ ကျော်ကို သေ ဆုံးပျောက်ရှစေခဲ့သည့် နာဂစ်မုန်တိုင်းအပြီးတွင် ကိုဖိုးထူး၏ ပညာရေးအတွက် ကူညီမည့်သူများပေါ်လာသည်။

နာဂစ်မုန်တိုင်းသင့်ဒေသများသို့ လာရောက်ကူညီကြ သည့် တက္ကသိုလ်များခြေလျင်နှင့် တောင်တက်အသင်း သဘာဝ ခေါ်သံဖောင်ဒေးရှင်းမှ ကယ်ဆယ်ရေးနှင့် ဆေးကုသရေးတာ ဝန်ခံ ဦးကျော်နိုင် ခေါင်းဆောင်သည့်အဖွဲ့များက မသန်စွမ်းသူ များကို ထောက်ပံ့သည့်အခါ အကူအညီရသူများထဲတွင် ကိုဖိုးထူး လည်း ပါဝင်ခဲ့သည်။

ဦးကျော်နိုင်တို့အပြင် မသန်စွမ်းအမျိုးသမီးများအသင်း နှင့် မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန်စွမ်းသူများအသင်းတို့ကလည်း ကိုဖိုးထူးကို ပညာဆက်လက်သင်ကြားနိုင်ရန် ထောက်ပံ့ကူညီ ခဲ့ကြသည်။ ကိုဖိုးထူးအတွက် ချိုင်းထောက်မှအစ ကျောင်းတက် ရန် စက်ဘီး၊ နေထိုင်ရန် အဆောင်နေရာများ ရှာဖွေသည်အထိ လိုက်လံရှာဖွေပေးကာ ကျောင်းထားပေးခဲ့ကြသည်။ ခုနစ်တန်း မှစ၍ ကျောင်းထားပေးခဲ့သည်။

မောင်ဖိုးထူးသည် အလွန်ကြိုးစားသူတစ်ဦးဖြစ်ကြောင်း ဦးကျော်နိုင်က မှတ်ချက်ပေးသည်။

”ဖိုးထူးက တော်တော်ကြိုးစားတဲ့ကလေးပါ။ သူကြိုးစား လို့ အခုလို အခြေအနေရောက်နေတာပေါ့။ သူတို့ဒေသလို နေရာ မျိုးမှာ အခုလိုအနေအထားရောက်ဖို့ဆိုတာ တော်တော်ကြိုးစား မှပါ။ သူဘွဲ့ရသွားရင်တော့ သူက စူပါဟီးရိုးပဲ”ဟု ဦးကျော်နိုင်က ဆိုသည်။

ကိုဖိုးထူးသည် စာကိုကြိုးစားသည်။ ကြိုးစားသလောက် လည်း ဆုများရခဲ့သည်။ လေးအိမ်ကုန်းရွာတွင် ခြောက်တန်း တက်စဉ် ကျောင်းသား၊ ကျောင်းသူ လေးဆယ်ကျော်ရှိသည့် အတန်းထဲ၌ ပညာရည်ထူးချွန်ဆုပေးရာတွင် ပထမဆုရသည်။ ရှစ်တန်း၊ ကိုးတန်းတွင်လည်း ကျောင်းတက်အမှန်ဆုံးဆုများ ရရှိ ပြန်သည်။

သူ ကျောင်းမှန်မှန်တက်ရသည်က သူ၏မူလရည်မှန်းချက် ဖြစ်သည့် အင်ဂျင်နီယာတစ်ဦး ဖြစ်လာရန်ဖြစ်သည်။ ထိုအိပ် မက်ကိုလည်း အကောင်အထည်ဖော်ဖို့ ကျောင်းတက်မှန်အောင်၊ စာမလွတ်အောင်၊ အတန်းမကျအောင် ကြိုးစားခဲ့သည်။ သို့သော် ကံကြမ္မာက သူ့ကို အင်ဂျင်နီယာတစ်ဦးဖြစ်ခွင့်မပေးခဲ့ချေ။

သူဆယ်တန်းတက်သည့်အခါ သူ့ဖခင်ကျန်းမာရေးက သိသိသာသာဆိုးရွားခဲ့သည်။ ထို့သို့သော စိတ်ညစ်ဖွယ် မိသားစု ကိစ္စများကြောင့် ဆယ်တန်းတွင် စာကောင်းကောင်းမကျက်ဖြစ် ခဲ့ဟု ကိုဖိုးထူးက ပြောသည်။ သူ စာမေးပွဲဖြေသည့် ရက်များဆို လျှင် သူ့ဖခင်က ခါးနာရောဂါကြောင့် ဆေးရုံတက်နေရသည်။ မိသားစုကလည်း ဆေးရုံလိုက်နေရသည်။ ထိုအခါ စာမေးပွဲဖြေ ရန် ရွာမှ အစ်ကိုအကြီးဆုံးနှင့်အတူ အိမ်တွင် နေရစ်ပြီး စာမေးပွဲ ဖြေခဲ့ရကြောင်း ကိုဖိုးထူးက ပြောပြသည်။

”အဖေ့ကျန်းမာရေးကြောင့်လည်း ပါတာပေါ့လေ။ အဖေ က ကျန်းမာရေးမကောင်းတော့ စိတ်တွေလေပြီး စာထဲလည်း စိတ်မပါတော့ဘူး”ဟု ကိုဖိုးထူးက ဆိုသည်။

                                      ဒေးဒရဲမြို့ နေအိမ်တွင် တွေ့ရသည့် ကိုဖိုးထူးနှင့် မိဘနှစ်ပါး

ရည်မှန်းချက်နှင့် ဝေးပေမယ့်

ထိုနှစ်က ကိုဖိုးထူး စာမေးပွဲကျသည်။ နောက်နှစ် ထပ် ဖြေသည့်အခါမှ အောင်သည်။ သို့သော် အင်ဂျင်နီယာတစ်ဦးဖြစ် လောက်သည့် အမှတ်မမီ၍ ငယ်စဉ်ကတည်းက သူဖြစ်လိုသည့် အင်ဂျင်နီယာဖြစ်ခွင့်မသာတော့ဘဲ မအူပင်တက္ကသိုလ်တွင် အဝေးသင်ကျောင်းသားဘဝကို ရွေးချယ်ခဲ့ရသည်။

တက္ကသိုလ်တွင် ဘာသာရပ်ရွေးချယ်ရာတွင်လည်း အခက် အခဲများ ကြုံခဲ့ပြန်သည်။ သူက သင်္ချာဘာသာကို ယူလိုသည်၊ သို့ သော် သူ၏လက်များဖြင့် သင်္ချာဘာသာတွင် အသုံးပြုရသည့် စက်ဝိုင်းခြမ်းများ၊ ကျင်တွယ်များကို ကိုင်တွယ်ရန် အခက်အခဲ ရှိသဖြင့် ကျက်စာများသော သမိုင်းဘာသာရပ်ကို ရွေးချယ်ခဲ့ရ လေသည်။

သို့သော် တက္ကသိုလ်ပထမနှစ်တွင်လည်း စာမေးပွဲကျခဲ့ပြန် သည်။ သူ့လက်ရေးက နှေးသဖြင့် စာမေးပွဲအချိန်အတွင်း အချိန် မီဖြေဆိုဖို့ ခက်ခဲခဲ့သဖြင့် စာမေးပွဲကျခဲ့သည်ဟုဆိုသည်။ စာမေး ပွဲကျသော်လည်း သူ့စိတ်ဓာတ်မကျ။ ကျောင်းဆက်တက်ရင်း သူနှင့်လျော်ကန်မည့် အလုပ်တစ်ခုလုပ်မည်ဟု ကိုဖိုးထူးက သူ့ အနာဂတ် စီမံကိန်းများကို ချပြသည်။

”ဘွဲ့တစ်ခုရအောင်လုပ်မယ်။ နောက်ပြီး ကျွန်တော်နဲ့ သင့် တော်မယ့်အလုပ်တစ်ခုခုရရင် ဝင်လုပ်မလို့ စိတ်ကူးထားတယ်” ဟု ခိုင်မာသည့်ဆုံးဖြတ်ချက်များကို အားတက်သရော ပြောပြ သည်။ သို့သော် မသန်စွမ်းသူများကို ဦးစားပေးတတ်သည့် အလေ့အထ အားနည်းသည့် မြန်မာနိုင်ငံတွင် မသန်စွမ်းသူတစ်ဦး အတွက် အလုပ်အကိုင်တစ်ခုရရှိရန် မလွယ်လှပေ။

            တချို့ကလည်း ကျောင်းတက်ဖို့ အားသန်သည့် သူ့ကို မေး ခွန်းများနှင့် ခနဲ့ကြသည်။

” ‘မင်းဘာလို့ ကျောင်းတက်နေတာလဲ’လို့ ပြောကြတယ်။ ‘မင်းလိုလူမျိုးကျောင်းတက်လို့ ဘာထူးမှာလဲ’ လို့ မေးကြတယ်။ ဒီလိုမေးကြလွန်းလို့ ကျွန်တော် မခံချင်စိတ်နဲ့ပဲ ကြိုးစားနေခဲ့ရ တာ”ဟု သူက ပြောသည်။

            ထိုမေးခွန်းများအတွက် သူက ယခုလို ခံယူသည်။

”ကျွန်တော်တို့ (မသန်စွမ်းတွေ)လည်း လူတွေပဲဆိုတာ သန်စွမ်းတဲ့လူတွေကို သိစေချင်တယ်။ စာနာစိတ်တွေ ရှိစေချင် တယ်”ဟု ကိုဖိုးထူးက ဒေးဒရဲတံတားအောက် မြကန်သာရပ် ကွက် မြေသားလမ်းပေါ်တွင် ရန်ကုန်ပြန်မည့် ကျွန်တော့်ကို လိုက်ပို့ရင်း ပြောပြသည်။

ကျွန်တော်သည် ဒေးဒရဲ-ဖျာပုံကားလမ်းမသို့ ရောက်သည့် အခါ ရန်ကုန်ပြန်မည့်ကားတစ်စီးကို တားကာ ကားပေါ်သို့ တက် လိုက်သည်။ ကားမထွက်ခင် ကျွန်တော့်ကို ကိုဖိုးထူးက အောက်ပါ အတိုင်းပြောပြီးနောက် ချိုင်းထောက်ဖြင့် တစ်လှမ်းချင်းလှမ်း ကာ ကျောခိုင်းထွက်သွားပါတော့သည်။

            ”ဘယ်သူတွေ ဘာပြောပြော ကျွန်တော်ကတော့ သေတဲ့ အထိ ကြိုးစားနေဦးမှာ’  ။        ။

၂၀၁၆ ဧပြီ-မေလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၄)မှ ပုံရိပ်လွှာဆောင်းပါး ဖြစ်ပါသည်။

 လင်းမြတ် ရေးသည်။

Save

အမျိုးအစား - ပုံရိပ်လွှာ

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."