မော်ကွန်းမဂ္ဂဇင်း အမှတ် ၆၈ မှ ပုံရိပ်လွှာဖြစ်ပါသည်။
ထွန်းဝင်းငြိမ်း ရေးသည်။
ငယ်ဘဝ
ဦးစန္ဒာသီရိကို ရွှေဝါရောင်သံဃာတော်များနဲ့ နိုင်ငံရေးမိတ်ဆွေတွေကြားမှာ ဦးဇင်းပုရစ်ဆိုပြီး ချစ်စနိုး ခေါ်ကြတဲ့အမည်က လူသိများပါတယ်။
အသားလတ်လတ်၊ အရပ်မနိမ့်မမြင့်၊ မျက်နှာဝိုင်းဝိုင်းနဲ့ အညာသားဦးစန္ဒာသီရိကို ၁၉၆၈ က မြင်းခြံခရိုင် တောင်သာမြို့နယ်ထန်းပင်ကန်ရွာမှာ အဖဦးလူတုတ်၊ အမိထွေးတို့က မွေးဖွားပါတယ်။ ညီအကိုမောင်နှမ ခြောက်ယောက်မှာ တတိယမြောက်သား ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက ထန်းပင်ကန်ရွာ ကျောင်းဆရာတော် ဦးကုမာရရဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှာ ဗုဒ္ဓစာပေပရိယတ္တိတွေကို သင်ကြားခဲ့ရတယ်။ အသက် ၁၂ နှစ်အရွယ်မှာ ရန်ကုန်မြို့ကို ဘကြီးဘုန်းကြီးဖြစ်သူ ဦးပုံညာနန္ဒ (သင်္ဃန်းကျွန်း၊ ရွှေသိမ်ဓမ္မသိင်္ဂီကျောင်းတိုက်၊ ပဓာနနာယကဆရာတော်)က ခေါ်လာတဲ့အတွက် ကိုရင်ဘဝနဲ့ရောက် ရှိပြီး ပထမငယ်တန်းမှာ စာဝါလိုက်ခဲ့ပါတယ်။

Photo-Tun Win Nyein
၂၀၀၇ ခုနှစ် ရန်ကုန်မြို့မဟာဗန္ဓုလပန်းခြံတွင် ပြုလုပ်သော ရွှေဝါရောင် သံဃာတော်လှန်ရေး လူထုဟောပြောပွဲ
ရှစ်ဆယ့်ရှစ် အရေးတော်ပုံ
ဦးစန္ဒာသီရိမိသားစုဆွေမျိုးတွေဘက်က နိုင်ငံရေးလုပ်တဲ့သူမရှိခဲ့ပေမယ့် သူကိုယ်တိုင်နိုင်ငံရေးနဲ့ ပတ်သက်ခဲ့ရပုံကို အခုလိုပြောပြပါတယ်။
နိုင်ငံရေးရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ ဖြစ်တဲ့အချိန်မှာ ဦးဇင်းဘဝနဲ့ ပုဇွန်တောင်က ဆုတောင်းပြည့်ကျောင်းမှာ ပထမကြီးတန်း စာဝါလိုက်နေချိန်ဖြစ်ပါတယ်။ အရေးတော်ပုံကာလမှာ ကျောင်းသားသမဂ္ဂတွေနဲ့တွဲပြီး ဒီမိုကရေစီရေး လူထုလှုပ်ရှားမှုတွေမှာ ပါဝင်ဆောင်ရွက်ခဲ့တယ်။ ၁၉၈၈ စက်တင်ဘာ ၁၈ ရက် စစ်အာဏာသိမ်းပြီးချိန်လောက်ကစပြီး သံဃာတချို့စုစည်းထားတဲ့ ရဟန်းပျိုသမဂ္ဂဖွဲ့ရာမှာ ပါဝင်ခဲ့တယ်။ စစ်အစိုးရ၊ စစ်အာဏာရှင်စနစ် ပြုတ်ကျရေးအတွက် ဆက်လက်ဆောင်ရွက်ခဲ့တယ်။
တိုင်းပြည်မှာဖြစ်နေတဲ့ နိုင်ငံရေးတိုက်ပွဲတွေကလည်း ဦးဇင်းကို ပါဝင်ပတ်သက်စေခဲ့တယ်။ တိုင်းပြည်ရဲ့အရေးဟာ လည်း သံဃာ့အရေး ဖြစ်တယ်လို့ နားလည်ခဲ့ရတယ်။ ၁၉၉၀ က မန္တလေးမှာ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ နှစ်နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ် ဆွမ်းခံကြတယ်။ မြတောင်တိုက်ကနေ သံဃာတော်အပါး ၁,ဝဝဝ လောက်က သပိတ်ကိုယ်စီ ပိုက်ကာ ကြွလာကြပြီး၊ သတ်မှတ်ထားတဲ့နေရာတွေကနေ ကျောင်းသားလူငယ် ပြည်သူလူထုက ဆွမ်းလောင်းကြတာ ဖြစ်ပါတယ်။ စီတန်းပြီး ဆွမ်းခံကြွလာတာကို စစ်တပ်က ပိတ်ဆို့လို့ ကျောင်းသားတွေနဲ့ လူထုက မခံနိုင်ဖြစ်ပြီး လူစုလူဝေးနဲ့ ဖြစ်လာတော့ တပ်ကပစ်ခတ်ပြီး ဖြေရှင်းတဲ့အတွက် ဘုန်းကြီးနဲ့ ကျောင်းသားတွေ ထိခိုက်ဒဏ်ရာရကြတယ်။ သပိတ်တွေကျကွဲအောင် မဖွယ်မရာပြုမူတာ၊ သင်္ကန်းကို အတင်းဆွဲယမ်းတာမျိုးတွေ ဖြစ်ပေါ်ခဲ့တယ်။ အဲဒီမှာ မန္တလေးမြို့လေးပြင်လေးရပ် “သံဃာ့သာမဂ္ဂီ” အဖွဲ့ကြီးဦးဆောင်တဲ့ သံဃာတော်များရဲ့ ပတ္တနိက္ကုဇ္ဇန ကံဆောင်ပွဲကြီး ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။
ဒါက နဝတ အာဏာပိုင်တွေရဲ့ ရဟန်းသံဃာတော်များအပေါ် မဖွယ်မရာ ပြုမူဆက်ဆံ ဖိနှိပ်မှုအပေါ် ဝိနည်းတော်ဘောင် အတွင်းကနေ ဆန့်ကျင်ကန့်ကွက်လိုက်ကြတဲ့ “ကံဆောင်မှု” ကြီးဖြစ်ပါတယ်။ နဝတ အာဏာပိုင်များရဲ့ အလှူအတန်းများကို လက်မခံကြောင်း၊ နဝတ အာဏာပိုင် အဖွဲ့အစည်းဝင်များရဲ့ သာရေး၊ နာရေး ကိစ္စအဝဝကို လုံးဝရွက်ဆောင်ပေးမယ်မဟုတ်ကြောင်း ဆုံးဖြတ်လိုက်ကြတဲ့ ကံဆောင်ပွဲဖြစ်ပါတယ်။ နဝတ စစ်အာဏာပိုင်တွေကို အရှိုက်ထိသွားစေခဲ့တဲ့ လှုပ်ရှားမှုကြီးဖြစ်ပါတယ်။
တကယ်တော့ သံဃာ့အရေးဟာလည်း တိုင်းပြည်ရဲ့အရေး ဖြစ်တယ်ဆိုတာ ဦးစန္ဒာသီရိ နက်နက်ရှိုင်းရှိုင်း သိမြင်လာခဲ့ရတယ်။ ရဟန်းသံဃာတော်တွေ အများဆုံးရှိတဲ့ မန္တလေးမြို့မှာ သံဃာတော်တွေ အများစုကြီးကလည်း ဒီမိုကရေစီအင်အားစုတွေကို အားပေးထောက်ကူကြတဲ့အတွက် မန္တလေးမြို့ဟာ နိုင်ငံ ရေးလှုပ်ရှားမှု အမြင့်မားဆုံးနေရာ ဖြစ်လာပါတယ်။ မန္တလေးမြို့ သံဃာတော်များရဲ့ ပတ္တနိက္ကုဇ္ဇန ကံဆောင်မှုကို မှန်တယ်လို့ စာထုတ်ပေးခဲ့တဲ့ ပိဋကတ်သုံးပုံဆောင် ဆရာတော် ဦးသုမင်္ဂလ အပါအဝင် ဩဝါဒါစရိယ ဆရာတော်ကြီး ကိုးပါးကိုလည်း စစ်အစိုးရက ဖမ်းဆီးခဲ့ပြီး ထောင်ချပစ်ခဲ့ပါတယ်။
၁၉၉၁ ထဲမှာ အနိုင်ရ အင်န်အယ်လ်ဒီ လွှတ်တော်ကိုယ် စားလှယ်အမတ်များ၊ အင်န်အယ်လ်ဒီ ဗဟိုဦးစီးအဖွဲ့ဝင်၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တွေအပါ ပြည်နယ်၊ တိုင်း၊ မြို့နယ်၊ ရပ်ကျေးအဆင့်အသီးသီးက အဖွဲ့ဝင်တွေ အမြောက်အမြား ထောင်သွင်းအကျဉ်းချထားတာ ခံနေကြရပြီဖြစ်သလို၊ ကျောင်းသားများ၊ နိုင်ငံရေးပါတီအဖွဲ့အစည်းများ၊ ရဟန်းသံဃာ တော်များပါ ထောင်နန်းစံနေကြရပြီဖြစ်ပါတယ်။ နိုင်ငံရေး အကျဉ်းသား ထောင်နဲ့ချီပြီး ရှိနေပြီဖြစ်သလို ၁၉၉၁ မှာ အင်းစိန် ထောင်တစ်ခုတည်းမှာတင် သံဃာတော်အပါး ၂၀ဝ လောက် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။ ပိဋကတ်သုံးပုံ အာဂုံဆောင် ဦးသုမင်္ဂလ ဆရာတော်အပါအဝင် ရွာမပရိယတ္တိစာသင်တိုက် ဆရာတော် ဦးတိလောက၊ မေဒိနီ ဆရာတော်၊ မဂ္ဂင်ဆရာတော်၊ မဟာဗောဓိ ဆရာတော်တို့လို ဆရာတော်တွေလည်း ထောင်သွင်း အကျဉ်းချ ထားခံနေရပြီ ဖြစ်ပါတယ်။ မန္တလေးထောင်နဲ့ တခြားထောင်တွေ မှာလည်း သံဃာ့သာမဂ္ဂီ ဥက္ကဋ္ဌ ဦးရေဝတ တို့လို၊ ဦးကဝိန္ဒ တို့လို ဆရာတော် သံဃာတော်တွေအပြင် တခြားသော သံဃာတော်တွေ အမြောက်အမြားလည်း ထောင်ချခံနေရပြီဖြစ်ပါတယ်။ ဂဠုန်နီဆရာတော် ဦးကာဝိယနဲ့ ဦးကလျာဏ တို့ဆိုရင် သံဃာတော်ဖြစ်ပါလျက် သေဒဏ်ချမှတ်ခံနေရတာ ဖြစ်ပါတယ်။

Photo- Tun Win Nyein
ဦးစန္ဒာသီရိနှင့် သီတင်းသုံးနေထိုင်ရာ ရွှေသိမ်ဓမ္မသိင်္ဂ ီ ကျောင်းတိုက်
အဲဒီလို ရဟန်းသံဃာတော်တွေကို ဖိနှိပ်နေတဲ့အတွက် ရန်ကုန်မှာလည်း ပတ္တနိက္ကုဇ္ဇန ကံဆောင်ကြပါတယ်။ ကံဆောင်ပွဲမှာ ပါဝင်တဲ့အတွက် ဦးစန္ဒာသီရိလည်း စစ်ထောက်လှမ်းရေးက ဖမ်းဆီးတာခံခဲ့ရပါတယ်။ အင်းစိန်အကျဉ်းထောင်ဘူးဝမှာ ရုံးထိုင်တဲ့ စစ်ခုံရုံးက ထောင်ငါးနှစ် ချခဲ့တယ်။ အင်းစိန်ထောင်မှာပဲ တောက်လျှောက်နေခဲ့ရပြီး နယ်ထောင်တွေ ပြောင်းတဲ့အထဲမှာ မပါခဲ့ဘူး။ ၁၉၉၄ မှာ အင်းစိန်ထောင်က ပြန်လွတ်ပါတယ်။
အတုအယောင် အမျိုးသားညီလာခံ
ဦးစန္ဒာသီရိ ထောင်ကလွတ်လာတဲ့ အချိန်မှာ တိုင်းပြည် အတွက်အရေးကြီးတဲ့ နိုင်ငံရေး အလှည့်ပြောင်းတွေကို တွေ့နေ ရပါတယ်။ ၁၉၉၅၊ ဇူလိုင် ၁၀ ရက်မှာ ခြောက်နှစ်နီးပါး အကျယ် ချုပ်နဲ့ ထိန်းသိမ်းဖမ်းဆီးထားတဲ့ နိုဗယ်လ်ဆုရ ဒေါ်အောင်ဆန်း စုကြည်ကို နဝတ စစ်အစိုးရက ပြန်လည်လွှတ်ပေးလိုက်ပါတယ်။ ပြည်တွင်းပြည်ပ အတိုက်အခံအင်အားစုတွေကတော့ အမျိုး သား ပြန်လည်သင့်မြတ်ရေးကို ဦးတည်တဲ့ ခြေလှမ်းသစ်တွေ ဖော်ဆောင်ရေး၊ နဝတ၊ အင်န်အယ်လ်ဒီ၊ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းတွေပါဝင်တဲ့ “သုံးပွင့်ဆိုင်ဆွေးနွေးပွဲ”တစ်ရပ် ဖော်ဆောင်ရေး၊ တစ်တိုင်းပြည်လုံး အတိုင်းအတာဆောင်တဲ့ အပစ်အခတ်ရပ်စဲရေး၊ အမျိုးသားညီလာခံ အစစ်အမှန် ခေါ်ယူနိုင်ရေး စတဲ့ တောင်းဆိုမှုတွေကိုဖော်ထုတ်နေတာ တွေ့ရပါတယ်။
စစ်အစိုးရရဲ့ အတုအယောင် အမျိုးသားညီလာခံကြီး အတွင်းမှာလည်း သူတို့စိတ်ကြိုက် ဦးတည်ချက်ကြီး ၆ ချက်ဆို တာကို ချမှတ်ပြဋ္ဌာန်းခဲ့ပြီး သူတို့အတွက် အရေးကြီးဆုံး ဦးတည် ချက်က အနာဂတ်နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင် မှုကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးဆိုတာ အဓိကဖြစ်ပါတယ်။ ညီလာခံကိုယ်စားလှယ်အချိုးအစားက အစ၊ စာတမ်းများပြုစုတင်ပြရာမှာ အာဏာပိုင်များက စိစစ်ပြင်ဆင် တာ အလယ်၊ ညီလာခံအတွင်း အချင်းချင်း အပြန်အလှန် ဖလှယ် ခွင့်၊ ညှိနှိုင်းခွင့်၊ ရွေးချယ်ခွင့် မပြုဘဲ တင်ပြချက်တွေ အများ အပြားကို ဥပေက္ခာပြု ဖယ်ရှားပစ်တာတွေ အဆုံး လုံးဝ လွတ်လပ်ခွင့်မရှိဘဲ ကျင်းပနေခဲ့တာဖြစ်ပါတယ်။
တိုင်းပြည်အတွက် တရားမျှတမှုကို လိုလားတဲ့ ရဟန်း သံဃာတော်တွေအဖို့ အတုအယောင်အမျိုးသားညီလာခံကို ဘယ်လိုလုပ်ရင် ကောင်းမလဲ တွေးနေကြချိန် အင်န်အယ်လ်ဒီက အတုအယောင် အမျိုးသားညီလာခံတက်နေတာကို ရပ်ဆိုင်း လိုက်တယ်။ အတုအယောင်အမျိုးသားညီလာခံကို ဒီအတိုင်း ဆက်လက်ကျင်းပ သွားမယ်ဆိုရင် (၁) အမျိုးသားပြန်လည်ရင် ကြားစေ့ရေး (၂) စစ်မှန်သောပါတီစုံ ဒီမိုကရေစီနိုင်ငံတော် ဖြစ် ပေါ်လာနိုင်ရေး (၃) အများပြည်သူတို့ ယုံကြည်လက်ခံနိုင်သော ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတစ်ရပ် ပေါ်ထွန်းရေးများကို အထောက်အကူပြုနိုင်လိမ့်မည် မဟုတ်ကြောင်းနဲ့ တွေ့ဆုံဆွေး နွေးရေးနည်းဖြင့် ညှိနှိုင်းအဖြေရှာကြဖို့ ၁၉၉၅ နိုဝင်ဘာ ၂၈ ရက်မှာ တောင်းဆိုလိုက်ပါတယ်။ နဝတ စစ်အစိုးရက မခံမရပ်နိုင် ရှုတ်ချပြစ်တင်ခဲ့ပေမယ့် နိုင်ငံရေးပါတီ အဖွဲ့အစည်းပေါင်း မြောက်မြားစွာကတော့ အတုအယောင်အမျိုးသားညီလာခံကို ကျောခိုင်းဆန့်ကျင် သပိတ်မှောက်ထွက်ခွာလာခဲ့တဲ့ အင်န် အယ်လ်ဒီရဲ့ ရဲဝံ့တဲ့ ဆုံးဖြတ်ချက်အပေါ် ထောက်ခံခဲ့ကြပါတယ်။
တကယ်တော့ မပြေလည်သေးတဲ့ နိုင်ငံရေးပြဿနာတွေ ကို လက်ရှိမှာ မဖြေရှင်းတာဟာ နောက်ထပ်ပြဿနာအသစ်တွေ ကို ဖိတ်ခေါ်နေတာ ဖြစ်ကြောင်း ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးလှုပ်ရှား မှုတွေကို သက်သေထူနိုင်ပါတယ်။ ၁၉၉၆ ဒီဇင်ဘာ ၆ ရက်မှာ “ဒီဇင်ဘာ ကျောင်းသားလှုပ်ရှားမှု တိုက်ပွဲကြီး” တစ်ရပ် ပေါ်ထွက်လာခဲ့ပါတယ်။ ဒီဇင်ဘာ ကျောင်းသားလှုပ်ရှားမှု လူထု တိုက်ပွဲကြီး မပေါ်ခင်၊ အောက်တိုဘာ ၂၁၊ ၂၂ ရက် ညတွေက တည်းက ရန်ကုန်စက်မှုတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ် ကျောင်းသားထု ထောင်နဲ့ချီပါဝင်တဲ့ အင် အားပြ ကန့်ကွက်ပွဲကြီး ပေါ်ပေါက်ခဲ့ပါသေးတယ်။ ဗမာပြည်နိုင်ငံ ရေးလှုပ်ရှားမှုသမိုင်းမှာ အစဉ်ရှေ့တန်းအခန်းက ပါဝင်ခဲ့တဲ့ ကျောင်းသားထု ဦးဆောင်ခဲ့တာပါ။ အင်အား ၄,ဝဝဝ ကျော် လောက်ရှိတဲ့၊ ဆန့်ကျင်ဆန္ဒပြကြသူတွေနဲ့ လုံထိန်းရဲတွေ ရန်ကုန် မြို့တော်မှာ ထိပ်တိုက်တိုးခဲ့ကြပါတယ်။ စစ်အစိုးရက အကြမ်းဖက် ဖြိုခွဲခဲ့ပါတယ်။ ကျောင်းသားတွေအမြောက်အမြား အဖမ်း ခံကြရပါတယ်၊

Photo- Tun Win Nyein
ဆရာကြီးသခင်ကိုယ်တော်မှိုင်းကွယ်လွန်ခြင်း ၅၅ နှစ်မြောက်အခမ်းအနားတွင် အမှတ်တရစကားပြောကြားနေသော ဦးစန္ဒာသီရိ
တိုင်းပြည်ရဲ့စီးပွားရေးကလည်း နိုင်ငံရေးအခြေအနေကို ပြဋ္ဌာန်းပေးခဲ့တာကိုလည်း သံဃာတစ်ပါးအနေနဲ့ သတိထားမိခဲ့ တယ်။ ၁၉၉၇ နှစ်လယ်လောက်ကစပြီး အိမ်နီးချင်း ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားစတဲ့ အာဆီယံနိုင်ငံတွေမှာ ငွေကြေးအကျပ်အတည်းပေါ်နေပါပြီ။ အဲဒီငွေကြေးအကျပ်အတည်းဟာ ဗမာ ပြည်အတွက် ဘာမှထိခိုက်နိုင်မှု မရှိဆိုတဲ့ ဟန်ပန်နဲ့ နဝတက ခပ် တည်တည် ကြွားလုံးထုတ်နေပါတယ်။ ဒါပေမဲ့ ဗမာပြည်ရဲ့ စီးပွားရေးအခြေအနေဟာ အဆိုးဆုံးအနေအထားဆီ ရောက်ရှိနေခဲ့ပြီး ဖြစ်ပါတယ်။ တကယ်လည်း တစ်နိုင်ငံလုံးနဲ့ဆိုင်တဲ့ နိုင်ငံရေး အကျပ်အတည်း၊ အမျိုးသားရေးအကျပ်အတည်းကြီး ဆိုက်ရောက်နေခဲ့ပြီဖြစ်ပါတယ်။ ချမ်းသာကြွယ်ဝလာကြတာကတော့ စစ်အုပ်စု၊ စစ်အုပ်စုနွယ်ဝင်များနဲ့ ဘိန်းမူးယစ်ဆေးဝါးနဲ့ ပတ်သက်သူတွေသာ ဖြစ်ပါတယ်။
၁၉၉၈ ဟာ ဗမာပြည်လွတ်လပ်ရေးရွှေရတုနှစ်ဖြစ်သလို ပြည်တွင်းစစ်နှစ် ၅၀ တိုင်တဲ့ နှစ်လည်းဖြစ်တယ်။ အင်န်အယ်လ်ဒီ က လွတ်လပ်ရေးရွှေရတု အခမ်းအနားတွေ ကျင်းပပြီး ဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူး မိန့်ခွန်းတွေ ထွက်ပေါ်လာပါတယ်။ ရွှေရတု လွတ်လပ်ရေးနေ့ ကြေညာစာတမ်းလည်း ထွက်ပေါ်လာပါတယ်။ အနှစ်ချုပ်ကတော့ တိုင်းပြည်ရဲ့ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးပြဿနာတွေကို တွေ့ဆုံဆွေးနွေးရေးနည်းနဲ့ ဖြေရှင်းကြဖို့၊ လမ်းညွှန်ခံ ဒီမိုကရေစီ မဟုတ်ဘဲ စစ်မှန်တဲ့ ပါတီစုံ ဒီမိုကရေစီကို ထူထောင်ကြဖို့ဆိုတာတွေကို တင်ပြထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းမှာ လွတ်လပ်တဲ့နိုင်ငံရဲ့ ပြည်သူ ပြည်သားတွေပီပီ သတ္တိရှိရှိ တာဝန်သိသိနဲ့ လုပ်သင့်လုပ်ထိုက်တာ တွေကို လုပ်သွားရမှာ ဖြစ်ပါတယ်လို့လည်း ပြောဆိုခဲ့တာတွေ ရှိခဲ့တယ်။
ကိုးလေးလုံး အထွေထွေသပိတ်
ဒါကြောင့်လည်းဦးဇင်းတို့က ၁၉၉၉ မှာ ကိုးလေးလုံး အထွေထွေသပိတ်ကြီးပေါ်အောင် ကြိုပြင်ခဲ့ကြတယ်။ ပြည်ပ ရောက် ဒီမိုကရေစီ အင်အားစုများရဲ့ “အဝါရောင်လှုပ်ရှားမှုတွေ” ပြည်တွင်းမှာ ပေါ်ပေါက်ခဲ့တယ်။ နိုင်ငံရေးအန်တုကော်မတီ (ပီဒီ) ရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေလည်း တိုးမြှင့်ပေါ်ထွက်လာတယ်။ ၉၊ ၉၊ ၉၉ နေ့မှာ ကျရောက်မယ့် “၉ လေးလုံး လှုပ်ရှားမှု” အကြို တိုက်ပွဲခေါ်သံတွေလည်း ထွက်ပေါ်လာတယ်။ ဗမာပြည် ဒီမို ကရေစီရေးထောက်ခံသူ နိုင်ငံခြားသားတွေပါ ထွက်ပေါ်လာ ခဲ့တယ်။ ဗြိတိသျှနဲ့ ဩစတြေးလျနိုင်ငံသား “ဂျိမ်း(စ)မော်စလေ” အဖမ်းခံရပြီး ထောင် ၁၇ နှစ် အချခံရတယ်။ ကျိုင်းထုံထောင် ထဲထားတာပေါ့။ ၇၊ ၉၊ ၉၉ နေ့မှာ ဗြိတိန်သူ “မစ္စရေချယ်ဂိုလ်ဒွင်”ဟာ ဘားလမ်းနဲ့ အနော်ရထာထမ်းထောင့် ဓာတ်တိုင်မှာ ၉၉၉၉ စာတန်းချိတ်ပြီး၊ ခြေထောက်ကို ကြိုးနဲ့ချည်ပြီး “အရေးကြီးပြီ ညီနောင်အပေါင်းတို့၊ သွေးစည်းကာ ညီစေညီကြစို့” ဆိုတဲ့ သီချင်းကို ဗမာလို အော်ဟစ်ဆိုရင်း ကိုးလေးလုံးအကြို ဆန္ဒပြခဲ့ တာ။ စစ်အစိုးရက ဖမ်းဆီးပြီး ထောင်ဒဏ် ခုနစ်နှစ် ချမှတ်ခဲ့တယ်။
အဲဒီလို ကိုးလေးလုံး အထွေထွေသပိတ်ကြီးပေါ်အောင် ကြိုပြင်ခဲ့တာ ကျောင်းသားလိုင်းဘက်က ပေါက်ကြားသွားပြီး ၁၉၉၈ မှာ အဖမ်းခံရတယ်။ ထောင် ၁၄ နှစ်ချခံရတယ်။ အင်းစိန် ထောင်ကနေ စစ်ကိုင်းတိုင်းထဲက ကလေးမြို့ အကျဉ်းထောင်ကို ပြောင်းရွှေ့ခံရတယ်။ ကလေးမြို့ထောင်မှာ ခုနစ်နှစ်ကျော် လောက် နေခဲ့ရပြီး စစ်ထောက်လှမ်းရေးဗိုလ်ခင်ညွန့်တို့ ပြုတ်ပြီး ၂၀ဝ၅ မှာ ထုတ်ပြန်ခဲ့တဲ့ “မှားယွင်းဖမ်းဆီးမှု”ဆိုတာနဲ့ လွတ် လာခဲ့တယ်။
ညောင်နှစ်ပင်ညီလာခံ ပျက်သုဉ်းရေး
လွတ်လာပြီး နိုင်ငံရေး အခြေအနေကို ကြည့်လိုက်တော့ အဲဒီအချိန်မှာ ညောင်နှစ်ပင် အမျိုးသားညီလာခံကို အဆုံး သတ်ပြီး စစ်အစိုးရက ဖွဲ့စည်းပုံကို ခပ်မြန်မြန် အတည်ပြုချင် တဲ့အချိန်ဖြစ်နေတယ်။ ဒါကြောင့်မို့ ညောင်နှစ်ပင်ညီလာခံအရ ဖြစ်ပေါ်လာမယ့် ဖွဲ့စည်းပုံကို ပေါ်မလာနိုင်အောင် ၂၀ဝ၇ ရွှေဝါရောင်တော်လှန်ရေးကို စခဲ့တာဖြစ်တယ်။ လွတ်လာပြီး သိပ်မကြာဘူး ခြောက်လလောက်နားပြီးတော့ ညောင်နှစ်ပင်ညီလာခံ ပျက်သုဉ်းရေးကို ဆောင်ရွက်ရတာဖြစ်တာပေါ့။
စပြီးချိတ်ဆက်မိတာက ၁၉၈၈ တုန်းက ချိတ်ဆက်ဆောင် ရွက်ခဲ့ကြတဲ့ ဗကသ ကျောင်းသားခေါင်းဆောင် ကိုမင်းနိုင်(ခေါ်) ကိုကျော်ကျော်ပေါ့။ ဦးဇင်းတို့က သူ့ကို မင်းသားကြီးလို့လည်း ခေါ်တယ်။ သူက ၁၉၉၀၊ ၁၉၉၃၊ ၁၉၉၄၊ ၁၉၉၆၊ ၁၉၉၈၊ ၁၉၉၉ တဝိုက်မှာ ဗကသ လှုပ်ရှားမှုတွေကြောင့် စစ်ထောက်လှမ်းရေးက လိုက်ဖမ်းနေတာကို ရှောင်ရှားရင်း ကျောင်းသားလှုပ်ရှားမှုတွေ မှာ ပါဝင်ပြီး ၂၀ဝ၀ ပြည့်နှစ်လောက်မှာ နယ်စပ်ရောက်သွားတဲ့ သူပေါ့။ နောင်မှာ ဗကသများအဖွဲ့ချုပ်၊ နိုင်ငံခြားရေးရာတာဝန်ခံ လုပ်နေတဲ့အချိန်မှာ ဦးဇင်းနဲ့ ပြန်ချိတ်ဆက်မိတာ။
မင်းသားကြီးကိုမင်းနိုင်
မင်းသားကြီးလို့ခေါ်ကြတဲ့ ကိုမင်းနိုင် အသက်ထင်ရှားရှိခဲ့ စဉ်တုန်းက ရွှေဝါရောင်တော်လှန်ရေးနဲ့ မြန်မာနိုင်ငံရဲ့ စစ် အာဏာရှင်စနစ် ဖျက်သိမ်းရေးအတွက် သူတာဝန်ယူခဲ့တဲ့ နိုင်ငံ ရေးတာဝန်တွေက အများကြီးပါ။ သူ့ရဲ့နိုင်ငံရေးတာဝန်တွေထဲမှာ မြန်မာနိုင်ငံအတွင်းထဲမှာ လျှို့ဝှက်ပြီး သံဃာ့အဖွဲ့အစည်းတွေ ဖွဲ့နိုင်ခဲ့တယ်။ အဲဒီသံဃာ့အဖွဲ့အစည်းတွေကို လိုအပ်တဲ့ ငွေကြေး အထောက်အပံ့တွေ၊ တော်လှန်ရေး နည်းနာတွေ၊ ကွန်ပျူတာ၊ အင်တာနက် လျှို့ဝှက်သုံးစွဲနည်းစတဲ့ အထောက်အပံ့တွေနဲ့ ရွှေဝါရောင်တော်လှန်ရေးကာလအတွင်းမှာလည်း အဝေးကနေ အကြံ ပြုချက်ကောင်းတွေ ဆက်တိုက် စဉ်ဆက်မပြတ် ပေးခဲ့သူတစ် ယောက် ဖြစ်ပါတယ်။
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုစည်းရုံးရေး ကော် မတီဝင်အနေနဲ့ ပြည်တွင်းကို သူ ပြန်ဝင်လာတယ်။ ၂၀၁၆ မှာ သူကွယ်လွန်တာ ကြားရတော့ အတော်စိတ်မကောင်းဖြစ်မိတယ်။ ရွှေဝါရောင်မှာ သူ့ကျေးဇူးတွေက များပြားပါတယ်။ ရဲဘော် ကောင်းတစ်ယောက်အနေနဲ့ ဘယ်တော့မှ မမေ့ပါဘူး။ သူမရှိ တော့ပေမယ့် လေးလေးစားစား ဂုဏ်ပြုဦးòတ်ရမယ့်သူတစ်ဦး အဖြစ် အမြဲသတိတရ မှတ်တမ်းတင်ရမယ့်သူ ဖြစ်ပါတယ်။ ရွှေဝါ ရောင်မဖြစ်ခင်မှာ သံဃာတော်တွေနဲ့ လူပုဂ္ဂိုလ်တွေကို အသုတ် လိုက် မဲဆောက်ကို သင်တန်းလွှတ်ဖို့ စီစဉ်ပေးရတယ်။ နိုင်ငံ ရေးသင်တန်း တစ်လလောက် တက်ရတယ်။ ကိုမင်းနိုင်ကပဲ အတော်များများ ချိတ်ဆက်ဆောင်ရွက်ပေးတာပါ။
ရွှေဝါရောင်တော်လှန်ရေး
ရွှေဝါရောင် စဖြစ်တာကတော့ ပခုက္ကူမြို့မှာ၂၀ဝ၇ စက် တင်ဘာ ၅ ရက်က သံဃာအချို့ရဲ့ လက်ထဲမှာ “ကုန်ဈေးနှုန်း ကျဆင်းရေး ဆောင်ရွက်ပေးရန် မေတ္တာရပ်ခံပါသည်” ဆိုတဲ့ စာတန်းပါကတ်ထူစက္ကူချပ်ကို ကိုင်ဆောင်ပြီး စီတန်းလှည့်လည်ခဲ့တာပါ။ နောက်တော့ တခြားကျောင်းတိုက်တွေက သံဃာတွေ ပါဝင်လာပြီး စစ်အစိုးရကို ငြိမ်းချမ်းစွာ ဆန္ဒပြဖို့ လမ်းပေါ်ထွက်လာခဲ့တာဖြစ်တယ်။ သူတို့ ရည်ရွယ်ချက်က ကုန်ဈေးနှုန်းကျ ဆင်းရေး၊ ဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားများနဲ့ ဒေါ်အောင် ဆန်းစုကြည်ကို လွှတ်ပေးရေး၊ အမျိုးသား ပြန်လည်သင့်မြတ် ရေးတို့အတွက်ဆိုတာတွေပေါ့။ အဓိကကတော့ ပြည်သူလူထု စားဝတ်နေရေး အကျပ်အတည်းတွေကြောင့် သံဃာတော်တွေ အဲဒီလို လမ်းပေါ်ထွက်ပြီး စီတန်းလမ်းလျှောက်ရင်း မေတ္တာပို့ကြ၊ ငြိမ်းချမ်းစွာ ဆန္ဓပြကြရတာပါ။ သံဃာတွေက စီတန်းကြွချီပြီး မေတ္တသုတ်နဲ့ မောရသုတ် သံပြိုင်ရွတ်ဆိုရင်း ဆန္ဒထုတ်ဖော်ကြတယ်။ အဲဒီမှာ စစ်တပ်နဲ့ ဆန္ဒပြသံဃာတွေ ထိပ်တိုက်တွေ့ရာမှာ အကြမ်းဖက်ဖြိုခွဲခဲ့ရတော့ သံဃာထုပေါက်ကွဲခဲ့တာဖြစ်တယ်။
ပခုက္ကူက ရဟန်းငယ်မှာ ပါးတစ်ဖက်ကို ဂျင်ဂလိမှန်ပြီး ထုတ်ချင်းပေါက်သွားခဲ့တယ်။ ရဟန်းငယ်နှစ်ပါးကို ဖမ်းကာ ဓာတ်တိုင်မှာ ကြိုးနဲ့ချည်ထားတယ်။ နောက်ရဟန်းတစ်ပါးအား လည်ပင်းကို ကြိုးဖြင့်သိုင်းချည်ထားကာ ဓာတ်တိုင်ရင်းမှာ လှဲထားတယ်။ ရဟန်းငယ်သုံးပါး သေနတ်ဒင်နဲ့ ထုခံရပြီး ဖိနပ်နဲ့ အကန်ခံခဲ့ရတယ်။ နာရီဝက်လောက်ကြိုးတုပ်ပြီး အရိုက်နှက်ခံခဲ့ ရတယ်လို့ မြင်ခဲ့တဲ့ သံဃာတော်တွေက ပြောကြတယ်။
စက်တင်ဘာ ၆ ရက်မှာတော့ ပခုက္ကူအလယ်တိုက်က သံဃာအချို့နဲ့ လူပုဂ္ဂိုလ်တွေက ကျောင်းတိုက်ထဲ ဝင်လာတဲ့ စစ်ကားတွေကို မီးရှို့ပြီး တပ်မတော်အရာရှိနှစ်ဦးကို ဘုန်းကြီးကျောင်းမှာ ထိန်းသိမ်းထားခဲ့ကြတယ်။ ညနေခင်းမှာ ပြန်လွှတ် ပေးခဲ့ပါတယ်။ ပခုက္ကူမြို့မှာဖြစ်ခဲ့တဲ့ အဲဒီအဖြစ်အပျက်တွေက တစ်တိုင်းပြည်လုံးရှိ လူထုကို အုံကြွလာစေခဲ့တယ်။ တစ်နိုင်ငံလုံးရှိ သံဃာတော်တွေက ရွှေဝါရောင်တော်လှန်ရေး တစ်ရပ်ကို ဖော် ဆောင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ ပခုက္ကူဖြစ်စဉ်များကို အကြောင်း ပြုပြီး တစ်ပြည်လုံးရှိ သံဃာတော်တွေနဲ့ ဝန်းရံသူတွေက စက် တင်ဘာ ၁၉ ရက်ကစတင်ကာ ရွှေဝါရောင်တော်လှန်ရေးကို တစ်ပြည်လုံးတွင် ဖော်ဆောင်ခဲ့ကြတယ်။ နောက်တော့ ရန်ကုန်နဲ့ မ္တလေးက သံဃာတွေစုပြီး တိုင်ပင်တယ်။ ပခုက္ကူသံဃာတွေကို အစိုးရက ပြန်တောင်းပန်ဖို့၊ ကုန်ဈေးနှုန်းကိစ္စ ဖြေရှင်းပေးဖို့ကို သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက ကြေညာချက်ထုတ်ပြန်ခဲ့တယ်။
သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး
သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးရဲ့ တောင်းဆိုချက်တွေက (၁) န-အ-ဖ အစိုးရအနေဖြင့် ပခုက္ကူသံဃာတော်များအား ကျေနပ်ခွင့်လွှတ်သည်အထိ တောင်းပန်ရန် (၂) လက်ရှိမြင့်တက်နေသော ကုန်ဈေးနှုန်းနှင့် လောင်စာဆီဈေးနှုန်းများ ချက်ချင်းလျှော့ချပေးရန် (၃) ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးနှင့် ဆန္ဒပြတောင်းဆိုမှုများတွင် ဖမ်းဆီးထားသူများကို ချက်ချင်းပြန်လွှတ်ပေးရန် (၄) ပြည်သူလူထု၏ အထွေထွေ အကျပ်အတည်းကို ဖြေရှင်းရန်အတွက် န-အ-ဖ အစိုးရနဲ့ ဒီမိုကရေစီအင်အားစုများ တွေ့ဆုံဆွေးနွေးပြီး အမျိုး သားပြန်လည်သင့်မြတ်ရေးကို ချက်ချင်းပြုလုပ်ပေးရန်တို့ပါပဲ။
အဲဒီတောင်းဆိုချက်များကို န-အ-ဖ အစိုးရအနေနဲ့ ၂၀ဝ၇ စက်တင်ဘာ ၁၇ ရက် နောက်ဆုံးထားပြီး ဆောင်ရွက်ပေးရန်၊ သတ်မှတ်ရက်အတွင်း မဆောင်ရွက်ပေးခဲ့ပါက မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးမှ ဦးဆောင်၍ ပတ္တနိက္ကုဇ္ဇန (သပိတ်မှောက်) ကံဆောင်သွားမည် ဖြစ်ကြောင်း ကြေညာခဲ့တယ်။ စစ်အစိုးရကလည်း တောင်းဆိုချက်တွေကို လိုက်လျောရမည့်အစား လမ်းပေါ်ထွက်လာတဲ့ သံဃာတော်တွေနဲ့ လူထုကို ရက်ရက်စက်စက်ဖြိုခွဲတဲ့ နည်းလမ်းကိုသာ ရွေးချယ်ခဲ့တာပါ။
စစ်အစိုးရက မလိုက်လျောတော့ ရန်ကုန်မှာ ၂၀ဝ၇ စက်တင်ဘာ ၁၈ ရက်ကစပြီး သံဃာတော်တွေသိမ်ဝင်ပြီး ပတ္တနိက္ကုဇ္ဇန ကံဆောင်ကြတယ်။ ၁၉ ရက်ကစပြီး ရွှေတိဂုံဘုရားအရှေ့ဘက်မုခ် ကြားတောရလမ်းမှာရှိတဲ့ ကြေးသွန်းဘုရားမှာ တစ်မြို့လုံးက သံဃာတော်တွေ စုဝေးပြီး သပိတ်ကော်မတီဖွဲ့ ခဲ့ကြတယ်။ သပိတ်ကော်မတီမှာ ဦးစန္ဒာသီရိ အနေနဲ့ အမည်ကို ထည့်သွင်းမထားဘဲ သပိတ်စစ်ကြောင်းတွေ စနစ်တကျ လှည့်လည်နိုင်ရေး၊ လိုအပ်တဲ့နိုင်ငံရေးေြွကးကြော်သံတွေ အချိန်မီတင်နိုင်ရေးအတွက် အဲဒီကာလမှာ အတော် ခက်ခက်ခဲခဲ လုံး ပန်းခဲ့ရတာပါ။
သွေးစွန်းခဲ့သော လမ်းမများ
သံဃာတော်တွေအနေနဲ့ နေ့စဉ်ကြေးသွန်းဘုရားမှာစုရပ်ထားပြီး ရွှေတိဂုံအရှေ့ဘက်မုခ်ကနေ ဘုရားပေါ်တက်တယ်။ ဘုရားကိုတစ်ပတ်ပတ်ကာ ကန်တော့ပြီး သက်ဆိုင်ရာလမ်းကြောင်းအတိုင်း မြို့ထဲကို ငြိမ်းချမ်းစွာ စီတန်းလမ်းလျှောက် လှည့်လည်ဆန္ဒပြကြတာပါ။ အစမှာတော့ မေတ္တာပို့ ပရိတ်ရွတ် ကြပြီး နောက်ပိုင်းရက်တွေမှာ အင်န်အယ်လ်ဒီပါတီဝင်တွေ၊ ဗကသကျောင်းသားတွေ၊ အနုပညာရှင်တွေ၊ နိုင်ငံရေးအင်အားစု တွေ ဝန်းရံပါဝင်လာခဲ့တယ်။
စစ်အစိုးရကလည်း စက်တင်ဘာ ၂၅ ရက်ကစပြီး ရက်စက် ကြမ်းကြုတ်စွာ နှိမ်နင်းဖြိုခွဲခဲ့တယ်။ သံဃာတော်တွေကို ရက် ရက်စက်စက် ကန်ကျောက်ရိုက်နှက်တဲ့ ရုပ်သံဖိုင်တွေ၊ လူစု လူဝေးဖြိုခွင်းပုံတွေ၊ ဘုန်းကြီးကျောင်းတိုက်တွေကို ဖျက်ဆီး ထားတဲ့ပုံတွေဟာ ပြည်တွင်းပြည်ပ မီဒီယာအသီးသီးမှာ ပျံ့နှံ့ ဖော်ပြခဲ့တယ်။ ရန်ကုန်မြို့ လမ်းမတွေပေါ်မှာ သံဃာတော်အပါး များစွာ သွေးမြေကျခဲ့ရပါတယ်။ သွေးစွန်းနေတဲ့ နီညိုရောင် သင်္ကန်းတချို့ဟာ ပိုင်ရှင်မဲ့ပြီး လမ်းပေါ် ပြန့်ကျဲနေခဲ့ပါတယ်။ ဦးစန္ဒာသီရိလည်း ဖြိုခွဲခံရတဲ့ထဲမှာပါတော့ မြို့ထဲက မီဒီယာရုံး ခန်းတခုမှာ တစ်နေကုန် ပုန်းခိုပြီး မြို့ထဲကနေ ရှောင်တိမ်းထွက်ခွာ ခဲ့ရတယ်။ စက်တင်ဘာ ၂၉ ရက်မှာတော့ လမ်းပေါ်ထွက် ဆန္ဒပြသူတွေနဲ့ သံဃာတွေကို စစ်အစိုးရက နှိပ်ကွပ်ရှင်းလင်းပစ်ခဲ့တယ်။
၂၀ဝ၇ ရွှေဝါရောင်သံဃာ့တော်လှန်ရေးမှာ ရှေ့တန်းက တက်တက်ကြွကြွ ပါဝင်ခဲ့တဲ့ ကျောင်းတိုက်အချို့ကို စစ်အစိုးရက ချိပ်ပိတ်ပစ်ခဲ့တယ်။ အဲဒီအချိန်က ဘုန်းကြီးကျောင်းတွေကို စစ်ထောက်လှမ်းရေးစောင့်ကြည့်တဲ့ ကာလဖြစ်နေလို့ ရွှေဝါရောင် မှာ ပါဝင်ခဲ့တဲ့ သံဃာတော်တွေကို အချို့ကျောင်းတွေက လက် မခံရဲတာမျိုးတွေရှိခဲ့တယ်။
အဲဒီလို ကျောင်းတိုက်တွေကို ပြန်နေခွင့်မရှိတာက ၁၉၉၀ ပြည့်နှစ် စစ်အစိုးရခေတ်က ထုတ်ခဲ့တဲ့ ဥပဒေစည်းမျဉ်းအရ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) က ပြဋ္ဌာန်းပြီး နိုင်ငံတော် သံဃာ့မဟာနာယကက ထုတ်ပြန်လိုက်ခဲ့ တဲ့ သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေပါ ပြဋ္ဌာန်းချက်ကြောင့် ဖြစ် ပါတယ်။
သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်မှာ သံဃာ များသည် နိုင်ငံရေး ပါဝင်ဆောင်ရွက်ခြင်း မပြုလုပ်ရန်၊ သံဃာ ဂိုဏ်းကိုးဂိုဏ်းမှတစ်ပါး တခြားသော သံဃာအဖွဲ့အစည်းများ ဖွဲ့ စည်းခြင်းများ မပြုလုပ်ရန်ဟု ပါရှိသည်။ ဖောက်ဖျက်ကျုးလွန်မိပါ က သံဃာ့အဖွဲ့အစည်းဆိုင်ရာဥပဒေပုဒ်မ ၁၀ နှင့် ၁၁ အရ ထောင်ဒဏ်အသီးသီး ချမှတ်နိုင်သည်ဟု ပါရှိသည်ဟု ဆိုပါတယ်။
ကံဆောင်ထားဆဲ
ရွှေဝါရောင်တော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့ သံဃာတော် အများစုဟာ လက်ရှိအချိန်ထိ စစ်အစိုးရအပေါ် ပတ္တနိက္ကုဇ္ဇန ကံ ဆောင်ထားဆဲဖြစ်တယ်။ ဒါ့အပြင် အဲဒီတုန်းက ရက်စက်စွာ ဖြိုခွင်းခဲ့မှုကို တာဝန်ရှိတဲ့ သမိုင်းတရားခံတွေ ပြန်လည်တောင်း ပန်လာမယ့် အခွင့်အခါကို မျှော်လင့်နေဆဲလည်း ဖြစ်တယ်။
ရွှေဝါရောင်တော်လှန်ရေးမှာ ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ ရဟန်းသံဃာတော်တွေကို စစ်အစိုးရက ပစ်ခတ်သတ်ဖြတ်ခဲ့ တာကြောင့် ကျဆုံးသွားတဲ့ ရဟန်းသံဃာတော်များစာရင်း ထုတ်ပြန်ပေးရန်နဲ့ ရက်စက်စွာ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတဲ့ ရဟန်း သံဃာတော်တွေကို သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်တွေက ဝန်ချ တောင်းပန်ရန်အတွက် ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့တဲ့ ရဟန်းသံဃာတော်တွေက တောင်းဆိုနေဆဲ ဖြစ်တယ်။
ရွှေဝါရောင်တော်လှန်ရေးကို စစ်အစိုးရက ရက်စက်စွာ ဖြိုခွင်းခဲ့သည်မှာ ယခုနှစ် စက်တင်ဘာ ၂၇ ရက်တွင် ၁၂ နှစ် ပြည့် ပြီ ဖြစ်ပါတယ်။ ရွှေဝါရောင်တော်လှန်ရေးဟာ မြန်မာ့နိုင်ငံရေး ခရီး ဖြစ်တဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုမှာ အရေးပါတဲ့ သမိုင်းဖြစ် သလို ဘာသာ၊ သာသနာကို စစ်အာဏာက အရေးမထားဘဲ ရက်ရက်စက်စက် နှိပ်ကွပ်မှုတွေရဲ့ ပြယုဂ်လည်း ဖြစ်ပါတယ်။
ရွှေဝါရောင်တော်လှန်ရေးမှာ ဦးဆောင်ဆရာတော်အဖြစ် ပါဝင်ခဲ့တဲ့ ဦးစန္ဒာသီရိဟာ အာဏာပိုင်တွေကို တိမ်းရှောင်ရင်း ပဲခူးမြို့မှာ စအဖရဲ့ ဖမ်းဆီးခြင်းခံရပြီး အင်းစိန်ထောင်ဝင်းထဲက တရားရုံးမှာ ထောင် ၁၁ နှစ်ချခံခဲ့ပါတယ်။ စစ်တွေထောင်မှာ နေခဲ့ရပြီး ၂၀၁၂ ဦးသိန်းစိန် အစိုးရလက်ထက်မှာ ပြန်လွတ်ခဲ့ပါ တယ်။ ပြန်လွတ်ပြီး ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်က ရွှေသိမ် ဓမ္မသိင်္ဂီကျောင်းတိုက်မှာ သီတင်းသုံး နေထိုင်ပါတယ်။
စစ်မှန်တဲ့ အမျိုးသားရေးဆိုတာ
ရွှေဝါရောင်တော်လှန်ရေး၏ အသီးအပွင့်တွေကို ပြည်သူ လူထု ကောင်းစွာမခံစားရသေးပေမယ့် ရွှေဝါရောင်တော်လှန်ရေး ဟာ စစ်အစိုးရအာဏာချုပ်ကိုင်မှုကို တစ်စုံတစ်ရာ လျှော့ချနိုင် ခဲ့တယ်။ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ စစ်အစိုးရပုံစံနဲ့ အုပ်ချုပ်နေရာက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အုပ်ချုပ်တဲ့ အရပ် သားအစိုးရ ပုံသ္ဌာန်တစ်ရပ်ကိုတော့ ရရှိအောင် ဆောင်ရွက် နိုင်ခဲ့တယ် ဆိုရမှာပေါ့။ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက် မခံနိုင်တာက ဆက်ပြီးဆောင်ရွက်ရမယ့် ကိစ္စတစ်ရပ်ဖြစ်တယ်။
အခုနေမှာ ဦးဇင်းပြောလိုတာက သံဃာတော်တွေဟာ လူထုကို ကောင်းကျိုးပြုတဲ့ လုပ်ငန်းတွေမှာ ဆောင်ရွက်ကြဖို့ အရေးကြီးပါတယ်။ ပြည်သူလူထုဆန္ဒနဲ့ မကိုက်ညီတဲ့ လှုပ်ရှား ဆောင်ရွက်မှုတွေကို သတိပြု ရှောင်ကြဉ်ရန်လိုအပ်ကြောင်း ပြောကြားရင်း ဒီနေ့သံဃာ့အဖွဲ့အစည်းအချို့ရဲ့လုပ်ရပ်တွေကို အခုလို သုံးသပ် ပြောကြားပါတယ်။ မဘသ တစ်ဖြစ်လဲ ဗုဒ္ဓဓမ္မ ဖောင်ဒေးရှင်းရဲ့လမ်းစဉ်က အမျိုး၊ ဘာသာ၊ သာသနာ စောင့် ရှောက်ရေးဆိုတာကို အမျိုးသားရေးတာဝန်ဆိုပြီး တွေ့ရတယ်။ သူတို့ဟာ ဗုဒ္ဓဘာသာ တကယ်တည်တံ့ပြန့်ပွားရေးကို ဆောင်ရွက်တယ်ဆိုရင် ဗုဒ္ဓဘာသာဝင်တွေအတွက်တော့ ဘာမှပြောစရာမရှိပါဘူး။ ဒါပေမဲ့ ဘာသာရေးနဲ့ အမျိုးသားရေး ဆိုင်းဘုတ်နှစ်ခုတပ်ထားပြီးတော့ အဲဒါတွေနဲ့ဆန့်ကျင်ဘက်တွေ လုပ်လာတာကိုတွေ့ရတယ်။
သူတို့ရဲ့ အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေး ဆို တာက ဗမာဗုဒ္ဓဘာသာကလွဲရင် အခြားလူမျိုး၊ အခြားဘာသာ ဝင်တွေကို မုန်းတီးတယ်။ ဘာသာလူမျိုး တစ်ခုနဲ့ တစ်ခု ကြား မှာလည်း အမုန်းစကားတွေ ဖြန့်ဝေနေတာကိုပဲ အမျိုးသားရေးလို့ နားလည်နေကြတယ်။ သူတို့ အမျိုးသားရေးဆိုတာကလည်း စစ်အာဏာရှင်စနစ်ကို အသက်ပြန်သွင်းရေး ဆောင်ရွက်နေတာကိုပဲတွေ့ရတယ်။ ဒီနေ့ လူထုလိုလားတာက ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရေး(သို့မဟုတ်) ဖျက်သိမ်းရေးပဲ။ ဒါ ကြောင့် ဦးဇင်းကတော့ လူထုဆန္ဒကို ဆန့်ကျင်တဲ့ လုပ်ရပ်ဆိုရင် လက်မခံဘူး။ အဲဒီလို လူထုဆန္ဒကိုဆန့်ကျင်တဲ့ အဖွဲ့အစည်းမျိုး ကတော့ တိုင်းပြည်မှာ မရှိသင့်ဘူးလို့ထင်တယ်။ လက်ရှိ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသစ်ပြန်လည် ရေးဆွဲရေးသည်သာလျှင် ပြည်သူလူထုဆန္ဒနဲ့ ကိုက်ညီတဲ့ စစ်စစ်မှန်မှန် အမျိုးသား ရေးဖြစ်မယ်လို့ ဦးဇင်းကယုံကြည်နေပါတယ်။
#mawkun #magazine #chronicle #profile #no68 #shwe_War

