မေ့ကွက်ကိုရှာသူ၏ အခြားဘဝစာမျက်နှာများ အပိုင်း(၁)

 

ဝင်ဒါမီယာရပ်ကွက်ကျယ်ထဲမှ အနည်းငယ်မို့မောက်သော လမ်းသွယ်ကလေး၏ မင်းတုပ်ထိုးထားသော ခပ်နိမ့်နိမ့် ခြံတံခါးကို တွန်းဖွင့်၍ ဝင်လျှင်ဝင်ချင်း ဧည့်ခန်းနံရံ၏ ပုံတူပန်းချီကားကို မြင်ရသည်။

အပြာရောင်ကဲသော ထိုပန်းချီကားထဲတွင် တေးသံရှင်၏ လူလတ်ပိုင်းအရွယ်က ပုံရိပ်ကို အမိအရ ရေးထားသည်။ ထင်ရှားသည်မှာ မလှမပ မျက်နှာပေါ်မှ အားပါးတရ ရယ်မောနေသော အပြုံးဖြစ်သည်။ နှုတ်ခမ်းတို့သည် ဆိုးဆေးကြောင့် နီရဲနေ၏။ သွားတို့သည် မညီမညာ။ ပါးဆုံ့ကြီးများ ပေါ်နေသည်။ ခပ်ဖွာဖွာဖြစ်နေသော ဆံထုံးတွင် ပန်းဝါဝါတစ်ပွင့်ကို ပန်ထားသည်။ ပြုံးနေသော တေးသံရှင်၏ အဇ္စုတ္တကို အမိအရယူကာ ရေးထားခြင်းဖြစ်သည်။

ဧည့်ခန်းကိုကျော်ပြီး တံခါးမကြီး တစ်ခုကို ဖြတ်ဝင်မှ ရောက်သော အခန်းကျယ်ထဲတွင်မူ လေအေးပေးစက်ဖွင့်ထားသဖြင့် တစ်ခန်းလုံး အေးနေ၏။ တစ်ခါက ကက်ဆတ်ခွေဟောင်းများကို စင်တစ်ခုပေါ်တွင် စီရီစွာတင်ထားသည်။ စာအုပ်တချို့၊ နံရံတွင် ပန်းချီကားတစ်ချပ်၊ရုပ်မြင် သံကြားစက်တသစ်လုံး၊ အလှထား ပရိဘောဂ အနည်းငယ် နှင့် ဆိုဖာဆက်တီထိုင် ခုံလေး၊ငါးလုံး။

ဆိုဖာခုံတွင် ကိုယ်တစ်ဝက်မြုပ်အောင်ထိုင်နေသော ဒေါ်မာမာအေး ရှိသည်။ ဂေါက်ရောဂါကြောင့် ခြေတစ်ဖက်ကို အဝတ်ထူထူဖြင့် ပတ်ထားပြီး ခွေးခြေပုကလေးပေါ်သု့ိ ဆန့်တင်ထားသည်။တစ်ခန်းလုံးတွင် ဆွဲဆောင်မှု အရှိဆုံး ပြည်သူချစ်သော အနုပညာရှင်၏ မျက်နှာမှ ထင်ရှားသော ပွင့်လင်းဖော်ရွေသည့် အပြုံးဖြစ်သည်။ ပြီးတော့ သူ့အသံ။ ဂီတချစ်ပရိသတ်ကို ဆယ်စုနှစ်များစွာ ဆွဲဆောင်ထား နိုင်ခဲ့သောအသံ။နွေးထွေးပြီး ရင်ကိုလှုပ်ခတ်စေသော အသံ။ လှိုက်လှဲသော အသံ။ မေတ္တာ၏ သင်္ကေတ။ဖြူစင်သော စိတ်သဏ္ဌန်ကို ရောင်ပြန်ဟပ်သည့်အသံ၊

အနည်းငယ်ဖောင်းအစ်သော မျက်နှာပေါ်မှ ပွင့်လင်းသော အပြုံးသည် လွန်ခဲ့သည့် နှစ်များစွာက အတိုင်းပင်ဖြစ်သည်။အသံကမူ အနည်းငယ်ပြောင်းသွား၏။ သို့သော် အသံနှင့် လေယူလေသိမ်းကိုကြားရုံဖြင့် သူ့ကို စွဲလမ်းခဲ့သော ပရိသတ်သည် မာမာအေးမှန်း တန်းသိသည်။အသက်အရွယ်အရ ရုပ်ပိုင်းဆိုင်ရာတွင် ဇရာ၏ အရိပ်တို့က နေရာယူနေသော်လည်း ပွင့်လင်းသော အနုပညာရှင်၏ ရိုးသားမှု နှင့် ဝင့််ဝါမှုကင်းသော အပြောအဆို တို့မှာ ပြောင်းလဲခြင်းရှိမနေပါ။

“လောကကြီးတစ်ခုလုံးကို ပွဲပြီးသွားလို့ ထိုင်ကြည့်နေတဲ့ သူတစ်ယောက် လို့ ကိုယ့်ဟာကိုယ် ခံစားနေရတယ်ကွ၊ သိလား” ဟု မကြာခင်က အသက်ခုနစ်ဆယ်ပြည့်ခဲ့သော ဒေါ်မာမာအေးက ဟက်ဟက်ပက်ပက်ရယ်၍ ပြောသည်။

မရည်ရွယ်ပါဘဲ ၁၅နှစ်နီးပါး မိခင်တိုင်းပြည်နှင့် ဝေးခဲ့ရသော ဒေါ်မာမာအေး သည် မကြာမီက တိုင်းပြည်သို့ပြန်လာခဲ့သည်။ ရာနှင့်ချီသော ဂီတပရိသတ်များက မင်္ဂလာဒုံလေဆိပ်တွင် ဝမ်းပန်းတသာကြိုဆိုကြခြင်းအားဖြင့် သူ့ကို မမေ့နိုင်ကြသေးကြောင်း ထင်ရှားစေခဲ့သည်။သူ့သီချင်းတွေကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် တရားဝင်ထုတ်လွှင့်ခွင့်မရခဲ့သော ကာလအပိုင်းအခြားတစ်ခုသည် ယခုအခါ လွန်ခဲ့ပြီ။

ယခု အတိုပါတေးသံရှင်သည် ပြည်တော်ပြန်ခွင့်ရခဲ့ပြီ။ ဇန်နဝါရီ(၂၀၁၃)မှာပင် ဂီတဖြေဖျော်ပွဲတစ်ခုကို ပြည်သူ့ရင်ပြင်တွင် ပြုလုပ်ခဲ့ပြီးပြီ။ ရင့်ကျက်ခဲ့ပြီဖြစ်သော တေးသံရှင်၏ အနုပညာ ပရိသတ် သည် ပြန်လည်ထိတွေ့ခံစားခွင့်ရခဲ့ပြီ။ သို့ သော် ထိုအတွက် တေးသံရှင်နှင့် သူ၏ပရိသတ်သည် နှစ်ကာလတချို့ကို ရင်းနှီး ပစ်ခဲ့ရလေသည်။ နှစ်များစွာကြာကာမှ ပြန် လည်ထိတွေ့ခွင့်ရသောအခါ အဆိုပါ ဖျော်ဖြေပွဲတွင် တေးသံရှင်သည်လည်း အို ပြီ။ လာရောက်အားပေးသော ပရိသတ် အများစုသည်ပင် သက်လတ်ပိုင်း၊ တချို့ သက်ကြီးပိုင်းအရွယ်တွေ ရောက်ကုန်ပြီ။ ကုန်လွန်ခဲ့သော နှစ်ကာလတို့ကို အစား ထိုးရန်မှာ ခက်ခဲလွန်းလှပါသည်။

အမည်မည်းစာရင်း အသွင်းခံရသည့် ဘဝ

၁၉၉၈။ ဒေါ်မာမာအေးအတွက် အပြောင်းအလဲဖြစ်စေခဲ့သော နှစ်တစ်နှစ် ဖြစ်သည်။ ထိုနှစ်က အင်္ဂလန်ရှိ ဆရာတော် ဦးရေဝတတည်ထားသော စေတီတော် ထီးတင်ပွဲအခမ်းအနားသို့ ဒေါ်မာ မာအေးသွားခဲ့သည်။ သည့်မတိုင်ခင် အလည်အပတ်သွားခဲ့သော အမေရိကန် ခရီးစဉ် အတွင်း ဆရာတော်ဦးရေဝတနှင့် လော့အင်ဂျလိစ်မြို့တွင် ဆုံသည်။ ဗြိတိသျှဘုရင်မကြီးက ဆရာတော်အား မြေနှစ်ဧကခွဲ လှူသဖြင့် ဘုရားတည်ရန် စီစဉ်နေသောအချိန်ဖြစ်သည်။ စေတီထီး တော်တင်ပွဲ ပြုလုပ်သောအခါ လာရောက် ပူဇော်ပေးရန် ဒေါ်မာမာအေးအား ဆရာ တော်က ကြိုတင်ကမ်းလှမ်းထားသည်။ သူကလည်း ဆရာတော်ထံ ကတိထားခဲ့ ၏။ ထို့ကြောင့် ထီးတော်တင်မည်ဆိုသော အခါ ဆရာတော်က လှမ်းခေါ်သဖြင့် ရောက်သွားခြင်းဖြစ်သည်။

နိုင်ငံခြားတွင်ရှိနေစဉ် မာမာအေး ၏သီချင်းများ ပိတ်လိုက်ပြီ။ အသံမလွှင့် တော့ဆိုသည့် သတင်းများကြားရသည်။ မည်သို့ဖြစ်သည်ကို ကာယကံရှင်ကိုယ် တိုင်မသိ။ ရန်ကုန်ရှိမိသားစုထံ ဆက် သွယ်သော်လည်း မရ။ ဒီလိုနှင့် နိုင်ငံခြားတွင် သောင်တင်ရခြင်းဖြစ်သည်။ ဘာ ကြောင့်ဆိုသော အကြောင်းအရင်းကို ဒေါ်မာမာအေးက ယနေ့အထိ သူကိုယ်တိုင်မသိရှိရပါဟု ပြောသည်။ ထို့ကြောင့် ဘယ်သူ့ကိုမှ တိတိကျကျ ပြောပြနိုင်ခြင်း လည်း မရှိဖြစ်ရသည်။

”လူတစ်ယောက်လုံး ကိုယ့်တိုင်း ပြည် ကိုယ်ပြန်မလာရတာ အပြောင်း အလဲကြီးတစ်ခုပေါ့”ဟု ဒေါ်မာမာအေးက ပြောသည်။

ဆရာတော်ဦးရေဝတကလည်း သူ ခေါ်လိုက်တော့မှ ဒေါ်မာမာအေး ဒုက္ခ ရောက်ရသည်ဆိုကာ စိတ်မကောင်းဖြစ် သည်။ ထိုကြောင့် ထိုစဉ်က အာဏာပိုင် များထံ အကျိုးအကြောင်း ပြောပြရမလား ဟု သူ့ကို မေးသည်။ သူကတော့ ဘယ်သူ က ဘာလုပ်သဖြင့်  ယခုကဲ့သို့ တိုင်းပြည် ကို ပြန်ခွင့်မရတော့သည်ကို ရေရေရာရာ မသိသဖြင့် ဖြေရှင်းဖို့ စိတ်ကူးမရှိ။ ဆရာ တော်ကိုပဲ မြန်မာပြည်ရောက်လျှင် ဘာ ကြောင့်ဖြစ်ရသည်ကို မေးခဲ့ပါဟုသာ စကားတုံ့ပြန်လိုက်သည်။

သူများတိုင်းပြည်ရောက်ပြီးမှ ကိုယ့်တိုင်းပြည်သို့ပြန်ရန် ပိတ်ပင်ခံလိုက် ရသည့်အဖြစ်မှာ ဆိုးလွန်းလှသည်။ သွား သည်မှာလည်း ဧည့်သည်အနေနှင့်ဖြစ်ရာ အဝတ်တစ်ထည်၊ ကိုယ်တစ်ခုမှ လွဲလျှင် ဘာမျှ အပိုမပါ။ မြန်မာပြည်တွင် ကျန်ခဲ့ သော သားသမီးတွေကတော့ ကိုယ့်ခြေ ထောက်ပေါ် ကိုယ်ရပ်တည်နိုင်ကြပြီမို့ နောက်ဆံတင်းစရာမလို။ ထိုကြောင့် ဖြစ် သမျှအခြေ အနေနှင့် လိုက်လျောညီထွေ နေထိုင်နိုင်ရန်သာ ကြိုးစားဖို့ ဆုံးဖြတ် ချက်ချလိုက်သည်။ သူတစ်ပါးကိုလည်း ရေရှည်မှီခိုနေဖို့လည်း မဖြစ်။ ပင်ကိုစိတ် အရ ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်ချင် သူဖြစ်ရာ အလုပ်တစ်ခုရအောင် ရှာရသည်။

”ကိုယ်တိုင်းပြည် ကိုယ်မပြန်ရ တော့ဘူးဆိုရင် သူတို့(အမေရိကန်)နဲ့ အတူ လုပ်ကိုင်စားသောက်နိုင်တဲ့ အလုပ် တစ်ခုတော့ လုပ်မှပေါ့။ ကိုယ်က လူတ ကာကို လက်ဖြန့်ခံပြီး တောင်းမစားနိုင် ဘူး”ဟု ဒေါ်မာမာအေးက ပြောသည်။

ထိုကြောင့် အလုပ်တစ်ခုကို ရွေး လိုက်သည်။ ယင်းမှာ မိတ္တူကူးဆိုင်တွင် အလုပ်ဝင်လုပ်ခြင်းဖြစ်သည်။ သူတို့ဆီမှ မိတ္တူဆိုင်ဆိုသည်မှာ အကြီးကြီးတွေဖြစ် သည်။ စာကူးရုံတင်မဟုတ်ဘဲ အခြား သော ဒီဇိုင်းနမူနာထုတ်သည့် အလုပ်များ လည်း ပါဝင်သည်။ ည ၁၂ နာရီမှ မနက် ရှစ်နာရီအထိ အလုပ်လုပ်ရသည်။ တစ် နာရီလျှင် ကိုးဒေါ်လာရသည်။ အသက် လည်းကြီးပြီဖြစ်ရာ လူငယ်များမလုပ်ချင် သည့်အချိန်ကို ရွေးလုပ်ရခြင်းဖြစ်သည်။ ထိုသို့လုပ်နိုင်လျှင် အမေရိကန်ပြည် ထောင်စုတွင် အလုပ်မရှားပါ။

အမိမြေသို့ သတိရစိတ်ကို အလုပ်ထဲတွင် စိတ်နှစ်ထားလိုက်ခြင်းဖြင့် ဖြေ ဖျောက်ရသည်။တိုင်းပြည်ကိုသတိရသည့် တိုင် သတိမရအောင် ကိုယ့်ကိုယ်ကိုယ် လှည့်စားထားရသည်။ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် အလုပ်တွေကို သိပ်မလုပ် ချင်။ သီချင်းပင် နားမထောင်မိအောင် ကြိုးစားနေရသည်။

”သတိမရမှ ဖြစ်မယ့်အခြေအနေမို့ သတိမရအောင် နေရတာပဲ။ နို့မို့ဆို သူ့ သွားပြီး စိတ်ဆင်းရဲနေလို့ရှိရင် ကိုယ်က ဘာအလုပ်မှ ဖြစ်မှာမဟုတ်ဘူး”ဟု ဒေါ်မာမာအေးက ဆိုဖာပေါ်မှ ကိုယ်ကို အနည်းငယ်ရွှေ့ရင်း ပြောသည်။

ထို့နောက် ကျောင်းတက်သည်။ မတက်လို့မဖြစ်။ အမေရိကန်တွင် ရပ် တည်နိုင်ရန်မှာ သူတို့ဆီမှ အသိအမှတ်ပြု သော အသက်မွေးဝမ်းကျောင်းပညာ တစ်ခုတော့ တတ်မြောက်ဖို့လိုသည်ဟု ဒေါ်မာမာအေးက စဉ်းစားသည်။ အမြဲ တမ်းသင်ယူရန် စိတ်အားထက်သန်နေ သော အကျင့်စရိုက်ကြောင့် သင်တန်း တစ်ခုတက်ရန်မှာ သူ့အတွက် ဘာမျှ တုံ့ နှေးစရာမရှိ။

ထို့ကြောင့် ဝါသနာပါသော အလုပ် များကို စဉ်းစားသည်။ သူ့အတွက်လည်း အကျိုးရှိမည်။ ပြီးတော့ အခြားသူများ လည်း အကျိုးရှိရမည်။ နောက်ဆုံးတွင် ငယ်ငယ်က ဝါသနာပါသော ကျန်းမာရေး သင်တန်းကိုတက်ရန် ရွေးချယ်လိုက်သည်။

သင်တန်းအတွက်လည်း ဝင်ခွင့်ဖြေ ရသေးသည်။ ဆရာဝန်ကြီးတွေက သင် တန်းလာလျှောက်သော ဒေါ်မာမာအေး ကို မြင်သောအခါ အံ့အားသင့်သည်။ အသက်ကြီးခါမှ ဘာကြောင့် ယခုကဲ့သို့ သော ဆေးပညာသင်တန်းမျိုးကို တက် ချင်ရသည့်အကြောင်း မေးကြသည်။ ငယ် စဉ်က ဝါသနာပါသည်မှာ ဆရာဝန်ဖြစ် သော်လည်း ကံမကောင်းစွာပင် အဆို တော်ဖြစ်လာသည်ဆိုသော ဒေါ်မာမာ အေး၏အဖြေကို ကြားသောအခါ လူတွေ့ စစ်မေးသော ဆရာဝန်ကြီးတွေက ရယ် ကြသည်။ ပင်ပန်းမည်ဖြစ်သောကြောင့် မလုပ်နိုင်ရင် မလုပ်ရန် အကြံပေးသော် လည်း သူက ”ပင်ပန်းပါစေ”ဟုသာ ပြန် ပြောခဲ့သည်။

ဒေါ်မာမာအေးတက်ရသည့် ကျန်း မာရေးသင်တန်းမှာ ဆေးရုံသို့လာသော လူနာအကြောင်းမေးမြန်း၍ ၎င်း၏အချက်အလက်များကို ကွန်ပျူတာ အတွင်း သွင်းရခြင်း၊ သက်ဆိုင်ရာ ဆရာ ဝန်များနှင့် ချိတ်ဆက်ပေးရခြင်းဖြစ်ပြီး     (Medical Office Assistant- MOA) ဟုခေါ်သည်။

အလုပ်တစ်ဖက်နှင့် သင်တန်းတက် ရသည်မှာ မလွယ်ကူပါ။ သင်တန်းက မနက်ပိုင်းဖြစ်ရာ မနက်ရှစ်နာရီမှ အလုပ် ကပြန်ရသော သူ့အတွက် ပထမသင်ခန်း စာတစ်ခုက အမြဲတမ်းလွတ်သွားသည်။ ထို့ကြောင့် နောက်ပိုင်းတွင် ညပိုင်းချိန်ကို ပြောင်းယူလိုက်ရသည်။ ညဦးပိုင်း ကျောင်းတက်ပြီးသည်နှင့် တစ်ဆက် တည်း ည ၁၂ နာရီတွင် အလုပ်ဆင်းရ သည်။ အဆိုပါသင်တန်းမှာ နှစ်နှစ်ကြာ သည်။ သင်တန်းပြီးသောအခါ အမေရိ ကန်ပြည်ထောင်စုအတွင်း အလုပ်နေရာ လစ်လပ်သော ၅၂ နေရာတွင် လုပ်နိုင် ခြင်းရှိ၊ မရှိ စစ်မေးသော စွမ်းရည်ပြိုင်ပွဲကို လည်း ဝင်ပြိုင်ရသေးသည်။ ထိုပြိုင်ပွဲတွင် ရွေးချယ်ခြင်းခံရမှ အလုပ်လုပ်ခွင့်လိုင်စင် ရသည်။ ဒေါ်မာမာအေး လိုင်စင်ရခဲ့ပါသည်။

ခက်သည်မှာ တစ်သက်လုံး အသက်မွေးဝမ်းကျောင်းပညာသည် အလုပ်က ဂီတဖြစ်သည်။ ရေခြားမြေခြား တွင် ဂီတနှင့်ဝေးနေရသည့်အဖြစ်မှာ အနု ပညာရှင်တစ်ဦးအတွက် ဆိုးဝါးလွန်း သော စိတ်ဒုက္ခရောက်ရမှုဖြစ်သည်။ သံစုံ တီးဝိုင်းကြီးများဖြင့် ဂီတဖျော်ဖြေပွဲများ ကို တိုင်းတစ်ပါးတွင် မြင်ရသောအခါ ဒီ တစ်သက် ဒါမျိုးဆိုသွားရပါဦးမလားဆို သည့် အတွေးများပင် ဝင်မိသည်။ သူ့ဘဝ သည် ဂီတအနုပညာနှင့် သူချစ်သော ပရိသတ်တို့ဖြင့် လွှမ်းခြုံရစ်ထွေးထား သော ဘဝဖြစ်ခဲ့သည် မဟုတ်လား။

သို့သော်လည်း တိုင်းပြည်သို့ ပြန် လာဖို့ ကြားကာလတွေမှာလည်း သူ မကြိုးစားခဲ့ပါ။ မြန်မာပြည်ဆိုင်ရာ သတင်းများကို နားထောင်ခြင်းဖြင့် တိုင်း ပြည်တွင် ဖြစ်ပျက်နေသော အခြေအနေ များကို ခန့်မှန်း၍ ရနေသည်။ ဒေါ်မာမာ အေးက အချိန်ကို ယုံကြည်သည်။ စောင့် သင့်သည်ကို စောင့်ရုံသာရှိသည်။

”ကိုယ်ကလည်း ကိုယ်ဖြစ်လို့ ကိုယ်ခံရရင် အရေးမကြီးဘူး။ ကိုယ်မဖြစ် ဘဲမခံနိုင်ဘူး။ ဘယ်သူကမှလည်း တည့် တည့်မပြောဘဲနဲ့ အဲဒီလို(ပြန်ခွင့်မရ)ဖြစ် တယ်ဆိုတော့ တော်တော်ကိုစဉ်းစားရ ခက်တာ။ အဲဒီတော့ တစ်နေ့ မှန်မှာပဲဆို ပြီး စောင့်နေလိုက်တာပဲ။ ကိုယ်လည်း အလကားနေတာမဟုတ်ဘူးလေ။ ပညာသင်နေတာပဲ”ဟု သူက ပြောသည်။

ထို့သို့ပြောပြီးနောက် ခေါင်းမှ ဆံ ထုံးကို ဖြေလိုက်သည်။

၁၉၅ဝပြည့်နှစ်အလွန် ကာလများ

နောင်တွင် မာမာအေးဟု နာမည် ကျော်လာမည့် သုံးနှစ်သမီး အရွယ် ကလေးမလေးသည် မိခင်နှင့် ဖခင်တို့ အလုပ်လုပ်ရာ ဇာတ်ပွဲတကာသို့ လိုက်ပါ နေရသည်။ ဖခင်မှာ နှဲဆရာကြီးဖြစ်ပြီး မိခင်မှာ အဆိုတော်တစ်ဦးပင်ဖြစ်သည်။  ဇာတ်လောကသားတို့ ထုံးစံအတိုင်း အတည်တကျမရှိ။ ဇာတ်ပွဲကျင်းပရာ  အ မြို့မြို့အရွာရွာသို့ ရွှေ့ပြောင်းနေရသည်။ ထိုအခါမျိုးမှာ ဇာတ်စင်နောက်တွင် အ ဖီကလေးချ၍ နေရသည်များလည်းရှိခဲ့၏။

ဇာတ်တစ်ပွဲပြီးတိုင်း နောက်တစ် နယ်သို့ ကူးရသော သဘောရှိရာ ကုန်တင် ကားကြီးများပေါ်တွင် ဇာတ်ပစ္စည်းတွေကို တင်ရသည်။ ထိုပစ္စည်းများအပေါ်ကမှ ဇာတ်သူဇာတ်သားများက ထိုင်လိုက်ကြ ရသည်။ ကားခေါင်းခန်းတွင်မူ ဇာတ်မင်း သား၊ မင်းသမီးတို့က ထိုင်ရသည်။ ထိုအခါ မာမာအေးသည် သူတို့ကျတော့ ခေါင်း ခန်းက လိုက်ပြီး ငါတို့က နောက်ပိုင်းက ဘာကြောင့် ထိုင်လိုက်ရသလဲဟု စဉ်းစား နေမိတတ်သည်။

ဇာတ်ခေါင်းကွဲချိန်မှာတော့ လူတွေ က ကွဲသွားတတ်သည်။ ထုံးစံအားဖြင့်ဇာတ်နားချိန်များတွင် မည်သည့်နေ့၊ မည် သည့်နေရာတွင် မည်သည့်ဇာတ်ကို ကပြ မည့်အကြောင်း ကြော်ငြာလှည့်ရသည်။ တစ်ရက်တွင် ရွှေပုရပိုက်အမည်ရှိသော ဇာတ်ကို ကပြရန် လမ်းတွင် ကြေညာခဲ့ သည်။ ထိုဇာတ်တွင် ကလေးသရုပ်ဆောင် ပါရမည်။ ခက်သည်မှာ ကလေးသရုပ် ဆောင်လုပ်မည့် မိသားစုက မရှိတော့။ တခြားသို့ပြောင်းသွားပြီ။ ထို့ကြောင့် အဆိုပါညတွင် ကပြမည့် ဇာတ်လမ်းတွင် သူ့ကို ကလေးသရုပ်ဆောင် ဝင်လုပ်ခိုင်း သည်။ ထိုအချိန်က ဒေါ်မာမာအေး၏ အသက်မှာ သုံးနှစ်သာရှိ သေး၏။

”အောင်မယ်၊ အဲဒီတုန်းက လူကြီး က ခိုင်းရင် သိပ်လုပ်ချင်တာ။ ဟား ဟား ဟား။ လုပ်တတ်လားမေးရင် လုပ်တတ် တယ်ပဲ ဖြေတာပေါ့။ သီချင်းတိုက်ရအောင် ဆိုရင် မတိုက်ချင်ဘူး။ မကစားရမှာစိုးလို့ အဲသလို ဘုတောတာတွေလည်း ရှိသေး တယ်။ အကျင့်ကတော့ အစကတည်းက အဲသလို”ဖောင်းအစ်သော မျက်နှာပေါ် မှာ မျက်လုံးများမှေးဝင်သွားသည်အထိ ဒေါ်မာမာအေးက ရယ်၍ပြောခြင်း ဖြစ်သည်။

သို့နှင့် သုံးနှစ်သမီးလောက်တည်းမှ စ၍ ကျန်သည့်သက်တမ်းတစ်လျှောက် လုံးမှာ အနုပညာဘဝထဲသို့ ရောက်သွား တော့သည်။ မိဘများက ဒီလောကထဲမှ ဖြစ်ရာ ပတ်ဝန်းကျင်ကလည်း ဂီတအနု ပညာနှင့် သိုင်းဖွဲ့နေသည်။ သုံးနှစ်သမီးမှာ သရုပ်ဆောင်သည်၊ သီချင်းဆိုသည်။ နောက်ပိုင်း ကာလပေါ်သီချင်းတွေဘက် ရောက်လာသောအခါ ရုပ်ရှင်ဇာတ်ဝင် သီ ချင်းများကို နောက်ခံသီဆိုရသည့် အဆို တော်ကလေးမဖြစ်ခင်ကပင် ဂီတ လောကနှင့် စိမ်းသည်ဟု မရှိတော့။ ထို့ ကြောင့် ဂီတနှင့် ပတ်သက်၍ အခွင့်အရေး ရစရာရှိလျှင် မိမိတို့က ပိုရနိုင်သည်ဟု လည်း သူက ပြန်ပြောပြသည်။ ရှစ်နှစ် သမီးအရွယ်တွင် မြန်မာ့အသံမှ ပထမဆုံး အသံလွှင့်ခဲ့သည်။

”ရှစ်နှစ်သမီး ဆိုတော့လည်းဟယ် ကလေးအသံပေါ့။ လူကလည်း ဘယ်စွဲ လမ်းစရာရှိဦးမလဲ။ ချွေတာရေးတို့၊ ကျန်း မာရေးတို့ အဲဒီသီချင်းတွေဆိုတော့ ဘယ် သူစွဲမလဲ။ အသံလွှင့်တာ လူကြိုက်မှ နာ မည်ကြီးမှာကိုး။ အဲဒီတုန်းကတော့ ဆို လည်း ဆို ဆိုပါပဲ”ဟု ဒေါ်မာမာအေးက ပြောသည်။

မိဘများအလုပ်လုပ်ရာ ဇာတ်အဖွဲ့ များနောက်သို့ လိုက်နေရသည်ဖြစ်ရာ ငယ်ဘဝတွင် အတည်တကျ နေရသည်ဟူ ၍ မရှိခဲ့ပါ။ သူကတော့ ဇာတ်ထဲမှာ ပျော် ပါသည်။ တွေ့သည့်သူနှင့် ခင်အောင် ပေါင်းသင်းသည်။ လက်တိုလက်တောင်း ခိုင်း သည်ဆိုလျှင်လည်း မညည်းမညူလုပ် ပေးတတ်သည်။ ဇာတ်အဖွဲ့များနှင့် လိုက် ပါနေရစဉ်က အမှတ်တရအဖြစ်ကလေး တစ်ခုလည်း ဒေါ်မာမာအေးက မှတ်မိနေ၏။

ထိုနေ့က ဇာတ်အဖွဲ့မှ လူကြီးတစ်ဦး က သူ့ကို ကွမ်းယာသွားဝယ်ခိုင်းသည်။ သူက မဝယ်နိုင်ဘူးဟု ငြင်းသည်။ ဆရာ က ချက်ချင်းပြန်လာခဲ့ဖို့ ပြောထားသော ကြောင့်ဟုဆိုပြီး တခြားသူတစ်ဦးကို ခိုင်း ရန်ပြောသည်။ ထိုအခါ အဆိုပါလူကြီးက သူ့ကို ”လူကြည့်တော့ ပညာက လက် သည်းမှာ ကပ်နေတဲ့ ကြေးလောက်တောင် မရှိသေးဘူး။လူပါးဝတယ်”ဟုပြောသည်။ ထိုအခါ သူက ထိုလူကြီးကို မော့ကြည့်ပြီး ”ခင်ဗျားထက် ကျုပ် နာမည်ကြီးအောင် လုပ်ပြမယ်”ဟု ပြန်ဟောက်ခဲ့လေသည်။ ငယ်ငယ်ကတည်းက ဘုကျကျရှိခဲ့ပုံကို ပြန်ပြောပြရင်း သူသည် ရယ်၍ နေ၏။

ငယ်စဉ်က ကြည့်မြင်တိုင်ရပ်နေ ဆရာရွှေတိုင်အေး၏ အိမ်မှာ နေရသည်။ ဆရာကလည်း သူ့ကို သားသမီးကဲ့သို့ ချစ် ခင်သည်။ ဆရာကပင် သူ့ကို ကြည့်မြင် တိုင်၊ ဈေးကြီးလမ်းထိပ်ရှိ စာသင်ကျောင်း တွင် ကျောင်းထားပေးသည်။ ငယ်ငယ်က တည်းက ဇာတ်ထဲတွင်ရှိသူများက သူသင် ပေး၊ ငါသင်ပေးနှင့် ကကြီးခကွေး တတ် နေပြီ။ သင်လွယ်၊ တတ်လွယ်သူဖြစ်သဖြင့် သင်ပေးသလောက် မှတ်မိနေတတ်သည်။

သို့ဖြင့် ကျောင်းထားသည့်အခါ ပထမ တန်းမှ စတင်သင်ယူရသည်။ ဒါလည်း ခဏမျှသာဖြစ်၏။ ပဲခူးတွင် အလုပ်လုပ် နေသော မိဘများက လာခေါ်သွားသည်။ သို့နှင့် ကျောင်းတက်နေတာ ရပ်သွား သည်။အသံလွှင့်ရုံမှာ သီချင်းဆိုတာလည်း ပျက်သည်။

နောက်ပိုင်း အသံတိတ်ရုပ်ရှင်များ ခေတ်တိမ်သွားသည့်အခါတွင်မှ မိသားစု လိုက် ရန်ကုန်ပြန်ဆင်းလာကြသည်။ ဒေါ်မာမာအေးလည်း ကျောင်းပြန်နေရ သည်။ ထိုအချိန်မှာ သူ့အသက်က ၁၂ နှစ် ရှိနေပြီ။ ဒုတိယတန်းမှစပြီး ကျောင်း ပြန်တက်ရသည်။ နောက် ခြောက်လပတ် နှင့် စာမေးပွဲအောင်ပြီး တတိယတန်း ရောက်သည်။ ထို့နောက် ပညာသင်ဆုရ ပြီး ၁၉၅၅ ခုနှစ်တွင် အမျိုးသမီးအထက် တန်းကျောင်းသို့ ရောက်သည်။ အသက် ကြီးမှ စာသင်ရခြင်းမှာ အနည်းငယ် ကသိ ကအောက်နိုင်သော်လည်း တတ်ကျွမ်း ထားသော ဂီတကို  ပညာရေးနှင့်ပေါင်း စပ်ခြင်းဖြင့် ကျော်လွှားခဲ့သည်။

”ကိုယ်က ဂီတနဲ့ ဘဝကို စထား တာလေ။ ကျောင်းရောက်လို့ သင်တဲ့ ဘာ သာရပ်ကို (အိမ်မှာ) မှတ်စုပြန်ထုတ် တယ်။ အဲဒါကို အသံသွင်းလိုက်ပြီးတော့ သီချင်းဆိုတယ်။ အဲတော့ စာမေးပွဲကျရင် သီချင်းလေးတအေးအေးနဲ့ ပြန်ချိတ်ရေး။ အဲဒါ ကိုယ့်ရဲ့ စာကျက်နည်းပဲ”ဟု သူက ပြောသည်။

ထိုကာလတစ်လျှောက်လုံး ဂီတနှင့် ဝေးခဲ့သော အချိန်ဟူ၍တော့ မရှိခဲ့ပါ။ ကျောင်းတက်ရင်း၊ သီချင်းဆိုရင်းနှင့်  နာ မည်တစ်လုံးကို တဖြည်းဖြည်း တည် ဆောက်လာနိုင်ခဲ့သည်။ ”သက်တံပေါ်မှာ ကစားမယ်”သီ ချင်းဖြင့် ၁၉၅၅ ခုနှစ်တွင် နိုင်ငံသိ အဆို တော်ဖြစ်လာချိန်တွင် ဒေါ်မာမာအေးမှာ ကျောင်းသူဘဝပဲ ရှိသေးသည်။

ဂီတနှင့်ပတ်သက်၍ သီးသန့်ပညာ ယူသည် မဟုတ်ဘဲနှင့် လူကြီးတွေ ဆိုတာ၊ တီးတာကို နားထောင်ရင်း သူတို့ဆီမှ ပညာများကို စိမ့်ဝင်ကူးစက်လာသည်။ ဆရာရွှေတိုင်အေး၏ ကြည့်မြင်တိုင်အိမ် တွင်နေစဉ် ဆရာ့ဆီ သီချင်းတက်ပေးရန် လာသူများအား ဆရာ မအားသောအခါ သူက သီချင်းကို တက်ယူထားလိုက်ပြီး ဆရာ့ကို တစ်ဆင့်ပြန်တက်ပေးခြင်းဖြင့် သီချင်းပုဒ်ရေများစွာရခဲ့သည်။ ဆိုဟန် ဆိုပေါက် အလေ့အကျင်ရခဲ့၏။ ထို့ပြင် ဆရာရွှေတိုင်အေးက သူ့သမီး မမြမြအေး ကို စန္ဒရားသင်သည်။ ဖြစ်ချင်လွန်ဇောကြီး သဖြင့် ရိုက်သင်သောကြောင့် လက်ခေါက် ကလေးများမှာ နီရဲနေတတ်သည်။

အဆိုပါအဖြစ်ကို မကြည့်ရက်သော ဒေါ်မာမာအေးက သူတို့ဆရာ သင်နေချိန် တွင် တီးကွက်များကို မှတ်သားထားပြီး အားလပ်ချိန်တွင် သူငယ်ချင်းအား ပြန် သင်ပေးသည်။ သူ့ကြောင့် သမီးဖြစ်သူ လက်စွမ်းတက်လာသည်ကို ဆရာရွှေတိုင် အေး သိသောအခါ ဒေါ်မာမာအေးအား အရင်သင်ပေးပြီး တစ်ဆင့်အားဖြင့် မမြ မြအေးကို ပြန်၍ သင်စေသည်။ ဒီလိုနှင့် ဒေါ်မာမာအေးလည်း စန္ဒရားတီးတတ် လာသည်။ ပညာကို ထိုနည်းအတိုင်း ရရှိ လာခဲ့ခြင်းဖြစ်သည်။

”ကိုယ်က ဆရာ့အိမ်မှာလည်း နေ တယ်၊ ဆရာ့ကို ဘာပြန်ပြီး အကျိုးပြုမလဲ ဆိုတဲ့ စိတ်ကူးပေါ့။ ဆရာ့ကို အခက်အခဲ မရှိအောင်ကူညီရင်းနဲ့ သီချင်းတွေကို သူ များထက် ပိုပြီးမှတ်ဖို့ အခွင့်အရေးရတယ်။ သီချင်းပုံစံမျိုးစုံဆိုနိုင်တယ်။ ဆရာ့ကို ကူ ညီချင်လို့ဖြစ်တာပဲ”ဟု ဒေါ်မာမာအေးက ဖားလျားကျနေသော ဆံပင်ဖျားကလေး များကို ဘီးဖြင့်သပ်ရင်းမှ ပြောပြနေသည်။ နားသယ်စပ်မှာ ဖြူလွသောဆံနွယ် ကလေးများ ကျိုးကျဲစွာ ရှိနေသည်။

 မတ်လ-၂၀၁၃ထုတ်၊ မော်ကွန်း မဂ္ဂဇင်းအမှတ်(၄)မှ ပုံရိပ်လွှာဆောင်းပါးဖြစ်ပါသည်။

ဝင်းဇော်လတ် ရေးသည်။

  အပိုင်း(၂ ့)သို့

အမျိုးအစား - ပုံရိပ်လွှာ

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."