ရေပေါသလောက် ရေငတ်နေတဲ့ နိုင်ငံ

ရေပေါသလောက် ရေငတ်နေတဲ့ နိုင်ငံ

မြေရင့်ရွာမြောက်ဘက်က ထန်းပင်တွေ အုံ့အုံ့ဆိုင်းဆိုင်း ဝန်းရံထားတဲ့ မြေကွက်လပ်မှာ လူတစ်စုဟာ သံငြမ်းစင်တွေ ထိုး ထိုးထောင်ထောင်နဲ့ မြေကြီးထဲကနေ တစ်စုံတစ်ခုကို စက်တွေ၊ လွန်တွေ အသုံး ပြုပြီး သဲသဲမဲမဲ တူးဖော်နေကြတယ်။

အဲဒီနေရာနဲ့ မလှမ်းမကမ်းမှာ မြေရင့်ရွာသား အသက် ၆၈ နှစ်အရွယ် ဦးလှဆောင်ဟာ မြေကြီးထဲကထွက်နေ တဲ့ ပျစ်ခဲခဲ ညိုညစ်ညစ်အရည်တွေကို သူ့ မြေးဖြစ်သူနဲ့အတူ စူးစိုက်ကြည့်နေတယ်။ သူတို့မြေးအဘိုးဟာ ဆေးရောင်တွေ ပျက်၊ သံချေးတွေတက်နေတဲ့ စက်ဘီး အိုကြီးကိုစီးပြီး ဒီနေရာကို ညနေတိုင်း လာကြည့်ကြတာ ဒီနေ့ဆို ကိုးရက်ရှိပြီ။

သူတို့တူးဖော်ရှာဖွေနေတာတွေ ဟာ စိန်၊ ရွှေ၊ ကျောက်နဲ့ ရေနံဓာတ်ငွေ့စတဲ့ ရတနာတွေမဟုတ်ပါဘူး။ လူအပါအဝင် အခြားတိရ္ဆာန်တွေနဲ့ သစ်ပင်တွေ အသက်ရှင်ဖို့ မရှိမဖြစ်လို အပ်တဲ့ ရေတွေကို မြေအောက်ကနေ တူးနေကြတာပဲ ဖြစ်ပါတယ်။ အဲဒီမြေအောက်ရေတွင်းကို တူးဖော်နေတဲ့ မြေရင့်ရွာဟာ အပူပိုင်းဒေသတစ်စိတ်တစ်ဒေသဖြစ်တဲ့ မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်ထဲမှာ တည်ရှိတာပါ။

အဲဒီဒေသမှာ မိုးရေချိန်နည်းတာ ကြောင့် ရေကန်တွေကို အားကိုးလို့မရဘဲ မြေအောက်ရေကိုပဲ အစဉ်တစ်စိုက် အား ကိုးလာခဲ့ကြရတယ်လို့ မြေရင့်ရွာမှာ မွေး ကတည်းကနေလာတဲ့ ဦးလှဆောင်က ပြောပြတယ်။ ဒီနှစ်ဆန်းလောက်မှာတော့ သူတို့တစ်ရွာလုံးမှာရှိတဲ့ တစ်ခုတည်း သော အဝီစိရေတွင်းဟာ မြေအောက်မှာ ရှိတဲ့ သံပိုက်လုံးတွေ သံချေးတက် ပေါက် ပြဲပျက်စီးသွားတာကြောင့် ရေမထွက် တော့ဘဲ ရေအခက်အခဲနဲ့ကြုံတွေ့ နေရပါ တယ်။ ဒါကြောင့် ရွာသားတွေရဲ့ စုပေါင်း ထည့်ဝင်ငွေတွေနဲ့ နောက်ထပ်မြေ အောက်ရေတွင်းသစ်တစ်တွင်းကို တူး ဖော်ဖို့ ကြိုးစားနေကြတာပါ။

”ဒီလို ရေတွင်းတွေခဏခဏ ပျက်ပြီး ရေရှားနေတာ ကပ်သင့်နေတာပေါ့”လို့ ဦးလှဆောင်က  ဂွမ်းတွေအုပ်ထား သလို ဖြူဖွေးနေတဲ့သူ့ခေါင်းကိုကုတ်ရင်း ညည်းတွားတယ်။ ဒီလို ရေတွင်းပျက် သွားလို့ နေရာသစ်ပြောင်းတူးရတာ သူ့ တစ်သက်မှာ သုံးခါကြုံခဲ့ဖူးပြီလို့ဆိုပါတယ်။

”ရေပေါပြန်တော့လည်း ပေါတဲ့ တိုင်းပြည်မှာ ရေနစ်လို့ ဒုက္ခရောက်။ ကိုယ်တွေမှာကျတော့လည်း ရေနစ်လို့ မဟုတ်ဘဲ ရေငတ်ပြီး ဒုက္ခရောက်တယ်”လို့မြေကြီးထဲကရွှံ့ရည်ပျစ်ပျစ်နှစ်နှစ်တွေ ထွက်နေတဲ့ တူးလက်စရေတွင်းကို ကြည့်ရင်း သူတို့ အဖြစ်ကို ပြောပြတယ်။

ဦးလှဆောင်တို့ရွာဟာ ဧရာဝတီ မြစ်နဲ့ ဆယ်မိုင်သာသာ လောက်သာဝေး ပေမယ့် ရွာမှာနေထိုင်တဲ့ ရွာသူရွာသား တစ်ထောင်ကျော်ဟာ ရေရရှိဖို့ ငွေတွေ၊ လုပ်အားတွေနဲ့ အချိန်တွေကို ရင်းနှီးပြီး လုံးပန်းနေကြရပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာမှာ ရေ အရင်းအမြစ်ချမ်းသာကြွယ်ဝတဲ့ နိုင်ငံ တစ်နိုင်ငံဖြစ်ပေမယ့် ရှိတဲ့ရေအရင်း အမြစ်ကို လိုအပ်နေတဲ့လူတွေဆီ စနစ် တကျထိထိရောက်ရောက် ဖြန့်ချိမပေး နိုင်တာကြောင့် သောက်ရေ၊ သုံးရေ လုံလုံ လောက်လောက်ရရှိဖို့ ခက်ခဲနေတာ ဖြစ်တယ်လို့ ရေအရင်းအမြစ်ပညာရှင် တွေက ထောက်ပြကြပါတယ်။

ဒါဟာ ရေဘက်စုံစီမံခန့်ခွဲရေးကို စနစ်တကျ အကောင်အထည်ဖော်ဖို့ လိုနေတာကို မီးမောင်းထိုးပြနေတာ ဖြစ် ပြီး လက်ရှိလုပ်နေတဲ့ ရေစီမံခန့်ခွဲမှုစနစ် တွေကို ပြုပြင်ဖို့ လိုအပ်နေပြီလို့ ပညာ ရှင်တွေက သတိပေးနေကြပါတယ်။

ဆည်မြောင်းဦးစီးဌာနမှာ ဒုတိယ òန်ကြားရေးမှူးအဖြစ် တာဝန်ထမ်း ဆောင်ခဲ့တဲ့ ရေအရင်းအမြစ်ပညာရှင် ဦးတင်မောင်က ”နိုင်ငံရဲ့အခြေအနေက ရေတွေပေါတယ်။ ဒါပေမဲ့ ဖြန့်ချိတဲ့ စနစ်က မကောင်းတဲ့အတွက် မလုပ်နိုင်တဲ့ အတွက်၊ ရေကို စီမံခန့်ခွဲဖို့ လိုအပ်နေတဲ့ အတွက်ကြောင့် လူတွေက ဖောဖောသီသီ မသုံးနိုင်တာ”လို့ မော်ကွန်းကို ပြောပါတယ်။

အာဆီယံမှာ ရေအပေါဆုံး

အာရှတိုက်တစ်တိုက်လုံးမှာရှိတဲ့ ရေအရင်းအမြစ်ရဲ့ ၁၂ ပုံတစ်ပုံဟာ မြန် မာနိုင်ငံမှာ ရှိနေပြီး အရှေ့တောင်အာရှ မှာရှိတဲ့ ရေချို ခြောက်ပုံတစ်ပုံကို မြန်မာနိုင်ငံက ပိုင်ဆိုင်ထားတယ်လို့ ဦးတင် မောင်က ရှင်းပြပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ရေ အရင်းအမြစ်ချမ်းသာတဲ့ နိုင်ငံအဆင့် ၁၄မှာ ရှိနေပြီး အာရှတိုက်မှာဆိုရင် အဆင့် ၆ မှာရှိတယ်လို့ ရေအရင်းအမြစ် ပညာရှင်တွေက ပြောကြပါတယ်။ အာဆီ ယံ ဆယ်နိုင်ငံပါဝင်တဲ့ အရှေ့တောင်အာရှ မှာဆိုရင်တော့ မြန်မာဟာ ရေအရင်း အမြစ်အပေါများဆုံးနိုင်ငံ ဖြစ်ပါတယ်။

လယ်ယာစိုက်ပျိုးရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန၊ ရေအရင်းအမြစ် အသုံးချရေးဦးစီးဌာနက ၂ဝဝ၈ မှာ နောက်ဆုံးပြုစုခဲ့တဲ့ စာရင်းဇယားအရ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ မြစ်ကြီးတွေ ကနေ တစ်နှစ်တာ ပျမ်းမျှဖြတ်သန်းစီး ဆင်းနေတဲ့ရေဟာ ၁,ဝ၈၁ ဒသမ ၈၈ ကုဗကီလိုမီတာရှိပါတယ်။

အဲဒီမြစ်ဝှမ်းတွေရဲ့အောက်မှာ ပုန်း ခိုတည်ရှိနေတဲ့ ခန့်မှန်းမြေအောက် ရေချို ထုကတော့ ၄၉၁ ဒသမ ၇၁ ကုဗကီလို မီတာ ရှိပါတယ်။

အဲဒီရေထုပမာဏကို မြန်မာနိုင်ငံရဲ့ လူဦးရေနဲ့တွက်ချက်လိုက်ရင် မြန်မာနိုင်ငံ သားတစ်ဦးဟာ တစ်နေ့ကို ရေဂါလန် ၁၆,ဝဝဝ လောက် နေ့စဉ်အသုံးပြုနိုင် တယ်လို့ ရေအရင်းအမြစ်ဆိုင်ရာ ပညာ ရှင် ဦးတင်မောင်က တွက်ပြပါတယ်။

လူတစ်ဦးရဲ့တစ်နေ့တာ ရေလိုအပ် ချက်က ဂါလန်၇ဝ ဖြစ်တာကြောင့် နိုင်ငံ တွင်းမှာ ရေအရင်းအမြစ်တွေ လုံလောက် အောင် ရှိနေပေမယ့် ထိထိရောက်ရောက် အသုံးမချနိုင်ဘူးလို့ သူကဆိုပါတယ်။

ပြီးပြည့်စုံတဲ့စီမံခန့်ခွဲမှုပြုလုပ်ထားတဲ့အခြေအနေသာဆိုရင် မြန်မာနိုင်ငံ သားတစ်ဦးဟာ တစ်နေ့ကို မြေပေါ်ရေ (Surface Water)ဂါလန် ၁၁,ဝဝဝ အထိ အသုံးပြုနိုင်ပြီး မြေအောက်ရေ (Ground Water) ဂါလန် ၅,ဝဝဝ ကို အသုံးပြုနိုင်တယ်လို့ သူက တွက်ချက်ပြတယ်။

ဘယ်အခါ ရေရှားလဲ

တစ်နိုင်ငံလုံးမှာ ရှိနေတဲ့ရေထု ပမာဏကို တစ်နိုင်ငံလုံးလူဦးရေနဲ့ စား လိုက်တဲ့အခါမှာ ထွက်လာတဲ့အဖြေပေါ် မူ တည်ပြီး ရေရှား၊ မရှား ဆုံးဖြတ်ကြ တာပါ။ ထွက်လာတဲ့အဖြေအရ လူတစ် ယောက်အတွက် တစ်ရက်ကို ရေဂါလန် တစ်ထောင်သာ သုံးနိုင်ခွင့်ရှိရင် ရေစိုး ရိမ်ရတဲ့အနေအထားလို့ သတ်မှတ်ကြပြီး ဂါလန်ခြောက်ရာလောက်ပဲ ရရှိမယ်ဆိုရင် ရေရှားနေပြီလို့ သတ်မှတ်ကြောင်း ရေ အရင်းအမြစ်ဆိုင်ရာ ပညာရှင်တွေက ရှင်းပြကြပါတယ်။

မြန်မာနိုင်ငံမှာ လူတစ်ယောက် အတွက် တစ်နေ့ကို ရေဂါလန်တစ် သောင်းကျော်အထိ သုံးနိုင်လောက်တဲ့ ရေထုရှိနေသေးတာကြောင့် တကယ် ရေရှားပါးတဲ့နိုင်ငံလို့ပြောလို့မရနိုင်ပေမယ့်  ”နွေဆိုရင် သောက်စရာတောင် မရှိဘူး။ မြန်မာပြည်အလယ်ပိုင်းဆိုရင် တကယ့်ကို ရေသောက်ဖို့တောင် မနည်းရှာရတဲ့ နေ ရာတွေဖြစ်နေတယ်”လို့ ရေအရင်းအမြစ် ဆိုင်ရာ အင်ဂျင်နီယာ ဦးချိုချိုက ထောက် ပြတယ်။

ဒီလိုရေရှားမှုပြဿနာတွေကို ဖြေရှင်းတဲ့အခါ စီမံခန့်ခွဲမှု ညံ့ဖျင်းရင် ”ရေပေါတဲ့နေရာမှာ လှေစီးရင်း ရေငတ် နေမှာပဲ”လို့ သူက မှတ်ချက်ပေးပါတယ်။

ဘက်စုံရေစီမံခန့်ခွဲခြင်းဆိုတာ ရေကိုထိထိရောက်ရောက် အသုံးချနိုင်ဖို့ စနစ်တကျအစီအစဉ်ဆွဲတာ၊ ရေအရင်း အမြစ်တွေကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင်လုပ်ပြီးလိုအပ်နေတဲ့သူတွေဆီ ဖြန့်ဝေ ပေးတာတွေကို ခေါ်တာပါ။

ရေအရင်းအမြစ်အသုံးချရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမိုးဦးက အခုလို သောက်သုံးရေရှားပါးပြတ်လပ်နေရတာဟာ ငွေကြေးအရင်းအနှီး၊ နည်းပညာ၊ ကျွမ်းကျင်မှု လိုအပ်ချက်တွေကြောင့် အကျိုးရှိအောင် မသုံးစွဲနိုင်တာကြောင့် သောက်သုံးရေရှားပါးပြတ်လပ်နေရ တယ်လို့ မော်ကွန်းက မေးမြန်းချက်ကို အီးမေးလ်ကတစ်ဆင့် ဖြေကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ သုံးရာသီလုံး မခန်း တဲ့ မြစ်ကြီးတွေရှိပေမယ့် အဲဒီမြစ်က ရေတွေကို ရေလိုအပ်နေတဲ့လူတွေဆီ ပို့ မပေးနိုင်တာကြောင့် မြစ်ကမ်းနားမှာ နေပြီး ရေငတ်နေသူတွေရှိနေတာဖြစ် တယ်လို့ မော်ကွန်းက တွေ့ဆုံမေးမြန်းခဲ့တဲ့ ရေအရင်းအမြစ်ဆိုင်ရာ ကျွမ်းကျင်သူ တချို့ က ပြောဆိုကြပါတယ်။

ဦးလှဆောင်တို့ရွာဆိုရင် ဧရာဝတီ မြစ်နဲ့ ဆယ်မိုင်လောက်သာ ဝေးပေမယ့် မြေအောက်ရေသာ အားထားရာ ဖြစ်နေ ပါတယ်။ ရေတွင်းပျက်နေတဲ့ ပြီးခဲ့တဲ့ နှစ်လလုံးလုံး အနီးအနား မြို့၊ ရွာတွေက ကားတွေနဲ့တင်ပြီး လာလှူတဲ့ ရေတွေကို တစ်အိမ်ထောင်ရေတစ်စည်နှုန်းယူပြီး သောက်သုံးခဲ့ကြရတယ်။ လာပို့တဲ့ လူ တွေမရှိတဲ့အခါ သူတို့ရွာနဲ့ကပ်လျက် စိုတောရွာကနေ ကျား၊ မ ကြီးငယ်မရွေး ရေစည်တွန်းလှည်းတွေ ကိုယ်စီနဲ့ ရေ သွားခပ်နေကြရပါတယ်။

ရွာအနောက်ဘက်မှာ စီစီရီရီမလှုပ် မယှက်ရပ်နေတဲ့ထန်းပင်တွေရဲ့ ထိပ်ဖျား နားကို နေလုံးကြီး ကျဆင်းလာပြီဆိုရင် ဆယ်နှစ်ဝန်းကျင်ယောက်ျားလေး၊ မိန်း ကလေးတွေအပါအဝင် ရွာသူရွာသား တချို့ဟာ ပူနွေးတဲ့ သဲမြေလမ်းမပေါ်ကို ဖိနပ်မပါတဲ့ ခြေဖဝါးတွေနဲ့ အန်တုရင်း ရေပုံးတွေ တင်ဆောင်လာတဲ့ သံတွန်း လှည်းကြီးတွေ ကိုယ်စီတွန်းပြီး ရွာအရှေ့ ဘက်ကို ဦးတည်ထွက်လာကြတယ်။ သူတို့ရဲ့တွန်းလှည်းတွေပေါ်မှာ ရှစ်ဂါလန် ဆံ့ အဝါရောင်ပလတ်စတစ်ပုံး ရှစ်ပုံးစီပါ တယ်။ ရွာအရှေ့ဘက် စိုတောရွာကနေ ရေသွားခပ်ကြတာဖြစ်ပါတယ်။

မြေရင့်ရွာကနေ စိုတောရွာကို ရောက်ဖို့ ငါးမိနစ်လောက် လမ်းလျှောက် ရတယ်။ ရွာအဝင်ဝမှာတော့ စိုတောတစ် ရွာလုံးသုံးဖို့ ရေတွေသိုလှောင်ထားတဲ့ ရေစင်ကြီးတစ်ခုကိုတွေ့ရတယ်။ တွန်း လှည်းတွန်းလာတဲ့ ကလေးငယ်တွေဟာ အဲဒီရေစင်နားက ခြံတစ်ခြံရှေ့မှာ သူတို့ ရဲ့တွန်းလှည်းတွေကို တန်းစီရပ်လိုက်ကြ တယ်။ အဲဒီခြံထဲမှာရှိတဲ့ ရေတွင်းထဲက ရေတွေကို ရေစုပ်စက်နဲ့ စုပ်တင်ထားလို့ ရေထွက်နေတဲ့ပိုက်ကနေ တွန်းလှည်း ပေါ်က ပုံးတွေထဲကို ရေဖြည့်ယူကြပါတယ်။

မြေရင့်ရွာမှာ ရေတွင်းပျက်သွားက တည်းက စိုတောရွာကို ရေလာခပ်နေကြရ တာလို့ မြေရင့်ရွာသူ မဌေးသင်းက ပြော ပြတယ်။ တစ်ရက်ကို တွန်းလှည်းနဲ့ နှစ် ခေါက်လောက်ရေလာခပ်ရပြီး ရေရဖို့ သွားလာစောင့်ဆိုင်းရတာ တစ်နာရီ လောက် အချိန်ပေးထားရတယ်လို့ သူ့ ရေပုံးတွေထဲကိုရေဖြည့်ရင်းက ပြောပြတယ်။

သူ့အနောက်မှာလည်း ရေရဖို့ စောင့်ဆိုင်းနေတဲ့ ရေလှည်းခြောက်စီး ရှိနေပြီး ရေလာခပ်သူအများစုက ဆယ် နှစ်ဝန်းကျင်တွေ ဖြစ်ကြပါတယ်။

ရေစကြို မြို့နယ်၊ ကံပေါကါရွာ မြောက်ဘက်ရေကန်တွင် နွားလှည်းများဖြင့် ရေလာခပ်ကြသူများ

စိုက်ပျိုးရေးမှာ အသုံးများ

ရေအရင်းအမြစ်တွေရဲ့ ရာခိုင်နှုန်း အများစုကို စိုက်ပျိုးရေးအတွက်ပဲ အသုံး ချနေပြီး လူတွေသုံးဖို့အတွက် ရေခွဲတမ်း ရာနှုန်း နည်းလွန်းတာကြောင့်လည်း လူတွေအတွက် သောက်သုံးရေလိုအပ် ချက်မြင့်တက်နေတာဖြစ်တယ်လို့ မော်ကွန်းက ချဉ်းကပ်ခဲ့တဲ့ရေအရင်းအမြစ် ပညာရှင်တွေက သုံးသပ်ကြပါတယ်။

ရေတွေရဲ့  ၉ဝ ရာခိုင်နှုန်းလောက်ကို စိုက်ပျိုးရေးကဏ္ဍအတွက် အသုံးချနေ တယ်လို့ ရေပညာရှင်တွေက ရေအရင်း အမြစ်အသုံးချရေးဦးစီးဌာနရဲ့ စာရင်း ဇယားတချို့ကို ကိုးကားပြီး ပြောဆိုကြ ပါတယ်။ အဆိုပါဦးစီးဌာနရဲ့  ကိန်းဂဏန်း တွေအရကျန်တဲ့ ဆယ်ရာခိုင်နှုန်းလောက် ကိုပဲ လူတွေအသုံးပြုဖို့နဲ့ စက်မှုဇုန်တွေ အတွက် အသုံးချတာဖြစ်ပါတယ်။

မြို့ရွာတွေမှာ နေထိုင်ကြတဲ့လူတွေ ရေလုံလုံလောက်လောက်ရရှိဖို့ ရေ အရင်းအမြစ်တွေကို ပိုမိုဖော်ထုတ်သင့် တယ်လို့ မြန်မာနိုင်ငံအမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီ အကြံပေးအဖွဲ့ရဲ့ အတွင်းရေးမှူး ဒေါက်တာခင်နီနီသိန်းက အကြံပြုပါတယ်။

”ရေကိုသာ စီမံခန့်ခွဲလိုက်ရင် Green Job လို့ခေါ်တဲ့ ပတ်ဝန်းကျင်ကို မညစ်ပတ်စေတဲ့ အစိမ်းရောင်စီးပွားရေး တွေ အကုန် လုပ်ပေးလို့ရတယ်”လို့ သူက ဆိုပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန က ရတဲ့စာရင်းတွေနဲ့ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ Hydropower Generation Enterprise အစီ အရင်ခံစာတွေအရ မြန်မာနိုင်ငံတစ်ဝန်း မှာ ရေလွှဲဆည်တွေ၊ ရေလှောင်တမံတွေနဲ့ ရေလှောင်ကန် စုစုပေါင်း ၄၇ဝ ဝန်းကျင် ရှိနေပါတယ်။

အဲဒီဆည်တွေ၊ ရေကန်တွေကို လယ်ယာစိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုး တက်ရေးအတွက် စိုက်ပျိုးရေပေးဖို့၊ မြို့ရွာတွေကို ရေပေးဝေဖို့၊ ရေလွှမ်းမိုးမှု တွေကို ဟန့်တားဖို့၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖို့နဲ့တူးမြောင်းတွေကို ရေဖြည့် ပေးနိုင်ဖို့စတဲ့ ရည်ရွယ်ချက်တွေနဲ့ ဆောက်ထားထားတာပါ။

ဒါပေမဲ့ နိုင်ငံ့ဘဏ္ဍာငွေများစွာ ကုန်ကျခံပြီး ဆည်တွေ ဆောက်ခဲ့ပေမယ့် တော်တော်များများဟာ ရည်ရွယ်သ လောက် အလုပ်မဖြစ်ဘူးလို့ ပညာရှင် တချို့နဲ့ ရွာသားတွေက ဝေဖန်ကြပါ တယ်။ ၁၉၈၈ နောက်ပိုင်း တပ်မတော် အစိုးရအုပ်ချုပ်ခဲ့တဲ့ ဆယ်စုနှစ်နှစ်ခု အတွင်းမှာ ဆည်ပေါင်း ၂၄ဝ ကျော်ကို ဆောက်လုပ်ခဲ့တာဖြစ်ပြီး တစ်လကို ဆည်တစ်လုံးနှုန်း ဖွင့်လှစ်နိုင်အောင် ဆောက် ခိုင်းခဲ့တာတွေ ရှိခဲ့တယ်လို့ ပညာ ရှင်အသိုင်းအဝိုင်းတွေက ပြောဆိုကြ ပါတယ်။

(ဆည်တွေအကြောင်းကို ၂ဝ၁၅ ခုနှစ်၊ ဒီဇင်ဘာလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ် ၃ဝ၊ ‘ငလျင်က ခြိမ်းခြောက်၊ ရာသီဥတုက ဖောက်ပြန်၊ ဆည်တွေရဲ့ မနက်ဖြန်’မျက်နှာဖုံးဆောင်းပါးမှာ ဖတ်ရှုနိုင်ပါတယ်)

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့ နယ်ထဲက လူဦးရေတစ်ထောင်ကျော် နေထိုင်တဲ့ ခင်မွန်ရွာအနီးမှာဆိုရင် ၂ဝဝ၇ က နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုး ရေးကောင်စီရဲ့ လမ်းညွှန်ချက်အရ ခင်မွန် ရေလှောင်တမံ(ခင်မွန်ဆည်)ကို လယ် ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီး ဌာနကနေ နှစ်နှစ်အတွင်း အပြီးတည် ဆောက်ခဲ့ပါတယ်။ ခင်မွန်တမံဟာ ခင် မွန်ကျေးရွာနဲ့ မိုင်ဝက်လောက်ပဲ ဝေးပြီး လမ်းလျှောက်သွားမယ်ဆိုရင် ဆယ်မိနစ် လောက်ပဲ ကြာပါတယ်။

ခင်မွန်ရွာဟာ တမံနဲ့ အနီးဆုံးရွာ ဖြစ်ပေမယ့် သုံးရေအတွက် အဲဒီဆည်က ရေကို ခင်မွန်ရွာက ရွာသူရွာသားတွေဟာ တမံအနီးမှာ ကွန်ကရစ်ရေကန်တည်၊ ပိုက်တွေသွယ်၊ ရေစုပ်စက်တွေ ကိုယ်ထူ ကိုယ်ထစုပေါင်းဝယ်ပြီး ကျေးရွာကို ရေရောက်အောင် မောင်းတင်ကြရပါ တယ်။ စက်မောင်းဖို့လိုတဲ့စက်သုံးဆီတွေအတွက် ကျေးရွာက နိုင်သလောက် စုပေါင်းအလှူငွေထည့်ဝင်ကြရပြီး သက် ဆိုင်ရာအစိုးရဌာနတွေက စီမံပေးထား တာ ဘာမှမရှိဘူးလို့ ရွာသားတွေက ပြော ပြကြပါတယ်။

ဒါပေမဲ့ မြေကြီးဟာ ဆားပေါက်တဲ့ အတွက် ဆည်ကရေဟာ ချိုးရေလောက် သာသုံးလို့ရပြီး သောက်ရေအဖြစ် အသုံး ပြုနိုင်လောက်အောင် မသန့်ရှင်းပါဘူး။ ဆည်ကန်ပေါင်ကိုလည်း ခြံတွေ၊ ဝင်းတွေ ခတ်ထားတာမဟုတ်လို့ ဆည်ထဲကို ရေ ဆင်းသောက်နေတဲ့ ဆိတ်တချို့နဲ့ နွား နှစ်ကောင်ကိုလည်း မြင်ခဲ့ရပါတယ်။ ဒါ ကြောင့် ရွာသားတွေဟာ ဒီရေလှောင် တမံက ရေကို မသောက်ကြပါဘူး။

ခင်မွန်တမံဟာ သူ့အနီးဆုံးက ခင်မွန် ရွာကိုတောင် သောက်ရေမပေးနိုင်တဲ့ အပြင် အခုအချိန်မှာ စိုက်ပျိုးရေး အတွက်လည်း ရေမပေးနိုင်ပါဘူး။ ပြီးခဲ့တဲ့ မိုးရာသီကလည်း မိုးရေချိန်လျော့နည်း တာကြောင့် တမံထဲမှာ ရေများများစား စားမဝင်ခဲ့သလို ကျောကွဲမတတ် ပူလောင်တဲ့ အညာနွေကလည်း ရေတွေ ကို အငွေ့ပြန်စေခဲ့ပါတယ်။ ဆည်အောက်က စိုက်ခင်းတွေကို ရေဖြန့်ဝေဖို့ လုပ်ထား တဲ့တူးမြောင်းထဲမှာလည်း ရေတစ်စက်မှ မရှိသလို တူးမြောင်းဟာ ဆည်ရေပြင် ထက် ပိုမြင့်နေတာကိုလည်း တွေ့ရပါ တယ်။

ရွာသားတွေဟာ သူတို့ရွာအဝင်က ရေကန်ဘေးနားမှာရှိတဲ့ ရေတွင်းက ရေကိုသောက်ကြပါတယ်။ အဲဒီရေတွေ ဟာ ရေတွင်းဘေးနားက ရေကန်ကြီး ကနေ စိမ့်ထွက်ကျန်ရစ်တဲ့ရေတွေ ဖြစ်ပါ တယ်။ အဲဒီရေကန်ကြီးဟာလည်း မကြာ သေးခင် ရက်ပိုင်းကပဲ ရေတွေ ခန်းခြောက်သွားတာပါလို့ ရွာသားတွေက ဆို ပါတယ်။

ကန်ထဲကို ကြည့်လိုက်တဲ့အခါ ပပ်ကြားအက်နေတဲ့ မြေကြီးပေါ်မှာ လှုပ် လီလှုပ်လဲ့လမ်းလျှောက်ရင်း ကန်ထဲမှာ ရေလိုက်ရှာနေတဲ့ ဘဲတစ်အုပ်ကို တွေ့ရ ပါတယ်။ ဘဲတွေဟာ ကျွဲတစ်ကောင် လူးဖို့လောက်တောင် ရေမကျန်တော့တဲ့ ဗွက်အိုင်အနီးမှာ တဂတ်ဂတ်နဲ့အသံပေး ပြီးသွားလာနေကြတယ်။ ကန်ဘေးနား မှာ ရှိတဲ့လူတွေကလည်း ရေကူးဖို့၊ ရေ သောက်ဖို့ ရေအိုင်တစ်ကွက်စာ တွေ့လို တွေ့ငြားရှာဖွေနေတဲ့ ဘဲတွေရဲ့ ဒုက္ခကို ဂရုမမူနိုင်ဘဲ ရေအိုးရေခွက်တွေ ကိုယ်စီ ရွက်ပြီး သောက်ရေရရှိဖို့ ကန်ဘေးက ရေတွင်းဆီကိုပဲ ဦးတည်သွားလာနေကြ ပါတယ်။

အယ်လ်နီညို၊  နွေရာသီနဲ့  ရေပြတ်လပ်မှု သတိပြု

အဲဒီအချိန်မှာ ခင်မွန်ရွာသား ကိုဖိုး ထူးကတော့ ရေကန်နဲ့ သိပ်မဝေးတဲ့ သူ့အိမ်မှာ မိုးလေဝသပညာရှင် ဒေါက်တာ ထွန်းလွင်ဆွေးနွေးတင်ပြနေတဲ့ အယ်လ် နီညိုရာသီဥတု သတိပေးချက် အက်ဖ် အမ်ရေဒီယို အစီအစဉ်တစ်ခုကို စိတ်ဝင် တစား နားထောင်နေပါတယ်။

ရေဒီယိုကနေ မြန်မာနိုင်ငံအနေနဲ့ ၂ဝ၁၆၊ နွေရာသီကာလတွေမှာ အယ်လ် နီညိုဖြစ်စဉ်ရဲ့ အကျိုးသက်ရောက်မှု ကြောင့် မိုးရွာသွန်းမှုလျော့နည်းတာ၊ နွေရာသီမှာ အပူချိန်မြင့်မားတာတွေ ဖြစ်လာနိုင်တဲ့အကြောင်း၊ ရေရှားပါးမှု တွေနဲ့အပူကြောင့် ဖြစ်ပေါ်နိုင်တဲ့ ကျန်းမာ ရေးဆိုင်ရာပြဿနာတွေ ကြုံတွေ့ရနိုင်လို့ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ကြဖို့ တိုက် တွန်းသွားတာဖြစ်ပါတယ်။

ရေဒီယိုကလွှင့်ခဲ့သလို သူတို့ဒေသ မှာ ညဘက်အပူချိန်တွေ တိုးလာတာကို သတိပြုမိတယ်လို့ ကိုဖိုးထူးက ပြောပြ တယ်။ ရွာပြင်ကွင်းပြင်တွေကို ကြည့်လိုက် ရင် နွေဦးမှာတွေ့ရတတ်တဲ့ လေပွေလေး တွေ ထလာတာကို တွေ့နေရပြီလို့ ကိုဖိုး ထူးက ရှင်းပြတယ်။

ရွာနားမှာကပ်နေတဲ့ ခင်မွန်ဆည် ကြီးကရေကလည်း သောက်လို့ မဖြစ်တဲ့ အတွက် အဲဒီအယ်လ်နီညိုရာသီဥတု အကျိုးသက်ရောက်မှု ပြင်းထန်လာရင် တစ်ရွာလုံးသောက်နေတဲ့ ရေတွင်းလည်း ခန်းသွားပြီး သောက်ရေအခက်အခဲ ဖြစ်မှာကို သူ စိုးရိမ်နေပါတယ်။

”အယ်လ်နီညိုကြီး ပြင်းထန်လာ ရင်တော့ အခြားနေရာတွေက လာလှူတဲ့ သောက်ရေတွေကို စောင့်ရုံပဲ”လို့ ကိုဖိုး ထူးက ပြောပါတယ်။

အညာဒေသက မိုးရေချိန်နည်းလို့၊ ပူပြင်းခြောက်သွေ့လို့ ရေအခက်အခဲရှိ တယ်ဆိုပေမယ့် ရေအရင်းအမြစ် စီမံခန့် ခွဲမှု အားနည်းတာကြောင့် မိုးရေချိန်လက် မအများဆုံးရရှိနေတဲ့ရခိုင်ပြည်နယ်နဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွေ အပြင် ရှမ်းပြည်နယ်ဒေသတချို့မှာလည်း ရေရှား ပြတ်လပ်မှုတွေ ကြုံတွေ့နေရပါတယ်။

၂ဝ၁၄ မှာ ကောက်ယူခဲ့တဲ့ သန်း ခေါင်စာရင်းအရ ရခိုင်ပြည်နယ်၊ ရှမ်း ပြည်နယ်နဲ့ ဧရာဝတီတိုင်းဒေသကြီးတို့ ဟာ မြန်မာနိုင်ငံမှာ ရေကောင်းရေသန့် ရရှိမှုအနည်းဆုံး ပြည်နယ်နဲ့တိုင်းတွေထဲ မှာ ပါဝင်နေပါတယ်။

ရခိုင်ဒေသမှာ ၃၈ ရာခိုင်နှုန်း၊ ဧရာဝတီတိုင်းဒေသကြီးမှာ နေထိုင်တဲ့ အိမ်ထောင်စု ၅ဝ ရာခိုင်နှုန်း၊ ရှမ်းပြည် နယ်မှာ နေထိုင်တဲ့ အိမ်ထောင်စု ၅၅ ရာ ခိုင်နှုန်းဟာ ရေကောင်းရေသန့် မရရှိကြ ဘူးလို့ ဖော်ပြထားပါတယ်။

မြန်မာတစ်နိုင်ငံလုံးအနေနဲ့ ကြည့် မယ်ဆိုရင်လည်း အိမ်ထောင်စု ၃၁ ရာခိုင် နှုန်းဟာ ရေကောင်းရေသန့် မရရှိကြပါ ဘူး။ အိမ်ထောင်စုပေါင်း ၁ဝ သန်းကျော် ရှိတဲ့မြန်မာနိုင်ငံမှာ ရေကောင်းရေသန့် မရရှိတဲ့ အိမ်ထောင်စု သုံးသန်းကျော် ရှိ နေတဲ့ သဘောပါ။

ရေအရင်းအမြစ်တွေကို စီမံခန့်ခွဲတဲ့ နေရာမှာ အစိုးရက ကျွမ်းကျင်တဲ့ ပညာ ရှင်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှု အား နည်းနေသေးတယ်လို့ မြန်မာနိုင်ငံဆည် မြောင်းဦးစီးဌာနမှာ၂၆ နှစ်ကြာ တာဝန် ထမ်းဆောင်ခဲ့တဲ့ ရေအရင်းအမြစ် ပညာရှင် ဦးတင်မောင်က မော်ကွန်းနဲ့ တွေ့ဆုံမေးမြန်းတဲ့အခါမှာ ထောက်ပြ ပြောဆိုပါတယ်။

”ပညာရှင်တွေကို တစ်ခါတလေ ကျရင် ခေါ်မေးတယ်၊ မေးပြီးတော့ လုပ် ချင်တာလုပ်တယ်”လို့ သူက ဆက်      ပြောတယ်။

ဒေါက်တာခင်နီနီသိန်းကလည်း ရေဘက်စုံစီမံခန့်ခွဲရေးကို အကောင် အထည်ဖော်တဲ့နေရာမှာ အစိုးရဝန်ကြီး ဌာနတွေရဲ့ ပူးပေါင်းမှုဟာ ပြည့်စုံမှုမရှိ သေးဘူးလို့ ပြောပါတယ်။

ပြည့်စုံတဲ့စီမံခန့်ခွဲမှု ဘာလို့မလုပ် နိုင်သေးတာလဲဆိုတဲ့မေးခွန်းကို  သူက အခုလို ပြတ်ပြတ်သားသား ဖြေတယ်။

”သူတစ်လူငါတစ်မင်းလုပ်နေကြ လို့။ အားလုံးစုပေါင်းလုပ်ဆောင်မှု အား နည်းလို့”

ဆင်းရဲနွမ်းပါးမှုမြင့်တက်နေဆဲ ဖြစ် တဲ့ မြန်မာနိုင်ငံကို ဆင်းရဲတွင်းကနေဆွဲ ထုတ်တဲ့နေရာမှာ ရေကို စွမ်းအင်တစ်ခု အနေနဲ့ပါ အသုံးပြုနိုင်တဲ့အတွက် နှစ်ထပ် ကွမ်းအရေးပါတယ်လို့ ဒေါက်တာခင်နီနီ သိန်းက ဆိုပါတယ်။

ဝန်ကြီးဌာနတွေအနေနဲ့ ရေကိုစီမံ ခန့်ခွဲဖို့ဆုံးဖြတ်တဲ့အခါ ပြည်သူတွေရဲ့ သဘောထားတွေ၊ သီးနှံစိုက်ပျိုးတဲ့လူ တွေ၊ လယ်သမားတွေစတဲ့ သူတွေကိုပါ ခေါ်ပြီး ပူးပေါင်းဖို့လိုတယ်လို့ သူ့အမြင်ကို ပြောပါတယ်။

အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီမှာ ရေအရင်းအမြစ်ကျွမ်းကျင် ပညာရှင်တွေပါဝင်ပြီး ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက ကော်မတီဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပါတယ်။ ရေအရင်းအမြစ် တွေကို ဘက်စုံစီမံခန့်ခွဲတဲ့အခါမှာ ဝန်ကြီး ဌာနအချင်းချင်း၊ ပါဝင်ပတ်သက်နေသူ တွေအချင်းချင်း ပေါင်းစပ်ညှိနှိုင်းပေးဖို့ ဖွဲ့စည်းထားတာဖြစ်ပေမယ့် လက်ရှိမှာ တချို့ဝန်ကြီးဌာနက တာဝန်ရှိသူတွေဟာ ”ပေါင်းစပ်ညှိနှိုင်းရေး လုပ်တဲ့အခါ ကျတော့ အစည်းအဝေးတောင် ခေါ်လို့မရ ဘူး”လို့ ဒေါက်တာခင်နီနီသိန်းက ဆိုပါတယ်။

ရေအရင်းအမြစ်တွေကို ဘက်စုံစီမံ ခန့်ခွဲမှုပြုလုပ်နိုင်ဖို့ ရေနဲ့ပတ်သက်ပြီး နိုင်ငံ တော်တစ်ခုလုံးအစီအစဉ်ချတဲ့နေရာ တစ်ခုရှိဖို့လိုအပ်ပြီး အစိုးရက တကယ် အလုပ်လုပ်နိုင်အောင် ပံ့ပိုးပေးဖို့ လိုမယ် လို့ သူကပြောပါတယ်။ ဒါတွေကို အကောင်အထည်   မဖော်ရင်” မြန်မာနိုင်ငံရဲ့စီးပွားရေးဦးမော့ဖို့ လုံးဝမဖြစ်နိုင် ဘူး”လို့ သူက သတိပေးပါတယ်။

”သူများရှေ့ကို ရောက်ဖို့မပြောနဲ့။ ကိုယ့်ဟာကိုယ် ဦးမော့ဖို့မတတ်နိုင်တော့ ဘူး ဖြစ်သွားလိမ့်မယ်”လို့ ဒေါက်တာ ခင်နီနီသိန်းက ဆိုပါတယ်။ ယင်းနောက် ဆက်တွဲအဖြစ် GDP  (ပြည်တွင်းအသား တင်ကုန်ထုတ်လုပ်မှုတန်ဖိုး)တွေ ကျဆင်း လာတာ၊ လူတွေရဲ့ကျန်းမာရေးထိခိုက်ပြီး နောင်မျိုးဆက်တွေမှာ ကာယဉာဏချို့ တဲ့တာတွေ ဆက်ဖြစ်လာမယ်လို့ သူက သတိပေးပါတယ်။

မသေခင် ရေလိုချင်တယ်

၂ဝ၁၄ မတိုင်မီ ၁၉၈၃ မှာ နောက် ဆုံးကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံရဲ့လူဦးရေဟာ ၃၅ ဒသမ ၃ သန်းသာ ရှိခဲ့ပေမယ့် နှစ်ပေါင်း ၃ဝ အကြာ ၂ဝ၁၄ မှာ မြန်မာတစ်နိုင်ငံလုံး လူဦးရေဟာ ၅၁ သန်းကျော်အထိ တိုး လာခဲ့ပါတယ်။

၂ဝ၁၄ သန်းခေါင်စာရင်းအရ အိမ် ထောင်စုပေါင်း ဆယ်သန်းကျော် (၁ဝ,၈၇၇,၈၃၂) ရှိတဲ့ မြန်မာနိုင်ငံမှာ အိမ်ထောင်စု သုံးသန်းကျော် (၃,၃၇၂,၁၂၇) ဟာ အဝီစိတွင်းရေကို သုံးစွဲနေကြပါတယ်။

အိမ်ထောင်စု ၃၁ ရာခိုင်နှုန်းဟာ အဝီစိတွင်းရေကို သောက်ရေအဖြစ် အသုံးပြုနေကြတာကြောင့် အခြားရေ အရင်းအမြစ်တွေကို အသုံးပြုတဲ့သူတွေနဲ့ နှိုင်းစာလျှင် မြေအောက်ရေကို အများ ဆုံးအသုံးပြုနေကြတာကို တွေ့ရပါတယ်။

နောက်တိုးလာမယ့် လူဦးရေ အတွက် လိုအပ်မယ့် သောက်သုံးရေတွေ၊ ဆက်လက်တည်ဆောက်မယ့် စက်ရုံတွေ၊ စီမံကိန်းတွေအတွက်ပါ လွှမ်းခြုံတွက် ချက်ပြီး လက်ရှိရှိနေတဲ့ ရေအရင်းအမြစ် တွေကိုလည်း မပျက်စီးအောင် စီမံခန့်ခွဲ ပေးမယ့် နှစ်ရှည်စီမံကိန်းတွေ ချမှတ် ဆောင်ရွက်ဖို့ လိုပြီလို့ ရေပညာရှင်အသိုင်း အဝိုင်းတွေက အစိုးရကို တိုက်တွန်းကြ ပါတယ်။

အဲဒီလို ရေရှည်တွက်ချက်ထားတဲ့စီမံချက်မရှိဘဲ လတ်တလောမှာ ရေမရှိ တဲ့နေရာမှာ မြေအောက်ရေတွင်းတွေ တူး လိုက်တာဟာ မြေအောက်ထဲမှာ နှစ် ပေါင်းများစွာ သိုလှောင်ထားတဲ့ရေတွေ ကိုလျော့နည်းပျက်စီးစေပြီး ရေရှည်အ တွက် အဖြေမဟုတ်ဘူးလို့ ဒေါက်တာခင် နီနီသိန်းက ဆိုပါတယ်။

အရေးပေါ်ရေလိုအပ်ချက်ကြောင့် မြေအောက်ရေတွင်းတွေ တူးလိုက်တာ ဟာ ပြဿနာရဲ့တစ်ရာခိုင်နှုန်းသာ ပြီး သွားတာဖြစ်ပြီး ရေရှည် ရေစီမံခန့်ခွဲရေး အတွက် အဖြေမဟုတ်သေးဘူးလို့ သူက ပြောပါတယ်။

မြေအောက်ရေတွေဟာ မြေကြီးထဲ ကနေ အလိုလိုစိမ့်ထွက်နေတဲ့ ရေတွေ မဟုတ်ပါဘူး။ မြေကြီးထဲမှာရှိတဲ့ ရေ အောင်းလွှာထဲကို ရေတွေစိမ့်ဝင်သွားတဲ့ အခါမှ ပြန်လည်ထုတ်ယူ သုံးစွဲကြတာပါ။

မြေအောက်ရေကို အတင်းအဓမ္မ ထုတ်ယူသုံးစွဲနေရင် မြေအောက်ရေပြင် (Water Table) ဟာ ပင်လယ်ရေငန် ရေပြင်အောက် နှိမ့်ကျသွားပြီး ရေချို တွေနေရာမှာ ရေငန်ဝင်ရောက်သွားနိုင် တယ်လို့ ရေအရင်းအမြစ်ပညာရှင်တွေက ပြောကြပါ တယ်။

ပညာရှင်တွေပြောဆိုချက်တွေအရ မြေကြီးထဲကနေ ထုတ်ယူသုံးစွဲလိုက်တဲ့ မြေအောက်ရေတွေကို ပြန်လည်ဖြည့် တင်းပေးဖို့လိုအပ်ပေမယ့် မြေကြီးထဲကို ရေစိမ့်ဝင်ဖို့ ခက်ခဲစေတဲ့ ကွန်ကရစ်လမ်းမ တွေ၊ အဆောက်အအုံတွေ ဆောက်လုပ် လိုက်တဲ့အခါမှာ မြေအောက်ရေတွေကို ပြန်လည်ဖြည့်တင်းဖို့ ခက်ခဲလာပါတယ်။ နောက်ဆုံးမှာ မြေအောက်ရေချိုအရင်း အမြစ်တွေကို လက်လွတ်ဆုံးရှုံးပြီး မြေပြို မြေကျွံမှုတွေစတဲ့ သဘာဝ ဘေးအန္တရာယ် တွေ ဖြစ်လာနိုင်တယ်လို့ ပညာရှင်တွေက ပြောကြပါတယ်။

ပညာရှင်တွေက ထောက်ပြပြော ဆိုနေကြပေမယ့် အစိုးရရဲ့ စနစ်ကျတဲ့ စီမံခန့်ခွဲမှုအောက်မှာရှိမနေတဲ့၊ သောက်သုံးရေ အတွက် နေပူကျဲကျဲမှာ အခြားရွာ အခြားနေရာကနေ ရေသွား ရှာနေရတဲ့ ဦးလှဆောင်တို့၊ မဌေးသင်းတို့ မြေရင့် ရွာအဖို့မှာတော့ ဘယ်အချိန်ထွက်လာမယ ်မသိသေးတဲ့ မြေအောက်ရေကို မျှော် တလင့်လင့်နဲ့ စောင့်စားနေရဆဲ ဖြစ်ပါတယ်။

အသက်အရွယ်ကြီးလာပြီးဖြစ်တဲ့ အတွက် နောင်တစ်ချိန် သူသေဆုံးသွား တဲ့အခါ သူနေခဲ့တဲ့ မြေရင့်ရွာကလေးမှာ ရေတွေ ဖောဖောသီသီရတာ မြင်ချင်ကြောင်း ဦးလှဆောင်က ရင်ဖွင့်ပါတယ်။

”မသေခင်တော့ ကိုယ့်ရပ် ကိုယ့် ရွာကို ရေတွေ ဝေဝေဆာဆာနဲ့ မြင်ခဲ့ချင်တယ်”

အဲဒီလို ပြောပြီးတဲ့အခါ ဦးလှ ဆောင်က သူ့မြေးကို စက်ဘီးပေါ်တင်၊ စက်ဘီးဒေါက်ကို ဖြုတ်၊ အရှိန်ရအောင် တွန်းပြီး သဲမြေလွှမ်းထားတဲ့ ရွာလမ်း အတိုင်း စက်ဘီးပေါ်တက်နင်းပြီး ထွက်သွားပါတော့တယ်။

(စာကြွင်း။  ။ မြေရင့်ရွာရဲ့ ရေတွင်း တူးဖော်တဲ့ နောက်ဆုံးအခြေအနေကို သိရဖို့ ဖောင်မပိတ်ခင် ဖေဖော်ဝါရီ ၂၉ ရက်က မြေရင့်ရွာအုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းကို မော်ကွန်းက ဆက်သွယ်မေးမြန်း ခဲ့ပါတယ်။ ဦးလှဆောင်လာကြည့်နေတဲ့ ရေတွင်းဟာ ပေ ၇ဝဝ အရောက် တွင်းထဲ မှာ ပိုက်ပြတ်ကျန်ခဲ့ပြီး ဆက်တူးမရတော့ လို့ နောက်တစ်တွင်းတူးဖော်နေရတယ် လို့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ အခု လောလောဆယ်မှာ ပခုက္ကူခရိုင် ကျေး လက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နဲ့ အခြား ရေအလှူအဖွဲ့တွေက လာလှူတဲ့ ရေတွေ၊ ရွာနီးချင်း စိုတောရွာက ရေတွေ ကို သုံးနေရတယ်လို့ သူက ဖြေကြားခဲ့ ပါတယ်။)

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."