ဖမ်းလေ များလေ
အထက်ပါ ပြဿ နာတွေကြောင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက လမ်းဘေးဈေးသည်တွေကို အရေးယူ နေတာပါ။ ဒါပေမဲ့ ဘယ်လောက်ပဲ အရေးယူယူ ဈေးသည်တွေ ဟာ ပပျောက်လျော့နည်းသွားခြင်း မရှိပါဘူး။ ဖမ်းလိုက်တဲ့ ပစ္စည်းတွေကို ပြန်ရွေးယူပြီး လမ်းပေါ်ကို ပြန်ပြန်ရောက်လာကြ တာပါပဲ။
ဈေးသည်တွေက သူတို့အဖို့ အခြားအလုပ်မရှိတဲ့ အတွက် ဈေးရောင်းတဲ့အလုပ်ကို စွန့်လွှတ်ဖို့ မဖြစ်နိုင်ဘူးလို့ ဆိုကြပါ တယ်။ လမ်းဘေးမှာဈေးရောင်းနိုင်မှ မိသားစုကို ထောက်ပံ့နိုင် ကြမှာဖြစ်တယ်လို့ အကြောင်းပြချက်ပေးကြပါတယ်။
တောင်ဒဂုံမှာနေထိုင်ပြီး ပန်းဆိုးတန်းတစ်ဝိုက်မှာ ဈေး လာရောင်းတဲ့ ကိုမျိုးအောင်ဆိုရင် ဈေးရောင်းတဲ့အလုပ်နဲ့ အသက် ၇ဝ အရွယ်အမေဖြစ်သူကို လုပ်ကျွေးနေသူပါ။ ”အခြား အလုပ် မရှိဘူးလား”လို့ သူ့ကို မေးတဲ့အခါမှာ ကိုမျိုးအောင်က ပြောင်နေတဲ့နဖူးကို သူ့လက်နဲ့ တဗျင်းဗျင်းကုတ်ရင်း ”ဘာသွား လုပ်ရမလဲ။ အခြားအလုပ်လုပ်စရာ မရှိပါဘူး”လို့ ဖြေပါတယ်။ သူဟာ ငယ်ငယ်ကတည်းက ဒီပန်းဆိုးတန်းတစ်ဝိုက်မှာ ဈေး သည်ဘဝနဲ့ပဲ ကျင်လည်ကြီးပြင်းလာခဲ့သူပါ။
ကိုမျိုးအောင်ဟာ ထောင်နှစ်ကြိမ်ကျဖူးပါတယ်။ နိုင်ငံရေး လုပ်လို့၊ လူသတ်မိလို့ မဟုတ်ပါဘူး။ လမ်းဘေးမှာ အခွေရောင်းလို့ အဖမ်းခံရတာပါ။ ပြီးခဲ့တဲ့ခြောက်လလောက်ကပဲ ထောင်က ပြန် ထွက်လာတဲ့ ကိုမျိုးအောင်ဟာ ပန်းဆိုးတန်းတစ်ဝိုက်မှာ ဖန်စီ အဆင်တန်ဆာပစ္စည်းတွေ ပြန်လည်ရောင်းချခဲ့ပါတယ်။ ဖန်စီ အဆင်တန်ဆာဆိုတာကတော့ ဈေးသက်သက်သာသာနဲ့ ဝယ် ယူဝတ်စားနိုင်တဲ့ ခန္ဓာကိုယ်အဆင်တန်ဆာကို ခေါ်တာပါ။
လူသွားလမ်းမပေါ် ဖြန့်ခင်းရောင်းချခဲ့တဲ့ ဖန်စီဆွဲကြိုးတွေ၊ လက်စွပ်တွေ၊ နားကပ်တွေကို လမ်းသွားလမ်းလာ ဆယ်ကျော် သက် မိန်းကလေးတွေ၊ ယောက်ျားလေးတွေ လာဝယ်ကြတယ်။ အဲဒီတုန်းက သူတစ်နေ့တစ်နေ့ကို ကျပ်နှစ်သောင်းဖိုးလောက် ရတယ်လို့ သူက ပြောပါတယ်။
ဒါပေမဲ့ ကံကြမ္မာအလှည့်အပြောင်းကြောင့် ဖန်စီပစ္စည်း ရောင်းတဲ့ ကိုမျိုးအောင်ဟာ အခုအချိန်မှာ သံပရာသီးတွေ ရောင်းနေရပါပြီ။ လွန်ခဲ့တဲ့ ဇွန် ၃ ရက်ကပဲ ကိုမျိုးအောင်ရဲ့ ဖန်စီ ပစ္စည်းအကုန်လုံး စည်ပင်ကားပေါ် ပါသွားခဲ့ပြန်ပါပြီ။ အဲဒီနေ့ မနက်စောစော သူ့ပစ္စည်းတွေကို လမ်းပေါ်မှာ ခဏချပြီး ခုံသွား ယူနေတဲ့ ကိုမျိုးအောင်ဟာ စည်ပင်ဝန်ထမ်းတွေ ကားနဲ့ ရောက် လာချိန်မှာ သူ့ပစ္စည်းတွေကို ကယ်တင်ချိန် မရလိုက်ပါဘူး။ သူ ပြန်လာတဲ့အချိန်မှာ သူ့ရဲ့တစ်သိန်းတန်တဲ့ ဖန်စီပစ္စည်းထုပ်ဟာ စည်ပင်ကားပေါ် ရောက်နှင့်နေပါပြီ။
စည်ပင်ဝန်ထမ်းတွေကို သူတောင်းပန်ပေမယ့် မရလိုက်ပါ ဘူး။ သူ့ပစ္စည်းတွေကို ဒဏ်ငွေဆောင်ပြီး ပြန်ရွေးဖို့လည်း ပိုက်ဆံ မလောက်ဘူး။ အဲဒီနေ့က စည်ပင်ဝန်ထမ်းတွေပေးခဲ့တဲ့ ပြေစာ တစ်ရွက်ကို အင်္ကျီအိတ်ကပ်ထဲထည့်ပြီး အိမ်ပြန်ခဲ့ရတယ်လို့ ဆို ပါတယ်။ ”တော်တော်စိတ်ညစ်သွားတယ်”လို့လည်း သူက ပြော တယ်။ ပစ္စည်းတွေ ပြန်ရွေးဖို့ သူ့မိတ်ဆွေတွေဆီမှာ ငွေသွားချေး တဲ့အခါ ဘယ်သူမှ မချေးကြပါဘူး။
ဒါပေမဲ့ သူဈေးမရောင်းရရင် စားစရာမရှိတဲ့အတွက် သူ့ အသိ သစ်သီးသည်တစ်ယောက်ဆီမှာ ဈေးကူရောင်းရပါတော့ တယ်။ သူ့မိတ်ဆွေ သစ်သီးသည်က ရောင်းနေတဲ့သစ်သီးတွေကို တစ်ဝက်ခွဲပေးပြီး ရောင်းခိုင်းပါတယ်။ ဈေးရောင်းခ တစ်ရက် ကျပ် ၃,ဝဝဝ ပေးပါတယ်။
သူအလုပ်လက်မဲ့ဖြစ်နေချိန်မှာ အလုပ်ပေးတဲ့ သစ်သီး သည်ကတော့ အခြားလူမဟုတ်ပါဘူး။ ဆောင်းပါးအစမှာ ဖော် ပြခဲ့တဲ့ အပေါ့သွားနေစဉ် သစ်သီးဗန်းအသိမ်းခံရတဲ့ ကိုမျိုးလှိုင်ပဲ ဖြစ်ပါတယ်။ ”အချင်းချင်းကိုယ်ချင်းစာလို့ ရောင်းခိုင်းတာပါ”လို့ ကိုမျိုးလှိုင်က ပြောပြပါတယ်။
သုံး၊ လေးရက် ကူရောင်းပေးပြီးနောက်မှာ ပန်းသီးရောင်း တဲ့အခြားမိတ်ဆွေတစ်ဦးက သံပရာသီးရောင်းဖို့ အကြံပေးခဲ့ပါ တယ်။ အခုဆိုရင် ကိုမျိုးအောင်ဟာ အနော်ရထာနဲ့ ပန်းဆိုးတန်း လမ်းဆုံမှာ သံပရာသီးတွေကို ရေခဲပုံးအလွတ်ပေါ်တင်ပြီး ရောင်း နေပါပြီ။
ကျွန်တော့်ရှေ့မှာတင် အမျိုးသမီးနှစ်ယောက်ဟာ ကိုမျိုး အောင်ဆီက သံပရာသီးတချို့ လာဝယ်သွားတာတွေ့ရတယ်။ သူ့လက်ထဲမှာ ငွေအကြွေတချို့ကို တွေ့နေရပါပြီ။ ဒါပေမဲ့ အဲဒီ ငွေဟာ စည်ပင်က သိမ်းသွားတဲ့ပစ္စည်းတွေ ပြန်ရွေးယူဖို့ မလုံ လောက်သေးဘူးလို့ သူကပြောရင်း ဖောက်သည်တွေကို စောင့် နေပါတယ်။
”နောက်ထပ် ပြန်မရွေးနိုင်သရွေ့ ကျွန်တော်သံပရာသီးပဲ ရောင်းနေရဦးမှာ”လို့ သူကဆိုတယ်။
မရှင်းနိုင်သေးတဲ့ ဈေးသည်ကိစ္စ
ကိုမျိုးလှိုင်တို့၊ ကိုမျိုးအောင်တို့လို လမ်းဘေးဈေးသည်တွေ ကို စည်ပင်ကအရေးယူလိုက်ပေမယ့် သူတို့ဟာ ဈေးရောင်းတဲ့ အလုပ်ပဲ ပြန်လုပ်လာကြတဲ့အတွက် မြို့တော်စည်ပင်အတွက် ဖြေရှင်းလို့မပြီးနိုင်တဲ့ ပြဿနာတစ်ခု ဖြစ်နေပါတယ်။
လမ်းဘေးဈေးသည်ပြဿ နာကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာနနဲ့ စီမံရေးရာဌာနတို့ ပူး ပေါင်းပြီး ကိုင်တွယ်ဆောင်ရွက်နေကြပါတယ်။
ဈေးသည်တွေကို ဒဏ်ငွေဆောင်စေပြီး သိမ်းဆည်းရမိတဲ့ ပစ္စည်းပစ္စယတွေကို ပြန်ပေးတယ်လို့ စည်ပင်အရာရှိတွေက ဆိုကြတယ်။
လာမရွေးတဲ့ပစ္စည်းတွေကိုတော့ ”အမှိုက်အဖြစ် သိမ်း ဆည်းပြီး လှိုင်သာယာက ထိန်ပင်အမှိုက်ပုံမှာ သွားလွှင့်ပစ် တယ်” လို့ စီမံရေးရာဌာန၊ လက်ထောက်ဌာနမှူး၊ အနောက်ပိုင်း ခရိုင်အုပ်ချုပ်ရေးမှူး ဦးငွေစိုးက ပြောပါတယ်။
မြို့တော်စည်ပင်က ဈေးသည်တွေကို နှစ်ထပ်ဈေးရုံတွေ ဆောက်ပြီး လမ်းဘေးဈေးသည်တွေကို နေရာချပေးဖို့ ကြိုးစားပါ တယ်။ လက်ရှိမှာလည်း ဈေးသည်တွေကို နေရာချထားပေးဖို့ နှစ် ထပ်ဈေးရုံ ၂၂ ရုံကို တည်ဆောက်ပြီးပြီလို့ ဈေးများဌာန ဒုတိယဌာနမှူး ဦးသန့်စင်ထွန်းက ပြောပါတယ်။
”တကယ်လည်း ကြိုးစားပမ်းစားလုပ်ခဲ့ဖူးပါတယ်။ ကျွန်တော်တို့က တင်ပေးလိုက်တယ်၊ ဈေးသည်တွေက သူတို့ဖောက် သည်တွေက အဲဒီနေရာ(လမ်းမတွေပေါ်)မှာရှိနေတယ်ဆိုပြီး လမ်းဘေးကို ပြန်ဆင်းသွားကြတယ်”လို့ သူက ဆိုပါတယ်။
ဦးသန့်ဇင်ထွန်းက လမ်းဘေးဈေးသည်တွေကို နေရာချ ပေးတဲ့အတွေ့အကြုံတချို့ကို ပြန်ပြောင်းပြောပြပါတယ်။ ၂ဝ၁၂ မှာ သူတို့ဦးဆောင်ပြီး ပုဇွန်တောင်ဈေးရှေ့မှာရောင်းချနေတဲ့ ပျံကျဈေးသည်တွေကို ဈေးထဲသွင်းခဲ့ကြပါတယ်။ ဈေးရှေ့မှာ ဈေးသည်တွေ လုံးဝမရှိအောင် စည်းကမ်းထိန်းသိမ်းရေးကို တင်း တင်းကြပ်ကြပ် လုပ်လိုက်ကြပါတယ်။
ပထမရက်တွေမှာ ဈေးဝယ်သူတွေက ဈေးထဲအထိလိုက် ဝယ်ကြပါတယ်။ ဒါပေမဲ့ များမကြာခင်မှာ သူတို့သွင်းလိုက်တဲ့ ဈေးသည်တွေဟာ အခြားဈေးရောင်းနည်းတစ်မျိုးနဲ့ ဈေးပြင်ကို ထွက်လာကြပြန်ပါတယ်။ ဒီတစ်ခါ ဈေးသည်တွေဟာ ဈေးဗန်း ပေါ် တင်ရောင်းတာမဟုတ်ဘဲ သားငါးတွေကို နှစ်ဆယ်သား၊ သုံးဆယ်သား၊ ငါးဆယ်သားဆိုပြီး ကြွပ်ကြွပ်အိတ်နဲ့ ထုပ်လာပြီး ဈေးပြင်မှာ အော်ရောင်းလိုက်ကြတာပါ။
ဝယ်တဲ့လူတွေကလည်း အလေးပြည့်၊ မပြည့်မသိပေမယ့် အဲဒီအထုပ်တွေကို ဝယ်သွားကြတယ်လို့ သူရဲ့ဈေးသည် ထိန်း သိမ်းရေးအတွေ့အကြုံကို ဦးသန့်ဇင်ထွန်းက ပြောပြပါတယ်။
ဒါကြောင့် ”ဈေးဝယ်တဲ့ပြည်သူတွေအနေနဲ့လည်း သန့် သန့်ရှင်းရှင်း နေရာပေးထားတဲ့နေရာမှာ ရောင်းတဲ့ ဈေးသည် တွေဆီကို ဈေးထဲဝင်ဝယ်မယ်ဆိုရင် စည်းကမ်းထိန်းသိမ်းရေး ဆောင်ရွက်တာ တစ်ဖက်တစ်လမ်းက အဆင်ပြေနိုင်မယ်”လို့ သူ က ပြောပါတယ်။
ဖြေရှင်းနည်း
တကယ်တော့ လမ်းဘေးဈေးသည်ဆိုတာ မြန်မာတစ် နိုင်ငံတည်းမှာ ရှိနေတာမဟုတ်ပါဘူး။ နိုင်ငံတကာမှာလည်း လမ်းဘေးဈေးသည်တွေ ရှိကြပါတယ်။ ဒါပေမဲ့ တိုးတက်တဲ့ နိုင်ငံ တချို့မှာ ဈေးသည်တွေကို တရားဝင်ရောင်းချခွင့် ပြုထားကြ ပါတယ်။
ဥပမာ-စင်ကာပူနိုင်ငံမှာဆိုရင် ဈေးသည်တွေ အရေ အတွက်ကို တိတိကျကျ စာရင်းကောက်ယူပြီး ဈေးရောင်းခွင့် မှတ်ပုံတင်တွေ ထုတ်ပေးခဲ့ပါတယ်။ အဲဒီလုပ်ငန်းစဉ်တွေကို အဆင့်ဆင့်လုပ်ဆောင်ပြီးတဲ့နောက်မှာ ဈေးသည်တွေ လိုက်နာ ရမယ့် စည်းကမ်းချက်တွေကို တိတိကျကျထုတ်ပြန်လိုက်နာစေခဲ့ပါတယ်။ မလိုက်နာတဲ့ဈေးသည်တွေကို လိုင်စင်ပိတ်သိမ်းတဲ့ အထိ အရေးယူခဲ့ပါတယ်။ စင်ကာပူနိုင်ငံကတော့ ဈေးသည် ပြဿ နာကို ဤနည်းနဲ့ ဖြေရှင်းနိုင်ခဲ့တယ်လို့ ပညာရှင်တွေက ဆို ပါတယ်။
မြန်မာနိုင်ငံစားသုံးသူများသမဂ္ဂ အတွင်းရေးမှူး ဦးမောင် မောင်ကလည်း ဈေးသည်တွေကို မှတ်ပုံတင်တွေထုတ်ပေးပြီး ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်ပေးသင့်တယ်လို့ ဆိုပါတယ်။ ဒီလိုကြပ်မတ်နိုင်မှ သူရောင်းချတဲ့ကုန်ပစ္စည်းတွေ၊ စားစရာ တွေအပေါ် အပြည့်အဝ တာဝန်ယူကြမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ယနေ့အချိန်အထိ ရန်ကုန်မြို့မှာ လမ်းဘေးဈေး သည် ဘယ်လောက်ရှိနေသလဲဆိုတာကို အစိုးဌာနတွေကလည်း တိတိကျကျမပြောနိုင်ကြပါဘူး။ လက်ရှိစည်ပင်သာယာက ဖြေရှင်းနေတဲ့နည်းလမ်းတွေအပေါ်မှာတော့ မြို့ပြစီမံကိန်းပညာရှင် တစ်ဦးအနေနဲ့ မှတ်ချက်ပေးဖို့ ဒေါက်တာကျော်လတ်က ငြင်းဆို ပါတယ်။
နိုင်ငံအတွင်းကလူတွေကို စက်ရုံ၊ အလုပ်ရုံတွေမှာ အလုပ် တွေမပေးနိုင်သရွေ့ လမ်းဘေးဈေးသည်တွေ ပေါ်လာနေဦးမှာ ဖြစ်တယ်လို့ ဒေါက်တာကျော်လတ်က ပြောပါတယ်။ ဒါပေမဲ့ ရန်ကုန်မှာ စက်ရုံ၊ အလုပ်ရုံတွေ ပေါ်လာဖို့ အဟန့်အတားတွေ ရှိ နေပါတယ်။ လက်ရှိမှာ စက်မှုဇုန်ထဲက မြေကွက်တစ်ကွက်ကို မြန်မာငွေ သိန်းခြောက်ထောင်လောက် ပေးရပါတယ်။ ရန်ကုန် မှာ စက်မှုမြေကွက်ဧက လေးထောင်လောက် လွတ်နေပြီး လုပ် ငန်းရှင်တချို့က ”လက်ဝါးကြီးအုပ်ထားကြတယ်”လို့ ဒေါက်တာ ကျော်လတ်က ပြောပါတယ်။
နိုင်ငံခြားလုပ်ငန်းရှင်တွေဟာ မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံလိုကြပေမယ့် မြေဈေးကြီးတဲ့အတွက် နောက်ဆုတ် သွားကြတယ်လို့ ဒေါက်တာကျော်လတ်က ဆိုပါတယ်။ စက်ရုံ တစ်ရုံ တည်နိုင်ရင် မြန်မာနိုင်ငံက လူ ၅ဝဝ ကနေ ၁,ဝဝဝ အထိ အလုပ်ရနိုင်တယ်လို့ သူက ခန့်မှန်းပါတယ်။ ဒါကြောင့် စက်ရုံ၊ အလုပ်ရုံတွေ ထပ်ပေါ်လာအောင် စက်မှုမြေတွေကို ဖြေလျော့ ပေးဖို့ လိုတယ်လို့လည်း ပြောပါတယ်။
စက်ရုံတစ်ရုံပေါ်လာဖို့ စက်ရုံတည်ဆောက်ဖို့ မြေနေရာ လိုသလို လည်ပတ်မယ့် လျှပ်စစ်ဓာတ်အားလည်း လိုပါတယ်။ လက်ရှိမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ လျှပ်စစ်ဓာတ်အား မလောက်ငမှုဖြစ်ပေါ်နေပြီး လက်ရှိ စက်မှုဇုန်တွေကို လျှပ်စစ် လောက်လောက်ငင ဖြန့်ဝေဖို့ အခက်အခဲဖြစ်နေတယ်လို့ တိုင်း ဒေသကြီးအစိုးရအဖွဲ့ ပြန်ကြားရေးတာဝန်ယူထားတဲ့ ကရင် တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက မေ ၂၈ ရက် က ပြုလုပ်တဲ့ အယ်ဒီတာဖိုရမ်မှာ သတင်းစာဆရာတွေကို ပြော ခဲ့ပါတယ်။
ဒါဟာ ရေရှည်ဖြေရှင်းရမယ့့်ပြဿ နာတစ်ခုဆိုပေမယ့် ဈေးသည်တွေဘက်ကတော့ တာဝန်ယူဖြေရှင်းပေးမယ့် အစိုးရကို မျှော်လင့်နေကြပါတယ်။ ဈေးဦးမပေါက်ခင် ဈေးဗန်းအသိမ်း ခံလိုက်ရတဲ့ နှင်းသီးသည် ကိုမျိုးလှိုင်က တရားဝင်မှတ်ပုံတင်ပြီး စည်းကမ်းတွေ သတ်မှတ်ပေးရင်လည်း လိုက်နာမှာဖြစ်တဲ့ အကြောင်း ပြောပါတယ်။
”ကျွန်တော်တို့ ဈေးသည်ဘဝက မလွယ်ပါဘူး။ တစ်နေ့ နေ့တော့ မပြေးမလွှားဘဲ အဆင်ပြေပြေ ဈေးရောင်းချင်ပါ တယ်”လို့ သူဖြစ်လိုတဲ့ဆန္ဒကို ဈေးရောင်းနေရင်းက ပြောပြပါ တယ်။ ကိုမျိုးလှိုင်က သူ့ဆီမှာ အသီးတွေလာဝယ်တဲ့ မိန်းကလေး နှစ်ဦးကို ငွေအကြွေတွေ ပြန်အမ်းပေးရင်း ကျွန်တော့်ကို အခုလို လှမ်းပြောလိုက်ပါတယ်။
”ကျွန်တော်တို့က မျှော်လင့်ချက်နဲ့ ဈေးရောင်းနေကြ တာပါ” ။ ။ အပိုင်း( ၁ )သို့
၂၀၁၆-သြဂုတ်လထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၇) မှ သတင်းဆောင်းပါး ဖြစ်ပါသည်။
လင်းမြတ် ရေးသည်။