မိုးကြိုးဘေး အသိပညာပေး ထိရောက်ဖို့ လိုအပ်လာ

၂ဝ၁၉၊ ဧပြီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၄)မှ  Feature ဖြစ်ပါသည်။

ဗညားကျော် ရေးသည်။

ပိန္နဲတောင် (ဧပြီ၊ ၂၀၁၉)

ကိုယ်ဝန်ရင့်မာနေပြီဖြစ်တဲ့ ဇနီးသည်နဲ့ လေးနှစ်သမီးကို ကိုဇော်မျိုးဟာ မနက်ပိုင်းမှာ သူ့အမေအိမ်မှာ လာပို့ရင်း လယ်ထဲက ရိုးပြတ်တွေကို မီးသွားရှို့မယ်ဆိုပြီး အိမ်က ထွက် သွားခဲ့ပါတယ်။ အလုပ်ပြီးရင် ဇနီးနဲ့ သမီးကို ပြန်လာခေါ်ရင်း မိခင် ဒေါ်သန်းအေး စားဖို့ ခြံထွက်ဘဲဥတွေ ယူလာခဲ့မယ်လို့ လည်း ပြောသွားခဲ့ပါတယ်။ ဒါပေမဲ့ ကိုဇော်မျိုးတစ်ယောက် သူ့ မိသားစုဆီကို ဘယ်တော့မှ ပြန်ရောက်မလာတော့ပါဘူး။ အကြောင်းကတော့ သူပြန်လာတဲ့ လမ်းမှာ မိုးကြိုးပစ်ခံရပြီး သေဆုံးသွားလို့ပါပဲ။

သားဖြစ်သူ မိုးကြိုးပစ်ခံရပြီး သေဆုံးခဲ့ရတဲ့အဖြစ်ကို သိ လိုက်ရတဲ့အချိန်မှာ မိခင်ဒေါ်သန်းအေးဟာ အရူးတစ်ပိုင်းဖြစ်တဲ့ အထိ ပူဆွေးဝမ်းနည်းခဲ့ရပါတယ်။

““ရင်ထဲမှာ ဘယ်လိုခံစားရလဲ ပြောတောင်မပြတတ်ပါဘူး၊ အခုထက်ထိတောင် ဆွေးလို့မဝဘူး ဖြစ်နေတယ်””လို့ အသက် ၆၄ နှစ်အရွယ် ဒေါ်သန်းအေးက မနှစ်က အဖြစ်အပျက်ကို ပြန် ပြောရင်း ကျူကျူပါအောင် ငိုချလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ကိုဇော်မျိုးလိုပဲ မိုးကြိုးပစ်ခံရလို့ သေဆုံး သူဦးရေဟာ တစ်နှစ်ထက် တစ်နှစ် တိုးလာနေပါတယ်။

မိုးကြိုး ဘေးအန္တရာယ်ကြောင့် အသက်သေဆုံးမှုတွေကို လျှော့ချကာကွယ်နိုင်ဖို့ အသိပညာပေးတာတွေ ထိထိရောက် ရောက် လုပ်ပေးဖို့လိုသလို မိုးကြိုးပစ်လေ့ရှိတတ်တဲ့  ကွင်းပြောင်ပြောင်နဲ့ လယ်ကွင်းတွေကြားမှာ မိုးကြိုးလွှဲတွေ တပ်ပေးဖို့ လို အပ်တယ်လို့ အာရှသဘာဝဘေးကြိုတင်ပြင်ရေးအဖွဲ့ (Asian Disaster Preparedness Center – ADPC) ရဲ့  မြန်မာနိုင်ငံ ရုံးက စွမ်းရည်ဖွံ့ဖြိုးမှုဆိုင်ရာကျွမ်းကျင်သူ (Capacity Development Specialist) ဦးမြတ်သာက ဆိုပါတယ်။

““အဲဒါကို (မိုးကြိုးဘေးကြောင့်သေဆုံးတဲ့)အချက် အလက်နဲ့ တောင်းဆိုမယ်ဆိုရင် အစိုးရလည်း လုပ်ပေးနိုင်မယ်၊ အသေအပျောက်လည်း လျှော့ချနိုင်မယ်”” လို့ သူက မှတ်ချက် ပေးပါတယ်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနရဲ့  “၂၀၃၀ မြန်မာနိုင်ငံ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေး လုပ်ငန်းစီမံချက်”အစီရင်ခံစာအရ ၂၀၁၄ ကနေ ၂၀၁၇ အထိ မိုးကြိုးဘေးကြောင့် သေဆုံးသူဦးရေ ၁၇၅ ဦး ရှိခဲ့ပါတယ်။ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရဲ့ စာရင်းတွေအရ ၂၀၁၇ မှာ သေဆုံးသူ ၁၁၅ ဦးနဲ့ ဒဏ်ရာရရှိသူ ၃၈ ဦးရှိပြီး ၂၀၁၈ မှာ သေဆုံးသူ ၁၁၃ ဦးနဲ့ ဒဏ်ရာရရှိသူ ၂၉ ဦးထိရှိတယ်လို့ ဖော်ပြထားပါတယ်။

Photo-Banyar Kyaw လျှပ်စီးဝင်၍ ကျွမ်းသွားသည့် မီးသီးကို ပြသစဉ်

မိုးကြိုးအပစ်များတဲ့ဒေသတွေဟာ ဧရာဝတီတိုင်း၊ ပဲခူး တိုင်းနဲ့ တနင်္သာရီတိုင်းဒေသကြီးတွေ ဖြစ်တယ်လို့ လူမှုဝန် ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ရဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ဩန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ပြောပါတယ်။

““မိုးကြိုးဘေးက လူ့အသက်ထိခိုက်မှုအန္တရာယ်ကလည်း တစ်နှစ်ထက် တစ်နှစ် ပိုဖြစ်လာတယ်””လို့ သူက မှတ်ချက်ပေး    ပါတယ်။

အရင်တုန်းကတော့ ကွင်းပြင်တွေမှာ အဖြစ်များပေမယ့် အခုနောက်ပိုင်း အိမ်ဝင်းထဲမှာဖြစ်ဖြစ်၊ ဆိုင်ကယ်နဲ့ သွားလာရင်း ဖြစ်ဖြစ် မိုးကြိုးအပစ်ခံရသလို လူနေအိမ်တွေကိုလည်း မိုးကြိုးပစ် ခံရတာ ရှိလာတယ်လို့ သူက ဆိုပါတယ်။

 

မိုးကြိုးဘေးဆိုတာ

မိုးကြိုးပစ်တယ်ဆိုတာ မိုးတိမ်တောင်တစ်ခုနဲ့ မြေပြင်ပေါ်က အရာဝတ္ထုတစ်ခုခုအကြား လျှပ်စစ်စီးကူးတာ ဖြစ်တယ်လို့ မိုး လေဝသပညာရှင် ဒေါက်တာထွန်းလွင်က ရှင်းပြပါတယ်။ မိုးတိမ် တောင်တွေရဲ့ ပုံပန်းသဏ္ဌာန်ဟာ ထုထည်ကြီးမားသလို ထူထပ် ပြီးတော့ အမည်းရောင်ရှိလို့ ကောင်းကင်မှာ မြင်နိုင်တယ်လို့ သူ က ဆိုပါတယ်။

ဒီမိုးတိမ်တောင်တွေဟာ မိုးကြိုကာလ (ဧပြီ ၁၅ – မေ ၁၅) နဲ့ မိုးလွန်ကာလ (အောက်တိုဘာ ၁၀ – နိုဝင်ဘာလကုန်ထိ) တွေ မှာ ဖြစ်ပေါ်လေ့ပြီး များသောအားဖြင့် မွန်းလွဲပိုင်းနှစ်နာရီဝန်း ကျင်မှာ သူတို့ဟာ အားကောင်းကာ ““ဆိုးဆိုးဝါးဝါး(မိုးကြိုးပစ် တာ) ဖြစ်တတ်တယ်””လို့ သူက မှတ်ချက်ပေးပါတယ်။

သူ့ရဲ့စစ်တမ်းတွေအရ  ယခုနောက်ပိုင်း မိုးကြိုကာလဟာ မေလကုန်အထိ ၁၅ ရက်ထပ်တိုးလာသလို မိုးလွန်ကာလဟာ လည်း စက်တင်ဘာလလယ်ကနေ စတွက်တာကြောင့် ၂၅ ရက် တိုးလာတယ်လို့ ဒေါက်တာထွန်းလွင်က သတိပေးပါတယ်။

မိုးတိမ်တောင်ဖြစ်တဲ့ မိုးကြိုနဲ့ မိုးလွန်ကာလတွေ ပိုရှည် လာတဲ့အတွက် မိုးတိမ်တောင်ကြောင့်ဖြစ်တဲ့ လျှပ်စီးလက်တာ၊ မိုးချုန်းတာ၊ နေရာကွက်ပြီး မိုးကြီးတာ၊ မိုးသက်လေပြင်းတိုက် ခတ်တာ၊ မိုးသီးကြွေကျတာ၊ မိုးကြိုးပစ်တာ၊ လေဆင်နှာမောင်း တိုက်တာ၊ စိုက်ဆင်းလေပြင်းတိုက်တာ၊ ရေဆင်းနှာမောင်းတိုက် တာနဲ့ ပင်လယ်မီးစုန်းတောက်တာတွေ ဖြစ်တယ်လို့ဆိုပါတယ်။

““အဲဒီထဲမှာ အသိသာဆုံးကတော့ မိုးကြိုးပစ်တာပဲပေါ့။ အဲဒီတော့ မိုးကြိုးပစ်တာတွေများတဲ့အတွက် အသေအပျောက် လည်း များတာပေါ့””လို့ သူက မော်ကွန်းကို ပြောပြပါတယ်။

မိုးကြိုးပစ်တတ်တဲ့ကာလဟာ တောင်သူလယ်သမားတွေ လုပ်ငန်းခွင်ဝင်တဲ့ကာလဖြစ်ပြီး အဲဒီလိုချိန်မှာ ကွင်းပြင်တွေမှာ သူတို့ပဲ ထီးတည်းကြီးရှိနေတာကြောင့် မိုးကြိုးရဲ့သားကောင်ဖြစ် သွားတယ်လို့ သူက ဆက်ပြောပါတယ်။

ဦးမြတ်သာကလည်း မိုးကြိုးဘေးဟာ မြေငလျင်ဘေးပြီး ရင် ကမ္ဘာပေါ်မှာ လူကို အချက်မပေးဘဲ ဘေးတွေ့စေတဲ့ ဒုတိယ အဆိုးဆုံးဘေးဖြစ်တယ်လို့ ဆိုပါတယ်။

Photo-Banyar Kyaw မိုးကြိုးပစ်ခံရသည့် အုန်းပင်ကို ပြနေသည့် မနွယ်နီစံ

လူတစ်ဦးဟာ မိုးကြိုးဘေးနဲ့ပတ်သက်ပြီး ““ဗဟုသုတရှိရင် တောင်မှ ပြင်ဆင်ချိန်နည်းတဲ့အနေအထားမျိုး ရှိတဲ့အတွက် အသက်ဆုံးရှုံးရတာတွေရှိတယ်”” လို့ သူက ဆက်ပြောပါတယ်။

ပြင်ဆင်ချိန်နည်းတယ် ဆိုတာကတော့ မိုးကြိုးပစ်နိုင်တဲ့အခြေအနေတစ်ခုမှာ လူတစ်ဦးဟာ သ့ူရဲ့ ကျောင်းလက်စ ကျွဲ၊ နွား၊ ဆိတ်တွေကို ပစ်ချထားခဲ့ဖို့၊ ခေါင်းပေါ်သယ်ရွက်လာတဲ့ ပစ္စည်းပစ္စယတွေကို အောက်ချထားခဲ့ဖို့ ခက်ခဲတဲ့ အခြေအနေ ဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။

 

တရားဝင်ကိန်းဂဏန်းထက် မြေပြင်မှာ သေဆုံးသူပိုများ

လူမှုဝန်ထမ်းဦးစီးဌာနရဲ့ စာရင်းတွေဟာ ဌာနက သိရတဲ့ ကိန်းဂဏန်းတွေသာဖြစ်ပြီး မြေပြင်လက်တွေ့အခြေအနေမှာ တော့ တရားဝင်စာရင်းတွေထက် ပိုများတာ တွေ့ရပါတယ်။

ဒေါ်သန်းအေးတို့နေတဲ့ ပိန္နဲတောင်ကျေးရွာဟာ လပွတ္တာ မြို့နယ်၊ ကျောက်ဖြူအုပ်စုအပိုင်ထဲမှာ တည်ရှိပါတယ်။  လူမှုဝန်ထမ်းဦးစီးဌာနရဲ့ မိုးကြိုးဘေးကြောင့် သေဆုံးသူစာရင်းမှာတော့ ဒီကျေးရွာလေးဟာ တစ်ကြိမ်သာ မှတ်တမ်းဝင်ခဲ့ပေမယ့် အရင် နှစ်တွေတုန်းက မိုးကြိုးဘေးခုနစ်ကြိမ်ခန့် ကြုံတွေ့ခဲ့ဖူးတယ်လို့ ပိန္နဲတောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်မိုးက ရှင်းပြပါတယ်။

အရင်က ဒီအဖြစ်အပျက်တွေကို ဌာနက စာရင်းမကောက် ခဲ့လို့ မှတ်တမ်းမဝင်တာ ဖြစ်နိုင်တယ်လို့ လပွတ္တာမြို့နယ်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ဆိုပါတယ်။

ကိုဇော်မျိုးမသေဆုံးခင် အစောပိုင်းနှစ်တွေမှာ မိုးကြိုး ဘေးကြောင့် သူတို့ရွာမှာ လူငါးဦးထိ အသက်ဆုံးရှုံးခဲ့သလို ကျွဲတစ်ကောင်လည်းဆုံးရှုံးခဲ့တယ်လို့ ဦးဇော်မိုးက ဆိုပါတယ်။ ဒါ့ အပြင် ကိုဇော်မျိုးဆုံးပါးပြီး မိုးနှောင်းကာလပိုင်းမှာလည်း ဒီ ကျေးရွာထဲက လူနေအိမ်နှစ်အိမ်နားက သစ်ပင်တွေကို မိုးကြိုး ပစ်ခဲ့ပါသေးတယ်။

ရွာထဲက လူနေအိမ်တွေနားကို မိုးကြိုးပစ်ခံရတဲ့ထဲမှာ မနွယ်နီစံတို့အိမ်လည်း ကြုံတွေ့ဖူးပါတယ်။ မနွယ်နီစံဟာ သူ့ ခင်ပွန်းနဲ့အတူ နေထိုင်တာဖြစ်ပြီး လသားအရွယ်ကလေးငယ်ကို အိမ်မှာ ပြုစုစောင့်ရှောက်နေသူတစ်ဦး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် သြဂုတ်လဆန်းပိုင်း မနက် ၁၀ နာရီဝန်းကျင်လောက်မှာ နှစ်လ သားအရွယ် သူ့ကလေးနဲ့ အိမ်ရှေှ့မှာ ထိုင်နေတုန်း လျှပ်စီးဝင်း ခနဲ လက်သွားပြီး သူ့နားအူထွက်သွားအောင် “ဂျိန်း”ဆိုတဲ့ အသံ ကြားလိုက်ရပါတယ်။

““ကြောက်ကြောက်လန့်လန့် ထပြေးလိုက်တာ ကျွန်မ လည်း ဘယ်လိုနဲ့ဘယ်လို အိမ်နောက် ရောက်သွားလဲ မသိဘူး””လို့ အသက် ၃၁ နှစ်အရွယ် မနွယ်နီစံက ပြန်ပြောင်းပြောပြပါတယ်။

အဲဒီတုန်းက မိုးကြိုးဟာ မနွယ်နီစံတို့ အိမ်ခြေရင်းက အုန်းပင်ကို ပစ်ချရာကနေ အိမ်ခေါင်တိုင်ထိသွားပြီးခေါင်တိုင်လည်း သုံးစိတ်လောက် ကွဲထွက်သွားပါတယ်။ ခေါင်တိုင်ကနေတစ်ဆင့်  ဘုရားစင်က မီးလုံး၊ မီးပလပ်ခုံနဲ့ တီဗီပါ လျှပ်စီးဝင်ပြီး ကျွမ်းသွား ခဲ့တယ်လို့ သူက ပြောပြပါတယ်။

Photo-Banyar Kyaw ပိန္နဲတောင်ကျေးရွာနှင့် ကြာကံကျေးရွာကြားက စားကျက်မြေ

အားနည်းနေသေးတဲ့ ပညာပေး အစီအစဉ်တွေ

မော်ကွန်း တွေ့ဆုံမေးမြန်းခဲ့တဲ့ ပညာရှင်တွေက မိုးကြိုး ပစ်တဲ့ဖြစ်စဉ်တွေဟာ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတု ပြောင်းလဲခြင်း ကြောင့် ဖြစ်ပေါ်လာတဲ့ ပြဿနာတစ်ခုဖြစ်ပြီး ဒါကို လောလော ဆယ်မှာ ရပ်တန့်သွားအောင်၊ လျော့ကျသွားအောင် လုပ်လို့မရ ဘူးလို့ ယေဘုယျအနေနဲ့ ခြုံငုံသုံးသပ်ကြပါတယ်။

ရာစုနှစ် အတော်ကြာကြာ ကမ္ဘာတစ်ဝန်းက ပြုန်းတီးလာ တဲ့ သစ်တောတွေ၊ ဖန်လုံအိမ်ဓာတ်ငွေ့တိုးလာတာတွေ၊ လူဦးရေ တိုးလာတာတွေနဲ့ ဓာတ်ငွေ့တိုးထုတ်လာတာတွေကြောင့် ရာသီ ဥတုပြောင်းလဲတာဟာ အရွေ့တစ်ခုနဲ့ ရွေ့နေတယ်လို့ ဦးမြတ်သာ က ဆိုပါတယ်။

““ဒါကြောင့် မိုးကြိုးကိုတော့ လျှော့ချလို့ မရဘူး၊ အသိ ပညာပေးပဲ လုပ်လို့ရတယ်”” လို့ သူက ဆက်ပြောပါတယ်။

ဒါပေမဲ့ လက်ရှိကျေးလက်ဒေသတွေမှာဆိုရင် မိုးကြိုးဘေး နဲ့ပတ်သက်ပြီး လုံလောက်တဲ့ အသိပညာပေးတွေ မရရှိကြသလို မိုးကြိုးပစ်တာဟာ မကောင်းမှုလုပ်တဲ့ လူတွေကိုပဲ ပစ်တာဆိုတဲ့ အယူဓလေ့တွေ ရှိနေသေးတာကြောင့် ““ငါက မဟုတ်တာ မလုပ် လို့ ငါ့ကိုတော့မပစ်လောက်ပါဘူး”” ဆိုပြီး ထင်မြင်တဲ့လူတွေ ရှိ ကြတယ်လို့ သူ့အမြင်ကို ပြောပါတယ်။

““အဲဒီတော့ သူတို့က မိုးကြိုးဘေးနဲ့ ပတ်သက်တဲ့ ပညာ ပေးတွေ အာရုံ သိပ်မရကြတာလည်းဖြစ်နိုင်တယ်။ ဒါက ယဉ်ကျေးမှုရဲ့ တွန်းအားတစ်ခုပေါ့”” လို့ ဦးမြတ်သာက မှတ်ချက်ပေး  ပါတယ်။

အထူးသဖြင့် မိုးကြိုးအများဆုံးပစ်တတ်တဲ့နေရာတွေဖြစ် တဲ့ ဧရာဝတီ၊ ပဲခူးနဲ့ တနသာၤရီတိုင်းဒေသကြီးတွေက ရွာထောင်ချီ ကို အသိပညာပေးဖို့ ဘဏ္ဍာရေးအကန့်အသတ်ရှိသလို လမ်းပန်း ဆက်သွယ်ရေး ခက်ခဲတာတွေကြောင့် လုံလောက်တဲ့ အသိပညာ ပေးတွေ မလုပ်နိုင်သေးဘူးလို့ သူက ဆက်ပြောပါတယ်။

ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းကလည်း သူတို့ဌာန အနေနဲ့ သဘာဝဘေးရှစ်မျိုးနဲ့ ပတ်သက်ပြီး ရွာတွေမှာဆွေးနွေးပွဲ တွေ၊ ဟောပြောပွဲတွေကို စာသင်ကျောင်းတွေ၊ ကျေးရွာတွေမှာ လုပ်တဲ့အခါ မိုးကြိုးဘေးကိုလည်း ထည့်သွင်း အသိပညာပေးတာ ရှိပေမယ့် ရွာအကုန်လုံးကိုတော့ မရောက်နိုင်သေးဘူးလို့ ဆို ပါတယ်။

သူတို့ဌာနက အဓိက အသိပညာဖြန့်ဝေနေတဲ့ သဘာ၀ ဘေးရှစ်မျိုးဆိုတာကတော့ မီးဘေး/တောမီးလောင်ခြင်း၊ မြေ ငလျင်၊ ဆူနာမီ၊ မိုးခေါင်ရေရှားခြင်း၊ မြေပြိုခြင်း၊ ရေကြီးရေလျှံ ခြင်း၊ ဆိုင်ကလုန်း/မုန်တိုင်းနဲ့ စက်မှုလုပ်ငန်း/ နည်းပညာဆိုင် ရာအန္တရာယ်တို့ဖြစ်ပါတယ်။

““ရုပ်သံအစီအစဉ်တွေမှာတော့ ကာတွန်း၊ ဇာတ်လမ်းတို လေးတွေနဲ့ အသိပညာပေးတွေလုပ်ပေးတယ်၊ အဲဒါကလည်း ကြည့်ဖြစ်သလောက်ထိတော့ လွှမ်းခြုံမှုဖြစ်မှာပေါ့””လို့ သူက မှတ်ချက်ပေးပါတယ်။

ဒါပေမဲ့ ဦးမြတ်သာကတော့ လက်ရှိ မြန်မာ့အသံ အစီ အစဉ်တစ်ခုတည်းနဲ့ပဲ ပညာပေးလုပ်နေတာဟာ ပစ်မှတ်တစ်ခုကို ခဲတစ်လုံးတည်းနဲ့ ပေါက်နေသလိုပဲဖြစ်တာကြောင့် ထိရောက်မှု အားနည်းနေသေးတယ်လို့ သူက ထောက်ပြပါတယ်။

““ခဲတစ်လုံးဆိုတော့ ထိချင်မှလည်း ထိမယ်၊ မထိချင်လည်း မထိဘူးလေ၊ အဲဒီတော့ ပြည်သူကို ပညာပေးချင်ရင် ရှိသမျှ မီဒီ ယာအားလုံးဝိုင်းပေါက်မှ ရမယ်၊ ပုံသေနည်းက ဒါပဲ”” လို့ သူက ဆိုပါတယ်။

မိုးကြိုးမကြာခဏ အပစ်ခံရတဲ့ ပိနဲ္နတောင်ကျေးရွာမှာ တော့ လူမှုဝန်ထမ်းက လာပေးတဲ့ မိုးကြိုးဘေးသင်တန်းမျိုးတွေ တစ်ခါမှမရခဲ့ဘူးလို့ အုပ်ချုပ်ရေးမှူး ဦးဇော်မိုးက ဆိုပါတယ်။ ဒီလို မိုးကြိုးပစ်တဲ့ အကြောင်းတရားကိုတော့ သူလည်း ဂဃဏန မသိဘူးလို့ ဆိုပါတယ်။

ပိန္နဲတောင်ကျေးရွာကနေ ခုနစ်မိုင်လောက်ဆက်သွားရင် ရောက်တဲ့ ကြာကံကျေးရွာအဝင်နားက လယ်တောမှာ မိသားစုနဲ့ အတူနေထိုင်တဲ့ လယ်သမား ဦးမောင်နိုင်ကတော့ မိုးကြိုးဘေးနဲ့ ပတ်သက်ပြီး ရေဒီယိုမှာ တစ်ခါတလေ နားထောင်ဖူးတယ်လို့ ဆိုပါတယ်။ သူနားလည်တာက ဒီလို မိုးကြိုးပစ်တာဟာ အပူ အအေးမမျှတာကြောင့် ဖြစ်တယ်ဆိုတာပါပဲ။

““နေကလည်း လေး-ငါးရက်ပူထားမယ်၊ မိုးကလည်း လျှပ် တစ်ပြက် ရွာလိုက်မယ်ဆို ဖြစ်တာများတယ်။ မိုးဦးကျဆို ပိုဆိုး တယ်””လို့ သူနားလည်တာကကို ရှင်းပြပါတယ်။

သူဆိုရင်လည်း လွန်ခဲ့တဲ့ သုံးနှစ်က မိုးကြိုးဘေးကြောင့် သူ့ရဲ့ ၁၁ ပေနီးနီး အမြင့်ရှိတဲ့ ကောက်ရိုးပုံကြီး မိုးကြိုးပစ်ခံခဲ့ရပါ တယ်။ သိပ်မကြာပါဘူး၊ နောက်တစ်လ အရောက်မှာပဲ သူ့ခိုင်း နွားတစ်ကောင်ကို မိုးကြိုးထပ်ပစ်ချသွားခဲ့ပါတယ်။

သူ့အနေနဲ့တော့ အလုပ်နားတဲ့အချိန်၊ မိုးရွာတဲ့အချိန်တွေ ရေဒီယိုနားထောင်ဖြစ်ပေမယ့် ဘေးအန္တရာယ်ဆိုင်ရာ အသိ ပညာ ဟောပြောပွဲတွေကတော့ နာဂစ်မုန်တိုင်းဖြစ်ပြီးနောက်မှာ တစ်ခုတက်ခဲ့ဖူးတာက လွဲရင် နောက်ပိုင်း ဘာတစ်ခုမှ မတက်ဖူး ဘူးလို့ ဆိုပါတယ်။

 

ဘယ်လို ဖြေရှင်းနေကြလဲ

လပွတ္တာမြို့နယ်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေးဝန်ကြီးဌာနရဲ့ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီး ဌာနက ဦးစီးအရာရှိ ဒေါ်အေးအေးရီက   မိုးကြိုးဘေးကြောင့် သေဆုံးသူမိသားစုကို ၂၀၁၆ ကစပြီး ဌာနက ကျပ်သုံးသိန်း ထောက်ပံ့သလို ဒဏ်ရာရရှိသူတွေကိုလည်း ၂၀၁၇ ကစပြီး ကျပ် ငါးသောင်း ထောက်ပံ့တဲ့ အစီအစဉ်တွေ ရှိတယ်လို့ ဆိုပါတယ်။

လပွတ္တာမြို့နယ်ဟာ ဧရာဝတီတိုင်းဒေသကြီးထဲမှာ မိုးကြိုး ဘေး အဖြစ်အများဆုံး မြို့နယ်ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်နှစ်စာရင်းအရ လူ ၁၆ ဦးသေဆုံးခဲ့သလို လူခြောက်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဝန်ကြီးဌာနက ဘေးအန္တရာယ်လျှော့ချရေးဟောပြောပွဲအတွက် တစ်လ တစ်ကြိမ် ကျပ် ၄၅,၀၀၀ ချထားပေးလို့ တစ် နှစ်ကို ၁၂ ရွာလောက်ထိသွားနိုင်ပေမယ့် စာသင်ကျောင်းလို ကျောင်းသား ၅၀၀ ဝန်းကျင်လောက်ရှိနေတဲ့ ဟောပြောပွဲတွေ အတွက်တော့ ကလေးတွေပျော်အောင် မုန့်တွေ ကျွေးတဲ့အခါ လုံလောက်မှုမရှိဘူးလို့ ဒေါ်အေးအေးရီက ပြောပါတယ်။

ရွာတွေကိုသွားတဲ့အခါ ဌာနက လိုင်းကားခစရိတ်ပေးပေ မယ့် စက်လှေ၊ ကားစင်းလုံးငှားပြီး သွားရမယ့်ရွာတွေအတွက် ဘတ်ဂျက် မရှိတာကြောင့် ရွာတိုင်းကို သွားဟောပြောဖို့ အခက် အခဲတွေ ရှိနေတုန်းပဲလို့ သူက ဆိုပါတယ်။

တစ်ခါတလေမှာ မြို့နယ်အဖွဲ့အစည်းတွေ၊ အရပ်ဘက်အဖွဲ့ အစည်းတွေနဲ့ သဘာဝဘေးဆိုင်ရာ ဟောပြောပွဲတွေကို ပူးပေါင်း ဆောင်ရွက်တာမျိုး ရှိရင်တော့ လိုက်သွားဖြစ်တယ်လို့ သူက ပြောပါတယ်။

ရွာတွေကို ကွင်းဆင်းပြီး သဘာဝဘေးအန္တရာယ်ရှစ်မျိုး အကြောင်းကို ဟောပြောတဲ့အခါမှာ မိုးကြိုးဘေးကို အဓိကထား ရှင်းပြသလို အခြား မီးဘေးနဲ့ လေဘေးတို့ကိုလည်းမပါမဖြစ် ထည့်ပြောတယ်လို့ သူကဆိုပါတယ်။ ဒါ့အပြင် အဲဒီရွာတွေမှာ လက်ကမ်းစာစောင်ဝေတာ၊ ဗီနိုင်းကပ်တာမျိုးလည်း လုပ်တယ် လို့ သူက ရှင်းပြပါတယ်။

““မိုးကြိုးဘေးဆိုတာ ကြိုတင်သိထားသင့်တဲ့အချက်တွေသိထားရင် ကာကွယ်နိုင်တာပေါ့၊ ဘာလို့ဆိုလဲဆိုတော့ ကြိုတင် ပြင်ဆင်မှုပဲလေ။ လျှပ်စီးတွေလက်လို့ ကိုယ်အပြင်မထွက်ရင် ကိုယ့်ကို ပစ်မှာမဟုတ်ဘူးလေ”” လို့ ဒေါ်အေးအေးရီက ဆိုပါတယ်။

မော်ကွန်းက တွေ့ဆုံခဲ့တဲ့ မိုးလေဝသပညာရှင်နဲ့ သဘာ၀ ဘေး စီမံခန့်ခွဲမှုပညာရှင်တွေကတော့ ပညာပေးအစီအစဉ်အပြင် ဖြစ်နိုင်ရင် မိုးကြိုးအပစ်များတဲ့နေရာတွေကိုစာရင်းသေချာပြုစုပြီး မိုးကြိုးလွှဲတွေ စိုက်ပေးထားကာ မိုးကြိုးဘေးကို လျှော့ချ တာမျိုး လုပ်နိုင်တယ်လို့ ဆိုကြပါတယ်။

မိုးကြိုးလွှဲအများစုဟာ လျှပ်စစ်လွှဲပြောင်းပေးတဲ့ စနစ်ဖြစ် တာကြောင့် လျှပ်စီးလမ်းကြောင်းကိုလည်း ထိန်းချုပ်ပေးနိုင် တယ်လို့ ဒေါက်တာထွန်းလွင်က ရှင်းပြပါတယ်။

မိုးကြိုးလွှဲတစ်ခုတည်ဆောက်ပုံမှာ သတ်္တုအစ (သို့) သတ္တု ချောင်းတစ်ခုကို လျှပ်ကူးပစ္စည်းတွေခံကာ မြေပြင်နဲ့ ဆက်သွယ် ပေးထားတာဖြစ်ပြီး အဆောက်အအုံကို မိုးကြိုးပစ်ခံရပါက     လျှပ်စစ်စီးကြောင်းက အဆောက်အအုံကို မထိခိုက်စေဘဲ မြေ ပြင်ကို လမ်းလွှဲပေးလိုက်တဲ့ စနစ်ဖြစ်တယ်လို့ သူက ဆက်ပြော  ပါတယ်။

ဦးမြတ်သာကလည်း အစိုးရအနေနဲ့ မိုးကြိုးအပစ်များတဲ့ နေရာတွေမှာ ကြီးထွားလွယ်တဲ့ သစ်ပင်မျိုး စိုက်ပေးနိုင်သလို သစ်ပင်စိုက်လို့ မရတဲ့နေရာမျိုးတွေမှာ မိုးကြိုးလွှဲ သုံးချောင်း လောက် တပ်ဆင်ပေးတာမျိုး လုပ်ပေးနိုင်တယ်လို့ မှတ်ချက်ပေး ပါတယ်။

““တစ်ချောင်းတည်းနဲ့တော့ မလောက်ဘူး၊ အဆင်မပြေ ဘူး။ သုံးချောင်းလောက်ဆို ပေါင်းစပ်စီးကူးပြီး ဒီထဲမှာ တစ်တိုင် မဟုတ် တစ်တိုင်ဝင်သွားတာပေါ့”” လို့ သူက ဆိုပါတယ်။

လပွတ္တာမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၁၂ က အမျိုးသား      လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဦးကြည်ဝင်းကလည်း မိုးကြိုးဘေးအဖြစ်များတဲ့ နေရာတွေမှာ မိုးကြိုးလွှဲကိရိယာတပ်ဆင်ရေးနဲ့ပတ်သက်ပြီး လာမယ့်ဧပြီ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ထည့်သွင်းမေးမြန်းသွားမယ်လို့ ဆိုပါတယ်။

လက်ရှိ မိုးကြိုးလွှဲဈေးနှုန်းကို မော်ကွန်းက စုံစမ်းသိရှိရ သလောက် အိမ်တွေမှာတပ်တဲ့ မိုးကြိုးလွှဲပစ္စည်းတစ်ခုအတွက် ကျပ် ၃၅,၀၀၀ ခန့်ရှိပြီး မြေကြီးထဲသွယ်တန်းတဲ့ ကြိုးတွေကတော့ အမျိုးအစားပေါ်မူတည်ပြီး တစ်ပေါင် (လေးပေကျော်) ကို ကျပ် ခုနစ်ထောင်ဝန်းကျင်ရှိတာကြောင့် အမြင့်ပေ ၄၀ အတွက် စုစု ပေါင်းကုန်ကျငွေ ကျပ် တစ်သိန်းဝန်းကျင်ခန့် ရှိတယ်လို့ လျှပ်စစ် ပစ္စည်းဈေးကွက်ထဲက သိရပါတယ်။

ကြာကံရွာက လယ်သမား ဦးမောင်နိုင်ကတော့ မိုးကြိုး ဘေးနဲ့ ပတ်သက်ပြီး ဟိုတုန်းကတော့ ကံတရားပါလာရင် သေမှာ ပဲဆိုပြီး မိုက်ရဲပေမယ့် အခုကတော့ လေး၊ ငါးရက် နေပူထားတယ် ဆိုရင် လယ်ထဲဆင်းတဲ့အခါ မိုး၊ လေအခြေအနေကို သတိထား လိုက်တယ်လို့ ပြောပြပါတယ်။

““ကိုယ်တွေက မိုးထဲ၊ လေထဲမှာ လယ်ထဲ အလုပ်လုပ်နေ တော့ ပစ်ခါမှပစ်ရော၊ ရှောင်ရန် တိမ်းရန်မရှိဘူးလေ”” လို့ ဆိုပါတယ်။

သူနဲ့အတူ လယ်ထဲမှာနေထိုင်တဲ့ သူ့ဇနီးသည် ဒေါ်မကြီး ကတော့ မိုးမှောင်မည်းလာလို့ မိုးချုန်းပြီးဆိုရင် ရှိသမျှ လျှပ်စစ် ပစ္စည်းတွေကို အကုန်ပိတ်ခိုင်းပြီး လျှပ်စီးလက်တာကို မမြင်ချင် လို့ မြေးတွေကိုခေါ်ပြီး အိမ်အနောက်မှာ သွားနေလိုက်တယ်လို့ ဆိုပါတယ်။

ငယ်ငယ်ကတည်းက မိုးချုန်းသံတွေ၊ လျှပ်စစ်လက်သံတွေ ကို သူနားယဉ်ခဲ့ပေမယ့် သူ့မျက်စိရှေ့မှာပဲ သူ့ကောက်ရိုးပုံကြီးနဲ့ ခိုင်းနွားကြီးကို မိုးကြိုးပစ်သွားလို့ အတော်ကြောက်လန့်သွားပြီး အခုဆိုရင် မိုးလေအုံ့လို့ မိုးချုန်းသံကြားရင်ကို ချောင်ထဲပဲ ပြေး ကပ်နေလိုက်တယ်လို့ ဒေါ်မကြီးက ဆိုပါတယ်။

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."