ဒေသခံတွေ ထိတ်လန့်နေတဲ့ ပိုက်လိုင်းလုံခြုံမှု

ဒေသခံတွေ ထိတ်လန့်နေတဲ့ ပိုက်လိုင်းလုံခြုံမှု

Photo: Lynn Myat                         ပိုက်လိုင်းအနီး အမှိုက်များ မီးရှို့ထားသည်ကို ကျောက်မဲမြို့နယ်၊ နောင်ပိန်လေးရွာအနီးတွင် ဤသို့မြင်တွေ့ခဲ့ရသည်

၂၀၁၆-ဇန်နဝါရီလထုတ် ၊ မော်ကွန်း မဂ္ဂဇင်းအမှတ်(၃၁)မှ မျက်နှာဖုံးဆောင်းပါး ဖြစ်ပါသည်။

ကျော်ဇေယျ ရေးသည်။

ပိုက်လိုင်းဖြတ်သန်းရာ ပြည်နယ်နှစ်ခုနဲ့ တိုင်းဒေသကြီးနှစ်ခုက ဒေသခံတွေမှာ တူညီတဲ့စိုးရိမ်မှုကို ပြောပါဆိုရင် ပိုက်လိုင်း ပေါက်ကွဲမှာကို အဓိကစိုးရိမ်နေကြတာကို ပြရမှာဖြစ်ပါတယ်။

ပိုက်လိုင်းတွေရဲ့လုံခြုံရေးနဲ့ပတ်သက်ရင် လူမှုအဖွဲ့အစည်း တွေကလည်း မေးခွန်းထုတ်ကြပါတယ်။ မြန်မာ-တရုတ် ဂက်စ်     ပိုက်လိုင်းစောင့်ကြည့်ရေးကော်မတီ (Myanmar-China Pipeline Watch Committee- MCPWC) မှာ အတိုင်ပင်ခံ လုပ်နေတဲ့ ဦးရည်မွန် (ခ) ကဗျာဆရာမောင်တင်သစ်ကလည်း   ပိုက်လိုင်းကြံ့ခိုင်မှုကို တကယ်လွတ်လပ်တဲ့ အဖွဲ့တွေ၊ ပညာရှင် တွေက အကဲဖြတ်ဆန်းစစ်ဖို့ လိုလိမ့်မယ်လို့ အကြံပြုတယ်။

”ပိုက်လိုင်းတည်ဆောက်တဲ့အခါမှာဘယ်လောက်စံချိန်စံ ညွှန်းနဲ့ညီအောင် တည်ဆောက်ခဲ့သလဲဆိုတာကတော့ မေးခွန်း တွေ အများကြီးပဲ”လို့ သူက ဆိုတယ်။

နိုင်ငံတကာမှာ ရေနံနဲ့ဓာတ်ငွေ့ပိုက်လိုင်းတွေ ပေါက်ကွဲခဲ့ ဖူးတဲ့ဖြစ်စဉ်၊ တရုတ်နိုင်ငံမှာလည်း ပိုက်လိုင်းတွေ ပေါက်ကွဲခဲ့ဖူး တဲ့ ဖြစ်စဉ်တွေ ရှိခဲ့တာကြောင့် မြန်မာ-တရုတ်ပိုက်လိုင်းစီမံကိန်းရဲ့ ကြံ့ခိုင်မှုကို လူမှုအဖွဲ့အစည်းတွေက စိုးရိမ်နေကြတာဖြစ်ပါတယ်။(တရုတ်နိုင်ငံအရှေ့ပိုင်း၊ ရှန်ဒုန်ပြည်နယ်၊ ချင်းဒါအောင်းမြို့မှာ ၂ဝ၁၃၊ နိုဝင်ဘာ ၂၂ ရက်က ရေနံပိုက်လိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ ပြီး လူ ၆ဝ ကျော်သေဆုံးကာ ၁၃ဝ ကျော် ဒဏ်ရာရသွားခဲ့ဖူးပါတယ်။ )

၂ဝ၁၅၊ ဒီဇင်ဘာ ၂ဝ ရက်ကလည်း တရုတ်နိုင်ငံတောင်ပိုင်း၊ ရှင်းကျန့်(Shenzhen)မြို့မှာ မြေပြိုမှုဖြစ်ပြီး CNPC က တည်ဆောက်ထားတဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းအေဂျင်စီနဲ့ စီစီတီဗွီတို့ကဖော်ပြခဲ့ကြပါတယ်။ CNPC ကတော့ သူတို့ပိုက် လိုင်းမှာ ပေါက်ကွဲမှုမဖြစ်ပွားခဲ့ပါဘူးလို့ ငြင်းဆိုခဲ့ပါတယ်။ သို့ သော်လည်း ထိခိုက်သွားတဲ့နေရာကို ပြင်ဆင်မှုတွေ ပြုလုပ်နေ တယ်လို့ CNPC က ထုတ်ပြန်တဲ့အကြောင်းနဲ့ မြေပြိုမှုကြောင့် ဓာတ်ငွေ့ပို့လွှတ်မှု ရပ်ဆိုင်ထားရကြောင်း The Wall Street Journal ကရေးသားခဲ့ပါတယ်။)

တရုတ်နိုင်ငံမှာတောင် ပိုက်လိုင်းတွေရဲ့ လုံခြုံမှုနဲ့ပတ်သက်ပြီး မေးခွန်းထုတ်စရာဖြစ်နေတဲ့အချိန်မှာ မြန်မာနိုင်ငံမှာ လာရောက်ဆောက်လုပ်ထားတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက် လိုင်းတွေရဲ့ လုံခြုံစိတ်ချရမှုကကော ဘယ်လိုရှိပါသလဲ။

ဒီအခြေအနေတွေကိုသိရဖို့ မော်ကွန်းက မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (Myanmar Oil and Gas Enterprise – MOGE) နဲ့ အရှေ့တောင်အာရှ  သဘာဝဓာတ်ငွေ့ကုမ္ပဏီ (South East Asia Gas Pipeline SEAGP) တို့ကို ချဉ်းကပ် မေးမြန်းခဲ့ပါတယ်။

သတင်းအချက်အလက်ရဖို့  ခဲယဉ်း

ရေနံနဲ့သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းရဲ့ လုံခြုံကြံ့ခိုင်မှု နဲ့ပတ်သက်ပြီး တိုင်းရင်းသားပဋိပက္ခဒေသတွေကို ဖြတ်သန်း သွားမှုအခြေအနေ၊ လူနေဧရိယာတွေမှာ ဖြတ်သန်းထားတဲ့အခြေ အနေနဲ့ မြန်မာနိုင်ငံရဲ့ ငလျင်ကြောတွေကို ဖြတ်သန်းတည် ဆောက်ထားတဲ့အတွက် အသုံးပြုထားတဲ့ နည်းပညာအခြေ အနေတွေကို MOGE နဲ့ SEAGP ကို မေးမြန်းခဲ့ပေမယ့် ခိုင်မာ လုံလောက်တဲ့ အချက်အလက်တွေတော့ မရခဲ့ပါဘူး။

ကျွန်တော်တို့ရည်ရွယ်ချက်က နည်းပညာဆိုင်ရာ အချက် အလက်တွေ ရလာခဲ့ရင် တစ်ဖက်မှာ ပညာရှင်တွေကို ချဉ်းကပ် ပြီး ပိုက်လိုင်းရဲ့ အခြေအနေကို မေးမြန်းကြည့်ဖို့ စီစဉ်ထားတာပါ။ ဒါပေမဲ့ စီစဉ်ထားတဲ့အတိုင်း ဖြစ်မလာခဲ့ပါဘူး။

တကယ်တော့ ကျွန်တော်တို့ မော်ကွန်းမဂ္ဂဇင်းပဲ ဒီစီမံ ကိန်းရဲ့ နည်းပညာပိုင်း ဆိုင်ရာသတင်းအချက်အလက်တွေကို သိရှိခွင့်မရခဲ့တာ မဟုတ်ပါဘူး။ စီမံကိန်းနည်းပညာတွေနဲ့ ပတ် သက်ရင် မြန်မာနိုင်ငံမှာ ပညာရှင်အများအပြားနဲ့ သုတေသန တွေပါလုပ်ဆောင်ပေးနေ တဲ့ဲ့ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းလို အဖွဲ့အစည်းကတောင် ဒီစီမံကိန်းနဲ့ဆက်စပ်တဲ့ ဘာသတင်း အချက်အလက်မှမရဘူးလို့ အဲဒီအသင်းရဲ့ ဥက္ကဋ္ဌဦးဝင်းခိုင်က သူရဲ့ အတွင်းရေးမှူးက တစ်ဆင့် မော်ကွန်းကို ပြောပါတယ်။

ပိုက်လိုင်းတွေကို တာဝန်ခံတည်ဆောက်လည်ပတ်နေတဲ့ SEAGP ကုမ္ပဏီက သူတို့ဟာ ဒီပိုက်လိုင်းတွေကို နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့အညီ တည်ဆောက်ထားတယ်လို့ ပြောပါ တယ်။ ပိုက်လိုင်းနှစ်ခုစလုံးကို Supervisory Control and Data Acquisition (SCADA) လို့ခေါ်တဲ့ နိုင်ငံတကာသုံး တာဝေးကြီးကြပ်ရေးစနစ်နဲ့ ထိန်းချုပ်ထားလို့ ပိုက်လိုင်းတွေရဲ့ လုံခြုံမှုကိုစိတ်ချပါလို့ အဲဒီကုမ္ပဏီရဲ့ ပြည်သူ့ ဆက်ဆံရေးဌာနက လက်ထောက်မန်နေဂျာ မစ္စတာဟင်နရီကျန်းက စကားပြန်က တစ်ဆင့် မော်ကွန်းကို ပြောပြပါတယ်။

”တစ်ဦးတစ်ယောက်ကြောင့် ပိုက်လိုင်းမှာ တစ်စုံတစ်ရာ ထိခိုက်ခဲ့ရင် SCADA မှာပေါ်တယ်။ SCADA က ပိုက်လိုင်း တစ်ခုလုံးရဲ့ ဖိအားကိုထိန်းချုပ်စောင့်ကြည့်တာ”လို့ သူတို့ပိုက်လိုင်းမှာတပ်ဆင်ထားတဲ့ နည်းပညာအကြောင်းကို မစ္စတာကျန်း က ရှင်းပြပါတယ်။

မတော်တဆမှုတွေ ဖြစ်ပွားလာခဲ့ရင်တောင် ပိုက်လိုင်းတစ် လျှောက်လုံး မထိခိုက်နိုင်အောင် Block Valve လို့ခေါ်တဲ့ အလို အလျောက်ပိတ်နိုင်၊ ဖွင့်နိုင်တဲ့ ပိုက်လိုင်းအဆို့ရှင်တွေ တပ်ဆင် ထားသေးတယ်လို့ သူက ဆိုတယ်။ ဒီအဆို့ရှင်တွေက ပိုက်လိုင်း မှာ မတော်တဆမှုဖြစ်ပေါ်ခဲ့ရင် ပိုက်လိုင်းတစ်လျှောက်လုံးကို မထိခိုက်စေဘဲ သက်ဆိုင်ရာမတော်တဆဖြစ်တဲ့ အစိတ်အပိုင်း မှာပဲ ပြဿနာကို ပြီးပြတ်သွားအောင် အလိုအလျောက်ထိန်း သိမ်းပေးတယ်လို့ မစ္စတာကျန်းက ဆိုတယ်။

သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှာဆိုရင် ပိုက်လိုင်းအဆို့ရှင် ၂၈ ခုနဲ့ ရေနံပိုက်လိုင်းမှာဆိုရင် ၃၁ ခုတပ်ဆင်ထားတယ်လို့ ဓာတ်ငွေ့ပိုက်လိုင်းနဲ့ ရေနံပိုက်လိုင်းဖော်ဆောင်တဲ့ ကုမ္ပဏီတို့က ၂ဝ၁၄ မှာထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားတယ်။ ဒါကို   ပိုက်လိုင်းနှစ်ခုရဲ့ အရှည်နဲ့ အချိုးချကြည့်ရင် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းမှာ ၁၈ မိုင်ဝန်းကျင်မှာ တစ်ခုနှုန်း၊ ရေနံပိုက်လိုင်းမှာ ၁၅ မိုင်ဝန်းကျင်မှာ တစ်ခုနှုန်း တပ်ဆင်ထားတယ်လို့ ပြောနိုင်ပါတယ်။

ဒီရေနံနဲ့ သဘာဓာတ်ငွေ့ပိုက်လိုင်းမှာ မတော်တဆမှု ဖြစ် ပေါ်ခဲ့ရင် ထိခိုက်နိုင်ခြေရှိတဲ့ဧရိယာတွေကို ဆန်းစစ်ထားပါ သလားလို့ မစ္စတာဟင်နရီကျန်းကို မော်ကွန်းမဂ္ဂဇင်းက မေး တော့  စီမံကိန်းတိုင်းမှာ Safety Evaluation (ဘေးကင်းရေး ဆန်းစစ်ချက်)နဲ့ပတ်သက်နေပြီး လုပ်ဆောင်ရတယ်လို့ မစ္စတာ ကျန်းက ရှင်းပြတယ်။ သို့ပေမဲ့ ဒီပိုက်လိုင်းစီမံကိန်းမှာ ထိခိုက် နိုင်ခြေဆန်းစစ်ချက်ကို ဘယ်လို လုပ်ထားတယ်ဆိုတာ သူလည်း ပညာရှင်မဟုတ်လို့ မပြောနိုင်ဘူးလို့ ပြန်ဖြေပါတယ်။ ဒီ Safety Evaluation အကြောင်း မေးခွန်းကို ယေဘုယျဖြေကြားမှုရဲ့ အဆုံးသတ်မှာတော့ မစ္စတာကျန်းက ”အဲဒီအပိုင်းကို စိတ်ချ ထားပါ”လို့ ပြောပါတယ်။

ဘယ်လိုဆန်းစစ်ချက်တွေ လုပ်ထားတယ်ဆိုတာကို မသိရ ပေမယ့် အချို့ဒေသတွေမှာ လူနေအိမ်တွေဟာ ပိုက်လိုင်းနဲ့ နီးနီး ကပ်ကပ် တည်ရှိနေကြတာကို မော်ကွန်းသတင်းထောက်တွေက တွေ့ခဲ့ရပါတယ်။

ငလျင်ဇုန်နဲ့ ပိုက်လိုင်း

မစ္စတာကျန်းတို့ပိုက်လိုင်းတွေဟာ မြန်မာနိုင်ငံကနာမည် ကြီး ငလျင်ကြောတွေအနက် အ္တနရာယ်အများဆုံးအစိတ်အပိုင်း တွေကနေ ဖြတ်သန်းတည်ဆောက်ထားတာကို သိပါသလားဆို ပြီး မော်ကွန်းက မေးတော့ ဒီအချက်အလက်ကို ဘယ်သူက ပြောတာလဲလို့ သူက မေးခွန်းပြန်ထုတ်ပါတယ်။

ပိုက်လိုင်းကုမ္ပဏီတွေက၂ဝ၁၄ မှာထုတ်ပြန်ထားတဲ့ အစီ ရင်ခံစာမှာတော့ ‘ငလျင်လှုပ်ခတ်မှု ပြင်းထန်သောနေရာဒေသ၊မြေငလျင်လှုပ်ရှားမှု ကျိုးပြတ်ခြင်းနေရာဒေသ၊ မြေပြိုမှု ဖြစ် လွယ်သည့် နေရာဒေသများ’ ကို ရှောင်ရှားခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ဒီရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းဟာ မြန်မာနိုင်ငံမှာ ပြန်လည်လှုပ်ခတ်တော့မယ်လို့ ငလျင်ပညာရှင်တွေ သတိပေးနေ တဲ့ စစ်ကိုင်းပြတ်ရွေ့ပေါ်ကအင်းဝငလျင်အစိတ်အပိုင်းနဲ့ ကျောက် ကြမ်းပြတ်ရွေ့ပေါ်က မေမြို့ငလျင် (ရပ်စောက်ငလျင်လို့လည်း ခေါ်ကြတယ်) အစိတ်အပိုင်းတွေကို ကန့်လန့်ဖြတ် အနေအထား နဲ့ ဖြတ်ထားတယ်လို့ မြန်မာနိုင်ငံမြေငလျင်ကော်မတီ၊ အတွင်း ရေးမှူး ဒေါက်တာမျိုးသန့်က ထောက်ပြတယ်။

မန္တလေးမြို့တောင်ဘက် တံတားဦးဒေသမှာ ပိုက်လိုင်း ဖြတ်သန်းထားတာဟာ ၁၈၃၉ အင်းဝငလျင်လှုပ်ထားတဲ့ စစ် ကိုင်းပြတ်ရွေ့ကြောရဲ့ အစိတ်အပိုင်းဖြစ်ပြီး ပြင်ဦးလွင်နဲ့ နောင်ချို မြို့နယ်တွေကို ပိုက်လိုင်းဖြတ်သန်းတဲ့နေရာဆိုရင်လည်း ၁၉၁၂ မေမြို့ငလျင် အစိတ်အပိုင်းကို ဖြတ်တယ်လို့ မြေငလျင်မြေပုံတွေ ကို ကိုးကားပြီး ဒေါက်တာမျိုးသန့်က ဆိုတယ်။

”မြန်မာနိုင်ငံမှာ ငလျင်ကြောကို သူတို့ရှောင်ရှားလို့ မရ ဘူး။ တခြားဟာတွေ မကြည့်နဲ့ဦး။ စစ်ကိုင်းပြတ်ရွေ့တစ်ခုတည်း ကိုပဲ သူတို့ ရှောင်လို့ မရဘူး။ ဒီပြတ်ရွေ့က နိုင်ငံတစ်နိုင်ငံလုံးကို ဖြတ်ထားတာလေ”လို့ ဒေါက်တာမျိုးသန့်က ပြောတယ်။

တံတားဦးမြို့နယ်ထဲက ပိုက်လိုင်းဖြတ်သန်းသွားတဲ့  စစ်ကိုင်းပြတ်ရွေ့ရဲ့ အင်းဝငလျင်အစိတ်အပိုင်းဇုန်ဟာ ငလျင်လှုပ် ခဲ့မယ်ဆိုရင် ဘေးတိုက် သုံးမီတာ (၁ဝ ပေခန့်)လောက်အထိရွေ့ သွားနိုင်တယ်လို့ ဒေါက်တာမျိုးသန့်က မြေပုံပေါ်က ပိုက်လိုင်း ဖြတ်သန်းရာလမ်းကြောင်းကို ကြည့်ပြီးသုံးသပ်ပါတယ်။

”စီမံကိန်းအများစုကတော့ ကျွန်တော်တို့ ဘာမှမသိလိုက် ရတာတွေများတယ်။ အမှန်တကယ်ကတော့ ပရောဂျက်တွေ လုပ်တဲ့အခါမှာ အနည်းဆုံးတော့ ပြည်တွင်းသိပ္ပံပညာရှင်တွေပေါ့၊ Geologist ဘူမိပညာရှင်)တွေပဲဖြစ်ဖြစ်၊ Seismologist (မြေ ငလျင်ပညာရှင်)တွေပဲ ဖြစ်ဖြစ်ပေါ့၊ အားလုံးနဲ့ အကြံဉာဏ်ယူပြီး ဆောက်မယ်ဆိုရင်တော့ ပိုပြီးတော့ ကောင်းတာပေါ့”လို့ ဒေါက် တာမျိုးသန့်က ပြောတယ်။

မြန်မာနိုင်ငံမြေငလျင်အသင်းက ၂ဝ၁၂ မှာ နောက်ဆုံး ထုတ်ပြန်ထားတဲ့ မြေငလျင်ဆိုင်ရာ ဒေသအလိုက် မြေပုံအရ ပိုက်လိုင်းကတော့ ကျိန်းသေပေါက် ငလျင်ကြောတွေကို ကန့် လန့်ဖြတ်သန်းနေတယ်လို့ သူက ထပ်လောင်းပြောပါတယ်။

ဒါကြောင့် ဒီပိုက်လိုင်းတစ်လျှောက်မှာ ငလျင်တွေကို ကြိုတင်တိုင်းတာသတိပေးစနစ်(Earthquake Early Warning System) တွေကို တပ်ဆင်စောင့်ကြည့်သင့်တယ်လို့ သူက ဆို တယ်။ အခြားဥရောပနိုင်ငံတွေမှာဆိုရင် ဒီလိုမြေငလျင်ဆိုင်ရာ သတိပေးစနစ် တပ်ဆင်ထားတာကြောင့် ဖြစ်ပေါ်လာတဲ့ ဘေး အန္တရာယ်တွေကို လျှော့ချနိုင်ခဲ့တာရှိတယ်လို့ ဒေါက်တာမျိုးသန့် က ပြောပါတယ်။

ဒေါက်တာမျိုးသန့်ပြောတဲ့ ကြိုတင်တိုင်းတာသတိပေး စနစ်ကို ရေနံနဲ့သဘာဝဓာတ်ငွေ့ပိုက်လိုင်းတွေမှာ တပ်ဆင်စောင့် ကြည့်တာမျိုး လုပ်သလားလို့မေးတော့ မစ္စတာကျန်းက ပြန် လည်ဖြေကြားခြင်းမရှိပါဘူး။ ဒါပေမဲ့ SCADA စနစ်တပ်ဆင် ထားတဲ့အတွက် လုံလောက်တယ်လို့ မစ္စတာကျန်းက ဆိုပါတယ်။

”လုံးဝကို သံသယရှိစရာမလိုဘူး။ နောက်ဆုံး (ရစ်ချက် တာစကေး)ရှစ်၊ ကိုးအဆင့်နဲ့ ငလျင်လှုပ်ခဲ့ရင်တောင် ဘာမှဖြစ်စရာ မရှိပါဘူး”လို့ သူက အာမခံပါတယ်။

နောက်ပြီး သူတို့ပိုက်လိုင်းဟာ မြန်မာနိုင်ငံမှာ နှစ် ၃ဝ စီမံ ကိန်းနဲ့ လုပ်တာဖြစ်ပြီး နှစ် ၃ဝဝ မဟုတ်တဲ့အတွက် ”နှစ်သုံးဆယ် အတွင်းမှာ လုံးဝ လုံခြုံစိတ်ချမှုအပြည့်ရှိပါတယ်”လို့ ထပ် လောင်းအာမခံပါသေးတယ်။ ပိုက်လိုင်းတစ်လျှောက် မြေငလျင် ဆိုင်ရာအချက်အလက်တွေကို သူတို့ကုမ္ပဏီက ပညာရှင်အဖွဲ့ တွေဟာ နှစ်ပေါင်းများစွာလေ့လာမှုလုပ်ပြီးမှ ဒီပိုက်လိုင်းကို တည်ဆောက်ထားတာလို့ မစ္စတာကျန်းက ပြောပါတယ်။

မြန်မာနိုင်ငံမှာသူတို့ ပိုက်လိုင်းတစ်ခုတည်း ငလျင်ကြော တွေကို ဖြတ်သန်းတည်ဆောက်တာမဟုတ်ဘဲ ထိုင်းနိုင်ငံကို သဘာဝဓာတ်ငွေ့တင်ပို့ရောင်းချနေတဲ့ ရတနာနဲ့ ရဲတံခွန်ပိုက် လိုင်းတွေဟာလည်း မြေငလျင်ကြောတွေကို ဖြတ်သန်းနေတာ ကြောင့် သူတို့ ပိုက်လိုင်းကျမှ  ထူးပြီး စိုးရိမ်စရာမလိုဘူးလို့ သူက နှိုင်းယှဉ်ထောက်ပြပါတယ်။

ဒါပေမဲ့ သူပြောတဲ့ ရတနာနဲ့ ရဲတံခွန်ပိုက်လိုင်းတွေ သွယ် တန်းထားတဲ့ တနင်္သာရီတိုင်းဟာ မြန်မာငလျင်ပညာရှင်တွေ သတ်မှတ်ထားတဲ့ ငလျင်ပြင်းထန်ဇုန်တွေမှာ မပါဝင်ပါဘူး။

မြန်မာ-တရုတ်ပိုက်လိုင်းတည်ဆောက်မှုကို နိုင်ငံတကာ အာမခံစနစ် ထားရှိထားတယ်လို့ မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့ လုပ်ငန်း (MOGE) က ပြောပြပါတယ်။

ဒီအာမခံနစ်ဟာ ပိုက်လိုင်းထိခိုက်ပျက်စီးမှုဖြစ်ပေါ်လာ တဲ့ အခါ ကုမ္ပဏီအတွက် ဆုံးရှုံးမှုတွေကို အကာအကွယ်ဖြစ်စေဖို့ လား၊ ဒေသခံတွေအတွက် အကာအကွယ်ပေးနိုင်ဖို့လားလို့ မစ္စတာကျန်းကိုမေးတော့ ”အဲဒီမေးခွန်းကတော့ ကျွန်တော် လည်း ဂဃနဏ မသိဘူး။ ကုမ္ပဏီရဲ့ ဘဏ္ဍာရေးဌာနတို့၊ ဘာတို့မှ ပဲ သိမယ်”လို့ ပြန်ဖြေပါတယ်။

ပြန်ဆန်းစစ်ဖို့လို

ပိုက်လိုင်းတည်ဆောက်ရေးတာဝန်ရှိသူတွေက ပိုက်လိုင်းလုံခြုံရေးနဲ့ပတ်သက်ပြီး ဘယ်လိုပဲပြောနေပေမယ့် အလုံးစုံစိတ် ချဖို့ မဖြစ်နိုင်ဘူးလို့ မြန်မာ-တရုတ်ပိုက်လိုင်းစောင့်ကြည့်ရေး ကော်မတီ MCPWC  ရဲ့  ညှိနှိုင်းရေးမှူးဖြစ်တဲ့ ဦးရဲသိန်းဦးက မှတ်ချက်ပေးပါတယ်။

”ပိုက်လိုင်းတစ်ခုခုဖြစ်သွားဖို့ဆိုတာဟာ သူတို့ (တရုတ် ကုမ္ပဏီ)အတွက်လည်း မလိုချင်ဆုံးအရာပဲ။ ထို့အတူ ဖြတ်သန်း ခံရတဲ့ တိုင်းသူပြည်သားတွေအတွက်လည်း မလိုချင်ဆုံးအရာ ပဲ”လို့ သူက ဆိုပါတယ်။

”ဒါပေမဲ့ အလုံးစုံလုံခြုံတယ်ဆိုတာကတော့ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”လို့ ဦးရဲသိန်းဦးက ပြောပါတယ်။

ငလျင်ရှုထောင့်က ကြည့်မယ်ဆိုရင်လည်း ကြိုတင်ဆန်း စစ်စရာတွေ ပြုလုပ်သင့်တယ်လို့ မြန်မာနိုင်ငံမြေငလျင်ကော်မတီ က ဒေါက်တာမျိုးသန့်က ဆိုပါတယ်။

အခုလို မြေအောက်မှာ မြှုပ်နှံတည်ဆောက်တဲ့ ပိုက်လိုင်း တွေကို ငလျင်လှုပ်တဲ့အခါ တိုက်ရိုက်သက်ရောက်တာကို ငလျင် ပညာရပ်အခေါ် အရ Surface Rupture လို့ခေါ်ပါတယ်။ ငလျင် ပြတ်ရွေ့တွေမှာ ဘေးတိုက်ရွေ့သွားတဲ့(Side-seismic Fault)ဆိုတာနဲ့  အောက်ကနေ တွန်းတင်တဲ့ (Thrust Fault)ဆိုပြီး ရှိပါတယ်။

မြန်မာနိုင်ငံမှာငလျင်လှုပ်တဲ့အခါ ဘေးတိုက်ရွေ့တဲ့ ပြတ် ရွေ့ရော၊ တွန်းတင်တဲ့ ပြတ်ရွေ့ရောဖြစ်ပေါ်တတ်ပါတယ်။ ဒီပိုက်လိုင်းတွေဟာ ဒီလိုပြတ်ရွေ့အမျိုးအစားနှစ်ခုစလုံးကို ဖြတ် သန်းထားတယ်လို့ ဒေါက်တာမျိုးသန့်က ဆိုပါတယ်။

ငလျင်လှုပ်ခဲ့ရင် ဒီပိုက်လိုင်းတွေ ရင်ဆိုင်ရနိုင်တာက Surface Rupture လို့ ခေါ်တဲ့ ပိုက်လိုင်းကျိုးပေါက်ပျက်စီးတာမျိုးအပြင် နောက်တစ်ခုက ပိုက်လိုင်းတွေမြေကြီးပေါ်ကို ပေါ်လာ တာတွေ ဖြစ်နိုင်တယ်လို့ ငလျင်အသင်းအတွင်းရေးမှူးက ဆိုတယ်။

ငလျင်လှုပ်တာကြောင့် မြေကြီးထဲမှာ မြှုပ်ထားတဲ့အရာ တွေ မြေပြင်ပေါ်ကို ပေါ်လာတာကို ငလျင်ပညာရှင်တွေက Liquefaction(သဲအရည်လည်ခြင်း)လို့ ခေါ်ပါတယ်။ ဒီလိုဖြစ် စဉ်တွေဟာ ငလျင်လှုပ်ပြီးတာရဲ့ နောက်ဆက်တွဲအဖြစ် ဖြစ်ပေါ် နိုင်တယ်လို့ ဒေါက်တာမျိုးသန့်က ဆိုတယ်။

ပိုက်လိုင်းဟာ မြေပြင်ပေါ်ကို ရောက်လာတာကြောင့် မူလ ဒီဇိုင်းနဲ့ ကွဲလွဲမှုတွေဖြစ်ပြီး ပိုက်လိုင်းပေါက်တာ၊ ကျိုးတာတွေ ဖြစ်တတ်တယ်လို့ ဒေါက်တာမျိုးသန့်က သုံးသပ်ပါတယ်။

” Surface Rupture ကိုခံနိုင်တဲ့ ဒီဇိုင်းမလုပ်ခဲ့ဘူးဆိုရင် ပြန်ပြီးတော့ မွမ်းမံရမှာပေါ့။   ဆိုတဲ့အခါကျတော့ (ပိုက်လိုင်းကို) Re-assessment (ပြန်စစ်ဆေးတာ)တော့ လုပ်သင့်တယ်”လို့ သူက ထပ်ဆင့်သတိပေးပါတယ်။

လက်နက်ကိုင်ပဋိပက္ခနဲ့  ပိုက်လိုင်းလုံခြုံမှု

တစ်ဖန် ပိုက်လိုင်းတွေဟာ ရှမ်းပြည်နယ်ထဲမှာဆိုရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရစစ်တပ် ထိတွေ့ တိုက်ပွဲ ဖြစ်လေ့ရှိတဲ့ ဒေသတွေကို ဖြတ်သန်းထားပါသေးတယ်။ ဒါ ကြောင့် ဒီလိုပဋိပက္ခတွေကနေ ဖြစ်ပေါ်လာနိုင်တဲ့ မတော်တဆမှု တွေကို ဘယ်လိုစီစဉ်ဆောင်ရွက်ထားပါသလဲလို့ မော်ကွန်းက SEAGP/SEAOP ကုမ္ပဏီကိုမေးမြန်းတဲ့အခါမှာ ”စိတ်မပူပါ နဲ့”လို့ မစ္စတာကျန်းက ပြောပါတယ်။

သူတို့ပိုက်လိုင်းရဲ့ မူလလမ်းကြောင်းဟာလည်းပဋိပက္ခဇုန် တွေနဲ့ လွတ်ကင်းသလို ကုမ္ပဏီအနေနဲ့လည်း ပိုမိုစိတ်ချရဖို့ မူလ ဒီဇိုင်းလမ်းကြောင်းရဲ့ ကီလိုမီတာ ၈ဝ (၄၉ မိုင်)အကွာလောက် အထိ ပြောင်းရွှေ့တည်ဆောက်ထားတာကြောင့် စိတ်ချရတယ်လို့ ရယ်ရယ်မောမောနဲ့ ပြောဆိုပါတယ်။

ပြီးတော့ ”ပိုက်လိုင်းဖြတ်သန်းတဲ့ လမ်းကြောင်းက အစိုးရ ထိန်းချုပ်နယ်မြေတွေပဲ ဖြတ်ခဲ့တာ။ အဲဒါကြောင့် အခုထိ ပိုက် လိုင်းတစ်လျှောက်မှာ စစ်မဖြစ်တာပေါ့” လို့ မစ္စတာကျန်းကသူရဲ့ မြန်မာစကားပြန်က တစ်ဆင့် ပြောဆိုတယ်။

ဒါပေမဲ့ ပိုက်လိုင်းနဲ့ပတ်သက်ပြီး ထုတ်ပြန်တဲ့အစီရင်ခံစာ တွေမှာတော့ လက်နက်ကိုင်တိုင်းရင်းသားတွေနဲ့ မြန်မာ့စစ်တပ် မကြာခဏထိပ်တိုက်တွေ့လေ့ရှိတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းကိုပိုက်လိုင်းက ဖြတ်သွားတယ်လို့ဆိုတယ်။

ရှမ်းပြည်နယ်က လက်နက်ကိုင်တပ်တစ်ခုဖြစ်တဲ့ TNLA ကလည်း သူတို့တပ်ဖွဲ့တွေကို ပိုက်လိုင်းဖြတ်သန်းရာနေရာတွေမှာ ပစ်တာခတ်တာတွေ မလုပ်ဖို့ မှာထားတယ်လို့ ပြန်ကြားရေးတာ ဝန်ခံ မိုင်းအိုက်ကျော်က မော်ကွန်းကို ပြောပါတယ်။ TNLA အနေနဲ့ ပိုက်လိုင်းဝန်းကျင် ငါးမိုင်ကနေ ဆယ်မိုင်ဝန်းကျင် အတွင်းမှာ တိုက်ပွဲတွေ မဖြစ်အောင် ရှောင်ကွင်းထားတာဖြစ်ပြီး နောက်ပိုင်းဖြစ်တဲ့ တိုက်ပွဲတွေဟာ လူတွေနဲ့ဝေးတဲ့နေရာတွေမှာ ဖြစ်ပွားတာဖြစ်တယ်လို့ မိုင်းအိုက်ကျော်က ရှင်းပြတယ်။

”ပိုက်လိုင်းဝန်းကျင်မှာ တိုက်ပွဲတွေ မဖြစ်အောင် ရှောင် တယ်။ ဘာဖြစ်လို့လဲဆိုရင် ဒေသခံတွေကို ထိခိုက်နိုင်လို့။ ပြီး တော့ မြန်မာ-တရုတ် ဆက်ဆံရေးကို ထိခိုက်မှာကို စိုးလို့”လို့ သူ က ဆိုတယ်။

ပဋိပက္ခဖြစ်နေတဲ့ဒေသတွေမှာ ပိုက်လိုင်းဖြတ်သန်းထား ပေမယ့် ဘာအ္တနရာယ်မှ ပိုက်လိုင်းမှာ ဖြစ်နိုင်ခြေမရှိဘူးလို့ MOGE  ရဲ့ ညွှန်ကြားရေးမှူးတစ်ဦးဖြစ်တဲ့ ဦးဝေဦးက အာမခံပါတယ်။

ပိုက်လိုင်းတစ်လျှောက် ပိုက်လိုင်းရဲတပ်ဖွဲ့သီးသန့်ခန့်အပ်တာဝန်ပေးထားပေမယ့် နယ်မြေမတည်ငြိမ်တဲ့ ရှမ်းပြည်နယ်မှာ တော့ တပ်မတော်ကိုပဲ ပိုက်လိုင်းလုံခြုံရေး တာဝန်ယူခိုင်းတယ်လို့ သူက ပြောတယ်။

”ဒုက္ခရောက်မှာဆိုတော့ (တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကလည်း)တတ်နိုင်သမျှ ပိုက်လိုင်းနားမှာ ဘာမှမဖြစ် ဘူး။ ပိုက်လိုင်းဧရိယာအပြင်ဘက်မှာ (တပ်မတော်နဲ့) တွေ့ချင် တွေ့မယ်”လို့နေပြည်တော်က MOGE  ရုံးမှာ မော်ကွန်းနဲ့ သီး သန့် တွေ့ဆုံမေးမြန်းမှုမှာ ဦးဝေဦးက ပြောဆိုပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အစိုးရစစ်တပ်ကြား ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေမှာ အသုံးပြုနေတဲ့ ၁ဝ၅ မမလို တာဝေး ပစ်လက်နက်ကြီးမျိုးကိုရော ပိုက်လိုင်းက ခံနိုင်ရည်ရှိလားလို့ မော်ကွန်းက မေးမြန်းတော့ ”ဒီလောက်ဟာကြီးကျရင်တော့ ကွဲတာပေါ့ဟ”လို့ ဦးဝေဦးက ဆိုတယ်။

လက်နက်ကြီးကျည်ဆန်တွေက ပိုက်လိုင်းကို ထိခိုက်လာ နိုင်ခြေ ရှိ၊ မရှိ မေးခွန်းကို မစ္စတာကျန်းကတော့ မဖြေခဲ့ပါဘူး။

မစ္စတာကျန်းက သူတို့ပိုက်လိုင်းဟာ လူတစ်ဦးတစ်ယောက်ရဲ့ ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးမှုကလွဲရင်  စီမံကိန်းကာလ နှစ် ၃ဝ အတွင်း မပျက်စီးဖို့ အာမခံအပြည့်ရှိတယ်လို့ ပြောတယ်။ လူတစ်ဦး တစ်ယောက်က တူးမယ်၊ ပိုက်လိုင်းကို အပေါက်ဖောက်မယ်ဆို ရင်တောင် မီးနဲ့ မထိတွေ့ရင် ဘာမှမဖြစ်နိုင်ဘူးလို့ မစ္စတာကျန်းက ပြောတယ်။

ပိုက်လိုင်းကတော့ ပေါက်ကွဲနိုင်ခြေဟာ အတော်ကို နည်း ပါတယ်လို့ သူက အာမခံတယ်။

ဒါပေမဲ့ ရွှေသဘာဝဓာတ်ငွေ့လှုပ်ရှားမှု (Shwe Gas Movement) အဖွဲ့ရဲ့ ညွှန်ကြားရေးမှူး ဦးဝင်းအောင်ကတော့ မစ္စတာကျန်းတို့ရဲ့ ပြောဆိုမှုနဲ့ပတ်သက်ပြီး ”ကုမ္ပဏီတွေကတော့ သူတို့ရဲ့လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အကာအကွယ်လုပ်ပြီး ကြုံ ရာပြောမှာပဲ” လို့ဆိုတယ်။

ဦးဝင်းအောင်က အခုလိုလည်း ပြောပါသေးတယ်။

”သူတို့(ကုမ္ပဏီ)ကဘယ်လောက်ပဲလုံခြုံတယ်ပြောဆို ပြောဆို သဘာဝဘေးကြောင့်ဖြစ်ဖြစ်၊ ပြည်တွင်းစစ်ကြောင့် ဖြစ် ဖြစ် တစ်စုံတစ်ခုဖြစ်ခဲ့ရင် ဘောလီဘောပုတ်ကြမှာပဲ’။       ။

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."