နောက်အစိုးရ ကိုင်တွယ်ရမည့် ပိုက်လိုင်းတစ်လျှောက် လူ့အခွင့်အရေး ချိုးဖောက်မှုများ

နောက်အစိုးရ ကိုင်တွယ်ရမည့် ပိုက်လိုင်းတစ်လျှောက် လူ့အခွင့်အရေး ချိုးဖောက်မှုများ

ကျွန်တော်တို့ မော်ကွန်းသတင်းထောက်တွေဟာ ရခိုင် ပြည်နယ်၊ ကျောက်ဖြူကနေ ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နယ် (တရုတ်နိုင်ငံ နယ်စပ်)အထိ ပိုက်လိုင်းဖြတ်သန်းရာဒေသတွေကို သွားရောက် လေ့လာခဲ့ကြပါတယ်။

အဲဒီနောက်မှာ ကျွန်တော်တို့ တွေ့ရှိလာတဲ့သတင်းအချက် အလက်တွေကို လူ့အခွင့်အရေးဆိုင်ရာပညာရှင်တွေနဲ့ တွေ့ဆုံ မေးမြန်းခဲ့သလို လူ့အခွင့်အရေးစာတမ်းတွေနဲ့လည်း ချိန်ထိုး ကြည့်ခဲ့ပါတယ်။ လူ့အခွင့်အရေးလှုပ်ရှားသူတချို့နဲ့လည်း တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။

ပိုက်လိုင်းဖြတ်တဲ့လမ်းကြောင်းတစ်လျှောက်မှာ ဒေသခံ တွေရဲ့လယ်ယာတွေ၊ ခြံတွေနဲ့ အခြားပုဂ္ဂလိကပိုင်ဆိုင်မှုတွေ ဖယ် ရှားခံရတာ၊ စီမံကိန်းလုပ်ငန်းတွေကြောင့် ပျက်စီးသွားတာ၊ လျော်ကြေးငွေ ထိုက်သင့်သလောက်မရတဲ့ ပြဿ      နာတွေဟာ ထင်သာမြင်သာတဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေဖြစ်တယ် လို့ လူ့အခွင့်အရေးပညာပေးလုပ်ငန်းတွေ၊ သုတေသနလုပ်ငန်း တွေ ဆောင်ရွက်နေတဲ့ Equality Myanmar က ညွှန်ကြားရေး မှူး ဦးအောင်မျိုးမင်းက သုံးသပ်ပါတယ်။

ထိုင်းနိုင်ငံအခြေစိုက် လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Fortify Rights ရဲ့ တည်တောင်သူနဲ့ အမှုဆောင်ညွှန်ကြားရေးမှူး လည်းဖြစ်တဲ့ မစ္စတာမက်သယူးစမစ် (Matthew Smith) ကလည်း ပိုက်လိုင်းတစ်လျှောက်နေထိုင်သူတွေအတွက် ပိုက် လိုင်းတွေက လူ့အခွင့်အရေးဆိုင်ရာ ဆိုးကျိုးတွေဖြစ်စေခဲ့တယ် လို့ မော်ကွန်း ကို ပြောပါတယ်။

”တချို့မိသားစုတွေက သူတို့ရဲ့မြေတွေအတွက် အတော် အသင့်လျော်ကြေးရကြပေမယ့် အများစုကတော့ (မျှမျှတတ) လျော်ကြေးမရခဲ့ကြသလို ဘာမှမရှိတော့သလောက်နီးပါးဖြစ် သွားကြတာကို ကျွန်တော်တို့ သိထားတယ်”လို့ သူကဆိုတယ်။

ကုလသမဂ္ဂက အတည်ပြုပြဋ္ဌာန်းထားပြီး မြန်မာနိုင်ငံက လည်း သဘောတူလက်မှတ်ရေးထိုးထားတဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းမှာ ပါဝင်တဲ့ လူတိုင်း အသက်ရှင် လုံခြုံခွင့်၊ လူတိုင်း ကိုယ်ပိုင်ပစ္စည်းပိုင်ဆိုင်ခွင့်၊ လူမှုဘဝ ဖူလုံခွင့်၊ ခံစားခွင့်နဲ့ လူတိုင်း မိမိပတ်ဝန်းကျင်ရဲ့ယဉ်ကျေးမှုမှာ ပါဝင်ခွင့်ရှိရ မယ်ဆိုတဲ့ အချက်တွေဟာ တိုက်ရိုက်ချိုးဖောက်ခံနေရတာဖြစ် တယ်လို့ ဦးအောင်မျိုးမင်းကလည်း ဆိုတယ်။

ရိုးရာဓလေ့အချို့ ထိခိုက်

ပိုက်လိုင်းဖြတ်သန်းရာဒေသတွေကို မော်ကွန်းမဂ္ဂဇင်းက သွားရောက်လေ့လာခဲ့တဲ့အခါမှာ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် က ရွာတချို့မှာ ပိုက်လိုင်းကြောင့် သုသာန်တွေ ပျက်စီးသွားလို့ လူသေဆုံးရင် သြင်္ဂိုဟ်စရာနေရာမရှိတဲ့ ပြဿ      နာကို တွေ့မြင်ခဲ့ရ ပါတယ်။

ရခိုင်ပြည်နယ်က အချို့ ရွာတွေမှာ အစိမ်းသေနဲ့ သဘာဝ အလျောက် အိုမင်းဖျားနာလို့ သေတဲ့သူတွေကို ခွဲပြီးမြှုပ်တာ တွေရှိသလို ရှမ်းပြည်ဘက်မှာဆိုရင်လည်း ဧည့်သင်္ချိုင်းနဲ့ ရွာက လူတွေသေရင် မြှုပ်တဲ့သင်္ချိုင်းဆိုပြီး ခွဲထားကြပါတယ်။ ရောပြီး မမြှုပ်ကြပါဘူး။ အကြောင်းကတော့ ရောပြီးမြှုပ်ရင် ရွာကလူတွေ ဆက်တိုက်သေတတ်တယ်လို့ အယူရှိလို့ပါ။

ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းဒေသကြီးအစပ်မှာနေတဲ့ အရှိုချင်းတွေရဲ့ ဓလေ့ဆိုရင် လူတွေသေသွားရင် မီးရှို့ပြီး ကျလာ တဲ့ အရိုးပြာကို အိုးထဲထည့်ကာ သင်္ချိုင်းမှာ သွားထားတဲ့ အလေ့ အထရှိပါတယ်။

အခုတော့ ပိုက်လိုင်းစီမံကိန်းကြောင့် သူတို့ရဲ့သင်္ချိုင်းအချို့ ဟာ အဖျက်ဆီးခံလိုက်ရပါပြီ။ လူတိုင်းမှာ သူတို့ သေဆုံးသွားခဲ့ ရင် ဘယ်လိုဘယ်ပုံ သြင်္ဂိုဟ်ရမယ်ဆိုတဲ့ ဓလေ့ထုံးတမ်းတွေ ရှိ ကြပါတယ်။

ဒါပေမဲ့ အဲဒီ ဓလေ့ထုံတမ်းစဉ်လာအရ သြင်္ဂိုဟ်ရမယ့် မြေ နေရာတွေ အသိမ်းဆည်းခံလိုက်ရတာ၊ အသိမ်းခံရတဲ့မြေနေရာ ပြန်အစားမရတာဟာ ဒေသခံတိုင်းရင်းသားတွေ ဘိုးစဉ်ဘောင် ဆက်က ဆင့်ကဲဆင့်ကဲ သယ်ဆောင်လာခဲ့တဲ့ ယုံကြည်မှု အယူ အဆတွေ၊ ယဉ်ကျေးမှုလက္ခဏာတွေ ပျက်စီးသွားတာ ဖြစ်တယ် လို့ ဦးအောင်မျိုးမင်းက ထောက်ပြပါတယ်။

ဒါဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာ တမ်း အပိုဒ် ၂၇ အရဆိုရင် ‘လူတိုင်း မိမိပတ်ဝန်းကျင်ရဲ့ ယဉ်ကျေး မှုမှာ ပါဝင်ခွင့်ရှိတယ်’ဆိုတဲ့ အချက်ကို ထိခိုက်စေတာပါ။

”ဒါတွေကို ကြည့်မယ်ဆိုရင် အသက်ရှင်နေတဲ့လူရဲ့ အခွင့် အရေးတင်မကဘူး၊ သေနေတဲ့ လူရဲ့အခွင့်အရေးပါ ထိခိုက်တဲ့ သဘောမျိုးတောင် ပြောလို့ရတယ်”လို့ ဦးအောင်မျိုးမင်းက ထောက်ပြတယ်။

သိခွင့်၊ ပါဝင်ခွင့်၊ ခံစားခွင့်

လူ့အခွင့်အရေးနဲ့ပတ်သက်ရင် နောက်ထပ်ထောက်ပြကြ တာက ပိုက်လိုင်းတစ်လျှောက်က ဒေသခံတွေရဲ့ သိရှိပိုင်ခွင့်ပါ။

ဒေသတစ်ခုမှာ သယံဇာတထုတ်ယူမှုနဲ့ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတစ်ခုခု အကောင်အထည်ဖော်တော့မယ်ဆိုရင် အဲဒီဒေသ မှာ နေထိုင်တဲ့ ဒေသခံတွေဟာ စီမံကိန်းနဲ့ ပတ်သက်တဲ့ သတင်း အချက်အလက်တွေကို သိရှိပိုင်ခွင့် (Right to Information)၊ စီမံကိန်းရဲ့ကောင်းကျိုးဆိုးပြစ်တွေကို သိရှိပြီး ပါဝင်ဆုံးဖြတ်ပိုင် ခွင့်(Right to Participation)နဲ့ စီမံကိန်းတွေက ရရှိလာတဲ့ အကျိုးရလဒ်တွေကို ခံစားပိုင်ခွင့်(Right to Remedy)တွေ ရှိရမယ်လို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။

ဒါပေမဲ့ အခုပိုက်လိုင်းစီမံကိန်းမှာတော့ အထက်ပါ အခွင့် အရေးသုံးချက်စလုံးကို ဒေသခံတွေ ဘာမှ ခံစားခွင့်မရှိခဲ့ဘူးလို့ ဦးအောင်မျိုးမင်းက ဆိုတယ်။ သတင်းအချက်အလက်ရရှိပိုင်ခွင့် (Right to Information)ကို ကြည့်ရင် ပိုက်လိုင်းစီမံကိန်းတွေ အကြောင်းကို ဒေသခံတွေ ကြိုတင်သိရှိခွင့်မရခဲ့ကြပါဘူး။

မကြာသေးခင်ကပြီးစီးသွားတဲ့ အထွေထွေရွေးကောက်ပွဲ မှာ ကျောက်ဖြူမြို့နယ်၊ အမှတ်  ၂ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်အဖြစ် အရွေးခံရတဲ့ ဦးဖိုးစံက ပိုက်လိုင်းစီမံကိန်းလုပ်မှာကို ဒေသခံတွေက ကြိုတင်မသိခဲ့ကြတာကြောင့် ပွင့်လင်းမြင်သာမှု မရှိတဲ့ စီမံကိန်းလို့ သုံးသပ်ပါတယ်။

”စီမံကိန်းလုပ်တယ်ဆိုတာ ကားကြီးကားငယ်တွေ ရောက် လာမှ သိရတာ”လို့ ရခိုင်အမျိုးသားပါတီ (ANP) မှ လွှတ်တော် ကိုယ်စားလှယ် ဦးဖိုးစံက မော်ကွန်းကို ပြောပါတယ်။

ဒါ့အပြင် ပိုက်လိုင်းကနေ ဝင်ငွေဘယ်လောက်ရရှိသလဲ၊ နိုင်ငံတော်ဖွံ့ဖြိုးရေးအတွက် ဘယ်လောက် အသုံးချသလဲ၊ သက် ဆိုင်တဲ့ ပြည်နယ်အစိုးရကိုရော ဘယ်လောက်ပေးသလဲဆိုတာ ဒေသခံတွေ အခုအထိ သိရှိခွင့် မရှိသေးဘူးလို့  ဦးဖိုးစံက ပြော ပါတယ်။

”စီမံကိန်းကြီးတော့ လုပ်သွားတယ်။ နှစ်သုံးဆယ်တော့ စာချုပ်ချုပ်သွားတယ်။ ဘယ်လိုချုပ်လဲ ယနေ့အထိ မသိရဘူး။ အဲဒါ အဆိုးဆုံးပဲ”လို့သူက ဆိုတယ်။

ဒါကြောင့်လည်း စီမံကိန်းအကြောင်းကို ပြည်သူလူထုက ဘာမှ မသိဘဲနဲ့ ”ဖယ်ဆို ဖယ်၊ ထွက်ဆိုထွက်၊ ပြေးဆိုပြေးဆိုတဲ့ ဘဝ” ဖြစ်နေတယ်လို့ ဦးအောင်မျိုးမင်းက ပြောတယ်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်ရေးကော်မရှင် ဒုတိယ ဥက္ကဋ္ဌ ဦးစစ်မြိုင်ကတော့ ဒီစီမံကိန်းတွေဟာ အရင်စစ်အစိုးရ လက်ထက်က စတင်ဆောင်ရွက်ခဲ့တဲ့ စီမံကိန်းတွေဖြစ်တဲ့အတွက် စီမံကိန်းနဲ့ပတ်သက်တဲ့ သဘောတူညီချက်တွေ၊ ရင်းနှီးမြှုပ်နှံမှု တွေအကြောင်းကို ပြည်သူတွေ သိခွင့်ရရှိဖို့ ခဲယဉ်းတယ်လို့ သုံး သပ်ပါတယ်။

မြန်မာ-တရုတ်ပိုက်လိုင်းစီမံကိန်းလို ရင်နှီးမြှုပ်နှံမှုတွေ အကြောင်း ဒေသခံတွေ သိရှိခွင့် ရှိ၊ မရှိဆိုတဲ့ မေးခွန်းကို ဦးစစ် မြိုင်က အခုလို ဖြေပါတယ်။ ”သိသင့်သလားဆိုတဲ့နေရာမှာ အလုံးစုံသိဖို့ မလိုအပ်ဘူး။ သိသင့်သလောက်ကိုတော့ အသိပေး သင့်တယ်။ သမ္မတသိသလို ခင်ဗျားတို့၊ ကျွန်တော်တို့က မသိနိုင် ဘူးလေ”လို့ ၎င်းက ဆိုပါတယ်။

နေပြည်တော်ပုပ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်အဖြစ် ရွေးချယ်ခံထားရတဲ့ ဦးရည်မွန်(ခ) ကဗျာဆရာ မောင်တင်သစ်ကတော့ စီမံကိန်းနဲ့ ပတ်သက်တဲ့ စာချုပ်တွေရဲ့ သက်တမ်းကာလတွေ၊ နှစ်နိုင်ငံ အပြန်အလှန် ခွဲဝေခံစားမှုတွေ အပြင် ကုမ္ပဏီက စီမံကိန်းနဲ့ ပတ်သက်ပြီး ဘာတာဝန်ယူမှုတွေ လုပ်ထားသလဲဆိုတဲ့ အချက်တွေကို သိရှိခွင့်ရှိရမယ်လို့ ဆို ပါတယ်။

”ဒါက ဒေသခံတွေတင် မဟုတ်ဘူး။ ပြည်သူတစ်ရပ်လုံးက သိရမှာ။ စာချုပ်တစ်ခုလုံးကို မသိရရင်တောင်မှ စီမံကိန်းကနေ ရရှိလာတဲ့ ဝင်ငွေတွေကို ကျွန်တော်တို့ သိရမယ်”လို့ သူက ဆိုပါတယ်။

မြန်မာနိုင်ငံက  EITI အဖွဲ့ထဲဝင်ထားတာကြောင့် အထက် ပါအချက်အလက်တွေဟာ မဖြစ်မနေ အသိပေးရမယ့် ကိစ္စတွေ  ဖြစ်တယ်လို့ ဦးရည်မွန်က ပြောပါတယ်။

မော်ကွန်းက ပိုက်လိုင်းတစ်လျှောက်ရှိ ဒေသခံအချို့နဲ့ စကားပြောကြည့်တဲ့အခါ သူတို့တစ်တွေဟာ စီမံကိန်းအကြောင်း ကို ဘာမှကြိုတင်မသိခဲ့ရသလို စီမံကိန်းဆောင်ရွက်တဲ့ကိစ္စ အဆင့်ဆင့် အကောင်အထည်ဖော်ရာမှာလည်း ဆုံးဖြတ်ခွင့်၊ ပါ ဝင်ခွင့် မရှိခဲ့ကြဘူးဆိုတာကို တွေ့ ခဲ့ရတယ်။

စီမံကိန်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ထိခိုက်ပျက်စီးနိုင်ခြေတွေ၊ လူမှုရေးနဲ့ ယဉ်ကျေးမှု ထိခိုက် နိုင်ခြေတွေကို ဆွေးနွေးတဲ့နေရာတွေမှာလည်း ဒေသခံတွေ ပါ ဝင်ခွင့်မရခဲ့ပါဘူး။

စီမံကိန်းကို ဘယ်လိုလုပ်သင့်၊ ဆောင်ရွက်သင့်တယ်ဆို တာကို နိုင်ငံခြားပညာရှင်များကသာ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ပိုက် လိုင်းနဲ့ ပတ်သက်နေတဲ့ အချို့သောလုပ်ရပ်တွေဟာ ဒေသခံတွေ ကို ပိုပြီးဝန်ထုပ်ဝန်ပိုးဖြစ်စေတယ်လို့ ဦးအောင်မျိုးမင်းက ဆို တယ်။

ဝင်ငွေ ဒေါ်လာသန်းပေါင်းများစွာ ရရှိတယ်ဆိုပေမယ့် မြန် မာနိုင်ငံကို ဓားလွယ်ခုတ်ဖြတ်သန်းသွားတဲ့ ပိုက်လိုင်းစီမံကိန်းရဲ့ အကျိုးရလဒ်တွေကို ဒေသခံတွေ ခံစားခွင့်မရှိတဲ့အတွက် Rights to Remedy  လို့ခေါ်တဲ့ အကျိုးရလဒ်ခံစားခွင့်တွေ ဆုံးရှုံးတယ်လို့ ဦးအောင်မျိုးမင်းက ဆက်ပြောပါတယ်။

”ဂက်စ်ထွက်တဲ့ ရခိုင်လိုဒေသမှာ (လျှပ်စစ်) မီးကောင်း ကောင်းမရဘဲ ထင်းနဲ့ပဲ သုံးနေရတဲ့အဖြစ်မျိုး”လို့ သူက ဥပမာပေး òန်းဆိုတယ်။

ခြစားမှု

ပိုက်လိုင်းဖြတ်တဲ့ဧရိယာအနီးက ဒေသခံတွေအဖို့တော့ ပိုက်လိုင်းက ရရှိလာတဲ့အကျိုးရလဒ်တွေကို မဆိုထားနဲ့၊ စီမံကိန်း အကောင်အထည်ဖော်ရာမှာ သိမ်းဆည်းခံရတဲ့ လယ်မြေတွေ အတွက် ကုမ္ပဏီက ပေးလျော်တဲ့ လျော်ကြေးငွေတွေဟာ လျော် ကြေးပေးတဲ့ အဖွဲ့မှာ ပါဝင်သူတချို့နဲ့ ဌာနဆိုင်ရာတချို့ရဲ့ လာဘ် စားမှုတွေကြောင့် အပြည့်အဝမရရှိဘဲ လမ်းခုလတ်မှာတင် ဆုံးရှုံး ကြရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဖြစ်စဉ်အများစုအတွက် မော်ကွန်းအနေနဲ့ သီးခြားအတည် ပြုချက်တွေ မရယူနိုင်ခဲ့ပေမယ့် ပိုက်လိုင်းစီမံကိန်းနဲ့ပတ်သက်ပြီး ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာတွေကလည်း ခြစားတဲ့ပြဿ      နာကို ထောက်ပြကြပါတယ်။

ရှမ်းပြည်နယ်ဘက်မှာဆိုရင် လယ်သမားအချို့ဟာ လျော် ကြေးငွေကို အိမ်အထိပိုက်ယူလာပြီးခါမှ မြေစာရင်းနဲ့ ထွေ/အုပ် ဝန်ထမ်းတွေက အိမ်အထိလိုက်လာပြီး ရာခိုင်နှုန်းအလိုက် တောင်း ယူသွားတာမျိုးတွေရှိတယ်လို့ ကိုယ်တိုင်ခံစားခဲ့ရတဲ့ လယ်သမား တွေက ပြောဆိုပါတယ်။

            ဒီလိုလာဘ်စားမှုတွေဟာ မြန်မာနိုင်ငံက ဝန်ထမ်းတချို့ရဲ့ အရိုးစွဲနေတဲ့အကျင့်လို့ နမ္မတူမြို့နယ်ကိုယ်စားပြု ပြည်နယ်လွှတ် တော်ကိုယ်စားလှယ် ဒေါ်နန်းခမ်းအေးက ပြောပါတယ်။ (မကြာ သေးခင်က ပြုလုပ်ခဲ့တဲ့ရွေးကောက်ပွဲမှာလည်း  ဒေါ်နန်းခမ်းအေး ဟာ ပြည်သူ့လွှတ်တော်အတွက် ရှမ်းတိုင်းရင်းသားများ ဒီမို ကရေစီအဖွဲ့ချုပ် (SNLD) ကနေ အရွေးခံခဲ့ရပါတယ်။)

”များသောအားဖြင့်တော့ ဥပဒေဘယ်လောက် ပြဋ္ဌာန်း ပြဋ္ဌာန်း လိုက်မလုပ်ကြဘူး။ အဲဒီလို အရေးယူကြေးဆို အဲဒီ အုပ် ချုပ်ရေး(ဌာနမှာ တာဝန်ရှိသူ)တွေ အကုန်လုံးကို အရေးယူရ မှာ”လို့ ဒေါ်နန်းခမ်းအေးက ဆိုပါတယ်။

ဒီလိုလာဘ်စားတဲ့ ဝန်ထမ်းတချို့ကို နေရာပြောင်းရွှေ့ပြီး အပြစ်ပေးတာတွေ လုပ်ခဲ့ပေမယ့် လျော်ကြေးငွေတွေကို ခွဲဝေ ပေးလိုက်ရတဲ့ သူတို့ရဲ့ငွေတွေကို ပြန်မရကြဘူးလို့ ဒေသခံ တောင်သူတချို့က ဆိုပါတယ်။

ဒါနဲ့ပတ်သက်ပြီး ပိုက်လိုင်းကို တည်ဆောက်ပြီး လည်ပတ် ဖို့ အဓိကတာဝန်ယူထားတဲ့ ကုမ္ပဏီဖြစ်တဲ့ SEAGP  နဲ့ SEAOP တို့ကို မော်ကွန်းက ချဉ်းကပ်မေးမြန်းခဲ့ပါတယ်။

SEAGP ရဲ့ လူထုဆက်ဆံရေး လက်ထောက်မန်နေဂျာ မစ္စတာဟင်နရီကျန်းက ”ကျွန်တော်တို့ကတော့ မြေယာလျော် ကြေးတွေဟာ မျှတတယ်လို့ ယူဆပါတယ်”လို့ မော်ကွန်းနဲ့ အင် တာဗျူးမှာ ပြောပါတယ်။

နောက်ပြီး ကုမ္ပဏီက သိမ်းယူခဲ့တဲ့ အမြဲသိမ်းမြေတွေ အတွက် လျော်ကြေးပေးတဲ့အခါမှာ အခမ်းအနားတွေနဲ့ လျော် ကြေးပေးခဲ့တာဖြစ်တယ်လို့ သူကဆိုတယ်။ ပေးလိုက်တဲ့လျော် ကြေးတွေ ဌာနဆိုင်ရာတွေရဲ့ လာဘ်စားခံရတာ၊ လမ်းမှာ ပျောက်ဆုံးတာ၊ အလုခံရတာတွေဖြစ်ရင်တော့ ဆုံးရှုံးနစ်နာသူ တွေအနေနဲ့ ဥပဒေရဲ့ အကူအညီကို ရယူရမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

သင်ခန်းစာနဲ့ အဖြေ

အကျင့်ပျက်ခြစားမှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်စေတဲ့ ယခင်စစ်အစိုးရလက်ထက်မှာ စတင်အကောင်အထည် ဖော်ခဲ့ပြီး အခုအချိန်မှာ လည်ပတ်နေပြီဖြစ်တဲ့ တရုတ်-မြန်မာ ပိုက်လိုင်းစီမံကိန်းကို လုံးဝရပ်ပစ်ဖို့ မဖြစ်နိုင်ဘူးလို့ မော်ကွန်းက ချဉ်းကပ်ခဲ့တဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေ၊ လွှတ်တော်ကိုယ် စားလှယ်တွေက ပြောကြပါတယ်။

ဒါပေမဲ့ စီမံကိန်းရဲ့လက်ရှိပြဿနာတွေကို အခြေခံပြီး သင် ခန်းစာယူရမယ်လို့ Equality က ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်းက ပြောပါတယ်။

”ဒီစီမံကိန်းက ပြီးလည်းပြီးနေပြီ။ အရင်အစိုးရရဲ့ ကောင်း မွေ၊ ဆိုးမွေကို နောက်အစိုးရက ခံရမှာပဲ။ ပြီးတဲ့ဟာကို ပြောင်းပစ် ဖို့က ခက်တယ်။ ဒါပေမဲ့ ဒါက သင်ခန်းစာတော့ အနည်းဆုံး ဖြစ် မယ်ဗျ”လို့သူက ဆိုပါတယ်။

နောက်အစိုးရသစ်အနေနဲ့ နောက်နောင်မှာ စီမံကိန်းတွေ၊ သဘာဝသယံဇာတထုတ်ယူမှုတွေ ဆောင်ရွက်မယ်ဆိုရင် ဒေသ ခံတွေရဲ့ သတင်းအချက်အလက်သိပိုင်ခွင့်တွေ၊ ပါဝင်ခွင့်တွေ၊ အကျိုးခံစားခွင့်တွေရရှိအောင် ထည့်သွင်းစဉ်းစားပေးဖို့ လိုမယ် လို့ ၎င်းက ဆိုပါတယ်။

နောက်တက်လာမယ့်အစိုးရအနေနဲ့ လုပ်ဆောင်သင့်တဲ့ အချက်ကို Fortify Rights က မက်သယူးစမစ်ကလည်း ယခုလို ဆိုတယ်။

”သဘာဝပတ်ဝန်းကျင်၊ ဒါမှမဟုတ် လူ့အခွင့်အရေးပေါ်မှာ သက်ရောက်မှုရှိတဲ့ စီမံကိန်းတွေအတွက် လူမှုအသိုင်းဝိုင်းကို ကြိုတင်အသိပေးထားပြီး လွတ်လပ်စွာဆန္ဒပြုနိုင်မှု (Free, Prior and Informed Consent ) တွေ ရှိစေဖို့ NLD အနေနဲ့ အသေအချာလုပ်ဆောင်သင့်တယ်”

လွှတ်တော် ဘာလုပ်သင့်လဲ

စီမံကိန်းက ရရှိလာတဲ့ ဘဏ္ဍာငွေတွေထဲက ဒေသခံတွေ အကျိုးခံစားခွင့်ရရေးတောင်းဆိုမယ်ဆိုရင် ဒီစီမံကိန်းတွေ၊ ရေနံ နဲ့ ဓာတ်ငွေ့ရောင်းချမှုတွေကနေ နိုင်ငံက ရရှိတဲ့ ဝင်ငွေဘယ် လောက်ရှိသလဲ၊ စီမံကိန်းမစတင်မီက ချုပ်ဆိုခဲ့ပြီး ယခုအချိန် အထိ လူသိမခံသေးတဲ့ စာချုပ်တွေပေါ်က အချက်အလက်တွေကို ပြည်သူလူထုကို ပွင့်ပွင့်လင်းလင်းချပြဖို့ လိုတယ်လို့ မော်ကွန်း က မေးမြန်းခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက သုံးသပ်ကြ ပါတယ်။

လွှတ်တော်မှာ လွှတ်တော် ကိုယ်စားလှယ်အချို့က ပိုက် လိုင်းစီမံကိန်းနဲ့ ပတ်သက်ပြီး တောင်းဆိုဆွေးနွေးမှုတွေ ထိုက် သင့်သလောက် ရှိခဲ့ပေမယ့် ”စီမံကိန်းနဲ့ပတ်သက်ပြီး ပွင့်လင်း မြင်သာမှု၊ တာဝန်ခံမှုရှိတဲ့ စီမံကိန်း ဖြစ်လာဖို့ တွန်းအားပေးတဲ့ နေရာမှာတော့ အားနည်းခဲ့ တယ်”လို့ ဦးရည်မွန်က ပြောပါတယ်။

ဒါကြောင့် နောက်အစိုးရလက်ထက်မှာ စီမံကိန်းတစ်ခုလုံး  ကို ခြုံငုံဆန်းစစ်ပြီး လိုအပ်တဲ့ တာဝန်ယူမှုတွေ လုပ်ဖို့ လိုအပ် တယ်လို့ ဦးရည်မွန်က သုံးသပ်ပါတယ်။

”ကျွန်တော်တို့ အဓိက တိုက်တွန်းရမှာကတော့  စီမံကိန်း ရဲ့ ပွင့်လင်းမြင်သာမှုအပိုင်းနဲ့ တာဝန်ယူမှုအပိုင်းတွေကိုပေါ့” လို့ ၎င်းက ဆိုပါတယ်။

အစိုးရသစ်လက်ထက်မှာ ပိုက်လိုင်းကြောင့် သဘာဝပတ် ဝန်းကျင်ထိခိုက်မှုတွေ၊ လျော်ကြေးမမျှတမှုတွေ၊ စီမံကိန်းတစ်ခု လုံးရဲ့ ပွင့်လင်းမြင်သာမှုတွေကိုလည်း သိခွင့်ရဖို့ မျှော်လင့်တယ်လို့ ဦးရည်မွန်က ဆိုပါတယ်။

နမ္မတူမြို့နယ် အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ဒေါ်နန်းခမ်းအေးကလည်း ပိုက်လိုင်းကရရှိတဲ့ ဝင်ငွေရဲ့ ငါး ရာခိုင်နှုန်းကို ဒေသခံတွေ ခံစားခွင့်ရဖို့ တောင်းဆိုထားပြီး အစိုးရ သစ်လက်ထက်မှာလည်း ဆက်လက်တောင်းဆိုသွားမှာဖြစ်တယ် လို့ မော်ကွန်းကို ပြောပါတယ်။

ကျောက်ဖြူမြို့နယ်မှ အမှတ် (၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရတဲ့ ဦးဖိုးစံကလည်း ”ဖွဲ့ စည်းပုံအခြေခံဥပဒေ ကိုင်ဆောင်ပြီး တောင်းရမှာ လွှတ်တော် ကိုယ်စားလှယ်ရဲ့တာဝန်ပဲ” လို့ ပြောပါတယ်။

ပိုက်လိုင်းစီမံကိန်းတွေ စတင်စဉ်တုန်းက ပြည်သူလူထု နစ်နာမှုမရှိအောင် ဆောင်ရွက်ခဲ့ပေမယ့် ပြောင်းလဲဖြစ်ပေါ်လာတဲ့ ဥပဒေတွေနဲ့အညီ တရုတ်ဘက်ကရော မြန်မာအစိုးရဘက်ကပါ ဒီပိုက်လိုင်းနဲ့ပတ်သက်တဲ့ ပြဿ      နာတွေကို လိုက်လျောညီထွေ ပြင်ပေးရမယ်လို့ မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလွင်က ပြောပါတယ်။ ပြီး တော့ ဦးသိန်းလွင်က အခုလိုလည်း ပြောပါတယ်။

”(ဒေသခံတွေ) တင်ပြတာတွေချည်းပဲ တစ်ဖက်သတ် မကြည့်ဘဲ အဘက်ဘက်က ပြည့်စုံအောင်ဆောင်ရွက်မယ်ဆိုရင် တရုတ်နဲ့ မြန်မာတာဝန်ရှိတဲ့သူတွေရော၊ ပြည်သူတွေဘက်က ရော ကျေနပ်မယ်လို့ ထင်ပါတယ်”။     ။

၂၀၁၆-ဇန်နဝါရီလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၁)မှ မျက်နှာဖုံးဆောင်းပါး ဖြစ်ပါသည်။

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."