အချိန်က ည ၉ နာရီစွန်းစွန်း။ ဦးဝိစာရလမ်းအတိုင်း မောင်းနှင်လာသည့် တိုရိုတာကလူဂါ (Kluger)အဖြူရောင်ကားပေါ်မှ မြန်မာတေးသီချင်းသံက လမ်းမထက်သို့ ဖိတ်လျှံကျနေသည်။ ဦးဝိစာရ အဝိုင်းကိုလွန်၍ တော်လှန်ရေးပန်းခြံအနီး မီးပွိုင့် အရောက်မှာတော့ ယာဉ်မောင်းလာသူ ကြား လိုက်ရသည်က နားဝင်ပီယံရှိလှသည့် တေးသီ ချင်းသံမဟုတ်။
‘ဒုန်း’ ဟူသောမြည်ဟည်းသံနှင့်အတူ မျက်လုံးအိမ် အတွင်း ပြာဝေသွားသည်။ ယာဉ်မောင်းသူ၏ဝမ်းဗိုက်ဆီမှလည်း စူးရှသည့်နာကျင်မှုကို မချိတင်ကဲ ခံစားလိုက်ရ၏။ သူသည် အားတင်းကာ ညီဖြစ်သူထံသို့ ဖုန်းဆက်လိုက်သည်။ ယင်း နောက်ပိုင်း ဘာတွေဆက်ဖြစ်ခဲ့သည်ကို သူကောင်းကောင်း မမှတ်မိတော့ဘူးဟု ရန်ကုန်ပြည်သူ့ဆေးရုံံကြီး၊ အရေးပေါ် လူနာ ကုသဆောင်တစ်ခုသို့တက်ရောက်ကုသနေသည့် နိုင်ငံကျော် ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် ဦးအောင်ခိုင်က ပြောပြသည်။ အင်တာဗျူးနေချိန်တွင် သူသည် ခုတင်ပေါ်တွင် ပက်လက်နေနေ ရပြီး အကြောထဲဆေးသွင်းသည့် ပိုက်တန်းလန်းနှင့် ဖြစ်သည်။
သူသည် ဖေဖော်ဝါရီ ၁၉ ရက်ညပိုင်းက လမ်းလယ် ဘလောက်တုံးကို ကားဖြင့် မတော်တဆ ဝင်တိုက်မိခဲ့ခြင်းဖြစ် သည်။ ထိုမတော်တဆမှုကြောင့် သူ၏ဘယ်ဘက်နံရိုး သုံးချောင်း ကျိုးသွားလေ၏။
အထက်ပါဖြစ်စဉ်မျိုးက ရန်ကုန်မြို့နေလူထုအတွက် မြင် ရခဲ၊ ကြားရခဲသည့် အကြောင်းအရာတစ်ခု မဟုတ်တော့ပေ။
”ဘလောက်တုံးကို ကားနဲ့တိုက်မိတဲ့ဖြစ်စဉ်က ပျမ်းမျှ ကြည့်မယ်ဆိုရင် တစ်ရက်ကို(ရန်ကုန်တစ်မြို့လုံးမှာ)သုံးမှု လောက်ရှိနေတယ်”ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)မှ ဒုတိယဌာန မှူး ဦးစိုးသိန်းအောင်က ပြောသည်။
ရန်ကုန်မြို့ယာဉ်ကြောကျပ်တည်းမှု ဖြေရှင်းရေးအတွက် ဘလောက်တုံးချ ပိတ်ဆို့သည့်စနစ်ကို လုပ်ဆောင်ခဲ့သော်လည်း လက်တွေ့တွင် အဆိုပါစီမံချက်သည် ငွေကုန်ကြေးကျများ သလောက် ယာဉ်ကြောကျပ်တည်းမှုကို အမှန်တကယ်ဖြေရှင်း မပေးနိုင်သည့်ပြင် ယာဉ်အန္တရာယ်ပင် ပို၍များကြောင်း ရန်ကုန် နည်းပညာတက္ကသိုလ်၊ မြို့ပြအင်ဂျင်နီယာဌာန၊ ဧည့်ဒု-ပါမောက္ခ ဦးသန်းဝင်းက ဆိုသည်။
ဦးသန်းဝင်းသည် ရန်ကုန်နည်းပညာတက္ကသိုလ်တွင် မြို့ပြ သယ်ယူပို့ဆောင်ရေးဘာသာရပ်ကို သင်ကြားပေးနေသူဖြစ်သည်။
ဘလောက်တုံးချထားသည့်လုပ်ငန်း အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ခြင်းကို ”မှားယွင်းတဲ့ လုပ်ဆောင်မှုပဲ” ဟု ဦးသန်းဝင်းက မှတ်ချက်ပြုပြီး သူကိုယ်တိုင်လည်း ဘလောက်တုံး များချထားမှုကို ”ဘယ်တုန်းကမှ မထောက်ခံခဲ့ဘူး”ဟု ဆိုသည်။
ဘလောက်တုံးတွေ ချခဲ့ပြီ
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီ ယာဌာန(လမ်းနှင့်တံတား)မှ လမ်းလယ်ဘလောက်တုံးချသည့် စီမံချက်ကို ၂ဝ၁၄ (၂ဝ၁၃-၁၄ ဘဏ္ဍာနှစ်) အတွင်းက စတင် ချထားခဲ့ခြင်းဖြစ်သည်။ ဘလောက်တုံးချရခြင်း၏ အဓိကရည် ရွယ်ချက်မှာ ”ယာဉ်အန္တရာယ်ကင်းရှင်းရေးနဲ့ လူတွေ အသက် မသေစေချင်လို့ပဲ” ဟု ယင်းဌာနမှ ဒုတိယဌာနမှူး ဦးစိုးသိန်း အောင်က ရှင်းပြသည်။
ယခုလို ဘလောက်တုံးများချထားမှုကို စည်ပင်သာယာ ရေးကော်မတီအပါအဝင် မော်တော်ယာဉ်လိုင်းပေါင်းစုံထိန်း သိမ်းကြီးကြပ်ရေးကော်မတီ(မထသ)၊ ကုန်းလမ်းပို့ဆောင်ရေးòန်ကြားမှုဦးစီးဌာန(ကညန)နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ (ရန်ကုန် တိုင်းဒေသကြီး)တို့ ပါဝင်ဖွဲ့စည်းထားသော စုပေါင်းကော်မတီ၏ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဦးစိုးသိန်းအောင် က ဆိုသည်။
ဘလောက်တုံးချထားမည့်နေရာအား ကော်မတီတာဝန်ရှိ သူများက ဦးစွာကွင်းဆင်းစစ်ဆေးပြီးမှ ပါဝင်သည့်အဖွဲ့များအား အစည်းအဝေးခေါ်ယူကာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုချက် ဖြင့် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်သည်။ တစ်ခါတစ်ရံတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ တိုက်ရိုက်ညွှန် ကြားချက်ကို အကောင်အထည်ဖော်ရခြင်းလည်းရှိသည်ဟု ဦးစိုးသိန်းအောင်က ဆိုသည်။
ယင်းလုပ်ငန်းကို ယာဉ်ကြောကျပ်တည်းမှုဖြေရှင်းရေး နှင့် ယာဉ်စည်းကမ်းထိန်းသိမ်းရေးအတွက် စည်ပင်သာယာရေး ကော်မတီ၏ ဥပဒေ၊ နည်းဥပဒေများမှပေးထားသည့် တာဝန် ခွဲဝေမှုများအလျောက် လုပ်ဆောင်နေရခြင်းဖြစ်သည်ဟု ယာဉ် ထိန်းအင်ဂျင်နီယာဌာနခွဲမှ အရာရှိတစ်ဦးက ဆိုသည်။
အဆိုပါဥပဒေ၊ နည်းဥပဒေများအရ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)သည် ရန်ကုန်မြို့ရှိ လမ်းများပေါ်၌ လမ်း အမှတ်အသားပြမျဉ်းများ ရေးဆွဲခြင်း၊ လမ်းညွှန်ဆိုင်းဘုတ်များစိုက်ထူခြင်း၊ မီးပွိုင့်စနစ်များတပ်ဆင်ခြင်းနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာပညာပေးမှုများ လုပ်ဆောင်ခွင့်ရှိကြောင်း အထက်ပါအရာရှိက ရှင်းပြသည်။
”မီးပွိုင့်နဲ့နီးတဲ့နေရာနဲ့ ယာဉ်ကြောနှစ်ထပ် အမောင်းများ တဲ့ လမ်းတွေ၊ စည်းကမ်းချိုးဖောက်မှု အများဆုံးနေရာတွေမှာ အဓိကချထားပေးတယ်”ဟု ရန်ကုန်မြို့ရှိ လမ်းမများပေါ်တွင် ဘလောက်တုံးချထားမှုအစီအစဉ်ကို အင်ဂျင်နီယာဌာန (လမ်း နှင့် တံတား)မှ လက်ထောက်ဌာနမှူး ဦးကျင်အုန်းက ရှင်းပြသည်။
ဘလောက်တုံးများချထားသည့်လုပ်ငန်းကို လမ်းနှင့် တံတားဌာန လုပ်ငန်းစဉ်တစ်ခုလုံးအတွက် ကျပ်တစ်ဘီလီယံ ကျော် ကုန်ကျခံချထားခြင်းဖြစ်သည်ဟု ဦးစိုးသိန်းအောင်က ပြောသည်။ လုပ်ငန်းစတင်သည့်အချိန်မှ ယခုအထိ ဘလောက် တုံးပေါင်းလေးသောင်းကျော် ထုတ်လုပ်ထားပြီး ဖေဖော်ဝါရီ အထိ တုံးအရေအတွက် သုံးသောင်းကျော်အား မြို့နယ် ၃၈ မြို့ နယ်ရှိ လမ်းမများပေါ်၌ ချထားပြီးဖြစ်သည်။
တုံးတစ်တုံး၏အရွယ်အစားမှာ အမြင့်နှစ်ပေ၊ အရှည်နှစ် ပေခွဲ၊ အပေါ် ဗျက်ကိုးလက်မ၊ အောက်ခြေဗျက်တစ်ပေခွဲရှိကာ တစ်တုံးအတွက်ကုန်ကျစရိတ်(ဆေးသုတ်၊ ရောင်ပြန်စတေကာ ကပ်၊ နေရာချအပြီး) ကျပ်လေးသောင်းခန့် (၃၈,ဝ၇၅) ရှိကြောင်း ဦးကျင်အုန်းက ပြောသည်။
ပြည်သူ့ဘဏ္ဍာ အသုံးပြုထားခြင်းကြောင့်လည်း ဘလောက် တုံးအားဝင်တိုက်သည့်အမှုများတွင် တုံးတစ်တုံးပျက်စီးပါက တန်ဖိုး(သုံးသောင်းကျော်)၏ငါးဆ ဒဏ်ရိုက်အရေးယူကြောင်း သူက ရှင်းပြသည်။ သို့သော် မော်တော်ယာဉ်ဝင်တိုက်သဖြင့် ပျက်စီးသွားသော ဘလောက်တုံးများမှရရှိထားသည့် လျော် ကြေးငွေစုစုပေါင်း ယခုအချိန်ထိ မည်မျှရှိသည်ကို မေးကြည့်ရာ စည်ပင်သာယာ(လမ်းနှင့်တံတား)ဌာနက ယင်းမေးခွန်းကို ဖြေဆိုရန် ငြင်းဆန်ခဲ့သည်။
အဆိုပါကိစ္စနှင့်စပ်လျဉ်းပြီး ဦးအောင်ခိုင်၏ဇနီး ဒေါ်ဝါဝါ အောင်က စည်ပင်သာယာရေးကော်မတီသို့ အများနည်းတူ ဒဏ်ကြေးပေးဆောင်ခဲ့ရသည်ကို ယခုကဲ့သို့ပြောပါသည်။
”တစ်တုံးပျက်စီးပြီး ကျန်သုံးတုံးပြုပြင်စရိတ်အတွက် (ကျပ်)သုံးသိန်းလေးသောင်း ငွေသွင်းရတယ်”
ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ယာဉ်ကြောကျပ်တည်းမှုလျှော့ချနိုင်ရေးအတွက် ဘလောက်တုံးချသည့်စီမံချက်ကို နည်းလမ်းတစ်ခုအနေဖြင့် ဆောင်ရွက်ခဲ့သော်လည်း ယာဉ်ကြော ကျပ်တည်းမှုနှင့် ယာဉ်တိုက်မှုဖြစ်စဉ်များက ယခင်ကထက် ပိုများလာသည်ကို ယာဉ်ထိန်းရဲရုံးရှိ ယာဉ်မှုစစ်မှတ်တမ်းများက သက်သေခံနေသည်။
၂၀၁၆ ဧပြီ-မေလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၄) မှ သတင်းဆောင်းပါး ဖြစ်ပါသည်။
မင်းလွင် ရေးသည်။