ခုနစ်သံချီ ညချမ်းလွမ်းချင်း

ခုနစ်သံချီ ညချမ်းလွမ်းချင်း

ဒီဇင်ဘာလထုတ်-၂၀၁၅၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၀) မှ အမေ့ခံ ဆောင်းပါး ဖြစ်ပါသည်။

မောင်ဥယျာဉ် ရေးသည်။

သီတင်းကျွတ်လဆန်းပါပြီဆိုကတည်းက ဘုရားပွဲရာသီအတွက် ပွဲဈေးသည်တွေက ပြင်ဆင်ကြပြီ။ အခုခေတ်ဘုရားပွဲတွေက ကျွန်တော်တို့ငယ်ဘဝက ဘုရားပွဲတွေနဲ့ မတူတာကတော့ အမှန် ပဲ။ ဘုရားပွဲရဲ့ အခင်းအကျင်းပုံသဏ္ဌာန် ပြောင်းသွားတယ်။  ဘုရား ပွဲဈေးမှာ ရောင်းတဲ့ ပွဲဈေးမုန့်တွေရဲ့ အရသာနဲ့ ဈေးနှုန်းပြောင်း သွားတယ်။ သဘင်သည်တွေရဲ့ အနုသုခုမရေစီးကြောင်း  ပြောင်း သွားတယ်။ အထူးသဖြင့် လူငယ်တွေရဲ့ ဘုရားပွဲပေါ်မှာ ထားတဲ့ အာရုံခံစားမှုက သိသိသာသာပြောင်းသွားတယ်။

          ကျွန်တော်တို့ရဲ့ ငယ်ဘဝတွေမှာ ရပ်ကွက်ဘုရားပွဲတွေက အတော်အရေးပါခဲ့တယ်။ ဘုရားပွဲတော်တွေက ဗုဒ္ဓဘာသာဝင် တွေရဲ့ ဗုဒ္ဓပူဇနိယပွဲတော် ဖြစ်ပေမယ့် ဘာသာခြား၊ လူမျိုးခြား သူငယ်ချင်းတွေပါ လွတ်လွတ်လပ်လပ် ပျော်ပျော်ပါးပါးဖြစ်စေခဲ့ တယ်။ ကိုယ့်ရပ်ကွက်ဘုရားပွဲရှိရင် ကိုယ့်အိမ်မှာ ဧည့်ခံတဲ့ မုန့်ပဲ သရေစာတွေနဲ့ သူငယ်ချင်းအပေါင်းအသင်းတွေကို ဧည့်ခံတယ်။ သူ့ရပ်ကွက်ဘုရားပွဲ ရှိတဲ့အခါလည်း မိတ်ဆွေတွေနဲ့ သွားစားကြ တာပဲ။

          ဘုရားပွဲမှာ ဧည့်ခံတဲ့ မုန့်တွေကလည်း ဘတ်ဂျက်ပေါ်မူ တည်လို့ အမျိုးမျိုး။ အများစုက ကြာဆံဟင်းနဲ့ ဧည့်ခံကြပြီး အချို ပွဲက သီးမွှေးငှက်ပျောသီးနဲ့ လက်ဖက်ပွဲပေါ့။ ဆီးဖြူသီးနဲ့ ငါးပိ ကြော်ကလည်း ဘုရားပွဲဧည့်ခံတဲ့ သရေစာတစ်မျိုး။ ငွေကြေး တတ်နိုင်ရင် အချိုပွဲမှာ အုန်းနို့ကျောက်ကျော၊ သာကူပြင်၊ ဆနွင်း မကင်းတွေ ထည့်ကြတယ်။

          တချို့အိမ်ရှင်တွေက စိတ်ကူးစိတ်သန်းကောင်းတယ်။ ခနုံ ထုပ်၊ ငှက်ပျောပေါင်းတွေ ကျွေးတယ်။ ကောက်ညှင်းပေါင်းနဲ့ ငါး ကြော်ပူပူနွေးနွေး ဧည့်ဝတ်ပြုသူလည်း ရှိတယ်။ ဗာဟီရများသူ တွေက အိမ်မှာ ချက်ပြုတ်ကြော်လှော်ဖို့ အချိန်မပေးနိုင်ကြဘူး။ လမ်းထိပ်လက်ဖက်ရည်ဆိုင်က စမူဆာတစ်ရာလောက်ရယ်၊ ငှက်ပျောသီး လေး၊ ငါးဖီးရယ်လောက် ဝယ်ထားလိုက်တယ်။ ဧည့်သည်ဆောင်သည်ရောက်လာတော့လည်း ချကျွေးလိုက်တာ ပါပဲ။ ကျွန်တော်တို့ ခပ်ငယ်ငယ် (၁၉၈၅-၈၆) ဝန်းကျင်ကာလတွေ ကတော့ ဘုရားပွဲရောက်ရင် အိမ်တိုင်းစေ့နီးပါး ဧည့်ခံကြတာ အမှတ်ရမိတယ်။ ဆင်လည်း ဆင်အထွာနဲ့၊ ဆိတ်လည်း ဆိတ် အထွာနဲ့ ရှိတာ၊ မရှိတာ အပထားလို့ ဧည့်ဝတ်ကျေအောင် ဧည့်ခံ ကြရစမြဲ။ ကျွေးမွေးဧည့်ခံတဲ့ မုန့်တွေအားလုံး မြန်မာ့ရိုးရာ မုန့် တွေချည်းပဲ။ တချို့အိမ်တွေကတော့ လာတဲ့ဧည့်သည် ဧည့်ခံရုံ တင်မကဘူး၊ ကြွေရည်သုတ်သုံးဆင့်ချိုင့်တွေထဲ စားစရာတွေကို အိမ်ပြန်လက်ဆောင် ထည့်ပေးကြသေးတာ။ အဲဒီတုန်းက စား ဝတ်နေရေးက အခုခေတ်လောက် ခေါင်းမခဲရဘူး။ ဘေးအိမ်ကို လာတဲ့ ဧည့်သည်ကိုပါ သိသိ၊ မသိသိ ကိုယ့်အိမ်ကို ခေါ်ပြီး ဧည့်ခံ တဲ့ ခေတ်။

          အခုခေတ်မှာတော့ ဘုရားပွဲရာသီရောက်ရင် အိမ်တွေမှာ မိတ်ဆွေအပေါင်းအသင်းတွေကို ခေါ်ပြီး ဧည့်ခံတဲ့ဓလေ့ နည်း လာပြီ။ ကုန်ဈေးနှုန်းတွေ ကြီးမြင့်လာလို့ဆိုပြီး တစ်ထစ်ချ ကောက်ချက်ချလို့တော့ မရဘူး။ ဝင်ငွေလည်း အထိုက်အလျောက် တော့ မြင့်လာတာပဲ မဟုတ်လား။ စေတနာနည်းလာလို့လည်း မဟုတ်လောက်ဘူး။ အဓိကကတော့ အိမ်ရှိလူကုန် အလုပ်လုပ် နေကြရတော့ ဧည့်ခံကျွေးမွေးဖို့ ဘယ်သူမှ အချိန်မပေးနိုင်ကြ တော့ဘူး။ ဘုရားပွဲရက် ရောက်ပေမယ့် အလုပ်တွေက နားရက် ဖြစ်ချင်မှ ဖြစ်မှာ။

          ဘုရားပွဲရောက်လို့ ဧည့်သည်ရောက်လာရင် လမ်းထိပ်က လက်ဖက်ရည်ဆိုင်ထွက်ဧည့်ခံလိုက်ကြတာပဲ။ လုပ်ငန်းခွင် ရောက်နေကြသူတွေကတော့ အလုပ်သိမ်းချိန် လုပ်ငန်းခွင်နဲ့နီး တဲ့ ဆိုင်တစ်ဆိုင်မှာ လုပ်ဖော်ကိုင်ဖက်တွေကို ဧည့်ဝတ်ပြုလိုက် ကြတယ်။ ဒီဘက်ခေတ်မှာတော့ လူငယ်အချို့က ဘုရားပွဲရောက် ရင် အကင်ဆိုင်သွားပြီး ဘီယာနဲ့ ဧည့်ခံလိုက်သတဲ့။

          ကျွန်တော်တို့ငယ်ငယ်က ဘုရားပွဲတော်ညတွေက ကျွန် တော်တို့ကို အသေအချာ ဖမ်းစားနိုင်ခဲ့တယ်။ ဘုရားပွဲနဲ့ သြင်္ကန် ပွဲတွေက လူငယ်တွေအတွက် ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းတဲ့ ညတွေပေါ့။ လူကြီး၊ လူငယ်၊ ကျား၊ မ မရွေး လူတန်းစားပေါင်းစုံ ပျော်ကြပါးကြရတဲ့ ပွဲတော်တွေဖြစ်တယ်။

          ဘုရားပွဲတော်မစခင် တစ်ပတ်လောက်အလိုမှာ ဘုရားပွဲ တော်အတွက် အစည်းအဝေးခေါ်ကြတယ်။ အစည်းအဝေးမှာ အဓိကထား ဆွေးနွေးကြရတဲ့ ခေါင်းစဉ်တွေက ဆွမ်းတော်ကြီးပွဲ လှည့်မှာလား၊ မလှည့်ဘူးလား။ ဖျော်ဖြေရေးအတွက် အငြိမ့်တွေ၊ ဇာတ်တွေ ထည့်ကြဦးမှာလား။ ဆွမ်းကြီးလောင်းအတွက် ဘယ် သူတွေက ဘာတာဝန်တွေ ယူကြမှာလဲဆိုတာတွေ ဆွေးနွေးကြ တယ်။ ရပ်ကွက်အစည်းအဝေးတွေရဲ့ ထုံးစံအတိုင်း တစ်ယောက် တစ်ပေါက် ပြောလိုက်ကြတာ သောသောညံလို့။ ဒါပေမဲ့လည်း ညှိကြ၊ နှိုင်းကြ၊ ဆွေးနွေးကြရင်းနဲ့ပဲ အားလုံးလက်ခံနိုင်တဲ့ အဖြေ တစ်ခု ထွက်ပေါ်လာရတာပါပဲ။ ရပ်ရေးရွာရေးမှာတောင် တွေ့ဆုံ ဆွေးနွေး အဖြေရှာရေးက အလုပ်ဖြစ်ခဲ့သေးတာပဲ မဟုတ်လား။ ဆွေးနွေးပြီဆိုကတည်းက အတ္တတွေ ခွာချကြရတယ်၊ သဘော ထားတွေ ပျော့ပျောင်းကြရတယ်၊ အများစုအတွက် (အားလုံးဟု မဆိုလို) အဆင်ပြေအောင် လိုတိုးပိုလျှော့ လုပ်ကြရတယ်လေ။

          အထွတ်အထိပ်ဆွေးနွေးရတာက ဖျော်ဖြေရေးအတွက် အငြိမ့်တွေ၊ ဇာတ်တွေ ထည့်၊ မထည့် ဆွေးနွေးရတာပဲ။ အများ အားဖြင့် လူကြီးပိုင်းက နားအေးပါးအေးနေချင်တော့ ဇာတ်တွေ၊ အငြိမ့်တွေ မထည့်ချင်ကြဘူး။ လူငယ်တွေကတော့ အငြိမ့်တွေ၊ ဇာတ်တွေ ပါစေချင်ကြတယ်။ တစ်နှစ်မှ တစ်ခါလုပ်တဲ့ပွဲမှာ တိတ် တဆိတ်ငြိမ်ငြိမ်သက်သက် ပြီးဆုံးသွားတာမျိုး မလိုချင်ကြဘူး။ လူကြီးတွေကတော့ ဘုရားပွဲမှာ အပျော်အပါးထက် ကုသိုလ်ရေး ကို အားသန်ကြတယ်။ ဒါပေမဲ့ လူကြီးဆိုတာတွေကလည်း တစ် ချိန်တုန်းက လူငယ်ပါပဲ။ သူတို့ရဲ့ ငယ်ဘဝတွေမှာလည်း ဇာတ် တွေ၊ အငြိမ့်တွေနဲ့ ထွေးလုံးရစ်ပတ်ရှိခဲ့ကြသူတွေသာ များတယ်။ ဘုရားပွဲ၊ လမ်းပွဲဆိုတာ လူကြီးတွေနဲ့တင် ပြီးသွားတာ မဟုတ် ဘူး၊ သယ်ကြပိုးကြ၊ ချက်ကြပြုတ်ကြ၊ ပဒေသာပင်တွေ သီးကြ လုပ်ကြရတာ မဟုတ်လား။ လူငယ်တွေရဲ့ အားကို အများကြီးလို တာပေါ့။ အရင်လူတွေရဲ့ ထုံးစံအတိုင်း လူငယ်နဲ့ လူကြီး ညှိကြ၊ နှိုင်းကြရင်းနဲ့ ရပ်ရွာက ထည့်ဝင်နိုင်တဲ့ ငွေနဲ့ လူငယ်တွေရဲ့ စုပေါင်း ထည့်လှူငွေတွေ ပေါင်းစပ်ပြီး အငြိမ့်လေးလောက်ဖြစ်ဖြစ် ပါ အောင် ထည့်ကြရတာပဲ။

          အငြိမ့်ကတော့ ဘယ်သူမဆို အယုတ်အလတ်အမြတ်မရွေး အလကားလာကြည့်လို့ရပေမယ့် ဇာတ်ပွဲကတော့ မင်းစင်ဝယ် ထားသူတွေသာ ကြည့်ခွင့်ရကြတယ်။ မင်းစင်ဆိုတာ ဇာတ်စင်ရှေ့ မှာ ပွဲကြည့်မယ့်သူတွေအတွက် ဝါးလုံးတွေနဲ့ ထိုးထားတဲ့ ကွပ်ပျစ် ကြီးပေါ့။ နာမည်ရမင်းသားပါတဲ့ ဇာတ်တွေမှာ မင်းစင်တွေက တမျှော်တခေါ် ရှိပေမယ့် နာမည်မရသေးတဲ့ မင်းသားတွေအဖို့ ပိုက်ဆံနဲ့ ရောင်းရမယ့် မင်းစင်တွေကို မေတ္တာလက်ဆောင်ပေး လိုက်ရတာနဲ့တင် မင်းစင်တစ်ဝက်ကျိုးသွားတော့တာပါပဲ။ ကျွန် တော်တို့ငယ်ငယ်က အငြိမ့်တွေက လေး၊ ငါးဆယ်နီးပါးရှိတာ မှတ်မိတယ်။ ရတနာပုံ၊ နန်းမြင့်၊ ပြည်သူ့မေတ္တာရွှေရတနာ၊ သစ်လွင်၊ လမင်းတရာ၊ သပြေ၊ သက်ကြီး စတဲ့ အငြိမ့်တွေပေါ့။ အခုတော့ သဘင်တက္ကသိုလ်လို့ ဆိုတဲ့မြို့မှာ လက်တစ်ဖက်ပြည့် အောင် မရှိတော့ဘူး။

          ဇာတ်မင်းသားတွေကတော့ အခြေအနေကောင်းပုံရတယ်။ တာရဲတန်းသဘင်ရပ်ဝန်းမှာ ဇာတ်ပွဲကြော်ငြာပိုစတာကြီးတွေက ဟည်းထနေတယ်။

          ကျွန်တော်တို့ငယ်ငယ်က ဖျော်ဖြေရေးလည်း မည်မည်ရရ မရှိတော့ အငြိမ့်ပွဲ၊ ဇာတ်ပွဲတွေကိုပဲ တခုတ်တရကြည့်ကြရတယ်။ အငြိမ့်ပွဲ၊ ဇာတ်ပွဲ မငှားခင်ကတည်းက ဒီနှစ်တော့ ဘယ်အငြိမ့်က လူရွှင်တော်ကောင်းတယ်၊ ဘယ်ဇာတ်ကတော့ အော်ပရာအသစ် တင်တယ်ဆိုတာ စနည်းနာထားကြရတယ်။ ဇာတ်ပွဲ၊ အငြိမ့်ပွဲ ငှားပြီးပြီဆိုရင် လမ်းထိပ်က ဓာတ်တိုင်မှာ ငှားလာတဲ့ ဇာတ်၊ အငြိမ့်ရဲ့ ပိုစတာကို ထောင်ထားတယ်။ ဗုဒ္ဓပူဇနိယပွဲတော်ကြီးတွင် ကပြအသုံးတော်ခံမည့် ဇာတ်ပွဲကတော့ ပွဲချစ်သူများအကြိုက် ဘာဇာတ်ပွဲဖြစ်ပါတယ်၊ ဘာညာဆိုပြီး ကြော်ငြာထိုးတော့တာပဲ။ ပိုစတာထဲက မင်းသား၊ မင်းသမီးပုံတွေ ကြည့်ပြီး မကြာခင် ရောက်လာတော့မယ့် ဘုရားပွဲရက်ကို လက်ချိုးရေတွက်လို့ စောင့်ဆိုင်းကြရပြန်တယ်။

          ပွဲတော်ရက်တွေက ကျွန်တော်တို့ လူငယ်ဘဝရဲ့ ရင်ခုန်သံ တွေကို မြန်စေတယ်။ စက်ချုပ်ဆိုင်က ပူပူနွေးနွေးရွေးလာတဲ့ ကော်နံ့သင်းသင်းအင်္ကျီကို ဝတ်ပြီး ပွဲဈေးလျှောက်လိုက်ရရင် ခြေထောက်နဲ့ မြေကြီး ထိတယ်လို့ကို မထင်တော့ဘူး။

          ပွဲဈေးတန်းမှာ ရောင်းတဲ့ဆိုင်တွေကလည်း အမျိုးမျိုး၊ ခဲဆန်ချောင်း (ကောက်ညှင်းကျည်တောင့်)၊ ရေမုန့်၊ မုန့်ပေါင်းနဲ့ အကြော်၊ ကွမ်းယာသည်၊ မြီးရှည်၊ မုန့်သိုင်းခြုံ၊ မုန့်လုံးကြီးဆီစိမ် စတဲ့ မြန်မာ့ရိုးရာမုန့်ပေါင်းစုံအပြင် ဆေးမင်ကြောင်ထိုးပေးတဲ့ ဆိုင်၊ မိုးပျံပူဖောင်းသည်၊ ပြက္ခဒိန်ရောင်းတဲ့ဆိုင် စုံအောင် တွေ့ရ လေ့ရှိတယ်။

          ဘုရားပွဲမှာ ကျွန်တော်တို့ရဲ့ ဖေးဘရိတ်အစားအစာက မြီး ရှည်ပါပဲ။ ငရုတ်ဆီရွှဲရွှဲနဲ့ ချဉ်ငန်စပ်လေးများ နယ်ဖတ်စားလိုက်ရ ရင် (ရေသည်ပြဇာတ်ထဲက ရေသည်ယောကျ်ားစကား ငှားသုံးရ ရင်) အာဂပါးစပ် လူဖြစ်ကျိုးနပ်ပြီပေါ့။ မြီးရှည်တစ်ပွဲ နှစ်ကျပ် လောက်သာ ပေးရပေမယ့် ပွဲဈေးတန်းလျှောက်တိုင်း မစားဖြစ် ဘူး။ မုန့်ဖိုးကလည်း အမေ့ဆီက ငါးမူး၊ တစ်ကျပ်ရဖို့အရေး လက် ဝါးဖြန့်တောင်းနေရတဲ့ အရွယ်ဆိုတော့ အမြဲမစားဖြစ်ဘူး။

          ပွဲတော်ညရောက်ရင် ရပ်ကွက်ထဲက မိန်းမပျိုတွေအားလုံး ကလည်း အလှဆုံး ပြင်ဆင်ခြယ်သပြီး ပွဲဈေးလျှောက်ကြတယ်။ ဘုရားပွဲညတွေက ရောင်စုံပန်းဥယျာဉ်ကြီးထဲ ဖြတ်လျှောက်နေရ သလိုပါပဲ။

          ညရှစ်နာရီလောက် ရောက်ရင် ပတ်စမ်းတီးလုံးသံ၊ နှဲမှုတ် သံ၊ ကြေးနောင်တီးသံတွေက စကြားရပြီ။ စင်ပေါ်က မိုက်ခရိုဖုန်း ကနေ ဟယ်လို…တက်စတင်း ဝမ်းတူးသရီး၊ ဟယ်လို…ဆိုတဲ့ မိုက်ခရိုဖုန်း အသံစမ်းတဲ့ အသံတွေလည်း မရှေးမနှောင်းကြားရ လေ့ရှိတယ်။

          ညကိုးနာရီလောက် ရောက်ရင် ကရောင်းရိုက်သံတွေကို ကြားကြရပြီ။ (အငြိမ့်တွေ၊ ဇာတ်တွေ မကခင် တီးတဲ့ တီးလုံးတီး ကွက်ကို ကရောင်းရိုက်တယ်လို့ ခေါ်ပါတယ်။) နာရီဝက်လောက် နီးပါး ကရောင်းရိုက်ပြီးတာနဲ့ ရောင်စုံမီးတွေနဲ့အတူ ပြည်ဖုံးကား ကြီး ပွင့်လာတယ်။ ပထမဆုံးတီးတဲ့ တီးလုံးက နတ်ပင့်တဲ့သီချင်း၊ မင်းသမီးကြီးတစ်ယောက်က နတ်ချင်းတွေနဲ့ နတ်ပင့်တယ်။ အပျိုတော်ယိမ်းထွက်တယ်။ စတိတ်ရှိုးကဏ္ဍ ဆက်တိုက်လာ တယ်။ ဒီဘက်ခေတ်မှာတော့ ဇာတ်တွေရော အငြိမ့်တွေမှာပါ စတိတ်ရှိုးအစီအစဉ်ကို အချိန်အကြာကြီး ယူကြတယ်။ အော်ပရာ တို့၊ ပြဇာတ်တို့ကျတော့ မည်ကာမတ္တလောက်ပဲ ပါတော့တယ်။ အငြိမ့်သဘင်ရွှေခေတ်နှောင်းပိုင်း မီခဲ့သူတစ်ယောက်အနေနဲ့ ဒီ ဘက်ခေတ် သဘင်ပညာနဲ့ အသက်မွေးဝမ်းကျောင်းပြုနေသူတွေ အပေါ် အားမလိုအားမရဖြစ်မိတာ အမှန်ပဲ။

          ဟိုရက်ပိုင်းက ကျွန်တော်တို့ရပ်ကွက် ဘုရားပွဲပြီးသွား တယ်။ မိတ်ဆွေတို့ကို ဖိတ်မန္တက မလုပ်ဖြစ်တာ စိတ်မကောင်း ဘူး။ အိမ်မှာလည်း အရင်တုန်းကလို ဖွယ်ဖွယ်ရာရာ ဧည့်မခံဖြစ် ဘူး။ ကျွန်တော်ကိုယ်တိုင်လည်း ခရီးလွန်နေတယ်။ ကျွန်တော် အိမ်မှာရှိရင်လည်း ဆိုင်တစ်ဆိုင်မှာသာ ဧည့်ခံဖြစ်မယ်ထင်တယ်။ လာမယ့်နှစ် ဘုရားပွဲတော်ရောက်ရင် ကျွန်တော့်အိမ်မှာ မြန်မာ့ ရိုးရာ စားကောင်းသောက်ဖွယ်တွေနဲ့ ကောင်းကောင်းမွန်မွန် ဧည့်ဝတ်ပြုပါ့မယ်။ မိတ်ဆွေတို့ လာဖြစ်အောင် လာကြပါ။ စား ရင်းသောက်ရင်း ရှေးဟောင်းနှောင်းဖြစ်တွေ ပြောလို့ ငယ်ဘဝဆီ ခဏတဖြုတ် အလည်သွားကြတာပေါ့။ မိတ်ဆွေတို့ မိသားစုတွေ ကိုယ်စိတ်နှလုံးသုံးပါးစလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။       ။

အမျိုးအစား - အက်ဆေး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."