Photo: Htin Aung Kyaw
ဒီဇင်ဘာလထုတ်-၂၀၁၅၊ မော်ကွန်း မဂ္ဂဇင်းအမှတ်(၃၀)မှ သတင်းဆောင်းပါး ဖြစ်ပါသည်။
စိုးယုဇော် ရေးသည်။
သံတောင်ကြီး (ဒီဇင်ဘာ၊ ၂ဝ၁၅)
မနော်ထူးစောဆရီးဟာ အိပ်ခန်းတွေထဲ တစ်ခန်းဝင်၊ တစ်ခန်းထွက်သန့်ရှင်းရေးတွေလုပ်ပြီး အိပ်ခန်းထဲက ခြုံစောင်တွေကို ထုတ်ယူကာ နေလှန်းနေပါတယ်။ အိမ်မှာ သူတစ်ယောက်တည်း အလုပ်ရှုပ်နေပေမယ့် သူ့မျက်နှာမှာ အပြုံးတွေဝေလို့ပါ။သူတို့မိသားစုဟာ သူတို့အိမ်ကို Bed & Breakfast(B&B) တည်းခိုခန်းပုံစံပြောင်းပြီး ခရီးသွားတွေကို ဝန်ဆောင်မှု ပေးတဲ့ လုပ်ငန်းကို လုပ်ဆောင်နေကြတာဖြစ်ပါတယ်။
B & B ဆိုတာကတော့ ဒေသခံတွေရဲ့ နေအိမ်တွေမှာ သူ တို့ဒေသကို လာရောက်လည်ပတ်တဲ့ ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည်တွေ တည်းခိုဖို့ အိပ်ခန်းတွေထားရှိပြီး ဒေသရဲ့ရိုးရာ မနက်စာတွေ စားသောက်နိုင်အောင် စီစဉ်ပေးတဲ့ တည်းခိုခန်း တွေ ဖြစ်ပါတယ်။ ဟိုတယ်တွေလို ၂၄ နာရီဝန်ဆောင်မှုပေးတာမျိုးမဟုတ်သလို ပြင်ပဝန်ထမ်းတွေကိုလည်း ခန့်ထားလေ့မရှိဘဲ မိသားစုဝင်တွေပဲ လုပ်ကိုင်ကြတာပါ။ ကိုယ့်ရဲ့အိမ်ကို B & B လုပ်ထားခြင်းဖြင့် တစ်ဖက်တစ်လမ်းကလည်း မိသားစုအပိုဝင်ငွေ ရရှိ စေပါတယ်။
မနော်ထူးစောဆရီးတို့ရဲ့ ကရင်ပြည်နယ်၊ သံတောင်မြို့နယ်၊ သံတောင်ကြီးမှာ ဒေသခံအများစုက တောင်ယာလုပ်ငန်းကိုသာ အဓိကလုပ်ကြတာပါ။ သူ့မိဘတွေ ကိုယ်တိုင်ကလည်း တောင် ယာလုပ်ငန်း လုပ်ကြပါတယ်။
အသက် ၂၃ နှစ်အရွယ် မနော်ထူးစောဆရီးဟာ အရင်က တောင်ငူမြို့ပေါ်က ပုဂ္ဂလိကဘဏ်တစ်ခုမှာ အလုပ်လုပ်ခဲ့ပါတယ်။ ဒီနှစ်အစောပိုင်းမှာ သူတို့ဒေသမှာ B & B လုပ်ငန်းတွေအကောင် အထည်ဖော်ခွင့်ရတဲ့အချိန်မှာတော့ ဘဏ်ကနေထွက်ခဲ့ပြီး ကိုယ့် ဒေသကိုယ် ပြန်လာခဲ့တာဖြစ်ပါတယ်။
ပုံမှန်ဝင်ငွေရနေတဲ့ လခစားအလုပ်က ထွက်လိုက်တယ် ဆိုပေမယ့် ”စွန့်လွှတ်ခဲ့တာကို ဘယ်တော့မှ နောင်တရမှာ မဟုတ်ပါဘူး”လို့ မနော်ထူးစောဆရီးက ဆိုပါတယ်။
မိသားစု၊ ဆွေမျိုးတွေနဲ့ အိုးမကွာအိမ်မကွာဘဲ အလုပ်လုပ် နေရတာကြောင့် ”ကျွန်မအရမ်းပျော်တယ်”လို့ သူက ပြုံးလျက် ဆိုပါတယ်။
သံတောင်ကြီးက B & B
B & B ခရီးသွားဝန်ဆောင်မှုကို မနော်ထူးစောဆရီးတို့ နေ ထိုင်ရာ သံတောင်ကြီးမှာ စတင်အကောင်အထည်ဖော်ခဲ့တာဟာ ၂ဝ၁၅ ခုနှစ် နှစ်ဆန်းပိုင်းကပါ။
ဒီဒေသမှာ စီးပွားရေးအခွင့်အလမ်းများဖြစ်ထွန်းလာစေ ရန် မြန်မာအစိုးရက ဆွစ်(စ်)ပုဂ္ဂလိကဖောင်ဒေးရှင်းတစ်ခုဖြစ် တဲ့ Peace Nexus ကို အကူအညီတောင်းတဲ့အတွက်ကြောင့် အဲဒီဖောင်ဒေးရှင်းက သံတောင်ကြီးဒေသမှာ ဒေသခံ အာဏာ ပိုင်အဖွဲ့အစည်းတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ လူမှုရေးအဖွဲ့ အစည်းတွေ၊ ဒေသခံတွေနဲ့ တွေ့ဆုံပြီး အရင်ဆုံးလေ့လာမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ဒေသခံတွေကိုယ်တိုင်က ခရီးသွားလုပ်ငန်းကိုသာ အဓိကလုပ်ကိုင်လိုတယ်လို့ဆိုတာကြောင့် B & B ကို အကောင်အထည် ဖော်ခဲ့တာဖြစ်တယ်လို့ Peace Nexus ဖောင်ဒေးရှင်းမှ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် ဒေါ်အေးပိုပိုနိုင်က ဆိုပါတယ်။
နိုင်ငံခြားသားဧည့်သည်တွေအတွက် အဓိက ရည်ရွယ်ပြီးလုပ်ထားတာဖြစ်တဲ့အတွက် လုပ်ငန်းတွေစတင် အကောင်အထည် မဖော်ခင်မှာ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နဲ့ ဟန်ဆိုင် ဒယ်ဖောင်ဒေးရှင်းက B & B လုပ်ငန်းလုပ်ကိုင်မယ့် ဒေသခံတွေ ကို ဝန်ဆောင်မှုပေးရမယ့် အခြေခံဝန်ဆောင်မှုသင်တန်းတွေနဲ့ သန့်ရှင်းပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ ချက်ပြုတ်နည်းသင် တန်း(Hygienic Cooking) တွေ ပေးပါတယ်။
ဒါ့အပြင် ဒေသတွင်း ဘယ်လိုလမ်းညွှန်ပေးရမလဲဆိုတဲ့ ဒေသခံလမ်းညွှန်သင်တန်း (Local Tour Conductor) တွေနဲ့ အင်္ဂလိပ်စကားပြောသင်တန်းတွေကိုလည်း ပေးခဲ့ပါတယ်။
ပြီးတော့ Peace Nexus ဖောင်ဒေရှင်းအပါအဝင် သံ တောင်ကြီးမှာရှိတဲ့ ရပ်မိရပ်ဖတွေ၊ ဘာသာရေးခေါင်းဆောင် တွေ၊ အစိုးရဌာနဆိုင်ရာကိုယ်စားလှယ်တွေ၊ B & B တည်းခိုခန်း ပိုင်ရှင်တွေ ပူးပေါင်းဖွဲ့စည်းထားတဲ့ သံတောင်ကြီးဒေသခရီးသွား လုပ်ငန်းဖွံ့ဖြိုးရေး အလုပ်အမှုဆောင်အဖွဲ့ကို ဖွဲ့စည်းပါတယ်။
ဒီအဖွဲ့က တစ်လတစ်ကြိမ်အစည်းအဝေးလုပ်ပြီး B & B လုပ်ငန်း လုပ်ကိုင်နေတဲ့သူတွေရဲ့ လိုအပ်ချက်တွေကို ကူညီဖြေ ရှင်းပေးပါတယ်။ တစ်ဦးတည်း အရင်းအနှီးမတတ်နိုင်တဲ့သူတွေ ကို စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ စပ်တူရှယ်ယာလုပ်ဖို့ ချိတ်ဆက် ပေးတယ်လို့ ဒေါ်အေးပိုပိုနိုင်က ရှင်းပြပါတယ်။
အခုသံတောင်ကြီးမှာ B & B တည်းခိုခန်း ငါးခုရှိပေမယ့် အိမ်နှစ်အိမ်သာ လိုင်စင်ရပါသေးတယ်။ ကျန်တဲ့အိမ် သုံးအိမ်က တော့ လုပ်ငန်းလည်ပတ်နိုင်ဖို့အတွက် ပြင်ဆင်တုန်းပဲ ရှိပါ သေးတယ်။
ပထမဆုံးဖွင့်ခွင့်ရတဲ့ မနော်ထူးစောဆရီးတို့ရဲ့ Grace for Grace B & B တည်းခိုခန်းမှာတော့ အခန်းပေါင်း ရှစ်ခန်းရှိပါ တယ်။ အခန်းထဲမှာ စားပွဲခုံတစ်လုံးနဲ့ ခုတင်တစ်လုံးတည်းသာပါ တဲ့ တစ်ယောက်ခန်း၊ နှစ်ယောက်ခန်းရှိသလို မိသားစုတည်းခိုနိုင် တဲ့အခန်းတွေလည်း ရှိပါတယ်။ ဈေးနှုန်းတွေကတော့ ကျပ်တစ် သောင်းကနေ ကျပ် လေးသောင်းအထိ သတ်မှတ်ထားပါတယ်။
တရားဝင်လိုင်စင်ရခဲ့တဲ့ ဒီနှစ်စက်တင်ဘာလကစလို့ အောက်တိုဘာလအထိ နှစ်လပေါင်းဆိုရင် ဧည့်သည် အယောက် ၄ဝ ရှိသွားပြီလို့ ဆိုပါတယ်။ အဲဒီထဲမှာ နိုင်ငံခြားသားဧည့်သည် က ခုနစ်ယောက်လာတည်းခဲ့တယ်လို့ မနော်ထူးစောဆရီးက ဆို ပါတယ်။
Photo: Soe Yu Zaw Grace for Grace B & B
ယခင်က သံတောင်ကြီး
၁၉၉ဝခုနှစ်နဲ့ ၂ဝဝဝ ခုနှစ်ကြားကာလတွေမှာ အစိုးရက ဗြိတိသျှတောင်ပေါ်စခန်းဟောင်းကို အဆင့်မြင့် အပန်းဖြေဟို တယ်အဖြစ် ဆောင်ရွက်ခြင်းအပါအဝင် သံတောင်ကြီးဒေသဖွံ့ ဖြိုးတိုးတက်ရေးလုပ်ငန်းနဲ့ ဟိုတယ်လုပ်ငန်း ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့ ဆောင်ရွက်ခဲ့ပါသေးတယ်။
ဒါပေမဲ့ ၂ဝဝ၄-၂ဝဝ၅ အတွင်းမှာ KNU နဲ့ အစိုးရကြား အပစ်အခတ်ရပ်စဲရေး ပျက်ပြားသွားတဲ့အခါမှာ အကောင် အထည်ဖော်နေတဲ့ စီမံကိန်းတွေလည်း ရပ်ဆိုင်းသွားခဲ့ပါတယ်။ ပြီးတော့ သံတောင်ကြီးဒေသကို သွားရောက်လည်ပတ်ခွင့်တွေပါ မရတော့ဘူးလို့ ၂ဝ၁၄၊ ဖေဖော်ဝါရီ နောက်ဆုံးပတ်၊ ဘားအံမြို့ မှာ ကျင်းပခဲ့တဲ့ ‘ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ခရီးသွားလုပ်ငန်း များတွင် ပြည်သူလူထု၏ ပါဝင်ပတ်သက်မှု အခန်းကဏ္ဍ’ဆိုတဲ့ အလုပ်ရုံဆွေးနွေးပွဲ ရှေ့ပြေးစမ်းသပ်မှုစာတမ်းမှာ ဖော်ပြထား ပါတယ်။
ယခင်က သံတောင်ကြီးဒေသဟာ မေမြို့လိုတောင်ပေါ် ဒေသတစ်ခုဖြစ်ပေမယ့် လက်နက်ကိုင်ပဋိပက္ခတွေ ရှိနေခဲ့တာ ကြောင့် မထင်မရှား ဒေသတစ်ခုအဖြစ်သာ ရှိနေခဲ့တယ်လို့ ဒေါ်အေးပိုပိုနိုင်က ဆိုပါတယ်။
ဒါပေမဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဆက်တိုက်လုပ်ဆောင် ခဲ့ပြီး လက်နက်ကိုင်ပဋိပက္ခတွေ အေးချမ်းသွားတဲ့အခါမှာတော့ သံတောင်ကြီးဒေသဘက်ကို ပြည်တွင်း၊ ပြည်ပခရီးသွားတွေ ပြန် လည်ဝင်ရောက်လာခဲ့ပါတယ်။
၂ဝ၁၂ နဲ့ ၂ဝ၁၃ ဆိုရင် ခရစ္စမတ်ပွဲတော်ကာလ၊ ကရင်နှစ် သစ်ကူးပွဲတော်ကာလနဲ့ ဧပြီ ၁၃ ရက်မှာ ကျင်းပတဲ့ နော်ဘူဘော ဆုတောင်းတောင်သို့ လာရောက်တဲ့ ပြည်တွင်းခရီးသည်စုစုပေါင်း ဟာ တစ်နှစ်ကို တစ်သောင်းနီးပါး လာရောက်လည်ပတ်တယ်လို့ သံတောင်ကြီးဒေသ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး အလုပ်အမှု ဆောင်အဖွဲ့မှ အတွင်းရေးမှူးဖြစ်သူ ဦးတင်အုန်းက ပြောပြပါတယ်။
သံတောင်ကြီးဒေသဟာ အပန်းဖြေစရာကောင်းတဲ့ တောင်ပေါ်ဒေသဖြစ်တဲ့အပြင် လက်ဖက်စိုက်ခင်းတွေမှာ ကိုယ် တိုင်လက်ဖက်ခူးတာ၊ ပျားမွေးမြူရေးခြံ၊ သစ်ခွပန်းခြံနဲ့ ရိုးရာ ရက်ကန်းလုပ်ငန်းတို့ကို ဝင်ရောက်လေ့လာနိုင်ပါတယ်။ ရေတံ ခွန်၊ ရေပူစမ်းနဲ့ လှိုဏ်ဂူတွေရှိတဲ့နေရာတွေကိုလည်း သွား ရောက်လည်ပတ်နိုင်ပါတယ်။
စွန့်စွန့်စားစားနဲ့ ခရီးကြမ်းသွားလိုသူတွေအတွက်တော့ ခြေလျင်တောင်တက်ခရီးနဲ့ စက်ဘီးခရီးစဉ်တွေလည်းရှိပါသေး တယ်။ နောက်ထပ်လေ့လာကြည့်ရှုနိုင်မယ့်အရာကတော့ ကရင် ရိုးရာ ‘ဒုံး’ အကနဲ့ ကရင်တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုတွေပဲ ဖြစ်ပါတယ်။
Photo: Soe Yu Zaw Grace for Grace B & B ရဲ့ အခန်းမြင်ကွင်း
B & B ရဲ့ အခွင့်အလမ်းကောင်း
မြန်မာနိုင်ငံကို လာရောက်လည်ပတ်တဲ့ နိုင်ငံခြားသား အများစုဟာ မြန်မာနိုင်ငံရဲ့ ခရီးသွားဒေသတွေဖြစ်တဲ့ ပုဂံ၊ ညောင်ဦး၊ အင်းလေး၊ ကျိုက်ထီးရိုးစတဲ့နေရာတွေကိုသာ လည် ပတ်ရတာပါ။ နိုင်ငံခြားသားတွေက ဒေသခံတိုင်းရင်းသားတွေနဲ့ အတူနေထိုင်ပြီး တိုင်းရင်းသားရိုးရာယဉ်ကျေးမှုတွေကို လေ့လာ ချင်ပေမယ့် မြန်မာနိုင်ငံက ဒေသခံတွေနဲ့အတူနေထိုင်နိုင်တဲ့ အိမ်တွင်တည်းခိုနေထိုင်မှု (Home Stay) ခရီးသွားဝန်ဆောင်မှု ကို ခွင့်ပြုမထားပါဘူး။
ဒါကြောင့် ဒေသခံတွေနဲ့အတူ Home Stay နေခွင့်မရှိပေ မယ့် ဒေသခံတွေရဲ့အိမ်တွေမှာဖွင့်ထားတဲ့ တည်းခိုဖို့နေရာနဲ့ နံနက်စာရမယ့် B & B တည်းခိုခန်းတွေမှာ တည်းခိုရင်းတိုင်းရင်း သားရိုးရာဓလေ့တွေကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။
B & B တည်းခိုခန်းတွေ ရှိလာမယ်ဆိုရင် နိုင်ငံခြားခရီး သွားတွေ ပြည်တွင်းကို ပိုမိုလာရောက်လည်ပတ်နိုင်တဲ့အကြောင်း ကို ဒေါ်အေးပိုပိုနိုင်က ”ဒီ Destination (သွားမယ့်နေရာ)က ပြည်တွင်းခရီးသွားတွေအတွက် နေရာအသစ်မဟုတ်ပေမယ့် ကမ္ဘာလှည့်ခရီးသွားတွေအတွက်ကတော့ ထူးဆန်းတဲ့ နေရာ အသစ်တွေ ဖြစ်သွားမယ်”လို့ သုံးသပ်ပါတယ်။
သူက ဆက်ပြီးတော့ ”ဒေသရဲ့ မူမပျက်ဘဲ ရိုးရာအပြင် အဆင်နဲ့ ဆွဲဆောင်မယ်ဆိုရင် ခရီးသွားဝန်ဆောင်မှုကို (နိုင်ငံ ခြားသားတွေ)ပိုပြီး စိတ်ဝင်စားမှုရလာမယ်ထင်တယ်”လို့ ဆိုပါတယ်။
B & B တည်းခိုခန်း ခရီးသွားဝန်ဆောင်မှုအစီအစဉ်ကို နိုင်ငံအချို့မှာ ကျင့်သုံးလျက်ရှိပြီး ဟိုတယ်နဲ့ တည်းခိုခန်း အခက် အခဲရှိတဲ့ဒေသတွေမှာ B & B တည်းခိုခန်းတွေဖော်ဆောင်ပေး ထားတာကြောင့် နိုင်ငံခြားသားတွေအနေနဲ့ ဒေသခံတွေရဲ့ ရိုးရာ ယဉ်ကျေးမှုတွေကိုလေ့လာရင်း ရက်ရှည်နေထိုင်နိုင်မှာဖြစ်တယ် လို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ ဒုဥက္ကဋ္ဌ ဦးအောင် မြတ်ကျော်က ဆိုပါတယ်။
ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနလက်အောက်ရှိ ဟိုတယ်လုပ်ငန်းနဲ့ခရီးသွားလုပ်ငန်းဆိုင်ရာ ကြီးကြပ်ရေးဌာနခွဲ မှ ညွှန်ကြားရေးမှူးဦးမျိုးဝင်းညွန့်က B & B တည်းခိုခန်းတွေ ဖော်ဆောင်ပေးတာဟာ ဒေသခံတွေ တစ်ဖက်တစ်လမ်းက ဝင် ငွေရအောင် လုပ်ဆောင်ပေးတာဖြစ်သလို တိုင်းရင်းသားဒေသ တွေမှာ တခြားအသေးစား စက်မှုလက်မှုလုပ်ငန်းတွေပါ ဖွံ့ဖြိုး လာနိုင်မယ်လို့ သုံးသပ်ပြောကြားပါတယ်။
လက်ရှိမှာ သံတောင်ကြီးဒေသ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး အဖွဲ့က ဒေသခံတွေကို B & B တည်းခိုခန်းတွေလုပ်ဖို့ လိုက်လံ စည်းရုံးနေကြပေမယ့် စိတ်ဝင်စားတဲ့သူက နည်းနေပါသေးတယ်။ ဒေသအခြေအနေတည်ငြိမ်မှုက ရေရှည်ခံပါ့မလားဆိုတဲ့ သံ သယစိတ်တွေမပြယ်သေးတာကြောင့် ဒီလုပ်ငန်းကို စွန့်စားပြီး မလုပ်ရဲကြသလိုဖြစ်နေတယ်လို့ သံတောင်ကြီးဒေသခရီးသွား လုပ်ငန်းဖွံ့ဖြိုးရေး အလုပ်အမှုဆောင်အဖွဲ့မှ ဥက္ကဋ္ဌ ဦးဘိုသာက ဆိုပါတယ်။
တခြားသော ငွေကြေးတတ်နိုင်တဲ့ စီးပွားရေးလုပ်ငန်းရှင် တွေ ဝင်ရောက်လုပ်ကိုင်လိုကြပေမယ့် သံတောင်ကြီး ဒေသခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးအဖွဲ့က ဒေသခံတွေကိုသာ ဦးစားပေးလုပ် ခိုင်းနေခြင်းဖြစ်တယ်လို့ သူကဆို ပါတယ်။
”ငါတို့က ငါတို့ယဉ်ကျေးမှုနဲ့နေတာ။ ငါတို့ယဉ်ကျေးမှုနဲ့ပဲ ငါတို့ဒေသခံတွေကို ဝင်ငွေရစေချင်တယ်”လို့ ဦးဘိုသာက ဆို ပါတယ်။
ယခုလို သံတောင်ကြီးဒေသမှာ စတင်အကောင်အထည် ဖော်ခဲ့တဲ့ B & B တည်းခိုခန်းဝန်ဆောင်မှုစနစ် အောင်မြင်ပြီဆို ရင် ကရင်ပြည်နယ်၊ သံတောင်မြိုနယ်မှာရှိတဲ့ လိပ်သိုမြို့နယ်ခွဲနဲ့ ကယားပြည်နယ်ဘက် သွားတဲ့လမ်းတစ်လျှောက်မှာ ဆက်လက် အကောင်အထည်ဖော်သွားဖို့ရှိတယ်လို့ ဒေါ်အေးပိုပိုနိုင်က ဆိုပါတယ်။
ခရီးသွားဒေသနေရာတွေမှာ ဧည့်သည်တွေအနေနဲ့ တည်း ခိုဖို့ခက်ခဲနေသေးတဲ့ နေရာဒေသတွေရှိနေပါသေးတယ်။ ဒီလို နေရာတွေမှာ ဦးစားပေးဆောင်ရွက်သွားမယ်ဆိုရင်တော့ ခရီး သွားလုပ်ငန်းလည်း ပိုတိုးတက်လာမယ့်အပြင် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကုမ္ပဏီတွေလည်း အကျိုးအမြတ်ဖြစ်လာမှာပါလို့ သူက ဆက်ပြောပါတယ်။
”အိမ်သာမှ ဧည့်လာဆိုတဲ့အတိုင်းပဲ။ ဧည့်လာဖို့အတွက် အိမ်မရှိဘူးလေ။ ဧည့်သည်တော့လာပါရဲ့၊ တည်းခိုစရာက မရှိနဲ့”လို့ ဒဏ္ဍာရီခရီးသွားကုမ္ပဏီဥက္ကဋ္ဌဦးလှရွှေက ဆိုပါတယ်။
Photo: Soe Yu Zaw Grace for Grace B & B ရဲ့ အခန်းမြင်ကွင်း
စိန်ခေါ်မှုများ
ဒါပေမဲ့လည်း သံတောင်ကြီးလိုဒေသတွေမှာ B & B တည်းခိုခန်းတွေလုပ်တဲ့အခါ ဒေသဖွံ့ဖြိုးမှုမရှိသေးတာကြောင့် အင်တာနက်လိုင်းမရခြင်း၊ ဖုန်းလိုင်းမကောင်းခြင်းစတဲ့အခက်အခဲတွေရှိနေသေးတယ်လို့ ပြည်တွင်း Travel & Tour ကုမ္ပဏီ တစ်ခုမှ Operation Assistant Manager တစ်ဦးက ဆိုပါတယ်။
နောက်ထပ် အခက်အခဲတစ်ခုကတော့ တိုင်းရင်းသား ဒေသတွေက B & B တည်းခိုခန်းတွေမှာ သွားရောက် တည်းခို ကြမယ့် နိုင်ငံခြားသားတွေရဲ့ လုံခြုံရေးအာမခံချက်ပေးနိုင်မှုပါ။ ပြည်တွင်းခရီးသွားတွေအတွက်ကတော့ ကိုယ့်ဒေသဖြစ်ပေမယ့် နိုင်ငံခြားသားတွေအတွက်ကတော့ လုံခြုံမှုအပိုင်းကို ပိုပြီးဂရု စိုက်ရမှာပါ။
အခုဆိုရင် B & B တည်းခိုခန်းတွေမှာ လာရောက်တည်း ခိုမယ့် နိုင်ငံခြားသားခရီးသည်တွေအတွက် ကြိုတင်ပြင်ဆင်မှု အပိုင်းအနေနဲ့ ဧည့်လမ်းညွှန်တွေထားမှာဖြစ်သလို ဆောင်ရန်၊ ရှောင်ရန်တွေကို လမ်းညွှန်လုပ်ဆောင်ပေးနိုင်ရန်နဲ့ သွားသင့်တဲ့ နေရာ၊ တားမြစ်ထားတဲ့နေရာတွေကို ထုတ်ပြန်ပေးနိုင်မယ့် သတင်းအချက်အလက်စင်တာကို ၂ဝ၁၅၊ ဒီဇင်ဘာအတွင်းမှာလုပ်ဆောင်သွားမယ်လို့ ဒေါ်အေးပိုပိုနိုင်က ပြောပါတယ်။
Grace for Grace B & B တည်းခိုခန်းဖွင့်ထားတဲ့ မနော်ထူးစောဆရီးကတော့ သူ့ဒေသမှာ မိသားစုတွေနဲ့ မခွဲမခွာ ဘဲ ကိုယ်ပိုင်လုပ်ငန်း လုပ်နေရတာကို ကျေနပ်တယ်လို့ဆိုပါတယ်။ ဒီလုပ်ငန်းကို ရှေ့ဆက်အောင်မြင်အောင် လုပ်သွားဖို့အတွက် လည်း စိတ်အားထက်သန်လို့နေပါတယ်။
”ကျွန်မတို့ ကရင်ရိုးရာအခင်းအကျင်းနဲ့ နိုင်ငံခြားသား တွေအတွက် မမေ့နိုင်မယ့် ရိုးရာဓလေ့တွေနဲ့ ပိုပြီးတိုးတက်အောင် လုပ်သွားမယ်”လို့ သူက ဆိုတယ်။ ။

