ဇန်နဝါရီလထုတ်-၂၀၁၄၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၁၁)မှ အင်တာဗ ျူ းဆောင်းပါးဖြစ်ပါသည်။
နှင်းကို တွေ့မေးသည်။
(ဗြိတိန်အခြေစိုက် Charities Aid Foundation – CAF ) မှ ပြုလုပ်ခဲ့သည့် စစ်တမ်းအရ ပေးကမ်းရက်ရော လှူဒါန်းသည့် နေရာ၌ ကမ္ဘာပေါ်တွင် အမေရိကန်ပြီးလျှင် ဒုတိယမြောက် အပေးအကမ်းအရက်ရောဆုံးဖြစ်နေသည့်တိုင် ဘာကြောင့် အဆင်းရဲဆုံးနိုင်ငံများထဲတွင် ပါဝင်နေရသနည်းဟူသော အကြောင်းအရာကို ရွေးချယ်ခဲ့ပါသည်။
ထိုအမေးပုစု္ဆာအတွက် ဆရာတော် ဦးဇဝန (မေတ္တာရှင်-ရွှေပြည်သာ)၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်မှ ပါမောက္ခဒေါက်တာ မင်းတင်မွန်နှင့် အောင်ဖောင်ဒေးရှင်းတည်ထောင်သူနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်) ဒု-ဥက္ကဋ္ဌ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်တို့ကို ချဉ်းကပ်မေး မြန်းခဲ့သည်များထဲမှ အချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။
ဆရာတော် အရှင်ဇဝန-မေတ္တာရှင်(ရွှေပြည်သာ) နှင့်တွေ့ဆုံမေးမြန်းခြင်း
မော်ကွန်း။ ။ မြန်မာနိုင်ငံဟာ ကမ္ဘာ့အလှူအတန်းရက်ရောမှု မှာဆိုရင် အဆင့်နှစ်မှာရှိနေတယ်။ တစ်ဖက်မှာလည်း ဆင်းရဲနွမ်း ပါးတဲ့အဆင့်၊ အဆင်းရဲဆုံးနိုင်ငံစာရင်းထဲမှာ ရှိနေတုန်းပဲ ဆို တော့ ဒါဟာ ဘာကြောင့်ဖြစ်ရတယ်ဆိုတာကို ဆရာတော်အနေ နဲ့ မိန့်ကြားပေးပါ။
မေတ္တာရှင်။ ။ ဆရာတော့်ကို ဆစ်ဒနီက ဒကာလေးတစ်ယောက် မေးတဲ့ မေးခွန်းနဲ့ နည်းနည်းဆင်တယ်။ မြန်မာနိုင်ငံဟာ အလှူ ဒါနကို အများကြီးပြုပါလျက်ကယ်နဲ့ ဘာဖြစ်လို့ ကမ္ဘာမှာ အဆင်းရဲဆုံးဖြစ်ရတာလဲဆိုတာပေါ့။ အဓိကတော့ တို့ ဗုဒ္ဓဘာ သာ ဒကာ၊ ဒါကာမတွေဟာ အလှူဒါနပြုတဲ့အခါမှာ ကုသိုလ်ရဖို့ ပဲ အဓိကထားတယ်။ အလှူခံအကျိုးရှိဖို့ကို အဓိကမထားဘူး။ ဒီအားနည်းချက်ကို ဆရာတော်မြင်တယ်။
ဆိုကြပါစို့၊ တစ်ထောင်ဘုရားတွေတည်တယ်၊ မုခ်ဦးကြီး တွေ၊ တချို့ဘုရားခန်းထဲမှာ ရုပ်ပွားတွေပေါ့။ ဘုရားခန်းတစ် ခန်းဆိုရင် ရုပ်ပွားတစ်ဆူဆိုရတယ်၊ ဒါပေမဲ့ ဘုရားဒကာဖြစ် အောင်လို့ ငါလည်း ရုပ်ပွား၊ သူလည်း ရုပ်ပွားဆိုပြီး ဝိုင်းလှူကြ တော့ ဘုရားခန်းတစ်ခုတည်း ရုပ်ပွားပေါင်း သုံးဆယ်၊ လေးဆယ် ဖြစ်သွားတယ်။ တည့်တည့်ပြောရရင် ရုပ်ပွားပေါင်း (၃ဝ)မှာ ပထမဆုံးလှူတဲ့ ရုပ်ပွားအလှူက ကုသိုလ်လည်းရတယ်၊ အကျိုး လည်းရှိတယ်၊ တကယ်လိုအပ်တာကိုး။ နောက်ထပ် နှစ်ဆယ့်ကိုး ဆူလှူတာကျတော့ ကုသိုလ်တော့ရတယ်၊ အကျိုးမရှိတော့ဘူး။ ရုပ်ပွားတော်က ထပ်မှမလို တော့ဘဲ။ ဆရာတော့် အလိုအရတော့ တစ်ဆူဆိုတော်ပြီ။
အဲဒီလိုပဲ ဘုရားအဆူ တစ်ထောင်တည်တယ်။ ကိုးရာကိုး ဆယ့်ကိုးဆူဟာ ကုသိုလ်တော့ရတယ်၊ အကျိုးမရှိဘူး။ မေးကြည့် တယ်၊ တစ်ဆူကို ငါးသိန်းတဲ့။ ဆယ်ဆူဆိုရင် သိန်းငါးဆယ်ပဲ၊ အဆူတစ်ရာဆိုရင် သိန်းငါးရာ၊ သိန်းငါးထောင်လောက် ကုန် သွားတာပေါ့။ ဘာဖြစ်သွားလဲဆိုတော့ အဲဒီအလှူဟာ ကုသိုလ် တင်ရပြီးတော့ အကျိုးမရှိဘူး။
လွန်ခဲ့တဲ့ရှစ်နှစ်လောက်က ကော့သောင်းမှာ ကောင်လေး တစ်ယောက်၊ ဆေးတက္ကသိုလ်ဒုတိယနှစ်တက်ပြီးမှ သူ့အဖေက ဆုံးသွားလို့ ကျောင်းဆက်တက်ဖို့ ထောက်ပံ့မယ့်သူမရှိလို့ စည် ပင်မှာသွားပြီး တံမြက်စည်းလှဲ၊ အမှိုက်သိမ်းလုပ်နေရတယ်။ တတိယနှစ်ကို နားလိုက်ရတယ်၊ ဒါကို ဆရာတော်သိလို့ ထောက် ပံ့ပေးလိုက်တာ ကျောင်းပြီးသွားတယ်။
ပြောပြချင်တာက အဲဒီလို ဘုရားတွေတည်၊ ကျောင်းတွေ တအားဆောက်ပြီးတော့ ရွှေကျောင်းပြောင်ပြောင်ဖြစ်တဲ့အချိန် မှာ လူတွေ ပညာမသင်နိုင်လို့၊ စားစရာမရှိလို့ ဝမ်းခေါင်တာတွေက အများကြီးပဲ။ အဲဒီလိုကုသိုလ်ရဖို့ အဓိကထားပြီးတော့ အကျိုးရှိ တဲ့နေရာမှာ မလှူကြတဲ့အတွက်ကြောင့် မြန်မာပြည်ဟာ တအား လှူပြီး ဆင်းရဲတယ်လို့ ယူဆပါတယ်။
မော်ကွန်း။ ။ မြန်မာပြည်ရဲ့ အလှူအတန်းအများစုဟာ ဘုရား တည်၊ ကျောင်းဆောက်တဲ့ဘက်မှာပဲ ဦးတည်နေပြီးတော့ အမှန် တကယ်လိုအပ်တဲ့ ကျန်းမာရေးလိုမျိုး၊ ပညာရေးလိုမျိုးကဏ္ဍတွေမှာ လှူဒါန်းမှုက အားနည်းနေတယ်လို့လည်း ပြောဆိုမှုတွေ ရှိနေပါတယ်။ ဒီအပေါ်မှာရော ဆရာတော်အနေနဲ့ ဘာများမှတ် ချက်ပေးလိုပါသလဲ။
မေတ္တာရှင် ။ ။ အဲဒါကို ဆရာတော်အနေနဲ့တော့ ထောက်ခံတယ်။ စကားတစ်ခုလည်းရှိပါတယ်။ ကောင်းတဲ့အလေ့အထဆိုရင် ဆရာတော်ကတော့ ဘာသာစွဲမရှိဘူး။ လောကအတွက် မှန် လည်း မှန်မယ်၊ အကျိုးလည်း ရှိမယ်ဆိုရင် ဘယ်ဘာသာက အကျင့်မဆို ယူသင့်တယ်လို့ ယူဆတယ်။ လှူဒါန်းမှုနဲ့ပတ်သက်ရင် ဆရာတော်တို့ ဗုဒ္ဓဘာသာဝင်တွေဟာ ခရစ်ယာန်ဘာသာဝင် တွေကို အတုယူသင့်တယ်။ ခရစ်ယာန်ဘာသာဝင်တွေဟာ လှူပြီ ဆိုရင် လောကအတွက် အကျိုးများမယ့်နေရာမှာ လှူတယ်။ ကုသိုလ်ရဖို့ အဓိကမထားဘူး။ ဒါကြောင့် အလှူအတန်းနံပါတ် တစ်ဖြစ်တဲ့ အမေရိကန်ကို ကြည့်၊ အရမ်းလှူတယ်၊ အရမ်းချမ်း သာတယ်။
လှူတဲ့နေရာမှာ အမေရိကန်နဲ့ပဲ နှိုင်းပြပါမယ်။ အမေရိ ကန်နိုင်ငံမှာ ဘန်တာပစ် (Vanderbilt University) ဆိုတဲ့ တက္ကသိုလ်ကြီး ရှိတယ်၊ အဲဒီတက္ကသိုလ်ကြီးကို ဒကာတစ်ဦး တည်းလှူတာ။ မြန်မာပြည်မှာ အဲဒီလို လှူရဲတဲ့ ပုဂ္ဂိုလ်မရှိဘူး။ လှူရကောင်းမှန်းလည်း မသိဘူး။ ဘန်တာပစ်ဆိုတာ အလှူရှင်ရဲ့ နာမည်။ သူဟာ ကုန်စိမ်းရောင်းတဲ့ဘဝက တက်လာပြီးတော့ ပညာတတ်မှ ဒီနိုင်ငံတိုးတက်မှာဆိုတဲ့ ရည်ရွယ်ချက်နဲ့ လှူလိုက် တာ။ မြန်မာပြည်မှာတော့ အဲဒီလိုလှူရဲတဲ့ ပုဂ္ဂိုလ်မရှိပါဘူး၊ ဘုန်း ကြီးကျောင်းကြီးတွေကို မလိုလည်း ဆောက်၊ လိုလည်း ဆောက် လှူကြတယ်။ သဒါ္ဓတရားကတော့ ကောင်းတယ်။ ပိုက်ဆံရှာ တယ်၊ ဘုန်းကြီးကျောင်းတွေ ဆောက်လှူကြတယ်၊ ဆောက်တာ မှ လေး၊ ငါးနှစ်ရှိသေးတယ်၊ ဒီထက်ကြီးတာ ဆောက်မယ်ဆိုပြီး ဖျက်ပြီး အသစ်ထပ်ဆောက်တယ်။ ဒါတွေက အလဟဿ ကုန် သွားတာ။
အဲဒီတော့ ရဟန်းတော်များကလည်း ဘာသာရေးခေါင်း ဆောင်ပီပီ ကိုယ့်ဒကာ၊ ဒကာမတွေကို လမ်းညွှန်ပေးဖို့ လိုတယ် ပေါ့။ ဆရာတော်တို့ကတော့ ပြတ်သားတယ်။ လှူဒါန်းတဲ့ငွေတွေ ကို ကိုယ့်ငွေလိုသဘောထားတဲ့အတွက်ကြောင့် မလိုအပ်ရင် အလှူမခံဘူး။ လှူလိုတဲ့သူကိုလည်း မလှူဖို့ တားလိုက်တယ်။ ဆရာတော့်ကို ဆွမ်းကပ်မယ်ဆိုရင် အသားဟင်းတစ်ခွက်၊ အချဉ် ဟင်း၊ တို့စရာနဲ့ ငါးပိဆိုရပြီ(တချို့ဆို အတော်အံ့သြသွားတယ်)။ လေးခွက်၊ ငါးခွက်ထက် မပိုရဘူး၊ အသားဟင်း နှစ်မျိုးမချက်ရ ဘူး။ တချို့က ချက်မယ်ဆိုရင် ချက်ခွင့်မပေးနိုင်ဘူးလို့ ပြောလိုက် တယ်။ အဲဒါက ကုသိုလ်တော့ရတယ်။ အကျိုးမရှိဘူးလို့ ပြော လိုက်တယ်။ ကိုယ်စားတာ တစ်ခွက်ပဲ။ ကျန်တာ အပိုတွေ၊ အလဟဿသ ဖြစ်သွားမှာ။ တစ်ခါကပ် (လှူ)မယ့်နေရာမှာ နှစ်ခါ ကပ်လို့ရတယ်။ ဒါဆို လူတစ်ရာကျွေးရင်တောင်မှ ၇ဝ,ဝဝဝ (ကျပ်)လောက်ပဲ ကုန်တယ်။
ဒါကြောင့် ဆရာတော်ပြောချင်တာကတော့ ခရစ်ယာန် တွေရဲ့ အကျိုးရှိတဲ့အလှူလှူနည်းကို အတုယူသင့်တယ်လို့ ပြော ချင်ပါတယ်။
မော်ကွန်း။ ။ ဆရာတော်၊ သံဃာတော်တွေအနေနဲ့ ကိုယ့်ရဲ့ဘာ သာဝင်တွေ၊ ဒကာ၊ ဒကာမတွေကို သံသရာမှ လွတ်ရာလွတ် ကြောင်းတွေကို လမ်းညွှန်ပြသနေကြတယ်ဆိုပေမယ့် ဒီဆင်းရဲ တွင်းက လွတ်မြောက်နိုင်မယ့်လမ်းကြောင်းကိုရော ဘယ်လိုမျိုး ညွှန်ပြလို့ ရနိုင်သလဲ။
မေတ္တာရှင်။ ။ သူများတွေ မတွေးတဲ့ အတွေးလေးနဲ့ ပြောချင် တယ်။ မင်းမေးလိုက်တာ တော်တော်ကောင်းတယ်။ လူတော် တော်များများက တို့မြတ်စွာဘုရားရဲ့ ဗုဒ္ဓဝါဒကို ဘာသာရေးသက် သက်လို့ ထင်နေကြတာ။ တို့ဘုရားက စီးပွားရေး၊ လူမှုရေးအကုန် ဟောခဲ့တယ်။ လူတိုင်းကို ဘာသာရေး မဟောဘူး။ လူတိုင်းကို သစ္စာလေးပါး မဟောဘူး။
ဆိုကြစို့။ အင်္ဂုတ္တိုရ်မှာလာတဲ့ ဒကာတစ်ယောက်က လျှောက်ဖူးတယ်။ မြတ်စွာဘုရားတဲ့၊ တပည့်တော် နိဗ္ဗာန်မလို ချင်ဘူး၊ နိဗ္ဗာန်ရောက်ကြောင်းလမ်းကြောင်းကို တပည့်တော် မသိချင်ဘူး။ တပည့်တော်သိချင်တာ ကိုယ့်သားမယားနဲ့ ဒီဘဝ မှာ ချမ်းချမ်းသာသာနေချင်တယ်တဲ့။ ဒီဘဝမှာ ချမ်းသာရာလမ်း ကြောင်းကို ဟောပေးဖို့ လျှောက်တယ်။ သံသရာမှာလည်းပဲ နတ် ပြည်ရောက်ချင်တယ်တဲ့။ အဲဒီတော့ ချုပ်လိုက်ရင် ဒီဘဝမှာ သား မယားနဲ့ ချမ်းသာနိုင်တဲ့နည်းပေးပါ၊ နောက်ဘဝမှာလည်း နတ် ပြည်ရောက်တဲ့နည်းပေးပါ၊ တခြား ဘာမှ မဟောနဲ့တဲ့။ သူပြော တာ ရှင်းတယ်။
ဘုရားကလည်း ရတယ်ဆိုပြီး ဒီဘဝမှာ သမ္ပဒါလေးပါးနဲ့ ပြည့်စုံရင် မင်းချမ်းသာလိမ့်မယ်လို့ ပြောလိုက်တယ်။ သံသရာ အတွက်ဆိုရင်တော့ လှူဒါန်းရမယ်၊ သီလဆောက်တည်မယ်၊ သဒါ္ဓ၊ သီလ၊ သုတ၊ စာဂ ပညာရှိမယ်ဆိုရင် နောက်ဘဝ ချမ်းသာ မယ်လို့ ဟောပေးလိုက်တယ်။ အဲဒီတော့ ပစ္စက္ခ (ယခု၊ လက်ရှိ ဘဝ) ချမ်းသာခြင်းလေးပါးအကြောင်းကို ပြောပြချင်တယ်။ စိတ်ဝင်စားစရာကောင်းတဲ့ မေးခွန်းလေးတွေနဲ့ ပြောပြမယ်။
တစ်ခုက ဗုဒ္ဓရဲ့ ကမ္မဝါဒက မကောင်းတာလုပ်ရင် မကောင်း ကျိုးခံစားရမယ်၊ ကောင်းတာလုပ်ရင် ကောင်းကျိုးခံစားရမယ် ဆိုပြီး အခု မွတ်ဆလင်ကုလားတွေဟာ နွားတွေသတ်ပြီး အမဲ သားရောင်းတာ ချမ်းသာနေတယ်၊ ဘာဖြစ်လို့ မကောင်းကျိုး မခံစားရတာလဲတဲ့။ ဒါကြောင့် ဘုရားရဲ့ဝါဒက ဟုတ်နိုင်(မှန်နိုင်)ပါ့မလားလို့ မေးခွန်းမေးတယ်။ သိပ်သိသင့်တဲ့မေးခွန်းပဲ။
အဖြေကတော့ မကောင်းတာလုပ်ရင် မကောင်းကျိုးခံစား ရမှာကတော့ ဟုတ်တယ်။ ဒါပေမဲ့ သူ့အချိန်ကာလဆိုတာရှိ တယ်။ အခုဘဝမှာ သတ်ဖြတ်လိမ်ညာသောအလုပ်ကို လုပ်ပေ မယ့် ဒီဘဝမှာအကျိုးမပေးတော့ဘဲ နောက်ဘဝမှာ အကျိုးပေး တာတွေရှိတယ်။ နည်းမျိုးစုံနဲ့ပေါ့။ သတ်ဖြတ်တဲ့အလုပ်ကတော့ သူ့အချိန်တန်ရင်တော့ မကောင်းကျိုးပေးမှာပဲ၊ ဒါက တစ်ကဏ္ဍထား။
ကြီးပွားချမ်းသာတာကတော့ အတိတ်ကုသိုလ်ကံ၊ အကုသိုလ်ကံထက် ဒီပစ္စက္ခသမ္ပဒါလေးပါးက ပိုပြီးအဓိကကျ တယ်လို့ ဘုရားက ဟောခဲ့တယ်။ သမ္ပဒါလေးပါးပြည့်စုံရင် နွား သတ်ရောင်းလည်း ချမ်းသာမှာပဲ၊ ရိုးရိုးကုန်စိမ်းရောင်းလည်း ချမ်းသာမှာပဲ။ သမ္ပဒါလေးပါး မပြည့်စုံရင်တော့ ဘာရောင်း ရောင်း ဆင်းရဲမှာပဲ။ သမ္ပဒါလေးပါးဆိုတာ ဘာလဲဆိုတော့…။
နံပါတ်တစ်၊ ဥဋ္ဌာနသမ္ပဒါဆိုတာ စီးပွားဥစ္စာကို ထထကြွ ကြွနဲ့ လုံ့လဝီရိယနဲ့ ရှာဖွေရမယ်၊ ဝတ်ကျေတန်းကျေမလုပ်ရဘူး။ ဥပမာ-မဂ္ဂဇင်းဆိုပါစို့၊ ဒီလမဂ္ဂဇင်းထက် နောက်လမဂ္ဂဇင်းကို ဘယ်လိုကောင်းအောင်လုပ်ရမလဲ၊ အမြဲတမ်းကြိုးစားနေဖို့လို တယ်။ ပုံမှန်လုပ်နေရင် တိုးတက်မှာမဟုတ်ဘူး။ လူတွေအကျိုးရှိ သွားအောင်၊ ပစ္စည်းကောင်းအောင်၊ ဈေးလည်းသက်သာအောင် ဘယ်လိုလုပ်မလဲလို့ အမြဲတမ်းစဉ်းစားနေဖို့လိုတယ်။ ဆရာတော့် စာအုပ်တွေ ဘာကြောင့် တအားရောင်းနေရသလဲ၊ စာကောင်းလို့ လားဆိုတော့ စာက သိပ်မဟုတ်ဘူး၊ သူလိုငါလိုပဲ၊ ဒါပေမဲ့ ဈေး သက်သာတယ်လေ။ ဒါကြောင့် အောင်မြင်တာ၊ ဒါ စီးပွားရေးပဲ၊ အဲဒါကို ဥဋ္ဌာနသမ္ပဒါလို့ ခေါ်တယ်။
ဥပမာတစ်ခုထပ်ပေးချင်တယ်။ ဒါက နည်းနည်းကျယ် ပြန့်လို့။ လွန်ခဲ့တဲ့ နှစ်ပေါင်းခြောက်ဆယ်ကျော်က တစ်ကမ္ဘာလုံးသုံးတဲ့ကားကတော့ ဖို့စ်ကားတွေပဲ။ ဟင်နရီဖို့စ်ဆိုတဲ့ အမေရိကန် သူဌေးထုတ်တဲ့ ကားပေါ့။ သူ့ကား ဘာကြောင့် အောင်မြင်သလဲ၊ ဘာကြောင့်ရောင်းရသလဲဆိုတော့ ပစ္စည်းကောင်းတယ်၊ ဈေး သက်သာတယ်၊ တစ်စီးမှ ဒေါ်လာတစ်ထောင်နဲ့ ရောင်းတယ်။ နောက် ဂျင်နရယ်မော်တာဆိုတဲ့ ကုမ္ပဏီတစ်ခုပေါ်လာတယ်။ အဲဒီကုမ္ပဏီသူဌေးက ခရစ်ယာန်ဘာသာဝင်သာဖြစ်တာ ဘုရား ဟောတဲ့ သမ္ပဒါလေးပါးနဲ့ ပြည့်စုံနေတယ်။ ကားထုတ်မယ်ဆို တော့ သူ့(ဖို့စ်)ထက်သာရမယ်လေ။ ဘာသာအောင် လုပ်မလဲဆို တော့ သူလို့ပဲ ပစ္စည်းကောင်းရမယ်။
နောက် ဘာသာအောင်လုပ်မလဲဆိုတော့ စားသုံးသူလို့ခေါ် တဲ့ ကားစီးတဲ့သူတွေဆီကို လိုက်ပြီးမေးတယ်၊ စစ်တမ်းကောက် တယ်။ ကားစီးတဲ့သူတွေဟာ အရောင်မျိုးစုံစီးချင်ကြတယ်တဲ့။ ဖို့စ်ကားက အနက်ရောင်တစ်ရောင်တည်းပဲ ထုတ်တာ။ ဒီတော့ သူက အရောင်မျိုးစုံထုတ်ပေးလိုက်တယ်။ တစ်ချက်သာ သွား ရော။ နောက် ဖို့စ်ရဲ့ကားတွေက ပုံစံတစ်မျိုးတည်းထုတ်တာ။ ကားစီးတဲ့သူတွေက ပုံစံမျိုးစုံကို စီးချင်ကြတယ်။ သူက ပုံစံမျိုးစုံ ထုတ်ပေးလိုက်တယ်။
နောက် ဖို့စ်ရဲ့ကားက ဈေးတစ်မျိုးတည်းပဲရောင်းတာ၊ ဒေါ် လာတစ်ထောင်ပဲ။ လေ့လာတွေ့ရှိချက်မှာ လူတွေက ဈေးအမျိုး မျိုးဝယ်ချင်ကြတယ်၊ ဆင်းရဲသားက ဆင်းရဲတဲ့အလျောက်၊ ချမ်း သာတဲ့သူက ချမ်းသာတဲ့ အလျောက်ပေါ့။ သူက ဈေးနှုန်းကိုလည်း မျိုးစုံထုတ်ပေးလိုက်တယ်။ ဒီတော့ ဂျင်နရယ်မော်တာက အောင် မြင်သွားတယ်။ နောက် ဂျပန်ပေါ့။ ပြောချင်တာကတော့ ဥဋ္ဌာန သမ္ပဒါရှိရင် ချမ်းသာတယ်။
နံပါတ်နှစ်ဖြစ်တဲ့ အာရက္ခသမ္ပဒါဆိုတာကတော့ ကိုယ့် ဆီကို ဝင်လာတဲ့ငွေကို မလိုအပ်ဘဲ မကုန်အောင် စောင့်ရှောက် ပေးရတယ်။ မလိုတဲ့နေရာမှာ မသုံးရဘူး။ မြန်မာတွေက အပျော် အပါးဝါသနာပါတယ်။ အသောက်အစားဆိုရင်လည်း ထိပ်ဆုံးက။ လောင်းကစားဆိုရင်လည်း ယောကျ်ားက ဘောလုံး၊ မိန်းမက နှစ်လုံးလေ။ ဒီတော့ အာရက္ခသမ္ပဒါ၊ ကိုယ့်ငွေကို မစောင့်ရှောက် လို့ မြန်မာတွေ ဆင်းရဲတာ။ ဗုဒ္ဓဘာသာဖြစ်လျက်နဲ့ ဗုဒ္ဓစကားကို နားမထောင်လို့ ဆင်းရဲတာ။
နောက် သမဇီဝိတသမ္ပဒါတဲ့။ မြတ်စွာဘုရားက ”မင်း အဝင်အထွက် မျှအောင်သုံး”တဲ့။ မင်းတို့ တစ်နေ့သုံးထောင် (ကျပ်)ဝင်ရင် နှစ်ထောင်နဲ့ လောက်အောင် စား၊ တစ်ထောင်ကို ရအောင်ကို စုရမယ်။ စုကို စု၊ မစုရင် ဘယ်တော့မှ မချမ်းသာဘူး။ မြန်မာတွေက သုံးထောင်ဝင်ရင် ကြက်သားတစ်ပိဿာကို လေး ထောင့်ငါးရာနဲ့ ဝယ်တယ်၊ တစ်ထောင့်ငါးရာကို အကြွေးနဲ့။ အကြွေးမကြောက်တတ်တဲ့လူမျိုးက မြန်မာတွေပဲ။ ကြွေးတင်ရင် ကျွန်ဖြစ်တာပဲ။ အခုမြန်မာတွေ ကျွန်ဖြစ်နေပြီ။ ချေးငှားပြီးတော့ တရုတ်ကျွန်၊ ကုလားကျွန်ဖြစ်ပြီးတော့ မချမ်းသာတော့ဘူး။
နောက်ဆုံး ကလျာဏမိတ္တသမ္ပဒါ၊ မိတ်ဆွေကောင်းရှိရ မယ်။ တရုတ်၊ ကုလားက သူတို့အချင်းချင်းဆိုရင် ကူညီတယ်။ သူတို့အချင်းချင်းပိုက်ဆံချေးမယ်ဆိုရင် အတိုးမယူဘူး။ မြန်မာတွေ ကျတော့ အချင်းချင်းကို အတိုးတွေ မတန်တဆယူပြီး တကယ် တမ်းကူညီမယ့်သူကို မရှိဘူး၊ တဖြည်းဖြည်းနဲ့ ဆင်းရဲသွားတာပဲ။ နိဂုံးချုပ်ပြောချင်တာကတော့ သမ္ပဒါလေးပါးရှိရင် ဗုဒ္ဓဘာသာ ဟာ ချမ်းသာတယ်။ ဒါကိုမကျင့်လို့ ဆင်းရဲနေတာ။
မော်ကွန်း။ ။ ဒီမေးခွန်းကတော့ တခြားသောလူမျိုးတစ်ယောက် အနေနဲ့ပဲ မေးပါရစေ။ မြန်မာနိုင်ငံမှာဆိုရင် သံဃာတော်ပေါင်း ငါးသိန်းကျော်ရှိတယ်ပေါ့နော်။ ဒီ သံဃာတော်ငါးသိန်းကျော်ကို ပံ့ပိုးနေရတဲ့၊ ထောက်ပံ့နေရတဲ့ ဒီဘာသာဝင်တွေ၊ ပြည်သူတွေ အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုများဖြစ်နေစေပါသလား။
မေတ္တာရှင် ။ ။ ကောင်းတယ်၊ ဒီမေးခွန်းက မေးသင့်တယ်။ ဒီ မေး ခွန်းအတွက်လည်း ကြိုတင်ပြင်ဆင်ထားပြီးသား ရှိပါတယ်။ အဲဒီလိုလည်း ထင်ချင်စရာကြီးဖြစ်နေတာကိုး။ ဒီမေးခွန်းမျိုးကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂,၅ဝဝလောက်က ဒကာတစ်ယောက် မေး ပြီးသွားပြီ။ မြတ်စွာဘုရားကို မေးခဲ့တာ။
ဝေသာလီပြည်မှာ အငတ်ဘေးဆိုက်နေပြီး ရာသီဥတုဆိုး ဝါးကာ လူတွေက စားရမဲ့ သောက်ရမဲ့ဖြစ်နေတဲ့ အချိန်ပေါ့။ အဲဒီ တုန်းက မြတ်စွာဘုရားက အဲဒီမှာ သွားပြီး ဝါဆိုပစ်လိုက်တာ။ အဲဒီတော့ ရဟန်းတွေနဲ့အတူ (သံဃာအပါး ၅ဝဝ) ဆွမ်းခံ ထွက်ရ တယ်။ အဲဒီအချိန်မှာ မြတ်စွာဘုရားနဲ့ စင်ပြိုင်ဘုရားအမည်ခံ ဒိဋ္ဌိဆရာကြီးတွေရှိတယ်။ ဒါကို အခွင့်အကောင်းယူပြီးတော့ ရွာ သူကြီးကို ခေါ်ပြီး အဲဒီလိုမေးဖို့ တိုက်တွန်းခဲ့တယ်။
ဒီတော့ ရွာသူကြီးက ”မြတ်စွာဘုရား၊ ဘာလုပ်တာလဲ”ပေါ့။ ဘုရားကလည်း ”ငါ ဆွမ်းခံကြွတယ်”ပေါ့။ ”မြတ်စွာဘုရား က မေတ္တာကရုဏာမရှိရာ ရောက်တာပေါ့။ ဒီလောက် ပြည်သူ ပြည်သားတွေ ငတ်ပြတ်နေတာ၊ ကိုယ်က မစောင့်ရှောက်ဘဲနဲ့ ဆွမ်းခံထွက်တယ်ဆိုတော့ ပြည်သူပြည်သားတွေ ပိုငတ်ကုန်မှာ ပေါ့၊ ပိုဆင်းရဲကုန်မှာပေါ့”ဆိုပြီး ထပ်ပြောတယ်။ ဒါဆိုရင် ဘုရားက မေတ္တာကရုဏာရှိတယ်ဆိုတာ ဟုတ်ပါဦးမလားလို့ လျှောက်တယ်။
ဘုရားက ပြန်ပြောတယ်။ ငါ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ကျင်လည်ခဲ့တဲ့အထဲမှာ လှူလို့မွဲသွားတဲ့ပုဂ္ဂိုလ် တစ်ယောက်မှ မတွေ့ခဲ့ဖူးဘူးတဲ့။ သုံးလို့၊ ဖြုန်းလို့ မွဲသွားတာပဲ ရှိတယ်တဲ့။တို့မြန် မာတွေလှူတာ နိုင်ငံတကာကို ဘယ်မီမှာတုံး။ ဘီလ်ဂိတ်ကြီး လှူ နေတာပဲ ကြည့်ပါလား။ တောင်အာဖရိကကို သူ့ချမ်းသာသမျှရဲ့ သုံးပုံနှစ်ပုံလှူမယ်ဆိုတာ မြန်မာပြည်တစ်ပြည်စာလောက် ရှိ တယ်။ သူ ဆင်းရဲမသွားပါဘူး။ ဆရာတော် ပြောချင်တာကတော့ လှူလို့ကတော့ ဘယ်တော့မှ မဆင်းရဲဘူး။ လှူလို့ ချမ်းသာတာ ပဲရှိတယ်။ သံဃာတွေကို လှူဒါန်းလို့ဆိုပြီး လုံးဝမဆင်းရဲဘူး ဆိုတာကို နည်းနည်းရှင်းပြချင်တယ်၊ ဒါက နည်းနည်းနက်နဲလို့ပါ။
ငါတို့တစ်တွေဟာ တခြားအပိုတွေသုံးလို့သာ ဆင်းရဲသွား ကြတာ။ ဆိုပါစို့၊ ခရစ်ယာန်ဘာသာက ဘုန်းကြီးတွေဆိုရင် ငါတို့ ထက်တောင် ပိုများဦးမှာပါ။ သူတို့တွေ တို့ထက်လှူတာပေါ့။သူတို့ မဆင်းရဲပါဘူး။ သူတို့ Church (ဘုရား) ကျောင်းကြီးတွေ ဆိုရင် တို့ထက်ခမ်းနားတာပေါ့။
ကံနဲ့ပတ်သက်လို့ ဘာသာခြားတစ်ယောက်က မြတ်စွာ ဘုရားကို မေးဖူးတယ်။ လူချင်းတူပြီးတော့ တချို့ပုဂ္ဂိုလ်က ချမ်း သာပြီး တချို့ပုဂ္ဂိုလ်က ဆင်းရဲတယ်၊ အဲဒါ ဘာကြောင့်လဲတဲ့။ ပုထုဇဉ်တိုင်း ချမ်းသာချင်တယ်။ စီးပွားရှာကြတယ်။ ဘာဖြစ်လို့ လူတိုင်းမချမ်းသာတာလဲဆိုတာကိုတော့ စဉ်းစားသင့်တယ်။ ချမ်းသာချင်စိတ်ရှိပြီး ကြိုးစားတာချင်းအတူတူ ဘာကြောင့် ချမ်းသာတာမတူရတာလဲဆိုတာကို သူက မေးတာ။
ဘုရားက ဖြေလိုက်တယ်။ အလှူဒါနရှိတဲ့ ပုဂ္ဂိုလ်တွေက ချမ်းသာတယ်။ စီးပွားလုပ်ရင် ဖြစ်တယ်တဲ့။ အလှူဒါန မလုပ်တဲ့ ပုဂ္ဂိုလ်တွေက စီးပွားလုပ်ရင် မဖြစ်ဘူးတဲ့။ ဒါက ဘုရားလက်ထက် က အတိတ်အကြောင်းလေးပါ။ အင်္ဂုတ္တိုရ်က အကြောင်းလေးကို ရှင်းပြမယ်။ လူလေးယောက်၊ စီးပွားရေးနဲ့ ဘွဲ့ရတာချင်း၊ ဉာဏ် ပညာချင်း၊ အသက်အရွယ်ချင်း တူတယ်။ ချမ်းသာချင်တာလည်း တူတယ်။ သူတို့လေးယောက်စလုံးကို သိန်းတစ်ထောင်စီ ရင်းနှီး ပေးလိုက်တယ်။ ကြိုးစားကြတဲ့အခါ အကျိုးအမြတ်က မတူဘူး။
တစ်ယောက်က သိန်းတစ်ထောင်ရင်းနှီးတာ သိန်းနှစ် ထောင်နဲ့ နှစ်ဆမြတ်ပြီးတော့ တစ်ယောက်တော့ သိန်းတစ် ထောင်ရင်းတာ သိန်းတစ်ထောင်အတိ မြတ်တယ်။ နောက်တစ် ယောက်က သိန်းငါးရာမြတ်ပြီးတော့ ကျန်တစ်ယောက်တော့ အရင်းပါ ရှုံးသွားတယ်။ အဲဒီတော့ သူတို့က အားလုံးတူပါ လျက် ကယ်နဲ့ ဘာကြောင့်ကွဲပြားနေလဲဆိုတော့ ဒါနကံ ကွာသွားတယ်။ ဆရာတော်ပြောချင်တာကတော့ သံဃာတွေလှူလို့တော့ မဆင်း ရဲဘူး၊ သုံးလို့၊ ဖြုန်းလို့၊ သမ္ပဒါလေးပါး မပြည့်စုံလို့ ဆင်းရဲတယ် ဆိုတာပဲ ပြောချင်ပါတယ်။
မော်ကွန်း။ ။ အလှူအတန်းတွေ အကျိုးရှိဖို့အတွက်ကို ဆရာ တော်တွေရဲ့ လမ်းညွှန်ပေးမှုနဲ့ ဆရာတော်တွေရဲ့ အခန်းကဏ္ဍက ဘယ်လောက်အရေးပါတယ်လို့ ယူဆပါသလဲ။
မေတ္တာရှင်။ ။ မြန်မာပြည်က ဗုဒ္ဓဘာသာနိုင်ငံဆိုတော့ ဆရာ တော်များကသာ ဦးဆောင်လို့ကတော့ နောက်က လိုက်ကြတာ များပါတယ်။ အဲဒီတော့ ဦးဆောင်သံဃာတွေ အရေးကြီးလာ တယ်။ ခေါင်းဆောင်တွေက ခေါင်းမရှောင်ဖို့ အရေးကြီးတယ်။ အခု ဆရာတော်တို့ ပရဟိတလုပ်လာတာ သီတဂူဆရာတော်တို့၊ ဂန္ဓာရုံဆရာတော်ကြီးတို့ရဲ့ ကျေးဇူးတွေပဲ။ ဂန္ဓာရုံဆရာတော် ကြီးက အကျိုးရှိအောင်လှူတတ်ဖို့ သူ့စာအုပ်တွေ၊ သူဟောတဲ့ တရားတွေထဲမှာ အမြဲတမ်းပါတယ်။ သီတဂူဆရာတော်ကြီးက တော့ ပရဟိတကို လက်တွေ့လုပ်ပြနေတာပဲ။
ဆရာတော်ပြောချင်တာကတော့ သံဃာတော်များက လည်း ဘာသာရေးလည်း လုပ်၊ ပရဟိတလည်း လုပ်မယ်ဆို ပို ကောင်းတာပေါ့။ သာမညဆရာတော်ကြီးလိုပေါ့။ သူ့ရဲ့ သာမည တောင်မှာ ဘုရားတွေ တည်ပေးသလို ရွာနီးချုပ်စပ်မှာလည်း စာ သင်ကျောင်းကြီး ဆောက်ပေးတယ်။ လမ်းတွေ ခင်းပေးတယ်။ အရမ်းသာယာတာပဲ။ ဒီတော့ ထင်ရှားတဲ့ ဆရာတော်၊ သံဃာ တော်များက ဘာသာရေးနဲ့အတူ လူမှုရေးပါ လှူပြမယ်ဆိုရင် မြန်မာနိုင်ငံကြီးဟာ အမေရိကန်ထက်တောင် ချမ်းသာသွားလိမ့် မယ်ဆိုတဲ့ အကြောင်း ပြောချင်ပါတယ်။
မော်ကွန်း။ ။ တိုင်းပြည်ဆင်းရဲရတဲ့ အကြောင်းရင်းက အစိုးရရဲ့ အလုပ်အကိုင် မဖန်တီးပေးနိုင်မှု စတဲ့ အစိုးရရဲ့ စနစ်ဆိုးကြောင့် ဖြစ်ရတယ်လို့ အများစုက ဆိုကြသလို တစ်ဖက်မှာလည်း ဘာသာရေးလုပ်ငန်းတွေမှာ ဝိုင်းဝန်းပံ့ပိုးနေရလို့ဆိုပြီး အယူအဆတွေလည်း ရှိနေကြတော့ ဆရာတော်အနေနဲ့ ဒီအပေါ်မှာ ဘာ များပြောချင်ပါသလဲ။
မေတ္တာရှင်။ ။ နှစ်မျိုးစလုံးဆိုင်တယ်လို့ ဆရာတော်ထင်တယ်။ မင်း(ဘုရင်၊ အစိုးရ)မကောင်းရင်လည်း မချမ်းသာနိုင်ဘူး။ လွန်ခဲ့ တဲ့ နှစ်ပေါင်းလေး၊ ငါးဆယ်က မဟာစည်ဆရာတော်ကြီးရဲ့ အတွေးအခေါ်ကို ပြန်ပြောပြမယ်။ သူတို့ခေတ်က လမ်းစဉ်ပါတီ ခေတ်။ ဘယ်လိုတွေးလဲဆိုတော့ မြန်မာပြည်မှာက တအားချမ်း သာတဲ့သူတွေ မပေါ်နိုင်ဘူးတဲ့။ ဆိုရှယ်လစ်စနစ်က လူချမ်းသာ ဖြစ်ခွင့်မပေးဘူးတဲ့။ အဲဒီတော့ မြန်မာပြည်မှာ တအားလှူတဲ့ ပုဂ္ဂိုလ်တွေရှိတယ်။ သူတို့က နောင်ဘဝဆိုရင် တအား ချမ်းသာ ရမှာ။ ဒါပေမဲ့ မြန်မာပြည်မှာဆိုရင် ချမ်းသာခွင့်မရှိဘူး ဖြစ်နေ တယ်။ အစိုးရက ပြည်သူပိုင်သိမ်းမှာလေ။
ဒါကြောင့် သူတို့က အမေရိကန်တို့၊ အင်္ဂလန်တို့မှာ လူသွား ဖြစ်ရတယ်တဲ့။ အရင်က လှူခဲ့တဲ့ ကုသိုလ်ကံကြောင့် ဟိုမှာတော့ အကုန်ချမ်းသာကုန်ကြတယ်တဲ့။ အဲဒီတော့ ဒီမှာ တအားမချမ်း သာတာဟာ အစိုးရရဲ့စနစ်ကြောင့်လည်း ပါတယ်ဆိုတာကို ပြော ချင်တယ်။ ဒါကြောင့် လူချမ်းသာကို နှိပ်ကွပ်တဲ့စနစ်ဆိုးက မရှိ သင့်ဘူး။ တရုတ်မော်စီတုန်းလက်ထက်က ကွန်မြူနစ်ထဲက ပုဂ္ဂိုလ်တစ်ယောက်ပြောဖူးတယ်။ ကွန်မြူနစ်ဝါဒဆိုတာ လူဆင်း ရဲကိုတော့ ချမ်းသာအောင် လုပ်မပေးနိုင်ဘူး၊ လူချမ်းသာကိုတော့ ဆင်းရဲအောင် လုပ်ပေးနိုင်တယ်တဲ့။ မြန်မာပြည်လည်း ဦးနုလက် ထက်တုန်းက သူဌေးတွေ အများကြီးရှိတယ်။
ဦးနေဝင်းလည်း တက်ရော အကုန်ဆင်းရဲသွားကြတယ်။ စစ်တပ်လက်ထက်ရောက်တော့ ပိုဆိုးသွားတယ်။ ဒါကြောင့် ဆင်းရဲရတာ အစိုးရရဲ့စနစ်နဲ့လည်း ဆိုင်ပါတယ်။ ဘာသာရေး ကတော့ အထက်က ပြောသလိုပါပဲ။
မော်ကွန်း။ ။ တချို့တွေ အလှူအတန်းတွေလုပ်တဲ့နေရာမှာ လူ သိခံချင်လို့၊ ကျော်ကြားချင်လို့ဆိုတာက ရှေ့တန်းကို ရောက်လာ တာ တွေ့ရပါတယ်။ မြတ်စွာဘုရားအနေနဲ့ရော ဒီ အလှူအတန်းနဲ့ ပတ်သက်ပြီး ဘယ်လိုမျိုး ဟောကြားခဲ့ပါသလဲ။ ဘယ်လိုမျိုးလှူရ တယ်၊ ဘယ်လိုလူမျိုးကို လှူရတယ်ဆိုတဲ့ ပုံစံမျိုးပေါ့။
မေတ္တာရှင်။ ။ သိပ်တန်ဖိုးရှိတာကို မင်းမေးတတ်တယ်။ ကောင်း တယ်။ ဘုရားက အလှူခံပုဂ္ဂိုလ် ၁၄ ဦးကို ဟောပေးထားတယ်။ အဲဒါအရေးအကြီးဆုံးပဲ။ မြန်မာတွေ အဲဒီ ၁၄ ဦးကို မသိဘူး။ မသိ လို့လည်းဘဲ အကျိုးရှိတဲ့နေရာမှာ မလှူတတ်ဘူး ဖြစ်သွားတာ။ သူတို့က ဘုန်းကြီးနဲ့ ဘုရားပဲ အလှူခံပုဂ္ဂိုလ် ထင်နေကြတာ။ ဘုရားက ၁၄ ဦးတောင် ဟောခဲ့တယ်။
နံပါတ်တစ်က တိရစ္ဆာန်၊ မြတ်စွာဘုရားက တိရစ္ဆာန်ကို လှူဖို့ ဟောခဲ့တယ်။ ဒါ ဥပရိပဏ္ဏာသပါဠိတော်၊ ဒက္ခိဏဝိဘင်္ဂ သုတ်မှာပေါ့။ တိရစ္ဆာန်ကို လှူပါတဲ့။ ခွေးလေး၊ ကြောင်လေးစတဲ့ တိရစ္ဆာန်ကျွေးရင် သပ်သပ်ရပ်ရပ်ကျွေးပါတဲ့။ တစ်ခါ ကျွေးတိုင်း ဘဝတစ်ရာချမ်းသာတဲ့ အကျိုးကို ရတယ်။
နောက် လူမိုက်ကိုလည်း ကျွေးပါတဲ့။ ဒါကြောင့် သီတဂူ ဆရာတော်ကြီးက အကျဉ်းထောင်တွေထဲမှာ လိုက်ကျွေးပေးနေ တာ။ သူတို့ကိုကျတော့ အစားတင် မဟုတ်ဘူး၊ တရားပါ ကျွေး ပေးရတယ်။ လိမ္မာသွားမှာပေါ့။ လူမိုက်ကျွေးရင်လည်း ဘဝတစ် ထောင် ချမ်းသာတဲ့အကျိုးရတယ်တဲ့။
နောက်ရိုးရိုးသာမန်သီလရှိတဲ့ ပုဂ္ဂိုလ်ကို ကျွေးရင် ဘဝတစ် သိန်းချမ်းသာတယ်တဲ့။ ဆိုလိုချင်တာက လူအချင်းချင်းလည်း မြတ်စွာဘုရားက လှူခိုင်းတယ်။ ဒါကို တို့ဗုဒ္ဓဘာသာက မသိဘူး။ ခရစ်ယာန်တွေ ကသိတယ်။ ဗုဒ္ဓဘာသာများကျတော့ လူလူချင်း မလှူကောင်းဘူးထင်နေကြတာ။ ဒါကြောင့် မြန်မာအလုပ်ရှင် သူဌေးအများစုဟာ သိန်းတစ်ထောင်ကုန်အောင် စေတီတစ်ဆူ ကိုသာ တည်ရဲတာ၊ ကိုယ့်အလုပ်သမားကို ငွေလေးတစ်ထောင် လောက် လစာတိုးမပေးရဲဘူး။ တကယ်တော့အလုပ်သမားက အလှူခံပုဂ္ဂိုလ်ထဲမှာ ပါတယ်။ တစ်သောင်းပိုပေးလိုက်ရင် တစ် သောင်းလှူပြီးသား ဖြစ်တာပဲ။ ဒီအချက်ကိုမသိကြဘူး။ ဒီအချက် ကိုတော့ သိသင့်တယ်၊ ပြောချင်တာကတော့ ဘုရားစကားနား မထောင်တာ။ မလှူတတ်လို့ ဆင်းရဲတာ။
နံပါတ်လေးကတော့ သာသနာအပ ဈာန်ရရသေ့တဲ့။ သူ့ကို လှူရင် ဘဝကုဋေတစ်သိန်းချမ်းသာတယ်တဲ့။ ဒီလေးဦးပေါ့။
နောက် ၁ဝ ဦးကတော့ ပေါင်းပြောရတာ။ အရိယာပုဂ္ဂိုလ် ရှစ်ယောက်ရယ်၊ ပစ္စေကဗုဒ္ဓါနဲ့ နာမာနမဘုရားရှင်ဆိုပြီး နှစ်ဦး၊ ပေါင်းလိုက်တော့ ၁ဝ ဦးပေါ့။ ရိုးရိုးရဟန်းတွေကတော့ သောတာ ပန်ထဲမှာ ပါသွားတယ်။ အဲဒီဆယ်ဦးကိုတော့ ဘယ်သူ့ကိုလှူလှူ ဘဝပေါင်းမမှန်းဆနိုင်အောင် ချမ်းသာမှာမို့ ဘဝဘယ်လောက် ချမ်းသာမယ်ဆိုတာ မပြောနိုင်ဘူးတဲ့။ တအားအကျိုးကြီးတယ်။
ဒါကြောင့် မြတ်စွာဘုရားကတော့ ဒီ ၁၄ဦးစလုံးကို ကြုံ သလို လှူခိုင်းခဲ့ပါတယ်။ သို့သော် ဗုဒ္ဓဘာသာအများစုက လူ ပုဂ္ဂိုလ်ကို လှူဖို့ မေ့နေကြတာလို့ပဲ ပြောချင်ပါတယ်။
မော်ကွန်း။ ။ မေးခွန်းတွေလည်း စုံသွားပါပြီ။ တပည့်တော်တို့ မော်ကွန်းမဂ္ဂဇင်းရဲ့ အခုလိုမျိုး တွေ့ဆုံမေးမြန်းခန်းကဏ္ဍမှာ ဆရာတော်အနေနဲ့ ဘာများ ဖြည့်စွက်ပြောချင်ပါသလဲ ဘုရား။
မေတ္တာရှင်။ ။ အခု မေးရ၊ ဖြေရတာ တော်တော်ကောင်းပါတယ်။ ထပ်ပြောချင်တာက ပရဟိတလုပ်မယ်ဆိုရင် ပရဟိတဆိုတာ ဒါနပြုတာပဲ။ ပါရမီဖြည့်တာပဲ။ ပါရမီဖြည့်တဲ့အခါမှာ ဘယ်ပါရမီပဲ ဖြည့်ဖြည့် ဒါနပဲပြုပြု၊ သီလပဲ စောင့်တည်စောင့်တည်၊ ဘာဝနာပဲ ပွားပွား၊ ပါရမီဖြည့်တိုင်း ပါရမီအမည်ဖြစ်ဖို့ဆိုရင် နိက္ခမပါရမီ လိုအပ်တယ်တဲ့။ နိက္ခမဆိုတာ လောဘကနေ ထွက်မြောက်သွား တာကို ပြောချင်တာ။
ဆိုလိုတာကတော့ မိမိရဲ့ အလှူဒါနပြုတဲ့ လုပ်ငန်းမှာ တောင် လောဘသုံးမျိုးက ထွက်မြောက်အောင်လုပ်မှ သူ့အလှူ က ပါရမီထိုက်တယ်။ လောဘသုံးမျိုးက ဘာလဲဆိုတော့ နံပါတ် တစ်လှူဖွယ်ဝတ္ထုအပေါ်မှာ တပ်မက်တဲ့လောဘကို ပယ်သတ် ရတယ်။ ဒါက ပယ်သတ်နိုင်ကြပါတယ်။ နံပါတ်နှစ်ကတော့ နာ မည်ကြီးချင်တဲ့လောဘကို ပယ်သတ်ရတယ်။ အဲဒါကို မပယ် သတ်နိုင်ကြဘူး။ အရမ်းနာမည်ကြီးချင်ကြတယ်၊ အဲဒါက မကောင်းဘူး။ သိပ်လူသိများချင်ကြတာပဲ။ အဲဒီစိတ်နဲ့ လုပ်ပြီဆို ရင် မအောင်မြင်ဘူး။ အဲဒီနာမည်ကြီးချင်တဲ့ လောဘကနေထွက် မြောက်အောင် လုပ်ရမယ်။ နံပါတ်သုံးကတော့ နောက်ဘဝမှာ ချမ်းသာချင်တဲ့ လောဘပဲ။ ဒီသုံးမျိုးကို ပယ်သက်ပြီးလုပ်မှ ဒီ ဒါနက ပါရမီထိုက်သွားတာ။
အခုဖြစ်နေတာက ဒီပရဟိတလောကမှာကို နာမည်ကြီး ချင်တဲ့ လောဘတွေ တအားများနေတယ်။ ဥပမာ- မန္တလေးဆိုရင် နာရေးအသင်းပေါင်း ခုနစ်ဆယ်၊ ရှစ်ဆယ်လောက်ရှိတယ်။စစ်ကိုင်းမြို့ပေါ် ကိုပဲ အသင်းပေါင်းမနည်းဘူး။ ငါ နာရေးလုပ်ပြီးတော့ နာမည်ကြီးချင်တဲ့စိတ်က ဖြစ်နေတာကိုး။ တကယ်တော့ မလို အပ်တော့ဘူး။ အခုလူတစ်ယောက်သေရင် အလောင်းလုနေရ တယ်။ ရန်ဖြစ်တဲ့အဆင့်တောင် ရောက်ကုန်တယ်ကြားတယ်။ တကယ်မကောင်းပါဘူး။
ဘာလို့လုပ်နေကြလဲ။ တစ်ဖွဲ့ရှိ တော်ပြီပေါ့။ လူက မသေ သေးဘူး၊ သူတို့သြင်္ဂိုဟ်ချင်တာနဲ့ ဗီရို(အခေါင်း)နဲ့ စောင့်နေ တယ်။ သေမယ့်သူတောင် အသက်မထွက်ရဲအောင်ဘဲ။ တကယ် ဖြစ်သင့်တာက နာရေးအသင်းကို တစ်ဖွဲ့ပဲ ထား၊ ကျန်တဲ့အဖွဲ့တွေ က ကျန်းမာရေးစောင့်ရှောက်ကြပေါ့။ ဆရာတော်အလိုအတိုင်း သာဆိုရင် နာရေးကိစ္စဆိုတာ လူတစ်ယောက်သေရင် သုသာန် ရောက်အောင် ပို့ရင် ပြီးတာပဲ။ လူတစ်ယောက်လမ်းဘေးမှာ သေ နေရင် ဘယ်သူမှတော့ ပုပ်အောင် ထားမှာ မဟုတ်ဘူးလေ။ သုသာန်ကို ပို့ပေးကြမှာပဲ။
တကယ်တမ်းလိုအပ်တာက ကျန်းမာရေးစောင့်ရှောက်မှု ပဲ။ ဆေးရုံမှာ ဆေးမရှိလို့ သေသွားတဲ့သူတွေ အများကြီးပဲ။ ဒါကျ တော့ မလှူကြဘူး၊ သေအောင်စောင့်နေတယ်။ ဆရာတော်ပြော ချင်တာကတော့ မြန်မာတွေဟာ ပရဟိတလုပ်တာတောင် နာ မည်ကြီးချင်တဲ့စိတ်က ထိပ်က ရောက်နေတယ်။ သူများလုပ်တိုင်း လိုက်မလုပ်နဲ့။ တကယ်လိုအပ်သလားဆိုတာကို စဉ်းစားပြီးလုပ် ပါ။ ဒါကြောင့် မြန်မာလူမျိုးတွေ လှူတဲ့အခါမှာ နာမည်ကြီးချင်တဲ့ စိတ်ကို မထားပါနဲ့။ အလှူခံချမ်းသာဖို့၊ အကျိုးရှိမယ့်နေရာတွေ မှာပဲ လှူပါလို့ ဆရာတော်တိုက်တွန်းချင်ပါတယ်။ အပိုင်း( ၂ )သို့

