မနောမြေမှာ ဒဏ်ရာဒဏ်ချက်တွေနဲ့

ဓါတ်ပုံ : ဉာဏ်လင်း

၂၀၁၂- အောက်တိုဘာလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၂)မှ  သတင်းဆောင်းပါးကို ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။

ဉာဏ်လင်း၊ တီတိုး နှင့် ဆိုင်းမိုင် (မြစ်ကြီးနား) ရေးသားသည်။

သူငယ်ငယ်က မြင်တွေ့ခဲ့ရသည့် ကချင်ပြည်နယ်၏ တောတောင်ရေမြေ ပုံရိပ်များက အသက် ၇ဝ နား သီသီဝေ့နေသည့် ဦးခေါဘောမ်၏ စိတ်သန္တာန်မှာ ယနေ့အထိ မှတ်မှတ် ထင်ထင် ရှိနေကြတုန်း။

သူတို့မိသားစုနေထိုင်သည့် ဖားကန့်ဘက်မှာ ကျား၊ ဆင်၊ ပြောင်၊ ကျွဲရိုင်း၊ ဝက်ဝံ အစရှိသည့် တောရိုင်းတိရစ္ဆာန်များမှာ မတွေ့ချင်၊ မမြင်ချင်မှ အဆုံး။ သစ်နှင့် ဝါးဆိုသည် များမှာလည်း သုံးမကုန်၊ ဖြုန်းမကုန်၊ ပေါချင်တိုင်းပေါများခဲ့သည်များကို ဦးခေါဘောမ် လွမ်းနေမိသည်။

”ကျွန်တော်တို့ရွာကိုက ကျွန်းတောထဲမှာလေ။ ကြိုက်သလောက်သုံးလို့ရတယ်။ သစ်ပင်အကြီးကြီးတွေဆို ခုတ်ရခက်လွန်းလို့ ဘယ်သူမှတောင် မခုတ်ကြဘူး” ဟု ဦးခေါဘောမ်က ဆိုသည်။

သူလူပျိုအရွယ်တုန်းက မိဘများက လယ်လုပ်ငန်းဖြင့် အလုပ်ရှုပ်နေကြချိန်မှာ သူကတော့ တောပျော်တစ်ယောက်ဖြစ်သည့်အားလျော်စွာ သေနတ်တစ်လက်ထမ်းကာ တောလိုက်ရင်း အချိန်တွေကုန်နေခဲ့သည်ဟု ဦးခေါဘောမ်က ပြောပြသည်။

”တောကောင်တွေ၊ ငါးတွေဆိုတာကလည်း မစားချင်မှ အဆုံးပဲ”

တစ်ပိုင်တစ်နိုင် ကျောက်စိမ်းရှာဖွေသူများမှာလည်း တူး ရွင်း၊ ပေါက်ပြား၊ တူကြီး၊ ဆို့၊ သံချွန် အစရှိသည်များကိုသုံးကာ  မိသားစုဝင်ငွေရှာဖွေနိုင်ကြသည့်အတွက် ဒေသခံများ၏ စား ဝတ်နေရေးမှာ ချောင်ချောင်လည်လည်ရှိခဲ့ကြသည်။

သဘာဝကပေးသော လက်ဆောင်မွန်များဖြင့် စား၊ ဝတ်၊ နေရေး ပူပန်စရာမလိုခဲ့ကြသော်လည်း မြန်မာ့တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (Kachin Independence Army – KIA) တို့ ၁၉၆၁ ခုနှစ်မှ စတင်ကာ နှစ်ပေါင်း ၃ဝ ကျော်ကြာ စစ်မက်ဖြစ်ပွားနေခဲ့သောကြောင့် ဦးခေါဘောမ်တို့ ဒေသအပါအဝင် ကချင်ပြည်နယ်တစ်ဝန်းကား အေးအေး ချမ်းချမ်းရှိလှသည်တော့ မဟုတ်။

၁၉၉၄ ခုနှစ်မှာတော့ အပစ်အခတ်ရပ်စဲလိုက်သည့် အတွက် နယ်မြေလည်း ပြန်လည်အေးချမ်းလာခဲ့ပြီး ဦးခေါ ဘောမ်တို့ ဖားကန့်သည်လည်း ရွာအဆင့်မှ မြို့နယ်အဆင့်သို့ ရောက်ရှိလာခဲ့သည်။

အပစ်အခတ်ရပ်စဲခဲ့သည့်အချိန်မှ တိုက်ပွဲတွေပြန်ဖြစ်ခဲ့ သည့် ယမန်နှစ်မတိုင်ခင်အထိ ၁၇ နှစ်တာ ကာလအတွင်းမှာ ငြိမ်းချမ်းရေးအသီးအပွင့်ဖြစ်သော တည်ငြိမ်အေးချမ်းမှုကို ဦးခေါ ဘောမ်တို့ဒေသခံတွေ ခံစားခွင့် ရခဲ့ကြသည်။

သို့သော်လည်း တစ်ဖက်မှာ ကချင်ပြည်နယ်၏ မြေပေါ် မြေအောက် သယံဇာတများမှာတော့ ငြိမ်းချမ်းရေးကာလ အတွင်း သကြားအိုးကို ပုရွက်ဆိတ်များအုံခဲလာကြသည့်ပမာ သူ့ထက်ငါ အစုလိုက်၊ အပြုံလိုက် ကဆုန်ပေါက် ဝင်ရောက်လာခဲ့ ကြသော စီးပွားရေးသမားများ၏ အာသာငမ်းငမ်း၊ အားပါးတရ ဝါးမျိုစားသောက်မှုကို မရှုမလှခံခဲ့ကြရသည်။

အရင်တုန်းက ဦးခေါဘောမ်တို့ ဒေသခံတွေ ခုတ်ရခက် လွန်းလို့ မခုတ်ဘဲထားခဲ့သည့် ကျွန်းပင်ကြီးတွေကို သစ်ကုမ္ပဏီ ကြီးများက လက်ကိုင်စက်လွှကြီးများဖြင့် ဟောတစ်ပင်၊ ဟော တစ်ပင် ဝုန်းခနဲ၊ ဝုန်းခနဲ ခုတ်လှဲပစ်ကြသည်။ ဦးခေါဘောမ်တို့ မျက်စိရှေ့မှာပဲ တောတွေဆိုတာ ပြောင်သလင်းခါသွားသည်။ တောင်တွေဆိုတာ ကတုံးတွေဖြစ်သွားသည်။

အရင်တုန်းက ဒေသခံများ တူးရွင်း၊ သံချွန်များဖြင့် ကျောက်စိမ်းတူးခဲ့ကြစဉ်က အထိမနာခဲ့သည့် တောင်ကုန်း၊ တောင်စောင်း၊ တောင်ကမူများကို ကျောက်စိမ်းတူးဖော်သည့် ကုမ္ပဏီကြီးများက စက်ယန္တရားကြီးများသုံးကာ ကိတ်မုန့်များ လှီးသလို လှီးပစ်ကြသည်။ ကုတ်ဖဲ့ပစ်ကြသည်။ ဦးခေါဘောမ်တို့ မျက်စိရှေ့မှာပဲ တောင်တွေဆိုတာ ဟောတစ်လုံး၊ ဟောတစ်လုံး ပျောက်သွားကြသည်။

မြေပေါ်မြေအောက် သယံဇာတတွေ အလွန်အကျွံထုတ်ယူ သူများကြောင့်၊ သည်ကနေ့တော့ ဦးခေါဘောမ်တို့၏ မနောမြေ ခမျာ ရုပ်ပျက်ဆင်းပျက်ဖြစ်ရပြီ။ ဒဏ်ရာဒဏ်ချက်တွေနှင့် အကျည်းတန် ကျန်ရစ်ရလေပြီ။ သူ့ရင်ထဲမှာ စွဲငြိနေခဲ့သည့် ဟိုး ငယ်ငယ်က မနောမြေ၏အလှအပတို့ဟူသည်ကား လွင့်ပါး သွားကြလေပြီ။

သည်ကနေ့တော့ ဦးခေါဘောမ်တို့လို ဒေသခံတွေအဖို့ တစ်ခါတုန်းက  မနောမြေဆိုသည်မှာ အကြောင်းတိုက်ဆိုင်သည့် အခါ ပြန်ပြောင်းပြောပြစရာ၊ ဆွတ်ပျံ့လွမ်းမောဖွယ်ရာ၊ ပုံပြင် တစ်ပုဒ်မျှသာ။

ဇီဝရတနာ

မြန်မာနိုင်ငံ၏ ဦးခေါင်းအဖြစ် ခိုင်းနှိုင်းပြောဆိုကြသည့် မြန်မာပြည်မြောက်ပိုင်း ဤကချင်ပြည်နယ်ကား ကမ္ဘာပေါ်တွင် ဇီဝမျိုးစုံမျိုးကွဲတို့ ပေါများကြွယ်ဝရာ အရေးပေါ် ထိန်းသိမ်း စောင့်ရှောက်ကြရမည့်၊ အချိန်မရွေး ကွယ်ပျောက်သွားနိုင်သည့် နေရာများထဲက တစ်ခုဖြစ်သည်ဟု ပညာရှင်များက သတ်မှတ် ထားကြသည်။

ဧရိယာ ၃၄,၃၇၉ စတုရန်းမိုင် ကျယ်ဝန်းသည့် ဤဒေသမှာ ကမ္ဘာ့အရှားပါးဆုံး သစ်ခွမျိုးစိတ်တစ်ခုဖြစ်သော သစ်ခွနက် (black orchid) တွေ တွေ့နိုင်သလို စပါးအရိုင်းတွေကိုလည်း တွေ့နိုင်သည်။ ရှားပါးတိရစ္ဆာန်တွေထဲမှာ ကမ္ဘာ့ရှားပါး မျောက် မျိုးဖြစ်သည့် နှာခေါင်းအပေါ်သို့လန်နေသော အဲလ်ဗစ် (Elvis) အမည်ရ မျောက်များကိုလည်း ဤဒေသမှာ တွေ့နိုင်သည်။

(အဆိုပါမျောက်မှာ အမွေးနက်ပြောင်ပြီး ဆံပင်ပုံစံက ကမ္ဘာကျော် အမေရိကန် အဆိုတော် Elvis Presley ၏ ဆံပင် ပုံစံနှင့် ဆင်ဆင်တူသောကြောင့် Elvis ဆိုသော နာမည်ကို သိပ္ပံပညာရှင်များက ပေးထားခြင်းဖြစ်သည်။)

ထိုသို့ ဇီဝမျိုးစုံမျိုးကွဲတွေ ပေါများကြွယ်ဝမှုကို ရတနာ တစ်ပါးအဖြစ် တန်ဖိုးထားသင့်ကြောင်း စီးပွားရေး ဖွံ့ဖြိုးတိုး တက်မှုကိုအခြေခံသည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကိုယ်စားပြုအဖွဲ့ (EcoDev) မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးဝင်းမျိုး သူက ဆိုပါသည်။

”ဇီဝမျိုးစုံကြွယ်ဝတာဟာ ရတနာတစ်ပါးပဲ။ ဇီဝမျိုးစုံတွေ ကနေ ပိုက်ဆံမရတဲ့အတွက် လူတွေက ကျောက်နဲ့လဲတာ ပေါ့ဗျာ” ဟု ၎င်းကဆိုသည်။

ဇီဝမျိုးစုံပေါများကြွယ်ဝသော ကချင်ပြည်နယ်ကို ဦးဝင်း မျိုးသူက မြန်မာနိုင်ငံ၏ နောက်ဆုံးကျန်ရှိသည့် ခံတပ်ကြီးဟု သုံးနှုန်းသည်။

”ရာသီဥတုပြောင်းလဲမှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါ နောက်ဆုံးကျွန်တော်တို့ရင်ဆိုင်နိုင်တဲ့ကိစ္စက ဇီဝမျိုးကွဲတွေကိုပဲ အသုံး ချပြီးတော့ရင်ဆိုင်ရမှာ” ဟု သူကဆိုသည်။

ဥပမာတစ်ခုအဖြစ် ယခုစိုက်နေကြသည့် စပါးမျိုးတွေ ရာသီဥတုအပြောင်းအလဲများကြောင့်ဖြစ်စေ၊ အခြားအကြောင်း အမျိုးမျိုးကြောင့်ဖြစ်စေ မျိုးတွေပြုတ်သွားခဲ့လျှင် ကချင်ပြည် နယ်က စပါးရိုင်းတွေဆီကို ပြန်သွားပြီး ယဉ်အောင်ပြန်မွေးရ လိမ့်မည်ဟု သူက ရှင်းပြသည်။

”ဒီနေရာမှာ စိန်တွင်းကြီးတွေ တွေ့မယ်ဆိုရင်တောင်မှ မေခတို့၊ မလိခတို့ ဒီမြောက်ပိုင်းဒေသတွေကို အလက်စကာ (Alaska) လိုပဲ ထားသင့်တာ” ဟု သူက အကြံပြုသည်။

အမေရိကန်ပြည်ထောင်စုပိုင်ဆိုင်သည့် အလက်စကာ ပြည်နယ်သည် ရေနံအင်မတန်ပေါကြွယ်သည့် ဒေသဖြစ်သော် လည်း ပတ်ဝန်းကျင်ထိန်းသိန်းရေးက အရေးကြီးသည့်အတွက် အမေရိကန်အစိုးရက မတို့၊ မထိဘဲ ဒီအတိုင်းထားပေးထားသည့် ဒေသဖြစ်သည်။

မြေပေါ်မြေအောက် သယံဇာတများ၊ ဇီဝမျိုးစုံမျိုးကွဲများ ပေါများကြွယ်ဝလှသည့် ကချင်ပြည်နယ်မှာ မြန်မာတစ်နိုင်ငံလုံး အတွက် ဂုဏ်ယူစရာ အင်မတန်ကောင်းသော၊ တအားလည်း အရေးပါသော အခြားအချက်များ ရှိနေပါသေးသည်။

အရှေ့တောင်အာရှတစ်ဝန်း အခြားဘယ်နိုင်ငံမှာမှ မတွေ့ နိုင်ဘဲ မြန်မာတစ်နိုင်ငံတည်းသာရှိသော ရေခဲတောင်များကို ဤပြည်နယ်မှာပဲ တွေ့နိုင်ပါသည်။

အာရှ၏ အကြီးဆုံးမြစ်များထဲတွင်ပါဝင်ပြီး မြန်မာနိုင်ငံကို အလယ်ကနေ မြောက်မှတောင်သို့ စီးဆင်းကာ မြစ်ကြောင်း တစ်လျှောက် လူဦးရေသန်းပေါင်းများစွာ (နိုင်ငံလူဦးရေထက် ဝက်ကျော်) တို့၏ စားဝတ်နေရေး၊ ကုန်စည်ကူးသန်းရောင်း ဝယ်ရေးကို အထောက်အပံ့ပေးနေသော ဧရာဝတီမြစ်သည် ဤပြည်နယ်မှာပဲ စတင်ပါသည်။

ထိုသို့သော အကြောင်းအဆက်များရှိနေခြင်းကြောင့် တစ်နိုင်ငံလုံးအတွက် အင်မတန်အရေးကြီးသည့် ဤကချင်ပြည် နယ်ကို ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ပေးကြပါရန် ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားများက တိုက်တွန်းနှိုးဆော်ကြခြင်း ဖြစ်ပါသည်။

 

ပြုန်းတီးသစ်တောများ

သို့သော်လည်း မိမိတို့၏ လတ်တလောအကျိုးစီးပွားကို သာ ကြည့်တတ်သူများကတော့ မြေပေါ်မြေအောက် သယံဇာ တများကို ရနိုင်သလောက်၊ လောဘတကြီး ဆက်လက်ထုတ်ယူ နေကြသည်ဟု ကချင်အရေးလေ့လာသူများက ထောက်ပြ ဝေဖန်ကြသည်။

မြေပေါ်မြေအောက် သယံဇာတတူးဖော်ထုတ်ယူရာတွင် စီးပွားရေးသမားများသာမက ဒေသဆိုင်ရာ အာဏာပိုင်များနှင့် လက်နက်ကိုင်အဖွဲ့အစည်းများပါ ပါဝင်ပတ်သက်နေသည်ဟု ကချင်ပြည်နယ်၏ သဘာဝပတ်ဝန်းကျင်ကို လေ့လာစောင့်ကြည့် နေသည့် အဖွဲ့အစည်းများက ဆိုပါသည်။

”(ကချင်မှာရှိတဲ့) လက်နက်ကိုင်အဖွဲ့အစည်းတွေရော၊ အစိုးရတွေရော အကုန်လုံးဟာ သစ်ထုတ်လုပ်ငန်း၊ ကျောက် စိမ်းနဲ့ ရွှေတူဖော်ရေးလုပ်ငန်းတွေမှာ အားလုံးပါဝင်ပတ်သက် နေတယ်” ဟု ကချင်လူမှုဖွံ့ဖြိုးရေးကွန်ရက်အဖွဲ့ (Kachin Development Networking Group) မှ ဥက္ကဋ္ဌ ဦးအောင်ဝါ က ဆိုပါသည်။

သစ်အလွန်အကျွံထုတ်ယူမှုများကြောင့် သည်ကနေ့ ကချင်ပြည်နယ်က တောတွေထဲမှာ ကျွန်းသစ်နှင့် အခြားသစ်မာ များ ကုန်သလောက်နီးပါးဖြစ်နေပြီဟုလည်း ကချင်အရေး လေ့လာသူများက ဆိုကြသည်။

လွန်ခဲ့သည့်နှစ်၂ဝလောက်ကအထိဗန်းမော်တစ်ဝိုက်မှာသစ်ပင်ကြီးတွေအမြောက်အမြားရှိခဲ့သည်ဟုဗန်းမော်ကရုဏအဖွဲ့မှ ကိုနော်ဒင့်က ဆိုပါသည်။

ထိုစဉ်က သစ်ပင်ကြီးတွေ ဘယ်လောက်တောင် များခဲ့ကြသေးသလဲဆိုလျင် တောထဲကို နွားလှည်းဝင်ဖို့တောင် တော်တော်လေး ခက်ခဲသည်ဟု သူ့အတွေ့အကြုံနှင့်ယှဉ်ပြီး ကိုနော်ဒင့်က ပြောပြသည်။

သို့သော်လည်း ထိုအခြေအနေများသည် ဆယ်စုနှစ် နှစ်ခုအတွင်းမှာပဲ လုံးဝပြောင်းလဲသွားခဲ့သည်ဟု သူကဆိုသည်။

ကချင်ပြည်နယ်တွင် မြန်မာနိုင်ငံသား စီးပွားရေးသမားများထက် တရုတ်ပြည်ဖွား စီးပွားရေးသမားများ၏ သစ်ထုတ်ယူမှုက ပိုမိုများပြားကြောင်း ကချင်အရေးလေ့လာသူများကဆိုသည်။

တရုတ်လုပ်ငန်းရှင်များ၏ သစ်ထုတ်ယူကြပုံကို ကိုနော်ဒင့်က ဆီးသီးရွေးစားသည့် ဥပမာဖြင့် အခုလို ခိုင်းနှိုင်းပြောပြသည်။

”ဆီးသီးရွေးစားတဲ့အခါ အကောင်းကိုအရင်ရွေးစားတယ်၊ အကောင်းတွေ ကုန်သွားတော့ နောက်ဆုံး မကောင်းတဲ့ဟာတွေပါ အကုန်ကုန်အောင် စားပစ်တာပဲ။ အဲလိုပဲ အပင်ကြီးတွေ၊ လူငါးယောက်ဖက်စာတွေကို အရင်ခုတ်တယ်။ နောက်ပိုင်းကျတော့ အမြစ်အထိပါ တူးပြီးယူသွားကြတယ်လေ”

စီးပွားရေးအရ အားကြီးလာသော တရုတ်ပြည်၏လိုအပ်ချက်များက ကြီးထွားလာချိန်၊ မြန်မာပြည်ဘက်တွင် ဥပဒေစိုးမိုးမှုမရှိသည့်အခါ သဘာဝအရင်းအမြစ် ထုတ်ယူမှုများမှာအထိန်းသိမ်းမဲ့၊ အကာအကွယ်မဲ့ဖြစ်လာနေသည်ဟု ကိုနော်ဒင့်က ထောက်ပြပါသည်။

”တရုတ်ရဲ့ ကြီးထွားလာတဲ့ စီးပွားရေးတောင်းဆိုမှုပေါ့လေ၊ အဲဒါကိုဘယ်သူမှ တောင့်မခံနိုင်ဘူး(တရုတ်နဲ့ ကျွန်တော်တို့နဲ့က) ဆင်နဲ့ ပုရွက်ဆိတ်” ဟု ၎င်းက ဆိုပါသည်။

စီးပွားရေးလုပ်ငန်းရှင်များ၏ အငမ်းမရသစ်ထုတ်လုပ်မှုများကြောင့် သစ်တောတွေ ထူရာမှပါးလာသည့် အထဲတွင် မိရိုးဖလာ တောင်ယာလုပ်ငန်းများကြောင့်လည်း နှစ်စဉ် သစ်ပင်အမြောက်အမြား အခုတ်လှဲခံနေကြရသည်ဟု လေ့လာစောင့်ကြည့်နေသူများက ဆိုပါသည်။

ကချင်ပြည်နယ်အပါအဝင် တစ်နိုင်ငံလုံးအနေအထားဖြင့်သစ်ထုတ်ခွင့်တွေ အမြောက်အမြားချထားပေးခြင်းနှင့် တရားမဝင်သစ်ခုတ်မှုများကြောင့် သစ်တောတွေ ကြောက်ခမန်းလိလိပြုန်းတီးလာနေသည်ကို ပညာရှင်များက စိုးရိမ်မကင်း ဖြစ်ကာကျယ်ကျယ်လောင်လောင် သတိပေးလာကြပါသည်။

သည်ကနေ့ မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းဧရိယာမှာနိုင်ငံဧရိယာ၏ ငါးပုံ တစ်ပုံ (၂ဝ ရာခိုင်နှုန်း) လောက်သာရှိတော့သည်ဟု ပြည်သူ့လွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီ အတွင်းရေးမှူး ဦးသိန်းလွင်က သြဂုတ်လတတိယပတ်ထဲမှာ ကျင်းပခဲ့သော ဆွေးနွေးပွဲတစ်ခုမှာ ထုတ်ဖော်ပြောဆိုသွားခဲ့ပါသည်။

ဓာတ်ပုံ- ဆိုင်းမိုင် (မြစ်ကြီးနား)                                                  မေခမြစ် အထက်ပိုင်း ရွှေတူးဖော်ရေး လုပ်ငန်းခွင်တစ်ခု

ပျောက်ဆုံးသွားသော တောရဂုံ

တစ်ချိန်တုန်းက ကချင်ပြည်နယ်၏ တောတောင်များမှာကျေးငှက်၊ သာရကာတို့၏ သီကျူးပျော်မြူးသံများ၊ စုံလင်လှသော တောရိုင်းတိရစ္ဆာန်များ၊ ထူထူထည်းထည်း၊ သိပ်သိပ်သည်းသည်းရှိလှသော သစ်ကြီးဝါးကြီးများ၊ အသွေးအရောင်စုံလင်လှသော ပန်းမာန်များ၊ အေးအေးစိမ့်စိမ့်ရှိလှသော ဝန်းကျင်အနေအထားများဖြင့် သာယာနာပျော်ဖွယ်ရာ အလွန်ကောင်းသော စိမ့်ကြီး၊ မြိုင်ကြီးများဖြစ်ခဲ့ကြသည်ဟုဆိုပါသည်။

သို့သော်လည်း ယနေ့တော့ ထိုတောကြီးများမှာ တောဆိုပေမင့် တောမမည်နိုင်ကြတော့သည်ကို ဒေသခံများက အခုလိုသတိပြုမိလာကြသည်ဟု ဆိုသည်။

”(တောတွေထဲမှာ) ကျား၊ ဆင်လို အကောင်ကြီးတွေမဆိုနဲ့၊ တောကြက်တွန်တဲ့ အသံတောင် မကြားရတော့ဘူး” ဟုဦးခေါဘောမ်က ပြောပြသည်။

ကချင်ပြည်နယ်အရေး လေ့လာသူများကောက်ချက်ချသည်က သစ်တောတွေပြုန်းတီးလာသည့်အတွက် တောရိုင်းတိရစ္ဆာန်များမှာ ခိုကိုးရာမဲ့ဖြစ်သွားပြီး အချို့သော တောကောင်များမှာ ဒေသခံမုဆိုးများလက်သို့ အလွယ်တကူ သက်ဆင်းကျရောက်သွားကြသည်ဟုဆိုသည်။

အချို့သောတောကောင်များမှာလည်း အရင်လို မှီခိုစရာ၊စားသောက်စရာ လုံလုံလောက်လောက် မရှိကြတော့သဖြင့်ကချင်ပြည်နယ်၏ ဟိုမှာဘက်၊ တောထူထူထပ်ထပ် ရှိနေသေးသည့် တရုတ်ပြည်ဘက်ခြမ်းသို့ ကူးသွားကြသည်ဟု ဆိုပါသည်။

သစ်တောတွေ ပြုန်းတီးလာသည့်အတွက်ကြောင့် ယခင်က ဒေသခံများအားကိုးအားထားပြုခဲ့ရသည့် ဆေးပင်၊ ဆေးမြစ်များမှာလည်း ယခုအခါ ရှာရ၊ ဖွေရခက်ခဲလာကြောင်း ဒေသခံများကဆိုပါသည်။

”အခုလား၊ ဘာဆေးပင်မှ ရှာလို့မရတော့ဘူးလေ” ဟုဖားကန့်ဒေသခံ ဒေါ်လမာရွယ်က ပြောပြသည်။

”မြေစာပုံနဲ့ တောင်ကတုံးတွေမှာ ဘာဆေးပင်တွေပေါက်နိုင်တော့မှာလဲ” ဟုလည်း အသက် ၆၂ နှစ်အရွယ်ဒေါ်လမာရွယ် က ညည်းတွားသည်။

တစ်ချိန်တုန်းကတော့ တောတွေထဲမှာ ဆေးပင်တွေပေါများခဲ့ရုံတင်မက သစ်ဥ၊ သစ်ဖုများလည်း လှိုင်လှိုင်ပေါခဲ့သည်ဟု ဒေါ်လမာရွယ်က ဆိုပါသည်။

အရင်တုန်းက စစ်ပွဲတွေဖြစ်လို့ တောတွေ၊ တောင်တွေထဲ ထွက်ပြေးကြရပြီဆိုလျှင် ဒေါ်လမာရွယ်တို့ ဒေသခံတွေမှာ ဆေးဝါးအတွက်သာမက အစားအစာအတွက်ပါ ဘာဆိုဘာမှပူစရာမလိုခဲ့။

တောထဲမှာ ပိန်းဥ၊ မြောက်ဥနှင့် အသီးအရွက်များက အလျှံပယ်။ ဖမ်းဆီး စားသောက်စရာ သားကောင်များကလည်း ပေါမှပေါ။

ယခုတစ်ခေါက် စစ်ဘေးရှောင်ကြရာမှာတော့ ဒေါ်လမာရွယ်တို့တတွေ ခါတိုင်းလို တောထဲ၊ တောင်ထဲကို ဝင်မပြေးကြဘဲ ဖားကန့်မြို့ပေါ်ကိုပဲ တက်ပြေးလာကြပါသည်။

”အခုတစ်ခေါက် တောထဲပြေးရင် ဘာစားစရာမှ မရှိတော့ဘူးလေ။ ဘာဆေးပင်မှလည်း မရှိဘူးလေ။ ဒါကြောင့် မြို့ပေါ်တက်ပြေးလာတာပေါ့” ဟု စစ်ဘေးဒုက္ခသည် ဒေါ်လမာရွယ်က ဆိုပါသည်။

သစ်တောတွေ ပြုန်းတီးလာမှု၏ နောက်ဆက်တွဲအဖြစ် ကချင်ဒေသခံတချို့ ဘယ်တုန်းကမှ မကြုံခဲ့ဖူးသော စိန်ခေါ်မှုတစ်ရပ်ကို ရင်ဆိုင်နေရသည်ဟုလည်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားများကဆိုပါသည်။ ယင်းစိန်ခေါ်မှုမှာ အချို့သောဒေသတွေမှာ မကြုံစဖူး သောက်သုံးရေရှားလာသည့်ကိစ္စ ဖြစ်ပါသည်။

”ရေရဲ့ အရင်းအမြစ်က သစ်တောပဲလေ၊ သစ်တောတွေပြုန်းလာရင်တော့ ဒါဖြစ်မှာပဲ” ဟု ကချင်ပြည်နယ်၏ သဘာဝပတ်ဝန်းကျင်ကို လေ့လာနေသူ ကိုလဆီဘောက်ဝါကဆိုသည်။

ရေရှားပါးလာသည့် နေရာများထဲတွင် အရင်တုန်းက ရေတအားပေါခဲ့သော အထက်ဘက် ပူတာအိုနှင့် ဆွမ်ပရာဘွမ်မြို့ နယ်များလည်း ပါဝင်သည်ဟု ၎င်းကဆိုပါသည်။

ရာသီတွေ ကပြောင်းကပြန်

သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းလာမှု၏ နောက်ဆက်တွဲအဖြစ် ရာသီဥတုတွေလည်း ကပြောင်းကပြန်ဖြစ်လာပြီး အအေးဓာတ်တွေလည်း လျော့နည်းလာခဲ့သည်ဟုဆိုပါသည်။

မြစ်ကြီးနားဒေသခံ အဖွားအင်ဖန်ဂျာရာ ပြန်ပြောင်းပြောပြသည်က ဟိုးအရင်တုန်းက သူတို့ကချင်ပြည်နယ်မှာ မိုးတွင်းကာလ မိုးတွေအုံ့ဆိုင်းလာပြီဆိုလျှင် အနွေးထည်ကောက်ဝတ်သူတွေက ကောက်ဝတ်၊ မီးထလှုံသူတွေက လှုံကြပေါ့တဲ့။

”အခုတော့ အဲဒီအအေးဓာတ်မျိုးက မရှိတော့ဘူးလေ၊ အားလုံးပျက်စီးကုန်ပြီ” ဟု စိတ်ပျက်လက်ပျက်ဖြစ်ဟန်ဖြင့် အဖွားအင်ဖန်ဂျာရာက ဆိုပါသည်။

အဖွားအင်ဖန်ဂျာရာ ရည်ညွှန်းပြောဆိုသော ”ဟိုးအရင်တုန်းက” ဆိုသည့်အသုံးအနှုန်းက အချိန်ကာလ သိပ်အဝေးကြီးကို ဆိုလိုခြင်းမဟုတ်ဘဲ လွန်ခဲ့သော အနှစ် ၂ဝ မရှိတရှိကာလလောက်ကိုသာ ရည်ညွှန်းပြောဆိုခဲ့ခြင်းဖြစ်ပါသည်။

မြစ်ကြီးနားနှင့် ဖားကန့်ကြား ကုန်စည်ကူးသန်းရောင်း ဝယ်သည့်အလုပ်ကို ဘဝတစ်လျှောက်လုံးနီးပါး လုပ်ကိုင်ရင်း ခရီးတွေထွက်ဖြစ်ခဲ့သော မြစ်ကြီးနားဒေသခံ အဖွားအင်ဖန်ဂျာ ရာသည် မြန်မြန်ကြီးပြောင်းလဲလာနေသည့် ရေမြေသဘာဝကို စိတ်မချမ်းမြေ့ စွာဖြင့် မျက်မြင်ကြုံတွေ့နေရသူ ဖြစ်သည်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများအပါ အဝင် အခြားသော ဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ဆောင်နေသော SWISSAID  (မြစ်ကြီးနားရုံး)မှ တာဝန်ခံဦးဇုန်တိန့်က တစ်နှစ်ထက်တစ်နှစ် ပိုမိုပူပြင်းလာသော ကချင်ပြည်နယ်၏ အခြေအနေကို သတိထားမိသည်ဟုဆိုသည်။

”ကျွန်တော့်တစ်သက် ကချင်ပြည်နယ်မှာ အပူချိန်က ၃၂ (ဒီဂရီဆဲလ်ဆီးယပ်စ်) က အများဆုံးအပူချိန်ပဲ၊ ဒီနှစ်အပူချိန်က ၄ဝ အထိတောင်ရောက်တယ်”ဟု ကချင်ပြည်နယ်မှာမွေး၊ ကချင်ပြည်နယ်မှာ ကြီးပြင်းခဲ့သည့် အသက် ၄ဝ အရွယ် ဦးဇုန်တိန့်က ဆိုပါသည်။

အပူချိန်မြင့်တက်လာသောကြောင့် ခါတိုင်းထက် အပူ ဒဏ်ကို ခံစားနေကြရချိန်မှာ မူမမှန်တော့သော မိုးလေဝသ အခြေအနေကလည်း ကချင်လယ်သမားများအတွက် ခန့်မှန်းရ ခက်သထက် ခက်လာနေပါသည်။

မိုးက မရွာချင်သည့် အခါများမှာ လုံးဝတစ်ပေါက်မှ မကျ ဘဲ ရွာချင်သည့်အခါများဆိုလျှင်တော့ ဗြုန်းစားကြီးထရွာချင် ရွာလာတတ်သည်ဟုဆိုပါသည်။

ယင်းသို့ မိုးလေမမှန်သည့်အတွက် စပါးအထွက်နှုန်းလည်း ထိခိုက်လာကြောင်း လယ်သမားများကဆိုပါသည်။ ခါတိုင်း လယ်တစ်ဧက တင်း ၆ဝ ထွက်သော လယ်များသည် မိုးလေ မမှန်သောကြောင့် နေရာတော်တော်များများမှာ တင်း ၄ဝ ဝန်း ကျင်လောက်သာ ထွက်တော့သည်ဟုဆိုပါသည်။

 

ပျက်စီးသွားသော မြေမျက်နှာပြင်

ရာသီဥတုတွေ ကပြောင်းကပြန်ဖြစ်နေချိန်မှာ ရွှေတူးဖော် ရေးလုပ်ငန်းများနှင့် ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများကလည်း မနောမြေ၏ အသွင်အပြင်များကို မြန်မြန်ကြီး ဖျက်ဆီး ပစ်နေပါသည်။

ရွှေတူးဖော်သူများကြောင့် အချို့သော ကုန်းမြေများမှာ အားပြင်းလှသော ဗုံးဆန်၊ အမြောက်ဆန်များ ထိမှန်ခံထားရ သည့်အလား ချိုင့်တွေ၊ ကျင်းတွေနှင့် အကျည်းတန်နေသည်။

ရွှေတူးဖော်သူများ တူးထားသည့် ကျင်းများမှာလည်း ဆယ်ပေပတ်လည်လောက်ကျယ်ဝန်းသော ကျင်းများရှိသလို ဘောလုံးကွင်း တစ်ဝက်မက ကျယ်သော ကျင်းများလည်းရှိကြ သည်။ အချို့ကျင်းများ၏ အနက်မှာ ဝါးတစ်ပြန်စာမက နက်ရှိုင်း သည်များလည်းရှိသည်။

ရွှေတူးဖော်ရေး လုပ်ငန်းခွင်များ၏ ဝါးမျိုခြင်းကို ခံရသည့် အထဲတွင် လယ်ခင်း၊ ယာခင်းတွေလည်း ပါသွားတတ်ကြသည်။

”ဟူးကောင်းဘက်ဆိုရင် လယ်ယာတွေကို ရွှေကျင်လိုက် တယ်။ အရင်က စပါးအထွက်နူန်းကောင်းတဲ့နေရာတွေ အခု ဘာမှ စိုက်စားလို့မရအောင်ဖြစ်နေပြီ” ဟု KDNG ဦးအောင်ဝါက ဆိုသည်။

လယ်ယာမြေတွေကို ရွှေကျင်လိုက်သည့်အခါ အပေါ်ယံ မြေဆီလွှာများ လွင့်ပါးသွားသည့်အတွက် ဘာအပင်မှစိုက်ပျိုးလို့မရတော့အောင် ပျက်စီးသွားခြင်းဖြစ်ကြောင်း ပညာရှင်များ က ရှင်းပြသည်။

လယ်မြေဧကများစွာ ရွှေတူးဖော်သူများ၏ လက်ချက် ကြောင့် ပျက်စီးနေကြချိန်မှာ သစ်သီးခြံပိုင်ရှင်၊ ဥယျာဉ်ခြံပိုင်ရှင် တချို့ကလည်း ရွှေတူးဖော်သူများ၏ မက်လောက်စရာ ငွေ အသပြာကမ်းလှမ်းမှုများကြောင့် နှစ်စဉ်မိသားစုဝင်ငွေ ဖန်တီး ပေးနေသည့် ၎င်းတို့၏ ဥယျာဉ်ခြံမြေများကို စွန့်လွှတ်လိုက်ကြ သည်များလည်း ရှိသည်ဟုဆိုပါသည်။

KDNG အဆိုအရ ကချင်ပြည်နယ် ဧရိယာ၏ ၁၈ ရာခိုင် နှုန်း ( ငါးပုံ တစ်ပုံ နီးပါး) ရှိသော ရွှေတူးဖော်ခြင်းလုပ်ငန်းများမှာ ကုန်းတွင်းပိုင်းများတွင်သာမက မြစ်ချောင်း၊ ကမ်းပါးများ တွင်လည်း တွင်တွင်ကျယ်ကျယ်လုပ်လာကြသည်ဟု ဆိုသည်။

တစ်ချိန်က ကြည်လင်ခဲ့သော မြစ်၊ ချောင်းများမှာ ယခုအခါ ရွှေတူးဖော်ရေးလုပ်ငန်းများမှ အန်ထုတ်လိုက်သည့် မည်းညစ်ညစ်ရွှံ့ရေများကြောင့် နောက်ကျိခဲ့ရပါပြီ။

သူငယ်ငယ်က ရေဆင်းချိုးနေကြဖြစ်သော ဥရုချောင်းဆို လျှင် ချင်းတွင်းမြစ်အထိ လုံးဝနောက်ကျိနေကြောင်း ဦးအောင် ဝါက ပြောပြပါသည်။

”ဥရုချောင်းဆို ကျွန်တော်ငယ်ငယ်တုန်းက ရေချိုးခဲ့တဲ့ နေရာပေါ့၊ တအားပျော်ဖို့ကောင်းခဲ့တာ၊ အခုတော့ ရေကို ကိုင်တောင်မကိုင်ချင်တော့ဘူး၊ ညစ်ပတ်နေတာပဲ” ဟု သူက ဆိုပါသည်။

ဧရာဝတီမြစ်ဖြစ်တည်ရာ၊ မေခ၊ မလိခမြစ်နှစ်သွယ်တို့ ဆုံဆည်းရာ မြစ်ဆုံမှာဆိုလျှင်လည်း ကမ်းပါးတစ်လျှောက် ရွှေတူးဖော်မှုများကြောင့် ရုပ်ပျက်ဆင်းပျက်ဖြစ်နေပါပြီ။

ရွှေတူးဖော်ရေးလုပ်ငန်းများက မြစ်ထဲ၊ ချောင်းထဲသို့ စွန့်ပစ်လိုက်သော ပြဒါးပါသည့် ရေများကလည်း မြစ်ရေသုံးစွဲ နေရသူများ၏ ကျန်းမာရေးကို ခြောက်လှန့်နေသည့်အတွက် ကြောင့် ဒေသခံတော်တော်များများမှာ မြစ်ရေ၊ ချောင်းရေကို သောက်ရေအဖြစ် အသုံးမပြုရဲ ဖြစ်နေကြပါသည်။

ဖားကန့်ဘက်မှာဆိုလျှင် မြစ်ချောင်းများမှာ အမြဲတမ်း နောက်ကျိနေသည့်အတွက် ဒေသခံများအနေနှင့် ထိုရေများကို အသုံးမပြုရဲဖြစ်နေကြသည်ဟု ဆိုပါသည်။

အရင်တုန်းက ဖားကန့်မှာ နေထိုင်သူများသည် စမ်းရေ၊ ချောင်းရေပဲ ခပ်သောက်ခဲ့ကြသည်ဟု ဒေါ်လမာရွယ်က ဆိုသည်။

”(အခု) စမ်းရေ၊ ချောင်းရေတွေက အချိန်ပြည့်နောက် နေလို့ တွင်းရေပဲ သောက်တော့တယ်” ဟု သူက ဆိုသည်။

စိမ်းစိုသည့် သစ်တောကြီးများ၊ စိမ့်စမ်းများ ပျောက်ဆုံး ကုန်သောကြောင့် ယခင်က နွေ၊ မိုး၊ ဆောင်း ရေလုံးဝမခမ်းခဲ့သော ချောင်း များမှာ ယနေ့အခါ မိုးကုန်လျင် ရေခမ်းကုန်ကြပြီဟု ဒေါ်လမာရွယ်ကဆိုပါသည်။

ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းကလည်း မြစ်ကြီးနား မြို့မှာ စက်တင်ဘာ ၂၄ ရက်နေ့က ကျင်းပသွားခဲ့သည့် ဆွေးနွေး ပွဲတစ်ခုတွင် ဧရာဝတီမြစ်၏ ပြောင်းလဲလာသော အခြေအနေကို စိုးရိမ်မကင်း ထည့်သွင်းပြောကြားသွားခဲ့သည်ကို နိုင်ငံပိုင် မီဒီ ယာများတွင် တွေ့ရှိရပါသည်။

ရွှေ့ပြောင်းတောင်ယာများ၊ ရေဝေရေလဲဒေသမှ သစ် တောများ ပြုန်းတီးလာခြင်း၊ သတ္တုများတူးဖော်ခြင်း၊ ဓာတု ပစ္စည်းများ အသုံးပြု စွန့်ပစ်ခြင်းတို့ကြောင့် ဧရာဝတီမြစ်ရေမှာ ညစ်ညမ်းပြီး နုန်းပို့ချမှုများကာ သောင်ထွန်းခြင်း၊ မြစ်ကြောင်း များ ရေစီးရေလာပြောင်းလဲခြင်းများဖြစ်ပေါ်လာနေကြောင်းနှင့် ရေနေသတ္တဝါများ၏ ဂေဟစနစ်သည်လည်း ပျက်စီးလာကြောင်း ဝန်ကြီးက ပြောကြားသွားခဲ့ပါသည်။

ထို့ကြောင့်လည်း ဧရာဝတီမြစ်၏ ရေဝေရေလဲ ဒေသများ ကို အမျိုးသားရေးတာဝန်တစ်ရပ်သဖွယ် ထိန်းသိမ်းစောင့် ရှောက် ပြုပြင်သွားရန်လိုအပ်ကြောင်း ဝန်ကြီး ဦးဝင်းထွန်းက အလေးအနက်ထားပြောကြားသွားခဲ့ခြင်း ဖြစ်ပါသည်။

SWISSAID တာဝန်ခံ ဦးဇုန်တိန့်က ”ကျောက်စိမ်းတူး ဖော်တာကြောင့် မြေသယံဇာတ၊ ရေသယံဇာတနဲ့ သဘာဝပတ် ဝန်းကျင်ပျက်စီးမှုက တစ်နှစ်ပြီးတစ်နှစ် ကြောက်ခမန်းလိလိပဲ” ဟု ပြောပါသည်။

တောင်ဖြိုရာမှ ထွက်လာသော မြေစာများကို မိုးရေများ က မြစ်ချောင်းများအတွင်းသို့ သယ်ဆောင်သွားကြသောကြောင့် မြစ်ချောင်းများလည်း ခါတိုင်းနှင့် မတူ၊  တိမ်ကောလာကြသည်ဟု ဆိုပါသည်။

မိုးရွာသည့်အခါ မိုးရေကိုထိန်းပေးမည့် သစ်ပင်တွေလည်း ရှားပါးလာကြရာ ရွာချသမျှ မိုးရေတို့မှာ ထို တိမ်ကောနေသော မြစ်ချောင်းများ အတွင်းသို့သာ အဟန့်အတားမဲ့ တရှိန်တိုး ထိုး ဆင်းကြရသဖြင့် ဤတွင်ပဲ ရေကြီးရေလျှံမှုများ ဖြစ်လာရခြင်း ဖြစ်ကြောင်း ပတ်ဝန်းကျင်လေ့လာသူများက ဆိုသည်။

ဒေသခံများအဆို ခုနောက်ပိုင်း မိုးတွင်းကာလ ကချင်ပြည်နယ်၏ အချို့ နေရာတွေမှာ၊ အထူးသဖြင့် ဖားကန့်ဘက်မှာ နှစ်စဉ်လိုလို ရေကြီးရေလျှံမှုများဖြစ်ပေါ်နေပြီး လူသေဆုံးမှု များပင် ရှိခဲ့သည်ဟု ဆိုပါသည်။

ဓါတ်ပုံ : ဉာဏ်လင်း                                 ခေတ္တရပ်နားထားသည့် မြစ်ဆုံစီမံကိန်းလုပ်ငန်းခွင်တစ်ခု

လည်မျိုအညှစ်ခံရသော မြစ်များ

မြေပေါ်မြေအောက် သယံဇာတများအပြင် ကချင်ပြည် နယ်အပေါ်ပိုင်းမှာရှိသည့် မြစ်ချောင်းများကလည်း ရေအား လျှပ်စစ် ထုတ်ယူလိုသူများအတွက် သွားရည်တများများ ကျစရာ ဖြစ်နေပါသည်။

သွားရည်ကျစရာ ကောင်း သည့် အလျောက်လည်း တရုတ်ကုမ္ပဏီများက မြန်မာ အစိုးရနှင့်ပေါင်းကာ မေခ၊ မလိခ မြစ်နှစ်သွယ်ပေါ်မှာ ရေ ကာတာခြောက်ခု၊ မြစ်ဆုံ အောက်ဘက်နား ဧရာဝတီ မြစ်ပေါ်မှာ ရေကာတာ အကြီး ကြီးတစ်ခု၊ အားလုံးပေါင်း ရေ ကာတာခုနစ်ခု တည်ဆောက် ကာ ရေအားလျှပ်စစ် ထုတ် ယူဖို့ လုံးပန်းခဲ့ကြသည်။

လူထု၏ ကျယ်ကျယ် လောင်လောင် ကန့်ကွက်မှု များ ပေါ်ထွက်လာပြီးနောက် မှသာ ဆောက်လက်စ၊ မြန်မာ နိုင်ငံမှာအကြီးဆုံး ရေကာတာ ဖြစ်လာမည့်  မြစ်ဆုံရေကာ တာစီမံကိန်းကို သမ္မတဦးသိန်းစိန်က သူ့လက်ထက်မှာ ရပ်နား ထားရမည်ဟု ပြီးခဲ့သည့်နှစ်က ညွှန်ကြားခဲ့ခြင်းဖြစ်ပါသည်။

မြစ်ဆုံနောင်ရေး မည်သို့ဖြစ်လာမည်ကို မသိရသေးသော် လည်း ၂ဝ၁၅ ခုနှစ်အထိတော့ ရင်အေးစရာဖြစ်နေသည့်တိုင် မေခနှင့် မလိခမြစ်ပေါ်မှာတော့ ရေကာတာခြောက်ခုကိုမူ ဆက် လက်ဆောက်လုပ်ခွင့် ပြုထားပါသည်။

ထိုရေကာတာခြောက်ခုကလည်း မြစ်ဆုံရေကာတာကဲ့သို့ သဘာဝပတ်ဝန်းကျင်နှင့် ဒေသခံတို့၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများအပေါ် ဆိုးကျိုးများသက်ရောက်စေနိုင်ကြောင်း     မြန်မာနိုင်ငံ မြစ်ချောင်းများဆိုင်ရာကွန်ရက် Burma Rivers Network (BRN) က သတိပေးပြောဆိုပါသည်။

”ရေကာတာခြောက်ခု တည်ဆောက်တာဟာ သဘာဝ ပတ်ဝန်းကျင်ကို ပြန်ပြင်လို့မရအောင်ကို ပျက်စီးစေမှာ ဖြစ်သလို ရေစီးဆင်းမှုနှင့် ရေပြတ်လပ်မှုကိုလည်း ခန့်မှန်းလို့မရအောင် သက်ရောက်မှုတွေ ဖြစ်စေပါလိမ့်မယ်။ နောက်ပြီး ဧရာဝတီမြစ် ကို မှီခိုနေတဲ့ လူသန်းပေါင်းများစွာတို့ အပေါ် မှာလည်း လူမှုရေး၊ စီးပွားရေးအရ ထိခိုက်မှုတွေ ဖြစ်ပေါ်စေမှာဖြစ်ပါတယ်” ဟု BRN သတင်း ထုတ် ပြန်ချက်တစ်စောင်မှာ ဖော်ပြထားပါသည်။

ဦးအောင်ဝါကလည်း ဆည်ခြောက်ခုကြောင့် ဖြစ်ပေါ်လာ နိုင်သည့် သက်ရောက်မှုများကိုတွေးကာ စိုးရိမ်မကင်း ဖြစ်နေသည်။

”ရေကာတာ ဆောက်လိုက်ခြင်းအားဖြင့် သဘာဝစီးဆင်း နေတဲ့ ပုံစံကပြောင်းသွား မယ်၊ ငါးတွေဘာတွေ ခါတိုင်း လို ပေါတော့မှာမဟုတ်တော့ ဘူး၊ လူနေထိုင်မှုစနစ်တွေ လည်း ဟိုတုန်းကလို လွတ် လွတ်လပ်လပ် နေလို့မရနိုင် တော့ဘူး” ဟု KDNG ဥက္ကဌက ဆိုပါသည်။

ဆုလာဘ်လား၊ ကျိန်စာလား

ကချင်ပြည်နယ်၏ သဘာဝပတ်ဝန်းကျင်ကို နောက်ထပ် ခြိမ်းခြောက် သည့်အရာမှာ ပီလောပီနံ၊ ကြံ အစရှိသည့် စီမံကိန်း သီး နှံများစိုက်ပျိုးရန်အစိုး ရနှင့် နီးစပ်သည့် အခွင့်ထူးခံ စီး ပွားရေးလုပ်ငန်းရှင်များက လယ်ယာမြေဧက သိန်း သောင်းချီ ချဲ့ ထွင်ကြခြင်း ဖြစ်ပါသည်။

၎င်းတို့က လယ်ယာ မြေ ချဲ့ထွင်ရုံသာမက တည်ရှိပြီးသား လယ်ယာမြေများကိုပါသိမ်းကြသောကြောင့့် ဒေသခံ ကချင် လယ်သမားတို့၏ဘဝကိုပါ ဖျက်လိုဖျက်ဆီးလုပ်သလို ဖြစ်သွား ကြောင်း ကချင်ပြည်နယ်အရေး လေ့ လာသူများက ဆိုပါသည်။

အမျိုးသားအဆင့်နှင့် အပြည်ပြည်ဆိုင်ရာဆိုင်ရာ အစိုးရ မဟုတ်သော အဖွဲ့အစည်းပေါင်း ၄၇ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် စားနပ်ရိက္ခာဖူလုံမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (FSWG) ၏ အဆိုအရ အစိုးရက ကချင်ပြည်တွင် ကုမ္ပဏီပေါင်း ၁၁ ခုကို ဧက လေးသိန်းနီးပါး လုပ်ပိုင်ခွင့်ပြုခဲ့သည်ဟုဆိုပါသည်။ ယင်းတို့ အနက် ထက်ဝက်မှာ ကျားထိန်းသိမ်းရေးစခန်းရှိရာ ဟူးကောင်းချိုင့်ဝှမ်းဒေသတွင်ဖြစ်သည်ဟု  (FSWG) က ဆိုပါသည်။

ကချင်ပြည်နယ်မှ သဘာဝရင်းမြစ်တွေကို ထုတ်ယူနေကြ သော်လည်း၊ လူဦးရေ ၁၃ သိန်းကျော်ရှိသည့် ပြည်နယ်ဖွံ့ဖြိုး ရေးအတွက်ကား လက်ညှိုးထိုးပြရလောက်အောင် မည်မည်ရရ မရှိဟု လေ့လာသူများက ဝေဖန်ပြောဆိုကြပါသည်။

”မြစ်ကြီးနား-ဖားကန့် ကားလမ်းကို သွားကြည့်လိုက်လေ၊ လမ်းတောင် (ကောင်းကောင်း) လုပ်မပေးဘူး” ဟု ကချင်ပြည် နယ်၏ သဘာဝပတ်ဝန်းကျင်ကို လေ့လာနေသူ ကိုလဆီဘောက် ဝါက ဆိုပါသည်။

မြေပေါ်မြေအောက် သယံဇာတများစွာ ပိုင်ဆိုင်ထားသော် လည်း ကချင်တိုင်းရင်းသားများစွာမှာ မြင်သာမြင်၊ မကြင်ရ သည့်အဖြစ်မျိုး ဆိုက်ရောက်နေပြီး သာမန်အရပ်သူ၊ အရပ်သား များ၏ ဘဝမှာလည်း ထူးထူးခြားခြားတိုးတက်မှုမရှိဘဲ စားဝတ် နေရေးအတွက် နိစ္စဓူဝ ရုန်းကန်နေကြရသည်ဟု လေ့လာစောင့် ကြည့်သူများက ဆိုပါသည်။

ယခုနှစ် မေလမှာ ထုတ်ပြန်ခဲ့သော KDNG ၏ ”ကချင် ဖွံ့ဖြိုးတိုးတက်ရေးမှ သင်ခန်းစာများ” အမည်ရှိ အစီရင်ခံစာမှာ တော့ ”သဘာဝရင်းမြစ်များ မည်မျှပင် ထုတ်ယူတူးဖော်နေသော် လည်း ဒေသခံပြည်သူများမှာ တိုးတက်ဖွံ့ဖြိုးလာသည် မရှိဘဲ (၁၉၉၄ အပစ်အခတ်ရပ်ပြီးဖော်ဆောင်သည့်) ဖွံ့ဖြိုးရေး စီမံ ကိန်း မရှိခင်ကထက်ပင် ပိုမိုဆင်းရဲမွဲတေမှုကို ရင်ဆိုင်လာခဲ့ကြ ရသည်” ဟု ဖော်ပြထားသည်။

ယခုနှစ် ဇူူလိုင် ၂၇ ရက်နေ့ထုတ် ကြေးမုံသတင်းစာမှာပါရှိ သည့် ကိန်းဂဏန်းများအဆိုအရ ကချင်ပြည်နယ်၏ ဆင်းရဲမွဲတေ မှုနှုန်းမှာ တစ်ပြည်နယ်လုံး လူဦးရေ၏ ၂၆ ဒသမ ၆ ရာခိုင်နှုန်း (၄ ယောက်မှာ ၁ ယောက်နှုန်း) ရှိသည်ဟု ဆိုပါသည်။

ကချင်ပြည်နယ်ရှိ အဖိုးတန် သဘာဝသယံဇာတများ သည် ကချင်လူထုအတွက် ဘုရားပေးသည့် ဆုလာဘ်ကြီးများ ဖြစ်သော်လည်း ယခုအခါတွင် ထိုဆုလာဘ်များ၏ ကျိန်စာသင့် သကဲ့သို့ဖြစ်နေပြီဟု လည်း KDNG၏ အစီရင်ခံစာက သုံးသပ် ထားသည်။

နိစ္စဓူဝ စားဝတ်နေရေးအခက်အခဲများကြားမှာ ရှင်သန် ဖို့ကြိုးစားရင်း ဒေါ်လမာရွယ်တို့လို သောင်းဂဏန်းချီသော ဒေ သခံများမှာ နှစ်ဖက်စစ်တပ် အပစ်မရပ်ကြသေးသည့်အတွက် စစ် ဘေးရှောင်နေကြရသည်မှာ တစ်နှစ်ပင်ကျော်သွားပြီ ဖြစ်သည်။

နောက်ဆုံးခံတပ်  ထိန်းသိမ်းရေး

လောလောဆယ်မှာ နှစ်ဖက်စစ်တပ် အပစ်အခတ်မရပ်ကြ သေးသောကြောင့် မြေပေါ်၊ မြေအောက်သယံဇာတ တူးဖော်ရေး လုပ်ငန်း အတော်များများ အရှိန်တန့်နေသည်ဆိုသော်လည်း အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်း ယခင်အတိုင်း အခြေအနေ ဆိုးမြဲ၊ ဆိုးလာဦးမည်ကို ပညာရှင်များက စိုးရွံ့နေကြသည်။

နေရာတိုင်းမှာ ဒဏ်ရာဒဏ်ချက်တွေနှင့် ပျက်စီးယိုယွင်း လာနေသည့် ကချင်ပြည်နယ်၏ အခြေအနေများကို အချိန်မီ မကုစား၊ မထိန်းသိမ်းနိုင်လျှင် ကချင်ပြည်နယ်၏ အနာဂတ် မတွေးရဲစရာအခြေအနေမျိုး ဆိုက်ရောက်သွားမည်ကို သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းသူများက စိုးရိမ်နေကြသည်။

မြစ်ဆုံအရေးကိစ္စတုန်းက တစ်နိုင်ငံလုံး ညီညီညွတ်ညွတ် ကန့်ကွက်ခဲ့ကြသည့်ပုံစံကို နမူနာယူပြီး တစ်နိုင်ငံလုံးအတွက် အရေးကြီးသော ကချင်ပြည်နယ်၏ သဘာဝပတ်ဝန်းကျင် ပျက် စီးယိုယွင်းလာနေမှုကို တက်ညီလက်ညီ ကာကွယ်ကြဖို့ လိုအပ် ကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းသူများက တိုက်တွန်း ပြောဆိုကြပါသည်။

ကချင်ပြည်နယ်၏ သဘာဝပတ်ဝန်းကျင် လေ့လာနေသူ ကိုလဆီဘောက်ဝါကတော့ အခုချိန်မှာ အသိတရားဝင်လာကြ ပြီး ကာကွယ်၊ ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ကြမည်ဆိုလျှင် အချိန်မီသေးသည်ဟုဆိုသည်။

”ကြွေလုဆဲဆဲဖြစ်နေတဲ့ဟာကို လောဘသမားတွေ၊ အုပ် ချုပ်တဲ့လူတွေ သဘောပေါက်သွားရင် နောက်မကျသေးဘူး”ဟု သူက သတိပေးသည်။

‘မဟုတ်ရင်တော့ သွားမှာပဲ”

EcoDev မှ ဦးဝင်းမျိုးသူကလည်း မြန်မာနိုင်ငံ၏ နောက် ဆုံးကျန်ရှိသည့် ခံတပ်ကြီးကို လတ်တလော အကျိုးစီးပွားကိုသာ ကြည့်ပြီး ဖျက်ဆီးမပစ်ကြဖို့ တပ်လှန့်နှိုးဆော်သည်။

”နောက်ဆုံးခံတပ်ကိုတောင် မချန်ဘဲ ပြုတ်အောင် လုပ်လိုက်မယ်ဆိုရင် ကျွန်တော်တို့လောက် မိုက်တဲ့သူတွေ ရှိ တော့မှာ မဟုတ်ဘူး” ဟု ဦးဝင်းမျိုးသူက သတိပေးသည်။

ဦးခေါဘောမ်တို့လို ဒေသခံတွေလည်း ယိုယွင်းလာနေ သော သူတို့၏ မနောမြေကို အရေးပေါ် ထိန်းသိမ်းကာကွယ်ရေး လုပ်ရမည်ကို နားလည်သဘောပေါက်ကြသည်။

သူတို့ဒေသ အခုလို ပျက်စီးနေရခြင်း၊ လူတွေ ကျပ်တည်း နေရခြင်းသည် လောဘတက်သူများကြောင့် ဖြစ်ရသည်ဟု လည်း ရိုးရိုးစင်းစင်းပဲ မှတ်ယူထားသည်။

ဦးခေါဘောမ်အနေနှင့် သူငယ်ငယ်က မှတ်မိထားသည့် ပုံစံအတိုင်း ကချင်ပြည်နယ် ပြန်လည်ပျိုမျစ်လှပလာဖို့ကိုကား မည်သို့မည်ပုံ လုပ်သင့် သည်ကိုတော့ ပညာရှင်များအကြံပြုသလို သူကတော့ အကြံ မပြုတတ်။ မပြောပြတတ်။

သူ ရိုးရိုးစင်းစင်း နားလည်၊ လက်ခံထားသည်က အခုလို ဖြစ်သည်။

 ”လူတွေရဲ့ မတရားလောဘရှိနေသမျှ နဂိုလို စိမ်းလန်း စိုပြည်လာဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ ” ။             ။

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."