Photo: Kyaw Zaya
(၂၀၁၅၊ဒီဇင်ဘာလထုတ်၊မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၀) တွင် ထွက်ရှိမည့် အယ်ဒီတာ့အာဘော်ဖြစ်ပါသည်။)
မဲဆန္ဒနယ်အများစုတွင် အနိုင်ရရှိထားသော ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ သည် ရှေ့နှစ်အစောပိုင်းတွင် အစိုးရသစ်တစ်ရပ် ဖွဲ့စည်းခွင့်ရတော့မည်ဖြစ်ရာ ပြည်သူတို့၏ မျှော်မှန်းချက်များ ဒီရေလို တက်နေစဉ်မှာ တစ်ဖက်တွင်လည်း NLD ၏ စွမ်းဆောင်ရည်ကို ကြိုတင်မေးခွန်းထုတ်စောကြောသူများလည်း ရှိနေပါ သည်။ မြောက်မြားစွာသော စိန်ခေါ်မှုတို့ကလည်း NLD ၏ စွမ်းဆောင်ရည်ကို စမ်းသပ်ရန် စောင့်ဆိုင်းနေကြပါသည်။
အစိုးရသစ် ကိုင်တွယ်ဖြေရှင်းရမည့် အဓိကကျသော စိန်ခေါ်မှုများမှာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲပြီး ရေရှည် တည်တံ့ခိုင်မြဲမည့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး၊ အခြေခံဥပဒေပြင်ဆင်ရေး၊ ဆင်းရဲမွဲတေမှုလျှော့ချရေး၊ ကျန်းမာရေး စောင့်ရှောက်မှု မြှင့်တင်ရေး၊ ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေး၊ ရခိုင်ပြည်နယ်ရှိ လူအုပ်စု နှစ်စုအကြား ပြန် လည်သင့်မြတ်ရေးနှင့် ပြန်လည်နေရာချထားရေး၊ တပ်မတော်အစိုးရလက်ထက် စာချုပ်ချုပ်ဆိုခဲ့သော မြစ်ဆုံကိစ္စကဲ့သို့ အငြင်းပွားဖွယ် စီမံကိန်းများအရေးနှင့် ကျူးကျော်များအရေးပင်ဖြစ်သည်။
အပစ်အခတ်ရပ်စဲရေးနှင့် အခြေခံဥပဒေပြင်ဆင်ရေးတို့ဆောင်ရွက်ရာ၌ တပ်မတော်၏ ပူးပေါင်းပါဝင်မှုရရှိအောင် NLD အနေနှင့် မည်သို့လုပ်ဆောင်မည်နည်းဆိုသောအချက်မှာ စိတ်ဝင်စားစရာကောင်းသကဲ့သို့ ဦးသိန်းစိန်အစိုးရ လက်ထက်တွင် ပေါ်ပေါက်ခဲ့ပြီး အားကြီးသောအင်အားစုတစ်ခုဖြစ်လာသည့် အမျိုးဘာသာသာသနာစောင့်ရှောက်ရေး (မဘသ) အဖွဲ့နှင့် ပြဿ နာမဖြစ်အောင် မည်သို့စီမံခန့်ခွဲမည်ဆိုသည်မှာလည်း စောင့်ကြည့်ရမည့်အချက်ဖြစ်သည်။
ဤနေရာတွင် ငြင်းခုံနေကြသည့်ကိစ္စမှာ အထက်ပါစိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန် NLD အစိုးရ၌ လုံလောက် သော စွမ်းဆောင်ရည်ရှိ၊ မရှိဆိုသော ကိစ္စပင်ဖြစ်သည်။ နိုဝင်ဘာ ၈ ရက်နေ့က မဲပေးခဲ့ကြသော ပြည်သူအများစုကတော့ ၎င်းတို့ ရွေးချယ်သည့် ပါတီသည် အထက်ပါပြဿ နာရပ်များကို ကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မည်၊ အပြောင်းအလဲကို ဆောင်ကြဉ်းနိုင်လိ့မ်မည်ဟူသော ယုံကြည်ချက်များဖြင့် မဲပေးခဲ့ကြခြင်းဖြစ်သည်။
သို့သော် ဝေဖန်ကြသူတို့ကတော့ NLD သည် တပ်မတော်အစိုးရလက်ထက် မျိုးစုံသောဖိနှိပ်မှုများကို ကြံ့ကြံ့ခံနိုင် သလောက် တိုင်းပြည်အုပ်ချုပ်ရာတွင် အတွေ့အကြုံမရှိသောကြောင့် အားနည်းချက်များစွာရှိလိမ့်မည်ဟု ထောက်ပြကြ သည်။ နိုဝင်ဘာ ၂၁ ရက်က ဘန်ကောက်ပို့စ်သတင်းစာတွင်ပါရှိသည့် ဆောင်းပါးရှင် ဆူဟတ်ချက်မာက ပို၍ပင် ပြင်းပြင်း ထန်ထန်ဝေဖန်ထားသည်။ NLD ပါတီအတွင်း ဒီမိုကရေစီကင်းမဲ့နေမှုနှင့် ဒေါ်အောင်ဆန်းစုကြည်၏ အကြွင်းမဲ့ အာဏာကိုင် စွဲထားမှုကြောင့် NLD သည် မြန်မာ့ဒီမိုကရေစီ သွားရာလမ်းတွင် ခလုတ်တံသင်းဖြစ်ကောင်းဖြစ်လာလိ့မ်မည်ဟုပင် သူက ဝေဖန်ထားသည်။
အာရှလူ့အခွင့်အရေးစင်တာ၏ ဒါရိုက်တာတစ်ဦးလည်းဖြစ်သည့် အထက်ပါဆောင်းပါးရှင်အပါအဝင် လေ့လာသူ တချို့ ထောက် ပြသည့် နောက်ထပ်အချက်တစ်ချက်မှာ ဒီမိုကရေစီအရေးတိုက်ပွဲဝင်သော နိုင်ငံတကာမှ ခေါင်းဆောင်များနှင့် မတူသည်က ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော NLD ပါတီတွင် အားကိုးအားထားလောက်သည့်၊ တစ်နည်းအားဖြင့် တိုင်းပြည်ကို အုပ်ချုပ်နိုင်လောက်သည့် အစုအဖွဲ့မရှိခြင်းပင်ဖြစ်သည်။ ယင်းအချက်က တိုင်းပြည်ပြုပြင်ပြောင်းလဲရေးလုပ် ရာတွင် ကြီးမားသောစိန်ခေါ်မှု ဖြစ်လာလိမ့်မည်ဟု ဆိုသည်။
မိမိတို့ပါတီ၏ စွမ်းဆောင်ရည်များအပေါ် သံသယရှိနေသူများအား ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော NLD ပါတီက တုံ့ပြန်နိုင်သော အကောင်းဆုံးနည်းလမ်းမှာ အလုပ်နှင့် သက်သေပြရန်ဖြစ်သည်။ ဤသို့ဖြင့်သာ ပြည်သူတို့၏ ရွေး ချယ်မှုနှင့် ထိုက်တန်ကြောင်းပြသရမည်ဖြစ်သည်။ သို့ဖြစ်ရာ များမကြာမီတွင ်NLD ၏ စွမ်းဆောင်ရည်များကို ကြည့်ခွင့်ရ တော့မည်ဖြစ်သည်။
မော်ကွန်းအယ်ဒီတာအဖွဲ့
(editorials@mawkun.com)

