လက်လုပ်လက်စားတွေ ရင်ထိတ်နေကြတဲ့ ကျောက်မျက်ဥပဒေသစ်

စီဇံမျိုးကျော် ရေးသည်။

မိုးကုတ် (ဇူလိုင် – သြဂုတ် ၂၀၁၉)

မိုးကုတ်မြို့ဒေသခံ ဦးအုန်းဖေဟာ တစ်နိုင်တစ်ပိုင် ကျောက်ရှာတဲ့လုပ်ငန်းကို နှစ်လေးဆယ်လောက် ပုန်းလျှိုးကွယ်လျှိုး လုပ်ကိုင်လာသူပါ။

ဒီအလုပ်စလုပ်တဲ့ ၁၉၇၅ ဝန်းကျင်လောက်တုန်းက အစိုးရ ဟာ လိုင်စင်မဲ့ လက်လုပ်လက်စား ကျောက်ရှာသူတွေကို တင်း တင်းကျပ်ကျပ် ပိတ်ပင်ထားတဲ့ အချိန်ဖြစ်ပြီး တကယ်လို့ ကျောက်ခိုးတူးတာကို မိသွားရင် ထောင်ဒဏ် ခုနစ်နှစ်ကနေ ၁၅ နှစ်ထိ ကျနိုင်တာကြောင့် ရင်တထိတ်ထိတ်နဲ့ လုပ်စားခဲ့ရတာလို့ အသက်  ၆၀ အရွယ် ဦးအုန်းဖေက ဆိုတယ်။

တစ်ခါကဆိုရင် ဦးအုန်းဖေနဲ့  သူငယ်ချင်းငါးယောက် ကျောက်တူးနေတဲ့ နေရာကို ရဲတွေဝင်ဖမ်းပါတယ်။ ရဲတစ် ယောက်က ဦးအုန်းဖေရဲ့ အင်္ကျီကို လှမ်းဆွဲလိုက်တယ်။ သူက အင်္ကျီကို ခပ်မြန်မြန် ချွတ်ချပြီး ရုန်းပြေးခဲ့ရတယ်လို့ ဆိုတယ်။ အခြားသူတွေလည်း အပြေးမြန်လို့ အဖမ်းမခံလိုက်ရဘူးလို့ဆိုတယ်။

သူ အဖမ်းမခံခဲ့ရပေမယ့် အဲဒီလို ရှာဖွေစားသောက်ရတဲ့ ကာလတွေမှာ လုပ်ဖော်ကိုင်ဖက် ရွာသားအချို့ တော့ အဖမ်းခံခဲ့ရတယ်လို့ ဦးအုန်းဖေက ပြောပြတယ်။

“အဲဒီအချိန်တုန်းက ကျောက်ရှာစားရတာ ကျီးလန့်စာ စားနေရသလိုပဲ။ ကိုယ့်ဘယ်အချိန် လာဖမ်းမလဲ စိုးရိမ်နေရတယ်”လို့ ဦးအုန်းဖေက ဆိုတယ်။

ဦးအုန်းဖေတို့လို တစ်နိုင်တစ်ပိုင် ကျောက်ရှာဖွေသူတွေရဲ့ ဒီလိုခိုးကြောင်ခိုးဝှက်နဲ့ ကျောက်မျက် ရှာဖွေခဲ့ရတဲ့ကာလတွေဟာ သိပ်မကြာခင် အဆုံးသတ်တော့မှာ ဖြစ်ပါတယ်။

အကြောင်းကတော့ လက်ရှိအစိုးရဟာ လက်လုပ်လက်စားတွေကို တရားဝင် လုပ်ကိုင်ခွင့်ပေးမယ့် ကျောက်မျက်ဥပဒေသစ်ကို ဒီနှစ် ဇန်နဝါရီ ၃၀ ရက်က ပြဋ္ဌာန်းလိုက်ပြီး နည်းဥပဒေဟာလည်း ၇၀ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီမို့လို့ ဖြစ်ပါတယ်။

Photo – Season Myo Kyaw

ဒေသခံတွေကို သက်ဆိုင်ရာက ကျောက်မျက်လုပ်ကိုင်ခွင့် တားမြစ်ထားသည့် ဆိုင်းဘုတ်

မြန်မာ့ကျောက်မျက်ရတနာဥပဒေ အခန်း ၅၊ ပုဒ်မ ၁၇(က)မှာ သက်ဆိုင်ရာတိုင်းဒေသကြီး(သို့) ပြည်နယ်ကျောက်မျက် ရတနာလုပ်ကွက် စိစစ်ချထားပေးရေးအဖွဲ့ဟာ ဝန်ကြီးဌာနနဲ့ ညှိနှိုင်းပြီးမိုးကုတ်ရတနာနယ်မြေနဲ့ ရတနာနယ်မြေပြင်ပမှာ အသေး စားနဲ့ လက်လုပ်လက်စားလုပ်ကွက်တွေကို ချထားပေးနိုင်တယ်လို့ ဆိုထားပါတယ်။

အဲဒီပုဒ်မကြောင့် မိုးကုတ်ဒေသခံတွေဟာ ၁၉၆၅ နောက်ပိုင်း နှစ် ၅၀ ကျော်ကာလအတွင်း ပထမဆုံးတရားဝင် ကျောက်မျက်လုပ်ကိုင်ခွင့်ကို ရရှိကြတော့မှာဖြစ်ပါတယ်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်မှာ ကျောက်တွင်းတွေကို အစိုးရက တူးခဲ့ပြီး ၁၉၉၀ နောက်ပိုင်းမှာ  မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်၊ လက်နက်နဲ့ ငြိမ်းချမ်းရေးလဲလှယ်ထားတဲ့ ကိုးကန့်တပ်ဖွဲ့တွေကို တပ်မတော်အစိုးရက မိုးကုတ်ရတနာမြေမှာ ပေးလုပ်ခဲ့ပါတယ်။ ၁၉၉၅ မှာ ပြဋ္ဌာန်းခဲ့တဲ့ ကျောက်မျက်ဥပဒေကလည်း ဈေးပြိုင်တင်ဒါစနစ်နဲ့ လုပ်ငန်းရှင်တွေကို လုပ်ကွက်ချပေးခဲ့ပေမယ့် တစ်နိုင်တစ်ပိုင်လုပ်တဲ့ ဒေသခံတွေကို လုပ်ခွင့်မပေးခဲ့ပါဘူး။

ဒီနှစ် ဇန်နဝါရီမှာ ပြဋ္ဌာန်းလိုက်တဲ့ ကျောက်မျက်ဥပဒေသစ်မှာတော့ ဦးအုန်းဖေတို့လို လက်လုပ်လက်စားတွေအတွက် အားသာချက်တွေပါသလို ရတက်မအေးစရာတွေလည်း ရှိနေပါသေးတယ်။

အကြောင်းကတော့ လက်လုပ်လက်စားလုပ်ကွက်တွေ သတ်မှတ်ပေးထားတဲ့ နေရာအများစုဟာ သွားရေးလာရေး ခက်ခဲတဲ့အပြင် အများစုဟာ ကျောက်မထွက်တဲ့ နေရာတွေဖြစ်နေတာကြောင့် ဒေသခံ လက်လုပ်လက်စားတွေအတွက် အဆင်မပြေနိုင်ဘူးလို့ မိုးကုတ်မြို့နယ် အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစောသောင်းတင်က ဆိုတယ်။

“ကျောက်မထွက်တဲ့ နေရာတွေမှာ လက်လုပ်လက်စားတွေကို လုပ်ကွက်နေရာသတ်မှတ်ပေးထားလို့ ကျွန်တော်တို့က အစိုးရကို ကန့်ကွက်ထားတယ်”လို့ သူကဆက်ပြောပါတယ်။

ကျောက်မထွက်တဲ့ နေရာတွေမှာ သူတို့အတွက် အစိုးရက လုပ်ကွက်သတ်မှတ်ပေးမှာစိုးလို့ ဒေသခံတွေဟာ တတ်သိနားလည်တဲ့သူတွေနဲ့ စုဖွဲ့ပြီး ကျောက်မျက်ရတနာ အကြံပြု ကော်မတီကို ဖွဲ့ကာ ညှိနှိုင်းဆွေးနွေးခဲ့ကြပါသေးတယ်။

ဒေသခံတွေရဲ့ လိုအပ်ချက်၊ သဘောထားတွေကို လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ သက်ဆိုင်ရာကို အကြံပြုနိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လွန်ခဲ့တဲ့သုံးနှစ်ကတည်းက ဒီအဖွဲ့ကို ဖွဲ့စည်းခဲ့တာပါ။

အဲဒီအဖွဲ့မှာ ရပ်မိရပ်ဖတွေ အပါအဝင် စိမ်းလန်းမိုးကုတ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့၊ ထာပွဲကျောက်မျက်ကုန်သည်ပွဲစားများအဖွဲ့၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့နဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီတွေ အားလုံးပူးပေါင်းပြီး ဖွဲ့စည်းခဲ့ကြတယ်လို့  ကော်မတီဝင်တစ်ဦးဖြစ်တဲ့ ကိုဇော်ဝင်းက ရှင်းပြပါတယ်။

အထက်ပါ အကြံပြုကော်မတီဟာ နှစ်ပတ်တစ်ကြိမ်လောက် ကျောက်မျက်ဥပဒေ ဆွေးနွေးပွဲတွေကို ပြုလုပ်လေ့ရှိပြီး အဲဒီ ဆွေးနွေးပွဲတွေမှာ ကျောက်မျက်ရှာဖွေတဲ့သူ၊ ရောင်းဝယ်တဲ့ သူတွေ အပါအဝင် စိတ်ဝင်စားသူတွေ လာရောက်ဆွေးနွေးလေ့ရှိပါတယ်။

ဒီကော်မတီဟာဒေသခံတွေနဲ့ ဆွေးနွေးတာအပြင် မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းရဲ့ နည်းဥပဒေ ဆွေးနွေးပွဲတွေမှာ သွားပြီးဆွေးနွေးတာ၊ မန္တ္တလေးတိုင်းဒေသကြီး သယံဇာတဝန်ကြီး အပါအဝင် သက်ဆိုင်ရာ လွှတ်တော်အမတ်တွေနဲ့ အလွတ်သဘော တွေ့ဆုဆွေးနွေးတာတွေ ပြုလုပ်ခဲ့တယ်လို့ ကော်မတီဝင် ကိုဇော်ဝင်းက ဆိုပါတယ်။

မှန်းချက်နဲ့ လွဲ

အဲဒီလို တွေ့ဆုံဆွေးနွေးတာတွေ ပြုလုပ်အပြီးမှာပဲ ကိုဇော်ဝင်းတို့ သိလိုက်ရတာက မြန်မာ့ကျောက်မျက်ရတနာ လုပ်ငန်းက လက်လုပ်လက်စား လုပ်ကွက်တွေကို သတ်မှတ်ပြီး သွားပြီဆိုတာပါပဲ။

ဥပဒေရေးဆွဲနေတဲ့ အချိန်တုန်းကတော့ သက်ဆိုင်ရာ လွှတ်တော်အမတ်တွေကနေတစ်ဆင့် သူတို့ရဲ့ လိုအပ်ချက်       သဘောထားတွေကို တင်ပြခွင့်ရခဲ့တယ်လို့ ကိုဇော်ဝင်းက ဆိုပါတယ်။

ဒါပေမဲ့ လုပ်ကွက်ချထားပေးတဲ့အခါမှာတော့ သူတို့ရဲ့ သဘောထားတွေကို မတောင်းခဲ့ဘဲ မြန်မာ့ကျောက်မျက်ရတနာ လုပ်ငန်းဟာ သူတို့သဘောနဲ့ သူတို့ လက်လုပ်လက်စား လုပ်ကွက်တွေကို သတ်မှတ်ခဲ့တယ်လို့ ကိုဇော်ဝင်းက ဆိုပါတယ်။

ဒီလိုသတ်မှတ်ပြီးမှ သူတို့ အကြံပြုကော်မတီနဲ့ တွေ့ဆုံခဲ့တာကြောင့် အကြံပြုခွင့် မရခဲ့ဘူးလို့ သူက ဆက်ပြောပါတယ်။

ကျောက်မျက်ဥပဒေမှာက အသေးစားနဲ့ လက်လုပ်လက်စားလုပ်ကွက်တွေကို ရတနာနယ်မြေ သို့မဟုတ် ရတနာနယ်မြေ ပြင်ပမှာ လုပ်ကွက်ချထားပေးနိုင်တယ်ဆိုတဲ့ အချက်ကြောင့် ရတနာနယ်မြေပြင်ပက နေရာတွေကို လက်လုပ်လက်စားတွေ အတွက် သက်ဆိုင်ရာက သတ်မှတ်ပေးမယ်ဆိုရင်လည်း ဒါဟာ ဥပဒေအရ အကျုံးဝင်သလို ဖြစ်နေပါတယ်။

ဥပဒေအရ လက်လုပ်လက်စားလုပ်ကွက်ဆိုတာ တစ်ဧက အကျယ်ဝန်းကျင်ရှိပြီး အသေးစားလုပ်ကွက်ဆိုတာ သုံးဧက အထိကျယ်တဲ့ လုပ်ကွက်ပါ။ အလတ်စားလုပ်ကွက် ဆိုတာကတော့ ငါးဧကလောက်အထိ ကျယ်တဲ့ လုပ်ကွက်ကို ဆိုတာပါ။ အခု ပြင်ဆင်လိုက်တဲ့ ဥပဒေမှာ အကြီးစားလုပ်ကွက်ချထားမှုကို ဖျက်သိမ်းလိုက်ပါပြီ။

“လက်လုပ်လက်စားလုပ်ကွက်တွေကို ကျောက်မထွက်တဲ့ နေရာမှာသွားပြီး လုပ်ကွက်ချထားပေးမယ်ဆိုရင် ပြဿနာ အကြီးကြီးရှိလာနိုင်တယ်”လို့ ကိုဇော်ဝင်းက ဆိုပါတယ်။

“ကျောက်မထွက်တဲ့ နေရာတွေကို ပို့မယ်ဆိုရင်တော့ မွဲတဲ့သူကို ပိုမွဲအောင်၊ ဆင်းရဲတဲ့သူကို ပိုဆင်းရဲအောင် လုပ်နေသလို ဖြစ်နေမှာပဲ”လို့ သူက မှတ်ချက်ပြုပါတယ်။

ဒေသခံတွေ အဆိုအရ ကျောက်ထွက်တဲ့ လုပ်ကွက်အများစုဟာ မိုးကုတ်မြို့နဲ့ အနီးအနားဝန်းကျင်တွေက ကတုတ်တပ်၊ ကျောက်ပြာသာဒ်စတဲ့ လုပ်ကွက်နေရာတွေ ဖြစ်ပါတယ်။

အခု ကျောက်မျက်ဌာနက သတ်မှတ်ပေးထားတဲ့ လက်လုပ်လက်စားလုပ်ကွက်နေရာတွေဖြစ်တဲ့ လောင်းစင်၊ ရေဝေစတဲ့တစ်ဝိုက်ဟာ ကျောက်မထွက်တဲ့နေရာတွေ ဖြစ်တယ်လို့ ကိုဇော်ဝင်းက ဆိုပါတယ်။

ဒေသခံအချို့ဆိုရင် အဲဒီနေရာတွေကို တစ်ခါမှတောင် မရောက်ဖူးဘူးလို့ ပြောပါတယ်။

အဲဒီနေရာတွေဟာ မိုးကုတ်မြို့နဲ့ ၁၀ မိုင် ၁၅ မိုင်လောက်ဝေးပြီး တချို့ နေရာတွေဆိုရင် လမ်းမကောင်းတဲ့အတွက် ဆိုင်ကယ်နဲ့ သွားရင်တောင် နှစ်နာရီလောက်ကြာတယ်လို့ စိမ်းလန်းမိုးကုတ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ရဲ့ အတွင်းရေးမှူး ဦးရဲအောင်က ဆိုပါတယ်။ ဦးရဲအောင်တို့အဖွဲ့ဟာ မိုးကုတ်မြို့ ကျောက်မျက်ရတနာအကြံပြုကော်မတီကို စတင်တည်ထောင်စဉ်ကတည်းက ပါခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။

အဲဒီနေရာတွေဟာ အရင်ကတည်းက ကျောက်မထွက်တဲ့ နေရာတွေ ဖြစ်ပြီး အဲဒီနေရာတွေမှာ ကုမ္ပဏီလုပ်ကွက်တောင် မရှိခဲ့ဖူးဘူးလို့ သူကဆိုပါတယ်။

မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းက လက်လုပ်လက်စား လုပ်ကွက်တွေအတွက် သတ်မှတ်ထားတဲ့ နေရာ စုစုပေါင်း ဧက ရှစ်သောင်းကျော်ရှိပြီး အဲဒီအထဲက ခြောက်သောင်းခွဲကျော် (၈၀ ရာခိုင်နှုန်းကျော်) လောက်က သွားရေးလာရေးခက်ခဲတဲ့ နေရာတွေ ဖြစ်တယ်လို့ ဦးရဲအောင်က ဆက်ပြောပါတယ်။

အဲဒီလို နေရာတွေမှာ လက်လုပ်လက်စားတွေအတွက် လုပ်ကွက် သတ်မှတ်ပေးထားတာဟာ “ဥပဒေကို လက်တစ် လုံးခြား လုပ်တဲ့ ပုံစံမျိုး ဖြစ်နေတယ်”လို့ သူက ဆိုတယ်။

မျှော်လင့်ချက်နည်းပါး

ပတ်ဝန်းကျင်က ပုန်းလျှိုးကွယ်လျှိုးကျောက်ရှာနေကြတဲ့သူတွေလိုပဲ ကိုကျော်မင်းဟာလည်း ကျောက်မျက်ဥပဒေက သူတို့ဘဝကို ဘယ်လို တိုးတက်ပြောင်းလဲပေးနိုင်မလဲဆိုတာကို အစဉ်အမြဲ နားစွင့်နေသူပါ။

လောလောဆယ်မှာ အခြားအလုပ်အကိုင်လည်း မရှိတဲ့အတွက် သက်တမ်းကုန် ကျောက်မျက်လုပ်ကွက်တွေမှာ ကိုကျော်မင်းတို့ မိသားစုဟာ ဆွေမျိုးတွေနဲ့အတူ အိမ်ရှိလူကုန် ဝင်ရောက်လုပ်ကိုင်နေကြတယ်။ အိမ်မှာ ကလေးထိန်းမယ့်သူမရှိတာကြောင့် လေးနှစ်အရွယ် သမီးလေးကိုပါ လုပ်ငန်းခွင်ထဲ ခေါ်လာခဲ့တယ်လို့ ကိုကျော်မင်းက ဆိုတယ်။

ဒါပေမဲ့ လုပ်ငန်းမကောင်းတာကြောင့် စီးပွားကျပ်ပြီး ထမင်းနပ်မမှန်တဲ့ ရက်တွေတောင် ရှိခဲ့တယ်လို့ ကျောက်ပုံပေါ်မှာ ထိုင်ပြီးဆော့နေတဲ့ သူ့သမီးလေးကို ငေးကြည့်ရင်း သူကပြောတယ်။

ကျောက်မျက်ဥပဒေနဲ့ ပတ်သက်ပြီး သတင်းတွေ ဖတ်ရှုတဲ့အပြင် လွှတ်တော်ကိုယ်စားလှယ်တွေ သူတို့ဒေသကို လာရောက်တွေ့ဆုံဆွေးနွေးတဲ့အခါမှာလည်း သွားပြီးလေ့လာခဲ့တာကြောင့် ဥပဒေသစ်နဲ့ ပတ်သက်ပြီး တီးမိခေါက်မိ ရှိတယ်လို့ ကိုကျော်မင်းက ဆိုပါတယ်။

သူတို့လို လက်လုပ်လက်စားတွေကို မြို့နဲ့ ဝေးလံတဲ့၊ ကျောက်မထွက်တဲ့ နေရာတွေကို ချထားပေးမယ်ဆိုတာ သိလိုက် ရပြီးနောက်မှာ “ဥပဒေသစ်မှာ ကျွန်တော်တို့အတွက် မျှော်လင့်ချက်မရှိဘူး”လို့ သူကဆိုတယ်။

မန္တလေးတိုင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်ကတော့ လက်လုပ်လက်စား လုပ်ကွက်တွေကို နေရာချထားပေးတာဟာ ဘူမိဗေဒပညာရှင်တွေရဲ့ ကွင်းဆင်းလေ့လာမှုကို အခြေခံပြီး ပြည်ထောင်စုဝန်ကြီးဌာနက သတ်မှတ်တာလို့ ဆိုပါတယ်။

Photo – Season Myo Kyaw

တရားမဝင်ကျောက်မျက်ရှာဖွေနေသည့် ဒေသခံများ

ဒါကြောင့် အခု သတ်မှတ်ထားတဲ့ လုပ်ကွက်နေရာတွေကို အပြောင်းအလဲလုပ်ဖို့ အစီအစဉ် မရှိဘူးလို့ သူကဆိုတယ်။

မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းရဲ့ တာဝန်ရှိသူတွေက လက်လုပ်လက်စား လုပ်ကွက်တွေကို ချထားပေးတဲ့ နေရာမှာ ကျောက်မျက်ရတနာတွေရဲ့ ဘူမိဗေဒဖြစ်တည်မှု အခြေအနေ၊ စီမံခန့်ခွဲရာမှာ ရောထွေးမှု မရှိစေဖို့၊ အကျိုးစီးပွား မျှတမှု ရှိစေဖို့စတဲ့ အချက်တွေပေါ် မူတည်ပြီး လုပ်ကွက်ဧရိယာ သတ်မှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

အချို့  ကျောက်ကောင်းရှိတဲ့ နေရာတွေဟာ စက်ယန္တရားကြီးတွေကို အသုံးပြုပြီးတူးမှ ရမှာဖြစ်တဲ့အတွက် လက်လုပ်လက် စားလုပ်ကွက်အဖြစ် ချထားပေးလို့ မရတာတွေ ရှိတယ်လို့            မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းရဲ့ ဒုတိယအထွေထွေ မန်နေဂျာ ဦးသက်ခိုင်က ဆိုပါတယ်။

လက်လုပ်လက်စားတွေဟာ အရင်းအနှီး များများစားစား မတတ်နိုင်ဘဲ ဂေါ်ပြားတွေ၊ ကျောက်ရှာတဲ့ ရေဆေးဆန်ခါတွေ သုံးပြီး ရေစုပ်စက် အသေးလေးတွေနဲ့ လုပ်ကိုင်ကြတာ ဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးစိုးသူရထွန်းကတော့ လက်လုပ်လက်စားတွေအနေနဲ့ သိပ်စိုးရိမ်စရာမလိုဘဲ အလတ်စား လုပ်ကွက်ကြီးတွေရဲ့ အောက် မြေစာစွန့်ပစ်တဲ့ နေရာလွတ်တွေမှာ သူတို့အတွက် လုပ်ကွက်နေရာချထားပေးလို့ ရတယ်လို့ ဆိုပါတယ်။

အဲလိုနေရာတွေမှာ ကတ်စနစ်နဲ့ မှတ်ပုံတင်ကာ လုပ်ခွင့်ပေးမယ်ဆိုရင် အဆင်ပြေနိုင်မှာ ဖြစ်ပြီး အဲဒီလိုနေရာသတ်မှတ်ဖို့ တိုင်းဒေသကြီးအစိုးရမှာ ဥပဒေအရ လုပ်ပိုင်ခွင့်ရှိတယ်လို့ ဦးစိုးသူရထွန်းက ဆိုပါတယ်။

အဲဒီလို လုပ်ခွင့်ပေးမယ်ဆိုရင် ဒီအချက်ကို ဒေသခံတွေက ပိုလို့တောင်ကြိုဆိုတဲ့ သဘောမှာရှိပါတယ်။ ဘာလို့လဲဆိုတော့ သွားရေးလာရေး လွယ်ကူတဲ့အပြင် အရင်းအနှီး သိပ်စိုက်စရာ မလိုတဲ့အတွက်ကြောင့်လို့ ဆိုပါတယ်။

မိုးကုတ်မြို့ ကျောက်မျက်ရတနာအကြံပြု ကော်မတီဝင် ဦးရဲအောင်ကတော့ သွားရေးလာရေးလွယ်ကူပြီး ကျောက်မျက် ရှာဖွေဖို့ အဆင်ပြေနိုင်မယ့် နေရာတွေမှာ လုပ်ကွက်တွေကို မချပေးဘူးဆိုရင် “ကျွန်တော်တို့က လမ်းပေါ်ထွက်တော့မှာ”လို့ ဆိုပါတယ်။

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."