Photo: Lynn Myat ပုဇွန်တောင်မြို့နယ်မှ ဆေးဆိုင်တစ်ဆိုင်တွင် တွေ့ရသည့် OTC ဆေးများ
နိုဝင်ဘာလထုတ်-၂၀၁၅၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၂၉) မှသတင်းဆောင်းပါး ဖြစ်ပါသည်။
သက်ဦးမွန် နှင့် မင်းလွင် ထောက်ပံ့သည်။
သီးသန့်ဥပဒေလိုအပ်
ပညာရှင်တွေကစပ်ဆေးအ္တနရာယ်ကို ပြောနေကြပေမယ့် ဆေးဆိုင်အများစုကတော့ ဆေးဝါးတွေကို ရောစပ်ရောင်းချနေကြဆဲပါ။
FDAရဲ့ကိန်းဂဏန်းတွေအရလက်ရှိမြန်မာနိုင်ငံမှာ ဆေးဆိုင်ပေါင်း၈,ဝဝဝခန့်ရှိနေပါတယ်။အစိုးရအသိအမှတ်ပြုထားတဲ့မြို့နယ်ပေါင်း၃၃ဝရှိတဲ့အနက်တစ်မြို့နယ်မှာ ဆေးဆိုင်၂၄ဆိုင်ဝန်းကျင်ရှိတဲ့သဘောပါ။
တကယ်ဆိုရင် ဆေးဆိုင်တွေတင်မကဘဲတချို့ရပ်ကွက် တွေမှာဆိုရင်ကုန်စုံဆိုင်တွေ၊ကွမ်းယာဆိုင်တွေကပါ ဆေးတွေကိုစပ်ပြီးရောင်းနေကြတာရှိပါတယ်။တကယ်တော့ကွမ်းယာဆိုင်တွေ၊ကုန်စုံဆိုင်တွေဟာ ဆေးရောင်းချခွင့်မရှိပါဘူး။
သတ်မှတ်ချက်နဲ့ပြည့်စုံပြီးလုပ်ငန်းအတွေ့အကြုံလည်းရှိသူတွေကြီးကြပ်တဲ့၊အမျိုးသားဆေးဝါးဥပဒေအရ ဆေးဝါး ရောင်းချခွင့် (လက်လီ)လိုင်စင်ရရှိထားတဲ့ ဆေးဆိုင်တွေကသာ ဆေးရောင်းခွင့်ရှိတယ်လို့FDAမှ ညွှန်ကြားရေးမှူး ဒေါက်တာသိင်္ဂီဇင်က ပြောပါတယ်။
ဆေးဆိုင်တွေမှာ ရောင်းချနေတဲ့အနောက်တိုင်းဆေးတွေထဲမှာလည်းအုပ်စုနှစ်စုခွဲခြားထားပါတယ်။ဆရာဝန်ခွင့်ပြုချက်မပါဘဲ ဆေးဆိုင်တွေမှာတင်ရောင်းလို့ရတဲ့ဆေး (OTC – Over the Counter)နဲ့ဆရာဝန်ရဲ့ခွင့်ပြုချက်ပါမှ၊တစ်နည်းအားဖြင့်ဆရာဝန်ရဲ့ ဆေးညွှန်းစာပါမှ ရောင်းချခွင့်ရှိတဲ့ ဆေး (POM – Prescription Only Medicine) ဆိုပြီးနှစ်မျိုးသတ်မှတ်ထားပါတယ်။
OTC ဆေးဆိုတာ ဆေးကုမ္ပဏီတွေကတရားဝင်တင်သွင်းထားတဲ့၊ ဈေးကွက်မှာ ဖြန့်ချိထားတဲ့ဆေး (ဥပမာ- အအေးမိနှာစေးရာမှာအသုံးပြုတဲ့ဒီကိုဂျင်လို၊ဖလူဇာလိုဆေး)တွေကို ခေါ်တာဖြစ်ပါတယ်။POM ဆေးတွေကတော့ ဆေးဝါးကျွမ်းကျင်သူများသာအသုံးပြုခွင့်ရှိပြီးပိုးသတ်ဆေးလို ဆေးတွေကို ခေါ်တာဖြစ်တယ်လို့ ဆေးပညာရှင်တွေက ပြောကြပါတယ်။
OTC ဆေးတွေကို ဆေးဆိုင်တွေမှာ ရောင်းချခွင့်ရှိပေမယ့်ဘယ်ဆေးဆိုင်ကမှ ဆေးဝါးကို ရောစပ်ရောင်းချခွင့်မရှိဘူးလို့ ဒေါက်တာသိင်္ဂီဇင်က ပြောပြပါတယ်။
၁၉၉၂ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့အမျိုးသားဆေးဝါးဥပဒေထဲမှာတော့စပ်ဆေးရောင်းချခြင်းနဲ့ပတ်သက်လို့အရေးယူနိုင်တဲ့ဥပဒေပုဒ်မတွေ ပြဋ္ဌာန်းထားတာကိုမတွေ့ရပါဘူး။အဲဒီဥပဒေထဲမှာ ဆေးဝါးနဲ့ပတ်သက်ပြီး ပြည်တွင်း၊ ပြည်ပက ဆေးဝါးအရည်အသွေးစံချိန်စံညွှန်းတွေကိုအဓိကဇောင်းပေးတာဖြစ်လို့စပ် ဆေးပြဿနာနဲ့ပတ်သက်လို့သီးခြားဥပဒေတစ်ခု ပြဋ္ဌာန်းဖို့လိုတယ်လို့ ပြည်သူ့လွှတ်တော်ကျန်းမာရေးမြှင့်တင်မှုကော်မတီကအတွင်းရေးမှူး ဒေါက်တာနေလင်းက မော်ကွန်းကို ပြောပါတယ်။
ဒါ့အပြင် ဆေးဆိုင်တွေကိုစစ်ဆေးဖို့ကိစ္စနဲ့ပတ်သက်ပြီးဘယ်သူတွေတာဝန်ယူပြီးစစ်ဆေးရမယ်ဆိုတာကိုတိတိကျကျ ပြဋ္ဌာန်းထားတာမရှိဘူးလို့ ဒေါက်တာနေလင်းကဆိုပါတယ်။
အဲဒါကြောင့် ”ဒီလိုစပ်ဆေးကိစ္စတွေဟာရန်ကုန်တစ်မြို့တည်းမဟုတ်ဘူး။တစ်တိုင်းပြည်လုံးအနေနဲ့ပွစာကျဲပြီးရှိနေတာပေါ့”လို့ ဒေါက်တာနေလင်းက ပြောပါတယ်။
အမျိုးသားဆေးဝါးဥပဒေထဲကပုဒ်မ၁၅မှာတော့ ဆေးဝါးအတုတွေ၊စံချိန်စံနှုန်းမမီတဲ့ ဆေးဝါးတွေ၊ပျက်စီးဆေးဝါးတွေ၊ ရောနှောဆေးဝါးတွေကို ဖြန့်ဖြူးမရောင်းချဖို့တားမြစ်ထားပြီးဥပဒေကို ဖောက်ဖျက်ကျူးလွန်ရင် ငွေဒဏ်ငါးသောင်းကျပ်မှအများဆုံးငါးသိန်းကျပ်အထိဖြစ်စေ၊ ထောင်ဒဏ်ခုနစ်နှစ်အထိ ဖြစ်စေ၊ဒဏ်နှစ်ရပ်စလုံးဖြစ်စေကျခံရမယ်လို့၂ဝ၁၄ခုနှစ်မှာ ပြည်ထောင်စုလွှတ်တော်က ပြင်ဆင်ခဲ့တဲ့အမျိုးသားဆေးဝါးဥပဒေမှာ ဖော်ပြထားပါတယ်။
စပ်ဆေးထဲမှာမူလထုပ်ပိုးမှုပုံစံမပါတဲ့အတွက် ဆေးဝါးရဲ့အရည်အသွေး၊အာနိသင်တွေကိုမသိရတဲ့အပြင်သက်တမ်းကုန် ဆေးဝါးတွေ၊ပျက်စီးဆေးဝါးတွေ၊ ရောနှောဆေးဝါးတွေပါဝင်နိုင်တယ်လို့ ဒေါက်တာသိင်္ဂီဇင်က ပြောပါတယ်။
ပျက်စီးဆေးဝါးဆိုတာ ဆေးဝါးသက်တမ်းကုန်ဆုံးရက်ကို ရောက်ရှိနေတဲ့ ဆေးဝါး၊ဒါမှမဟုတ် ကျော်လွန်နေတဲ့ ဆေးဝါး၊တစ်နည်းနည်းနဲ့ဓာတ်သဘာဝပြောင်းလဲနေတဲ့စံမညီတဲ့ ဆေးဝါးကို ခေါ်တာဖြစ်ပြီး ရောနှောဆေးဝါးဆိုတာအလုံးစုံသော်လည်းကောင်း၊တစ်စိတ်တစ်ဒေသသော်လည်းကောင်းပျက်စီး နေတဲ့ ဆေးဝါး၊အခြားဆေးဝါးတွေနဲ့ပစ္စည်းတွေ ရောနှောပါဝင် နေတဲ့ဆေးဝါးကိုခေါ်တာလို့အမျိုးသားဆေးဝါးဥပဒေမှာအဓိပ္ပာယ်ဖွင့်ပါတယ်။
ဆင်းရဲခြင်းအရင်းခံ
ဘယ်လိုအန္တရာယ်တွေရှိနေနေစပ်ဆေးသောက်ရတာကိုအားသန်တဲ့လူတွေကတော့ သောက်မြဲသောက်နေကြပါတယ်။
ငွေကြေးချို့တဲ့သူတွေကOTC ဆေးထက်စပ်ဆေးကိုပဲပိုမိုအားကိုးကြတဲ့အထဲမှာစပ်ဆေးသောက်ရင် ဈေးသက်သာတဲ့အပြင် ရောဂါမြန်မြန်သက်သာသွားတယ်လို့ယူဆကြတဲ့အတွက် ကြောင့်လည်းစပ်ဆေးကိုဝယ်သောက်ကြတာဖြစ်တယ်လို့ ဆေးဆိုင်တွေကဆိုပါတယ်။
လှိုင်သာယာ၊ခလောက်ချိုက်ကူးတို့ဆိပ်နားကကျူး ကျော်ရပ်ကွက်တစ်ခုမှာ နေထိုင်တဲ့အသက်၄၉နှစ်အရွယ် ဒေါ်ခင်ခင်ဦးဆိုရင်လည်းစပ်ဆေးကိုအားကိုးနေသူတစ်ယောက် ဖြစ်ပါတယ်။
ယောက်ျားဖြစ်သူကလည်းအလုပ်မရှိတဲ့အတွက်ကလေးငါးယောက်မိခင် ဒေါ်ခင်ခင်ဦးဟာမိသားစုစားဝတ်နေရေးကိုတစ်ယောက်တည်းရုန်းကန်နေရတာဖြစ်ပါတယ်။ ဒေါ်ခင်ခင်ဦးဟာ ဈေးထွက်ရောင်းပါတယ်။ ဈေးရောင်းဖို့အဆင်မပြေတဲ့အခါရပ်ကွက်ထဲကအိမ်တွေမှာအဝတ်လျှော်၊ထမင်းချက်စတဲ့အလုပ်တွေကိုလိုက်လုပ်ပါတယ်။
သူ့မှာရင်ကျပ်ရောဂါရှိနေပါတယ်။စပ်ဆေးသောက်တာထက် ဆေးခန်းသွားတာကပိုကောင်းမှန်းသိပေမယ့် ငွေရေး ကြေးရေးအခက်အခဲကြောင့်စပ်ဆေးသောက်နေရတာလို့သူက ပြောပါတယ်။
”လက်ထဲမှာပိုက်ဆံလေးရှိရင်တော့ ဆေးခန်းသွားချင်တာပေါ့။ပိုက်ဆံမရှိတော့ ဆေးပဲစပ်သောက်လိုက်တယ်”လို့သူက ပြောပါတယ်။
စပ်ဆေးတွေဝယ်သောက်ပြီးရင်လတ်တလောခံစားနေရတဲ့ဝေဒနာတွေတော့သက်သာသွားတယ်လို့ ဒေါ်ခင်ခင်ဦးကယူဆပါတယ်။ဒါပေမဲ့တစ်ခါမှာတော့စပ်ဆေးတွေသောက်ပြီးနှလုံးတွေကတုန်ကရင်ဖြစ်ကာပိုပြီး နေထိုင်မကောင်း ဖြစ်သွားဖူးတယ်လို့သူကဆိုတယ်။
ဒီလိုနောက်ထပ်ဖြစ်လာရင်ဘယ်သူကတာဝန်ယူနိုင်မလဲလို့ မေးကြည့်တော့ ဒေါ်ခင်ခင်ဦးက ”မသိဘူး” ဆိုတဲ့သဘောနဲ့ ခေါင်းခါပါတယ်။ပြီးမှ ”ကျွန်မက ရောဂါပျောက်ချင်တဲ့ဆန္ဒပဲရှိတာပါ”လို့တိုးညှင်းတဲ့အသံနဲ့ ဖြေပါတယ်။
သူဆိုရင်ခဏခဏရင်ကျပ်တာ၊ဖျားနာတာ၊ ခေါင်းကိုက်တာတွေကြောင့်တစ်လကိုနှစ်ခါ၊သုံးခါလောက်စပ်ဆေးဝယ် သောက်နေရတယ်လို့တစ်ရက်ပျမ်းမျှဝင်ငွေသုံးထောင်ရှိတဲ့ ဒေါ်ခင်ခင်ဦးကဆိုပါတယ်။
ဆေးခန်းတစ်ခါသွားရင်၂,၅ဝဝကနေ၃,ဝဝဝကျပ်အထိကုန်ပြီး ဆေးဆိုင်မှာ ဆေးစပ်သောက်ရင်တစ်ခွက်စာအတွက် ငွေ၁၅ဝကနေ၂ဝဝကျပ်အတွင်းပဲကုန်ကျတယ်လို့သူကဆိုပါတယ်။
စပ်ဆေးသောက်တာက ရောဂါအမြစ်ပြတ်အောင်ကုနိုင်မှာမဟုတ်ဘူးဆိုတာသူသိပါတယ်။ဒါကြောင့် ငွေကြေးတတ်နိုင်ရင်ဆရာဝန်တွေနဲ့ တွေ့ပြီး ရောဂါကို ပျောက်အောင်ကုချင်တယ်လို့သူကဆိုပါတယ်။
”သားတွေ၊သမီးတွေနဲ့အကြာကြီးနေချင်တာ။အသက်ရှည်ရှည်နေချင်တယ်၊ မြေးတွေအများကြီးနဲ့ နေချင်တယ်။ ဖြစ်နိုင်မယ်ဆိုရင်တတ်ကျွမ်းတဲ့ဆရာဝန်တွေနဲ့ ပြချင်တယ်”လို့ ဒေါ်ခင်ခင်ဦးကဆိုတယ်။
ဒါပေမဲ့ လောလောဆယ်အခြေအနေမှာသူ့ဝင်ငွေနဲ့ ဆေးခန်းဘက်ကို ခြေဦးမလှည့်နိုင်ပါဘူး။
ပညာရှင်မလုံလောက်
ဆင်းရဲနွမ်းပါးခြင်းကစပ်ဆေးတွေကိုမှီခိုဖို့တွန်းအားပေး နေသလိုတစ်ဖက်မှာလည်း မြန်မာနိုင်ငံမှာ ဆေးဝါးကျွမ်းကျင်ပညာရှင်တွေနည်းပါးတာကြောင့်မကျွမ်းကျင်တဲ့လူတွေက ဆေးပေး၊ ဆေးစပ်နေကြတာဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆေးဝါးကျွမ်းကျင်ပညာရှင်များအသင်းဥက္ကဋ္ဌဦးဘန်ရီကသုံးသပ်ပါတယ်။
ဆေးဝါးကျွမ်းကျင်ပညာရှင်ဆိုတာနှစ်လ၊သုံးလလောက်သင်တန်းတက်ပြီး ဆေးရောင်းနေသူကို ခေါ်တာမဟုတ်ဘူးလို့ဦးဘန်ရီကဆိုပါတယ်။ ဆေးဆိုင်ဖွင့်ခွင့်လက်မှတ်ဆိုတာလည်း ဆေးစပ်ပေးခွင့်လက်မှတ်မဟုတ်ဘူးလို့သူကဆိုပါတယ်။
မြန်မာနိုင်ငံမှာ ဆေးဝါးပညာရှင်တွေ မွေးထုတ်ဖို့ရန်ကုန်နဲ့မန္တလေးမှာ ဆေးဝါးတက္ကသိုလ်နှစ်ခုဖွင့်ထားပါတယ်။အဲဒီတက္ကသိုလ်နှစ်ခုကနေတစ်နှစ်ကို ဆေးဝါးကျွမ်းကျင်ကျောင်းသား၃ဝဝနီးပါးလက်ခံသင်ကြားနေတယ်လို့ မြန်မာနိုင်ငံ ဆေးဝါးကျွမ်းကျင်ပညာရှင်များအသင်းက၂ဝ၁၄ခုနှစ်မှာ ပြုစုခဲ့တဲ့Status of Pharmacy in Myanmarစစ်တမ်းမှာ ဖော်ပြထားပါတယ်။
ဆေးဝါးပညာရှင်တစ်ယောက်ဖြစ်လာဖို့ ဆေးဝါးတက္ကသိုလ်မှာ လေးနှစ်သင်ယူရပါတယ်။ ဆေးဝါးတက္ကသိုလ်ကျောင်းသား တွေဟာ ဆေးတွေအကြောင်းသင်ရတဲ့ ဆေးဝါးဗေဒ၊လူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေအလုပ်လုပ်ကြပုံကိုသင်ပေးတဲ့ဇီဝကမ္မ ဗေဒ၊ ဆေးဝါးဓာတုဗေဒနဲ့ခန္ဓာကိုယ်နဲ့ ဆေးဝါးတွေဆက်စပ်အလုပ်လုပ်ကြပုံတွေကိုသင်ယူကြရပါတယ်။
မြန်မာနိုင်ငံ ဆေးဝါးကျွမ်းကျင်ပညာရှင်များအသင်းရဲ့စစ်တမ်းအရ မြန်မာနိုင်ငံမှာ ဆေးဝါးကျွမ်းကျင်၃,၁ဝဝခန့်ရှိတယ်လို့ဆိုပါတယ်။အဲဒီထဲကတစ်ဝက်လောက်ဟာ ဆေးဝါးအရောင်း မြှင့်တင်ရေးလုပ်ငန်းတွေမှာအလုပ်လုပ်နေကြပြီး၃၈ဒသမ၇၁ရာခိုင်နှုန်းကတော့တက္ကသိုလ်တွေရဲ့ ဆေးဝါးဆိုင်ရာသုတေသနလုပ်ငန်းတွေ၊ ဆေးဝါးထုတ်လုပ်ရေးစက်ရုံတွေ၊ ဆေးရုံတွေနဲ့ NGO အဖွဲ့အစည်းတွေမှာအလုပ်လုပ်နေကြတယ်လို့ ဆေးဝါးကျွမ်းကျင်ပညာရှင်များအသင်းရဲ့စစ်တမ်းမှာ ဖော်ပြပါတယ်။
Infographic: Thaw Zin Latt
ကျန်၁၁ရာခိုင်နှုန်း (၃၅ဝဦးခန့်) သာရပ်ကွက်တွေက ဆေးဆိုင်တွေမှာအလုပ်လုပ်နေကြတယ်လို့အဆိုပါစစ်တမ်းကဆိုပါတယ်။သဘောကတော့တစ်နိုင်ငံလုံးရှိ ဆေးဆိုင်၈,ဝဝဝမှာ ဆေးဝါးကျွမ်းကျင်တဲ့သူက၃၅ဝဦးပဲရှိမှာဖြစ်တဲ့အတွက် ကြောင့် ဆေးဆိုင်၂၃ဆိုင်မှာမှ ဆေးဝါးကျွမ်းကျင်သူတစ် ယောက်နှုန်းပဲရှိမယ့်သဘောပါ။
ဆေးဆိုင်တွေမှာအလုပ်လုပ်နေတဲ့ ဆေးဝါးကျွမ်းကျင်သူ တွေနည်းပါးတာကြောင့် ”အခုတော့နှစ်လ၊သုံးလလောက်သင်တန်းတက်ပြီးတော့ ဆေးရောင်းတယ်။ကွမ်းယာဆိုင်သမားကလည်း ဆေးရောင်းတယ်”လို့ဦးဘန်ရီက ပြောပါတယ်။
အမေရိကန်၊ရုရှား၊ဂျာမနီစတဲ့အနောက်နိုင်ငံအများစုမှာ ဆေးရောင်းတဲ့ဆိုင်တွေကို ဆေးဝါးကျွမ်းကျင်ပညာရှင်တွေကကြပ်မတ်ရတယ်လို့ဦးဘန်ရီကရှင်းပြပါတယ်။ မြန်မာနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ထိုင်းနိုင်ငံမှာဆိုရင်လည်း ဆေးဆိုင်တွေမှာ ဆေးဝါးပညာရှင်တွေကကြပ်မတ်ပြီး ဆေးဝါးကျွမ်းကျင်ဝန်ထမ်းတွေရဲ့နာမည်တွေကိုဆိုင်တွေမှာကပ်ထားရတယ်လို့သူကဆိုပါတယ်။
”မြန်မာနိုင်ငံမှာတော့ဒါတွေမလုပ်နိုင်ဘူး။တစ်ဆိုင်လုံး (ဆေးတွေ)ဝယ်သွားလို့ရတယ်”လို့ ပြောပြီးဦးဘန်ရီကတဟားဟားရယ်လိုက်ပါတယ်။
Infographic: Thaw Zin Latt
ဘယ်လိုထိန်းမလဲ
စပ်ဆေးရောင်းချတာဟာအန္တရာယ်ရှိမှန်းသိပေမယ့် ဆေးလာဝယ်တဲ့လူတွေရှိနေလို့ ရောင်းနေရတာလို့အင်းစိန်မြို့နယ်၊ အောင်ဇေယျရပ်ကွက်မှာရှိတဲ့ ဆေးဆိုင်တစ်ဆိုင်ကအမည်မဖော်လိုတဲ့ ဆေးရောင်းသူတစ်ဦးက မော်ကွန်းကို ပြောပါတယ်။
”ဒီရပ်ကွက်မှာဆင်းရဲသားတွေများတယ်လေ။ဆင်းရဲတဲ့ရပ်ကွက်ကျတော့ (ဆေးခန်းပြဖို့) သိပ်မလွယ်ဘူး”လို့သူက ပြောပါတယ်။
”တစ်ရာ၊နှစ်ရာပေးပြီး သောက်ရတော့သူတို့လည်းအဆင်ပြေတာပေါ့”
ကိုလင်းလင်း(အမည်လွှဲ) ဆေးဆိုင်ဖွင့်ထားတဲ့ဒဂုံမြို့သစ်မြို့နယ်(တောင်ပိုင်း)၊၇၁ရပ်ကွက်မှာဆိုရင်လည်းအဲဒီမှာ နေထိုင်ကြတဲ့သူအများစုက ဈေးသည်တွေ၊အလုပ်ကြမ်းသမားတွေနဲ့စက်မှုဇုန်တွေမှာလုပ်တဲ့အလုပ်သမားတွေ ဖြစ်တယ်လို့ဆိုပါတယ်။
ရပ်ကွက်ထဲမှာ ဆေးခန်းတွေရှိပေမယ့်သူတို့လို အောက် ခြေလူတန်းစားတွေအတွက် ဆေးခန်းပြခ၂,၅ဝဝ၊၃,ဝဝဝကျပ်ကိုမတတ်နိုင်ကြတာကြောင့် တော်ရုံတန်ရုံဆိုရင် ဆေးခန်းကို ရှောင်ကြဉ်ကြပါတယ်။
”ဆေးခန်းသွားကြရင်လည်းအလွန်ဆုံးသွားရင်တစ်ရက်ပဲ။ နောက်ရက်ဆို ဆေးစာရွက်ယူလာပြီးဒီကနေဝယ်သောက်တာပဲ”လို့ကိုလင်းလင်းက ပြောပါတယ်။
ကိုလင်းလင်းတို့ဆိုင်မှာတစ်ရက်တစ်ရက်ကို ဆေးလာဝယ်သူတစ်ရာလောက်ရှိတဲ့အထဲမှာစပ်ဆေးဝယ်သူကပိုများတယ်လို့ဆိုပါတယ်။
သူတို့လို ဆေးဝါးသင်တန်းနှစ်လတက်ပြီးသင်တန်းဆင်းလက်မှတ်ရထားတဲ့ ဆေးစပ်ရောင်းသူတွေဆီကနေ ဆေးတွေတစ်ဆင့်ဝယ်ပြီးကုန်စုံဆိုင်တွေမှာ ပြန်ရောင်းတဲ့သူတွေလည်းရှိတယ်လို့ကိုလင်းလင်းကဆိုပါတယ်။
တကယ်တော့ကိုလင်းလင်းတို့တက်ထားတဲ့ကာလတို ဆေးဝါးကျွမ်းကျင်အကူသင်တန်းတွေကိုကျန်းမာရေးဝန်ကြီးဌာနကတရားဝင်ဖွင့်ခွင့်ပေးထားတာမဟုတ်ဘူးလို့ရန်ကုန်ဆေးရုံအုပ်ကြီး ဒေါက်တာအေးကိုကိုကဆိုပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနကတရားဝင်ခွင့်ပြုမထားပေမယ့်ကိုယ်ပိုင်ဆေးရုံ၊ ဆေးခန်းရှိတဲ့သူတွေကိုသူတို့အတွက်သူနာပြု တွေ၊ ဆေးဝါးကျွမ်းကျင်တွေ ပြန်ခန့်ထားနိုင်ဖို့အတွက်ကိုနားလည်မှုနဲ့ခွင့်ပြုထားတဲ့သဘောရှိတယ်လို့မင်္ဂလာတောင်ညွန့်မြို့နယ်မှာထိပ်တန်းသူနာပြုနှင့် ဆေးဝါးကျွမ်းကျင်အကူသင်တန်းတည်ထောင်သူ ဒေါက်တာအောင်မိုးကဆိုပါတယ်။
ဒေါက်တာအေးကိုကိုကတော့ ”ဆေးရုံ၊ ဆေးခန်းရှိသည် ဖြစ်စေ၊မရှိသည်ဖြစ်စေအမှန်တကယ်တော့ခွင့်ပြုမထားပါဘူး”လို့ဆိုပါတယ်။ ”နားလည်မှုနဲ့သာမတတ်သာလို့ခွင့်ပြုထားရတဲ့သဘောပါ။ ဆေးရုံ၊ ဆေးခန်းရှိလို့ဆိုပြီးခွင့်ပြုထားတာတော့မရှိပါဘူး။ရှိနေတာတွေကလည်းတရားဝင်မဟုတ်ပါဘူး”
ဒါပေမဲ့အစိုးရဆေးပေးခန်းတွေ၊ဆရာဝန်တွေနဲ့လက်လှမ်းမမီတဲ့ အောက်ခြေပြည်သူတွေဟာစပ်ဆေးဆိုင်တွေကိုအားကိုးနေရတဲ့အတွက်စပ်ဆေးရောင်းသူတွေကိုကျန်းမာရေးဆိုင်ရာအရည်အသွေးတွေ မြှင့်ပေးဖို့လိုတယ်လို့ ဒေါက်တာ အောင်မိုးကဆိုပါတယ်။
”တကယ်တမ်းလက်ညှိုးထိုးရမှာကအဲဒီစပ်ဆေးတွေ ရောင်းပေးနေတဲ့ ဆေးဆိုင်လေးတွေမဟုတ်ပါဘူး။လုပ်သင့်တာကစပ်ဆေးရောင်းတဲ့သူတွေကျန်းမာရေးဆိုင်ရာအသိတွေပိုများလာအောင်ဌာနဆိုင်ရာနဲ့ကျွမ်းကျင်တဲ့အဖွဲ့အစည်းတွေကလုပ်ပေးကြရမှာပါ”လို့ ဒေါက်တာအောင်မိုးက ထောက်ပြပါတယ်။
လက်ရှိအမျိုးသားဆေးဝါးဥပဒေကိုပြင်မှအဆိုပါသင်တန်းတွေကိုဖွင့်ခွင့်ပေးနိုင်မှာဖြစ်တယ်လို့ရန်ကုန်ဆေးရုံအုပ်ကြီး ဒေါက်တာအေးကိုကိုက ပြောပါတယ်။
”ဒါကိုပြင်ဆင်ပြီးတော့လွှတ်တော်ကိုတင်ဖို့ကျွန်တော်တို့ဝန်ကြီးဌာနကကြိုးစားနေပေမယ့်လွှတ်တော်ကအစောကြီးနားသွားတော့မမီလိုက်ဘူးဖြစ်သွားတယ်။ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ကတော့ဒါတွေကိုဖွင့်လှစ်နိုင်ဖို့တော့လုပ်နေတယ်။ဒါ ကြောင့်လည်းဥပဒေကိုအသစ်ပြန်ဆွဲပြီးလွှတ်တော်တင်ဖို့ကိုလုပ်နေတာပေါ့”
ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့က နောက်ပိုင်းမှာတရားဝင်ဖွင့်ခွင့်ပေးနိုင်အောင်လုပ်နေတဲ့အတွက်ကြောင့်အခုလက်ရှိမှာနားလည်မှုပေးထားတာဖြစ်တယ်လို့ ဒေါက်တာအေးကိုကိုကဆိုပါတယ်။
မည်သို့ပင်ဆိုစေ ဆေးဝါးကျွမ်းကျင်တွေကလည်းလုံလုံ လောက်လောက်မရှိ၊ အောက်ခြေလူတန်းစားတွေရဲ့ဆင်းရဲနွမ်းပါးမှုတွေကြောင့် ဆေးခန်းတွေနဲ့အလှမ်းဝေးနေတဲ့အခြေအနေမှာတော့စပ်ဆေးအသုံးပြုသူတွေအနေနဲ့ ‘ကိုယ်ဖြစ်ရင်ကိုယ်ခံ’ ရမယ့်အခြေအနေပါ။
အာမခံချက်မရှိတဲ့ ဆေးတွေကိုတစ်ဆုပ်ပြီးတစ်ဆုပ်ဗိုက်ထဲကိုထည့်နေရတဲ့ဦးညိုအေးအတွက်ကသူ့ရောဂါသက်သာရာသက်သာကြောင်းဆိုလို့စပ်ဆေးကိုပဲလက်လှမ်းမီရာဆေးအဖြစ်မှီဝဲနေရပါတယ်။
အဲဒီစပ်ဆေးကသူ့အတွက်ဘယ်လောက်ပဲအ္တနရာယ်ရှိပါတယ်ဆိုဆို ”မျက်စိမှိတ်ပြီး သောက်ရဦးမယ်”လို့ဦးညိုအေးကဆိုပါတယ်။ ။ အပိုင်း(၁)သို့

