မတ်လ-၂၀၁၃ထုတ်၊ မော်ကွန်း မဂ္ဂဇင်းအမှတ်(၄)မှ ခရီးသွားဆောင်းပါးဖြစ်ပါသည်။
ထင်အောင်ကျော် ရေးသည်။
(၄)ငွေဆောင်ရောက်ပြီး နောက်နေ့ မနက်စောစောမှာ သောင်ပြင်ဆီ ကျွန် တော် လမ်းလျှောက်ထွက်လာခဲ့ပါသည်။ ဆောင်းမနက်ခင်းမှာ ပင်လယ်ပြင်မှ တိုက်ခတ်လာသော လေက တသုန်သုန် သွေးနေသည်။ လှိုင်းများက ကမ်းခြေဆီ ရိုက်ခတ်လျက်။ ဝန်းကျင်တစ်ခွင်သည် ငြိမ်သက်အေးချမ်းနေပါသည်။
သို့သော် လူတစ်စုမူ သည်လိုအေး ချမ်းနေတာကို ဂရုပြုနိုင်ဟန်မတူ။ ခါးမှာ ချည်ထားသော ကြိုးဖြင့် ပင်လယ်ထဲမှ တစ်စုံတစ်ခုကို သောင်ပြင်ခြေကန်၍ ဆွဲ တင်နေကြလေသည်။ သူတို့ကား ဒေသ အခေါ် ဆွဲပိုက်သမားများတည်း။ ညက ပင်လယ်ကမ်းစပ်မှနေ၍ ခပ်လှမ်းလှမ်း အထိ ‘ဂငယ်’ပုံသဏ္ဌာန်ဝိုက်ပြီး ပိုက်ချ ထားခဲ့ပါသည်။ ရေပေါ်ပေါ်နေသော ဘောလုံးများက ထိုပိုက်လမ်းကြောင်းကို ဖော်ပြနေပါသည်။
ယခု ယင်းပိုက်ကို ကမ်းပေါ်ကနေ လူအားဖြင့် ဖြည်းဖြည်းချင်းဆွဲတင်နေ တာပါ။ သူတို့ဟန်ပန်က တစ်နေ့တစ်လံ ပုဂံဘယ်ပြေးမလဲဆိုတာမျိုး။ ပိုက်ထိပ် နေရာမှာ လူနှစ်ယောက်လောက်က လှေ ဖြင့် ထိန်းရင်း တရွေ့ရွေ့လိုက်လာသည်။
ကြိုးခွေကြီးက သောင်ပြင်ပေါ် တဖြည်းဖြည်းပုံလာသည်နှင့်အမျှ ပိုက်က ကမ်းနှင့် နီးလာပါသည်။ နောက်တော့ သူ တို့လက်ထဲကို ပိုက်ကွန်ဖြူကြီး ရောက် လာပါတော့သည်။ နေခြည်ရွှေရည်အဟပ် မှာ ပိုက်ကွန်ကြီးက တလက်လက်။ သူတို့ အားစိုက်ပြီး ပိုက်ကို ဆွဲတင်ကြတော့ သည်။ များသောအားဖြင့် ပုစွန်များ၊ ငါး ကလေးများ ရကြောင်း ဟိုတယ်ဝန်ထမ်း များက ပြောပြပါသည်။ တစ်ဝမ်းတစ်ခါး အတွက် သည်လိုပဲ ရှာစားနေကြရ သည်ပေါ့။
တစ်ရက်တွင် ဆိုင်ကယ်ကို တစ်နာ ရီ လေးထောင်ကျပ်နှုန်းဖြင့် ငှားပြီး ဆင်မ ရွာသို့ သွားခဲ့ပါသည်။ ကျွန်တော့်ဆိုင် ကယ်ဆရာ ဦးကံမြက ဆယ်မိုင်ခရီး လောက်ရှိသည်ဟု ခန့်မှန်းပါသည်။ ကျွန် တော့်ဇနီးကလည်း တစ်နယ်တစ်ကျေးမှာ ကျွန်တော့်ကို စိတ်မချဆိုပြီး နောက်ဆိုင် ကယ်တစ်စီးငှားကာ အတူလိုက်လာပါ သည်။ သူ့ဆိုင်ကယ်ကို ကိုအောင်မြတ်သူ က မောင်းပါသည်။ သူက ရန်ကုန် ရွှေပြည် သာသား။
ဦးကံမြရော၊ သူရော အမ်ဘိုဟို တယ်ဝန်ထမ်းတွေ။ ဦးကံမြက ကိုစိုးမင်း ဦးရဲ့ ဖခင်။ ယခင်က တပ်မှာ တာဝန်ထမ်းခဲ့ ဖူးပြီး ဟိုင်းကြီးကျွန်းလုံခြုံရေးဆောင် ရွက်ခဲ့ဖူးသည်ဟု ဆိုပါသည်။ သူက ဆိုင် ကယ်စီး ကျွမ်းသည်။
ကျွန်တော်တို့ စထွက်ချိန်က မနက် ကိုးနာရီခန့်ဖြစ်ပြီး ဒီက မကျသေး။ သည် တော့ သောင်ပြင်ပေါ်ကနေ သွားလို့မရ။
ငွေဆောင်ဟိုတယ်ဇုန်ကို ကျော်ပြီး နောက် ဘူးကွဲချောင်းကို ကူးတို့ဖြင့် ကူးရ ပါသည်။ ကူးတို့က လှေတစ်စင်းပါ။ သို့ သော် စက်မပါ၊ တက်လည်း မပါ။ ပေလေး၊ ငါးဆယ်ခန့်ရှိသော ဟိုဘက်ကမ်းနှင့် သည်ဘက်ကမ်းကို ကြိုးတန်းများ ပစ် ထားပါသည်။ တက်မပါ လက်နဲ့လှော်မယ် ဆိုတာမျိုးတော့ မဟုတ်။ လှေကို ကြိုး တန်းနှင့် တွဲထားပြီး ကြိုးကို လက်ဖြင့် ဆွဲသွားခြင်းဖြင့် ချောင်းကို ဖြတ်ကူး ပါသည်။
ဆိုင်ကယ်တွေကို လှေပေါ်မောင်း တင်၊ လူတွေ လိုက်တက်။ ကူးတို့ခအဖြစ် နှစ်ရာ့ငါးဆယ်၊ သုံးရာကျပ်ပေးရပါသည်။
ဟိုဘက်ရောက်တော့အရှေ့တောင် အာရှအားကစားပွဲအတွက် အသစ်တည် ဆောက်နေသော ဟိုတယ်ဇုန် (၂) ကို တွေ့ရပါသည်။
”ဟ…ဒီအတိုင်းဆို ဘူးကွဲချောင်း ကို ဘယ်လိုကူးကြမလဲ” ကျွန်တော်က ဦးကံမြကို မေးလိုက်ပါသည်။
”ဟိုရှေ့ရောက်ရင် ကျွန်တော်ပြ မယ်၊ အဲဒီမှာ လမ်းမသစ်ဖောက်နေတယ်၊ အဲဒီဘက်မှာ တံတားတစ်စင်းထိုးမယ် လေ” တဲ့။ ရှေ့ရောက်သော် ကျောက်များ ခင်းထားသော ဖောက်လုပ်ဆဲလမ်းကို တွေ့ရပါသည်။
ဆင်မရွာသို့ တစ်နာရီကျော် ဆိုင် ကယ်ခရီးက ခရီးကြမ်းပါ။ သဲတွေထဲ ရုန်း သည့်အခါ ရုန်း၊ လူသွားလမ်းကလေးများ အတိုင်း လိုက်သည့်အခါ လိုက်။ ကုန်းမတ် မတ်တွေကို တက်၊ လျှောစောက်စောက် တွေကို ဆင်း။ လက်ဖြစ် သစ်သားနှင့် ဝါး တံတားများကို ဖြတ်သည့်အခါ ဖြတ်ပေါ့။
သည်လို စွန့်စားခရီးကြမ်းမို့ထင့်၊ နိုင်ငံခြားသားများက ကိုယ်တိုင် ဆိုင်ကယ် မောင်းလာကြတာ တွေ့ရပါသည်။ တချို့က စက်ဘီးစီးလာကြပါသည်။ ရှား ရှားပါးပါး တစ်ယောက်စ၊ နှစ်ယောက်စ ကတော့ လမ်းလျှောက်သွားနေကြပါ သည်။ သူတို့တစ်တွေက အပန်းလည်း ဖြေ၊ စွန့်လည်း စွန့်စားပေါ့။
ခရီးတစ်လျှောက် ကျောက်ဖျာ၊ ညောင်မှော်၊ မန်ကျည်းမှော် စသည် စသည်ဖြင့် ရွာစဉ်ကို ဖြတ်ကျော်လာခဲ့ရ ပါသည်။ မြန်မာ့ကျေးလက်များကား တစ် နေရာနှင့် တစ်နေရာ သိပ်ပြီး ထူးမခြား နား။ သက်ငယ်တဲများသာ အများစု။ လွန် ခဲ့သော နှစ်သုံး၊ လေးဆယ်ကလည်း သည် ပုံစံအတိုင်း။ သူတို့အတွက် အချိန်ယန ္တရား က ခရီးသိပ်ပေါက်ဟန်မတူ။
တချို့တဲငယ်များဆို အကာအရံပင် ကောင်းကောင်းမရှိ။ ဘဝတွေက လက်လှုပ်မှ ပါးစပ်လှုပ်ကြရသည်။ သူတို့၏ ကျန်းမာရေး၊ သူတို့ရင်သွေးငယ်များ၏ ပညာရေးစတာတွေကလည်း သေချာရေ ရာပုံ မပေါ်။ သည်ကနေ့ခေတ် ပြုပြင် ပြောင်းလဲရေးဆိုတာတွေက သူတို့ခေါင်း ပေါ်မှာပဲ ဝဲပျံနေဟန်ရှိပါသည်။ သူတို့ဘဝ တွေထဲကို မရောက်နိုင်သေး။
ကျွန်တော်တို့နိုင်ငံမှာ လမ်းပန်း ဆက်သွယ်ရေးကလည်း ချို့တဲ့နေမြဲ။ လောင်စာဆီကလည်း ရှားပါးနေဆဲ။ ယခု ဆင်မရွာသို့ သွားသော လမ်းကိုပဲ ကြည့်။ လမ်းကောင်းကောင်းဟူ၍ မရှိ။ ပြည်သူ တွေက သူတို့ဟာသူတို့ အဆင်ပြေအောင် ကြံဖန်ရုန်းကန်နေကြရသည်။ ဆိုင်ကယ် များရှိနေ၍သာ ဘဝတွေ သည်လောက် အဆင်ပြေနေခြင်း ဖြစ်ပါသည်။
ဆိုင်ကယ်များကို လူသုံး၊ လေး ယောက် စီးကြ၊ အရှိန်ဖြင့် မောင်းကြလို့ မတော်တဆဖြစ်ပြီး သေကျေအနာတရ ဖြစ်ကြရသည်ကတော့ တစ်ကဏ္ဍပေါ့။
ဆင်မရွာထဲ ဝင်မိတော့ ငါးညှီရနံ့က ကြိုလင့်နေသည်။ ရေလုပ်ငန်းဖြင့် အဆင် ပြေသော ရွာဖြစ်၍ သစ်သားအိမ်များ၊ တိုက်ခံအိမ်ကလေးများကိုလည်း တွေ့ရပါ သည်။ တချို့အိမ်များရှေ့မှာ ငါးတွေ၊ ပုစွန် တွေကို ဖျာများခင်း၊ စင်များ ထိုးပြီး အခြောက်လှန်းထားပါသည်။
ရွာဆိပ်ကမ်းမှာ ငါးဖမ်းစက်လှေ များ ဆယ်စင်းမက ဆိုက်ကပ်ထားပါ သည်။ မနက် မနက်ဆို ပုစွန်လှေတွေ ဆိုက်သဖြင့် ဆိပ်ကမ်းမှာ ကုန်တင်ကုန်ချ၊ အရောင်းအဝယ်များဖြင့် သက်ဝင်စည် ကားနေကြောင်း ပုစွန်အရောင်းဒိုင်က ပြောပြပါသည်။ ထိုပုစွန်တွေ၊ ငါးတွေကို ငွေဆောင်သို့ တင်ပို့ကြပါသည်။ ယခု ကျွန်တော်တွေ့နေရသော ဆိပ်ကမ်းကမူ ငိုက်မျဉ်းနေ၏။
ကမ်းရေစပ်မှာ ဆိုက်ကပ်ထား သော ရေယာဉ်တစ်စင်းတွင် ဧရာမှာ ကပ် နေသော ခုံးကောင်များကို ခွာနေသူတစ် ယောက်တွေ့တော့ လှေသူကြီးနှင့် တွေ့ ချင်ကြောင်း ဦးကံမြက လှမ်းပြောလိုက် ပါသည်။
လှေတစ်ဖက်၊ ဒူးလောက်အထိ ရှိ သော ရေထဲကနေ အရပ်ခပ်ပျပ်ပျပ်၊ ကိုယ်ဟန်တောင့်တောင့် လူတစ်ယောက် ထွက်လာသည်။ ကျွန်တော်တို့က စကား ပြောရအောင် ဆိပ်ခံပေါ် တက်လာဖို့ ဖိတ် ခေါ်လိုက်တော့ သူက တုံ့ဆိုင်းမှု သိပ်မရှိ လှဘဲ တက်လာပါသည်။
ပြီးတော့ ပုစွန်ဒိုင်ရုံးခန်းထဲ သူက ဦးဆောင်ခေါ်သွားပါသည်။ အဲသည်မှာ သူတို့ရဲ့ ငါးဖမ်းလုပ်ငန်းအကြောင်းကို စကားဝိုင်းဖွဲ့ဖြစ်ပါသည်။ သူ့နာမည်က ဦးအောင်ဝင်းထိုက်။
”အခုလောလောဆယ်တော့ ကျွန် တော်တို့ ကျောက်ပုစွန်ဖမ်းထွက်တယ်၊ အနီးအနားက ပင်လယ်ကျွန်းတွေမှာပဲ”ဟု သူက ပြောပါသည်။
တစ်ခါထွက်လျှင် တစ်ညထွက်တာ မျိုးရှိသလို ခုနစ်ရက်၊ ဆယ်ရက်ထွက်တာ မျိုးလည်း ရှိတတ်ပါသည်။ တစ်ခါ တစ်ခါ တစ်ညလုံး တစ်ကောင်မှ မမိတာမျိုး ရှိ တတ်သလို ကံကောင်းသည့်အခါများတွင် လည်း တစ်ညတည်းမှာ ခုနစ်ကောင်မှ ဆယ့်ငါးကောင်အထိ မိတတ်တာမျိုး ရှိ တတ်ပါသည်။
ထိုရက်ပိုင်းက ကျောက်ပုစွန်တစ် ပိဿာ သုံးသောင်းလေးထောင်ကျပ်အထိ ရခဲ့ကြောင်း ဦးအောင်ဝင်းထိုက်က ပြော ပါသည်။ ဇန်နဝါရီ ၂၄ ရက်ထုတ် ‘ပြည်မြန်မာ’စာစောင်တွင်မူ ချောင်းသာတစ်ဝိုက်မှ ဖမ်းမိသော ကျောက်ပုစွန်များကို ကောက်ဈေးတစ်ပိဿာ ပျမ်းမျှ နှစ် သောင်းခြောက်ထောင်ကျပ်ခန့် ရှိသည် တဲ့။ သီတာစမ်းကနေ ကျောက်ပုစွန်ဝယ် စားတော့ တစ်ကီလို နှစ်သောင်းခွဲပေးရပါ သည်။ သူတို့အဆို တစ်ကီလိုက ခြောက် ဆယ့်ငါးကျပ်သားနှင့် ညီမျှပါသည်။
ကျောက်ပုစွန်များ ဖမ်းတာက ဦးအောင်ဝင်းထိုက်တို့အတွက် စားဝတ် နေရေးလောက်ပဲ ဖြစ်ပါသည်။ သူတို့ အတွက် တကယ်စီးပွားဖြစ်တာက မိုး တွင်းမှာ ငါးသလောက်ဖမ်းခြင်းပါ။ အဲ သည်ရာသီမှာမှ ငွေများများပေါ်ကြ ပါသည်။
ရွာ၏ နောက်လုပ်ငန်းတစ်ခုက ပင် လယ်မျှော့ကောက်ခြင်းဖြစ်ပါသည်။ သို့ သော် သူတစ်ပါးနိုင်ငံရေပိုင်နက်ထဲ ဝင် လုပ်ကြရသည်မို့ သေမြေကြီး ရှင်ရွှေထီး လို ဖြစ်နေပါသည်။ ပင်လယ်မျှော့ တရား မဝင်ကောက်မှုဖြင့် ဆင်မရွာသားတချို့ အိန္ဒိယနိုင်ငံမှာ အကျဉ်းကျခံနေရတာရှိ ကြောင်း ရွာခံတချို့ထံက ကြားသိခဲ့ရပါ သည်။ ထို့ထက် ကံဆိုးသူများဆိုလျှင် အသတ်ခံရတာတွေပင် ရှိသည်တဲ့။
သို့သော် ရပြန်လျှင်လည်း သိန်းရာ ချီရတတ်တာမို့ စွန့်သူများက စွန့်ကြပါ သည်။ ကောက်လို့ရလာသော ပင်လယ် မျှော့များကို ရန်ကုန်ဘုရင့်နောင်ပွဲရုံများသို့ သွင်းရပါသည်။ ထိုကမှတစ်ဆင့် တရုတ်ပြည်ဘက် တင်ပို့ကြသည်ဟု ဆို ပါသည်။
ပင်လယ်မျှော့ငုပ်သည့်အကြောင်း တစေ့တစောင်းကို ဦးကံမြကလည်း ဖြည့် ပြောပါသည်။
”တချို့ အတောင်ခြောက်ဆယ် လောက်အထိ ငုပ်ရတယ်၊ အပေါ်က ပိုက်နဲ့ အောက်စီဂျင်ပေးပေါ့၊ ငုပ်စမရှိသေးတဲ့ လူဆိုရင် ကျောက်ခဲဆွဲပြီး ငုပ်ရတာမျိုး၊ ပင်လယ်ကြမ်းပြင်က မျှော့တွေကို ခြင်းထဲ ထည့်ပြီး အပေါ်ကို ကြိုးဆွဲအချက်ပေး၊ အပေါ်က ဆွဲတင်ပေါ့”
အပြန်တွင်မူ ရေကျသွားပြီမို့ မန် ကျည်းမှော်ကနေ စပြီး ဆိုင်ကယ်ကို သောင်ပြင်ပေါ်မှ ဖြတ်မောင်းလာခဲ့ပါ သည်။ ပင်လယ်ဒီအကျ တင်းကျန်ရစ် သော ဘော်ငွေသောင်ပြင်ပေါ် ဆိုင်ကယ် စီးရတာက ကတ္တရာလမ်းပေါ်မှာထက်ပင် ငြိမ့်နေသေးတော့သည်။ ဒီရေကျသွား သော ပင်လယ်ကြီးမူကား မာန်မချသေး ဟန် လှိုင်းသံတဟဲဟဲဖြင့်။
(၅)
ကျွန်တော်တို့ရောက်ပြီး သုံးရက် မြောက်နေ့မနက်တွင် ဖြစ်ပါသည်။ ရာသီ က ရုတ်တရက် စိမ့်အေးလာသည်။ အမ် ဘိုဝန်ထမ်းတစ်ဦးဖြစ်သူ ဦးတင်ထွေးက အနွေးအင်္ကျီကလေးဝတ်ပြီး လက်ပိုက် ကာ ပင်လယ်ကြီးကို ရပ်ကြည့်နေပါသည်။
ပင်လယ်ကြီးက ယခင်ရက်များက နှင့် မတူ၊ ပို၍ ခက်ထန်လာ၏။ လေညင်း သုန်သည်လည်း ယခင်ကလို မဟုတ်၊ ပိုပြီး ရိုင်းလာ၏။ လှိုင်းခေါင်းဖြူတို့က တွန်းကာ တိုက်ကာဖြင့် ဒေါသကြီးနေကြလေသည်။ တောင်တရုတ်ပင်လယ်ဘက်မှာ မုန်တိုင်း ရိပ်ရှိသည်ဆိုလားပဲ။
”အင်း၊ ဒီလေက အရှေ့လေ၊မုဆိုးမ လေပေါ့”ဟု ဦးတင်ထွေးက တိုးညှင်းစွာ ပြောပါသည်။ ကိုယ်ဟန်က ပိန်ပိန်ပါးပါး။မျက်မှန်အောက်ကနေ သည်ပင်လယ်ကြီး ကို သူကြည့်နေခဲ့တာ ဆယ့်တစ်နှစ်ပင် ရှိ ခဲ့ပြီ။ ဧည့်သည်မျိုးစုံကို ကြုံခဲ့သလို ကံခေ သူတချို့ ရေနစ်ဆုံးပါးကုန်တာကိုလည်း သူ တွေ့ခဲ့ပါသည်။ သူ့ဇာတိက ပုသိမ်။
”ရေလုပ်ငန်းသမားတွေက အရှေ့ လေပြင်းလာရင် ကြောက်တယ်၊ တစ်ခါ တည်း ကုလားပြည်ဘက် ပါသွားရော၊ အိမ်က မိန်းမ မုဆိုးမ ဖြစ်ရောပဲ၊ မြောက် လေကျတော့ မယားကွာတဲ့လေတဲ့၊ လှေ ကို တောင်ဘက်ဆွဲချသွားတော့ အိမ်နဲ့ ဝေးရောပေါ့”
စကားအဆုံးမှာ သူက တစ်ချက် ရယ်လိုက်ပါသည်။
လွှမ်းမိုး၏ ”ပင်လယ်ထဲ ငါးဖမ်း သွားတဲ့ တို့ရဲ့ အဖေ”ဆိုသော သီချင်းစာ သားလေးကို ကြားယောင်မိတော့သည်။ သီချင်းထဲမှာ သူ့ဖခင်ပင်လယ်ထဲ ငါးဖမ်း သွားစဉ် တစ်နေ့မှာ လေမုန်တိုင်းကြီး ကျ လာသည်။ သူ့မိခင်က လင်သားပြန်အလာ ကို တမျှော်မျှော်။ ဖခင်သည် ပြန်မလာ တော့။ ကြေကွဲဖွယ် ကိုတံငါတို့၏ ဘဝကို ဖော်ကျူးထားသော သီချင်းပါ။
ယခုပင်လျှင် ညည ပင်လယ်ထဲမှာ မီးများထွန်းပြီး ကျော့ပုစွန်ဖမ်းသော လှေ များကို မတွေ့ရတော့။ လေထန်လှိုင်းကြီး လာတာမို့ မထွက်တော့တာ ဖြစ်မည်။ မဟုတ်လျှင် ညတွေမှာ ပင်လယ်ထဲ မီးပုံး တွေ စီထွန်းထားသလိုမျိုး။
ဦးတင်ထွေးက မာလာမုန်တိုင်းကို လည်း ကိုယ်တွေ့ ကြုံခဲ့ဖူးသူ။ မနက်ဆို သူ က ဆိုင်ကယ်ဖြင့် ဟိုတယ်ဆီ ရောက် ရောက်လာပါသည်။ လူတွေ ရေချိုးမည့် ဘောကွင်းတွေကို သူ လေဖြည့်သည်။ သောင်စပ်က ကလေးကစားကွင်းကလေး ကို သူ ထိန်းသိမ်းပေးသည်။ ဟိုတယ်မှာ ဧည့်သည်တွေ များလာလျှင် ဟိုတယ်ရှေ့ သောင်ပြင်ပေါ်က သက်ကယ်မျှော်စင်မှာ ကြိုးများ၊ ဘောများကို အသင့်ချထားပေး ကာ စောင့်ကြည့်နေတတ်ပါသည်။
လှိုင်းကြမ်းများဖြင့် မာန်ပြင်းနေ သော ပင်လယ်ကြီးကို ကြည့်ရင်း ၂ဝဝ၆ ခုနှစ်က မာလာမုန်တိုင်းဝင်ခဲ့ပုံအကြောင်း သူက ဇာတ်ကြောင်းပြန်ပြပါသည်။
”မုန်တိုင်းက အဝါရောင်အဆင့်ဆို ပြီး ကြေညာနေတာ၊ မနက်ရှစ်နာရီကျော် တော့ သက်ဆိုင်ရာက စပီကာနဲ့ လိုက် ကြေညာတယ်၊ ဘေးကင်းလုံခြုံရာမှာ နေ ကြဖို့ပေါ့”
တဝီဝီအော်မြည်တိုက်ခတ်လာ သောလေကို ဧည့်သည်တချို့က မျက် ကန်းတစ္ဆေမကြောက်ဆိုတာမျိုး။ လှိုင်း တွေကြီးလာတာကို ပျော်ပင် ပျော်နေ သေးတော့သည်။ တားလို့လည်း မရ။
ကိုးနာရီကျော်လောက်တွင်မူ ဧည့် သည်များကို ပြန်ရန် ပြောရတော့သည်။ ”မိမိတို့ တာဝန်မယူနိုင်တော့”ဟု ကြေ ညာလေတော့ အပျော်လွန်သူများလည်း မျက်ကလဲဆန်ပြာဖြစ်ကာ အထုပ်အပိုး ပြင်ပြီး ပြေးကြရလေသည်။
နေ့ခင်းဘက်ရောက်သော် ပင် လယ်လှိုင်းလုံးကြီးများ ကမ်းပေါ် လှိမ့် တက်လာကြတော့၏။ ”ဒီမှာရှိသမျှ ပစ္စည်းတွေ အကုန်မျောပါကုန်ရောပဲ”ဟု ဦးတင်ထွေးက ဟိုတယ်နောက်ဘက်ကုန်း မြေဆီ လက်ဝှေ့ယမ်းပြရင်း ပြောပါသည်။
သူ့အဆို ညနေသုံးနာရီခန့်မှာ အကြမ်းဆုံးဖြစ်ခဲ့ပါသည်။ လေတိုက်နှုန်း က မိုင်တစ်ရာစွန်းစွန်းအထိ ရှိလာသည်။ ညကိုးနာရီလောက်မှပဲ မာလာသည် ဒေါသပြေသွားခဲ့ပါသည်။
နောက်တစ်နေ့မှာ မြင်ရသော ဟို တယ်ဇုန်၏ရှုခင်းက မယုံကြည်နိုင်စရာ။ အဆောက်အအုံများ ခေါင်မိုးတွေ လန် ကုန်သည်။ အုန်းပင်တွေ ကျိုးပြတ်ကုန် သည်။ အပင်တွေ ပြိုလဲသွားသည်။ လှိုင်း နှင့်အတူ မျောတက်ကုန်သော အကျိုး အပဲ့များက နေရာတိုင်းမှာ။
”မီးလောင်ပြင်ကြီးလိုပဲ၊ ကျွန် တော့်အိမ်ဆို ကမ်းစပ်သဲပေါ် ဆောက် ထားတာဆိုတော့ တစ်ခါတည်း ရှေ့ကို ငိုက်ဆင်းသွားတယ်”
သူတို့မိသားစု ရှိစုမဲ့စုကလေးတွေ အမြန်ယူပြီး ဘေးလွတ်ရာကို ရှောင်ပြေး ကြရသည်။ ယခုတော့ အတိတ်ကြောင်းကို ဦးတင်ထွေးက အေးအေးဆေးဆေး ပြန် ပြောနေပေမယ့် ထိုစဉ်တုန်းကမူ သူတို့ က္ဘာလေး ပျက်လေပြီလားဟု ခံစားခဲ့ကြ ရလေသည်။
သဘာဝဘေးက ကျပြီဆိုလျှင် အရာအားလုံးကို နင်းချေဖျက်ဆီးတတ် သည်သာ။
(၆)
ကျနေခြည် သိင်္ဂီမျှင်များက ပင် လယ်ကြီးကို ရွှေရောင်ဆမ်းပေးနေပါ သည်။ လူငယ်၊ လူကြီးတို့ကတော့ နေ အစောင်းမှာ ပိုပြီး အမောက်ထောင်လာ သော ပင်လယ်လှိုင်းတို့တွင် ဘောကွင်း များ စီးရင်း၊ ရေထဲမှာ ကူးခတ်ရင်း ပျော် မြူးနေကြပါသည်။ ဘဝအမောတွေကို ပင်လယ်ရေဖြင့် ဆေးကြောပစ်နေကြ သည့်နှယ်။
ခပ်နွမ်းနွမ်းဝတ်စုံများ ဝတ်ဆင် ထားသော အမျိုးသမီးသုံးဦးက ဗန်း ကလေးများကိုယ်စီဖြင့် သောင်ပြင်ပေါ်မှာ ရစ်သီရစ်သီ လုပ်နေကြပါသည်။ သူတို့မှာ ပါလာသော ငါးကင်၊ ပုစွန်ကင်များ၊ ခရုခွံ ကလေးများကို တစ်ယောက်ယောက်က ဝယ်လိမ့်နိုးဖြင့်ပါ။
ကျွန်တော်တို့မိသားစုက လှမ်း ကြည့်နေတာ တွေ့သွားတော့ သူတို့ သည် ဘက်ကို လျှောက်လာကြသည်။ ပင်လယ် လေနှင့် နေဒဏ်ကြောင့် သူတို့အသား အရေက မွဲခြောက်ခြောက်ရယ်။ သူတို့က ပါလာသည့် ငါးကင်၊ ပုစွန်ကင်များကို ပြ ပြီး ရောင်းပါတော့သည်။ ငါးကင်တစ် ကောင် တစ်ထောင်၊ ပုစွန်ကင်သုံးကောင် တစ်ထောင်။
စာနာစိတ်ဖြင့် ငါးကင်ကလေးတစ် ကောင်နှင့် ပုစွန်ကင်ကလေး သုံးကောင် ကို ကျွန်တော်တို့ ဝယ်လိုက်ပါသည်။ သည် လိုရောင်းတာ ဘယ်လောက် အလုပ်ဖြစ် သလဲ မေးကြည့်တော့…
”အဆင်ပြေရင်တော့ တစ်ရက်ကို ကိုယ့်အတွက် လေး၊ ငါးထောင်လောက် ကျန်တယ်”ဟု အပြုံးတစ်ဝက်ဖြင့် ပြန် ဖြေပါသည်။ သူ့လေသံကမူ ခပ်နွမ်း နွမ်းရယ်။
သူတို့သုံးယောက်စလုံးပဲ နည်း နည်းပန်းလျနေဟန်ပါ။ နေ့လယ်စာကို ရောင်းမစွံသေးသည့် ငါးကင်ကလေးကို မျှစားလိုက်ကြသည်တဲ့။သူတို့တစ်တွေ အတော်ကလေး ကြာအောင် ပင်လယ်ကမ်းစပ်ဆီမှာ ရေ ကစားနေကြသူများကို ငေးမျှော်ကြည့်နေ ကြပါသည်။ သည်အချိန်မှာ တချို့ကတော့ အဏ္ဏဝါပြင်၏ ဆည်းဆာအလှကို တကူး တကပင် အရသာခံ စောင့်ကြည့်နေကြ ပါသည်။
ပတ္တမြားနေခြည်သည် ပင်လယ် အောက်သို့ ငုပ်လျှိုးသွားချေပြီ။ ညခြုံလွှာ ကလည်း မြောက်ပြန်လေမှာ လွင့်မျော လျက်လိုက်ပါလာသည်။ အမျိုးသမီးသုံးဦး က အိမ်မပြန်မီ ပင်လယ်ကြီးဆီ တစ်ချက် မျှ လှမ်းမျှော်ကြည့်လိုက်ကြပါသည်။ ဆို မာလီတံငါသည်ကလေး မိုဟာမက်က ပင်လယ်ကြီး ကို ငေးကြည့်နေသလိုမျိုးပါ။
သူတို့သည်လည်း ပင်လယ်ချစ်သူ များပဲလေ။ ။ အပိုင်း( ၁ )သို့

