ဂလိုဘယ်ဘဘ သင်တန်းဆရာဘဘ

ဂလိုဘယ်ဘဘ သင်တန်းဆရာဘဘ

 

ဇူလိုင်-သြဂုတ်ထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၁၅)မှ သရော်စာဆောင်းပါးဖြစ်ပါသည်။

ရန်လိုကျွှဲ ရေးသည်။

ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာတွေ  ဖြစ်ပေါ်နေသော ဒုက္ခသီရိ နေပြည်တော်ကြီးတွင် စာဖတ်နေသည့် ချိုကုပ်ဒူးကြီး အလုပ် အကိုင်အသစ်ရနေပြီဆိုသောကြောင့် သူ့ကို အင်တာဗျူးရန်  သတင်းထောက် ရန်လိုကျွဲ သွားရောက်ရပြန်သည်။ ထုံးစံအတိုင်း

သူ၏ နန်းတော်ကြီးတွင် တွေ့ကြ၊ ဗျူးကြခြင်းဖြစ်၏။ သတင်း ထောက်က ဦးစွာ နှုတ်ခွန်းဆက်လိုက်သည်။

ရန်လိုကွျဲ။  ။ ကျန်းခံ့သာလို့ မာပါစ ဘဘ။

ချိုကုပ်ဒူးကြီး။  ။ မာပါသကွယ့်၊ မာပါသကွယ့်။ သို့သော်လည်း ငါ့ရဲ့ ကြိုင်လုံးငယ်ကတော့ မာလှတယ်လို့တော့ မဟုတ်ပါဘူး။ လူကြီးဆိုတော့လည်းကွာ ဒီလောက်တော့ ရှိမပေါ့။

ကျွဲ။  ။ အဘ ဘာတွေလုပ်နေသလဲ။

ဒူးကြီး။  ။ ကမ္ဘာ့ဖလားဘောလုံးပွဲတွေ ကြည့်နေတာပေါ့ကွ။ ဒီပွဲ ကြီးက တစ်ကမ္ဘာလုံးနဲ့ဆိုင်တဲ့ ဂလိုဘယ်လ်ပွဲကြီး၊ ဂလိုဘယ်လ်ပွဲ တွေ ကြည့်မှ ဘဘတို့က ဂလိုဘယ်လ် ဘဘဖြစ်မယ်၊ ကမ္ဘာနဲ့ ဝင် ဆံ့မယ်လေကွာ။ ကဲ…ဆိုစမ်း၊ မင်းရဲ့ လာရင်းကိစ္စ။

ကျွဲ။  ။ ဟုတ်ကဲ့ပါ ဂလိုဘယ်လ်၊ အဲ…ဘဘ။ ကျွန်တော်က နေ       ပြည်တော်ကျောက်မျက်ပွဲတော်သတင်းယူရင်း ဒီဘက်မှာ ဘာ တွေများ အပြောင်းအလဲတွေရှိသလဲဆိုတာ သိချင်လို့ လာခဲ့တာပါ။

ဒူးကြီး။  ။ အပြောင်းအလဲကတော့ အမြဲတမ်း ရှိနေပါလိမ့်မယ်။ မရှိလို့မဖြစ်ဘူးကွ။

ချိုကုပ်ဒူးကြီးက စကားလည်းပြော၊ စားပွဲပေါ်မှ ကွမ်းအစ် ကိုလှမ်းယူပြီး ကွမ်းတစ်ယာ ယာပြီး စားသည်။ သူ အငြိမ်းစားယူ ပြီးကတည်းက ကွမ်းယာပိုစားဖြစ်သည်ဟူ၏။  ကွမ်းပလုတ် ပလောင်းဝါးပြီး  သတင်းထောက်ကိုမေးခွန်းထုတ်လေသည်။

ဒူးကြီး။  ။ ကဲ…ရှင်းရှင်းလင်းလင်း၊ တိတိပပပြောစမ်း။ မင်း ဘာ တွေကြားလာလို့ ငါ့ဆီရောက်လာပြန်တာလဲ။

ကွျဲ။  ။ ဒီလိုပါ။ အဘ အလုပ်အကိုင်အပြောင်းအလဲရှိတယ် ကြား လို့ပါ။ အခုဘောလုံးပွဲတွေ ကြည့်နေတယ်ဆိုတော့ အဲဒီအလုပ် အကိုင်သစ်က ဘောလုံးပွဲကြည့်တဲ့အလုပ်ဖြစ်မယ်လို့ ထင်ပါ တယ်၊ ဟုတ်ပါသလား။

ဒူးကြီး။  ။ (ကွမ်းကို ဗျစ်ခနဲ တစ်ချက်ထွေးရင်း)ခပ်ညံ့ညံ့သတင်း သမားထဲ မင်းပါနေပြန်ပြီထင်ပါရဲ့။ ဘောလုံးပွဲကြည့်တယ်ဆိုတာ

အလုပ်အကိုင်မဟုတ်ဘူးကွ။ စိတ်အပန်းဖြေတာ။ ကိုယ်ကြိုက်တဲ့ အသင်းကို အားပေးတာ။ တကယ်လို့များ ကမ္ဘာ့ဖလားမှာ တို့ ဒုက္ခသီရိတိုင်းပြည်ကြီး ဝင်ကန်နေတယ်ဆိုပါစို့ကွာ။ အေး…အဲဒါ ဆို ဘောလုံးပွဲကြည့်ပြီး ကိုယ့်အသင်းကို အားပေးခြင်းဟာ မျိုး ချစ်စိတ်ရှိတယ်ဆိုတာကို ပြသရာရောက်တယ်ကွ။ မှတ်ထား… သတင်းထောက်လေး၊ မင်းတို့ ဘကုံးခြောက်လုံးသိရုံ၊ အသံဖမ်း စက်လေးဆောင်ထားနိုင်ရုံနဲ့ သတင်းထောက်တစ်ယောက်ရဲ့ ကွာလတီ ပြည့်စုံလေပြီလို့ ကိုယ့်ကိုယ်ကိုယ်ထင်မထားနဲ့။

အဘ၏ လက်ချာကို စိတ်ဝင်စားဟန်ပြပြီး အတန်ကြာ နားသောတဆင်လိုက်သည်။

ချိုကုပ်ဒူးကြီး လက်ချာ ခဏနားပြီး ကွမ်းတစ်ချက်ထွေး ထုတ်ချိန်တွင် ထပ်ဆင့်မေးခွန်း ကမန်းကတန်း ထုတ်လိုက်ရ၏။

ကျွဲ။  ။ ဒါဆို အဘရဲ့ အလုပ်အကိုင်အသစ်က ဘာဖြစ်မလဲခင်ဗျ။

ဒူးကြီး။  ။ သင်တန်းပေါ့ကွာ။ သင်တန်းပေးတဲ့အလုပ်။ ဒီမယ်… သင်တန်းဆိုတာတွေကို မင်းတို့မြို့မှာချည်းပဲ လုပ်လို့ရတယ်မထင် နဲ့၊ ငါတို့ဆီမှာလည်း လုပ်စားလို့ ရသကွ။

ကွျဲ။  ။ ဘာသင်တန်းလဲ အဘ။ မယ်ပြိုင်ပွဲဝင်နည်းသင်တန်းလား။

ဘောလုံးပွဲခန့်မှန်းနည်းသင်တန်းလား။

ဒူးကြီး။  ။ ဟ…အဲဒါတွေနဲ့ ငါတို့နဲ့ ဘာဆိုင်လို့လဲကွ။ မင်း ငါ့ကို လာနောက်နေတာလား။

ကျွဲ။  ။ မနောက်ဝံ့ပါဘူးဗျာ။ ကျွန်တော်တို့ဂျာနယ်တိုက်ကို ထောက်လှမ်းရေးတို့၊ ဘာတို့က အမှုန့်ကြိတ်တော့မလိုလို ခြိမ်း ခြောက်ပြီးကတည်းက ကျွန်တော် အနေအထိုင်၊ အပြောအဆို ဆင်ခြင်ပါတယ်။ မနောက်ဝံ့ပါဘူးဗျာ။ အဘတို့က အကုန်သိ၊ အကုန်တတ်တယ်ဆိုတော့ မယ်ပြိုင်ပွဲနဲ့ ဘောလုံးပွဲဆိုင်ရာသင် တန်းတွေ ဖွင့်နေပြီလားလို့ သဘောရိုးမေးကြည့်တာပါ။

ဒူးကြီး။  ။ အေး…မေးတော့လည်း ဖြေရသေးသပ။ ငါ အခုဖွင့် ထားတာ နိုင်ငံအုပ်ချုပ်နည်းသင်တန်း ဆိုပါတော့ကွာ။ နိုင်ငံခြား သားတွေကိုပဲ ပေးတာ။

ကျွဲ။  ။ ဟာ…အဘသင်တန်းက လူတန်းစားခွဲခြားသလို ဖြစ်မနေ ဘူးလား။ ကိုယ့်နိုင်ငံသားတွေကို  ဒီသင်တန်း တက်ခွင့်မပေးတော့ ဘူးလား။

ရန်လိုကျွဲ၏စကားကြောင့် ချိုကုပ်ဒူးကြီး ဟက်ဟက်ပက် ပက် ရယ်မောလေ၏။

ဒူးကြီး။  ။ ဟား ဟား ဟား…ငါတို့ကောင်တွေက ဒီအပိုင်းမှာ ကျွမ်းကျင်ပြီးသား။ သင်တန်း မလိုတော့ဘူး။

ကျွဲ။  ။ ဒါဆိုရင် အဘရဲ့သင်တန်းကို ဘယ်နိုင်ငံက လာတက်ကြ သလဲ။

ဒူးကြီး။  ။ ကမ္ဘာအရပ်ရပ်ကနေ သင်တန်းတက်ဖို့ စာရင်းပေးထား တာ အများကြီးပဲ။ ငါ့သင်တန်းက ဂလိုဘယ်လ်သင်တန်း ဖြစ် တော့မယ်။ ပြီးခဲ့တဲ့တစ်ပတ်ကတော့ ထိုင်းဗိုလ်ချုပ်တွေ လာ တက်ကြတယ်။

ကွျဲ။  ။ ဗျာ…ထိုင်းမှာက သူတို့အာဏာသိမ်းပြီး အုပ်ချုပ်နေပြီလေ ဗျာ။ သင်တန်းတက်စရာ လိုသေးလို့လား။

ဒူးကြီး။  ။ သိပ်လိုတာပေါ့ကွ။ သူတို့ဆီမှာ အကြိမ်ကြိမ်အာဏာ သိမ်းတာမျိုးမဖြစ်ရအောင် ဘယ်လိုလုပ်ရမလဲဆိုတာ  ငါ သင် တန်းပေးလိုက်လို့ သိသွားကြပြီ။ သူတို့လွှတ်တော်ထဲ စစ်အရာရှိ တွေ များများထည့်ဖို့၊ အပြောင်းအလဲဗျူဟာ များများခင်းဖို့  လို အပ်ကြောင်း လက်ချာများများပေးလိုက်ရတယ်။

ချိုကုပ်ဒူးကြီးသင်တန်းအတိုင်း လိုက်လုပ်မည်ဆိုပါလျှင်သူတို့နိုင်ငံရေးပုံစံက ဒုက္ခသီရိပုံစံမျိုး ရွှေရည်စိမ်ဒီမိုကရေစီဖြစ် လာတော့မည် ဟု ရန်လိုကျွဲနားလည်လိုက်မိသည်။ သို့သော် လည်း ရန်လိုကျွဲနားမလည်နိုင်သည့်အကြောင်းကိုလည်း ထုတ် ဖော်မေးမြန်းလိုက်သည်။

ကွျဲ။  ။ ဟုတ်ကဲ့၊ ရှင်းသလိုလိုတော့ ရှိသွားပါပြီ။အပြောင်းအလဲ ဗျူဟာဆိုတာက အစိုးရအပြောင်းအလဲကို ပြောတာလား။

ဒူးကြီး။  ။ ဟုတ်လည်းဟုတ်တယ်၊ မဟုတ်လည်း မဟုတ်ဘူး။ ဆို တာ လိုရင်းကကွာ၊ အစိုးရပြောင်းလဲနေပြီဆိုတဲ့သဘော လူတွေ ထင်ယောင်ထင်မှားသွားအောင် လုပ်တဲ့နည်းလမ်းတွေ သင်ပေး လိုက်တာ။ ဗျူဟာဆိုတဲ့အထဲမှာ  လူတွေရဲ့အာရုံကို ဟိုရောက် လိုက် ဒီရောက်လိုက် ဖြစ်သွားအောင် အပြောင်းအလဲ ခပ်ကြီး ကြီးတွေ၊ ပိစိကွေးလေးတွေ မျိုးစုံဖန်တီးပေးနေရမယ် ဆိုတာ လည်း ပါသပေါ့ကွာ။

ဒုက္ခသီရိနေပြည်တော်မှ ယာဉ်ထိန်းရဲ  ပါးရိုက်ခံရခြင်းနှင့်

မိတ္ထီလာပြည်ကြီး မီးဟုန်းဟုန်းတောက်သွားခြင်းကဲ့သို့သော ဖြစ် ရပ်မျိုးကို ဆိုလိုချင်ဟန်ရှိသည်ဟု တွေးလိုက်မိသည်။

အတိုက်အခံခေါင်းဆောင်ဆိုတာကို အပြတ်ရှင်းပစ်လိုက်၊ ထောင်ထဲထည့်ပစ်လိုက်၊ ဒါမှမဟုတ် လွှတ်တော်ထဲ ကုလားထိုင် တစ်လုံးပေးထားလိုက် စသဖြင့် ကိုင်တွယ်ပုံအဆင့်ဆင့်လည်း သင်ပေးလိုက်ရတယ်ဟု သင်တန်းဆရာချိုကုပ်ဒူးကြီးက ဆက် ပြောပြ၏။ ယင်းထက်ပိုပြီး အခွင့်အရေး မပေးဖို့၊ အတိုက်အခံက တစ်စုံတစ်ခု အသံပြုလာပါက ထိုအသံကို လူထုအာရုံမစိုက်စေ ရန် အပြောင်းအလဲကြီးငယ်အစုံအလင် ဖန်တီးရန် ပြင်ဆင်ထား သင့်ကြောင်းလည်း ပို့ချလိုက်သည် ဟူ၏။

သတင်းထောက်ရန်လိုကျွဲ အံ့အားသင့်နေစဉ်မှာပင် ချို ကုပ်ဒူးကြီးက နာရီတကြည့်ကြည့်ဖြစ်နေသည်။

ကွျဲ။  ။ အဘ၊ ဘောလုံးပွဲက ညမှ လာမှာမဟုတ်လား။

ဒူးကြီး။  ။ ဘောလုံးပွဲကတော့ ညမှ လာမှာပါ။ ဒါပေမဲ့ ထိုင်းဗိုလ် ချုပ်တွေအတွက် အွန်လိုင်းကနေ ပို့ချရမယ့် အတန်းသစ်တစ်ခုရှိ နေတယ်။ ဒါ ဘာသာရပ်အသစ်ပဲ။ မင်းပြန်တော့။ ငါ စာသင်စရာ ရှိသေးတယ်။ ဒီကောင်တွေအတွက်လည်း အရေးကြီးတယ်။

ရန်ကုန်သားသတင်းထောက် ရန်လိုကျွဲ မျက်ခုံးပင့် အံ့သြ သွားသည်။ ချိုကုပ်ဒူးကြီး လုပ်စားနေပြီလောဟု ထင်လိုက်မိ သည်။ သင်တန်းကျောင်းထောင်၊ ကျူရှင်ကျောင်းထောင်ပြီး  မဟုတ်မတရား လုပ်စားတော့မည်လော။ ထိုင်းဗိုလ်ချုပ်တွေကို ညစ်စားတော့မည်လော။ ထိုသို့  ဟုတ်၊ မဟုတ် သိနိုင်ရန် ပို့ချမည့် ဘာသာရပ်အမည်ကို မေးလိုက်သည်။ ကြားလိုက်ရသည့် အဖြေ ကြောင့် ချိုကုပ်ဒူးကြီး လုပ်စားခြင်းမဟုတ်၊ အမှန်တကယ်တတ် ကျွမ်းသည့် ဘာသာရပ်တစ်ခုကို ပို့ချခြင်းဖြစ်ကြောင်း သဘော ပေါက်လိုက်မိသည်။

သင်တန်းဆရာ ချိုကုပ်ဒူးကြီး ပြန်ဖြေသည်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ခုကို ၁၅ နှစ်ကြာ စိတ်ကြိုက်ရေးဆွဲပြီး စမတ်ကျကျ အငြိမ်းစားယူနည်း  ဘာသာရပ်ဟူသတည်း။       ။

 

အမျိုးအစား - သရော်စာ

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."