ပိုးသတ်ဆေးကမ္ဘာထဲက မြန်မာပြည်

ပိုးသတ်ဆေးကမ္ဘာထဲက မြန်မာပြည်

နိုဝင်ဘာလထုတ်-၂၀၁၃၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၉)မှ သတင်းဆောင်းပါးဖြစ်ပါသည်။

နှင်းကို ရေးသည်။

အသက် ၆၆ နှစ်အရွယ် တောင်သူဦးကံမြင့်သည် သူ၏ ဟင်းသီးဟင်းရွက်စိုက်ခင်းအတွက် မြန်မာစာတစ်လုံးမှမပါသည့် သူတို့ဒေသအခေါ် ငှက်ခေါင်း၊ ဖားထုပ်၊ ငါးမှုန့်ယိုးဒယားစည်ပင် စသည့်ပိုးသတ် ဆေးများကို နေ့စဉ်နှင့်အမျှ သုံးစွဲပက်ဖျန်းနေသူ ဖြစ်သည်။

ဦးကံမြင့်နေထိုင် အလုပ်လုပ်ရာ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ညောင်နှစ်ပင်စိုက်ပျိုးရေးအထူးဇုန်တွင် တောင် သူများသည် ဘူး၊ ချဉ်ပေါင်၊ ပဲသီး၊  ပန်းဂေါ်ဖီ၊ ဆလပ်၊ မုန်ညင်း စသော ဟင်းသီးဟင်းရွက်များကို အဓိကစိုက်ပျိုးကြသည်။

ထိုပိုးသတ်ဆေးများကို နေ့စဉ်နှင့်အမျှအသုံးပြုနေသော်လည်း ဘာအကာအကွယ်မှ မယူဘဲ ဖျန်းလေ့ရှိသည်ဟု ဦးကံမြင့် က ဆိုသည်။

”ဒီအတိုင်းပဲ သွားဖျန်းလိုက်တာပဲ။ သူများတွေကတော့ နှာခေါင်းစည်းလေး၊ လက်အိတ်လေးနဲ့ ဖျန်းကြတယ်။ အဘက တော့ ဒီအတိုင်းပဲ။ အခုအထိတော့ ကျန်းမာရေးအခြေအနေက ဘာမှမဖြစ်ဘူး”ဟု အကြောစိမ်းများပေါ်နေသည့် သူ့လက် ချောင်းများကို ခါယမ်းရင်း ဦးကံမြင့်က ပြောပါသည်။

ဦးကံမြင့်အပါအဝင် မြန်မာနိုင်ငံမှ တောင်သူလယ်သမား အများစုသည် ပိုးသတ်ဆေးကို အမြဲမပြတ်အသုံးပြုနေကြသော် လည်း ပိုးသတ်ဆေးနှင့်ပတ်သက်ပြီး မည်မျှအန္တရာယ်ကြီးသည်ကို ဂဃနဏမသိရှိကြသလို အသုံးပြုရာတွင်လည်း မိမိတို့ကိုယ် ကိုယ် မည်သို့ ကာကွယ်ရမည်ကို အလေးဂရုမပြုကြကြောင်း ပညာရှင်များက သုံးသပ်ပြောဆိုကြသည်။

နောက်ဆက်တွဲအဖြစ် ပိုးသတ်ဆေး အလွန်အကျွံ သုံးစွဲ ထားသည့် ဟင်းသီးဟင်းရွက်ကို စားသုံးကြရသော ပြည်သူတို့၏ ကျန်းမာရေးမှာလည်း အခြိမ်းခြောက်ခံနေရသည်ဟု ကျန်းမာ ရေးပညာရှင်များက ဆိုပါသည်။

”ပိုးသတ်ဆေးသုံးစွဲမှုဟာ အရမ်းစိုးရိမ်ဖို့ကောင်းပါတယ်။ နယ်တွေမှာ ပိုးသတ်ဆေးသုံးစွဲမှုက အလွန်အကျွံကိုသုံးစွဲနေ တာ။ ဘာမှကန့်သတ်မှုမရှိဘူး”ဟု အသည်းရောဂါအထူးကု ဆရာဝန်ကြီး ဒေါက်တာခင်မောင်ဝင်းက ဆိုသည်။

”စားနေတဲ့အစားအသောက်တွေမှာ ပိုးသတ်ဆေးကင်း တာ ဘာမှမရှိဘူး။ အသီးအရွက်ကိုကြည့်မလား၊ ပိုးသတ်ဆေး။ စပါးကို ကြည့်မလား၊ ပိုးသတ်ဆေးပဲ။ အသားကို ကြည့်မလား၊ ပိုး သတ်ဆေးက မလွတ်သေးဘူး”

ပိုးသတ်ဆေး၏ အန္တရာယ်ကြီးမားပုံကို အသေအချာ နား မလည်သော တောင်သူလယ်သမားများမှာ အထွက်တိုးရင်ပြီ း ရော၊ ပိုးသေရင်ပြီးရောဆိုပြီး ပိုးသတ်ဆေးများကို အတိုင်းအဆ မရှိဘဲ အသုံးပြုနေကြသည်မှာ ”တော်တော်ကို ကြောက် ဖို့ကောင်းပါတယ်”ဟု ဒေါက်တာခင်မောင်ဝင်းက မှတ်ချက် ပြုသည်။

ဦးကံမြင့်ဆိုလျှင် ပိုးသတ်ဆေးကို အသုံးပြုရာတွင် မိမိ အတိုင်းအဆနှင့် မိမိ အဆင်ပြေသလို အသုံးပြုနေသည်ကို တွေ့ ရသည်။

”မိုနို(ငါးမှုန့်)ဆိုရင် လေးဂါလန်ပုံးထဲမှာ (ဆေးဘူး)အဖုံး နှစ်ဖုံးထည့်ပြီး ဖျန်းတယ်။ နည်းနည်းပြင်းချင်ရင် သုံးဖုံး ထည့် လိုက်တယ်”ဟု ဦးကံမြင့် က သူ၏ အတိုင်းအဆကို ပြောပြသည်။

တောင်သူအများစု သိရှိထားသည့်အချက်မှာ ပိုးသတ် ဆေးသည် ပါးစပ်မှတစ်ဆင့် ခန္ဓာကိုယ်ထဲ ဝင်သွားလျှင် သေ တတ်သည်ဆိုတာလောက်ပဲဖြစ်သည်။ အသက်ရှူလမ်းကြောင်းမှ တစ်ဆင့်၊ အရေပြားမှတစ်ဆင့် ၎င်းတို့၏ခန္ဓာကိုယ်အတွင်းသို့ ပိုး သတ်ဆေးများ ဝင်ရောက်နိုင်သည်ကိုမူ မသိရှိကြပါ။

ထို့အပြင် ပိုးသတ်ဆေးကြောင့် နောက်ဆက်တွဲရောဂါတို့ ကိုလည်း ချက်ချင်းလက်ငင်းမခံစားရတတ်သဖြင့် ပိုးသတ်ဆေး ၏ အန္တရာယ်ကြီးမားပုံကို တောင်သူလယ်သမားများအနေနှင့် မသိလိုက် မသိဘာသာနေတတ်ကြသည်ဟု ပညာရှင်များက ပြောပါသည်။

”ပိုးသတ်ဆေးကြောင့် ကျန်းမာရေးကို ဘယ်လိုထိခိုက်နိုင် မလဲဆိုရင်လည်း ရုတ်တရက်ပေါ်လွင်မှာ မဟုတ်ဘူး။ နောက် ငါး နှစ်၊ ခြောက်နှစ်လောက်ကျော်မှ ကင်ဆာဖြစ်နှုန်းတွေ များလာ မယ်၊ အဆုတ်ရောဂါတွေ များလာမယ်၊ နှလုံးရောဂါတွေ များလာ မယ်။ အဲဒီလိုနည်းနဲ့ပဲ သိနိုင်လိမ့်မယ်”ဟု ဒေါက်တာခင်မောင် ဝင်းက ပြောပြသည်။

တောင်သူလယ်သမားများအနေဖြင့် ပိုးသတ်ဆေး အန္တရာယ်နှင့် ပတ်သက်သည့် အသိပညာနည်းပါးသည့်အတွက် သွေးကင်ဆာ၊ ကင်ဆာရောဂါ၊ သားသမီးမရနိုင်သည့် ရောဂါ၊ အမျိုးသမီးများဆိုလျှင် ကိုယ်ဝန်ပျက်ကျခြင်း၊ အသည်းနှင့် ကျောက်ကပ်ပျက်စီးခြင်း၊ အာရုံကြောများ ပျက်စီးနိုင်ခြင်း အစရှိ သည့် ကျန်းမာရေးပြဿနာများ၏ ခြိမ်းခြောက်မှုများနှင့် ကြုံ တွေ့ နေရသည်။

ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ အသက်ရှူရခက်ခြင်း၊ မျက် လုံးသို့မဟုတ် ကြွက်သားများ နာကျင်ခြင်း၊ တစ်ရှူးများ ရောင် ရမ်းခြင်း၊ ခြေနှင့် လက်များ ထုံကျဉ်ခြင်း၊ စိတ်လှုပ်ရှားခြင်း (သို့) အိပ်၍မပျော်ခြင်း စသော လက္ခဏာများကို ခံစားလာရလျှင် တောင်မှ အဆိုပါ ရောဂါလက္ခဏာများသည် သူတို့သုံးစွဲသည့် ပိုးသတ်ဆေးများနှင့် ဆက်စပ်မှုရှိ၊ မရှိဆိုသည်ကို သိရှိဖို့ နီးစပ်ရာ ဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေးရန်သင့်သည်ကို တောင်သူ လယ်သမားများ နားမလည်ကြပါ။

Photo: Hninn Ko    မှော်ဘီမြို့နယ် ကုလားကြီးကုန်းကျေးရွာရှိ စိုက်ခင်းထဲတွင် သုံးစွဲသည့် ထိုင်းဘာသာစကားဖြင့် ပိုးသတ်ဆေးဗူးကို တွေ့ရစဉ်

သုံးစွဲနည်းမှာ ပြဿ  နာရှိ

”ပိုးသတ်ဆေးကို မသုံးနဲ့ပြောတာမဟုတ်ဘူး။ ပိုးသတ် ဆေးကို စနစ်တကျသုံးစွဲနိုင်ဖို့ နိုင်ငံတော်အနေနဲ့ ထိန်းချုပ်ပေးရ မယ်”ဟု ဒေါက်တာခင်မောင်ဝင်းက တိုက်တွန်းပြောဆိုသည်။

စိုက်ပျိုးရေးပညာရှင်ဒေါက်တာထွန်းဝင်း သုံးသပ်သည်က တော့ ပိုးသတ်ဆေးသုံးစွဲပုံ၊ သုံးစွဲနည်း စနစ်ကျမှုမရှိခြင်းသည် တောင်သူလယ်သမားများ အဓိကကြုံတွေ့နေရသည့် ပြဿ       နာ တစ်ရပ်ဖြစ်သည်ဟု ဆိုပါသည်။

မြန်မာနိုင်ငံ၌ ပိုးသတ်ဆေးစတင်သုံးစွဲစဉ်ကာလတုန်းကတော့ မည်သို့မည်ပုံ သုံးစွဲရမည်ကို အသိပညာပေးသည့် အစီ အစဉ်များ စနစ်တကျရှိခဲ့သော်လည်း ယနေ့အခါ ပညာပေးမှုပိုင်း မှာ အားနည်းလာကြောင်း ဒေါက်တာထွန်းဝင်းက ဆိုသည်။

မြန်မာနိုင်ငံအတွင်း ပိုးသတ်ဆေးသုံးစွဲမှုသည် တိုင်းပြည် တစ်ခုလုံးဖြင့် ခြုံပြောရပါက ၁၉၇၈ခုနှစ် စပါးအထူးအထွက် တိုးစီမံကိန်းမှ စတင်ခဲ့ခြင်းဖြစ်သည်ဟု ဒေါက်တာထွန်းဝင်းက ပြောသည်။

အထူးအထွက်တိုးစပါးဆိုသည်မှာ အပြည်ပြည်ဆိုင်ရာ ဆန်စပါးသုတေသနမှ ထုတ်လုပ်သည့် သီးထပ်ရင်၊ ဆင်းသွယ် လတ်၊ မနောသုခ၊ ရာကျော်သစ် စသည့်စပ်မျိုးစပါးများကိုဆိုလို သည်။ ထိုစပါးမျိုးများမှာ နိုက်ထရိုဂျင်များစွာလိုအပ်သည့် အတွက် ယူရီးယားသုံးရသည်။ အပင်ဖွံ့ဖြိုးပြီး အရွက်တွေ စိုရွှမ်း လာသည့်အခါမှာတော့ အင်းဆက်ပိုးမွှားများက တွယ်ကပ်လာ တော့သည်။ ထိုအင်းဆက်ရောဂါတွေကို ကာကွယ်သည့်အနေနှင့် ပြည်ပမှ ပိုးသတ်ဆေးများကို တင်သွင်းကြရတော့သည်။

”ကောင်းတာက အဲဒီတုန်းက သုံးနည်းသုံးဟန်က ပရမ်း ပတာမရှိဘူး”ဟု ဒေါက်တာထွန်းဝင်းက ပြောပြသည်။

အထူးအထွက်တိုးစီမံကိန်းဖြစ်သည့်အတွက် တစ်မြို့နယ် စီမံကိန်းဧက သုံးသောင်းလောက်တွင် စိုက်ပျိုးရေးဝန်ထမ်း ၃ဝ နီးပါးကို တောင်သူများနှင့် အတူရှိနေစေခဲ့သည်။ ပိုးသတ်ဆေး သုံးစွဲပုံ၊ သုံးစွဲနည်းများကို ဝန်ထမ်းအင်အားအလုံအလောက်ဖြင့် သင်တန်းများပေးခြင်း၊ လက်တွေ့ပြသခြင်းတို့ကို ပြုလုပ်နိုင်ခဲ့ သည်ဟု ထိုအချိန်က စိုက်ပျိုးရေးဝန်ထမ်းတစ်ဦးဖြစ်ခဲ့သူ ဒေါက် တာထွန်းဝင်းက ပြန်ပြောပြသည်။

၁၉၈၈ ခုနှစ်တွင်တော့ အထူးအထွက်တိုးစီမံကိန်းများ ရပ်ဆိုင်းသွားပြီး အစိုးရအနေဖြင့်လည်း နည်းပညာပံ့ပိုးမှုများကို ရပ်တန့်လိုက်သည်။ ဝန်ထမ်းအင်အားကိုလည်း လျှော့ချလိုက် သောကြောင့် စိုက်ပျိုးရေးဝန်ကြီးဌာန၏ ဖွဲ့စည်းပုံ လျော့ရဲလာပြီး တောင်သူများကို ပညာပေးနိုင်ခြင်းမရှိတော့ကြောင်း ဒေါက်တာ ထွန်းဝင်းက ဆိုသည်။

”ထူးထူးခြားခြားဆိုရင် ၂ဝဝ၂-၂ဝဝ၃မှာ ဝန်ထမ်းတွေ အများကြီးလျှော့ပစ်တယ်။ တစ်မြို့နယ်မှာမှ ဝန်ထမ်း သုံး၊ လေး ယောက်ပဲရှိတော့တဲ့ အဆင့်အထိပဲ။ ဘယ်လိုလုပ် တောင်သူကို ပညာပေးမလဲ၊ ဘယ်အချိန်မှာ သုံးစွဲရမလဲဆိုတဲ့ ပညာပေးမှု အပိုင်းမှာ လုံးဝအားနည်းလာခဲ့တာ ယနေ့အထိပဲ”ဟု ၎င်းက ဆိုပါသည်။

တောင်သူလယ်သမားများ နောက်ထပ်ကြုံရသည့် ပြဿနာမှာ ပိုးသတ်ဆေးပုလင်းပေါ်က အသုံးပြုနည်း အညွှန်း များနှင့် ပတ်သက်သည်။

အချို့သော ဆေးပုလင်းပေါ်ရှိ အòန်းများမှာ မြန်မာလိုဖြစ် သောကြောင့် တောင်သူလယ်သမားများ နားလည်နိုင်သော် လည်း အချို့သော ဆေးပုလင်းများပေါ်ရှိ အòန်းများမှာတော့ မြန်မာဘာသာဖြင့် ဖော်ပြထားခြင်းမဟုတ်သောကြောင့် နား မလည်ကြပါ။

မော်ကွန်းမှ ကွင်းဆင်းမေးမြန်းထားသော မှော်ဘီမြို့နယ်မှ ကုလားကြီးကုန်း၊ လေတပ်ဝင်းနှင့် ညောင်နှစ်ပင်ကျေးရွာများရှိ တောင်သူများ၏ပြောပြချက်အရတော့ သူတို့လက်ရှိအသုံးပြုနေ သည့် ပိုးသတ်ဆေးပုလင်းများပေါ်ရှိ အòန်းများမှာ ယိုးဒယား စာ၊ တရုတ်စာနှင့် သူတို့နားမလည်နိုင်သော အခြားစာများသာ ပါဝင်သည်ဟု ဆိုကြပါသည်။

တရားမဝင် ပိုးသတ်ဆေးတို့၏ စိန်ခေါ်မှု

ဈေးကွက်အတွင်းတွင်ရှိနေသော ထိုင်းစာ၊ တရုတ်စာ၊  အိန္ဒိယစာ စသဖြင့် အခြားဘာသာများဖြင့် ဖော်ပြထားသော ပိုးသတ်ဆေးများသည် အကြမ်းဖျင်းအားဖြင့် တရားမဝင် တင် သွင်းရောင်းချနေသော ပိုးသတ်ဆေးများသာဖြစ်ပြီး တရားဝင် တင်သွင်းရောင်းချသော ပိုးသတ်ဆေးများမှာမူ အင်္ဂလိပ်စာ၊ မြန်မာစာတို့နှင့်သာ ဖော်ပြကြောင်း စိုက်ပျိုးရေးဦးစီးဌာန၊ ပိုး သတ်ဆေးမှတ်ပုံတင်အဖွဲ့၊ သီးနှံကာကွယ်ရေးဌာနခွဲမှ ဦးစီးအရာ ရှိ ဒေါ်စန်းစန်းလွင်က မော်ကွန်းသို့ အတည်ပြုပြောဆိုသည်။

တရားမဝင်ပိုးသတ်ဆေးများသည် အရောင်းဆိုင်များတွင် ဘာကြောင့်ရှိနေရသလဲဆိုသည့် မေးခွန်းကိုတော့ ဒေါ်စန်းစန်း လွင်က ”လွယ်လွယ်ကူကူနဲ့ သွင်းလာနိုင်ပြီးတော့ ဈေးပေါပေါနဲ့ ရောင်းနိုင်လို့ပဲ။ ဒါပေမဲ့ သူ့ဆေးကို အရည်အသွေး ပြည့်လား ဆိုရင် ဘယ်သူမှ အာမမခံနိုင်ဘူး။ ဒါကို တောင်သူက သိချင်မှ သိမယ်”ဟု ဆိုပါသည်။

တောင်သူများတွင် တွေ့ရလေ့ရှိသော အလေ့အကျင့်များ၊ အယူအဆများနှင့် ပတ်သက်ပြီးတော့လည်း ဒေါ်စန်းစန်းလွင်က ယခုလို ပြောပြသည်။

”တောင်သူကတော့ ရှင်းရှင်းပြောရင် ပစ္စည်းချင်းတူရင်တောင် ဈေးသက်သာတာကို လိုချင်တယ်။ နောက်တစ်ခုက နိုင်ငံ ခြားပစ္စည်းကို အထင်ကြီးတဲ့ Concept (အယူအဆ)ကလည်း တို့နိုင်ငံရဲ့ ပြည်သူလူထုမှာ ကိန်းဝပ်နေတယ်။ မြန်မာဘာသာနဲ့ ဆေးနဲ့ နိုင်ငံခြားဘာသာနဲ့ ဆေးကိုယှဉ်ရင် နိုင်ငံခြားဘာသာနဲ့ ဆေးက အရည်အသွေးပိုကောင်းတယ်လို့ ထင်နေကြတယ်။ အဲဒီ လို နားလည်မှုလွဲပြီး တရားမဝင်တဲ့ဆေးကို သုံးစွဲနေတာလည်း ရှိကောင်းရှိမယ်”

မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တောင်သူလယ်သမားများကြုံတွေ့နေရသည့် တရားမဝင်ပိုးသတ်ဆေးများသည် မှတ်ပုံမတင် ထားသည့်အပြင် အာနိသင်နည်းပါးခြင်း၊ လူနှင့် ပတ်ဝန်းကျင်ကို ပြင်းထန်စွာ ထိခိုက်နိုင်ခြင်းတို့ကို ဖြစ်ပေါ်စေသဖြင့် အရေး ယူပေးရန် မြန်မာနိုင်ငံတောင်သူလယ်သမားအသင်း(ယာယီ)က လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန (လယ်ဆည်) ပြည်ထောင်စုဝန်ကြီးနှင့် ပြည်သူ့လွှတ်တော်အပါအဝင် သက် ဆိုင်ရာဌာနများသို့ ယခုနှစ် ဇူလိုင် ၂၂ ရက်က တင်ပြထားသည်ဟု ဆိုပါသည်။

”အမျိုးပေါင်း ရာကျော်အောင်ရှိနေပါတယ်။ မှတ်ပုံမတင် ထားတဲ့အတွက် ဘာပါတယ်၊ ဘယ်လောက်အာနိသင်ရှိတယ် ဆို တာကို မသိဘူး။ မြန်မာလိုရေးထားတာမဟုတ်တဲ့အတွက် သုံးစွဲ တဲ့လယ်သမားတွေအတွက် အန္တရာယ်များတယ်”ဟု အဆိုပါ အသင်းမှ ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက မှတ်ချက်ပြုသည်။

မြန်မာနိုင်ငံတွင် ပိုးသတ်ဆေးကို အဓိကရောင်းချသည့် ကုမ္ပဏီပေါင်း ၁ဝ ခုကျော်ရှိပြီး ထိုအနက်မှ ကုမ္ပဏီကြီးနှစ်ခု၏  ပိုးသတ်ဆေးရောင်းချမှုတန်ဖိုးပမာဏသည် နှစ်စဉ်ဒေါ်လာသန်း ပေါင်း ၅ဝ နီးပါရှိကာ မြို့နယ်ပိုးသတ်ဆေးအရောင်းဆိုင် တစ် ဆိုင်၏ နှစ်စဉ်ရောင်းချမှုတန်ဖိုးသည် မြန်မာငွေ သိန်း ၅ဝဝ နှင့် သိန်း ၁,ဝဝဝ အကြားရှိသည်ဟု  လေ့လာထားမှုများကို အခြေခံ ပြီး ဒေါက်တာထွန်းဝင်းက ပြောသည်။

လက်ရှိတွင် ပိုးသတ်ဆေးနှင့် ဓာတ်မြေသြဇာကုမ္ပဏီတစ်ခု တွင် အကြံပေးအဖြစ်လည်း ဝင်ရောက်လုပ်ကိုင်နေသည့် ဒေါက် တာထွန်းဝင်းက ယခုလို မှတ်ချက်ပြုသည်။

”ပြောချင်တာက ဒါတွေ(ပိုးသတ်ဆေး)ကို နှစ်စဉ်ဒီ လောက် အများကြီးသုံးနေတယ်ဆိုတာပဲ။ ဈေးကွက်ရှိတယ်။ သုံး တဲ့သူရှိတယ်။ ဒါပေမဲ့ စနစ်ကတော့ မကျဘူး။ ဆေးညွှန်းက မပါ။ သုံးတဲ့လူက မသုံးတတ်”

လက်ရှိ တောင်သူလယ်သမားများ အသုံးပြုနေရသော တရားမဝင်ပိုးသတ်ဆေးများသည် ကမ္ဘာတွင် အသုံးမပြုရန် တားမြစ်ထားသော ပိုးသတ်ဆေးများသာ အများစုဖြစ်သည်ဟု လေ့လာတွေ့ရှိချက်များကို အခြေခံပြီး ဒေါက်တာစိုးထွန်းက ဆိုသည်။

”ဒီပိုးသတ်ဆေးကို ထိလိုက်တာနဲ့ ပိုးကောင်က ငေါက်ခနဲ သေသွားတာကို လယ်သမားတွေက ကြိုက်တယ်။ ဒါကို ကမ္ဘာမှာ ဘာကြောင့်   Banned လုပ် (တားမြစ်) ထားလဲဆိုတော့ ဒီပိုး သတ်ဆေးမှာ Carcinogenic Affect ဆိုပြီး ကင်ဆာရောဂါ ဖြစ် စေတဲ့ ဓာတ်တွေပါတယ်ဆိုပြီး သုံးခွင့်မပေးထားတာ” ဟု ဒေါက်တာစိုးထွန်းက ဆိုသည်။

”ဒါကိုမသိဘဲ သုံးမိတဲ့တောင်သူတွေဆိုရင် အသက်ဆုံး ရှုံးရတဲ့အထိ ရှိခဲ့တယ်လို့ ကြားဖူးတယ်။ တချို့လည်း အသက်ငယ် ငယ်နဲ့ ကင်ဆာရောဂါဖြစ်တဲ့သူနဲ့။ ပိုးသတ်ဆေးအဆိပ်သင့်တာ တွေဖြစ်လာတယ်”

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့မှ တောင်သူဦးရဲထွန်းကတော့ သူတို့အနေနှင့် ပိုးသတ်ဆေးများကို ဝယ်ယူအသုံးပြုရာတွင် တရားဝင်သည်၊ မဝင်သည်ကို သတိမမူမိကြဘဲ ဆေးဆိုင်က ညွှန်းသည့် ဆေးကိုသာ အသုံးပြုလေ့ရှိသည်ဟု ဆိုပါသည်။

စပါးစိုက်တောင်သူတစ်ဦးဖြစ်သည့် ဦးရဲထွန်းက သူကိုယ် တိုင်လည်း ယိုးဒယားစာ၊ တရုတ်စာ၊ အိန္ဒိယစာများဖြင့် ပိုးသတ် ဆေးများကို အသုံးပြုခဲ့ဖူးသည်ဟု ဆိုသည်။

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည် ဆောက်ရေးကော်မတီလက်ထက် ၁၉၉ဝခုနှစ်၊ မေလကတည်းက ပိုးသတ်ဆေးဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ တောင်သူလယ်သမားများ ထိရောက်စွာ အကျိုးရှိရှိ သုံးစွဲနိုင်ရေး၊ လူနှင့် ပတ်ဝန်းကျင်ကို အ္တနရာယ်ဖြစ်မှုနည်းနိုင်သမျှ နည်းနိုင်ရေးနှင့် ပိုးသတ်ဆေးကို တောင်သူများ စနစ်တကျသုံးစွဲနိုင်ရေးအတွက် ရည်ရွယ်ပြဋ္ဌာန်း ခဲ့ခြင်း ဖြစ်သည်။

အဆိုပါဥပဒေအရ ပိုးသတ်ဆေးမှတ်ပုံတင်ဌာနကို ဖွဲ့စည်း ပြီး ပိုးသတ်ဆေးမှတ်ပုံတင်လုပ်ငန်းကို ဆောင်ရွက်ပေးခဲ့သည် မှာ ဆယ်စုနှစ်နှစ်ခုကျော်ခဲ့ပြီဖြစ်သည်။ ၁၉၉၃ခုနှစ်မှ စတင်ပြီး ယနေ့အချိန်ထိ အစည်းအဝေး ၂၂ ကြိမ် ပြုလုပ်ခဲ့ပြီး ပြည်တွင်းသို့ တရားဝင်တင်သွင်းခွင့်ပြုထားသည့် ပိုးသတ်ဆေးပေါင်း ၁,၇၈၂ မျိုးအထိရှိကာ အဆိပ်ရှိပစ္စည်းအမျိုးအစားအဖြစ် ၂၄၄ မျိုးအထိ ရှိနေကြောင်း ပိုးသတ်ဆေးမှတ်ပုံတင်ဌာနမှတ်တမ်းများက ဆို   ပါသည်။

ထို့အတူ အဆိုပါပိုးသတ်ဆေးဥပဒေ အပိုဒ်(၁၃)၏ ပြဋ္ဌာန်း ချက်အရ လူနှင့် ပတ်ဝန်းကျင်ကို အဆိပ်အတောက်ဖြစ်စေနိုင်မှု မြင့်မားပြီး အန္တရာယ်ဖြစ်စေနိုင်သည့်  ပိုးသတ်ဆေးများကိုလည်း တင်သွင်းခွင့် ပိတ်ပင်နိုင်သည်ဟု ဖော်ပြထားသည်။

ထို့ပြင် ပိုးသတ်ဆေးများကို ပြည်ပမှသော်လည်းကောင်း၊ ပြည်တွင်းမှသော်လည်းကောင်း ရရှိသည့် အချက်အလက်များ ပေါ်မူတည်ပြီး အဆိုပါပိုးသတ်ဆေးသည် လူနှင့် တိရစ္ဆာန်ကို   အ္တနရာယ်ဖြစ်စေနိုင်ကြောင်းတွေ့ရှိလျှင်  မှတ်ပုံတင်ခွင့်ရရှိ ထားသည့် မည်သည့်ပိုးသတ်ဆေးကိုမဆို သုံးစွဲခြင်းမပြုရန် တား မြစ်ရမည်ဟု ပုဒ်မ(၇) တွင်ပြဋ္ဌာန်းထားသည်။

၁၉၉၆ ခုနှစ်တွင် အမိန့်ကြေညာချက်အမှတ် ၁/၉၆ဖြင့် မြန်မာနိုင်ငံအတွင်း တင်သွင်းခွင့်၊ သုံးစွဲခွင့်တားမြစ်ထားသည့် ပိုးသတ်ဆေး ၁၇ မျိုးကို မြန်မာတစ်နိုင်ငံလုံးရှိ သက်ဆိုင်ရာဌာန အသီးသီးသို့ ထုတ်ပြန်ဖြန့်ဝေခဲ့သည်။ ယခုနှစ် ဇွန်လတွင်လည်း Ardrin နှင့် Endrin ပိုးသတ်ဆေးနှစ်မျိုးအပါအဝင် ပိုးသတ် ဆေး ၃၉ မျိုးကို မြန်မာနိုင်ငံအတွင်း သုံးစွဲရန် ပိတ်ပင်တားမြစ် ထားသည့် ပိုးသတ်ဆေးများအဖြစ် ထပ်မံကြေညာခဲ့သည်။

ကြေညာချက်တွင် ယင်းသို့ပိတ်ပင်တားမြစ်ထားသော ပိုးသတ်ဆေးများကို မြန်မာနိုင်ငံအတွင်း မည်သည့်အစိုးရဌာန၊ အဖွဲ့အစည်းပုဂ္ဂိုလ်ကမျှ၊ မည်သည့်အကြောင်းကြောင့်မျှ တင် သွင်း၊ ဖော်စပ်၊ ထုတ်လုပ်၊ ရောင်းချ၊ သုံးစွဲခြင်းမရှိစေရဟု ဖော်ပြ ထားသည်။

မြန်မာနိုင်ငံ၏ ပိုးသတ်ဆေးသုံးစွဲမှုအခြေအနေသည် စပါး သီးနှံ၊ ပဲသီးနှံနှင့် ဟင်းသီးဟင်းရွက် သီးနှံအလိုက်ကွဲပြားမှုရှိနေပြီး အနာဂတ်အတွက် ပြည်သူတစ်ရပ်လုံးရင်ဆိုင်ရနိုင်သည့် ဟင်း သီးဟင်းရွက်များမှ ပိုးသတ်ဆေး ဓာတ်ကြွင်းဓာတ်ကျန်များကို စောင့်ကြပ်ပေးနိုင်မည့် ဓာတ်ခွဲခန်းတစ်ခုလည်း အရေးပေါ်လို အပ်နေသည်ဟု ဒေါက်တာထွန်းဝင်းက ဆိုသည်။

”အဓိကပြ ဿ       နာက ဟင်းသီးဟင်းရွက်ပဲ။ မြန်မာမှာက ဟင်းသီးဟင်းရွက်ကို အစိမ်းလိုက်စားတဲ့အဆင့်ရှိတယ်။ ကျွန် တော်တို့ နေ့စဉ် တစ်နေ့မဟုတ်တစ်နေ့ စားနေကြတဲ့ ဟင်းသီး ဟင်းရွက်တွေမှာ ပိုးသတ်ဆေးအကြွင်းအကျန်တွေ အများကြီး ပဲ”ဟု ၎င်းက ဆိုပါသည်။

ဟင်းသီးဟင်းရွက်များကို နှစ်ခြိုက်စွာ စားသုံးလေ့ရှိသည့် ဒေါက်တာထွန်းဝင်းဆိုလျှင် ဟင်းသီးဟင်းရွက်များကို မစားခင် ဆားငန်ရည်ဖြင့် ငါးမိနစ်ကြာအောင် စိမ်ပြီး စားလေ့ရှိသည်ဟု ဆိုသည်။ ”ပိုးသတ်ဆေး ဓာတ်ကြွင်းဓာတ်ကျန်ကို ဆားပဲနိုင် တာ။ မဟုတ်ရင် ရေနွေးနဲ့ ပြုတ်ပစ်လိုက်တယ်”ဟု ၎င်းက ဆိုသည်။

အချို့သောပိုးသတ်ဆေးများကို အကြောင်းအမျိုးမျိုး ကြောင့် ဈေးကွက်အတွင်း ရောင်းချခြင်းမပြုဖို့၊ တင်သွင်းခြင်း မပြုဖို့ သက်ဆိုင်ရာဌာနအနေဖြင့် တရားဝင်ပိတ်ပင်တားမြစ် ထားသော်လည်း လက်တွေ့မှာမူ တောင်သူလယ်သမားများ၏ လက်ဝယ်တွင် အဆိုပါ တရားမဝင်ပိုးသတ်ဆေးများကိုပင် အသုံးပြုနေသည်မှာ ဌာနအနေဖြင့် ဈေးကွက်အတွင်း ကွင်းဆင်း လေ့လာမှုအားနည်းခြင်းကြောင့်ဖြစ်သလို တောင်သူလယ်သမား များနှင့် ထိတွေ့ပညာပေးမှုအပိုင်း အားနည်းခြင်းကြောင့်လည်း ဖြစ်ကြောင်း စိုက်ပျိုးရေးပညာရှင်များနှင့် တောင်သူလယ်သမား များအရေး စောင့်ကြည့်လေ့လာသူတို့က ဆိုပါသည်။

မြန်မာနိုင်ငံအနေဖြင့် ပိုးသတ်ဆေးသုံးစွဲမှု နှစ်စဉ်မြင့်တက် နေပြီး ဈေးကွက်အတွင်း တရားမဝင်ပိုးသတ်ဆေးများက အဆ ပေါင်းများစွာ ရောယှက်နေခြင်းကြောင့် နိုင်ငံတကာမှာကဲ့သို့ ပိုးသတ်ဆေးသုံးစွဲမှုကို စောင့်ကြည့်စစ်ဆေးသည့်အဖွဲ့အစည်း မရှိခြင်းသည် အနာဂတ်စားနပ်ရိက္ခာလုံခြုံမှုအတွက် အဓိကစိန်ခေါ်မှုကြီးတစ်ရပ်ဖြစ်နေသည်ဟု ဒေါက်တာထွန်းဝင်းက ထောက် ပြသည်။

ထိုသို့ဈေးကွက်အတွင်း တရားမဝင်ရောင်းချနေသော ပိုး သတ်ဆေးများကို အရေးယူဖြေရှင်းရန်အတွက် လယ်ယာစိုက်ပျိုး ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန(လယ်/ဆည်)၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ တောင်သူလယ်သမား အသင်းအဖွဲ့ များနှင့် ပိုးသတ်ဆေးနှင့် ဓာတ်မြေသြဇာတင်သွင်းရောင်းချသူများအသင်းတို့ ပူးပေါင်းပြီး နည်းလမ်း လေးသွယ်နှင့် ဖြေရှင်းသင့်ကြောင်း မြန်မာနိုင်ငံတောင်သူလယ်သမားအသင်း က သက်ဆိုင်ရာအစိုးရဌာနများသို့ အကြံပြုခဲ့ဖူးသည်။

အဆိုပါနည်းလမ်းလေးသွယ်မှာ လယ်/ဆည်၊ စီးပွားကူး သန်းနှင့် အသင်းအဖွဲ့များပူးပေါင်းပြီး နယ်စပ်မှဝင်ရောက်လာ သည်များကို  စစ်ဆေးရန်နှင့် ထိန်းသိမ်းရန်၊ လယ်/ဆည်၏ညွှန် ကြားချက်ဖြင့် ပိုးသတ်ဆေးနှင့် ဓာတ်မြေသြဇာသိုလှောင်ရုံ များတွင် အရည်အသွေးမှတ်ပုံတင်ခြင်း ရှိ၊ မရှိ စစ်ဆေးရန်၊ မြို့ နယ်၊ ကျေးရွာများရှိ ပိုးသတ်ဆေးနှင့်ဓာတ်မြေသြဇာ အရောင်း ဆိုင်များတွင်  စိုက်ပျိုးရေးဌာနက ဦးဆောင်ပြီး စစ်ဆေးခြင်း၊ အမှန်တကယ်သုံးစွဲသည့် တောင်သူလယ်သမားများထံသွား ရောက်ပြီး စစ်ဆေးခြင်းနှင့် ပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခြင်းတို့ဖြစ်သည်။

သို့သော် ယင်းသို့အကြံပြုခဲ့သော်လည်း လက်တွေ့တွင် ယခုအချိန်ထိ ဆောင်ရွက်နိုင်ခြင်းမရှိသေးကြောင်း ဒေါက်တာ စိုးထွန်းက ဆိုပါသည်။

ဈေးကွက်အတွင်း တရားမဝင်တင်သွင်းရောင်းချနေသည့် ပိုးသတ်ဆေးများကို အရေးယူဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ဌာနအသီးသီးမှ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်သလို အမှန် တကယ်သုံးစွဲသူ တောင်သူလယ်သမားများ၏ ပူးပေါင်းပါဝင်မှု သည်လည်း လိုအပ်ကြောင်း ဒေါ်စန်းစန်းလွင်က ယခုလိုပြော ပါသည်။

”တကယ့် End User (နောက်ဆုံးအသုံးပြုသူ) က တောင်သူပဲ။ တောင်သူရဲ့ လိုက်နာကျင့်သုံးနိုင်မှုကလည်း လိုပါ တယ်။ တရားမဝင်ပစ္စည်းကို တောင်သူက အားပေးနေရင် ဌာန ဘက်က ဘယ်လောက်ပဲ အရေးယူနေသည်ဖြစ်စေ တင်သွင်းတဲ့ သူက ခိုးလုပ်မှာပဲ” ။     ။

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."