လက်မထပ် အတူနေ ခေတ်ရေစီး

လက်မထပ် အတူနေ ခေတ်ရေစီး

မင်္ဂလာဦးညမှာ အပျိုစင်ဘဝကို ကိုယ့်ချစ်သူထံပါး မဝံ့မရဲ၊ မခို့တရို့ စွန့်လွှတ်ပေးလိုက်သည့် ရင်ခုန်ဖွယ်ရာမြင်ကွင်း၊ ခဲဖိုး တောင်းရင်း စကြ၊ နောက်ကြသည့် မိတ်ဆွေသူငယ်ချင်းများ၏ မြူးထူးဖွယ်ရာ မြင်ကွင်း။

          မင်္ဂလာဦးည ထိုထိုဤဤမြင်ကွင်းများအား မြိန်ရေရှက်ရေ ရိုက်ပြထားသော မြန်မာရုပ်ရှင်ဇာတ်ကားများကို ကြည့်ပြီး မဟေဇင်တစ်ယောက် ရင်အခုန်ကြီး ခုန်ခဲ့ဖူးပါသည်။ မိန်းကလေး အများစုလိုပဲ ‘ကိုယ့်အလှည့်ကျရင်’ဟူသော အတွေးဖြင့်လည်း  စိတ်ကူးနယ် ချဲ့ထွင်ခဲ့ဖူးပါသည်။မည်သို့ပင် ထိုမြင်ကွင်းများကို တမ်းတမ်းတတရှိခဲ့သည့် တိုင် အခုအချိန်မှာတော့ သူရင်ခုန်စိတ်ကူးယဉ်ခဲ့သော ထိုအတွေ့ အကြုံမျိုးကို မဟေဇင် * ရနိုင်တော့မည် မဟုတ်ပါ။ အကြောင်းက တော့ မဟေဇင်သည် သူ့ချစ်သူနှင့် လက်မထပ်ခင်မှာပဲ အတူ နေလိုက်ပြီဖြစ်သောကြောင့်ပင်ဖြစ်သည်။

          ”ဒီအချိန်မှာတော့ ဒီ(မင်္ဂလာဦးည)ခံစားမှုမျိုးက ဘယ်လို မှလည်း ပြန်ပြီးတော့ လုပ်ယူလို့မရတော့ဘူး။ လက်ရှိအချိန်မှာ တော့ အကောင်းဆုံးဖြစ်အောင်ပဲနေနေပါတယ်”ဟု မဟေဇင်က စိတ်မသက်မသာဖြစ်လေဟန်ဖြင့်ဆိုသည်။ ထို အကြောင်းများကို အောက်အောက်မေ့မေ့ ပြောပြနေသော မဟေဇင်၏ မျက်နှာက အုံ့အုံ့မှိုင်းမှိုင်း။

ဓာတ်ပုံ-ဇေယျာလှိုင်/မော်ကွန်းမဂ္ဂဇင်း

          မဟေဇင်တို့ ချစ်သူနှစ်ဦးသည် ယနေ့ခေတ် မြန်မာနိုင်ငံ၏ မြို့ကြီးပြကြီးများတွင် ပွင့်ပွင့်လင်းလင်းမဟုတ်သည့်တိုင် အမှန် တကယ်တည်ရှိနေသော၊ တစ်နည်းအားဖြင့် လက်ခံသူများလာ သော လက်မထပ်ခင်အတူနေထိုင်မှု (Living Together) ကို ယုံကြည်၊ ကျင့်သုံးသူများထဲမှ တစ်ခုသော စုံတွဲတစ်တွဲပင်ဖြစ် ပါသည်။

          အချို့သော ချစ်သူစုံတွဲများက အိမ်ထောင်မပြုခင် အတူ နေကြသည်များရှိသကဲ့သို့ အချို့သော စုံတွဲများမှာတော့ အိမ် ထောင်ပြုလိုသော ဆန္ဒမရှိသဖြင့် လက်မထပ်ဘဲ အတူနေကြ သည်များလည်း ရှိပါသည်။

ကောင်းကျိုး၊ ဆိုးပြစ်

          ယနေ့ ကမ္ဘာ့နိုင်ငံအများအပြားတွင် မြင်တွေ့နေရသော လက်မထပ်၊ အတူနေဓလေ့နှင့် ပတ်သက်ပြီး အားသာချက်များ ကို ကြည့်ကာ လက်ခံ၊ ကျင့်သုံးမှုများရှိသကဲ့သို့ ဆိုးကွက်များကို ထောက်ပြပြီး ဆန့်ကျင်ကန့်ကွက်မှုများလည်း ရှိနေပါသည်။

          လူ့အခွင့်အရေးရှုထောင့်နှင့် ခေတ်ရေစီးကြောင်းရှုထောင့် မှ ကြည့်မြင်သူများက ထိုသို့နေထိုင်မှုကို လက်ခံကြသော်လည်း ဘာသာရေးရှုထောင့်၊ လူ့ကျင့်ဝတ်ရှုထောင့်မှ ကြည့်မြင်သူများက ထိုသို့နေထိုင်မှုကို ပြစ်တင်ဝေဖန်ကြသည်များလည်း ရှိပါသည်။

လူငယ်တွေကြားထဲတွင်လည်း Living Together နေထိုင်မှုကို ထောက်ခံသူများလည်း ရှိကြသလို မြန်မာ့ယဉ်ကျေးမှုနှင့် ကိုက် ညီမှုမရှိဟုဆိုကာ လက်မခံနိုင်ကြသည့် လူငယ်များလည်း ရှိ ကြသည်။

          သူ့ချစ်သူနှင့် ငါးနှစ်ကြာ လက်မထပ်ဘဲ အတူနေသည့် အသက် ၃၈ နှစ်အရွယ် မနီလာ* ကတော့ စာချုပ်စာတမ်း အနှောင်အဖွဲ့ကို သဘောမကျသောကြောင့် သူတို့အနေနှင့် လက်မထပ်ဘဲ အတူနေဖြစ်ကြသည်ဟုဆိုသည်။

          ”အိမ်ထောင်မပြုချင်ဘူး။ ဘာလို့လည်းဆိုတော့ အသိုင်း အဝိုင်း၊ အနှောင်အဖွဲ့၊ သူ့ဘက်၊ ကိုယ့်ဘက်တွေက သဘောမတူ နိုင်တာတွေ ရှိနေတယ်။ အိမ်ထောင်ပြုပြီး စိတ်ဆင်းရဲနေမယ့် အစား နှစ်ဦးသဘောတူ၊ လွတ်လွတ်လပ်လပ် Living Together နေတာက အများကြီး ကောင်းဦးမယ်ဆိုပြီးနေတာ”ဟု မနီလာ က ဆိုသည်။

          သူ့အနေနှင့် လက်မထပ်ဘဲ အတူနေခြင်းမှာ လိင်ကိစ္စတစ် ခုတည်းအတွက်မဟုတ်ဟု မနီလာက ဆိုသည်။

          ”Living Together နေတာကို Sex (လိင်ကိစ္စ) တစ်ခု တည်းအတွက်လို့ လူတွေက ထင်နေကြတယ်။ အဲဒီလိုမဟုတ်ဘူး၊ လက်မထပ်ခင်အတူနေတယ်ဆိုတာက နှစ်ယောက်ကြားက ကိစ္စ ကို သာမန်ချစ်သူတွေထက် ပိုပြီး သိနိုင်တယ်၊ လက်ထပ်ပြီးမှ ကွဲတာတွေထက်စာရင် Living Together နေပြီးမှ ကွဲတာက ပိုပြီးထိခိုက်မှု နည်းလိမ့်မယ်လို့ထင်တယ်”ဟု သူ့ အမြင်ကို ပြောပြသည်။

          ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်မှ ရန်ကုန်တွင် ဈေးရောင်းနေသူ အသက် ၂၅ နှစ်အရွယ် ကိုမင်းသူထွန်းကမူ ထိုကဲ့ သို့နေထိုင်မှုမျိုး မြန်မာနိုင်ငံတွင် မရှိသင့်ဟု ဆိုသည်။

          ”ကျွန်တော့်အနေနဲ့ကတော့ ယဉ်ကျေးမှုတော်တော်ရှိတဲ့ မြန်မာနိုင်ငံမှာ ဒါမျိုးမဖြစ်သင့်ဘူးလို့ ထင်တယ်။ အရမ်းခေတ် ဆန်လွန်းတယ်လို့ထင်တယ်” ဟ ုသူ့အမြင်ကို ပြောပြသည်။

          ၎င်းက ဒီ Living Together နေထိုင်မှုသည် ရန်ကုန်မှာပဲ ဖြစ်နေတာဟုထင်ကြောင်း၊ နယ်ဘက်တွေမှာဆိုလျှင်ဖြင့် တစ် ယောက်နှင့် တစ်ယောက်ကြိုက်ကြပြီဆိုလျှင်တောင် အိမ်တွေက မသိအောင် မနည်းကြိုးစားနေရသည်ဟု ဆိုသည်။

          လမ်းမတော်တွင် နေထိုင်သော အသက် ၂ဝ အရွယ် ကျောင်းသူတစ်ဦးဖြစ်သူ မကေခိုင်သွယ်ကတော့ လက်မထပ်ဘဲ အတူ နေထိုင်ကြမှုမှာ ခေတ်ရေစီးကဲ့သို့ဖြစ်နေသောကြောင့် ဟန့်တားလို့မရနိုင်ဟု သူ့အယူအဆကို ပြောပြသည်။

          ”ကျွန်မတို့နေတာ ၂၁ ရာစုမှာပါ။ ၁၉၉ဝ ခုနှစ်က မျက်လုံး တွေနဲ့ ကြည့်ပြီးပြောကြရင်တော့ မကောင်းပါဘူး။ ၁၉၉ဝ က လူတွေကိုလည်း ၁၉၇ဝ က လူကြီးတွေက ပြောခဲ့ကြမှာပဲ။ ဒါ ခေတ်ရေစီးကြောင်းပါ၊ လိုက်တားလို့မရဘူး။ ဒါပေမဲ့ ဒီ (Living Together) နေမယ့်သူတွေအနေနဲ့ကတော့ အပျော်မဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိနဲ့ နေစေချင်တယ်”ဟု သူ့အမြင်ကို ပွင့်ပွင့်လင်း လင်းပြောပြသည်။

          မြန်မာနိုင်ငံ လူ့အခွင့်အရေး ပညာပေးရေးဌာန (Human Rights Education Institute of Burma-HREIB)မှ ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်းက လက်မထပ်ဘဲ အတူနေကြ သည်မှာ ပြောင်းလဲလာသည့် ခေတ်ရေစီးကြောင်းနှင့်လည်း ဆိုင် သည်ဟု သုံးသပ်ပါသည်။

          ”ကောင်းကျိုးကတော့ ဒီလိုနေတဲ့အတွက် တစ်ယောက်နဲ့ တစ်ယောက် လေ့လာနိုင်မယ်။ စိတ်ရင်းသိမယ်၊ တစ်သက်လုံး လက်တွဲသင့်၊ မသင့်သိလာနိုင်မယ်” ဟု ၎င်းက ဆိုသည်။ သို့ သော်လည်း လက်ထပ်ဖို့အတွက် ရည်ရွယ်ပြီး အတူနေထိုင်မှသာ ကောင်းနိုင်သည်ဟု သူက ဆိုသည်။

          ”ဒီလိုနေတာဟာ လက်ထပ်ဖို့အတွက် ရည်ရွယ်ပြီးနေတာ ဆိုရင်တော့ ကောင်းပါတယ်။ တစ်ယောက်အကြောင်းတစ် ယောက် လေ့လာလို့ရတာပေါ့၊ ဒါပေမဲ့ တစ်ယောက်ပြီး တစ် ယောက် ပြောင်းပြီး နေမယ်ဆိုရင်တော့ မကောင်းပါဘူး၊ အများ အမြင်မှာလည်း မသင့်တော်ဘူး”ဟုလည်း ဦးအောင်မျိုးမင်းက သူ့အမြင်ကို ပြောပြသည်။

          အသက်ပြည့်ပြီးသည့် လူတိုင်း ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ရှိသည့်အတိုင်း စဉ်းစားဆုံးဖြတ်ခွင့်ရှိသော်လည်း အသက်မပြည့် သေးသူများအနေနှင့် ထိုသို့နေထိုင်ကြမည်ဆိုပါက ကန့်ကွက် ကြောင်း ဦးအောင်မျိုးမင်းက ယခုလို ဆိုပါသည်။

          ”လူ့အခွင့်အရေးအရတော့  အသက်ပြည့်ပြီးတဲ့ လူဆိုရင် တော့ ကိုယ်ပိုင်စဉ်းစားဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်။ ဒါပေမဲ့ အသက် မပြည့်သေးတဲ့ ကလေးတွေ ဒီလိုနေမယ်ဆိုရင်တော့ မဖြစ်နိုင် ဘူး။ ဒါကို လုံးဝလက်မခံနိုင်ပါဘူး။ အရွယ်မရောက်သေးတဲ့ ကလေးတွေ ဒီလိုနေပြီး သူတို့ဘဝကို ထူထောင်မယ်ဆိုတာက မဖြစ်နိုင်ဘူး”

          မဟေဇင်တို့၊ မနီလာတို့ကလည်း အသက်မပြည့်သေးသော လူငယ်များအနေနှင့်တော့ သူတို့လိုနေထိုင်ဖို့ မသင့်ကြောင်း ပြောဆိုကြသည်။

          ”အရမ်းငယ်သေးတဲ့သူတွေကတော့ မနေတာ ကောင်းပါ တယ်။ ငယ်တော့ ကြုံတွေ့လာရမယ့် ပြဿ နာတွေ၊ အခက်အခဲ တွေကို ရင်ဆိုင်နိုင်ဦးမှာ မဟုတ်ဘူးလေ။ ကိုယ်တိုင် တွေးခေါ် ဆင်ခြင်နိုင်တဲ့ အရွယ်၊ အမှားအမှန်ကို ခွဲခြားနိုင်ရင်တော့ တစ်မျိုးပေါ့”ဟု မနီလာက ဆိုသည်။

          မဟေဇင်အဆိုအရ လက်မထပ်ခင် အတူနေကြသည့် ဓလေ့ကို သူ့ပတ်ဝန်းကျင်တွင် အသက် ၁၄၊ ၁၅ နှစ်အရွယ်တွေ ကြားမှာ မြင်တွေ့နေရသည်ဟုဆိုသည်။

          ”ကလေးတွေ ကတော့ မဖြစ်သင့်ဘူး။ ၁၄၊ ၁၅ နှစ်တွေပေါ့ နော်။ အများဆုံးဖြစ်နေတာ။ တချို့ကျတော့ စမ်းသပ်ချင်ကြတယ်။ ၁၄နှစ်၊ ၁၅ နှစ်ဆို (လိင်အသားပေး) ရုပ်ရှင်တွေ ကြည့်ပြီး တော့မှ လိုက်ပြီး စမ်းသပ်တယ်ဆိုတဲ့ စိတ်မျိုးတွေနဲ့ကတော့ မလုပ်စေချင်ဘူး”ဟု မဟေဇင်က ဆိုသည်။

ဓာတ်ပုံ-ဇေယျာလှိုင်/မော်ကွန်းမဂ္ဂဇင်း

          ပြည်ပတွင် အမေရိကန်နိုင်ငံသူတစ်ဦးနှင့် အတူနေခဲ့ဖူး သည့် ကိုဆောင်း * ကတော့ လက်မထပ်အတူနေခြင်းဖြင့် ကောင်းကျိုးအနေနှင့် လိင်အကြမ်းဖက်မှုလျော့နိုင်သကဲ့သို့ တစ် ဖက်တွင်လည်း အိမ်ထောင်ပြုမှုတွေ လျော့နည်းလာနိုင်သည်ဟု သူ့အမြင်ကို ပြောပြသည်။

          ”အိန္ဒိယမှာဆိုရင် လိင်အကြမ်းဖက်မှုတွေ တွေ့နိုင်တယ်။ ဘာကြောင့်လည်းဆိုတော့ ယဉ်ကျေးမှုထုံးတမ်းတွေက ပိတ် ထားသလိုဖြစ်နေတယ်။ ဆိုးကျိုးအနေနဲ့ကတော့ အိမ်ထောင်ပြုမှု တွေနည်းလာမယ်။ မျိုးဆက်ပြန့်ပွားမှုတွေ လျော့ကျလာမယ်”ဟု သူက ဆိုသည်။

လက်မထပ်အတူနေဓလေ့နှင့် မြန်မာ့ယဉ်ကျေးမှု

          အချို့ကတော့ ထိုသို့နေလိုက်ခြင်းဖြင့် အမျိုးသားဘက်မှာ ထိခိုက်နစ်နာမှု ကြီးကြီးမားမားမရှိနိုင်သော်လည်း မိန်းကလေး ဘက်တွင် ထိခိုက်နစ်နာမှုများရှိနိုင်သည်ဟု ထောက်ပြကာ ကန့် ကွက်ကြသည်။

          မိဘအများစုကတော့ သူတို့သားသမီးများ ထိုသို့နေထိုင် မည်ကို မလိုလားကြပါ။

          အရှေ့ဒဂုံမြို့နယ်တွင် နေထိုင်သူ  သားသမီးသုံးယောက် မိခင် အသက် ၅ဝ အရွယ် ဒေါ်မြင့်မြင့်တူးကတော့ တူးတူးခါးခါး ကန့်ကွက်သည်။

          ”မိန်းကလေးတွေဆိုတာက ဟီရ၊ိသြတ္တပတရားဆိုတဲ့ အရှက်အကြောက်တရားရှိရမယ်၊ ဒီလိုမနေသင့်ဘူး”ဟု ဒေါ်မြင့် မြင့်တူးက ကန့်ကွက်ပါသည်။ယောကျ်ားလေးတွေဘက်ကလည်း ကိုယ်တကယ်ချစ်တဲ့ သူကို တန်ဖိုးထားရမယ်။ မိန်းကလေးရဲ့ ဂုဏ်သိက္ခာ ညှိုးနွမ်းစေ မယ့် အပြုအမူတွေ မလုပ်သင့်ဘူး”ဟု ၎င်းက မိဘတစ်ယောက် အနေနှင့် သူ့အမြင်ကို ပြောပြသည်။

          လက်မထပ်အတူနေကဲ့သို့သော နိုင်ငံခြားယဉ်ကျေးမှုများ ကို အတုယူနေကြသည်မှာ မဖြစ်သင့်ကြောင်း၊ ‘တလွဲဆံပင် ကောင်း’ နေကြခြင်းဖြစ်ကြောင်း၊ အမှန်တကယ်တွင် ထိုနိုင်ငံတို့ ၏ စည်းကမ်းရှိမှု၊ အလုပ်ကြိုးစားမှုတို့ကိုသာ အတုယူရမည်ဖြစ် ကြောင်း ဒေါ်မြင့်မြင့်တူးက ဖြည့်စွက်ပြောဆိုပါသည်။

          မြန်မာ့ယဉ်ကျေးမှုရှုထောင့်မှကြည့်လျှင် ထိုသို့နေထိုင်ကြ ခြင်းမှာ မဖြစ်သင့်၊ မဖြစ်ထိုက်ကြောင်း အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်မှ ပါမောက္ခဆရာတော် ဒေါက်တာဓမ္မပီယကလည်း သူ့အမြင်ကို ယခုကဲ့သို့ မိန့် ကြားသည်။

          ”မြန်မာနိုင်ငံက အခု ဒီမိုကရေစီပြောင်းလဲနေပြီ ဆိုပေ မယ့် ယဉ်ကျေးမှုတွေ မပြောင်းလဲနိုင်သေးဘူးလေ။ မိန်းကလေး တွေ၊ ယောကျ်ားလေးတွေက သူ့တို့ဘဝကို သူတို့  ဆုံးဖြတ်ပိုင်ခွင့် ရှိတယ်၊ လွတ်လပ်ခွင့်ရှိတယ်ဆိုပေမယ့် တို့ယဉ်ကျေးမှုမှာ ဒါမျိုး မရှိသေးတဲ့အတွက်ကြောင့် မိဘဂုဏ်သိက္ခာထိခိုက်နိုင်တယ်။ ကိုယ့်ဆွေမျိုးဂုဏ်သိက္ခာ ထိခိုက်နိုင်တယ်။ ဒါကြောင့်မို့ မဖြစ် သင့်ဘူး”

          ဘာသာရေးရှုထောင့်က ကြည့်မည်ဆိုလျှင် သူများ သား မယားကိုပဲဖြစ်ဖြစ်၊ မိဘအုပ်ထိန်းမှုအောက်ရှိသည့် သူကိုပဲဖြစ် ဖြစ် ပြစ်မှားကျူးလွန်မိပါက ကာမေသုမိစ္ဆာစာရကံ ထိုက်သည်ဟု ကျမ်းဂန်တွေမှာ  ဆိုထားကြောင်း ဆရာတော်က မိန့်ပါသည်။

          ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က လည်း လက်မထပ်အတူနေဓလေ့ကို ကန့်ကွက်သူများထဲတွင် ပါဝင်သည်။

          ”လျော့ရဲလာတယ်လို့ပဲ ပြောမလား၊ အင်တာနေရှင်နယ် စတိုင်လ်လို့ပဲ ပြောမလား၊ မွေးရာပါ အခွင့်အရေး Human Rights ဆိုတာကို ကိုင်ပြီးတော့လုပ်နေကြတာလားမသိဘူး။ မြန်မာ့ထုံးတမ်း စဉ်လာအရဆိုရင်တော့ အမျိုးသမီးတွေအတွက် အာမခံချက် မရှိဘူး” ဟု ၎င်းက ဆိုသည်။

          ထိုသို့နေထိုင်ခြင်းဖြင့် ကောင်းကျိုးထက် ဆိုးကျိုးသာ ပို များနိုင်ကြောင်းလည်း ဒေါ်ခင်ဝိုင်းကြည်က ယခုလိုထောက် ပြသည်။

          ”ကိုယ်က ပြဿနာ တစ်ခုခုဖြစ်တဲ့အခါကျရင် မြန်မာနိုင်ငံ ရဲ့ ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့ မညီတဲ့အခါကျတော့ ကိုယ့်အတွက် ဥပဒေအရ ဘာမှလုပ်လို့ မရဘူး။ အဲဒါမျိုးတွေ ရှိတယ်။ အဲဒါ ကြောင့် ဆိုးကျိုးက များပါတယ်”

          တစ်ဖက်တွင်တော့ အမျိုးသားများအနေနှင့် အမျိုးသမီး များကို အမှန်တကယ်လက်ထပ်ဖို့ မရည်ရွယ်ဘဲ သွေးဆောင်ဖြား ယောင်းပြီး ကာမကို လိမ်လည်ရယူမည်ဆိုပါက ဥပဒေနှင့် အရေး ယူခံရနိုင်သည်ဟု ရှေ့နေဦးခင်ဇော်(မရမ်းကုန်း)က ထောက်ပြ ပါသည်။

          ”မိန်းကလေးတစ်ယောက်ကို ထိမ်းမြားလက်ထပ်မယ်လို့ ယုံကြည်အောင်ပြောပြီး သွေးဆောင်ဖြားယောင်းမယ်ဆိုလို့ရှိ ရင်၊ သွေးဆောင်ဖြားယောင်း ကာမရယူမှု ပုဒ်မ ၄၁၇ နဲ့ အရေး ယူလို့ရတယ်”ဟု ၎င်းက ဆိုသည်။

          ပုဒ်မ ၄၁၇ ဆိုသည်မှာ လူတစ်ဦး၏ ကိုယ်၊ စိတ်၊ ဂုဏ်သရေ နစ်နာအောင် လိမ်လည်မှုဖြစ်ပြီး (ဥပမာ-မိန်းကလေးတစ် ယောက်ကို လက်ထပ်ယူမည်ဟု ယုံကြည်အောင် လှည့်စားပြော ဆိုပြီး) ကာမကိုရယူပြီးခါမှ တာဝန်ယူရန်ငြင်းဆန်လျှင် ပြစ်မှု မြောက်ကြောင်း၊ ပြစ်မှုထင်ရှားပါက ထောင်ဒဏ်တစ်နှစ်နှင့် ငွေ ဒဏ်ပါ နှစ်ခုစလုံးချမှတ်နိုင်သည်ဟု ဆိုသည်။

          တခြားနိုင်ငံများမှ ယဉ်ကျေးမှုများ စိမ့်ဝင်လာမှုကို သတိရှိ ကြဖို့ ရှေ့နေဦးခင်ဇော်က ယခုလိုလည်း သတိပေးပြောဆိုသည်။

          ”အခုက ကိုးရီးယားကားတွေကြည့်ပြီး လက်မထပ်ရသေး ဘူး၊ အတူနေတယ်။ ပြီးမှ လက်ထပ်ကြတယ်။ ဒါက သစ္စာရှိရင် တော့ အကြောင်းမဟုတ်ဘူး။ အခုခေတ်မှာ သစ္စာမရှိဘူး။ ဒါ ကြောင့် မိန်းကလေးတွေ အငိုလွယ်လို့ အရှိုက်ခက်ကြတာ။ အဲဒီ လိုအမှုတွေက တရားရုံးတွေမှာ အများကြီးပဲ”ဟု ၎င်းက ဆိုသည်။

          လက်ရှိမြန်မာနိုင်ငံတွင် လက်မထပ်အတူနေထိုင်မှုကို လူမှု အသိုင်းအဝိုင်းမှ လက်မခံနိုင်သေးသော်လည်း ခေတ်ရေစီး ကြောင်း ပြောင်းလဲမှုအရ လက်မထပ်ခင်အတူ နေထိုင်မှုများမှာ ရှိနေကြပါသည်။ အချို့က လက်မထပ်ခင် တစ်ယောက် အကြောင်း တစ်ယောက်လေ့လာချင်သောကြောင့်ဟုဆိုကာ အတူနေကြသူများရှိသကဲ့သို့ စီးပွားရေးအခြေအနေကြောင့် လောလောဆယ်လက်မထပ်နိုင်သေးဟုဆိုကာ အတူနေထိုင်ကြ သည်များလည်း ရှိသည်။

          အတူနေထိုင်ပြီးမှ လမ်းခွဲလိုက်သူ အသက် ၃၂ နှစ်အရွယ် မကျော့ * ကတော့ ယခုလိုနေထိုင်ပြီးမှ လမ်းခွဲလိုက် ခြင်းသည် အိမ်ထောင်ပြုပြီးမှ ကွဲသွားခြင်းလောက်မဆိုးဟု ဆို သည်။

          ”အိမ်ထောင်တစ်ခုကို ထူထောင်လိုက်ပြီဆိုရင်အကြောင်း အမျိုးမျိုးပေါ့။ ကွဲသွားလို့ရှိရင် တစ်ခုလပ်တို့၊ ဘာတို့ အဲဒီလိုမျိုး ကျန်ခဲ့ရင် ပိုဆိုးမယ်ထင်တယ်”

          မကျော့တို့ကဲ့သို့ အတူနေပြီးမှ လမ်းခွဲသွားကြသူများရှိနေသကဲ့သို့ အတူနေပြီးမှ အမှန်တကယ် လက်ထပ်သွားသူများ လည်း ရှိပါသည်။

ဓာတ်ပုံ-ဇေယျာလှိုင်/မော်ကွန်းမဂ္ဂဇင်း

          မဟေဇင်တို့ ချစ်သူနှစ်ဦးဆိုလျှင် နှစ်ဖက်မိဘကို အသိ ပေးပြီး မကြာခင်လက်ထပ်လိုက်ကြဖို့ ပြင်ဆင်နေပြီဖြစ်သည်။

          မဟေဇင်၏ ချစ်သူ ကိုသော်ဇင် *က သူတို့၏ အစီအစဉ်နှင့် ပတ်သက်ပြီး ယခုလိုပြောပြသည်။

          ”ကျွန်တော်တို့ ခုနစ်လလောက်နေပြီးတော့မှ  အိမ်တွေကို ဖွင့်ပြောကြတယ်။ အိမ်တွေကတော့ သဘောတူကြတယ်။ ဒါပေမဲ့ ချက်ချင်း လက်မထပ်သေးဘူး။ ယူနိုင်တဲ့အခြေအနေရောက် အောင် ကြိုးစားပြီးတော့မှ လက်ထပ်ဖို့စီစဉ်ကြတာ”

          ကိုသော်ဇင်က နှစ်ဦးစလုံး အလုပ်အကိုင် အခြေခိုင်မှ လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သလို တစ်ဖက်တွင်လည်း မြန်မာ့ ယဉ်ကျေးမှုထုံးစံအရ လက်မထပ်ဘဲ အချိန်ကြာမြင့်စွာ နေလို့ မသင့်တော်သောကြောင့်လည်း ယခုလိုစီစဉ်ရခြင်း ဖြစ်သည်ဟု ဆိုသည်။

          ” မြန်မာနိုင်ငံလေ၊ ယဉ်ကျေးမှုအရလည်း မကောင်းဘူး၊ အဲဒါကြောင့် စီစဉ်ဖြစ်သွားတာပါ”ဟု ကိုသော်ဇင်က ဆိုသည်။ လက်ရှိ ပြောင်းလဲလာသောခေတ်ကို ဆန့်ကျင်အပြစ်ပြော ၍ မရနိုင်သလို မြန်မာ့ပတ်ဝန်းကျင်မှာရှိသော ယဉ်ကျေးမှု ထုံး တမ်းစဉ်လာတွေကိုလည်း ပစ်ပယ်၍မရဟု ကိုသော်ဇင်က ဆိုသည်။

          မဟေဇင်ကတော့ လွန်ခဲ့သည့် နှစ်နှစ်လောက်ကသာ အတူနေကြည့်ဖို့ မဆုံးဖြတ်ခဲ့ဘဲ လက်ထပ်ခဲ့ကြမည်ဆိုလျှင် ယခု အချိန်လောက်ဆိုလျှင် ကွဲချင် ကွဲနေလိမ့်မည်ဟု ဆိုသည်။

          ”လွန်ခဲ့တဲ့နှစ်နှစ်လောက်ကသာ လက်ထပ်ဖြစ်ခဲ့ရင် ဒီ အချိန်မှာ ကျွန်မတို့ ကွဲချင်လည်း ကွဲနေလောက်ပြီ။ မကွဲဘဲနဲ့ လည်း တစ်ယောက်နဲ့ တစ်ယောက် စိတ်ဆင်းရဲတဲ့မျက်နှာကြီး ကြည့်ပြီးနေရင်လည်း နေရလိမ့်မယ်။ အခုအချိန်မှာ ပိုပြီးတော့ နားလည်ခွင့်လွှတ်ပေးနိုင်နေပြီလေ”  ။ ။

(* ပြထားသော နာမည်များသည် ကာယကံရှင်များ၏ ဆန္ဒအရ အမည်လွှဲ ထားခြင်းဖြစ်ပါသည်။)

(ဆောင်းပါးပါ ပုံများသည် သရုပ်ဖော်ပုံများသာ ဖြစ်ပါသည်။)

၂၀၁၃-နိုဝင်ဘာလထုတ် ၊မော်ကွန်း မဂ္ဂဇင်းအမှတ်(၉)မှ သတင်းဆောင်းပါးဖြစ်ပါသည်။

သက်ဦးမွန် နှင့် ကောင်းမြတ်မိုး ရေးသည်။

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."