စက်တင်ဘာလထုတ်-၂၀၁၃၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၈) စာအုပ်စင်ကဏ္ဍမှ စာအုပ်အညွှန်းဖြစ်ပါသည်။
ဝင်းဇော်လတ် ရေးသည်။
(၁)
‘နိုင်ငံရေးယဉ်ကျေးမှု’ဆိုသော စကားလုံးသည် ယခု အချိန်တွင် အင်မတန်တွင်ကျယ်နေသော အသုံးအနှုန်းတစ်ခု ဖြစ်သည်။ ဆန့်ကျင်ဘက် အုပ်စုများအကြား မတူညီမှုများကို ခေတ္တဘေးဖယ်၍ တူတာတွေ လက်တွဲလုပ်ရန် အနက်အဓိပ္ပာယ် ဖြင့် ရည်ညွှန်းသုံးနှုန်းခြင်းဟု သဘောပေါက်ရသည်။
လက်ရှိသမ္မတသည်ပင်လျှင် အဆိုပါစကားလုံးကို သူ၏ ရေဒီယိုမှတစ်ဆင့် တိုင်းပြည်သို့ ပြောသည့် လစဉ်မိန့်ခွန်းများ တွင် အလျဉ်းသင့်တိုင်း ထည့်၍ သုံးစွဲသည်ကို တွေ့နေရသည်။ စာနယ်ဇင်းများတွင်လည်း ဆောင်းပါးရှင်များက လှပသော အဆိုပါ စကားလုံးကို ကြုံတိုင်း ထည့်သုံးကြသည်။
နိုင်ငံရေးယဉ်ကျေးမှု။ ထိုစကားလုံးသည် စိတ်ဝင်စားဖို့ ကောင်းသည်။ ကျွန်တော့်အဖို့တော့ နိုင်ငံရေးစကားလုံးကို ဆရာဒဂုန်တာရာ၏ ဆောင်းပါးများမှတစ်ဆင့် ပထမဆုံးတွေ့ခဲ့ ရခြင်း ဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပေါင်း(၃ဝ) နီးပါးကတည်းက စစ်အာဏာရှင် အမှောင်ခေတ်တစ်လျှောက်လုံးတွင် ဆရာဒဂုန် တာ ရာ သုံးနှုန်းခဲ့သည့် စကားလုံး။ သို့သော် ယခုအခါ နိုင်ငံရေး လောကတွင် ကျယ်ပြန့်ပျံ့နှံ့လေပြီ။ ဘာကြောင့် နိုင်ငံရေးယဉ် ကျေးမှုလဲ။
(၂)
ပြီးခဲ့သည့်လ(သြဂုတ်) ထဲတွင် ဆရာဒဂုန်တာရာ ကွယ် လွန်သွားသည်။ ဆရာ့ကို လွမ်းတနှမြောကြသူတို့၏ စကားသံ များ၊ စာလွှာများကို စာနယ်ဇင်းများတွင် ပြောကြဆိုကြသည်ကို ဖတ်ရသည်။ ဆရာ့ကို ချီးကျူးသူ၊ ဂုဏ်ပြုသူများက ဆရာ၏ ထင် ရှားသော အယူအဆတစ်ခုဖြစ်သည့် ‘မုန်းသူမရှိ ချစ်သူသာရှိ၊ ရန်သူမရှိ မိတ်ဆွေသာရှိ’နှင့် ‘နိုင်ငံရေးလုပ်တယ်ဆိုတာ ရန်သူ ကို မိတ်ဆွေဖြစ်အောင်လုပ်တာ’ များကို ကိုးကားသုံးနှုန်းပြီး ပြောနေကြကိုလည်း တွေ့ရသည်။
ထိုစကားလုံးများသည် ဆရာသက်ရှိထင်ရှားရှိစဉ်ကပင် အငြင်းအခုံဖြစ်ရဆုံး၊ ဝိဝါဒကွဲပြားရဆုံး စကားလုံးများဖြစ်ခဲ့ သည်ကို အားလုံးသိသည်။ လက်ခံသူ၊ ဆန့်ကျင်သူ၊ မကျေလည် သူများအကြားမှာပင် ဆရာသည် သူ၏ အဆိုပါအယူအဆကို နောက်ဆုံးထွက်သက်အထိ ဆုပ်ကိုင်သွားခဲ့သည်။ ရှည်လျား ထွေပြားသည့် နိုင်ငံရေးနှင့် သမိုင်းရေစီးကို ဖြတ်သန်းခဲ့ရာမှ ရရှိ လာသည့် အတွေးအခေါ်တစ်ခုအဖြစ် ဆရာသည် သူ့အယူအဆ ကို အခွင့်သင့်တိုင်း ပြောခဲ့သည်။ ရေးခဲ့သည်။
ဆရာကွယ်လွန်ချိန်တွင် အဆိုပါ စကားလုံးကို ပြန်ကြား လာရသည်။ ပြောသူများထဲတွင် လူအမျိုးမျိုးပါသည်။ အချို့ပြော သူများက အဓိပ္ပာယ်တစ်မျိုးနှင့် ပြောနေကြသည်ကို တွေ့လာရ သည်။ မိမိဘာသာ ခံယူချက်လျော့ရဲသောကြောင့် အာဏာပိုင် များ၏ မက်လုံးပေးဆွဲဆောင်မှုကို မရှောင်နိုင်သူများကပင် သူတို့သည် ဆရာ၏ ရန်သူမရှိ မိတ်ဆွေသာရှိ ဆိုသော ‘မူ’ကို လက်တွေ့အကောင်အထည်ဖော်သူများအဖြစ် ပြောလာသော အခါ အံ့သြရသည်။
အယူအဆတစ်ခုကို လက်ခံသည်၊ လက်မခံသည်ကို အဆို ပါသဘောတရားအား တတ်နိုင်သလောက် ဖြန့်ကျက်လေ့ လာ ပြီးမှသာ သုံးသပ်ပြောဆိုသင့်သည်။ ‘လေသံဖမ်း တရားနာ’ကြ၍ မဖြစ်။ အယူအဆတစ်ခုကို ဘာကြောင့် ဆန့်ကျင်သည်။ ဘာ ကြောင့် လက်ခံသည်။ အားနည်းချက်များ ဘယ်လိုရှိမည်။ လက် တွေ့အကောင်အထည်ဖော်သောအခါ ကြုံရနိုင်သည့် မြေပြင် အနေအထားများကို ချင့်တွက်ပြီး ပြောဆိုလုပ်ကိုင်မှသာ အမှန်တရားနှင့် နီးစပ်နိုင်မည်ဖြစ်သည်။ အယူအဆတစ်ခုသည် မည်သည့်အခါမှ စင်းလုံးချောပြည့်စုံသည်မရှိပါ။ ခြွင်းချက်များ၊ ‘ထောက်ကွက်’ပြစရာများ အနည်းနှင့် အများရှိနေမည်သာ ဖြစ်သည်။
ယခု ကြုံနေရသည်မှာ ရန်သူ တစ်နည်းအားဖြင့် ဆန့်ကျင် ဘက်အင်အားစုများနှင့် ပူးပေါင်းပြီး ပြည်သူ့အရေး မျက်ကွယ် ပြုနေသူများက သူတို့၏ သိက္ခာမဲ့သည့် ဥပဓိရုပ်များကို အကာ အကွယ်ပေးမည့် မျက်နှာဖုံးတစ်ခုအဖြစ် ဆရာ၏ ရန်သူမရှိ မိတ် ဆွေသာရှိသော အယူအဆကို အသုံးချနေသည်မှာ မဖြစ်သင့်။ ဆရာသည် အဆိုပါ ဖောက်လွဲဖောက်ပြန်လူစားများအတွက် ရည်စူးပြောခဲ့သည်မဟုတ်။ တိုင်းပြည်အတွက် သမိုင်းဖြတ်သန်းမှုအတွေ့အကြုံများမှ အနှစ်ချုပ်ရယူထားသည့် အယူအဆတစ်ခု ကို ဆရာဒဂုန်တာရာက တင်ပြခဲ့ခြင်းသာဖြစ်သည်။
သူ့အယူအဆကို လက်ခံသူရှိမည်။ ကွဲလွဲချင်သူလည်း ရှိ မည်။ စောဒကနှင့် မေးခွန်းထုတ်သူများလည်း ရှိမည်။ လွတ်လပ်စွာ တွေးမြင်ပြောဆိုနိုင်သည့် အခွင့်အရေးသည် လူတိုင်းမှာရှိ သည်။ သို့သော် ဖြစ်သင့်သည်မှာ အယူအဆတစ်ခုကို ထောက်ခံ ခြင်း၊ ကန့်ကွက်ခြင်းပြုရာတွင် အဆိုပါ အယူအဆကို တတ်နိုင် သမျှ ကျယ်ကျယ်ပြန့်ပြန့် လေ့လာဖို့တော့လိုသည်။ ပြီးတော့မှ ဝေဖန်ခြင်း၊ ဆွေးနွေးခြင်းများပြုသင့်သည်။ ထိုသို့ပင် ကျွန်တော်တို့ ယုံကြည်သည်။ ဘာကြောင့် ရန်သူကို မိတ်ဆွေဖြစ် အောင် လုပ်ရမှာလဲ။
(၃)
တိုတောင်းလှသည့် မော်ကွန်း၏ ဤစာမျက်နှာကလေးတွင် ကျွန်တော်တို့ ဆရာ၏ အထက်ပါ အယူအဆများနှင့် ပတ်သက်ပြီး ဝေဖန်ငြင်းခုံရန်နှင့် ထင်မြင်ချက် တစ်စုံတစ်ရာပေးဖို့ မရည်ရွယ် ပါ။ သမိုင်းရေး ဖြတ်သန်းမှုကြီးမားသော၊ ပြည်သူ့ဘက်မှရပ်တည် သော၊ ငြိမ်းချမ်းရေးကို ကြိုးပမ်းသော စာပေအနုပညာရှင် တစ် ဦး၏ ‘နိုင်ငံရေးယဉ်ကျေးမှု’၊ တစ်နည်းအားဖြင့် ရန်သူကို မိတ် ဆွေဖြစ်အောင် လုပ်ခြင်းဖြစ်သည်ဆိုသော အယူအဆနှင့် အတွေးအမြင်များကို ခြေရာကောက်၍ စာဖတ်သူများကို ဖြန့် ခင်းပြရန်သာ ရည်ရွယ်သည်။ ဆရာကွယ်လွန်သည့် အထိမ်း အမှတ်ဖြင့် ဂုဏ်ပြုသင့်သည်ဟုလည်း ထင်သောကြောင့် ဖြစ်သည်။
၁၉၈ဝ ကျော်နှစ်များကတည်းက ဆရာသည် ရန်သူမရှိ၊ မိတ်ဆွေသာရှိ အယူအဆကို ‘မိမိကိုယ်ကိုယ် မဲဇာသို့ ပို့ခြင်း’ကဗျာတွင် ထည့်ရေးခဲ့သည်။ ထိုနောက် ၁၉၉ဝ နောက်ပိုင်း ဆိုဗီယက်ယူနီယံကြီးပြိုကွဲသည်။ ဘာလင်တံတိုင်းကို လွတ်လပ် သောပြည်သူတို့က ဖြိုသည်။ စစ်အေးတိုက်ပွဲ ပြီးဆုံးသည်။ ရန်သူ ဟောင်းများ ပြန်လည်လက်တွဲကြသည်။ ကမ္ဘာ့အခင်းအကျင်း မြင်ကွင်းများ ပြောင်းလဲသွားသည်။
အဆိုပါ ဂယက်များက အမြဲတမ်း သမိုင်းရေးစီးဆင်းမှုရေစီးကြောင်းထဲတွင် ရှိနေသော ဆရာဒဂုန်တာရာကို ရိုက်ခတ်ပုံရ သည်။ အဆိုပါ လှုပ်ရှားပြောင်းလဲလာသော ကမ္ဘာ့နိုင်ငံရေးဖြစ်ရပ် များကို ကြုံတွေ့ဖြတ်သန်းပြီးနောက် ဆရာသည် ရန်သူမရှိ၊ မိတ် ဆွေသာရှိသော နိုင်ငံရေးယဉ်ကျေးမှုကို ဆောင်းပါးများ ရေးခဲ့ သည်။ တစ်နည်းအားဖြင့် သူ၏ ငြိမ်းချမ်းရေးအမြင်၊ နိုင်ငံရေး အမြင်ဖြစ်သည်။
အဆိုပါ ဆောင်းပါးများကို တတ်နိုင်သမျှ စုစည်းပြီး နိုင်ငံ ရေးယဉ်ကျေးမှုအမည်ဖြင့် ၂ဝ၁ဝ တွင် ပုံနှိပ်ထုတ်ဝေခဲ့သည်။ မြန်မာ့နိုင်ငံရေးတွင်လည်း သံကန့်လန့်ကာများကို ဖွင့်ရန် ကြိုးဆွဲ တင်နေသော အခါသမယနှင့် တိုက်ဆိုင်နေသည်။ သို့သော် အဆို ပါ စာအုပ်တွင်ပါသော ဆောင်းပါးများမှာ ၁၉၈ဝ နှင် ၁၉၉ဝ ပြည့် လွန်နှစ်များတွင် ရေးသော ဆောင်းပါးများဖြစ်သည်။ ရေစီး ကြောင်းများပြောင်းလဲသွားသည့် ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံကို မဲဇာ ရိပ်တွင်နေသည့် ဆရာက မောင်လင်းထက် ကလောင်ခွဲဖြင့် ခွဲ ခြမ်းစိတ်ဖြာသော ဆောင်းပါးများလည်းပါသည်။ စာအုပ်အမှာ စာတွင် ဆရာက နိုင်ငံရေးယဉ်ကျေးမှုကို ယခုကဲ့သို့ အဓိပ္ပာယ် ဖွင့်သည်။
”… နိုင်ငံရေးယဉ်ကျေးမှုစာအုပ်သည် ငြိမ်းချမ်းရေး အကြောင်း ဖော်ပြခြင်းဟု မှတ်ယူစေလိုသည်။ စာအုပ်တွင်ပါရှိ သော မာတိကာတို့မှာ ငြိမ်းချမ်းရေးသက်သက်မဟုတ်တော့ဘဲ ငြိမ်းချမ်းရေးနှင့် ဆက်သွယ်သော ဘာသာရပ်များပါဝင်သည်။
”…ယခုဖော်ပြပါ နိုင်ငံရေးယဉ်ကျေးမှုဆောင်းပါးများကို ဖတ်ရှုရသောအခါ ငြိမ်းချမ်းရေး၏ တန်ဖိုးကို တွေ့ရှိရပေလိမ့်မည်။ ငြိမ်းချမ်းရေးတန်ဖိုးမှာ ကျွန်တော်တို့မျှော်လင့်နေသော ပြည် ထောင်စု မြန်မာနိုင်ငံတော်သစ်နှင့်လည်း ဆက်သွယ်နေသည်။
နိုင်ငံတော်သစ်တွင် လွတ်လပ်ရေးကို ကြေညာပြီးစက စတင်၍ မတည်မငြိမ်ဖြစ်ခြင်းကို တွေ့ရပေလိမ့်မည်။ ယင်းသို့ မတည်မငြိမ်ဖြစ်ခြင်းသည် ယဉ်ကျေးမှုကင်းမဲ့နေသောကြောင့်ဟု တွေ့ရသည်။ သို့ဖြစ်၍ နိုင်ငံတော်သစ်တည်ဆောက်ရာတွင် အလိုအပ်ဆုံးမှာ ငြိမ်းချမ်းရေးပင်ဖြစ်သည်ကို တွေ့ရှိရသဖြင့် သမိုင်းခေတ်အဆက်ဆက် အတွေ့အကြုံများကို ဖြတ်သန်းရင်း ရရှိသော အတွေးအခေါ်ဟု ကျွန်တော်က ယူဆသည်။ ထို့ကြောင့် နိုင်ငံရေးယဉ်ကျေးမှုသည် ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေးသည် နိုင်ငံရေးယဉ်ကျေးမှု”
ဆရာသည် အဆိုပါအမှာစာကို ၂ဝဝ၉ ခုနှစ်တွင် ရေးခြင်း ဖြစ်သည်။ ထိုထက် ၁ဝနှစ်ကျော်စော၍ ၁၉၉၅ တွင် ‘နိုင်ငံရေး ယဉ်ကျေးမှု’ခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်ပုဒ်ရေးခဲ့သည်။ ထို ဆောင်းပါးတွင် နိုင်ငံရေး၏ အဓိပ္ပာယ်နှင့် ယဉ်ကျေးမှုသဘော တရားကို ရှင်းပြပြီး နိုင်ငံရေးယဉ်ကျေးမှုဟူသော စကားလုံးကို တွဲဖက်သုံးနှုန်းခဲ့သည်။
”နိုင်ငံရေးယဉ်ကျေးမှုသည် ငြိမ်းချမ်းရေးဟုဆိုတော့ ငြိမ်းချမ်းရေးအခြေအနေများကို ထည့်သွင်းစဉ်းစားကြရလိမ့် မည်။ ငြိမ်းချမ်းရေးအခြေအနေရရှိရန် အခြေအနေများမှာ တန်း တူအခွင့်အရေး၊ လွပ်လပ်ရေးနှင့် ညီညွတ်ရေးဖြစ်သည်။ တန်းတူ အခွင့်အရေးဖြင့် လွတ်လပ်ရေးရှိမှ ညီညွတ်မည်။ ညီညွတ်မှ ငြိမ်း ချမ်းရေးရရှိမည်။ ငြိမ်းချမ်းရေးမရှိခြင်းမှာ မညီညွတ်ခြင်း ကြောင့်ဖြစ်သည်။ မညီညွတ်ခြင်းမှာ တန်းတူအခွင့်အရေးနှင့် လွတ် လပ်ရေးမရှိခြင်းကြောင့်ဖြစ်သည်။
”…ပြည်သူတို့ စွမ်းအားကို တန်းတူအခွင့်အရေးဖြင့် ညီညွတ်စွာ ဆောင်ရွက်ကြခြင်းဖြင့် တိုင်းပြည်သည် စည်ပင်ဝ ပြော ပျော်ရွှင်ချမ်းမြေ့လာရပေမည်။ ထိုအခါ နိုင်ငံရေးယဉ်ကျေးမှု ထွန်းကားလာပေမည်”
ထိုအချိန်မတိုင်မီကတည်းက ဆရာသည် ဗဟုဝါဒနှင့် ဧက ဝါဒ အကြောင်းကို ပြောနေခဲ့သည်။ ဗဟုမှာ အများနှင့် ညှိနှိုင်း အုပ်ချုပ်သော ဒီမိုကရေစီ၊ ဧကဝါဒမှာ တစ်ဦးတစ်ယောက်က အာဏာချုပ်ကိုင်သော အာဏာရှင်စနစ်။ ဟခဲ့သည်။စာပေစိစစ် ရေးက ဓားမိုးထားပြီး နိုင်ငံရေးစကားလုံးများကို စိစစ်ဖြတ် တောက်နေသည့် ခေတ်အခြေတွင် လှပပါးနပ်စွာ သုံးစွဲခဲ့သည့် ကဗျာစာဆို၏ ဗဟုဝါဒနှင့် ဧကဝါဒဖြစ်သည်။
နိုင်ငံရေးသည် ဗဟုဝါဒ၏ တွဲဖက်အနက်။ဗဟုဝါဒဆိုသည် ကလည်း အများနှင့် ပတ်သက်နေသည်။ အများဆိုသည်မှာ ပေါင်းစပ်ခြင်းသဘောတရားဖြစ်သည်။ ထို့ကြောင့် နိုင်ငံရေး ယဉ်ကျေးမှုသည် ပေါင်းစပ်ခြင်းသဘောတရားဖြစ်သည်ဟု ဆရာက ဆိုသည်။
”နိုင်ငံရေးယဉ်ကျေးမှုသည် ဧကဝါဒမဟုတ်။ တစ်ကိုယ် တည်း ကောင်းစားရေး၊ တစ်ကိုယ်တည်း အစွမ်းပြရေး၊ တစ် ယောက်တည်း လက်ဝါးကြီးအုပ်ထားခြင်း၊ ပုဂ္ဂိုလ်စွဲ အာဃတ လွှမ်းမိုးခြင်းတို့သည် ဧကဝါဒ၏ ခက်မြွှာများဖြစ်သည်။ ဧကဝါဒ နှင့် ဆန့်ကျင်ဘက်က ဗဟုဝါဒ။ လူသားတို့ ကမ္ဘာကြီးသည် တစ် မျိုးတည်း၊ တစ်ရောင်တည်း ရှိနေသည်မဟုတ်။ အမျိုးမျိုး အထွေ ထွေ ဖွဲ့စည်းတည်ရှိနေရသည်။ ယင်းသို့ မတူညီခြင်းတို့ ပေါင်း စပ်ခြင်းသည် ညီညွတ်ရေးဖြစ်သည်။ ဗဟုဝါဒဖြစ်သည်”
နိုင်ငံရေးယဉ်ကျေးမှု အမြင်များ၏ နောက်ဆက်တွဲအဖြစ် နိုင်ငံရေးယဉ်ကျေးမှုနိဿရ (၁)(၂) ကိုလည်း ရေးခဲ့သည်။ နိုင်ငံ ရေးယဉ်ကျေးမှုဆိုသည့်အပေါ်တွင် သဘောထားအမျိုးမျိုးရှိနိုင်ကြောင်းကို အဆိုပါ ဆောင်းပါးများတွင် ဖော်ပြခဲ့သည်။ ငြိမ်းချမ်း ရေးသည် နိုင်ငံရေးယဉ်ကျေးမှုနှင့် အပြန်အလှန် အဆက်အစပ် ရှိသည့် အကြောင်း ရှင်းလင်းထားသည်။
အမြင်မတူသူများ၊ သဘောထားမတူညီသူများ၊ ဆန့်ကျင် ဘက်အုပ်စုများ အကြားတွင် ညီညွတ်ရေးရနိုင်မည်လားဟု မေးလာနိုင်သည်။ မေးခွန်းအများအတွက်လည်း ဆရာ ဒဂုန်တာ ရာသည် ၂ဝဝ၄ ခုနှစ်တွင် ‘ဆန့်ကျင်ဘက်တို့ ညီညွတ်ရေး’ဟူ သော ဆောင်းပါးတွင် ဆွေးနွေးပြထားသည်။ သူ့ကိုယ်တွေ့များ လည်း ပါသည်။ တစ်စိတ်တစ်ပိုင်း ဖော်ပြချင်ပါသည်။
”ဆန့်ကျင်ဘက်တို့ဆိုထား၍ ညီညွတ်နိုင်ပါ့မလားဟု မေးခွန်းထွက်လာနိုင်သည်။ ကျွန်တော်သည် ဗဟုဝါဒဟု ပြောခဲ့ သည်မှာ ၁ဝ နှစ်ခန့်ရှိပြီ။ ဆန့်ကျင်ဘက်တို့၏ ညီညွတ်ရေးကို ရရှိ အောင် ဆောင်ရွက်ခြင်းသည် နိုင်ငံရေးဖြစ်သည်။ ကျွန်တော် တု့ိက ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်ခြင်းသည် နိုင်ငံရေး အလုပ်ဟု ပြောခဲ့ဖူးသည်။ ငြိမ်းချမ်းရေးဇာတ်ညွှန်းတွင် ယင်း သည် အခြေခံသဘောထားဟု ထင်သည်”
”…ကျွန်တော်တို့၏ ဘဝလမ်းကြောင်းတွင် ဆန့်ကျင်ဘက် များကို တွေ့ရမည်သာဖြစ်သည်။ ရှောင်လွှဲ၍ မရ။ အိမ်ထောင် စုအတွင်းပင်ဖြစ်စေ၊ အဖွဲ့အစည်းအတွင်း၌ဖြစ်စေ မတူသော အရာများရှိတတ်သည်။ မတူသော အရာများရှိနေသည်မှာ ဘာမျှမတတ်နိုင်။ သို့သော် ယင်းမတူ သော ဆန့်ကျင်ဘက်များကို ညီညွတ်အောင် ဆောင်ရွက်ခြင်းဖြင့် ကွဲလွဲချက်များ ရှိလင့်ကစား ညီညွတ်စွာ ဆောင်ရွက်နိုင်သော အခြေအနေကို ရယူဖန်တီးကြရ မည်ဟု ကျွန်တော် ယူဆထားသည်”
လူတို့တွင် အယူအဆများ မတူခြင်းသည် သဘာဝဖြစ် သဖြင့် နီးစပ်လာသည်အထိ ညှိနှိုင်းမည်ဆိုလျှင် ရန်သူမရှိ မိတ် ဆွေသာ ရှိ၊ မုန်းသူမရှိ ချစ်သူသာရှိသော အခြေအနေသို့ ရောက် မည်ဟု သူယုံကြည်ကြောင်း အဆိုပါဆောင်းပါးတွင် ရေးသည်။ သမိုင်းအတွေ့အကြုံ၊ ဘဝအတွေ့အကြုံအရ ယုံကြည်သည်ဟု လည်း ဆိုသည်။
အဆိုပါ ရန်သူမရှိ မိတ်ဆွေသာရှိဆိုသော စကားရပ်ကို ၁၉၈၆ က မိမိကိုယ်ကိုယ် မဲဇာသို့ ပို့ခြင်း ကဗျာတွင် စတင်ရရှိခဲ့ သည်ဟု ဆရာကရေးသည်။ သို့သော် ဘဝနှင့် သမိုင်းအတွေ့အကြုံ ဖြတ်သန်းမှုအရ ရရှိခဲ့သောအတွေးအခေါ်လည်းဖြစ်သည်။ ထို အချိန်က သဘောတရားရေး တင်းမာနေသော ကမ္ဘာကြီးတွင် စစ်အေးတိုက်ပွဲမပြီးသေး။ ဘာလင်တံတိုင်းများ မပြိုသေးချိန်ဖြစ် သည်။ အုပ်စုတစ်စုနှင့် တစ်စုကြား ငြိုးမာန်များ ဖွဲ့၍ ကောင်းနေ ကြတုန်းပင်ဖြစ်သည်။ ရန်သူဟောင်းများဖြစ်သော အမေရိကန် နှင့် ဗီယက်နမ်တို့ ရွှေလမ်းငွေလမ်းပြန်ဖောက်ရန် နှစ်အနည်းငယ် စောနေသေးချိန်ဖြစ်ပါသည်။
ထိုအချိန်တွင် ဒဂုန်တာရာက ရန်သူမရှိ မိတ်ဆွေရှိဆိုသော အယူအဆကို ထုတ်ပြောလိုက်သည်။ နှစ်သက်သူ၊ လက်မခံသူ များကို စတင်တွေ့ရသည်။ ရင်းနှီးသော သူ့မိတ်ဆွေတစ်ယောက် ကဆိုလျှင် ”မြွေပွေးကို မိတ်ဆွေဖွဲ့လို့ ရမလားဗျ” ဟု မေးခွန်း ထုတ်သည်။ ဆရာက ပြုံးနေသည်။
ထိုအချိန်က ဆရာ့အသက်မှာ ၆၇ နှစ်အရွယ်ဖြစ်သည်။ ဆရာက အဆိုပါအယူအဆမှာ သမိုင်းခေတ်များ၊ စစ်နှင့် တော် လှန်ရေးကို ဖြတ်သန်းပြီးနောက် ရရှိခဲ့သော အတွေးအခေါ်ဖြစ်ပြီး စိတ်ကူးသက်သက်မဟုတ်ကြောင်း သူ၏ ဆောင်းပါးများ တွင်ရေးခဲ့သည်။ ”ရန်သူမှ မိတ်ဆွေသို့”ဟူသော ဆောင်းပါးတွင် ရေးခဲ့သည်များအနက်မှ အချို့ကို အောက်တွင် ဖတ်ကြည့်ပါ။
”စစ်ပြီးခေတ်တွင် ကြီးပြင်းလာသူများသည် စစ်အေး ကာလကို ဖြတ်သန်းသွားကြသူများဖြစ်သည်။ စစ်အေးခေတ် ကာလဆိုသည်မှာ ဆန့်ကျင်ဘက်အုပ်စုများ တစ်ဖက်နှင့်တစ်ဖက် ရှုံ့ချပြစ်တင်ပုတ်ခတ်နေသော ကာလ၊ တစ်ဖက်နှင့်တစ်ဖက် သင့် မြတ်ပေါင်းစည်းလာရေး မဟုတ်ဘဲ ဆန့်ကျင်တိုက်ခိုက်လာရေး၊ ရန်သူစိတ်ဓာတ်တိုးပွားရေးသို့သာဖြစ်သည်။ ထို့ကြောင့် တစ်ဖက်ကို တစ်ဖက် အကောင်းမမြင်နိုင်ကြ။ အမှန်တရားကို ရှာဖွေလေ့လာစူးစမ်းသော ကာလမဟုတ်။ တစ်ဖက်သတ် အမှန် တရားဟုသာ နားလည်နေသော ခေတ်ကာလဟု ကျွန်တော် ထင်သည်။ ယင်းကာလသည် စုံလင်ထွေပြား များမြောင် ရှုပ်ထွေး သည်။ သို့သော် ရှုပ်ထွေးသည့် အထဲမှာပင် ရှင်းလင်းလာအောင် ကြည့်မြင်ရပေမည်။
လွယ်တော့မလွယ်။ အတွေ့အကြုံ သမိုင်းဖြစ်ရပ်များက သင်ကြားပေးနေသည်။ ကျွန်တော်သည် ငြိမ်းချမ်းရေးအဖွဲ့ အစည်းများတွင် အနှစ် ၂ဝ ခန့် ပါဝင်ဆောင်ရွက်ခဲ့ရသဖြင့် သမိုင်းဖြစ်ရပ်များကို နီးကပ်စွာ ထိတွေ့ခံစားနေရခဲ့ရသည်။ ငြိမ်း ချမ်းရေးနှင့် ဆန့်ကျင်ဘက်ဖြစ်သော ဘက်ကိုလည်း ကျွန်တော် တို့ ကြည့်မြင်ခဲ့ရသည်။ ယင်းသို့ နှစ်ဖက်ကြည့်မှလည်း အမှန် တရားကို ရေးရေး မြင်နိုင်စွမ်းရှိသည်”
ဆရာသည် လွတ်လပ်ရေး၊ ငြိမ်းချမ်းရေးနှင့် တိုင်းပြည် ဖွံ့ဖြိုးရေးအတွက် ဦးတည်ပြီး သူ့အယူအဆများကို ပြောခဲ့ ကြောင်း ထင်ရှားပါသည်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းက ‘သူမနာ၊ ကိုယ်မနာ’ငြိမ်းချမ်းရေးမူကို တိုင်းပြည်သို့ ချပြခဲ့ဖူးပါ သည်။ ယနေ့ ပညာရှင်များနှင့် နိုင်ငံရေးသမားများ အင်မတန် ခံတွင်းတွေ့နေသည့် နိုင်-နိုင်(Win-Win)ထက် နှစ်ပေါင်း ၄ဝခန့် စောပြီး ငြိမ်းချမ်းရေးစာဆိုကြီးက ပြောခဲ့ခြင်းဖြစ်သည်။
ယနေ့တွင်မူ ဆရာဒဂုန်တာရာသည် သူ၏ ‘ရန်သူမရှိ မိတ်ဆွေသာ ရှိ၊ မုန်းသူ မရှိ၊ ချစ်သူသာ ရှိ၊ နိုင်ငံရေးလုပ်တယ် ဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်တာ’ဆိုသော အယူ အဆသည်လည်း ငြိမ်းချမ်းရေးသဘောထားများဖြစ်ကြောင်း ဆောင်းပါးများကို ဖတ်လျှင် သိနိုင်ပါသည်။ လွတ်လပ်ရေးနှင့် အတူ ပေါက်ဖွားလာပြီး ပြည်ထောင်စုသားများအကြား နှစ်များ စွာ ခါးစည်းခံခဲ့ရသည့် စစ်မီးတောက်ကို ငြိမ်းသတ်နိုင်မည့် အတွေးအခေါ်များကို တိုင်းပြည်သို့ တင်ပြခဲ့ခြင်းဖြစ်သည်။ ထိုမှ ဆင့်ပွားပြီး လွတ်လပ်သော သဘာထားအမြင်များဖြင့် ဆန့် ကျင်ဘက် အုပ်စုများအကြား ညှိနှိုင်းအဖြေရှာသောနည်းဖြင့် ငြိမ်းချမ်းရေး၊ဖွံ့ဖြိုးရေး၊ လွတ်လပ်ရေးရှိသော လူ့ဘောင်ကို တည်ဆောက်ရမည်ဖြစ်သည်။
သို့သော် ရန်သူတွေကတော့ ရှိနိုင်သည်။ ရှိနေသည်။ သမိုင်းခေတ်များသည် ရွေ့လျားနေကြသလို လူတွေ၊ သဘော ထားတွေ၊ အယူအဆတွေကလည်း ပြောင်းလဲနေသည်။ မြစ် ရေကဲ့သို့ အလျဉ်မပြတ်စီးဆင်းနေသော သမိုင်းရေစီးကြောင်း တွင် ဆန့်ကျင်ဘက်အုပ်စုများအကြား တိုက်ပွဲများလည်း ရှိနေ မည်။ သို့သော် ငြိမ်ချမ်းသောနည်းဖြင့် ဖြေရှင်းလျှင်၊ အဖြေရှာ လျှင် တိုင်းပြည်အတွက် ရလဒ်ကောင်းများ ထွက်လာစရာရှိသည်။ ပါဝင်ကြသည့် ဆန့်ကျင်ဘက်အင်အားစုများအကြားတွင်မှု ကိုယ်ကျိုးအတ္တကို ဖယ်ပြီး အများပြည်သူကောင်းစားရေးဆို သော စေတနာတော့ ရှိရပေမည်။ စားပွဲဝိုင်းတွင် ညှိနှိုင်းအဖြေ ရှာရန်မှာ အင်အားစုများအားလုံးတွင် ရင့်ကျက်သော နှလုံးသား နှင့် စိတ်တံခါးကို ဖွင့်ထားဖို့တော့ လိုမည်ဖြစ်သည်။ ရန်သူဟူ သော အမြင်တွေ ရှိနေနိုင်သည်ကို ဆရာဒဂုန်တာရာကလည်း မငြင်းခဲ့ပါ။ သို့သော်…။
”မိမိက ရန်သူဟူ၍ သဘောမထား၊ သို့သော် မိမိကို ရန်လို လျှင်က မတတ်နိုင်။ ထို့ကြောင့် ကျွန်တော်က ရန်သူမရှိ၊ မိတ်ဆွေ သာရှိ၊ မုန်းသူမရှိ ချစ်သူသာ ရှိဟု တွေးမိခြင်းဖြစ်သည်။ အယူ အဆ မည်ကဲ့သို့ပင် ကွဲပြားခြားနားစေကာမူ၊ မတူစေကာမူ တစ် ဖက်နှင့်တစ်ဖက် တစ်ယောက်နှင့်တစ်ယောက် နားလည်လျှင် ရန်ဖြစ်စရာ အကြောင်းရှိမည်မထင်”ဟု ရေးခဲ့သည်။
(၄)
ဆရာဒဂုန်တာရာ ရေးခဲ့သည့် ရန်သူမရှိ မိတ်ဆွေသာရှိ အယူအဆနှင့် ပတ်သက်သော ဆောင်းပါးများထဲမှ ထုတ်နုတ် ဖော်ပြခဲ့ခြင်းသာဖြစ်သည်။ အကျယ်အပြန့်ကို ဆက်လက်ရှာ ဖွေဖတ်ကြရန်သာဖြစ်သည်။ လွန်ခဲ့သည့် ၁၅ နှစ်ကျော်က ရေးခဲ့ သည့် အဆိုပါဆောင်းပါးများပါဝင်သော မဂ္ဂဇင်းများကို ပြန်ရှာ ဖွေသောအခါ ဆရာ့ဆောင်းပါးများသည် ငွေမှင်၊ ရွှေမှင်များဖြင့် စာပေစိစစ်ရေးက ဖြတ်တောက်ပိတ်ပင်ထားသော နေရာများ မနည်းမနောတွေ့ရသည်။ အချို့ဆောင်းပါးများသည် မာတိကာ တွင်သာ တွေ့ရပြီး မဂ္ဂဇင်းထဲတွင် ဆောင်းပါးပါ စာမျက်နှာများ ဆုတ်ဖြဲထားသည်ကို မြင်ရသည်။
မပျောက်မပျက် ကျန်နေသေးသည့် နိုင်ငံရေးယဉ်ကျေးမှု ဆောင်းပါးများကို ရှာဖွေပြီး စာအုပ်တစ်အုပ်အဖြစ် စုစည်းထား ခြင်းသာဖြစ်သည်။ နောင်ထပ်ရှာလျှင် ထပ်တွေ့နိုင်သေးသည့် ရန်သူမရှိ မိတ်ဆွေသာရှိ အယူအဆ ဆောင်းပါးများ ထပ်တွေ့နိုင် ပါသေးသည်။
ယခု စုစည်းထားသည့် စာအုပ်တွင်မူ အပိုင်း နှစ်ပိုင်းခွဲ ထားပြီး အပိုင်း(၁)တွင် ဒဂုန်တာရာ၊ မောင်လင်းထက် အမည် များဖြင့်ရေးသော နိုင်ငံရေးယဉ်ကျေးမှု၊ နိုင်ငံရေးယဉ်ကျေးမှု နိဿရ(၁)(၂)၊ ဆန့်ကျင်ဘက်တို့၏ ညီညွတ်ရေး၊ အချစ်နှင့် အမုန်း၊ အမုန်းနှင့် အချစ်၊ မုန်းသူမရှိ ချစ်သူသာရှိ၊ ရန်သူမရှိ မိတ်ဆွေသာရှိ အတွေးအခေါ်၊ ရန်သူမှ မိတ်ဆွေသို့၊ ငြိမ်းချမ်းရေး ဇာတ်ညွှန်း၊ လွတ်လပ်ရေးနှင့် ငြိမ်းချမ်းရေး၊ ခေတ်တစ်ခေတ်၏ ဆည်းဆာရောင်၊ ငြိမ်းချမ်းရေး ကောင်းကင်ပြာ၊ အကြမ်းဖက်မှု ကို ဘယ်လိုတားဆီးမလဲ အစရှိသော ဆောင်းပါး ၁၉ ပုဒ်ကိုသာ ဖော်ပြထားနိုင်သည်။
ဒဂုန်တာရာ၏ အယူအဆနှင့် ပတ်သက်ပြီး ကန့်ကွက်သူ၊ လက်ခံသူ၊ အငြင်းပွားသူများရှိနေဆဲဖြစ်သည်။ ကျွန်တော်တို့ အနေဖြင့် ဆန္ဒပြုချင်သည်မှာ အယူအဆတစ်ခုကို ဆန့်ကျင် သည်ဖြစ်စေ၊ သဘောကျသည်ဖြစ်စေ ခြေခြေမြစ်မြစ် လေ့လာ ဆန်းစစ်ပြီးမှသာ ပြောရန်ဖြစ်သည်။ တချို့သူများမှာ ကိုယ်လိုရာ ဆွဲ၍ အဓိပ္ပာယ်ကောက် ပြောဆိုနေသည်မှာ အသိပညာကို လို လားသော ပြည်သူများကို ရှုပ်ထွေးဝေဝါးစေပါလိမ့်မည်။
သမိုင်းရေအလျဉ်သည် မပြတ်တမ်း စီးဆင်းနေသည်ဖြစ် ရာ ပြည်သူတို့၏ လိုအင်နှင့် ရင်ခုန်သံများမှ သွေဖီသော အယူ အဆများသည် လမ်းခုလတ်တွင် နစ်မြုပ်ကျဆုံးကုန်ပါသည်။ ပြည်သူ့အကျိုးစီးပွားဘက်မှ ရပ်တည်သော၊ သဘာဝဓမ္မနှင့် မဆန့်ကျင်သော၊ ပြည်သူ့ရင်ခုန်သံနှင့် ထပ်တူညီသော အတွေး အမြင်များသည် အချိန်ကာလ၏ ပွန်းတိုက်မှုကို ကြံ့ခိုင်စွာ ခုခံပြီး အခိုင်အမာ ကျန်ရစ်ခဲ့သည်သာဖြစ်သည်။ ပြီးတော့ ဆက်လက် စီးဆင်းသွားပါလိမ့်မည်။ ။
(ပုံနှိပ်မှတ်တမ်း-ပထမအကြိမ်၊ ဇွန် ၂ဝ၁ဝ၊ ထုတ်ဝေသည့်တိုက်-တိုးမြစ် စာအုပ်တိုက်၊ တန်ဖိုး-ကျပ် ၁,၇ဝဝ)

