နယူးယောက်မှာဦးသန့်နှင့်တွေ့ခြင်း

နယူးယောက်မှာဦးသန့်နှင့်တွေ့ခြင်း

၂၀၁၃၊ဇူလိုင်လထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၆) စာအုပ်စင်ကဏ္ဍမှ စာအုပ်အညွှန်းဖြစ်ပါသည်။

ဝင်းဇော်လတ်ရေးသည်။

”လူမျိုး၊ အသွေးအရောင်၊ ဘာသာ

ရေး၊ အမျိုးသားရေး သို့မဟုတ် သဘော

တရားရေးကို အကြောင်းပြုပြီး လူအချင်း

ချင်း မုန်းတီးကြတာ၊ သတ်ဖြတ်ကြတာတွေ

ရပ်တန့်ပါစေလို့ ကျွန်တော်ဆန္ဒပြုပါ တယ်”

ဦးသန့်- ကုလသမဂ္ဂ

အထွေထွအတွင်းရေးမှူးချုပ်ဟောင်း

(၁)

လက်ရှိ မြန်မာနိုင်ငံတွင် ပဋိပက္ခများနှင့် တင်းကြမ်းပြည့်နေသည့်အခိုက်ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဆယ်နှစ်ဆယ်မိုး ထမ်းဆောင်သွားသည့် မြန်မာနိုင်ငံသားတစ်ဦးကို သတိရမိသည်။သူက ဦးသန့်ဖြစ်သည်။ကျယ်ပြန့်သည့် အတွေးအမြင်၊ အယူအဆနှင့်ဘာသာတရားက သင်ကြားပေးလိုက်သည့် လူအချင်းချင်း ချစ်ကြည်ခြင်း၊ ရင်းနှီးခြင်း၊ သင့်တင့်မျှတသော ဆက်ဆံရေးရြှိခြင်း နှင့် စာနာထောကထားစိတ်များက ိုကမ္ဘာသို့ ပြသနိုင်ခဲ့သည့် ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်ဖြစ်သည်။

ပစ္စုပ္ပန်သည် သိမ်ငယ်နေသည့်အခါကျွန်တော်တို့သည် အတိတ်တစ်ချိန်ကခမ်းနားတောက်ပခဲ့သောသမိုင်းကို သတိရတတ်စမြဲဖြစ်ပါသည်။ အာဏာရှင် အုပ်ချုပ်ရေးက နှစ်ပေါင်းများစွာ ပြည်သူတို့၏နှလုံးသားကို ဆုတ်ချေပစ်ခဲ့သည်။ ငါနှင့်မတူ ငါ့ရန်သူဟူသော ကျဉ်းမြောင်းသည့်စိတ်ကူးစိတ်သန်းကို အခြေခံ၍ ဆန့်ကျင်ဘက်အမြင်ရှိသော နိုင်ငံရေးအင်အားစုများ၊ လူပုဂ္ဂိုလ်များကို ချေမှုန်းခဲ့သည်။ နှိမ်ထားခဲ့သည်။

ဆိုးသွမ်းသည့် အုပ်ချုပ်ရေး၊ မှားယွင်းသည့် စီမံမှုအလွဲများသည် နိုင်ငံရေးအတွေးအခေါ် ဇောက်ထိုးမိုးမျှော်ဖြစ်မှုများနှင့် ပေါင်းသွားသောအခါ အဖက်ဖက်မှ ချွတ်ခြုံကျသည့် တိုင်းပြည်တစ်ပြည် ကမ္ဘာတွင် ပေါ်ထွက်လာသည်။မြန်မာဖြစ်သည်။သို့သော် အမှောင်မိုက်ဆုံးကာလများမှာပင် ကောင်းကင်၌ ကြယ်ပွင့်လေးတစ်လုံးတလေကတော့ ရှိနေတတ်ပါသည။် ကံကောင်း လျှင်ပေါ။့ ကျွန်တော်တို့ကံကောင်းခဲ့သည်။ ခေတ်ဆိုးကြီးအတွင်းမှာပင် ကျွန်တော်တို့သည် ဦးသန့်ကဲ့သို့သော ပုဂ္ဂိုလ်များကို ရရှိခဲ့သည်။

ကမ္ဘာကြီးက မြန်မာကို သိရှိသူနည်းသေးသည့်အချိန်တွင် ဦးသန့်သည်မြန်မာပြည်ကို ကိုယ်စားပြုသည့် ပြယုဂ်တစ်ခုဖြစ်ခဲ့သည်။ ၁၉၆ဝ နှစ်များက ထွက်ရှိသည့် သတင်းစာတစ်စောင်မှ ဆောင်းပါးတစ်ပုဒ်ကို ကျွန်တော်တို့ အမှတ်ရသည်။ ဆောင်းပါးရှင်တို့က နိုင်ငံခြားတိုင်းပြည်တစ်ပြည်သို့ သွားရောက်စဉ်ကအတွေ့အကြုံကို ပြန်ရေးထားခြင်းဖြစ်သည်။

သူတို့ကို ဘယ်နိုင်ငံက လာပါသလဲဟု အိမ်ရှင်တိုင်းပြည်မှ လူများက မေးကြသည်။ ”မြန်မာပြည်ကပါ”ဟု ဖြေသောအခါ မြန်မာပြည်ကို အများစုက မသိကြ။တချို့လည်း ရုတ်တရက် စဉ်းစားမရတာဖြစ်နိုင်သည်။ တချို့ကလည်း လုံးလုံးမသိခြင်းဖြစ်သည်။”ကျွန်တော်တို့ ဦးသန့်ရဲ့ တိုင်းပြည်ကပါ”ဆိုပြီး ပြောသည့်အခါမှ အိမ်ရှင်တို့၏ မျက်နှာများ ဝင်းပသွားကြသည်။အံ့သြခြင်းနှင့်အတူ ပြုံးလာသည်။”သြော်…ဦးသန့်တို့ တိုင်းပြည်ကကိုး”ဟု ဖြစ်ကုန်ကြသည်။ မြန်မာကို မသိသော်လည်း ဦးသန့်တိုင်းပြည်ကဟု ပြောရုံနှင့် မြန်မာတို့ နိုင်ငံခြားတိုင်းပြည်တွင်ဂုဏ်မြင့်ခဲ့ရသည့် အချိန်သည် အတိတ်တစ်ခါက ရှိခဲ့ဖူးသည်။

သို့သော် ကံမကောင်း အကြောင်းမလှမှုများကတော့ ရှောင်မရနိုင်အောင်ရှိနေပြန်သည်။ သဘောထားသေးသိမ်ခြင်းနှင့် ဝန်တိုသော မစ္ဆရိယစိတ်တို့ ဖုံးလွှမ်းလျက်ရှိသည့် အာဏာပိုင်အချို့ဦးသန့်၏ ကြီးကျယ်မှုကို ဖုံးဖုံးဖိဖိလုပ်ရန်ကြိုးစားခဲ့သည်။ နှစ်ကာလအတော်ကြာသည်အထိ ကံကြမ္မာက ၎င်းတို့ဘက်တွင်ရှိနေခဲ့ဟန်တူပါသည်။ စာအုပ်စာတမ်းနှင့်ဓာတ်ပုံများ၊ ဦးသန့်အကြောင်း အရေးတယူပြောဆိုမှုများ မကြားရသလောက်ရှိခဲ့သည်။

့(၂)

လူငယ်တို့အတွက် စံပြပုဂ္ဂိုလ်သည်အမြဲတမ်းလိုအပ်ပါသည်။ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်တွေမှာ ဉာဏ်ပညာကြီးသူများ၏ အကြောင်းထက် လက်နက်နှင့်အာဏာထူထောင်ခဲ့သူတို့၏ သမိုင်းက ပို၍ နေရာယူထားသည်။ သို့ဖြင့် လူငယ်တွေမှာ ရေလိုက်လွဲသည့်ဘက်သို့ရောက်ကုန်သည်။ ဝေးလွန်းသည့်သမိုင်းထဲက ပုဂ္ဂိုလ်များထက် ရုပ်မြင်သံကြားဖန်သားပြင်မှအနုပညာရှင်အချို့ကိုသာ အားကျသူများရှိ လာသည်။

ကိုရီးယားသရုပ်ဆောင်များ၏ အမူအရာများသည် လူငယ်အများစု၏ နေ့စဉ်ဘဝကို လွှမ်းမိုးထားသည်။ ထိုအခိုက်ထွန်းသစ်စနည်းပညာနှင့် ဆက်သွယ်ရေးစနစ်တို့၏ ဆွဲဆောင်မှုကိုလည်း ထွေးပွေ့လိုက်သည်။ အင်တာနက်၊ ဖေ့စ်ဘွတ်ခ်အစရှိသည့် လူမှုကွန်ရက်ဆက်သွယ်ရေးနည်းပညာ၏ ညှို့ငင်မှုတွင် စီးမျောသွားသည်။ယင်းတို့မှာ လူငယ်တို့တွင် စံပြပုဂ္ဂိုလ်များ ပျောက်ဆုံးနေခြင်း အကျိုးဆက်၏ တစ်စိတ်တစ်ဒေသဖြစ်ပါသည်။ကျဉ်းမြောင်းသည့် စိတ်အတွေးတို့ ဖုံးလွှမ်းနေသည့် အုပ်စိုးသူတစ်စု၏ ပယောဂဖြင့် နယ်ပယ်အသီးသီးမှ ထင်ရှားသည့်ပုဂ္ဂိုလ်အချို့မှာ ချောင်ထဲရောက်နေရသည်။ ဖုန်တက်နေသော စာအုပ်နှင့်သတင်းစာအဟောင်းများကြားတွင်အဆိုပါ ပုဂ္ဂိုလ်အချို့၏ ကြီးမြင့်မှုသည် နှစ်အတော်များများ ငုပ်လျှိုးနေခဲ့ရသည်။

(၃)

ဒီရက်ပိုင်းအတွင်း ဦးသန့်အကြောင်း စာအုပ်သစ်တစ်အုပ်ထွက်လာသည်။ ဘာသာပြန်စာအုပ်ဖြစ်သည်။ဦးသန့်အကြောင်း ရေးထားသည့် စာအုပ်အချို့ ရှေ့ပိုင်းက ထွက်ခဲ့ဖူးသည်။ သို့သော်အရေအတွက်အားဖြင့် နည်းသည်။ သက်ဆိုင်ရာအာဏာပိုင်များ၏ ခွင့်ပြုချက်နှင့်လည်း ဆိုင်ပါသည်။ ရေးသားသူများကသူတို့မြင်သော ရှုထောင့်မှနေ၍ ဦးသန့်အကြောင်း ရေးသားကြခြင်းဖြစ်သည်။တချို့က အနီးကပ်ကြည့်ရေးသည်။ ခပ်ဝေးဝေးမှခွာကြည့်ကာ ရေးသူများလည်းရှိသည်။

မည်သည့်ပုံစံဖြင့် ချဉ်းကပ်ရေးကြသည်ဖြစ်စေ ဦးသန့်ကို ပုံဖော်ရာတွင် တူညီသည့် အချက်တစ်ခု အမြဲတွေ့ရသည်။ယင်းမှာ ဦးသန့်၏ တည်ငြိမ်အေးဆေးမှု၊ရင့်ကျက်မှု၊ အမြော်အမြင်ကြီးမားမှုနှင့်သည်းခံခွင့်လွှတ်စိတ်တို့ကို ပေါ်လွင်အောင် ရေးကြခြင်းဖြစ်သည်။စိန်ဝင်းစိန် ဘာသာပြန်ထားသည့်ယခုစာအုပ် ‘နယူးယောက်က ဦးသန့်(U Thant in NewYork 1961-1971) ‘မှာ ဦးသန့်၏ အထွေထွေအတွင်းရေးမှူးချုပ်တာဝန်ဆယ်နှစ်ကာလကို ရေးထားခြင်းဖြစ်သည်။ မူရင်းရေးသားသူ ရမ္မာနာဆစ်မှာ ဦးသန့်နှင့် ဆယ်နှစ်စလုံး လက်ပွန်းတတီးရှိခဲ့သည့် လုပ်ဖော်ကိုင်ဘက်ဖြစ်သည်။ အထွေထွေအတွင်းရေးမှူးချုပ်ဦးသန့်၏ သတင်းထုတ်ပြန်ရေးအရာရှိတာဝန်ကိုလည်း ယူခဲ့သည်။အီဂျစ်နိုင်ငံသား ရမ္မာနာဆစ်ကနယူးယောက်ရှိ ကုလသမဂ္ဂ အဆောက်အအုံ ၃၈လွှာရှိ အထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်ကို ပုံဖော်ထားသည်။ဦးသန့်၏ နေ့စဉ်ဘဝနှင့် လူမှုရေး စာမျက်နှာ၊ ပုဂ္ဂိုလ်ရေးရုပ်ပုံလွှာထက် ဆယ်နှစ်အတွင်း ဦးသန့်တာဝန်ယူ ဖြေရှင်းခဲ့ရသည့် က္ဘမာ့ရေးရာများကို ပို၍ ဇောင်းပေးရေးသည်။

အဖြစ်အပျက် အတော်များများကိုရက်စွဲများ ဖော်ပြထားသဖြင့် ပို၍ တိကျသည်။ ခေါင်းရှုပ်စရာ အလုပ်များအကြားမှ ဦးသန့်၏ ရုပ်ပုံလွှာမှာ ထင်ရှားလာလိုက်မြုပ်သွားလိုက်နှင့် ရှိနေသည်။ တချို့ကိစ္စတွေမှာ အတွင်းရေးများဖြစ်သည်။ သို့သော် ဦးသန့်နှင့် အနီးကပ်ရှိနေသည့် နာဆစ်အဖို့ အချို့ကိစ္စများကို ဖော်ထုတ်ရေးသားခြင်းမပြုသလို ဖော်ထုတ်ရေးထားသည့် အချက်အချို့လည်း ရှိသည်။ကုလသမဂ္ဂ၏ ပထမဆုံး အတွင်းရေးမှူးချုပ်ဖြစ်ခဲ့သည့် ထရီဗီလိုင်းက’ကမ္ဘာပေါ်တွင် မဖြစ်နိုင်ဆုံးအလုပ်’ဟုကုလသမဂ္ဂ၏ အတွင်းရေးမှူးရာထူးကိုတင်စားပြောဖူးသည်။ ထိုမဖြစ်နိုင်ဆုံးအလုပ်ကိုကမ္ဘာ့အသိုင်းအဝိုင်းက ဦးသန့်အား ခန့်အပ်ရန် ရွေးချယ်လိုက်သည်။ထိုသတင်းကို ကြားလျှင် ကြားချင်းစာရေးသူ ရမ္မာနာဆစ်သည် ဦးသန့်ကိုလိုက်ရှာသည်။ ကုလသမဂ္ဂအဆောက်အအုံအတွင်းရှိ တစ်ခုသောနားနေဆောင်တွင် တွေ့ရသည်။

တွေ့သည့်အခါ ဂုဏ်ယူသည့်အကြောင်း လက်ဆွဲနှုတ်ဆက်ပြီးပြောသည်။ ဦးသန့်ကို အတွင်းရေးမှူးချုပ်အဖြစ ်ခန့်အပ်သည့််အကြောင်း ဖြစ်သ ည။်နာဆစ်က စိတ်လှုပ်ရှားလွန်းသဖြင့်အသက်ပင် မရှူနိုင်အောင်ဖြစ်နေသည်။”ခင်ဗျားကြားလာတာ မှန်ကောင်းပါရဲ့”ဟု ဦးသန့်က သူ့ထုံးစံအတိုင်း ပြုံး၍တည်ငြိမ်စွာ ပြောလိုက်သည်။ ဦးသန့်၏တည်ငြိမ်မှုရှိပုံကို နာဆစ် အံ့အားသင့်သွားသည်။ ထိုအချိန်က ဦးသန့်၏အသက်မှာ ၅၂ နှစ်ဖြစ်သည်။

စာအုပ်တွင် နာဆစ်ဖော်ပြထားသည့် ကမ္ဘာ့ရေးရာအရှုပ်အထွေးများအကြားတွင် ရောက်နေသည့် ဦးသန့်၏အထင်ရှားဆုံးပုံရိပ်မှာ တည်ငြိမ်မှုဖြစ်သည်။ ကမ္ဘာ့ခေါင်းဆောင်များအကြားတွင် ကြားဝင်ဖျန်ဖြေနေသည့် ဦးသန့်မှာအတည်ငြိမ်ဆုံး ပုံရိပ်ပိုင်ရှင်ဖြစ်သည်။ဒေါသထွက်နေသည့် နိုင်ငံ့ခေါင်းဆောင်များ၏ တင်းမာသော မျက်နှာထားများကိုပြေလျော့အောင် လုပ်ရသည့် အဖြစ်မှာလွယ်ကူသည်မဟုတ်ပါ။

ထိုအလုပ်ကို ဦးသန့်က အများစုအောင်မြင်မှုရအောင် လုပ်နိုင်သည်။အချို့ကိစ္စများတွင် သူ၏ ကြားဝင်မှုမှာအောင်မြင်မှုမရသည်များလည်းရှိသည်။ထိုအခါ တစ်ဖက်နှင့် တစ်ဖက် ရန်လိုနေသောသူများက ထိုးနှက်ဝေဖန်သည်ကိုလည်း ခံရသည်။ တည်ငြိမ်မှုမရှိသူတစ်ယောက်ဆိုလျှင် အဆိုပါဒဏ်ကို ခံနိုင်မည်မဟုတ်။ စာရေးသူ နာဆစ်က ထိုအချက်ကို မမေ့မလျော့ ဖော်ပြသည်။

ဦးသန့်ကိုယ်တိုင်ရေးသားချက်တစ်ခုကို နာဆစ်က စာအုပ်တစ်နေရာတွင် ကိုးကားဖော်ပြသည်။ ‘ဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက်’ဆိုသည့် ခေါင်းစဉ်ငယ်အောက်တွင်ဖြစ်သည်။

”… ကျွန်တော်သည် သဘောထားသေးခြင်းမှအပ အရာရာကို သည်းခံရန်လေ့ကျင့်ပေးခြင်းခံခဲ့ရသည်။ ကျွန်တော်ကြီးပြင်းလာသည်မှာ သည်းခံစိတ် ဖွံ့ဖြိုးရန်အတွက်သာ မဟုတ်ပါ။ ကိုယ်ကျင့်တရားနှင့် စိတ်ဓာတ်ရေးရာ အရည်အချင်းများကို ချစ်မြတ်နိုးတတ်ရန်လည်းဖြစ်သည်။

အထူးသဖြင့် မဝင့်ဝါ မပလွှားဘဲတော်ရုံသင့်ရုံနေထိုင်ခြင်း၊ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချခြင်း၊ ရိုင်းပင်းစာနာခြင်းနှင့်(အရေးကြီးဆုံးအချက်မှာ) စိတ်ခံစားမှုတစ်ဖက်စီးနင်းမဖြစ်ခြင်း စသည့် စိတ်ဓာတ်ရေးရာအရည်အချင်းများကို ဆိုလိုပါသည်။ တရားအားထုတ်ခြင်းက ကျွန်တော့်အား ခံစားမှုကို ထိန်းသိမ်းနိုင်ရန်သင်ကြားပေး၏။ကျွန်တော်သည် ပုထုဇဉ်လူသားတစ်ယောက်မျှသာဖြစ်ပြီး ရဟန္တာသူတော်စင်အဆင့်သို့ မရောက်သေးသဖြင့်ခံစားမှုများကို အကြွင်းမဲ့ ထိန်းချုပ်နိုင်သည်ဟု မဆိုနိုင်သော်လည်း အလွယ်တကူ စိတ်မလှုပ်ရှားတတ်သူ ဖြစ်သည်ဟုတော့ ပြောနိုင်ပါသည်”

(၄)

ဦးသန့်သည် သိမ်မွေ့ပြီး ထိန်းထိန်းသိမ်းသိမ်းရှိသူဖြစ်သော်လည်း အချို့သောကိစ္စများတွင် ပြတ်ပြတ်သားသားပြောလေ့ရှိသည်။ ဦးသန့်၏ ထင်ရှားသည့်သဘောထားတစ်ခုမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်တစ်ယောက်အနေဖြင့် ကိစ္စတိုင်းမှာ ကြားနေသင့်သလားဟူသည်နှင့်ပတ်သက်သည်။ ဦးသန့်အကြောင်းရေးသားသည့် အခြားသောစာအုပ်အချို့တွင် ဦးသန့်၏ ကြားနေရေးနှင့် ပတ်သက်သော သဘောထားကို ရေးသူများသည်။ယခုစာအုပ်တွင်လည်း နာဆစ်ကဖော်ပြထားသည်။ အတွင်းရေးမှူးချုပ်ရာထူးကို ဦးသန့် စတင်တာဝန်ယူချိန်ကရုပ်သံအစီအစဉ်တစ်ခုတွင် ဦးသန့်ကမေးခွန်းတစ်ခုကို အခုလို ဖြေဖူးသည်။

”ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရာထူးကို ယူတဲ့သူဟာ ဘယ်သူပဲ ဖြစ်နေဖြစ်နေသူဟာ သမာသမတ်ကျရမယ်။ဒါပေမဲ့ ကြားနေတယ်၊ မနေတယ်ဆိုတာတော့ သေချာပေါက် မပြောနိုင်ဘူး။”အမှားအမှန်ခွဲခြားရမယ့် ကိစ္စနှင့်ပတ်သက်လာရင် သူဟာ ကြားနေသော်လည်းကောင်း၊ တုံဏှိဘာဝေလည်းကောင်း မဖြစ်နိုင်ဘူး။ မဖြစ်သင့်ဘူး”ဟုဦးသန့်က ပြောသည်။ ထိုသဘောထားအတိုင်း သူ၏ ရာထူးသက်တမ်းအတွင်းကြုံတွေ့ရသည့် ကမ္ဘာ့ရေးရာများတွင် ရပ်တည်နေထိုင်ခဲ့သည်။ နာဆစ်က ထိုအချက်ကို နောက်ထပ် ဥပမာများပေး၍ဖော်ပြထားသေးသည်။

အမှားအမှန်နှင့် လူသားဂုဏ်သိက္ခာဘက်မှ ဦးသန့်ကရပ်တည်၍ ကမ္ဘာ့ငြိမ်းချမ်းရေးကို တည်ဆောက်ခဲ့သည်။ဦးသန့်၏ ရာထူးစတင်ထမ်းဆောင်ချိန်မှအနားယူချိန်အထိ ကမ္ဘာကြီးမှာ တင်းမာနေသည်။ ရှုပ်ထွေးလှသည့် နိုင်ငံရေး၊ သံတမန်ရေး ပြဿနာများနှင့် တင်းမာလျက်စစ်ပွဲဆင်နွှဲမည်ဟု စိုင်းပြင်းနေကြသောအုပ်စုများအကြားတွင် ကြားဝင်ရသည့်အလုပ်ကိုပါ ဆက်ခံခဲ့ရသည်။ အဆိုပါအကျပ်အတည်းများကြောင့် ဦးသန့်၏စွမ်းဆောင်ရည်နှင့် အမြော်အမြင်ကိုကမ္ဘာက သိခဲ့ရခြင်းဖြစ်သည်။

သူ၏ တည်ငြိမ်မှုနှင့် အမြော်အမြင်၊စိတ်ရှည်သည်းခံနိုင်စွမ်းကို အသုံးချ၍က္ဘာ့နိုင်ငံများအကြား အကြမ်းဖက်မှု၊စစ်ပွဲများနှင့်ထိပ်တိုက်မတွေ့အောင်အတတ်နိုင်ဆုံး လုပ်ကိုင်ခဲ့သည်။ ဘေးကျပ်နံကျပ်အခြေအနေများတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်တစ်ယောက်၏နည်းပါးလှသည့် လုပ်ပိုင်ခွင့်ကို အသုံးချ၍ဖြေရှင်းခဲ့သည်။ကျူးဘား ဒုံးပျံအရေးအခင်း၊ ဗီယက်နမ်စစ်ပွဲ၊ ၁၉၆၅ အိန္ဒိယ-ပါကစ္စတန်စစ်ပွဲနှင့် မြောက်မြားလှစွာသော နိုင်ငံတကာ အကျပ်အတည်းများတွင် ဦးသန့်သည် သူ့၏စွမ်းဆောင်ရည်ကို ကောင်းကောင်းပြနိုင်ခဲ့သည်။ တစ်ခါတစ်ရံတွင်လည်း မအောင်မြင်မှုနှင့် ကြုံရတတ်ပါသည်။

ဥပမာအားဖြင့် အာရပ်ကမ္ဘာ့အကျပ်အတည်းများတွင် ဦးသန့်နှင့်ကုလသမဂ္ဂ၏ ကြားဝင်မှုမှာ အောင်မြင်သင့်သလောက် မအောင်မြင်ခဲ့ပါ။သို့တိုင်အောင် လူသိနည်းလှသည့်ထိုအကြောင်းကို နာဆစ်က သူ့စာအုပ်တွင်ရေးခဲ့သည်။ ၁၉၆၇ ခုနှစ် အရှေ့အလယ်ပိုင်းစစ်ပွဲအတွက် ကိုင်ရိုသို့ သွား၍ စစ်မဖြစ်ရန် သမ္မတနာဆာနှင့် ဆွေးနွေးညှိနှိုင်းခဲ့သည့် တစ်ဦးတည်းသောကမ္ဘာ့ခေါင်းဆောင်မှာ ဦးသန့်ဖြစ်သည်။နာဆစ်က ထိုအချိန်က အနီးကပ် ရှိနေသဖြင့် ထိုအကြောင်းကို ကောင်းစွာ ပုံဖော်ရေးသားထားသည်။

ဦးသန့်သည် ကမ္ဘာ့ငြိမ်းချမ်းရေးကိုထိန်းသိမ်းရုံ၊ ကာကွယ်ရုံသာမဟုတ်။ကွဲပြားသည့် သဘောထားများ၊ စိတ်ခံစားမှုများ၊ ပဋိပက္ခများဖြင့် ဆူဝေနေသည့်က္ဘာကြီးတွင် ဖြစ်ပွားလာမည့် စစ်ပွဲများ၊ရန်ပွဲများကို ကာကွယ်တားဆီးနိုင်မည့် သူ၏အတွေးအမြင်များကိုလည်း ကမ္ဘာသို့ဖြန့်ဝေထားခဲ့သည်။ ဦးသန့်၏ ငြိမ်းချမ်းရေးသဘောထားသည် ကမ္ဘာအနှံ့သို့ ပျံ့နှံ့ရောက်ရှိကာ လက်ခံကျင့်သုံးနေပါပြီလား။ ဦးသန့်ကွယ်လွန်သည်မှာ ကြာပါပြီ။ထိုမေးခွန်းအတွက် အဖြေက ယနေ့အထိမရသေးဟုထင်သည်။

(၅)

”လတ်တလောရှိနေတဲ့ အမျက်ဒေါသနဲ့ ဇာတိပုည ဂုဏ်မာနတွေရဲ့အထက်မှာ ကောင်းသော သဘောထားနဲ့နားလည်မှုတည်ရှိနေဖို့ ကျွန်တော်မျှော်လင့်ပါတယ်။ အခုလို သေရေးရှင်ရေးတမျှအရေးကြီးနေတဲ့ အခိုက်အတန့်မှာ ညှိနှိုင်းဆွေးနွေးတဲ့ နည်းလမ်းဖြင့်သာကမ္ဘာ့ငြိမ်းချမ်းရေးကို အာမခံချက်ပေးနိုင်မှာဖြစ်တယ်”ကျုးဘားဒုံးပျံအရေးအခင်း အရှိန်မြင့်နေစဉ်က အထက်ပါအတိုင်း ဦးသန့်ပြောဖူးသည်။ ဦးသန့်၏ ငြိမ်းချမ်းရေးသဘောထားလည်း ဖြစ်သည်။ မတူညီသောအယူအဆနှင့် သက်ဝင်ယုံကြည်မှုရှိကြသော ကမ္ဘာပေါ်ရှိ လူသားမျိုးနွယ်များအကြား ထားရှိအပ်သော ကျယ်ပြန့်သည့်အတွေးအမြင်ကို ဦးသန့်က ချန်ထားခဲ့ပါသည်။ယခုအခါ ပဋိပက္ခများဖြင့် မတည်မငြိမ်ဖြစ်နေသည့် ဦးသန့်၏ ဇာတိမြေတွင်လည်း အဆိုပါ အတွေးအမြင်များ ပျံနှံ့တည်ရှိပါစေဟု မျှော်လင့်မိသည်။ ဦးသန့်၏ ငြိမ်းချမ်းရေးအတွေးအမြင်များအကောင်အထည်ပေါ်လာပါစေ။

[ ပြီးပါပြီ။ ]

(ပုံနှိပ်မှတ်တမ်း- ပထမအကြိမ်၊ ဇွန်၊ ၂ဝ၁၃။

တန်ဖိုး-ကျပ် ၂၅ဝဝ။ ထုတ်ဝေ- ပဉဂံစာအုပ်တိုက်)

အမျိုးအစား - စာအုပ်အညွှန်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."