ဇွန်လိုင်-၂၀၁၃၊မော်ကွန်း မဂ္ဂဇင်း အမှတ်(၆)မှ သတင်းဆောင်းပါး ဖြစ်ပါသည်။
မီမီခိုင် ရေးသည်။
ဘယ်ယာဉ်မောင်းတွေ ဖုန်းပြောများသလဲ
အထူးသဖြင့် ယာဉ်မောင်းစဉ် မိုဘိုင်းလ်ဖုန်းအသုံးပြုမှုသည် ကိုယ်ပိုင် ယာဉ်များနှင့် အငှားယာဉ်များတွင်အများ ဆုံးဖြစ်နေပြီး ခရီးသည်တင်ယာဉ်များ လည်း အနည်းငယ်ပါဝင်လာပြီ ဖြစ် ကြောင်း တွေ့ဆုံမေးမြန်းခွင့်ရခဲ့သည့် ယာဉ်ထိန်းရဲအချို့က ပြောပြ ပါသည်။
”ကားမောင်းရင်းဖုန်းပြောတာကိုအများဆုံးတွေ့နေရတာ အိမ်ကားနဲ့ တက္ကစီပဲ။ တော်တော်များများကလည်း လူငယ်ပိုင်းနဲ့ လူလတ်ပိုင်းတွေပဲ။ လိုင်း ကားသမား ကားမောင်းရင်း ဖုန်းပြောတာ ကတော့ အတွေ့ရနည်းတယ်။ ဒါပေမဲ့ အရင်ကထက်စာရင်တော့ ရှိလာနေပြီ”ဟု ပန်းဆိုးတန်းမီးပွိုင့်ရှိ တာဝန်ကျယာဉ် ထိန်းရဲ ဒုတပ်ကြပ်ဟိန်းစိုးထက်က ပြော ပြသည်။
လက်ရှိရန်ကုန်တိုင်းဒေသကြီး စည် ပင်သာယာနယ်နိမိတ်အတွင်း ပြေးဆွဲနေ သောယာဉ်စီးရေမှာ စုစုပေါင်း ၃၅၅,ဝဝဝ ကျော်ရှိပြီး ခရီးသည်ယာဉ်စီးရေ ၇,ဝဝဝ ကျော်နှင့် အငှားယာဉ်စီးရေ ၈ဝ,ဝဝဝ ကျော် ပါဝင်ပြီး ကျန်သည့် ယာဉ်စီးရေ သည် ဌာနဆိုင်ရာယာဉ်များ၊ ကုန်တင် ယာဉ်များ၊ ကုမ္ပဏီယာဉ်များနှင့် ပုဂ္ဂလိက ပိုင်ယာဉ်များဖြစ်ကြောင်း ကုန်းလမ်းပို့ ဆောင်ရေးòန်ကြားမှုဦးစီးဌာန၏ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။
ခရီးသည်တင်ယာဉ်မောင်းများ ယာဉ်မောင်းစဉ် ဖုန်းအသုံးပြုမှုသည် အခြားယာဉ်မောင်းများထက် ပိုမို အ္တနရာယ်များကာ ပိုမိုတာဝန်ကြီး ကြောင်း ရန်ကုန်တိုင်းဒေသကြီး မော် တော်ယာဉ်လုပ်ငန်းပေါင်းစုံကြီးကြပ်မှု ဗဟိုကော်မတီ ဥက္ကဋ္ဌ ဦးလှအောင်က သုံးသပ်ပါသည်။
”ခရီးသည်တင်ယာဉ်ဆိုတာ လူ့ အသက်တွေအများကြီး ယာဉ်ပေါ်မှာတင် လာတာလေ။ ယာဉ်မောင်း တစ်ခုခု လွဲ ချော်ရင် ခရီးသည်တွေ အများကြီး အန္တရာယ်ရှိတယ်။ ဒါပေမဲ့ တချို့ယာဉ် မောင်းကတော့ ရပါတယ်၊ ငါကျွမ်းကျင် တယ်ဆိုပြီး မောင်းနေကြတာပဲ”ဟု ဦးလှ အောင်က ပြောပြပါသည်။
”ပြဿနာက ဥပဒေလည်း မရှိ၊ ဥပမာဖြစ်စဉ်ကိုလည်း အချက်အလက် အားနည်းမှုကြောင့် မပြနိုင်တော့ ယာဉ် မောင်းတွေက ကားမောင်းရင်း ဖုန်းပြော လို့ဖြစ်မယ့် အန္တရာယ်ကို မကြောက်ကြ ဘူးဖြစ်နေတာ။ လူဆိုတာက ဒီလိုဖြစ်မယ် ဆိုမှ ကြောက်ကြတာ”ဟု ဦးလှအောင်ကယာဉ်မောင်းများယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာမှုအားနည်းခြင်းနှင့် ပတ်သက်၍ စိတ်ပျက်လက်ပျက်ဖြစ်ဟန် နှင့် ပြောသည်။
ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံကြီးကြပ် မှုဗဟိုကော်မတီလက်အောက်ရှိ ယာဉ် လိုင်း ၁၇ လိုင်းမှ ယာဉ်မောင်းသူနှင့် ယာဉ်နောက်လိုက်နှစ် သောင်းနီးပါးအား ယာဉ်မောင်းစဉ်နှင့် ခရီးသည် သယ်ယူပို့ ဆောင်ချိန်တွင် ဖုန်းအသုံးမပြုကြစေရန် အတွက် အထူးစစ်ဆေးရေးအဖွဲ့များ ဖွဲ့ စည်းကာ ဆောင်ရွက်သွားတော့မည်ဟု သူကဆိုသည်။
မြန်မာနိုင်ငံတွင်ယာဉ်မောင်းစဉ်မိုဘိုင်းလ်ဖုန်းအသုံးပြုခြင်းနှင့်ပတ်သက်၍သက်ဆိုင်ရာဌာနမှထုတ်ပြန်ထားသော ဥပဒေ(သို့) အမိန့် (သို့) ညွှန်ကြားချက် တစ်စုံတစ်ရာမရှိဘဲ၂ဝဝ၄ ခုနှစ်မှ စတင် ကာ ‘ယာဉ်မောင်းစဉ် မိုဘိုင်းလ်ဖုန်းအသုံး မပြုသင့်ကြောင်း’သတိပေးနှိုးဆော်ချက် အဆင့်သာ သတ်မှတ်ထားကြောင်း ရန် ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်း သိမ်းရေးကြီးကြပ်မှုဗဟိုကော်မတီမှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောပါသည်။
”သတိပေးနှိုးဆော်ချက်အဆင့်ကအရေးယူဆောင်ရွက်လို့မရပါဘူး။ သူတို့ အန္တရာယ် သူတို့သိပြီး ကိုယ်ပိုင်အသိစိတ် ဓာတ်နဲ့ပဲ လိုက်နာမှရမယ်”ဟု အဆိုပါ အဆင့်မြင့်အရာရှိက ဆိုသည်။
အမျိုးသားလွှတ်တော်ကိုယ်စား လှယ်တစ်ဦးဖြစ်သည့် ဒေါ်ခင်ဝိုင်းကြည်က တော့ လက်ရှိသုံးစွဲနေသောမော်တော် ယာဉ်ဥပဒေသည် ၁၉၆၄ ခုနှစ်က ပြဋ္ဌာန်း ထားသော ဥပဒေဖြစ်တာကြောင့် ယနေ့ ခေတ်ကာလနှင့် မလျော်ညီသော အဆိုပါ ဥပဒေအား ပြန်လည်ပြင်ဆင်ခြင်းများ၊ ဖြည့်စွက်ခြင်းများ ပြုလုပ်သင့်ကြောင်း ပြောပြပါသည်။
တွေ့ဆုံမေးမြန်းခွင့်ရခဲ့သည့် ယာဉ် ထိန်းရဲအချို့ကတော့ ဥပဒေများသည် ထုတ်ပြန်တိုင်းမကောင်းကြောင်းနှင့် ယာဉ်မောင်းများနှင့် ပြည်သူလူထုအပေါ် တွင် လမ်းပေါ်ရောက်သည်နှင့် ဝန်ထုပ်ဝန် ပိုးဖြစ်စေမည်ဖြစ်ကာ ၎င်းတို့အပေါ် နား လည်မှုလွဲမှားကြမည်ကို စိုးရိမ်ကြောင်း ပြောပြကြပါသည်။
ယာဉ်ထိန်း ဒုတပ်ကြပ် ထက်လှိုင် ပွားကတော့ ၎င်းတို့အနေနှင့် ယာဉ် မောင်းတွေကို စည်းကမ်းတွေ၊ ဥပဒေတွေ နှင့် မထိန်းချုပ်ဘဲ သူတို့အသိစိတ်နှင့်ပဲ ပြင်စေချင်သည်ဟု ဆိုပါသည်။
”ကားမောင်းနေရင်း ဖုန်းပြောမှ ရ မယ့်အခြေအနေဆိုရင်တော့ လမ်းဘေး မှာခဏရပ်ပြီးမှပဲ ပြောစေချင်တယ်၊ Hand-free နဲ့ Blue-tooth တို့နဲ့ ပြော တာလည်း စိတ်ပျံ့လွင့်တာပဲလေ၊။ ယာဉ် အန္တရာယ်ကိုဖြစ်စေနိုင်တာပါပဲ”ဟု ယာဉ်ထိန်း ဦးထက်လှိုင်ပွားက ပြော ပါသည်။
ဒေါ်ခင်ဝိုင်းကြည်ကတော့ ”ညွှန် ကြားချက်အနေနဲ့ ရှိသင့်တာလား၊ ဥပဒေ ထုတ်ပြန်သင့်တာလားဆိုတာကို ဖြစ်လာ နိုင်တဲ့ အကျိုးအပြစ်အပေါ် မူတည်ပြီး လိုအပ်ရင် လိုအပ်သလို လွှတ်တော်မှာ ဆွေးနွေးရမယ်၊ ပြင်ဆင်တာ၊ ဖြည့်စွက် တာလုပ်ရမှာပဲ၊ ဥပဒေမှာ မပါလို့ဆိုပြီး မထိန်းချုပ်နိုင်တာက မဖြစ်သင့်ဘူး”ဟု ဆိုသည်။
မြို့တွင်းယာဉ်ကြောပိတ်ဆို့သည့် နေရာ ထူထပ်လာခြင်းကလည်း ယာဉ် မတော်တဆမှုများကို ပိုမိုဖြစ်ပွား စေနိုင် သည်ဟု တွေ့ဆုံမေးမြန်းခွင့်ရသည့် ယာဉ်မောင်းများက ဆိုသည်။ ယာဉ် ကြောပိတ်နေသည့် အချိန် ယာဉ်ကို ရပ် ထားသော်လည်း ယာဉ်ကြောရုတ်တရက် ဖွင့်လိုက်သည့်အချိန်မှာ ယာဉ်ကို ရ သလောက်ရှေ့တိုးနိုင်ရေး ကြိုးစားကြ သဖြင့် တစ်ချိန်တည်းတွင် လူကလည်း ဖြတ်ကူးသည့် အချိန်နှင့် တိုက်ဆိုင်ပါက တိုက်မိမလိုဖြစ်တတ်သည်ဟု ယာဉ် မောင်းများက ဆိုပါသည်။
အငှားယာဉ်မောင်းလုပ်သက်၁၂ နှစ်ရှိ အသက် ၄ဝ အရွယ် ကိုမြတ်စိုး ဆို လျှင် ယာဉ်မောင်းစဉ် ဖုန်းပြောခြင်းသည် အမြဲစီးနေကျဖောက်သည်များနှင့် အဆက်အသွယ်မပြတ်ရှိနိုင်သည့်အပြင် လိုအပ်ပါ က သူ့ကို ဖုန်းဖြင့် အလွယ်တကူ လှမ်းခေါ်နိုင်တာကြောင့် ဖုန်းကိုင်ဆောင် မှသာ လုပ်ငန်းအဆင်ပြေကြောင်း ယာဉ် မောင်းစဉ် ဖုန်းအသုံးပြုရသည့် အကြောင်းရင်းကို ရှင်းပြသည်။
”ယာဉ်မောင်းလုပ်သက်ကြာလာ တော့လည်း ကားမောင်းရင်း ဖုန်းပြောရင် အန္တရာယ်မဖြစ်အောင်တော့ မောင်းနိုင်ပါ တယ်။ ကားအရမ်းပိတ်နေတာမျိုး၊ မီးပွိုင့် ဖြတ်နေတာမျိုးဆိုရင်တော့ မပြောပါ ဘူး”ဟု ကိုမြတ်စိုးက ဆိုသည်။
ယာဉ်ထိန်းရဲအချို့ကတော့ သူတို့၏ တာဝန်ထမ်းဆောင်မှုအရ ကြုံတွေ့ရသည် မှာ ယာဉ်မောင်းများသည် ယာဉ်မတော် တဆမှုမဖြစ်ခင်အချိန်အထိတော့ သူတို့ မောင်းနှင်မှု ကျွမ်းကျင်ကြောင်းနှင့် မဖြစ် တန်ဘူးဟု ယူဆကာ ယာဉ်စည်းကမ်းများ အား လွယ်လွယ်ကူကူ ချိုးဖောက်ကြ ကြောင်း ပြောကြသည်။
ရန်ကုန်မြို့၊ တော်ဝင်ဈေးဝယ်စင် တာရှိ အလှကုန်ကောင်တာတစ်ခုတွင် အရောင်းစာရေး တာဝန်ထမ်းဆောင် နေသော အသက် ၂၆ နှစ်အရွယ် မဇွန်ပွင့် ဖြူဆိုလျှင် ဖုန်းပြောရင်း ကားမောင်း သည့် ယာဉ်မောင်းကြောင့် မတော်တဆ ဖြစ်ကာ လက်အဆစ်လွဲခဲ့ရသည်ဟု ဆို ပါသည်။
ဖြစ်ပုံမှာ မဇွန်ပွင့်ဖြူ စီးနင်းလိုက်ပါ လာသော ဘတ်စ်ကားမှ ယာဉ်မောင်း သည် ကားမောင်းရင်း ဖုန်းအပြော ကောင်းနေသဖြင့် ဘေးက ကပ်ပါလာ သည့် ကားလေးကို သတိမထားမိဘဲ လမ်း ဘေးကပ်မောင်းနေရာက လမ်းအလယ် ကြောကို ယူဖို့ လုပ်လိုက်သည်။ ထိုစဉ်မှာပဲ ”ဘေးကကားလေးကို မြင်ပြီး ဘရိတ် အမြန်အုပ်လိုက်တော့ ခရီးသည်တွေ အကုန်လုံး ဖရိုဖရဲတွေဖြစ်ပြီး တချို့ဆို ထမင်းချိုင့်တွေ မှောက်တယ်။ ကျွန်မက တော့ ထိုင်ခုံလက်တန်းနဲ့ လက်နဲ့ လည်ပြီး လက်ဆစ်လွဲသွားတယ်။ တစ်ပတ် လောက်ဆေးစည်းလိုက်ရတယ်”ဟု မဇွန် ပွင့်ဖြူက ပြောပြသည်။
ကားမောင်းရင်း ဖုန်းပြောသည့် ယာဉ်မောင်း ဘရိတ်ဆောင့်အုပ်လိုက် သောကြောင့် နေ့စဉ်လိုင်းကားစီးနေရ သည့် ကိုရဲဇာနည်တစ်ယောက်လည်း ကားကြမ်းပြင်ပေါ်မှာ ခြေပစ်လက်ပစ် လဲ ကျခဲ့ဖူးသည်ဟုဆိုသည်။
ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူး ရဲမှုးကြီးသာဌေးကတော့ ”ကျွန်တော်တို့လူထုကလည်း အရေးယူမှု မရှိရင် ကိုယ့်အသက်အန္တရာယ်ဖြစ်တယ်ဆိုတာတောင် မကြောက်မရွံ့စည်းကမ်း ချိုးဖောက်နေကြတာ အဆိုးဆုံးပဲ၊ ကား မောင်းရင်း ဖုန်းပြောတာ မကောင်းမှန်းသိတယ်။ အရေးယူတဲ့သူမရှိတော့ ပြော နေကြတာပဲလေ”ဟု လူထုအနေဖြင့် တစ်ဦးချင်းကိုယ်တိုင် စည်းကမ်းလိုက်နာ မှု အားနည်းနေခြင်းကို ထောက်ပြသည်။
Photo: Kaung Myat Moe ဆူးလေးဘုရားလမ်းနှင့် အနော်ရထာလမ်း မီးပွိုင့်
ပညာပေးဖို့လိုအပ်
လူထုအနေနှင့် ယာဉ်စည်းကမ်း လိုက်နာလာအောင် ပညာပေးအစီအစဉ် များ ဆောင်ရွက်သင့်ကြောင်း အလုံမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောပြပါသည်။
နိုင်ငံပိုင်သတင်းစာများ၊ FM ရေဒီ ယိုများ၊ ရုပ်မြင်သံကြားလိုင်းများတွင် လည်း ပြည်သူချစ်အနုပညာရှင်များနှင့် အသိပညာပေး ဇာတ်လမ်းများ၊ နှိုးဆော် ချက်များ ရိုက်ကူးခြင်း၊ မြေစိုက်ပိုစတာ များ စိုက်ထူခြင်းများ ဆောင်ရွက်ခြင်း ဖြင့်လည်း အသိပညာပေးသင့်ကြောင်း ဦးခိုင်မောင်ရည်က ဆိုပါသည်။
”ယာဉ်တိုက်မှုဖြစ်လို့အသက်ဆုံး ရှုံးရင် တိုင်းပြည်ရဲ့လုပ်အားစွမ်းရည်တစ်ဦးစာ လျော့ကျတယ်။ ဒုက္ခိတဖြစ်သွားရင် လည်း သူရဲ့ ရေရှည်ဆေးဖိုးနဲ့ ကျန်းမာရေး ပြဿနာကို ကျန်တဲ့မိသားစုက ကုန်ကျမယ်။ ငယ်ရွယ်တဲ့လူငယ်တွေဖြစ်ခဲ့ရင် နိုင်ငံအတွက် လူ့စွမ်းအားအရင်းအမြစ်ကို ထိခိုက်မယ်။ ဒါကြောင့် လူထုက စည်း ကမ်းကို လိုက်နာလာအောင် ဆောင်ရွက် ရမယ်”ဟု ဦးခိုင်မောင်ရည်က ဆိုသည်။
ရန်ကုန်မြို့ရှိအစိုးရဆေးရုံအရေး ပေါ်လူနာဌာနများနှင့် မြန်မာနိုင်ငံ၏မတော်တဆမှု ကာကွယ်ရေးစီမံချက် (ACCIDENT PREVENTION PROJECT) တွင် တာဝန်ထမ်းဆောင်ခဲ့ သည့် လက်ရှိ အရိုးအကြောအထူးကု ဆရာဝန် ဒေါက်တာသန်းထွန်းကတော့ လူထုကိုယ်တိုင် ယာဉ်စည်းကမ်းလိုက်နာ မှုနှင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ် စောင့် ရှောက်မှုသည် လွန်စွာ အားနည်းကြောင်း သုံးသပ်ပြပါသည်။
လက်ရှိတွင်တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ၂ဝ၁၁-၂ဝ၂ဝ ယာဉ်အ္တရာယ် ကင်းရှင်းရေးစီမံချက်တွင် မြန်မာနိုင်ငံ အနေဖြင့်လည်း ပါဝင်ဆောင်ရွက်ရန် သဘောတူညီချက်ယူထားပြီးဖြစ်သည်။
ထိုဆယ်နှစ်အတွင်း ယာဉ်မတော် တဆဖြစ်မှုကြောင့် ဖြစ်ဖြစ်ချင်းသေဆုံးမှု နှင့် ဒဏ်ရာရရှိမှုနှုန်း ကျဆင်းအောင် ပထမ ငါးနှစ် ၂၅ ရာခိုင်နှုန်းကျဆင်းရန်နှင့် ဒုတိယငါးနှစ် ၅ဝ ရာခိုင်နှုန်း ကျဆင်းရန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန် ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်း သိမ်းရေးကြီးကြပ်မှုဗဟိုကော်မတီ အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။
”ယာဉ်မတော်တဆဖြစ်နိုင်တဲ့ အခြေအနေအားလုံးကို လေ့လာပြီး အရေးယူဆောင်ရွက်မှုတွေ၊ ကြေညာ ချက်တွေ၊ အမိန့်တွေထုတ်နိုင်အောင်စပြီး လုပ်ဆောင်နေပါပြီ။ ဘယ်အပိုင်းဆိုတာ ထက် လမ်းပေါ်မှာ အ္တနရာယ်ရှိနိုင်တဲ့ အခြေအနေတွေ တော်တော်များများကိုဆောင်ရွက်မှာပါ”ဟု အထက်ပါ အကြီး တန်းအရာရှိက ဆိုသည်။
လောလောဆယ်အနေအထား တွင်တော့ ယာဉ်ထိန်းရဲများက ယာဉ် မောင်းနှင့် လမ်းအသုံးပြုနေသူများ အကြား ခရာတွတ်ပြီး သတိပေးမှုများပြု လုပ်နေသော်လည်း ယာဉ်မောင်းရင်း ဖုန်း ပြောမှုများက ရှိနေကြဆဲဖြစ်သည်။ ဖုန်း ပြောရင်း လမ်းကူးသူများကလည်း ကူး နေကြဆဲဖြစ်သည်။
မော်ကွန်းမှ လိုက်လံတွေ့ဆုံမေး မြန်းထားသည့် ယာဉ်ထိန်းရဲများကတော့ ရှေ့လာမည့် ၂ဝ၁၄-၂ဝ၁၅ ခုနှစ်များတွင် ယခုထက်ပို၍ ယာဉ် စီးရေများလာခြင်းနှင့် လူတိုင်း မိုဘိုင်းလ်ဖုန်း ကိုင်လာနိုင်မည် ဖြစ်သောကြောင့် စည်းကမ်းလိုက်နာမှု အပိုင်းတွင် ယခုကဲ့သို့ပင် အားနည်းနေ ပါက ယာဉ်မတော်တဆမှုများ တိုးမြင့် လာလိမ့်မည်ကို စိုးရိမ်နေကြပါသည်။ ။ အပိုင်း(၁)သို့

