ရန်ကုန်၊ မတ်-၁၅
ဟေမာန်ပြည့် ရေးသည်။
Myanmar Now သတင်းဌာနမှ အယ်ဒီတာချုပ် ကိုဆွေဝင်းအား ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်ထားရာတွင် တိုင်ကြားချက်ပါ စွပ်စွဲချက်များ ခိုင်လုံမှု ရှိ၊ မရှိ သာသနာရေးဝန်ကြီးဌာနနှင့်် သံဃမဟာနယကတို့၏ အကြံပြုချက်များကို ပြန်လည်တောင်းခံပြီးမှ သတင်းမီဒီယာကောင်စီမှတဆင့် ဖြေရှင်းရန် ကိုဆွေဝင်းက တောင်းဆိုလိုက်သည်။
၎င်းအား ဦးကျော်မျိုးရွှေက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်ထားသည့်အပေါ် မဟာအောင်မြေမြို့နယ် အမှတ်-၇ ရဲစခန်းမှ ရဲအုပ်ကျော်သူက မတ်လ ၁၅ ရက်တွင် မြန်မာဂျာနယ်လစ်ကွန်ယက်ရုံးခန်းတွင် လာရောက် စစ် ဆေးခဲ့ရာတွင် ကိုဆွေဝင်းက အထက်ပါတိုင်း တောင်းဆိုလိုက်ခြင်းဖြစ်သည်။
ကိုဆွေဝင်း၏ ရေးသားချက်သည် သက်ဆိုင်ရာ ဆရာတော်အား သိက္ခာကျစေခြင်း ရှိ၊ မရှိ သံဃဝိနိစ္ဆယ ခုံရုံးမှသာ ဆုံးဖြတ်ချက်ချနိုင်မည်ဖြစ်ကြောင်း ကိုဆွေဝင်း၏ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ပြောသည်။
“ပါရာဇိက ကျ၊ မကျကို ဘယ်တရားသူကြီးကမှ မဆုံးဖြတ်နိုင်ဘူး” ဟု သူက ဆက်ပြောသည်။
ရဲအုပ်ကျော်သူက ကိုဆွေဝင်း၏ တောင်းဆိုချက်များ အထက်သို့တင်ပြပြီးမှသာ အမှုကို ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်သည်ဟု မီဒီယာများသို့ ဖြေကြားခဲ့သည်။
BA Kaung အမည်ဖြင့် ကိုဆွေဝင်းအသုံးပြုနေသည့် ဖေ့ဘွက်လူမှုကွန်ယက် စာမျက်နှာတွင် ရေးသားခဲ့သည့် အကြောင်း အရာများနှင့် ပတ်သက်၍ ဆရာတော်ဦးဝီရသူ၏ ညွှန်ကြားချက်အရ အထက်မြန်မာပြည် မန်းမဘသအဖွဲ့ဝင် ကိုကျော်မျိုးရွှေက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် ကိုဆွေဝင်းအား အရေးယူပေးရန် မတ် ၇ ရက်တွင် မဟာအောင်မြေမြို့နယ် အမှတ်(၇)နယ်မြေရဲစခန်း၌ တိုင်ကြားအမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

