Design-ZM
၂၀၁၂-စက်တင်ဘာလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၁) မှ မျက်နှာဖုံးဆောင်းပါး ဖြစ်ပါသည်။
ဉာဏ်လင်း၊ ဇေယျာလှိုင်၊ ဝင်းဇော်လတ် ရေးသည်။
မျှော်သာမျှော် မပေါ်
ပြည်ပရောက်မြန်မာများ ဂုဏ်သိက္ခာရှိရှိ ပြန်လာခွင့်ရရေးဟူသော ကိစ္စကို လွှတ်တော်အမတ်တစ်ဦးက ပြီးခဲ့သည့် ဇူလိုင် ၂၄ ရက်နေ့က အမျိုးသားလွှတ်တော်မှာ မေးမြန်းခဲ့ပါသည်။
ကချင်ပြည်နယ်၊ မဲဆန္ဒနယ် အမှတ် (၁၀)မှ ဦးသန်းမြင့် မေးမြန်းခဲ့သည့် မေးခွန်းက “ပြည်ပရောက်မြန်မာနိုင်ငံသားများ ပြန်လာရေးအတွက် တိကျသည့် ပြဌာန်းချက်တစ်ရပ် သို့မဟုတ် ဥပဒေတစ်ရပ် ရေးဆွဲပြဌာန်းသွားရန် အစီအစဉ် ရှိ၊ မရှိ” ဟူ၍ဖြစ်သည်။
အဆိုပါမေးခွန်းနှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့် ပြန်လည်ဖြေကြားခဲ့သည်မှာ နိုင်ငံတော်သမ္မတ၏ အထူးဖိတ်ခေါ်ချက်အရ ဆောင်ရွက်ပေးနေသည်ဖြစ်၍ ဥပေဒတစ်ရပ်ရေးဆွဲပြဌာန်းရန် မလိုအပ်ဟူ၍ဖြစ်သည်။
“နိုင်ငံတော်သမ္မတ၏ ဖိတ်ခေါ်ချက်နှင့်အညီ အကြောင်းအမျိုးမျိုးကြောင့် ပြည်ပသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားဟောင်း များ ပြန်လာရေးအတွက် နှောင့်နှေးကြန့်ကြာမှုမရှိစေရန် တိကျခိုင်မာသည့် အခြေခံမူများ ချမှတ်ဆောင်ရွက်လျက်ရှိသည့် အတွက် ဥပဒေတစ်ရပ်ရေးဆွဲပြဌာန်းရန် လိုအပ်မည်မဟုတ်ပါကြောင်းနှင့် ကာယကံရှင် မြန်မာနိုင်ငံသားများအနေနှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန်သာ လိုအပ်ပါကြောင်း” ဒုဝန်ကြီးက ဖြေကြားသွားခဲ့သည်ဟု ဇွန် ၂၅ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများမှာ ဖော်ပြပါရှိပါသည်။
သို့ဖြစ်ရာ ပြည်တော်ပြန်မည့်သူများ မျှော်လင့်နေကြသည့် ဥပဒေပြဌာန်းပေးရေးဆိုသည့် မျှော်လင့်ချက်မှာ ေ၀ဝါးသွားခဲ့ရပြီဖြစ် သည်။
ထိုအခြေအနေတွင် ပြန်လာလိုသူများအနေနှင့် ပြည်ဝင်ဗီဇာဆိုင်ရာ သတ်မှတ်ထားသည့် စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ လိုက်လုပ်ရန်သာရှိတော့သည်။
ပြည်ထဲရေးဒုဝန်ကြီး ဖြေကြားချက်အရ ပြန်လည်ဝင်ရောက်လာလိုသူများအနေဖြင့် ဗီဇာလျှောက်ထားရန်အတွက် ပထမဦးစွာ မိမိရောက်ရှိနေထိုင်သည့် နိုင်ငံတွင်ရှိသည့် မြန်မာသံရုံးများကို ဆက်သွယ်ပြီး သတ်မှတ်သည့် လျှောက်လွှာပုံစံများဖြည့်စွက်ကာ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ တင်ပြရပါမည်။
ထို့နောက်တွင် မြန်မာ“နိုင်ငံသားဟောင်း”များပြန်လာရေးကိစ္စနှင့် ပတ်သက်၍ ပြည်ထဲရေးဝန် ကြီးဌာန ၊နိုင်ငံခြားရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး ကြသည်ဟု ပြည်ထဲရေး ဒုဝန်ကြီးက ဆိုသည်။
ယခု သြဂုတ်လ (၁၇) ဆိုလျင် သမ္မတကြီး ဖိတ်ခေါ်ခဲ့တာ တစ်နှစ်တင်းတင်း ပြည့်ပြီဖြစ်သည်။ တစ်နှစ်ဆိုသည့်ကာလအတွင်း သံသယများကို ခွာချပြီး ပြည်တော်ပြန်လာကြသည်များရှိသလို စိတ်ချလက်ချပြန်နိုင်မည့် နေအထားတစ်ခုမဟုတ်သေး ဟုဆိုကာ အခြေနေကို ဆက်လက်စောင့်ကြည့်သူအများအပြားလည်းရှိနေသေးသည်။
နိုင်ငံရေးရှုထောင့်မှ ကြည့်ပြီး ပြန်မလာနိုင်သေးသူအမြောက်အမြားရှိသည် မှန်သော်လည်း မီဒီယာ လုပ်ငန်းတွင် လုပ်ကိုင်နေသူများမှာ ယမန်နှစ် စက်တာဘာလလောက်ကစပြီး မြန်မာပြည်သို့ ဥဒဟို ဝင်ထွက်လှုပ်ရှား နေကြပြီဖြစ်သည်။
BBC, VOA, RFA, DVB ကဲ့သို့သော ပြည်ပအသံလွှင့်ဌာနများကို ထိုးနှက်တိုက်ခိုက်သည့် စာသားများ သတင်းစာ နောက်ဆုံး စာမျက်နှာများတွင် ကာလအတန်ကြာ နေ့စဉ်ရက်ဆက်ပါရှိရာကနေ ပြုတ်အကျ၊ ယခင်က ပိတ်ပင်ထားခဲ့သော အင်တာနက် စာမျက်နှာများ ပွင့်အကျ … ပြည်ပက မြန်မာမီဒီယာသမားများဆိုတာ ပြည်တွင်းက သတင်းသမားများနှင့် အပြေးအလွှား သတင်းယူခွင့်များ ရသွားကြသည်။
လွန်ခဲ့သည့် နှစ်နှစ်လောက်ကအထိ ပြန်လာလျင် လေဆိပ်မှာပဲ အဖမ်းခံထိနိုင်သည့် အဆိုပါသတင်းသမားများမှာ အခုဆိုလျင် လွှတ်တော်အတွင်းသို့ပင် ဝင်ရောက်ပြီး သတင်းရယူ၊ ရုပ်သံရိုက်ကူးနိုင်ကြပြီဖြစ်သည်။
မဇိမသတင်းဧဂျင်စီသည် ယနေ့အခါမှာ ရန်ကုန်မြို့တွင် ရုံးခန်းဖွင့်လှစ်ပြီး မီဒီယာထုတ်လုပ်မှုလုပ်ငန်းများကို လုပ်ကိုင်နေပြီဖြစ် သည်။ m-zine+ အမည်ရှိ စီးပွားရေးမဂ္ဂဇင်းတစ်စောင်ကိုပင် ပြည်တွင်းမှာ ထုတ်လုပ်နေပြီဖြစ်သည်။
မဇိမသတင်းဧဂျင်စီကို ထူထောင်သူ ဦးစိုးမြင့်သည် ၁၉၉၀ ခုနှစ်က မြန်မာ့အရေးကို ကမ္ဘာကသိအောင်ဟုဆိုကာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့သို့ ဦးတည်ပြန်သန်းလာသည့် ထိုင်းလေယာဉ်အား အိန္ဒိယနိုင်ငံ၊ ကိုးလ်ကတ္တားမြို့သို့ ပြန်ပေးဆွဲသွားပြီး သတင်းစာရှင်း လွင်းပွဲလုပ်ခဲ့သည့်သူဖြစ်သည်။
မျှော်ရည်ကာမှန်း
မော်ကွန်းက မေးမြန်းကြည့်သမျှ ပြည်ပရောက် မြန်မာနိုင်ငံရေးလှုပ်ရှားသူများနှင့် တတ်သိပညာရှင်များက အမိမြေသို့ ပြန်လာ သည့်တစ်နေ့တွင် ဘယ်နယ်ပယ်မှာ ဘာတွေလုပ်ကြမည်ဆိုပြီး မျှော်မှန်းချက်တွေ ပြည့်နှက်နေကြသည်ကိုတွေ့ရသည်။
၈၈ မျိုးဆက် ကိုညီညီအောင်ကတော့ သူပြည်တော်ပြန်လာသည့်အခါ တိုက်ပွဲအတူဝင်ခဲ့ကြသည့် ၈၈မျိုးဆက် ရဲဘော်၊ ရဲမေများ နှင့် အတူဆုံးဖြတ်ချက်ချကာ “ပြည်သူ့ကိုယ်စားလှယ်အဖြစ်ရပ်တည်ပြီး လွှတ်တော်တွင်း နိုင်ငံရေးကို ဆောင်ရွက်သွားမယ်” ဟု ဆိုသည်။
တိုင်းပြည်ဘက်ပေါင်းစုံတိုးတက်ရေးအတွက် နိုင်ငံရေးစနစ်တစ်ခုတည်း ကောင်းနေလို့က မပြီး၊ သက်ဆိုင်ရာ နယ်ပယ် တွေမှာ ကျွမ်းကျင်သည့် ပြည်ပရောက်ပညာရှင်များကိုလည်း ဖိတ်ခေါ်ဖို့လိုအပ်လိမ့်မည်ဟု ပြည်တွင်းရှိ လူမှုရေးလုပ်ငန်းများ လုပ်ဆောင် နေသူများက ထောက်ပြပြောဆိုလာကြသည်။
“လက်ရှိအခြေအနေအရ ပညာရှင်တွေက နေရာတိုင်းမှာ လိုနေတာအမှန်ပဲ” ဟု အရပ်ဘက်လူမှုရေးလုပ်ငန်းများတွင် တက်တက်ကြွကြွ လိုက်ပါဆောင်ရွက်နေသူ ဒေါ်သန်းမြင့်အောင်က ဆိုပါသည်။
သို့သော် “ပညာရှင်တွေ ပြန်လာဖို့ဆိုတာက ပညာရှင်တွေနဲ့ ထိုက်တန်တဲ့ ရပ်တည်မှုနဲ့ လုပ်ပိုင်ခွင့် အကုန်လုံးပေးထားဖို့ လိုတယ်…သူတို့ပေးတဲ့ အကြံဉာဏ်တွေ ထောက်ပြမှုတွေကို လိုက်နာဖို့လည်းလိုတယ်” ဟု သူက ထောက်ပြသေးသည်။
သင်ရိုးညွှန်းတန်းလေ့လာရေးနှင့်ပတ်သက်ပြီး အမေရိကန်နိုင်ငံမှာ နံပါတ်တစ်အဆင့်ရှိသည့် Wisconsin တက္ကသိုလ်မှ ပါရဂူဘွဲ့ ရရှိခဲ့သည့် ဒေါက်တာဇာနည်ကတော့ သူပြည်တော်ပြန်သည့်အခါ တိုင်းပြည်၏ ပညာရေးစနစ် တည်ဆောက်ရေးမှာ ပါဝင်ကူညီဖို့ စိတ်အဝင်စားဆုံးဟုဆိုသည်။
“ပညာရေးစနစ်ဆိုရာမှာ မြို့ပေါ်က လက်တစ်ဆုပ်စာ လူနည်းစုတွေတင်မကဘဲ တိုင်းရင်းသားပေါင်းစုံ၊ ယဉ်ကျေးမှုပေါင်းစုံရှိတဲ့ မြန်မာတွေ ကိုယ့်ကိုယ့်ကိုယ် တွေးတတ်ခေါ်တတ်အောင် ကျောင်းတွင်းပညာရေးစနစ်ကော၊ ကျောင်းပြင်ပပညာရေးစနစ်ပါ ဒီနှစ်ခုလုံးပါတယ်” ဟု ကျောင်းဆရာလုပ်ခဲ့ဖူးသူ ဒေါက်တာဇာနည်ကဆိုပါသည်။
“ဆရာကအသိဆုံး၊ အဖေကအသိဆုံး၊ ဗိုလ်ချုပ်တွေအသိဆုံး၊ ဒေါ်အောင်ဆန်းစုကြည်အသိဆုံးဆိုတဲ့ ဒီမိုကရေစီလူ့အသိုင်း အဝိုင်းနဲ့ အံမဝင်တဲ့အတွေးအခေါ်တွေအစား အတွေးအခေါ် သစ်တွေရှိဖို့လိုအပ်တယ်။”
မြန်မာပြည်၏ လူမှုအသိုင်းအဝိုင်းမှာ သည်းခံတတ်ရန် စိတ်ဓာတ်အသစ်တွေလိုသလို၊ မတူကွဲပြားသည့် ဘာသာဝင်တွေအကြား အချင်းချင်းနားလည်နိုင်ရေး၊ ယဉ်ကျေးမှုပေါင်းစုံဝါဒကို လက်ခံတတ်ရေး၊ ဒီမိုကရေစီပညာရေး၊ သို့မဟုတ် “ယဉ်ကျေးမှုစုံ ဒီမိုကရေစီ” သင်ရိုးညွှန်းတန်းတွေ လိုအပ်ကြောင်းလည်း သူက ထောက်ပြပြောဆိုပါသည်။
စိန်ခေါ်မှုများ
ဖရိုဖရဲဖြစ်နေသော နိုင်ငံအဖြစ်မှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းစ မြန်မာနိုင်ငံမှာ နေရာတိုင်းမှာ စိန်ခေါ်မှု တွေ အမြောက် အမြားရှိနေပေလိမ့်မည်ဟု ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့အခြေစိုက် ဧရာဝတီမဂ္ဂဇင်း၏ မန်းနေဂျင်းအယ်ဒီတာ ကိုကျော်စွာမိုးက ဆိုပါသည်။
“ဒါတွေကိုတော့ ကျနော်တို့ သည်းခံရမှာပဲ…transitional period (အကူးအပြောင်းကာလ)မှာ” ဟု သူကဆိုသည်။
မကြာမီလွှတ်တော်ထဲတွင် တင်သွင်းဆွေးနွေး၊ အတည်ပြုပြဌာန်းဖွယ်ရှိသည့် စာနယ်ဇင်း ဥပဒေအနေအထားကို ဧရာဝတီ မဂ္ဂဇင်းအနေဖြင့် သုံးသပ်ကာ လာရောက်အခြေချဖို့ရန် စဉ်းစားနေကြောင်းလည်း ကိုကျော်စွာမိုးက ဆိုပါသည်။
ပြည်တွင်းသို့ လာရောက်အခြေချမည့် မီဒီယာများအနေနှင့် လောလောဆယ်ကာလတွင် ပြည်ပမှာ ရေးသားခွင့်ရခဲ့သည့်အတိုင်း အတွင်းမှာ အလုံးစုံ လွတ်လွတ်လပ်လပ်ရေးသားခွင့် ရဦးမည်မဟုတ်သလို ပြည်တွင်းမှာ အခြေကျပြီးသား သတင်းစာစောင်များ နှင့် ဈေးကွက်မှာ ယှဉ်ပြိုင်ပြီး ဈေးကွက်ဝေစုရရှိရေးမှာလည်း လွယ်ကူလှသည်တော့မဟုတ်။
ထို့ထက် ပြည်တွင်းမှာ ထုတ်လုပ်ခွင့်ရဖို့ကြိုးစားရသည်မှာ ပြည်ပရှိ မြန်မာမီဒီယာသမားများအတွက် တော်တော်ခေါင်းခဲရသော ကိစ္စတစ်ခုဖြစ်သည်ဟု အဆိုပါမီဒီယာသမားများက ဖွင့်ဟပြောဆိုလာပါသည်။
“တကယ့်တကယ်ကျတော့ အစိုးရအနေနဲ့ mechanism (လုပ်ထုံးလုပ်နည်း)မရှိသေးဘူး။ တချို့ဝန်ကြီးဌာနတွေ တက်တက်ကြွကြွလုပ်နေတာရှိတယ်။ ဒါပေမဲ့ မီဒီယာပြန်လာလုပ်မယ့်သူအတွက် လုပ်ရမယ့် mechanism က ရှင်းရှင်းလင်းလင်း မရှိဘူး” ဟု မဇိမသတင်းဌာနက ဦးစိုးမြင့်ကဆိုသည်။
ပြည်တော်ပြန်များ ပြည်တွင်းမှာ နေထိုင်၊ လုပ်ကိုင်နိုင်ရန်အတွက် အစိုးရအနေဖြင့် စီစဉ်ပေးသင့်သည်များကို စီစဉ်ထား သင့်ကြောင်းလည်း သူကဆိုသည်။
“ဒို့ဆို မှတ်ပုံတင်လုပ်ရတာကအစ ခက်ခဲတယ်။… မှတ်ပုံတင်မရှိရင် အိမ်တောင် ငှားလို့မရဘူး” ဟု မြန်မာပြည်မှာပဲ မီဒီယာအလုပ်လုပ်ကိုင်တော့မည်ဟု စိတ်ကို ဒုန်းဒုန်းချကာ ပြန်လာခဲ့သော ဦးစိုးမြင့်ကပြောပါသည်။
လူမှုအဖွဲ့အစည်းများအပါအဝင် အခြားနယ်ပယ်များတွင် လုပ်ကိုင်မည့်သူများအတွက်လည်း မည်မျှလုပ်ခွင့်သာ၊ မသာဟူသော မေးခွန်းကလည်းရှိသေးသည်။ ဦးဝင်းဖေကတော့ “ထင်လိုက်တိုင်း မှားမှားနေလို့ မထင်ဝံ့ပါဘူးဗျာ”တဲ့။
လုပ်ခွင့်မသာနိုင်မှန်းသိလျက်နှင့် ရသည့်အနေအထားကနေ ရအောင်လှုပ်ရှားကြဖို့ စိတ်ပိုင်းဖြတ်ထားသူများလည်းရှိပါသည်။
လူ့အခွင့်အရေးပညာပေးနေသူ ဦးအောင်မျိုးမင်းကတော့ ဖြစ်လာနိုင်စရာရှိသည့် စိန်ခေါ်မှုများကို သူက ကြိုတင်တွက်ဆထား သည်။
“လူ့အခွင့်အရေးလှုပ်ရှားတဲ့သူတွေရဲ့ဘဝဟာ ဘယ်နိုင်ငံမှာမှ ပန်းမွေ့ယာကော်ဇောခင်းထားတာမရှိဘူး။ အနည်းနဲ့အများ စွန့်စားရတာ၊ အခက်အခဲကြုံရတာရှိပါတယ်” တဲ့။
“ဒါမျိုးတွေရှိမှပဲ လူ့အခွင့်အရေးလုပ်ရှားမှု စစ်စစ်ဖြစ်တယ်လို့တောင် ပြောလို့ရနိုင်တယ်” ဟု သူက ဖွင့်ဟပါသည်။
စိုးတထိတ်ထိတ်
မွန်းကြပ်၊ လှောင်ပိတ်၊ အလင်းမဲ့ခဲ့သော အနေအထားမှ မျှော်လင့်ချက် လင်းရောက်ခြည်အမျှင်တန်းလေးများကို မြင်တွေ့နေရသည့် သည်ကနေ့ခေတ်သစ်မြန်မာနိုင်ငံမှာ ပြည်တော်ပြန်များအတွက် စိန်ခေါ်မှုများစွာရှိနေဦး မည်ဖြစ်သလို တချို့သော သူများအတွက်လည်း ရန်ကုန်လေဆိပ်ကို စိတ်ချလက်ချ ခြေထောက်ချဖို့ မဝံ့ရဲသည့် အနေအထား များကလည်း ဆက်လက်ရှိနေဦးမည်သာ။
အကြောင်းကတော့ မည်သို့သော သူများမှာ မည်သို့သော အပြစ်ရှိသည်၊ မည်သည့်ပမာဏလောက်ကြီးလေးသော အပြစ်ကို အစိုးရက မည်သည့်အဆင့်ထိလျှော့ချမည်၊ သို့မဟုတ် သက်ညှာသည့်အနေဖြင့် အပြစ်မယူ၊ ကြည်ဖြူစွာနှင့် ခြေချခွင့် ပြုမည်ကို တိတိပပ ညွှန်ကြားချက်တစ်စုံတစ်ရာ ထွက်မလာသေးသောကြောင့်ပင်။
ဘယ်အချိန်၊ ဘယ်အခါကျမှ ပြည်တော်ပြန်မည့်သူများအတွက် ညွှန်ကြားချက်တစ်စုံတစ်ရာ၊ သို့မဟုတ် လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပေးမည်ကို မသိရှိနိုင်သည့် သည်ယနေ့အနေအထားတွင် သားဖြစ်သူများပြန်လာရေးနှင့် ပတ်သက်ပြီး စဉ်းစားမိတိုင်း ပူဆွေးဝမ်းနည်းရပါသည်ဟု ကိုညီညီအောင်၏ မိခင်ဒေါ်စန်းစန်းတင်ကဆိုသည်။
သားနှစ်ယောက်တည်းသာရှိသော ဒေါ်စန်းစန်းတင်မှာ ထိုသားနှစ်ယောက်နှင့် အတူမနေရသည်မှာ နှစ်ပေါင်း ၂၄ နှစ်ကြီး များတောင် ရှိပြီတဲ့။ တကယ်တော့ ဒေါ်စန်းစန်းတင်တို့ မိသားစုသည် နိုင်ငံရေးတက်ကြွလှုပ်ရှားသော မိသားစုဟုဆိုနိုင်ပြီး သူ၏ဆွေမျိုးများမှာလည်း နိုင်ငံရေးနှင့်နွှယ်သော ဆွေမျိုးအသိုင်းအဝိုင်းဟုဆိုနိုင်ပါလိမ့်မည်။
သားဖြစ်သူနှစ်ယောက်မှာ ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်နေကြရစဉ် သူနှင့် သူ့ဆွေမျိုးထဲမှ သုံးယောက်သည် ၂၀၀၇ အရေးအခင်းထဲမှာ ပါဝင်ခဲ့သည်ဟုဆိုကာ ထောင်သွင်းအကျဉ်းချခံကြရသည်။ (အခုတော့ သူတို့လေးယောက်စလုံး လွတ်မြောက်လာခဲ့ကြပြီဖြစ်သည်။)
ဒေါ်စန်းစန်းတင် အစိုးရိမ်ဆုံးကား အငယ်ဆုံးသားဖြစ်သည့် ကိုညီညီအောင်အတွက်ဖြစ်သည်။ အမေဖြစ်သူ မိတ္ထီလာထောင်မှာ အကျဉ်းကျနေစဉ် အမေကို လာတွေ့မည်ဟူသော ရည်ရွယ်ချက်နှင့် ၂၀၀၉ ခုနှစ်မှာ အမေရိကန်နိုင်ငံသားခံယူထားသူ ကိုညီညီအောင်တစ်ယောက် မြန်မာပြည်ပြန်လာသည်။
သို့သော် အမေဖြစ်သူနှင့် တွေ့ခွင့်မရလိုက်။ ရန်ကုန်လေဆိပ်မှာပဲ သူ့ကို အာဏာပိုင်များက ဖမ်းဆီးလိုက်ကြပြီး ထောင်ချ လိုက်ကြသည်။ ဘာကြောင့်လဲဆိုတော့ သူကျူးလွန်ခဲ့သော အပြစ်ဒဏ်များအတွက်ပါတဲ့။ ထောင်ထဲတွင် ၆ လခန့်နေပြီးမှ အမေရိကန်အစိုးရ၏ ကြားဝင်ကူညီပေးမှုဖြင့် ကိုညီညီအောင်ကို ထိုစဉ်က တပ်မတော်အစိုးရက ပြည်နှင်ဒဏ်ပေးလိုက်သည်။ ထောင်ထဲတွင် အနှိပ်စက်ခံခဲ့ရသဖြင့် ကိုညီညီအောင်မှာ ဒဏ်ရာပြင်းထန်စွာရသွားခဲ့သည်။
နောက်တစ်ခါလည်း ထိုသို့သော အခြေအနေမျိုးနှင့် သားငယ်တွေ့ကြုံရမည်ကို ဒေါ်စန်းစန်းတင် အကြီးအကျယ်စိုးရိမ်နေသည်။
“ဟင့်အင်…သားကို ဘယ်လိုနည်းနဲ့မှ ပြန်လာခွင့်မပြုနိုင်သေးဘူး…လွတ်ငြိမ်းချမ်းသာခွင့်ပေးထားတာမှ မဟုတ်တာ” ဟု ဒေါ်စန်းစန်းတင်က ဆိုသည်။
သားများနှင့် ဝေးနေရသော အသက် ၆၀ ဝန်းကျင်ရှိနေပြီဖြစ်သည့် ဒေါ်စန်းစန်းတင်၏ ကျန်းမာရေးက ကောင်းလှသည်မဟုတ်။ လောလောဆယ်မှာ နှလုံးရောဂါ၊ သွေးချိုရောဂါတို့ရှိနေပြီး လည်ပင်းမှာလည်း အဖုအကျိတ်တို့ရှိနေသောကြောင့် နေ့စဉ်နေ့တိုင်း ဆေး ၈ မျိုး(ဆေးအလုံးပေါင်း ၁၁ လုံး)သောက်နေရသည်ဟုဆိုသည်။
ထိုသို့ကျန်းမာရေးမကောင်းသည့်ကြားက သားဖြစ်သူများအပါအဝင် ပြည်ပသို့ ရောက်ရှိနေသူများ ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်ရေး အတွက် ဒေါ်စန်းစန်းတင် လုံးပန်းနေသည်။
သူ့ကို အင်တာဗျူးနေချိန်မှာ ဒေါ်စန်းစန်းတင်သည် ၈၈၈၈ နှစ်ပတ်လည် အခမ်းအနားတက်ရောက်ပြီး အိမ်ပြန်နေချိန်ဖြစ်သည်။ သြဂုတ် ၈ ရက်နေ့မှာကျင်းပသည့် ၈၈၈၈ အမှတ်တရ အခမ်းအနားတွင်လည်း ပြည်ပရောက် မြန်မာနိုင်ငံသားများ စိတ်ချလက်ချ ပြန်လာနိုင်ရေး အရေးဆိုခဲ့ကြသည်ဟု ဒေါ်စန်းစန်းတင်ကဆိုသည်။
“ညတိုင်း သားတွေကို အိပ်မက်မက်တယ်။ …သားနှစ်ယောက် ပြန်မလာနိုင်သေးသရွေ့ စိတ်ချမ်းသာနိုင်မှာ မဟုတ်ဘူး။”
စိတ်ကို အားတင်းပြီးပြောနေရသော်လည်း ဒေါ်စန်းစန်းတင်၏ အသံက ဖုန်းထဲမှာ တုန်နေသည်။ ထိုသို့ အသံတုန်ရီနေသည့် ကြားမှ သူ့ရင်ခွင်နှင့် နှစ်ပေါင်းများစွာ ထိတွေ့ခွင့်မရသည့် သားနှစ်ယောက်အတွက် ဒေါ်စန်းစန်းတင် ဆက်ခါ၊ ဆက်ခါ တောင်းဆိုနေမိသည်က –
“အစိုးရကို တောင်းဆိုပါတယ်….လွတ်ငြိမ်းချမ်းသာခွင့်ပေးပေးပါလို့။” ။ ။ အပိုင်း(၁)သို့

