တစ်မူထူးလာတဲ့ ရွှေပြည်ကြီးရဲ့ စာဟောပွဲသဘင်

တစ်မူထူးလာတဲ့ ရွှေပြည်ကြီးရဲ့ စာဟောပွဲသဘင်

၂၀၁၂၊မတ်လထုတ်၊မော်ကွန်း မဂ္ဂဇင်း အမှတ်(၁၂)မှ သရော်စာဆောင်းပါးဖြစ်ပါသည်။

ဘစီ ရေးသည်။

ကိုင်းဗျ…ကျုပ် မောင်ဘစီဟာ မကြာမီ လိုင်းပြောင်းဖို့ ရှိ နေပါတယ်။ ယောကျ်ားစင်စစ် ဧကန်ဖြစ်လျက်က အနေမတတ် လို့ လုံးရာက ပြားချင်တဲ့ တောင်တောင်အီအီလိုင်းကို ပြောတာမဟုတ်ပါဘူးခင်ဗျာ။ သရော်စာ တစ်ပုဒ်၊ နှစ်ပုဒ် ရေးထုတ်ပြီးတဲ့ နောက်မှာ အင်မတန် အကျိုးပေးသန်တဲ့ စာရေးခြင်းအလုပ်ကနေ ခေတ္တရပ်ကာ လူသိလည်းများ၊ စားလည်း စား၊ သောက်လည်း သောက်ရတဲ့အပြင် ဉာဏ်ပူဇော်ခလည်း မြိုးမြိုးမြက်မြက်ရတဲ့ စာပေဟောပြောပွဲများ လိုက်လံဟောပြောတဲ့ လိုင်းကို ပြောင်း မှာလို့သာ ဆိုလိုတာ ဖြစ်ကြောင်းပါဗျာ။

စာတစ်ပုဒ်လောက် ရေးထုတ်ပြီးရုံလောက်နဲ့များ စာ ပေဟောပြောပွဲတွေ လိုက်မယ်လို့ ကြုံးဝါးရအောင် ဘစီမှာ ဘယ်လောက်များ  စာပေသမ္ဘာ ပြည့်ဝနေပါပြီလဲဆိုပြီး ကိုယ့်လူ တို့ မျက်ခုံးပင့်ကြည့်မယ်ဆိုတာ ကျုပ်သိပ်သိတာပေါ့ဗျာ။ နို့ ပေတဲ့…ဘစီပဲဟာ၊ တခြားသူမှတ်လို့။ သို့ကလို စာပေဟောပြောပွဲ လိုက်ရလောက်အောင် စာပေအဆင့်ရှိစရာ ဒီခေတ်ကြီးမှာ မလို တော့ပြီးဖြစ်တဲ့အကြောင်း ကျုပ်ကောင်းကောင်းကြီး လေ့လာ ပြီးပြီဗျ။ ဘာမှတ်သလဲ။ ဟဲ…ဟဲ။

အခုခေတ်က စာပေဟောပြောပွဲ လိုက်ဖို့လောက်ကတော့ သိပ်ကို လွယ်ပါ့ဗျာ။ ဟိုတုန်းက ဆရာ့ဆရာကြီးများလို စာအုပ် တွေ တစ်အုပ်ပြီး တစ်အုပ် ရေးထုတ်၊ စာအပုဒ်ရေပေါင်းများစွာ ရေးပြီးမှ၊ ဆည်းပူးဖြည့်ဆည်း စာပေအသိပညာ ဝမ်းစာပြည့်တင်း အောင် လေ့လာပြီးမှ စာပေဟောပြောပွဲလိုက်ရတဲ့အနေအထား မျိုး မဟုတ်တော့ဘူး။ ဒါကြောင့် ဘစီတို့က ခေတ်ပြောင်းပြီဆိုတဲ့ စကား သိပ်ကို ယုံတာ။

ဟုတ်တယ်ဗျ။ မယုံမရှိနဲ့။  ခေတ်ကြီးက တကယ်ပဲ အရာ ရာပြောင်းလဲနေတာကလား။ ဆိုတော့ကာ စာပေဟောပြောပွဲဆို တဲ့ အရာကလည်း အသွင်ပြောင်းလာတာဟာ ဘာဆန်းတာမှတ် လို့။ စာပေဟောပြောပွဲတစ်ခုမှာ ကိုယ့်လူတို့ ဟောချင်၊ ပြောချင် သပဆိုရင် ရှေ့ဦးဆုံးလုပ်ရမှာကတော့ စာရေးဆရာဖြစ်ဖို့ပဲ။ အဲ … အခုက စာရေးဆရာဖြစ်ဖို့တောင် သိပ်မလိုတော့ပါဘူးဗျာ။ ဆယ်လစ်ဗျစ်တီလို့ ဘိုလိုခေါ်တဲ့ ထင်ပေါ်ကျော်ကြား လူသိများ တဲ့သူ ဖြစ်ရင်လည်းပဲ အိုကေပါတယ်။ နိုင်ငံရေးသမား၊ ရုပ်ရှင် မင်းသား၊ ဇာတ်မင်းသား၊ ဒါရိုက်တာ၊ ဟာသသရုပ်ဆောင်နဲ့ အဆိုတော်တွေလည်း ဒီနေ့ဒီအခါမှာ စာပေဟောပြောပွဲစင်မြင့် ပေါ် ရောက်လို့နေကြပါပြီ။ နယ်ပယ်တစ်ခုနဲ့ တစ်ခု ကူးလူးထိစပ် လာတယ်လို့ပဲ ဆိုရမှာပေါ့။

ဒါကြောင့် ဒီခေတ်ကြီးမှာ စာပေဟောပြောပွဲတွေမှာ တက် ပြီး အာချောင် (အဲ…ဗျ) ဟောချင်၊ ပြောချင်တယ်ဆိုရင် အဲဒီ အထဲက တစ်ခုကို ဖြစ်အောင်လုပ်ဗျ။ တစ်ချိန်တည်းမှာ စာရေး ဆရာဆိုတဲ့ ဂုဏ်ပုဒ်ရော၊ ဆယ်လစ်ဗျစ်တီဆိုတဲ့ လူသိများတဲ့သူ ရောဖြစ်ရင်တော့ ဘာပြောစရာရှိမလဲ။ ကိုယ့်လူမယ် ဟောပြော ပွဲစင်ပေါ်က ဆင်းရတယ်လို့တောင်မှ ရှိတော့မှာ မဟုတ်ဘူးဗျာ။

စာရေးဆရာဖြစ်အောင် လုပ်ရတာကလည်း အခုခေတ်မှာ တယ်ကို လွယ်ပါတယ်ဗျ။ စာပေတန်းဝင်အဆင့်ဖြစ်တာ၊ မဖြစ် တာက နောက်မှ၊ အရင်ဆုံး သတင်းစာ၊ ဂျာနယ် ဒါမှမဟုတ် မဂ္ဂဇင်းတစ်ခုခုမှာ စာမူတစ်ပုဒ်လောက် ပုံနှိပ်ဖော်ပြခံရဖူးရင်ကို ဖြစ်တယ်။ အဲ…ကိုယ့်လူမှာ ငွေပိုငွေလျှံကလေး အနည်းအပါး ဖြုန်းတီးပစ်နိုင်တယ်ဆိုရင်တော့ ရေးချင်ရာရေးပြီး လုံးချင်းစာ အုပ်တစ်အုပ်လောက်သာ ထုတ်ပစ်လိုက်ဗျာ။ ဗေဒင်သွားမေး မနေနဲ့။ ကိုယ့်လူ စာရေးဆရာဖြစ်ပြီလို့သာ မှတ်။

ကိုယ့်ဟာကိုယ် ငွေရှိပေမယ့် ကိုယ့်စာအုပ် ကိုယ်ထုတ် တယ်ဆိုပြီး အများရဲ့ အထင်သေးမခံချင်ဘူး။ စာနယ်ဇင်းတစ်ခုခု မှာမှ ပါချင်တယ်ဆိုရင်လည်း သိပ်မပူပါနဲ့။ အရေးကြီးတာက ကိုယ့်စာမူပို့မယ့် စာနယ်ဇင်းတစ်ခုခုမှာ တာဝန်ယူနေတဲ့ အယ်ဒီ တာက ဘာတွေကြိုက်တတ်သလဲ၊ ကိုယ်ပို့မယ့် ဂျာနယ်၊ သတင်း စာက ဘယ်လိုလိုင်းမျိုးလဲဆိုတာ အထာနပ်ဖို့ပဲလိုတာ။ ဂျာနယ် မှာ မြိန်ရေရှက်ရေနဲ့ ထည့်ချင်သွားမယ့် အကြောင်းအရာကိုသာ ရွေးရေးဗျာ။ စာမရေးတတ်လည်း သိပ်မပူနဲ့၊ စာရေးကောင်း ကောင်းနဲ့ ရေးထားတဲ့ စာတစ်ပုဒ်လောက်ကို  နမူနာယူပြီး အတုံးလိုက်အတစ်လိုက်သာ အစာသွတ်လိုက်၊ ဖြစ်တာပဲ။

အကြောင်းအရာကလည်း အထူးရွေးချယ်နေစရာ မလို ပေါင်ဗျာ။ ဒီလို ပွင်းလင်းမြင်သာခေတ်ကြီးမှာ ရေးစရာတွေက ပေါမှပေါ။ ကိုယ့်စာမူ ကျိန်းသေပါချင်တယ်ဆိုရင်တော့ အစိုးရကို သာ နာနာဖိဆဲပစ်လိုက်ဗျာ။ သွားလေသူ အာဏာရှင်ကြီး၊ အာ ဏာရှင်လေး အယုတ်အလတ်မရွေးကို အော်သာပြော၊ ကလော် သာ ဆဲ။  ဒါမှမဟုတ်လည်း ခရိုနီတွေကို ဆဲ။  ဘင်္ဂလားပင်လယ် အော်ထဲတင်မက စကြဝဠာထဲမှာ လွှင့်ပစ်လိုက်မယ်လု့ိ ကြုံးဝါး။ အဲ…ပြည်သူ့အချစ်တော် ဒီမိုရဲဘော်တွေကိုတော့ သွားမဆဲလေ နဲ့။ အနှီလိုဟာမျိုးကျ သိတယ်မဟုတ်လား။ အသာလေး နှာစေး နေ။ အရေးကြီးတာက ကိုယ်က စာရေးဆရာဆိုတဲ့ ဂုဏ်လေးပဲ လိုချင်တဲ့ဟာ။ စာဖတ်သူကို စေတနာရှိတာမှ မဟုတ်ဘဲဟာ။ ဘာရေးရေး လူအများကြိုက်အောင်သာ ရေးလိုက်ဗျ။ စာရေး ဆရာ ဖြစ်ကရောပဲ။

ဒါ့အပြင် ကိုယ့်လူက စာရေးဆရာဖြစ်ရုံမက ဆယ်လစ် ဗျစ်တီ ဖြစ်ချင်သေးသပဆိုရင်လည်း လွယ်မှလွယ်။ ဒီခေတ်က အခမ်းအနားတွေက ပေါမှ ပေါပဲဟာ။  ရုပ်မြင်သံကြားလိုင်းတွေ လည်း များသလားမမေးနဲ့။ အဲဒီတော့ လုပ်ရမှာက အခမ်းအနား မှန်သမျှ မလွတ်တမ်း တက်၊ တီဗီထဲပါအောင် ကင်မရာထောင်တဲ့ ရှေ့နားမှာ မရှက်မကြောက်နဲ့ ရစ်သီရစ်သီသာ လုပ်နေဗျာ။ တီဗီ ထဲ တစ်ကွက်မဟုတ် တစ်ကွက်တော့ ပါမှာပဲ။

နောက်တစ်ခါ အခမ်းအနားအပြီးမှာ အခမ်းအနားနဲ့ ပတ် သက်ပြီး တက်ရောက်လာကြတဲ့သူများရဲ့ အမြင်များကိုလည်း သတင်းထောက်ကလေးများက မေးတတ်၊ မြန်းတတ်တယ် မဟုတ်လား။ တချို့များကလည်း ကင်မရာရှေ့မှာ ပြောရဆိုရမှာ ရှက်တတ်တော့ ငြင်းကြလေ့ရှိသဗျ။ အဲဒီအခါ ကိုယ်က အာသွက် လျှာသွက် ပြောတတ်ဆိုတတ်တယ်ဆိုရင် သတင်းထောက်များ ကလည်း ဒါမျိုးလူကိုပဲ လိုက်ရှာနေတော့ မကြာမီမှာ ကိုယ့်လူက ပွဲတိုင်းကျော် ဖြစ်လာမှာပေါ့ဗျာ။

အနှီလို ပြောတဲ့နေရာမှာလည်း ကိုယ့်ဂုဏ်ကိုယ်ဖော်ဖို့ တော့ လုံးဝမမေ့နဲ့ဗျ။ ကျွန်တော်ဟာ  စာရေးဆရာ ဘယ်သူဘယ် ဝါဖြစ်တဲ့အကြောင်း၊ တိုင်းပြည်နဲ့ လူထုအကျိုးကို စာပေနဲ့ နေ့ မအား ညမနား ဆောင်ရွက်နေတာ ဖြစ်တဲ့အကြောင်းသာ နာနာ ဖိပြောဗျ။ ဒီခေတ်မှာ တချို့လူငယ်စာရေးဆရာကလေးများဟာ သူ့အနေနဲ့ အသက်ဘယ်နှနှစ်လောက်နဲ့ စာရေးဆရာဖြစ်တဲ့ အကြောင်းတောင်မှ ထည့်ထည့်ပြောနေကြတဲ့မင့်ဟာ။ ကိုယ့်လူ မှာ ငယ်ဂုဏ်လေးရှိရင် အသက်ဘယ်လောက်ပဲ ရှိသေးတဲ့ အကြောင်း ထည့်ပြောဖြစ်အောင်တော့ ပြောဗျာ။ ဒါကို သောက် မြင်ကပ်ပြီး ဆဲချင်ဆိုချင်တဲ့သူတွေ ရှိနိုင်ပေတဲ့ ကိုယ်က လူသိ များချင်တာပဲဟာ။ မျက်နှာပြောင်တိုက်ဖို့တော့ သတ္တိရှိရမှာပဲ။ ဟုတ်ဖူးလားဗျာ။

သို့ကလို ပြင်ဆင်ပြီးသွားပြီဆိုရင်တော့ စာပေဟောပြော ပွဲလိုက်ရဖို့ကတော့ ငါးဆယ်ရာခိုင်နှုန်းသေချာသွားပြီဗျ။ သိ တယ်မို့လား။ ဟိုတုန်းက နတ်တော်လကိုသာ စာဆိုတော်လ သတ်မှတ်ပြီး ကျုပ်တို့ ရွှေပြည်တစ်ဝန်းမှာ စာဟောပွဲတွေ တခမ်း တနားလုပ်ကြတာ။ အခုတော့ ခေတ်ပြောင်းပြီကိုး။ ၁၂ လရာသီ ပတ်လုံး တိုင်းပြည်အနှံ့မှာ ဟောပြောပွဲတွေ ခြိမ့်ခြိမ့်သဲသဲ ကျင်းပ နေကြတာပဲ။ ဟောပြောပွဲတွေ များပေတဲ့ ဟောပြောမယ့် စာ ရေးဆရာက သိပ်ကို ရှားပါးနေတာ။ စာရေးဆရာနဲ့ ဟောပြော ပွဲနဲ့တောင်မှ မလောက်လို့မို့ တချို့စာရေးဆရာတွေများဆို တစ် ညတည်း လေးငါးပွဲလောက် ပြောင်းပြီး ဟောနေရတဲ့ဥစ္စာ။

ဒီလိုအချိန်မှာသာ ကိုယ်သာ စာရေးဆရာ ဒါမှမဟုတ် ဆယ်လစ်ဗျစ်တီတစ်ယောက်ဖြစ်နေပြီဆိုလို့ကတော့ တစ်ခါ မဟုတ် တစ်ခါ စာပေဟောပြောပွဲကလေးများ လိုက်နိုင်မလားလို့ ကမ်းလှမ်းသူရှိလာမှာပဲ။ ပွဲစီစဉ်သူများလည်း သူတို့လုပ်တဲ့ပွဲ လူများများ လာစေချင်တဲ့အခါကျတော့ စာရေးဆရာတင်မက ရုပ်ရှင်မင်းသားတွေတောင် ဖိတ်နေတာပဲ။ ကိုယ့်လူက စာရေး ဆရာလည်း စာရေးဆရာ၊ ဆယ်လစ်ဗျစ်တီလည်း ဆယ်လစ်ဗျစ် တီဆိုရင် ပွဲပြီးပြီပေါ့။ အဲဒီတော့ ဖိတ်သူရှိလာပြီဆို ကိုယ့်လူ အနေနဲ့ ဆရာကြီးဂိုက်ဖမ်းပြီး ခေါင်းကလေးသာ ညိတ်လိုက်။ ဒီ စာရေးဆရာက ဟောပြောပွဲ လိုက်လေ့ရှိသဟလို့ လူတကာ သိသွားပြီးတဲ့နောက်မှာ ကိုယ့်လူအနေနဲ့ လက်မလည်အောင်ကို ဟောနေရတော့မှာ။

ဘာတွေဟောပြောရမလဲ။ ဒါလည်း အထူးအထွေ စဉ်းစား မနေနဲ့ဗျို့။ ရှေ့ရှေ့က ဝါရင့်၊ သမ္ဘာရင့် စာရေးဆရာများ ဟောပြော ထားတဲ့ ဟောပြောခွေဆိုတာများဟာ အခုခါ တယ်ကိုပေါများ နေပါတယ်။ အဲဒါတွေ ဝယ်ပြီးနားထောင်လိုက်ပြီးတာပဲ။ သီချင်း ကလေးသာဆိုတတ်ရင် သိပ်ကို အသုံးဝင်တာပေါ့။ ဘစီတို့ တွေ့ ဖူးတဲ့ အောင်မြင်ရေး လူငယ်စာရေးဆရာကလေးတစ်ယောက်ဆို ရင် အင်တာနက်က ဖတ်ထားတဲ့ စာတိုပေစတချို့နဲ့ ထင်ရှား ကျော်ကြားသူများရဲ့ အဆိုအမိန့်ကလေးတွေနဲ့တင် အလုပ်ဖြစ် နေတာ တွေ့ရသဗျ။

အရက်ကလေးများ သောက်တတ်ရင်လည်း ပိုတောင်မှ ကောင်းသေး။ ဘစီတို့ ကြားရသလောက်တော့ တချို့စာရေး ဆရာများက သူတို့သောက်ချင်တဲ့ အရက်အမျိုးအစားကို ဟော ပြောပွဲကော်မတီက စီစဉ်ပေးရသတဲ့။ ဒီအခါ ဈေးကြီးပြီး ကိုယ့် ဘာသာ ဝယ်မသောက်နိုင်တဲ့ အရက်တစ်မျိုးမျိုးကို သောက်ချင် တယ်ပြောပေါ့ဗျာ။ ဟုတ်ဖူးလား။ ပွဲစီစဉ်သူများက ဝယ်ပေးပါ လိမ့်မယ်။ ဟောပြောပွဲစင်ပေါ်မှာ အရက်ကလေးထွေထွေနဲ့သာ ဟောလိုက်၊ ပြောလိုက်ရရင် ဘယ်လောက်များ လေပေးဖြောင့် လိုက်မလဲ။ စင်ကြောက်တတ်သူများအတွက် ရဲဆေးတင်ပြီးသား လည်း ဖြစ်ပေါ့။

နိုင်ငံရေးဘာညာလည်း ဒီခေတ်က စင်ပေါ်မှာ သိပ်ပြောလို့ ကောင်းတာ။ အစောကပြောခဲ့သလို  ဒီခေတ်က အစိုးရကိုတောင် ဗြောင်ဆဲလို့ ရနေတဲ့ကာလဆိုတော့ အစိုးရအပေါ် မကျေနပ်တာ တွေ အသားကုန်ဆဲဗျာ။ ဘစီတို့နားထောင်ရသလောက်တော့ အခုလုပ်နေတဲ့ ပွဲအတောာ်များများက စာပေဟောပြောပွဲလို့သာ ခေါင်းစဉ်တပ်တယ်၊ စာပေအကြောင်းပြောသူဆိုလို့ နည်းနည်း ပါးပါးရှိတာရယ်။ အများစုကတော့ နိုင်ငံရေးတွေချည်း ကြိတ်နေ တော့တာပဲ။ ပြောမှာပေါ့၊ ဟိုတုန်းကလိုမှ မဟုတ်တော့တာ။ ခေတ်က ပြောင်းသွားပြီပဲဟာ။

ကိုယ့်ရှေ့မှာ ဟောပြောသွားတဲ့ စာရေးဆရာများထဲက ထူးခြားတဲ့အကွက်တွေဆိုရင် ခပ်တည်တည်နဲ့ မိတ္တူကူးလိုက် ပေါ့ဗျာ။ အကြံတူ နောက်လူသာစမြဲဆိုတာလို အရင်လူပြောတာ ထက် ပိုသွက်၊ ပိုကြမ်း၊ ပိုလှ၊ ပိုမိုက်တဲ့ သရုပ်ပြကွက်တွေ၊ ဟော ချက်တွေနဲ့ မွမ်းမံလိုက်ရင် အောင်မလေးဗျာ…ဘစီတို့တစ်တွေ မှာ ဟောပြောပွဲစင်ပေါ်ကနေ ဆင်းရမှာကို မဟုတ်တော့ဘူး။ ပရိသတ်လက်ခုပ်သံများလည်း မဟားတရား ကြားရမှာ ကျိန်း သေပြောရဲတယ်။

ဥပမာလေးတစ်ခုနဲ့ ပြောမယ်ဗျ။ ဟိုတလောလေးတုန်းက ပွက်လောရိုက်သွားတဲ့ ဆရာတစ်ယောက်ရဲ့ ဟောချက်တစ်ခုရှိမို့ လား။ သိကြတယ်ဟုတ်။ ဟောပြောပွဲစင်ပေါ်မှာ ဗိုလ်ချုပ်အောင် ဆန်းရဲ့ ဝိညာဉ်ကို ဆင့်ခေါ်ပြီး ၂ဝ၁၅ မှာ ဘယ်သူ့ကို မဲထည့် ရမလဲလို့ မေးသတဲ့။ ထူးချက်က ကမ်းကုန်ပဲဗျို့။ အောင်မယ်…။ ဗိုလ်ချုပ်ရဲ့ ဝိညာဉ်ကလည်း အနှီစာရေးဆရာ ဆင့်ခေါ်တဲ့အခါ ရောက်လာတယ်ဆိုပဲ။ ပြီးတော့ ဗိုလ်ချုပ်က ၂ဝ၁၅ မှာ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးရမယ်လို့ တစ်ချက်လွတ်အမိန့် ထုတ်သွားသတဲ့။

ကဲဗျာ…ဘယ်နှယ့်ရှိစ ကိုယ့်လူတို့ရေ၊ ဒါမျိုးမှ မထူး ဘယ် ဟာ ထူးတော့မလဲဗျာ။ တစ်ခါတည်း စာပေဟောပြောပွဲလောက မှာ ပြောစမှတ်ကို တွင်ပါလေရော။ ကျုပ်ကတော့ ထင်သဗျ။ ဗိုလ် ချုပ်ဟာလည်း နှစ်စဉ် ဇူလိုင် ၁၉ ရက် အာဇာနည်နေ့ ရောက်တိုင်း မှာ တစ်တိုင်းပြည်လုံးက အမျှအတန်းပေးဝေနေတာတောင်မှ မကျွတ်မလွတ်တဲ့သဘော သက်ရောက်မသွားပေဘူးလားဗျာ။ အင်း…တစ်ဖက်က အကောင်းမြင်ကြည့်တော့လည်း ဗိုလ်ချုပ် ခမျာ ကျုပ်တို့ပြည်သူတွေကို စိတ်မချလို့ထင်ပါ့။ ဝိညာဉ်ဘဝနဲ့ စောင့်ရှောက်နေတာ ဖြစ်မှာပေါ့။

ကျုပ်ဆိုလိုတာကတော့ဗျာ။ ဘစီတို့ ကိုယ့်လူတို့ကို စာပေ ဟောပြောဖို့ရာ ဖိတ်ကြားလာခဲ့ရင် သို့ကလို ထူးခြားတဲ့ ရှေ့က ဆရာတချို့ရဲ့ ဟောပြောသော အတတ်ပညာကို ဆင့်ပွားယူကြဖို့ ပါပဲ။ ကျုပ်တို့ကျရင်တော့ ဟောပြောပွဲစင်ပေါ်မှာ ဗိုလ်ချုပ် အောင်ဆန်းဝိညာဉ်ကို ဆင့်ခေါ်တာလောက်ကတော့ အပျော့ပေါ့ ဗျာ။ ကျုပ်တို့သာဆို ဗိုလ်ချုပ်အပြင် ရဲဘော်သုံးကျိပ်ဝင်တွေရဲ့ ဝိညာဉ်တွေကိုပါ ပြန်ခေါ်ပြီး မြန်မာ့တော်လှန်ရေးတပ်မတော်ကြီး တစ်ခု ဖွဲ့ခိုင်းပစ်လိုက်မှာ။ ဂျပန်နဲ့ အင်္ဂလိပ် ရန်ကို ရှင်းဖို့မဟုတ် ဘူး။ ကျုပ်တို့ကို နှစ်ပေါင်း ၆ဝ နီးပါး ဖိနှိပ်အုပ်ချုပ် မင်းလုပ်လာတဲ့ အာဏာရှင်စစ်တပ်ကြီးကို အမှုန့်ချေခိုင်းမလို့။ သို့ကလိုသာ ကျုပ်တို့ စာပေဟောပြောပွဲ စင်ပေါ်မှာ ပြောလိုက်လုပ်လိုက်လို့ ကတော့ဗျာ။ ပွဲဆူချက်ကတော့ ကမ္ဘာကျော်သွားမယ်။

နောက်တစ်ခုက ပရိသတ် ဘာသိချင်သလဲဆိုတာ အသာ ထား။ ကိုယ်သန်ရာကိုသာ စင်ပေါ်မှာ ဟောဗျ။ စာပေနဲ့ပတ် သက်ပြီးလည်း လိပ်ပတ်လည်အောင် မဟောတတ်။ နိုင်ငံရေး လည်း မနှံ့စပ်လို့မို့ မပြောချင်ရင် နောက်တစ်နည်းလုပ်ဖို့ရှိတာက ကိုယ့်ရှေ့က ပြောသွားတဲ့ ဆရာတစ်ယောက်ရဲ့ ကမောက်ကမ ဖြစ်တဲ့အကွက်ကို ထောက်ပြသလိုလိုလုပ်ပြီး သာသာနဲ့ နာ နာသာနှက်ဗျာ။ ပရိသတ်က ဒါမျိုးဆိုလည်း သည်းခံပြီး အားပေး တတ်ပါတယ်။

တစ်လောက ဘစီတို့ ကြည့်ရှုနားထောင်ခဲ့ရတဲ့ ဟောပြော ပွဲ အခွေတစ်ခုထဲမှာဆိုရင် အစောက ပြောခဲ့တဲ့ လူငယ်အောင်မြင် ရေး တက်ကျမ်းဆရာကလေးဟာ သူ့ကိုယ်သူ အသက်ငယ်ငယ်နဲ့ ဘယ်လိုအောင်မြင်နေပြီဆိုတဲ့အကြောင်း၊ သူ့လို အသက်သုံး ဆယ်မပြည့်ခင် လူသိများကျော်ကြားနေသူဟာ မြန်မာ့သမိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်းတစ်ဦးသာရှိသေးတဲ့အကြောင်းကို မင်နဲ့ မောင်းနဲ့ ဟောသွားသဗျ။

ဒါကိုပဲ နောက်ထပ် စင်ပေါ်တက်လာတဲ့ လူကြီးစာရေး ဆရာတစ်ယောက်က ထောက်ပြပြီး ဟောသွားတာများ မှတ် သားစရာရယ် မည်မည်ရရမရှိပေတဲ့ အပျင်းတော့ အတော်ပြေ သဗျ။ အနှီစာရေးဆရာကြီးက လူငယ်စာရေးဆရာကလေးရဲ့ စကားများကို တစ်ကွက်ချင်း ရေပက်မဝင်အောင် နှိပ်ကွပ်တာ ကလား။ သူက ဟောပြောပွဲလာ ပရိသတ်များကို ဗိုလ်ချုပ်အောင် ဆန်းထက် ငယ်ပြီး လူသိများနေတာများ ဂုဏ်ယူစရာလားဗျာတဲ့။  မြန်မာရာဇဝင်မှာ ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော် က ဗိုလ်ချုပ်အောင်ဆန်းထက်တောင်မှ ငယ်သေးသတဲ့။အင်း လေဗျာ၊ ဗိုလ်ချုပ်အောင်ဆန်း အာဇာနည် မဖြစ်ခင်ကတည်းက ဗိုလ်အောင်ကျော်တို့က အာဇာနည်ဖြစ်နေပြီပဲမင့်ဟာ။ သူပြော တာလည်း ဟုတ်သား။

ကိုယ့်လူတို့လည်း ဒီလိုမျိုးစင်ပေါ်က စကားရည်လုပွဲ ကလေးတွေကိုလည်း အတုယူထားဖို့ကောင်းတယ်။ ဘစီသာ အထက်ပါဆရာနှစ်ယောက်နဲ့ စာပေဟောပြောပွဲတစ်ခုမှာ အတူ လိုက်ဖြစ်ခဲ့ရင်၊ ပြီးတော့ သူတို့နှစ်ယောက်ပြီး နောက်ဆုံးမှလည်း ဟောပြောရမယ်ဆိုရင် ကျုပ်ရှေ့က ဆရာနှစ်ယောက်ထက် သာ တဲ့ဥပမာများနဲ့ အလဲထိုးပစ်မှာ။ သိတယ်မှတ်လား၊ သူတို့က ဗိုလ်ချုပ်အောင်ဆန်းကို အငယ်ဆုံးနဲ့ ထူးခြားတဲ့သူတဲ့။ နောက် ဆရာတစ်ယောက်က ဗိုလ်အောင်ကျော်က ပိုတောင်မှ ငယ်သေး တဲ့။ ဘစီသာဆိုရင်တော့ ဗိုလ်ချုပ်အောင်ဆန်းထက်ရော ဗိုလ် အောင်ကျော်ထက်ပါ ငယ်ပြီး လူအများ ကိုးကွယ်စရာဖြစ်တဲ့သူ တစ်ယောက်ရှိသေးတဲ့အကြောင်း ထပ်ပြောလိုက်မှာ။ သိတယ် မှတ်လား ။ မနှဲလေးလေဗျာ။ ဟိုနှစ်ယောက်ကမှ အာဇာနည်။ ကျုပ်တို့ မနှဲလေးက နို့နံ့တောင် မစင်တတ်သေးခင်မှာပဲ နတ်ဖြစ် နေပြီ။

ဒီလို ပေါက်တတ်ကရ အပြောများတဲ့ စာဟောတဲ့စင်ပေါ်မှာ အာဝဇ္ဇန်းရွှင်ရွင်နဲ့သာ ပြောလိုက်လို့ကတော့ ဘစီတို့မှာ နာမည် ကြီးလိုက်မယ့်ဖြစ်ခြင်း။ အနှစ်သာရပါတာ၊ မပါတာက အရေး မကြီးဘူးဗျ။ ဒီခေတ်ကြီးက ဟောပြောပွဲလာနားထောင်တဲ့ ပရိသတ်မပျင်းရအောင် ထိန်းထားနိုင်ရင်ကိုပဲ အောင်မြင်ပြီ။ ပွဲ စီစဉ်သူအတော်များများက သူတို့လုပ်တဲ့ စာဟောပွဲများမှာ လူ စည်ဖို့လည်း လိုချင်ကြသေးတာကိုး။ ဒါကြောင့် ကိုယ့်လူသာ ပွဲ ထိန်းနိုင်ပြီဆိုရင် စာပေဟောပြောပွဲလောကမှာ ပေါ်ပြူလာ ဖြစ်ပြီပေါ့။ ပေါ်ပြူလာဖြစ်မှတော့ လက်ဖျားမှာ ငွေသီး၊ ကြီးပွားပြီ ပေါ့ဗျာ။

ဒါကြောင့် ဘစီဟာ စာမရေးတော့ဘဲ စာပေဟောပြောပွဲ များကိုသာ နွှဲတော့မှာ ဖြစ်တဲ့အကြောင်း စိတ်ကူးမိတာဖြစ်သဗျ။ သိတယ်ဟုတ်။ ဒီအလုပ်က ဝင်ငွေလည်း ကောင်းတယ်လေ။ နာ မည်လည်း ကြီးတယ်လေ။ ကိုယ့်လူ စာရေးလို့ရှိရင် တစ်နှစ်လုံး သိန်းတစ်ရာ ရမတဲ့လား။ စာပေဟောပြောပွဲသာ များများလိုက်ရ လို့ကတော့ သိန်းတစ်ရာမက နှစ်ရာလည်း ရတယ်ဗျ။ ပြီးတော့ စရိတ်ငြိမ်းနော်။ စားပြီးသောက်ပြီး အသားတင် အိတ်ထဲထည့် ရုံပဲ။ ကျုပ်တို့ရွှေပြည်ကြီးမှာ မလေးရှားလည်း မသွား၊ စင် ကာပူကိုလည်း မကူးဘဲ လက်ဖျားမှာ ငွေသီးနိုင်တဲ့ အလုပ်မျိုးထဲ မြန်မာပြည်က ဒီမိုကရေစီခေတ်ဦး စာပေဟောပြောပွဲများကို လည်း ထည့်ရင် ကောင်းမလားလို့တောင် စဉ်းစားသင့်တယ်ဗျို့။

သို့ပေတဲ့ ကျုပ်တို့ ရွှေပြည်ကြီးရဲ့ မရိုးနိုင်တဲ့ အစဉ်အလာအတိုင်း ပေါ့ဗျာ။ ဘယ်အလုပ်မဆို အနှောင့်အယှက်တစ်ခုမဟုတ် တစ် ခုတော့ ရှိစမြဲကိုး။ ဆိုတော့ကာ ဒီနေ့အခါ စာပေဟောပြောပွဲများ ကိုလည်း အမည်မသိ လူတစ်စုက လိုက်လံနှောင့်ယှက်တာတွေ ရှိလာနေတာ တွေ့ရတယ်။ စာဟောပွဲလိုက်မယ်ဆိုရင် နောင်အခါ သတိထားမှ ဖြစ်မယ်။ ဟိုလူဆိုရင် မဟောနဲ့၊ ဒီဘာသာဝင်ဆိုရင် စင်ပေါ်တောင်မတက်ရစတဲ့ ပိတ်ပင်ဟန့်တားတာတွေ ရှိလာနေ တာ တွေ့ရတယ်။ နောင်များကျရင် ဟောပြောမယ့်သူဟာ မည် သည့်ဘာသာဝင်ဖြစ်တဲ့အကြောင်း သက်သေခံလက်မှတ်ပါ လိုရင် လိုအပ်လာဦးမှာလား မသိတော့ဘူး။

ဘာပဲဖြစ်ဖြစ် သေမယ့်မယ်နှစ်မှ စစ်ထဲဝင် ဆိုတာမျိုးလိုပဲ။ ဘစီတို့က အခုမှ ထိုးကွင်းထပြီး စာပေဟောပြောပွဲ လိုက်မယ်ဆို တော့ အဖြစ်က  မနှစ်ကနဲ့ မတူတော့ဘူး ပြောရတော့မယ်။ ဒါပေ တဲ့ စိတ်ဓာတ်မကျနဲ့ဗျ။ ဒီခေတ်မှာ အစိုးရကတောင်မှ စပြီး လက် တစ်လုံးခြား လုပ်နေတာပဲဟာ။ ဘစီတို့က ဘယ်ဘာသာကိုးကွယ် တဲ့ စာရေးဆရာတွေလဲလို့ မေးလာသူရှိခဲ့ရင် လွယ်လွယ်လေးပဲ။ ရဲရဲသာဖြေလိုက်။ ဘယ်ဘာသာမှ မရှိတဲ့ ဘာသာမဲ့တွေလို့။ ဒါ ပေတဲ့ အခု ဟောပြောမယ့် စင်ပေါ်မှာတော့ မြန်မာဘာသာနဲ့သာ ဟောပြောမှာ ဖြစ်ပါတယ်လို့။ ဟုတ်တယ်ဗျ။ ဘစီတို့လို စာပေ ဟောပြောပွဲလိုက်တော့မယ့် စာရေးဆရာကလေးတွေအတွက် အရေးကြီးဆုံး အတတ်ပညာကတော့ စင်ပေါ်မှာရော စင်အောက် မှာပါ ပေါက်တတ်ကရစကားများ ပြောတတ်နေဖို့ပါပဲဗျား။

[ ပြီးပါပြီ။ ]

 

အမျိုးအစား - သရော်စာ

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."