ဒုက္ခသီရိနိုင်ငံ၏ အပြောင်းအလဲများသည် ဗိုလ်ချုပ်ကြီးအေး ချမ်းသာယာရေးတို့ ရေးဆွဲထားသည့် ဇာတ်ညွှန်းအတိုင်း တဖြည်း ဖြည်း အကောင်အထည်ပေါ်လျက်ရှိသည်ဟု ဆိုရမည်။
နိုင်ငံ၏သမိုင်းကိုပြန်ကြည့်လျှင် ပုလိပ်တပ်ဖွဲ့ကြီးကို ပါ လေရာ သို့မဟုတ် ပလေရာအဖြစ် အမြဲတမ်း တွေ့ရပေမည်။
ဒုက္ခသီရိနိုင်ငံရေးလောကအတွင်း လူတွင်ကျယ်၊ လူစွမ်း ကောင်း၊ လူတော်လူကောင်း၊ လူမတော် လူမကောင်း၊ လူမျိုးကြီး ဝါဒီ၊ လူမစွမ်းနတ်မခံရသူ၊ လူလွန်မသား စသဖြင့် အမျိုးမျိုး အထွေထွေသော လူအပေါင်းတို့ ကြီးစိုး၏။
ရံဖန်ရံခါ ညင်သာသိမ်မွေ့၊ ရံဖန်ရံခါ မုန်တိုင်းကျ မိုးကြိုးပစ် ချတတ်သော နိုင်ငံရေးလောကဟူသည်မှာ အမြင်မတူ၊ ငြင်းခုံ၊ စကားများ၊ လေပေါ၊ ရန်ဖြစ်၊ ပြန်ချစ်၊ ရန်ပြန်ဖြစ်ရသော သဘော သဘာဝရှိ၏။ ထိုသဘာဝရှိသော နိုင်ငံရေးဇာတ်ခုံထက်သို့ ပုလိပ် တပ်ဖွဲ့ကြီး၏ခေါင်းဆောင်တချို့ တက်ရောက်ပွဲကြမ်းပြီးနောက် ပိုင်းတွင်မူကား ဒုက္ခသီရိသည် အမှောင်တိုက်ထဲကျသွားသော နိုင်ငံဖြစ်လာလေသည်။
ဒုက္ခအတိ
လူအများ၏အမြင်မှာ ပုလိပ်တပ်ဖွဲ့ခေါင်းဆောင်တို့ နိုင်ငံ ရေးတွင် ဝင်ရှုပ်ကြသည်ဟူ၍ ဖြစ်သည်။
ပုလိပ်ခေါင်းဆောင်များကမူ ဝင်ရှုပ်ခြင်းမဟုတ်၊ ဝင် ရောက်ကယ်တင်ခြင်းဖြစ်သည်ဟု ပြောသည်၊ ဝါဒဖြန့်သည်။ ပုလိပ်ခေါင်းဆောင်တို့ကား လူလည်လူနပ်များတည်း။ ကယ်တင် ခါနီးချိန်တွင် ပြဿနာတက်စေသော၊ မိုးမီးလောင်စေသော ဖြစ် ရပ်တို့ ပေါ်ပေါက်လာစေရန် စနစ်တကျ ဖန်တီး၏။
ပြဿနာတက်၊ မိုးမီးလောင်ချိန်တွင် ဝင်ရောက် ငြှိမ်းသတ် ကယ်တင်လေတော့သည်။ သူတို့၏ ကယ်တင်ပွဲ နောက်ဆက်တွဲ လုပ်ရပ်များမှာ သိမ်မွေ့မှု မရှိပေ။ နိုင်ငံရေးသမားများ၊ ဘာသာ ရေးဆိုင်ရာ ပုဂ္ဂိုလ်များ၊ တက်ကြွသူများ၊ အလွန်တက်ကြွလွန်းသူ များ၊ ကျောင်းသားများ၊ ကလန်ကဆန်လုပ်ရန် အသင့်ဖြစ်နေသူ များကို ပညာပြ၊ အနိုင်ကျင့်၊ ဆူပူမှုဖန်တီးသူ တံဆိပ်ကပ်ပြီး အကျဉ်းထောင်အဆောက်အအုံအတွင်းသို့ ထည့်ထားခြင်းမှာ စကြဝဠာသိ ဖြစ်ရပ်များပင်။
ဒုက္ခသီရိသည် နှစ်ပေါင်း ၃ဝ အတွင်း ပုလိပ်အဖွဲ့၏ ကယ် တင်ခြင်းကို သုံးကြိမ်ခံခဲ့ရသည်။ ဒုက္ခသည် ဖြစ်သွားသူ အရေ အတွက် သိန်း ၃ဝ ခန့်သည် နယ်စပ်ဒေသတွင် နှစ်ပေါင်း ၃ဝ ကျော်ကြာ ခိုလှုံကြရသည်။
ဇာတ်ပေါင်းသော် ဒေသတွင်း အလားအလာအကောင်း ဆုံးနိုင်ငံဟု ယူဆခံခဲ့ရသော ဒုက္ခသီရိသည် ကယ်တင်ခြင်းအဖွဲ့နှင့် သုံးကြိမ်ရင်ဆိုင်ရပြီးနောက် ဒုက္ခအတိပြီးသောနိုင်ငံ ဖြစ်သွား သဖြင့် နိုင်ငံအမည်သည်လည်း ဒုက္ခအတိဟု ထင်ရှားလာသည်။ ကာလကြာရှည်သော် ဒုက္ခအတိမှ ဒုက္ခသီရိဟု အမည်ရွေ့လျော သွားသည် ဟူ၏။
စည်းကမ်းကောင်းသော
‘နိုင်ငံရေးတွင် ဝင်ရှုပ်ခြင်း’ဟူသော အသုံးအနှုန်းကို ပုလိပ် ခေါင်းဆောင်တို့က မနှစ်သက်ကြပေ။ ‘ကယ်တင်ခြင်း’ဟူသော ဝေါဟာရကိုသာ နှစ်ခြိုက်စွာ သုံးစွဲကြသည်။ ဤသည်မှာ ဒုက္ခ သီရိ၏ ခေတ်သစ်နိုင်ငံရေးသမိုင်းအကျဉ်းတည်း။
မကြာသေးခင်နှစ်များအတွင်း ဒုက္ခသီရိခေါင်းဆောင်တို့ က ကယ်တင်ခြင်းဇာတ် ခင်းရသည်မှာ ပျင်းစရာကောင်းလွန်း သဖြင့် စနစ်သစ်တစ်ခုကို ပွဲထုတ်လိုသည်ဟု ကြေညာလိုက်သည်။ ထိုစနစ်မှာ ‘စည်းကမ်းကောင်းသော ဒီမိုကရေစီစနစ်’ဖြစ်လေ သည်။ ထိုစနစ်သည် စကြဝဠာထဲတွင် အကောင်းဆုံးစနစ်ဖြစ် သည်ဟု အများပြည်သူ ယုံကြည်အောင် အကြိမ်ကြိမ် ဝါဒဖြန့်၏။
ထိုစနစ်အရ ရွေးကောက်ပွဲကျင်းပမည်ဟုဆိုကာ ပုလိပ်အဖွဲ့ ခေါင်းဆောင်တို့က ပါတီတစ်ခု တည်ထောင်သည်။ ပါတီ၏အမည်ကို ပြည်သူ့ပါတီဟု အမည် ခပ်တည်တည် ပေးလေသည်။ ပြည်သူပိုင်ပစ္စည်း၊ ဘဏ္ဍာ၊ အဆောက်အအုံတို့ကို အသုံးပြုသော ပါတီဖြစ်သောကြောင့် ထိုသို့ အမည်ပေးခြင်းဟူ၏။
များမကြာမီ ရွေးကောက်ပွဲကြီး ကျင်းပ၏။ ပြည်သူ့ပါတီ ဝင်ပြိုင်၏။ မနိုင်နိုင်အောင် လုပ်၏။
ဤသို့ဖြင့် စည်းကမ်းကောင်းသော ဒီမိုကရေစီစနစ် ပေါ် ပေါက်လာလေသည်။
ကိုယ့်နည်းကိုယ့်ဟန် ထရိုဂျန်
စည်းကမ်းကောင်းသော ဒီမိုကရေစီစနစ်သည် စကြဝဠာ ထဲတွင် အကောင်းဆုံးစနစ်ဖြစ်သည်ဟု အကြိမ်ကြိမ် ဝါဒဖြန့်ပြီး ချိန်တွင် ယုံကြည်သူ အနည်းငယ်ရှိလာသည်။ ပုလိပ်အဖွဲ့ခေါင်း ဆောင်များ၊ အာဏာရ ပြည်သူ့ပါတီခေါင်းဆောင်များက အခိုင် အမာယုံကြည်သူများထဲတွင် ပါဝင်ကြလေသည်။ ပြောဖန်များ သွားသောကြောင့် ကိုယ်တိုင် အဟုတ်ကြီးထင်သွားခြင်းပင်တည်း။
ထိုသို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် ပြင်းထန်လွန်းမှု ပုံ မှန်ထက် ပိုမိုလွန်ကဲလာချိန်တွင် ပုလိပ်ခေါင်းဆောင်ပိုင်းက သတ္တိရှိလာသည်။ မည်မျှ သတ္တိရှိလာသနည်း။ အတိုက်အခံခေါင်း ဆောင်ကို ထိန်းသိမ်းထားရာမှ ပြန်လွှတ်ပေးရဲသည်အထိ သတ္တိ ရှိလာသည်ဟု ဆိုရမည်။
ပြန်လွတ်လာသော အတိုက်အခံခေါင်းဆောင်က ပြည်သူ မနာသော၊ ထောင်ထဲ မဝင်ရသော နည်းလမ်းသုံးပြီး တိုက်ကွက် ဖော်လေသည်။ ကမ္ဘာကျော် ထရိုဂျန်ဗျူဟာကို အနည်းငယ် ပြင် ဆင်ပြီး သုံးမည်ဟု ဆို၏။ ထရိုဂျန်ဗျူဟာဟူသည်မှာ ပြိုင်ဘက်ကို အလဲထိုးနိုင်သည့် ဗျူဟာဖြစ်သည်။ ရှေးကာလ စစ်ပွဲတစ်ခုမှ ပေါ် ပေါက်လာသော ဗျူဟာဖြစ်သည်။ ဟိုးရှေးရှေးတုန်းက မြို့ပြ နိုင်ငံတစ်ခုက တခြားမြို့ပြနိုင်ငံတစ်ခုကို သွားရောက်တိုက်ခိုက် သည်ဟု ပုံပြင်က ဆိုသည်။
အတိုက်ခံရသူက ရိက္ခာလုံလောက်၊ လက်နက်ပြည့်စုံ၊ မြို့ ရိုးအခိုင်အမာတည်ဆောက်ပြီး ခုခံ၏။ ကာလကြာသော် အပြင် ဘက်မှ ဝိုင်းထားသူတို့သာ အထိနာ၊ အခက်တွေ့လာသဖြင့် စစ် ဗျူဟာ ပြောင်းရလေသည်။ သူတို့က ဆုတ်ခွာဟန်ပြုပြီး မနီး မဝေးတွင် တပ်ဖျောက်လိုက်ကြသည်။ သို့သော်လည်း သုံးထပ် တိုက်ခန့် ပမာဏရှိသည့် လှလှပပ မြင်းရုပ်ကြီးကို ထားခဲ့လေသည်။
မြို့ရိုးအတွင်းမှ ပြင်ပသို့ လှမ်းကြည့်ရာ ရန်သူတို့ ဆုတ်ခွာ သွားသည်ကို မြင်ရသဖြင့် အနှီ လှတပတ မြင်းရုပ်ကြီးကို မြို့ရိုး အတွင်းသို့ သွင်းလာကြပြီး သောက်စားမူးယစ် အောင်ပွဲခံကြ သည်ဟု ပုံပြင်ထဲတွင် အတိအကျ ဆိုထားသည်။ နိဂုံးချုပ်ပြောရ လျှင် ညအမှောင်ကျချိန်တွင် မြင်းရုပ်အတွင်းမှ ရန်သူလက်ရွေး စင် ကွန်မန်ဒိုများ တိတ်တဆိတ်ထွက်လာပြီး မြို့ကို မီးရှို့တိုက် ခိုက်သည်၊ မြို့တံခါးများကို ဖွင့်သည်၊ တပ်ကူများ ရောက်လာပြီး အင်အားသုံး ချေမှုန်းလေရာ ထိုမြို့ပြနိုင်ငံ စစ်ရှုံးလေတော့သည်။ ဤပုံပြင်ထဲမှ မြင်းရုပ်ကြီး၏ အမည်မှာ ထရိုဂျန်ဖြစ်လေရာ ပြိုင် ဘက်များရှိရာသို့ ကိုယ့်လူရောက်အောင် သွင်းသည့်နည်းနာကို ထရိုဂျန်ဗျူဟာဟု သမိုင်းဆရာတို့က ဆိုကြလေသည်။
ယနေ့ခေတ်တွင် ဒုက္ခသီရိအတိုက်အခံခေါင်းဆောင်က ထို နည်းနာကို အနည်းငယ်ပြင်ဆင်ပြီး သုံးလေသည်။ အာဏာရ ပါတီခေါင်းဆောင်များစွာထဲမှ ဦးငွေမန်းဆိုသူကို မိတ်ဆွေဖွဲ့လေ ၏။ ကာလတိုအတွင်း လွန်စွာ ရင်းနှီးသောမိတ်ဆွေများ အဆင့် သို့ပင် ရောက်လာသည်။
နိုင်ငံရေးအကဲခတ်တို့ကမူ အတိုက်အခံခေါင်းဆောင်ကို ချီးကျူးကြလေသည်။ ထရိုဂျန်မြင်းရုပ်ကို ကိုယ်တိုင် မလုပ်၊ မြို့ရိုး ထဲမှ မြင်းရုပ်ကြီးတစ်ခုကို မြို့ပြင်ထွက်လာအောင်လုပ်ပြီး ပြိုင် ဘက်တွေကြား ယုန်ထင်ကြောင်ထင်၊ ကစဉ့်ကလျားဖြစ်ပြီး ပြို ကွဲစေသည့် နည်းဗျူဟာ၊ ကိုယ့်နည်းကိုယ့်ဟန် ထရိုဂျန်နည်း ဗျူဟာ သုံးနေပြီဟု မှတ်ချက်ပြုကြ၏။
ထိုနည်းဗျူဟာ မည်မျှအထိ အလုပ်ဖြစ်သနည်းဟူမူ ပြည် သူ့ပါတီအတွင်း အယူအဆနှစ်မျိုး ဖြစ်သွားသည်အထိပင်။ မိတ် ဆွေမရှိ၊ ရန်သူသာရှိသည်ဟူသော အယူအဆကို ကိုင်စွဲထား သည့် နဂိုမူလ ခေါင်းမာဂိုဏ်းသားများက တစ်ဖက်၊ ရန်သူ၏အင် အား ကိုယ့်အင်အားဟူသော အယူအဆသစ်ကို စွဲကိုင်သူတို့က တစ်ဖက် ဖြစ်လာသည်။ ဒုတိယအုပ်စုကို ဦးဆောင်သူမှာ ဦးငွေ မန်း ဖြစ်ကြောင်း စာရှုသူတို့ သဘောပေါက်ကြမည်ဟု ယူဆ ပါသည်။ ဟုတ်ပါသည်။ ဒုတိယအုပ်စုကို ဦးဆောင်သူမှာ ဦးငွေ မန်း ဖြစ်တော့သည်။
ဦးငွေမန်း ရွာပြင်ရောက်
ထိုသို့ စိတ်ဝမ်းကွဲနေစဉ်မှာပင် ရွေးကောက်ပွဲရာသီ ကျ ရောက်လာလေသည်။ ရွေးကောက်ပွဲမှာ အကြိတ်အနယ် ရှိလှ၏။ ပဝါမကူ၊ ရေမရှူတမ်း ပြိုင်ကြ၏။ အတိုက်အခံ ပေါ်ပြူလာပါတီက အပြတ်အသတ် အနိုင်ရသွားလေသည်။
မျှော်လင့်မထားသော သို့မဟုတ် မဖြစ်စေချင်သော အခင်းအကျင်းကို ပုလိပ်အဖွဲ့ခေါင်းဆောင်ပိုင်းက မကျေနပ်ချေ။ သူတို့၏ နိုင်ငံရေးအတောင်ပံ ပုံပျက်ပန်းပျက် ဖြစ်ရသည်မှာ ဦးငွေမန်းကြောင့်ဟု အဖြေထုတ်လေသည်။ ညနေခင်းတစ်ခုတွင် သူတို့ အကြီးအကျယ် ရန်ဖြစ်ကြ၏။ ညတွင်းချင်းပင် ဦးငွေမန်းကို ပြည်သူ့ပါတီရုံးခန်းထဲမှ ဆွဲထုတ်ကြ၊ မောင်းထုတ်ကြ၏။ သင် သွားလိုရာ သွားနိုင်ပြီ၊ ငါတို့နှင့် မသက်ဆိုင်တော့ချေဟု ဆိုကြ၏။
ဦးငွေမန်း ရွာပြင်ရောက်သွားလေရာ အကဲခတ်တို့က သူ့ ကို အကောင်းဆုံးအရှုံးသမား၊ မဟာပြုပြင်ပြောင်းလဲရေးသမား၊ ဖောက်ထွက်လှုပ်ရှားသူ၊ နိုင်ငံရေးစွန့်ဦးတီထွင်သူ၊ သေတ္တာ အပြင်ဘက်ထွက်ပြီး ရှုမြင်သူ စသဖြင့် ကင်ပွန်းတပ်ကြသည်။ ပြည်သူ့ပါတီတွင်မူ သူ့အမည်ကို စကားထဲ ထည့်မပြောရဲကြသဖြင့် ထရိုဂျန်ကြီးဟူသော အမည်ဝှက်ကိုသာ သုံးကြသည်။
ပြည်သူလူထုထဲတွင်လည်း ဦးငွေမန်းကို ‘ငါတို့လေးစားသူ ရဲ့ မိတ်ဆွေဆိုတော့လည်း ငါတို့မိတ်ဆွေပဲပေါ့ကွာ’ ဟု သတ်မှတ် သူ အများအပြားရှိလာသည်။
အခဲမကြေသော ပုလိပ်အဖွဲ့ခေါင်းဆောင်ပိုင်းက ဦးငွေမန်း ကို အနီးကပ် စောင့်ကြည့်လေတော့သည်။
တစ်နေ့သားတွင် ဦးငွေမန်း၏ ပြောကြားချက်များအတွင်း ‘ရွေးကောက်ပွဲအနိုင်ရ ပေါ်ပြူလာပါတီ အစိုးရကို လေးစားပါ’ဟူသော စကားတစ်ခွန်း ပါလာသည်။ ထိုပြောဆိုချက်ကို 7PAYသတင်းစာ၏ သတင်းတစ်ပုဒ်တွင်လည်း တွေ့ရလေသည်။
ထိုစကားက မည်သို့သော အဓိပ္ပာယ် ရသနည်း၊ သူ ဘာ ကြောင့် ထိုသို့ မြွက်ဆိုသနည်း၊ ထိုစကားနောက်ကွယ်တွင် မည် သည့်မြှုပ်ကွက် ရှိသနည်းဟု ပုလိပ်အဖွဲ့ခေါင်းဆောင်ပိုင်းက စဉ်း စားခန်း ထုတ်လေသည်။ ရက်ပေါင်းလေးဆယ်ခန့် စဉ်းစားခန်း ထုတ်ကြပြီးနောက်တွင် ကောက်ချက်တစ်ခု ချလိုက်သည်။’အစိုးရကို လေးစားပါ ဟူသည်မှာ ပုလိပ်အဖွဲ့ကို မလေးစားကြနဲ့’ဟု တိုက်ရိုက်ဘာသာပြန်နိုင်သည်ဟူသော ကောက်ချက်ပင်။
ထိုသို့ ကောက်ချက်ချပြီးသကာလ မည်သို့ တုံ့ပြန်မည်နည်း ဟု တိုင်ပင်ဆွေးနွေးကြရာ ထိုပြောဆိုချက်ကို သတင်းအဖြစ် ရေးသားဖော်ပြသော 7PAY သတင်းစာကို ဖိအားပေးသင့် ကြောင်း၊ ထိုသို့ ဖိအားပေးခြင်းဖြင့် ဦးငွေမန်းကိုရော၊ စာနယ်ဇင်း သမားတို့ကိုပါ ပညာပေးရာရောက်ကြောင်း ဆုံးဖြတ်ကြလေသည်။
7PAY သတင်းစာ
ဆုံးဖြတ်ချက်ကို အကောင်အထည် ဖော်ကြသည်။ 7PAY သတင်းစာကို ဖိအားပေးကြလေသည်။ 7PAY သတင်းစာလည်း နေရင်းထိုင်ရင်း နာမည်ကြီးသည်ထက် ကြီးလေသည်။ တချို့ သော အကဲခတ်တို့က ဤဖြစ်ရပ်ကြီးတစ်ခုလုံးမှာ လုပ်ဇာတ်ဖြစ် သည်၊ ခေတ်ပေါ် ကြော်ငြာနည်းတစ်ခုဖြစ်သည်ဟုပင် ယူဆကြ သည်။ ဖိအားပေးမှု ရုပ်သိမ်းသည်ဟု သတင်းထွက်လာသောအခါ ‘ကဲ…အစက ငါမပြောလား’ဟု သူတို့က အခိုင်အမာ ဆိုလေ၏။
ဒုက္ခသီရိစာနယ်ဇင်းလောကသားတို့ကမူ ဤဖြစ်ရပ်ကြီး နှင့် ပတ်သက်ပြီး အပြင်းအထန် ကန့်ကွက်ကြသည်။ ငါတို့ကို သတင်းရေးခွင့် မပေးတော့ဘူးလား၊ အမှောင်ခေတ်ကို ပြန်သွား တော့မှာလား စသည်ဖြင့် ဆူညံစွာ ဝေဖန်ကြ၏။ အကောင်းမြင်သူ မရှိသလောက်ပင်။
မရှိသလောက်ပင် ဟူသည်မှာ အနည်းငယ်ရှိသည်ဟု ဘာသာပြန်နိုင်သည်။ ဟုတ်သည်၊ အကောင်းမြင်သူ အနည်းငယ် ရှိနေသည်။ ထိုမဆိုစလောက်သော အနည်းငယ်ထဲတွင် သတင်း ထောက် ရန်လိုကျွဲ ပါဝင်လေသည်။ အကောင်းဘက်မှ ရှုမြင် ကြောင်းလည်း အွန်လိုင်းတွင် လက်ဆော့ရေးသားလိုက်သည်။
စာနယ်ဇင်းလွတ်လပ်ခွင့်ကို ကြွေးကြော်လေ့ရှိသော မော် ကွန်းသတင်းစာက ရန်လိုကျွဲကို မကျေနပ်ချေ။ မော်ကွန်းမှ ရုပ်အဖြောင့်ဆုံး သတင်းသမား ကျော်ဇေယျဆိုလျှင် ”ဟေ့ ကောင်…မင်းက ဘာကြောင့် အကောင်းမြင်ရတာလဲ၊ သတ္တိရှိရင် ရုံးကို လာခဲ့၊ ချက်ချင်းလာခဲ့၊ ငါနဲ့ တွေ့မယ်”ဟု ဖုန်းဆက်ပြီး အော်ဟစ်ခြိမ်းခြောက်၏။
ဒုက္ခသီရိ တယ်လီဖုန်းလိုင်းများ မကောင်းသဖြင့် သူ့အသံ က မသဲကွဲလှချေ။ ”ရုံးကို လာခဲ့၊ ချက်ချင်း လာခဲ့”ဟူသော အသံ ကိုသာ အနည်းငယ် သဲကွဲစွာ ကြားရသည်။ ထို့ကြောင့် ရန်လိုကျွဲ လည်း မော်ကွန်းရုံးသို့ သုတ်ခြေတင်ရလေ၏။ ရုံးခန်းငှားခ မပေး နိုင်တော့သဖြင့် အခန်းရှင်က နှင်ချနေပြီလော၊ သတင်းထောက် အချင်းချင်း ရန်ဖြစ်သောကြောင့် ထိပ်ပေါက် ခေါင်းကွဲကုန်ပြီ လော စသဖြင့် တွေးမိ၏။
ရုံးသို့ ရောက်သော် အရာအားလုံး ပုံမှန်ရှိနေသည်။ ၉ဝ ရာခိုင်နှုန်းသော သတင်းထောက်တို့က Facebook သုံးနေသည်။ ၁ဝ ရာခိုင်နှုန်းသော သတင်းထောက်တို့က မွန်းတည့်ချိန်အထိ ရုံးရောက်မလာသေး။ ဒါဆိုလျှင် ကျော်ဇေယျက ဘာကြောင့် အရေးတကြီး လှမ်းခေါ်ရသနည်း။ ချောင်ထဲတွင် Facebook သုံးနေသော ကျော်ဇေယျကို ကြည့်လိုက်တော့လည်း ခပ်တည် တည်။ ဒါဆို သေချာပြီ၊ ဧပြီ ၁ ရက်နေ့ မဟုတ်ဘဲ ဧပြီဖူးလုပ်တာ ခံလိုက်ရပြီ။
တကယ်တော့ ရန်လိုကျွဲ ရောက်လာကတည်းက ကျော် ဇေယျ ရင်တွေ ခုန်နေသည်။ ရင်ခုန်သည်ဆိုသည်မှာ တခြား မဟုတ်။ ဖုန်းထဲတွင် ဒေါသအလျောက် ဟိန်းဟောက်လိုက်သော် လည်း ဗလကြီးကြီး ရန်လိုကျွဲ ရုတ်တရက် ရောက်ချလာချိန်တွင် ထွက်ပြေးရန်လည်း အခြေအနေမပေးသဖြင့် ရင်ခုန်ထိတ်လန့် နေခြင်းပင်။
အကောင်းမြင်သမား
ရင်ခုန်နေသော ကျော်ဇေယျကို ရန်လိုကျွဲက ‘ဘ’သုံးလုံး မေးခွန်းဖြင့် လှမ်းနှုတ်ဆက်ပါ၏။
”ကျော်ဇေယျ၊ ဘာတွေရေး၊ ဘာတွေလုပ်နေလဲ၊ ဘာ ထူးလဲ”
သူကောင့်သားလည်း အယောင်ယောင် အမှားမှား ဖြေ၏။
”7PAY သတင်းစာနဲ့ ပတ်သက်ပြီး အင်တာဗျူးတွေ လုပ် နေတာပါ”
”ဟာ…ကောင်းတာပေါ့။ ဒါ ရာသီစာပဲ။ ငါ့ကိုလည်း ဗျူး လေကွာ။ ဒါမှ မတူတဲ့ အမြင်တွေ ရအောင်လို့”
ရန်လိုကျွဲ သာသာထိုးထိုး ရောင်းတတ်သဖြင့် ကျော်ဇေယျ လည်း အချင်းချင်း ဗျူးရလေတော့သည်။
ကျော်ဇေယျ – ဦးငွေမန်းပြောဆိုချက်ကို သတင်းထဲထည့်ရေးတဲ့ 7PAY သတင်းစာ မကြာသေးခင်က ဖိအားပေးခံရပါတယ်။ ပုလိပ်အဖွဲ့ကြီး ဖိအားပေးတာနဲ့ ပတ်သက်ပြီး ဘယ်လို မြင်ပါ သလဲ။
ရန်လိုကျွဲ – ဒါအင်မတန် ကြိုဆိုချင်စရာကောင်းတဲ့ တုံ့ပြန်မှုပါ။ ကျွန်တော် သောက်ရမ်းကြိုက်ပါတယ်။
ကျော် – ဘာကြောင့် သောက်ရမ်းကြိုက်၊ သောက်ရမ်း ကြိုဆိုရ တာလဲ။
ကျွဲ – ဘာကြောင့်လဲဆိုတော့ သူတို့က ဖိအားပဲ ပေးတာလေ။ ခါ တိုင်းဆို ထောင်ထဲ တန်းထည့်လိုက်တာမဟုတ်လား။ အခုလုပ် ရပ်က ခါတိုင်းထက် အဆပေါင်းများစွာ ညင်သာတယ်လေ။ ဒါ ကြောင့် သောက်ရမ်းကြိုက်၊ သောက်ရမ်း ကြိုဆိုမိတာပါ။
ကျော် – ပုလိပ်အဖွဲ့ ဖိအားပေးတဲ့အတွက် စာနယ်ဇင်းလောက အတော်လေး ပွက်လောရိုက်သွားပါတယ်။ ဒါကိုရော အကောင်း မြင်ပါသလား။
ကျွဲ – အကောင်းမြင်ပါတယ်။ ပုလိပ်အဖွဲ့ကြီးက အခုလို အစွယ် ထုတ်ပြလိုက်တဲ့အတွက် လူတွေက သြော်…စည်းကမ်းကောင်း သော ဒီမိုကရေစီစနစ်ဆိုတာ ဒါပါလားလို့ ပိုပြီး သဘောပေါက် သွားပါတယ်။ ဒီဖြစ်ရပ်က အားလုံးကို အလင်းပြသလို ဖြစ်သွား တယ်ဆိုတော့…ဘယ်လိုပြောမလဲ…ကောင်းတာပေါ့နော်။
ကျော် – ပုလိပ်အဖွဲ့ကြီးကို ဘယ်လို သုံးသပ်ချင်ပါသလဲ။
ကျွဲ – ပုလိပ်အဖွဲ့ခေါင်းဆောင်ပိုင်းက စာနယ်ဇင်းမှာ ပါသမျှကို ဆက်လက် စောင့်ဖတ်မယ့် သဘောရှိတယ်။ ဒါ အင်မတန်ကောင်း ပါတယ်။ စာများများဖတ်တော့ အသိအမြင် တိုးပွားတာပေါ့ဗျာ။ စာဖတ်ခြင်းကြောင့် မည်သူမဆို လိမ္မာရေးခြား ရှိလာနိုင်တယ်။ ကိုယ့်အလုပ်က ဘာလဲဆိုတာ ပိုပြီး သဘောပေါက်လာအောင် စာဖတ်ခြင်းက အားပေးတယ်။
ကျော် – တခြား ပြောချင်တာ ရှိသေးလား။
ကျွဲ – ဒီအင်တာဗျူးကို ပုလိပ်အဖွဲ့ ထိပ်တန်းခေါင်းဆောင်တွေ မဟုတ်ရင်တောင် အလယ်အလတ်ခေါင်းဆောင်တွေ ဖတ်ဖြစ် မယ်လို့ ယူဆပါတယ်။ သူတို့ရဲ့ လှုပ်ရှားတုံ့ပြန်မှုကို ကျွန်တော် ရန်လိုကျွဲက အကောင်းမြင်တယ်ဆိုတာ သူတို့ သိသွားမှာ ဖြစ်တဲ့ အတွက် ပုထုဇဉ်တို့ သဘာဝ သူတို့ အင်မတန် သဘောကျ နှစ် သက်လိမ့်မယ်လို့ ယူဆပါတယ်။ ဒီလောက်ပါပဲ။
အင်တာဗျူးအပြီးတွင် ရန်လိုကျွဲလည်း မော်ကွန်းရုံးမှ ပြန် ခဲ့လေသည်။
နာရီများမကြာမီ မော်ကွန်းသတင်းစာတိုက်က ဖုန်းဆက် အကြောင်းကြားလာသည်။ သူတို့ရုံးတွင် ပြုလုပ်ခဲ့သော အင်တာ ဗျူးကို သတင်းစာမျက်နှာဖုံးတွင် ဖော်ပြမည်ဟူ၏။ ။
၂၀၁၆-သြဂုတ်လထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၇) မှ သရော်စာ ဆောင်းပါး ဖြစ်ပါသည်။
ရန်လိုကျွဲ ရေးသည်။