မီဒီယာနဲ့အစိုးရရဲ့ ပွတ်တိုက်မှု

မီဒီယာနဲ့အစိုးရရဲ့ ပွတ်တိုက်မှု

၂၀၁၄၊ဇူလိုင်-သြဂတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၁၅)မှ သုံးသပ်ချက်ဆောင်းပါးဖြစ်ပါသည်။

မြင့်ကျော်ရေးသည်။

ယခုလပိုင်းတွေမှာ သတင်းမီဒီယာသမားများ ဖမ်းဆီးခံရသည့် သတင်း၊ ထောင်ဒဏ် အပြစ်ပေးခံရသည့်သတင်းများဆက်တိုက်ဆိုသလို ကြားနေရသည်။ ၂ဝ၁၃ ခုနှစ်အကုန်ပိုင်းလွိုင်ကော်သတင်းထောက် မခိုင်ကိစ္စမှစတင်ကာDVB သတင်းထောက် ထောင်ဒဏ်တစ်နှစ်အပြစ်ပေးလိုက်သည့် သတင်း၊ ယူနတီဂျာနယ်သတင်းထောက် လေးဦးနှင့် အမှုဆောင်အရာရှိချုပ်တို့ကို ထောင်ဒဏ် ၁ဝ နှစ်စီ အပြစ်ပေးခံရသည့် သတင်းနှင့်နောက်ဆုံး Biမွန်းတည့်နေဂျာနယ်မှ အယ်ဒီတာနှင့် ပိုင်ရှင်များအဖမ်းခံနေရသည့် သတင်းတို့ဖြစ်သည်။ လွန်ခဲ့သည့်ခြောက်လကျော်အတွင်း သတင်းသမားများ ဆက်တိုက် တရားစွဲဖမ်းဆီးခံရမှုများကို ကြည့်လျှင် အစိုးရနှင့် သတင်းမီဒီယာအကြား ပွတ်တိုက်မှုတစ်ရပ်ရှိနေပြီဆိုသည်မှာ ထင်ရှားသည်။

ယခုပွတ်တိုက်မှုမဖြစ်ပွားမီ ပြီးခဲ့သည့်နှစ်ပိုင်းအတွင်းသတင်းမီဒီယာနယ်ပယ်တွင် တိုးတက်မှုများ ဆက်တိုက်ဆိုသလိုဖြစ်ပေါ်ခဲ့သည်။ ပြောင်းလဲတိုးတက်မှုများကို ပြန်ကြည့်သည့်အခါဒီမိုကရေစီပြုပြင်ပြောင်းလဲရေး စတင်သည့် ၂ဝ၁၁ ခုနှစ်နှောင်းပိုင်းတွင် ပြည်ပအခြေစိုက် မြန်မာသတင်းမီဒီယာများအား ပိတ်ပင်ထားမှုကို သမ္မတဦးသိန်းစိန်က ဖြေလျော့ပေးခဲ့ခြင်းဖြင့်သတင်းမီဒီယာဖြေလျော့မှုလုပ်ငန်းစဉ်များ စတင်ခဲ့သည်။

ပထမဆုံး ထင်ရှားသည့် လုပ်ဆောင်မှုမှာ နိုင်ငံပိုင် သတင်းစာကျောဖုံးတွင် ပြည်ပအခြေစိုက် မြန်မာမီဒီယာများအား တိုက်ခိုက်သည့်ဆောင်ပုဒ်များ ဖော်ပြနေခြင်းကို ရပ်ဆိုင်းလိုက်ခြင်းနှင့် ပြည်တွင်း၌ မကြည့်ရှုနိုင်ရန် ပိတ်ပင်ထားသည့် ပြည်ပသတင်းဝက်ဘ်ဆိုက်လိပ်စာများကို ဖွင့်ပေးလိုက်သည့် လုပ်ဆောင်မှုဖြစ်သည်။ထို့နောက် ၂ဝ၁၂၊ သြဂုတ်လတွင် ၄၈ နှစ်ကြာ အမည်ဆိုးဖြင့် ကျော်ကြားခဲ့သည့် စာပေစိစစ်ရေးစနစ်ကို ရပ်ဆိုင်းခဲ့ပြီးယင်းဌာန၏ အမည်ကိုပါ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲအဖြစ်ပြောင်းလဲလိုက်သည်။ စာပေစိစစ်ရေးရပ်ဆိုင်းလိုက်သည့် အဖြစ်အပျက်သည် သတင်းမီဒီယာလောကအတွက် ကြီးမားသည့်အပြောင်းအလဲတစ်ခုဖြစ်ခဲ့သည်။ သတင်းဂျာနယ်လိုင်စင်ထုတ်ပေးမှုနှင့်ပတ်သက်၍လည်း ယခင်က ကန့်သတ်ချုပ်ကိုင်ထားခဲ့ရာမှ အချက်အလက်ပြည့်စုံပါက လျင်လျင်မြန်မြန်ထုတ်ပေးခဲ့သည်။ယင်းအချက်များက ပုံနှိပ်သတင်းမီဒီယာလောကကို အတိုင်းအတာတစ်ခုအထိ လွတ်လပ်မှုရစေခဲ့သည်။

တစ်ဖန် ၂ဝ၁၃၊ ဧပြီတွင် ပုဂ္ဂလိကနေ့စဉ်ထုတ် သတင်းစာများ ထုတ်ဝေခွင့်ပြုခဲ့သဖြင့် မြန်မာနိုင်ငံ၏ မီဒီယာဖြေလျော့မှုအပေါ် နိုင်ငံတကာချီးကျူးမှုများ ထပ်မံရရှိခဲ့သည်။ထိုသို့သော နိုင်ငံတကာချီးကျူးမှုရရှိနေသည့် အခြေအနေမှ ယနေ့ကာလကဲ့သို့ သတင်းမီဒီယာကို ရန်သူသဖွယ် အမှားတွေ့သည်နှင့် ကြီးမားသည့် ပြစ်ဒဏ်ပေးနေသည့် အခြေအနေသို့အဘယ်ကြောင့် ပြောင်းလဲသွားရသနည်းဟု မေးခွန်းထုတ်စရာရှိပါလိမ့်မည်။ ယင်းအဖြေကို ယတိပြတ်မပေးနိုင်သော်လည်း ဖြစ်နိုင်ခြေရှိသည့် အကြောင်းတရားများကို ဆန်းစစ်ကြည့်၊ သုံးသပ်ကြည့်ဖို့ လိုပေမည်။

အဘယ်ကြောင့် ယခုလို သတင်းလွတ်လပ်ခွင့်များကိုလိုက်လံပိတ်ပင်နေရပါသနည်း။ အစိုးရအနေဖြင့် သတင်းလွတ်လပ်ခွင့်ပေးခြင်းအားဖြင့် ၎င်းတို့အတွက် ဂုဏ်တက်မည်ကို သိပါလျက်နှင့် သတင်းလွတ်လပ်ခွင့်ကို ထိပါးစေမည့် လုပ်ဆောင်မှုများကို တရားစီရင်ရေးနှင့် ပြည်ထဲရေးတို့က ဘာကြောင့်လုပ်ဆောင်နေပါသနည်း အစရှိသည့် မေးခွန်းများ မေးစရာရှိလာပေသည်။

မီဒီယာကို အတိုင်းအတာတစ်ခုအထိ ပြန်လည်ထိန်းချုပ်လာရသည့်အချက်များကို ဆန်းစစ်ကြည့်သောအခါ တစ်ခုမကသော အကြောင်းတရားများ ပေါ်လာသည်ကို တင်ပြသွားပါမည်။

၂ဝ၁၅ ရွေးကောက်ပွဲနှင့် အစိုးရ၏ စိုးရိမ်မှု

အကြောင်းတရားများအနက်မှ တစ်ချက်မှာ လာမည့်၂ဝ၁၅ ရွေးကောက်ပွဲမတိုင်မီ သတင်းမီဒီယာကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ထားနိုင်ဖို့ လိုအပ်ပေလိမ့်မည်။ ၂ဝ၁၅ ရွေးကောက်ပွဲနှင့် မည်သို့ သက်ဆိုင်သနည်းဟု မေးပါက ၂ဝ၁ဝ ရွေးကောက်ပွဲကဲ့သို့သော မမျှတသည့် မဲဆွယ်မှုများ၊ ကြိုတင်မဲမသမာမှုများ လာမည့် ၂ဝ၁၅ တွင် ဖြစ်ပွားမည်ဆိုပါက သတင်းမီဒီယာဘက်က စောင့်ကြည့်မှတ်တမ်းတင် ရေးသားကြပေလိမ့်မည်။ ထိုကာလတွင် ပုံနှိပ်မီဒီယာအဖို့ ပုံမနှိပ်မီ ကြိုတင်တင်ပြရသည့် စိစစ်ရေးစနစ်လည်း မရှိတောသဖြင့် ရေးသားဖောြ် ပမှုများကို ကန့်သတ်တားဆီးနိုင်မည်မဟုတ်ပေ။

လွန်ခဲ့သည့် ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲကျင်းပစဉ် မြန်မာ့သတင်းမီဒီယာများအနေဖြင့် လွတ်လွတ်လပ်လပ်ဖော်ပြခွင့်မရှိသေးသည့် အခြေအနေဖြစ်ခဲ့သည်။ သတင်းဖော်ပြခွင့်တွင်သာမက သတင်းရယူရာတွင်လည်း ထိုစဉ်က ယနေ့ထက် ခက်ခဲသည့်အခြေအနေမျုးိ ဖြြစ် ခင်း ကြောင့် ၂ဝ၁ဝ ရေးွကောကပ် ၏မမျှတမှု၊မသမာမှုများ သတင်းမီဒီယာတွင် မှတ်တမ်းတင်မှု အကန့်အသတ်ရှိခဲ့သည်။

ထို့ပြင် ၂ဝ၁ဝ ခုနှစ်က သတင်းဌာနအရေအတွက်၊ သတင်းသမားအရေအတွက်နှင့် ယနေ့ သတင်းဌာန၊ သတင်းသမားအရေအတွက်နှိုင်းယှဉ်လျှင် နှစ်ဆနီးပါး တိုးတက်လာသည့် အချက်သည်လည်း ထည့်သွင်းစဉ်းစားစရာ အချက်တစ်ချက်ဖြစ်သည်။ယခုဆွေးနွေးသည့် ၂ဝ၁၅ ရွေးကောက်ပွဲအပြင် အခြားသောအကြောင်းအရာတစ်ချက်မှာ စုံစမ်းဖော်ထုတ်သတင်းရေးသားခြင်းဖြစ်သည်။

စုံစမ်းဖော်ထုတ်ရေးသားခြင်းနှင့် ထိခိုက်နိုင်သည့် အကျိုးစီးပွားများ

ယခုလက်ရှိအချိန်အထိ မြန်မာ့သတင်းမီဒီယာနယ်ပယ်တွင် စုံစမ်းဖော်ထုတ်၍ ရေးသားတင်ပြသည့် သတင်းအမျိုးအစား(Investigative Reporting) နည်းပါးနေဆဲဖြစ်သည်။ သတင်းအတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုနည်းနေသေးခြင်း၊ သတင်းအချက်အလက်များ ရယူနိုင်သည့် အရင်းအမြစ်နည်းပါးခြင်းတို့ကြောင့် ယင်းသတင်းအမျိုးအစားဖော်ပြမှု နည်းပါးလျက်ရှိသည်။ လတ်တလော ထောင်ချခံလိုက်ရသည့် ယူနတီသတင်းဂျာနယ်၏ ဖော်ပြမှုသည် တိကျမှု၊ ခိုင်လုံမှုအပိုင်း အားနည်းသည့်တိုင် ယင်းသို့သော သတင်းဖော်ပြမှုအမျိုးအစားဖြစ်ပေသည်။ ထိုသို့သော စုံစမ်းဖော်ထုတ်ရေးသားမှုများ ယခုထက်ပိုများပြားလာပါက တပ်မတော်နှင့် သက်ဆိုင်သည့် ကိစ္စများသာမက ယခင်အစိုးရလက်ထက် စစ်တပ်ခေါင်းဆောင်များ၏ အကျိုးစီးပွားများ၊လုပ်ဆောင်မှုများ လက်ရှိအာဏာရပါတီတွင် ပါဝင်နေသည့်ခေါင်းဆောင်များ၏ အကျိုးစီးပွားများကိုပါ ထိခိုက်လာဖွယ်ရှိနေပေသည်။

ထိုအချက်ကြောင့်လည်း သတင်းမီဒီယာအပေါ် ယခုအချိန်ကတည်းက ထိန်းချုပ်မှုလုပ်ရန် အစိုးရအနေဖြင့် ယူဆခြင်းဖြစ်နိုင်ပေသည်။

အစိုးရဝန်ကြီးဌာနများ၏ မီဒီယာကြောက်ရွံ့မှု

နိုင်ငံတကာ အန်ဂျီအိုအဖွဲ့များနှင့် နိုင်ငံတကာအစိုးရများ၏ ကူညီရေးအဖွဲ့များက မြန်မာနိုင်ငံဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည့်အခါ မီဒီယာနှင့်ပတ်သက်၍ မေးမြန်းလေ့ရှိကြသည်။ ထိုသို့မေးမြန်းသည့်အခါ ဝန်ကြီးဌာနတာဝန်ရှိသူများက မီဒီယာနှင့် မဆက်ဆံလိုကြောင်း အများစုဖြေဆိုကြသည်ဟုပြောဆိုသည်။

တစ်နည်းအားဖြင့် မီဒီယာနှင့် ဓာတ်မတည့်ခြင်း၊ Media Allergic ရှိကြသည့်သဘောဖြစ်သည်။ မီဒီယာ၏ ဖော်ပြမှုများတွင်အမှားအယွင်းများ ပါဝင်ကြောင်း က ို ထောက်ပြကာမီဒီယာနှင့် မဆက်ဆံလိုကြောင်း ၎င်းတို့က ပြောဆိုကြခြင်းဖြစ်သည်။တစ်ဖက်တွင် မီဒီယာသမားများအနေဖြင့် အရည်အချင်းမပြည်ဝမှုများရှိမည်မှာဧကန်ပင်။ မြန်မာ့သတင်းမီဒီယာလောကပြန်လည်ဖြစ်ထွန်းလာသည်မှာ ဆယ်စုနှစ်တစ်ခုသာရှိသေးပြီးသတင်းစာပညာနှင့်ပတ်သက်သည့် ကောလိပ်တက္ကသိုလ်ပညာရေးမျိုးလည်း မရှိသေးသည့် အချက်များသည်လည်းသတင်း မဒီ ယာသမားများ ပညာရှင်ဆန် (Professional) ဖြစ်ဖို့အားနည်းချက်များဖြစ်နိုင်ပါသည်။

သို့ရာတွင် အစိုးရဌာနဆိုင်ရာ တာဝန်ရှိသူများအနေဖြင့်ပြည်သူလူထုကို တာဝန်ခံမှုသည် ဒီမိုကရေစီစနစ်တွင် မရှိမဖြစ်သည့် အရာဖြစ်သောကြောင့် မီဒီယာကို မဆက်ဆံ၍ မရပေ။

အထက်က ဖော်ပြခဲ့သည့် အကျိုးစီးပွားများ စိုးရိမ်မှုများနှင့် ဆက်နွှယ်ကာ မီဒီယာကို စည်းကမ်းမစောင့်ထိန်းသူများ၊ကျွမ်းကျင်မှုမရှိသူများ၊ ဥပဒေချိုးဖောက်သူများအဖြစ် ပုံဖော်လိုသည့်ဘက်က တစ်ဖက်နှင့် အခြားတစ်ဖက်တွင်လည်း သတင်းမီဒီယာလောကအနေဖြင့် ကိုယ့်လောကသားများကို ယခုထက်ပို၍ပညာရှင် (Professional) ပီသဖို့၊ ကျင့်ဝတ်ဆိုင်ရာ လိုက်နာသည့် သတင်းသမားများဖြစ်ဖို့ သတင်းမီဒီယာကျွမ်းကျင်သူဖြစ်ဖို့နဲ့ ကျင့်ဝတ်ဆိုင်ရာစည်းကမ်းများ စောင့်ထိန်းကြဖို့ နှိုးဆော်ရန်လိုအပ်မည်ဖြစ်သည်။

[ ပြီးပါပြီ။ ]

 

အမျိုးအစား - သုံးသပ်ချက်

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."