မဟာဗျူဟာလမ်းခွဲ

မဟာဗျူဟာလမ်းခွဲ

၂၀၁၄၊ဒီဇင်ဘာလထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၁၄)မှ သုံးသပ်ချက်ဆောင်းပါးဖြစ်ပါသည်။

သန်းစိုးနိူင် ရေးသည်။

ပွင့်ပွင့်လင်းလင်းပြောရရင် ဒီနေ့ မြန်မာ့နိုင်ငံရေး အခင်း အကျင်းဟာ အမေရိကန်၊ EU တို့ ထင်မြင်ယူဆ မျှော်လင့်နေကြ သလို ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေကြတာ မဟုတ်သေးပါဘူး။ ပြည်တွင်းက အာဏာရအဝန်းအဝိုင်းနဲ့ ခရိုနီ စီးပွားရေး အသိုင်းအဝိုင်းတွေက ဝိုင်းဝန်း လက်ခုပ်သြဘာပေးနေ ကြသလို ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ခေတ်ကြီးတစ်ခေတ်ထဲ ကို ဝင်ရောက်နေတာလည်း မဟုတ်ပါဘူး။ ဒါ့ထက်ပိုပြီး တိတိကျ ကျပြောရရင် ဒီမိုကရေစီအသွင်ကူးပြောင်းရေး (Democratic Transition) ဖြစ်စဉ်ကိုတောင် မတက်လှမ်းနိုင်သေးဘဲ မူဝါဒ တချို့ လျှော့ဖြေ (Liberalization) ပေးတဲ့ အဆင့်ပဲ ရှိပါသေး တယ်။

ဒီလို မူဝါဒတချို့ လျှော့ဖြေပေးလိုက်တဲ့အတွက် နိုင်ငံရေး အကျဉ်းသားအများစု လွတ်မြောက်လာခဲ့ကြတာဟာ တစ်စုံတစ် ရာ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်၊ ဆန္ဒအချို့ ဖော်ထုတ်ခွင့် တွေ ရလာခဲ့ကြတာတော့ အမှန်ပါပဲ။ ဒါကြောင့် ပြည်သူလူထု အနေနဲ့ အသက်ရှူပေါက်လေး ရလာခဲ့ပေမယ့် သူတို့ရဲ့ စားဝတ် နေရေးဆိုင်ရာ အခြေခံပြဿနာတွေကတော့ ဘာမှ ဖြေရှင်းနိုင် ခွင့် မရကြသေးပါဘူး။ ဒီအပြောင်းအလဲတွေအတွင်းမှာ တကယ်တမ်း နိုင်ငံရေးနဲ့ စီးပွားရေးအရ အကျိုးအမြတ် ကြီးကြီးမားမား ရသွားတာက အာဏာရအသိုင်းအဝိုင်းပါပဲ။ ဒီကာလလေး အတွင်းမှာ မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ရဲ့ ဥက္ကဋ္ဌ ဖြစ်ခဲ့ရပြီ။ သမ္မတဦးသိန်းစိန်ကိုလည်း ‘ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင် ကြီး’အဖြစ် နိုဘယ်လ်(Noble) ဆု ရွေးချယ်ခံထိုက်သူများစာရင်း မှာ သွတ်သွင်းခံခဲ့ရတယ်။ အာဆီယံနယ်ပယ်ထဲမှာ ‘မြန်မာမော် ဒယ်လ်’ (Myanmar Model) ဆိုတဲ့ စကားလုံးတောင် အတော် ရေပန်းစားခဲ့ပါသေးတယ်။ ကမ္ဘာ့ဘဏ်။ IMF အာရှဖွံ့ဖြိုးရေး ဘဏ်ကြီးတွေကနေ မြန်မာနိုင်ငံရဲ့ ကြွေးဟောင်းဖျက်သိမ်းပြီး ကြွေးသစ်ထုတ်ချေးရေးအစီအစဉ်တွေ ထွက်ပေါ်လာခဲ့တယ်။ ဂျပန်၊ ဂျာမနီနဲ့ အာဆီယံနိုင်ငံတွေကနေ အကူအညီနဲ့ ရင်းနှီးမြှုပ် နှံမှုတွေလည်း အတော်များများ စီးဝင်လာခဲ့တယ်။ သမ္မတဦးသိန်း စိန်အစိုးရအဖွဲ့အတွက်တော့ ရွှေခေတ်ရောက်ပြီလို့ ထင်စရာပဲ ပေါ့။

ဒါပေမဲ့ ရွှေအတုတို့ရဲ့ သဘာဝအတိုင်း သုံးနှစ်ဆိုတဲ့ အချိန် တိုလေးအတွင်းမှာတင် အရောင်တွေ ထင်ရှားသိသာစွာ မှေးမှိန် ကျဆင်းလာခဲ့ပါပြီ။ မြန်မာ့ဒီမိုကရေစီအရေးဟာ မူဝါဒဖြေလျှော့ ရေးကနေ ၂ဝဝ၈ ဖွဲ့စည်းပုံ အကန့်အသတ်တွေရဲ့ တားဆီးပိတ်ဆို့ ထားမှုကြောင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးအဆင့်ဆီကို မတက်လှမ်းနိုင်တော့ပါဘူး။ ဒီအဆင့်ကို တက်လှမ်းဖို့ ၂ဝဝ၈ ဖွဲ့ စည်းပုံမှာ ပါဝင်နေတဲ့ ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီတဲ့အကြောင်း အချက်တွေကို မလွဲမသွေပြုပြင်ပေးရပါလိမ့်မယ်။ ၂ဝဝ၈ ဖွဲ့စည်း ပုံကို မပြင်ဆင်နိုင်သမျှ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီစနစ် ကို ထူထောင်နိုင်စရာ အကြောင်းမရှိပါဘူး။

ရှေ့တိုးထမ်းပိုး၊ နောက်ဆုတ် လှည်းတုတ်

ဒီနေ့ မြန်မာ့နိုင်ငံရေးလောကမှာ ၂ဝဝ၈ ဖွဲ့စည်းပုံကို ရေး ဆွဲခဲ့တဲ့ အဝန်းအဝိုင်းတချို့က လွဲရင် ဒီဖွဲ့စည်းပုံကို မပြင်ချင်တဲ့ အင်အားစုဆိုတာ မရှိသလောက် ရှားပါတယ်။ ”၂ဝဝ၈ ဖွဲ့စည်းပုံ ထဲက ပြင်သင့်တာတွေတော့ ပြင်ရမှာပေါ့”လို့ သမ္မတဦးသိန်းစိန် ကိုယ်တိုင် ပြောခဲ့ဖူးပါတယ်။ တပ်မတော်ကလည်း ဖွဲ့စည်းပုံပြင် ဆင်ရေးဆိုင်ရာ သဘောထားစုစည်းရေး အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းခဲ့ဖူးပါ တယ်။ အလားတူ ၂ဝ၁၅ ခု၊ ၆ လပိုင်းမတိုင်မီ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆိုင်ရာ သဘောထားတစ်ရပ် ချမှတ်နိုင်ရေးအတွက် ပြည်ထောင် စုလွှတ်တော်ဥက္ကဋ္ဌကိုယ်တိုင်က ကော်မတီတစ်ရပ် ဖွဲ့စည်းထား ပြီးဖြစ်ပါတယ်။ ြီူ ပါတီနဲ့ အခြားနိုင်ငံရေးအင်အားစုတွေက လည်း ဖွဲ့စည်းပုံပြင်ဆင်ရေးသဘောထားတောင်းခံမှုတွေ တစ် နိုင်ငံလုံးမှာ ကျင်းပခဲ့ကြပြီး ဖြစ်ပါတယ်။

ဆိုရရင် ဖွဲ့စည်းပုံပြင်ဆင်ရေးကို နိုင်ငံရေးအင်အားစုအားလုံးနီးပါးက လိုလားခဲ့ကြပါတယ်။ ပြဿနာက ဘယ်ဥပဒေကို ဘယ်လိုပြင်မှာလဲဆိုတဲ့အပိုင်းမှာ ကွဲလွဲနေကြတာပါ။

နိုင်ငံရေးပြဿ      နာတွေမှာ သဘောထားကွဲလွဲတာ မဆန်း ပါဘူး။ ထူးဆန်းတာက ဖွဲ့စည်းပုံပြင်ဆင်ရေးဆွဲဖို့ သဘောတူထား သူတချို့က အခြေခံဥပဒေ အခန်း ၁၂၊ ပုဒ်မ ၄၃၆ မှာ ပါဝင်တဲ့ ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်ခွင့်ကို ပြင်ဆင်ဖို့ သဘောမတူ ငြင်း ဆန်နေကြခြင်းပါပဲ။ ပုဒ်မ ၄၃၆ ပါ ပြဋ္ဌာန်းချက်အရ ပြည်ထောင်စု လွှတ်တော်အမတ်များရဲ့ ၇၅%ကျော် ထောက်ခံမှသာ ဥပဒေတစ် ရပ်ကို ပြင်ဆင်ခွင့်ရမှာဖြစ်ပါတယ်။ ဒီတော့ တပ်မတော်သားကိုယ် စားလှယ် ၂၅%ပါဝင်နေတဲ့ လွှတ်တော်ထဲမှာ တပ်မတော်က ထောက်ခံမှသာ ဥပဒေတစ်ရပ်ကို ပြင်ဆင်ခွင့်ရမှာဖြစ်ပါတယ်။ တပ်မတော်က မထောက်ခံရင် ဘယ်ဥပဒေမှ ပြင်ဆင်ခွင့်မရဘူး ဆိုတဲ့ သဘောအဓိပ္ပာယ်ပါပဲ။ ဒီတပ်မတော်ကိုယ်စားလှယ်ဆိုတာ တွေကလည်း တပ်တွင်းဒီမိုကရေစီအရ တပ်ဖွဲ့အသီးသီးက ရွေး ကောက်တင်မြှောက်လိုက်သူတွေ မဟုတ်ကြပါဘူး။

ဦးစီးချုပ်က ခေါင်းခေါက်ရွေးချယ်ထားတာဆိုတော့ ဦးစီးချုပ်ကိုယ်စားလှယ် တွေလို့ ပြောရမှာပါပဲ။ ဒါကြောင့် ကာကွယ်ရေးဦးစီးချုပ်က မထောက်ခံသမျှ ဘယ်အခြေခံဥပဒေရဲ့ ဘယ်ပုဒ်မကိုမှ ပြင်ဆင် လို့မရဘူးဆိုတာ ရှင်းနေပါတယ်။ ဒီတော့ ဖွဲ့စည်းပုံပြင်ဆင်ခွင့်ပြု တဲ့ ပုဒ်မ ၄၃၆ ကို မပြင်နိုင်ရင် ‘ဖွဲ့စည်းပုံပြင်ဆင်ရေး’ဆိုတဲ့ လေ သံတွေ လွှင့်နေလည်း အတွင်းသဘောကတော့ မပြင်ဆင်ရေးပဲ ဖြစ်နေပါလိမ့်မယ်။ ဒါကြောင့်လည်း နောက်ပိုင်းမှာ သမ္မတ ဦးသိန်းစိန်ကိုယ်တိုင်က ”၂ဝဝ၈ ဖွဲ့စည်းပုံဥပဒေလမ်းကြောင်း အတိုင်း ချီတက်ရေး”လို့ လေသံပြောင်းလာချိန်မှာ ကာချုပ်က လည်း ”၂ဝဝ၈ အခြေခံဥပဒေကာကွယ်ရေး”ဆိုတဲ့ ကြွေးကြော် သံကို အတိုင်အဖောက်ညီညီ ဟစ်ကြွေးလာတာ ဖြစ်ပါလိမ့်မယ်။ အကျိုးဆက်ကတော့ မြန်မာ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဖြစ် စဉ်ဟာ ‘ရှေ့တိုး ထမ်းပိုး၊ နောက်ဆုတ် လှည်းတုတ်’ဆိုသလို တန့် အီနေခြင်းဖြစ်ပါတယ်။

နှစ်ပွင့်တစ်ခိုင်

ဒီလို မြန်မာ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ရဲ့ တန့်အီနေတဲ့ ရေသေရပ်ဝန်းကို ပြန်လည်ရှင်သန်အားကောင်းဖို့ အမျိုးသားပြန်လည်သင့်မြတ်ရေး စိတ်ဓာတ်ထက်သန်တဲ့ ဒေါ်အောင်ဆန်းစုကြည်က ‘လေးပွင့်ဆိုင်’တွေ့ဆုံဆွေးနွေးရေးကို ကမ်းလှမ်းအဆိုပြုခဲ့ပါတယ်။ အခြေခံဥပဒေပြင်ဆင်ရေးအတွက်  သမ္မတဦးသိန်းစိန်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ လေးပွင့်ဆိုင် တွေ့ဆုံညှိနှိုင်းကြဖို့ လက်ကမ်းလိုက်တာပါပဲ။ ဒီကမ်းလှမ်းချက်ကို ပြည်တွင်းကရော ပြည်ပကပါ ဝိုင်းဝန်းကြိုဆိုထောက်ခံခဲ့ကြပေ မယ့် သမ္မတဦးသိန်းစိန်ကတော့ မရေရာတဲ့ အကြောင်းပြချက် တွေနဲ့ ပုတ်ခါချပစ်လိုက်ပါတယ်။ ဒီလို ပုတ်ခါချလိုက်ခြင်းရဲ့ အကျိုးဆက်ကတော့ မြန်မာနိုင်ငံရဲ့ အမျိုးသားရင်ကြားစေ့ရေး လမ်းကြောင်းဟာ မလွှဲမရှောင်သာစွာ အမျိုးသားထိပ်တိုက်တွေ့ ရေးလမ်းကြောင်းဆီကို ဦးတည်သွားစေခဲ့ပါတယ်။

ဒီနှစ်ပိုင်းတွေအတွင်းမှာ ပြည်ထောင်စုအစိုးရနဲ့ လွှတ် တော်အကြား၊ သမ္မတနဲ့ လွှတ်တော်ဥက္ကဋ္ဌတို့အကြား၊ လူပုဂ္ဂိုလ် အရ ဦးသိန်းစိန်နဲ့ ဦးသူရရွှေမန်းတို့အကြား၊ အာဏာ-အင်အား ပြိုင်ဆိုင်မှု၊ ပေါ်လစီတိုက်ပွဲ၊ နိုင်ငံရေး တိုက်ပွဲသံတွေ သဲသဲညံနေ အောင် ကြားသိနေကြရပါတယ်။ သမ္မတတင်မြှောက်ထားတဲ့ ရွေးကောက်ပွဲကော်မရှင်အပေါ် စွပ်စွဲအပြစ်တင်မှုတွေကနေ     နောက်ဆုံးမျိုးစောင့်ဥပဒေပြဿနာတွေအထိ ပဋိပက္ခတွေက ပတ်တုပ်လို့မရအောင် ပွဲကြမ်းလာခဲ့ကြပါပြီ။ မကြာခင်က အစိုးရ အဖွဲ့အနေနဲ့ ‘လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းခွင့် ဥပဒေ’အတည်ပြုနိုင်ဖို့ လှုပ်ရှားကြိုးပမ်းလာခြင်းဟာ သူရဦးရွှေ မန်းကို ဖြုတ်ချနိုင်ရေးအတွက် ဦးတည်ရည်ရွယ်တာ ဖြစ်တယ်ဆို တဲ့ သတင်းသဲ့သဲ့မျှလည်း ကြားခဲ့ရပါတယ်။ ဇာတ်လမ်းကတော့ ‘နေမြင့်လေ၊ အရူးရင့်လေ’ ဖြစ်နေပုံပါပဲ။

၂ဝ၁၂ ခုနှစ်က သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစု ကြည်တို့ ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံကြီးရှေ့မှာ ယှဉ်တွဲရပ်နေ တဲ့ ပုံကြီး ထွက်ပေါ်လာချိန်က နိုင်ငံတကာရော ပြည်တွင်းမှာပါ အမျိုးသားပြန်လည်သင့်မြတ်ရေးရဲ့ လက္ခဏာအဖြစ် လှိုက်လှဲ ဝမ်းသာစွာ ကြိုဆိုခဲ့ကြပါတယ်။ ဒါပေမဲ့ သင့်မြတ်ရေးလေပူဖောင်း က သိပ်ကြာရှည်မခံလိုက်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် လွှတ် တော်ထဲရောက်ပြီး မကြာခင် ဖောင်းခနဲ ကွဲထွက်သွားတော့တာပါ ပဲ။ အစိုးရအဖွဲ့နဲ့ လွှတ်တော်အကြား နိုင်ငံရေးတိုက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ဘက်က ရပ်တည်ပြလိုက် တာကိုး။ အထူးသဖြင့် ပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌကြီးက ၂ဝ၁၅ ခုနှစ်၊ ၆ လပိုင်းမတိုင်မီ ၂ဝဝ၈ ဖွဲ့စည်းပုံပြုပြင်ရေးလုပ်ငန်း စဉ် ပြီးပြတ်အောင် ဆောင်ရွက်ဖို့ ကော်မတီဖွဲ့ပြီး လမ်းညွှန်ချက်  ပေးလိုက်ချိန်မှာတော့ ဦးသူရရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ကိုယ့်တစ်စိတ်ဖြစ်သွားကြပုံပါပဲ။ ဒီလို နှစ်ပွင့်တစ်ခိုင်ဇာတ် လမ်းမှာ အရေးကြီးတာ နိုင်ငံရေးအရ ဒေါ်စု အသုံးချမခံရဖို့ပါပဲ။

ဒီလို လေးပွင့်ဆိုင်ဇာတ်လမ်းကနေ နှစ်ပွင့်တစ်ခိုင် ဇာတ် ကွက်ကို ပြောင်းလဲသွားတဲ့ ၂ဝ၁၄ ခုနှစ်အတွင်းမှာပဲ ထူးခြားတဲ့ နိုင်ငံရေးသရုပ်ဆောင်မှုပုံစံသစ်တွေလည်း ထွက်ပေါ်လာခဲ့ပါ တယ်။ အရင်တုန်းက သမ္မတဦးသိန်းစိန်ရဲ့ ခရီးစဉ်တွေမှာ ဘယ် တုန်းကမှ မပါဝင်ခဲ့ဖူးတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ယခုအခါ သမ္မတခရီးစဉ်မှာ မကြာခဏဆိုသလို လိုက်ပါလာတာ ထူးထူးခြားခြား တွေ့လာကြရပါတယ်။ သမ္မတနဲ့ ကာချုပ်တို့ရဲ့ ပျားရည်ဆမ်းခရီးစဉ်တွေဟာ နိုင်ငံရေးအရ လက်တွဲဖော်တွေဖြစ် ကြောင်း သရုပ်ဆောင်ပြနေပုံရပါတယ်။ တစ်ချိန်တည်းမှာ မိန့် ခွန်းတွေကတစ်ဆင့် ဖော်ပြနေတဲ့ နိုင်ငံရေးသဘောထားတွေက လည်း သံတူကြောင်းကွဲတွေချည်းပါပဲ။ ၂ဝဝ၈ အခြေခံဥပဒေ လမ်းကြောင်းအတိုင်း လျှောက်လှမ်းရေး အခြေခံဥပဒေကာကွယ် ရေးဆိုတာတွေချည်းပါပဲ။ အတွင်းသဘောကတော့ ၂ဝဝ၈ အခြေခံဥပဒေကို မပြင်ဆင်ရေးပါပဲ။ ဆိုရရင် သမ္မတဦးသိန်းစိန် နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ကလည်း ‘နှစ်ပွင့်တစ်ခိုင်’ဖြစ်နေကြပါပြီ။ ဒီတော့လည်း အမျိုးသားပြန်လည်သင့်မြတ်ရေး ‘လေးပွင့်ဆိုင်’မျှော်လင့်ချက်ဟာ အမျိုးသားထိပ်တိုက်ရင်ဆိုင် ရေး ‘နှစ်ပွင့်တစ်ခိုင်’အဖြစ် ဇာတ်ခေါင်းကွဲသွားပြီလို့ပဲ ဆိုရတော့ မှာပေါ့။

မဟာဗျူဟာအလှည့်အပြောင်း

ဒီလို နိုင်ငံရေးအခင်းအကျင်းပြောင်းလဲသွားပြီဆိုရင် သဘာဝကျစွာ နိုင်ငံရေးမဟာဗျူဟာကလည်း တစ်ဆစ်ချိုး ပြောင်းလဲပစ်ကြရပါလိမ့်မယ်။ နိုင်ငံရေးမှာ ”အမြဲတမ်းရန်သူ မရှိ သလို အမြဲတမ်း မိတ်ဆွေဆိုတာလည်း မရှိနိုင်ပါဘူး။ ဒါပေမဲ့ အမြဲတမ်း အကျိုးစီးပွားဆိုတာတော့ ရှိတတ်ပါတယ်”။အမြဲတမ်း အကျိုးစီးပွားဆိုတာကလည်း လူတစ်ဦးချင်း၊ ပါတီတစ်ရပ်ချင်း၊ လူမျိုးတစ်မျိုးချင်း အကျိုးစီးပွားမဖြစ်စေရပါဘူူး။ တိုင်းပြည်တစ် ရပ်လုံး၊ ပြည်သူတစ်ရပ်လုံး အကျိုးစီးပွားပဲ ဖြစ်ရမှာပါ။ ဒီနေ့ မြန်မာနိုင်ငံရေးရဲ့ မဟာဗျူဟာအကျိုးစီးပွားဆိုင်ရာ ဦးတည် ချက်ဟာ ၂ဝဝ၈ အခြေခံဥပဒေပြုပြင်ပြောင်းလဲရေးသာ ဖြစ်ပါ တယ်။ ဒီတော့လည်း အခြေခံဥပဒေပြုပြင်ပြောင်းလဲလိုတဲ့ အင် အားစုမှန်သမျှကို အကျယ်ပြန့်ဆုံးစုစည်းပြီး အပြောင်းအလဲကို ငြင်းဆန်ခုခံနေတဲ့ အင်အားစုတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ရမယ့် အနေအထားဖြစ်ပါတယ်။

ဒီအခြေအနေမျိုးမှာ အမျိုးသားပြန်လည်သင့်မြတ်ရေး မဟာဗျူဟာရဲ့ အရေးပါတဲ့ မူတစ်ရပ်ကတော့ ”နိုင်ငံရေးဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင် ပြောင်းလဲပစ်နိုင်ရေးပါပဲ။ တစ် နည်းပြောရရင် ရန်သူရဲ့ ရန်သူတွေဟာ မိတ်ဆွေဖြစ်လာနိုင်ခြေ ရှိပါတယ်”။ အရေးကြီးတာ မိတ်ဆွေဖွဲ့တယ်ဆိုရာမှာ ”မူမဲ့တဲ့ ပူးပေါင်းဆောင်ရွက်ရေး”မဖြစ်ဖို့ပါပဲ။ ယေဘုယျအားဖြင့် ဒီနေ့ ကာလမှာ စစ်မှန်တဲ့ ဒီမိုကရေစီ ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေပေါ်ထွန်း ရေး အခြေခံပေါ်မှာ ”၂ဝဝ၈ ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲရေး”မှာ ပါဝင်လှုပ်ရှားလိုတဲ့ နိုင်ငံရေးအင်အားစုမှန်သမျှနဲ့ ပူးပေါင်း ဆောင်ရွက်ရေးပါပဲ။ အနိမ့်ဆုံးအားဖြင့် ”တူတာတွဲလုပ်၊ မတူ တာ ခွဲလုပ်”မူအရ ပူးပေါင်းဆောင်ရွက်ရေးခြေလှမ်းတွေကို စတင်လှမ်းလာနိုင်စရာ အကြောင်းရှိပါတယ်။ တကယ်တော့ နိုင်ငံရေးဗျူဟာဆိုတာ ဘောလုံးပြိုင်ပွဲတစ်ပွဲမှာ ကျင့်သုံးတဲ့  အောင်နိုင်ရေးဗျူဟာတစ်ရပ်လိုပါပဲ။ တစ်ဖက်အသင်းရဲ့ အနေ အထားကို ကြည့်ပြီး မဟာဗျူဟာထိုးစစ်ဆင်နွှဲမှာလား၊ ခံစစ် ရှင်/ခံစစ်သေ ကျင့်သုံးမှာလားဆိုတဲ့ မဟာဗျူဟာချမှတ်ရမှာပါ။ ဒီမဟာဗျူဟာဦးတည်ချက်အပေါ် မူတည်ပြီး ရှေ့တန်းတိုက်စစ်ကို ဘယ်လိုစုဖွဲ့မယ်၊ ဝဲ၊ ယာ တောင်ပံတွေကို ဘယ်လိုရံထားမယ်၊ နောက်တန်းခံစစ်စည်းကို ဘယ်လိုကာကွယ်မယ်ဆိုတဲ့ အခင်း အကျင်းနဲ့ နည်းပရိယာယ် ကစားကွက်တွေ ချမှတ်ရပါလိမ့်မယ်။ တစ်နည်းပြောရရင် မဟာဗျူဟာ ရည်မှန်းချက်အောင်မြင်ရေး အတွက် အင်အားအခင်းအကျင်းနဲ့ နည်းပရိယာယ်တိုက်ပွဲ သဏ္ဌာန်စုံ ပေါင်းစပ်ဆင်နွှဲကြရမှာပါ။

တကယ်တော့ ၂ဝ၁၄ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲဆိုတာ အာဏာရအဝန်းအဝိုင်းက စီစဉ်ဆုံးဖြတ်လာတဲ့ ၂ဝ၁၅ ရွေး ကောက်ပွဲအကြို ခြေစမ်းပွဲတစ်ပွဲသာ ဖြစ်ပါတယ်။ ဒီခြေစမ်းပွဲ ရလဒ်ကို သုံးသပ်ပြီးမှ ၂ဝ၁၅ ရွေးကောက်ပွဲမဟာဗျူဟာကို ချမှတ်ပြင်ဆင်ကြပါလိမ့်မယ်။ ဘောလုံးပွဲတွေရဲ့ ထုံးစံအရ ခြေစမ်း ပွဲတွေမှာ အားကုန်ထုတ်ပြီး အစွမ်းအစပြကြလေ့မရှိပါ။ ဒီပွဲမှာ နိုင်လို့လည်း အာဏာမရနိုင်သလို ရှုံးလို့လည်း သိက္ခာမကျနိုင်ပါဘူး။ ခြေစမ်းပွဲမှာ အရေးကြီးဆုံးက တစ်သင်းလုံး စည်းစည်းလုံး လုံး အပေးအယူမျှမျှနဲ့ ကိုယ်လိုချင်တဲ့ ကစားကွင်းကို ပုံဖော်သွား နိုင်ကြဖို့ပါပဲ။ ကိုယ့်မဟာဗျူဟာရည်မှန်းချက်နဲ့ နည်းပရိယာယ် ကစားကွက်တွေကိုတော့ ဝှက်ဖဲအဖြစ် ထိမ်ချန်ထားရစ်ဖို့ လိုအပ်ပါလိမ့်မယ်။

ဘာကြောင့်လဲဆိုတော့ ၂ဝ၁၄ ခုနှစ် ကြားဖြတ်ရွေး ကောက်ပွဲဟာ ခြေစမ်းပွဲသာ ဖြစ်သလို ၂ဝဝ၈ ဖွဲ့စည်းပုံဥပဒေကို မပြင်နိုင်သမျှ ဒီမိုကရေစီအင်အားစုတွေအတွက် ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲဟာလည်း တရားမျှတတဲ့ ဗိုလ်လုပွဲ မဖြစ်နိုင်ပါဘူး။ ဒီမိုကရေစီအင်အားစုတွေအနေနဲ့ အမျိုးသားပြန်လည်သင့်မြတ် ရေး လေးပွင့်ဆိုင်မဟာဗျူဟာနဲ့ လမ်းခွဲပြီး ၂ဝဝ၈ ဖွဲ့စည်းပုံပြင် ဆင်ရေး မဟာဗျူဟာလမ်းကြောင်းအတိုင်း အားသွန်ခွန်စိုက် လုံးပန်းတိုက်ခိုက်ကြရတော့မှာပါ။ အနေအထားကတော့ ဆင် ရိုင်းကြီးနဲ့ ဘီလုံးငှက်တို့ရဲ့ ဇာတ်လမ်းအတိုင်းပါပဲ။ ဘယ်လိုပဲဖြစ် ဖြစ် ဆင်ရိုင်းကြီးမှာ ခွန်အားဗလကြီးမားလှပေမယ့် ဘီလုံးငှက်မ မှာလည်း ကူမယ့်၊ ကယ်မယ့်ပြည်သူတွေ၊ မဟာမိတ်တွေ၊ အနတက္ကမပါ။ တရားရှိရင် ကူသူများပြီး တရားမဲ့ရင် ကူသူရှားပါ တယ်။ ဓမ္မနဲ့ အဓမ္မတို့ရဲ့ ပြိုင်ပွဲဟာ ရေရှည်မှာ ဓမ္မသာ အနိုင်ရစမြဲ ပါ။ မဟာဗျူဟာလမ်းခွဲအတိုင်း ရဲရဲလျှောက်လိုက်စမ်းပါ။

[ ပြီးပါပြီ။ ]

 

အမျိုးအစား - သုံးသပ်ချက်

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."