ဓာတ်ပုံ-အောင်ဖေကြည်စိုး/မော်ကွန်းမဂ္ဂဇင်း
မေ့မြောနေရာကနေ သတိပြန်ရသည့်အချိန်တွင် ဒေါ်မန်ငိုက်လွင် ချမ်း တစိမ့်စိမ့်ဖြစ်ပြီး ခန္ဓာကိုယ်တစ်ခုလုံး နာကျင်ကိုက်ခဲနေသည်။ အားကုန်၍ နုံးနေသောကြောင့်လည်း အသက်ရှူရန်ပင် ခဲယဉ်းစွာ အားယူနေရသည်။
ဇနီးဖြစ်သူ ခံစားနေရသည့်ဝေဒနာမှ သက်သာစေရန် ခင် ပွန်းဖြစ်သူက ရေနွေးအိတ်ကပ်ပေးခြင်းနှင့် ရေပတ်တိုက်ပေးခြင်း တို့ ပြုလုပ်ပေးနေသည်။ ဘေးတွင် အသက်ငါးနှစ်အရွယ်သမီး ငယ်နှင့် အသက်နှစ်နှစ်အရွယ်သားငယ်တို့သည် သူတို့မိခင်ကို စိုးရိမ်စွာကြည့်ကာ ငိုနေကြသည်။
ဒေါ်မန်ငိုက်လွင် သတိရပြီး ဆယ်မိနစ်ခန့်အကြာတွင် မြန် မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီမှ ငှက်ဖျားကြီး ကြပ်တစ်ဦးရောက်လာပြီး သွေးဖောက်စစ်ဆေးရာ ငှက်ဖျားပိုး တွေ့ရှိသဖြင့် ပေါင်းစပ်ငှက်ဖျားဆေးလေးလုံး တိုက်ခဲ့သည်။ မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ်ဖြင့် သုံးရက်ကြာမျှ ဆေးသောက် ခဲ့ပြီးနောက် သေတွင်းဝမှ ရုန်းထွက်နိုင်ခဲ့သည်ဟု ဒေါ်မန်ငိုက် လွင်က ဆိုသည်။
”ရွာမှာနေတဲ့ကာလတစ်လျှောက် တစ်ခါမှ အဲဒီလိုမဖြစ်ဖူး ဘူး။ သေကောင်ပေါင်းလဲကို အလူးအလဲခံလိုက်ရတာ”ဟု လွန်ခဲ့သော ဆယ်နှစ်ခန့်က ကြုံတွေ့ ခဲ့ရသော အဖြစ်အပျက်ကို အသက်၄၈နှစ်အရွယ် ဒေါ်မန်ငိုက်လွင်က ပြန်ပြောင်း ပြောပြသည်။
ဒေါ်မန်ငိုက်လွင်တို့ မိသားစုနေထိုင်ရာ ဗားရ်ရွာသည် ချင်း ပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်းတည်ရှိပြီး အိမ်ထောင်စု ၄၅ခုရှိ သည်။ ဗားရ်ရွာသည် ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၉၄ဝ ကျော်တွင်တည်ရှိပြီး ပေသုံးထောင်ခန့် အမြင့်ရှိသည့် လုမ် ဘန်းရွာ ရှိရာ တောင်တန်းများနှင့် ပေငါးထောင်ကျော်အမြင့်ရှိ ဖလမ်းမြို့တည်ရှိရာ တောင်တန်းများအကြားတွင် တည်ရှိသည်။
ဗားရ်ကျေးရွာရှိ နေအိမ်များအောက်၌ ငှက်ဖျားခြင် ပေါက်ပွားနိုင်ရန် ရေအိုင်များရှိခြင်း၊ မဏိပူရမြစ်ဘေးတွင် ခြင် ပေါက်ပွားနိုင်သည့်စိမ့်၊ စမ်းများနှင့် ရေအိုင်များရှိသည်ဟု ဒေသ ခံများက ဆိုသည်။
ထိုရွာလေးတွင် ၁၉၉ဝ ရှေ့ပိုင်းတုန်းက ငှက်ဖျားရောဂါဖြစ် ပွားမှုမှတ်တမ်းများ မရှိခဲ့သော်လည်း ၂ဝဝ၆ နောက်ပိုင်းမှ စတင် ကာ တစ်ရွာလုံးနီးပါးငှက်ဖျားရောဂါဖြစ်ပွားခဲ့သဖြင့် ဖလမ်းမြို့ နယ်အတွင်း ငှက်ဖျားအဆိုးရွားဆုံးအဆင့်အဖြစ် ဖလမ်းမြို့နယ် ပြည်သူ့ဆေးရုံ ငှက်ဖျားရောဂါတိုက်ဖျက်ရေးဌာနက သတ်မှတ် ခဲ့သည်။
ပင်လယ်ရေမျက်နှာပြင် ပေသုံးထောင်နှင့်အထက် မြင့်မား သော တောင်ပေါ်နှင့် ကုန်းမြင့်ပတ်ဝန်းကျင်ဒေသများတွင် ရာသီ ဥတု ပြောင်းလဲလာမှုကြောင့် ဒေသအပူချိန်များ မြင့်တက်လာ သည့်အခါ ယခင်ဖြစ်ပွားမှုနည်းသည့် ငှက်ဖျားနှင့် သွေးလွန် တုပ်ကွေးစသည့် ခြင်ကြောင့် ဖြစ်သော ရောဂါများ ဖြစ်လာသည် ဟု ကျန်းမာရေးနှင့်ပတ်သက်သော ပညာရှင်များက ဆိုကြသည်။
ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကြောင့် ယခင် မတွေ့ရသည့် ရောဂါများ ဖြစ်ပွားလာမှုနှင့်ပတ်သက်ပြီး ဆေးတက္ကသိုလ် (၁) မှ ဂုဏ်ထူးဆောင်ပါမောက္ခ(Emeritus Professor) ဒေါက်တာ ကြည်ကြည်သင်းက ”အရင်တုန်းက အေးတဲ့ရာသီဖြစ်လို့ ငှက် ဖျားမရှိဘူး ဆိုပေမယ့် အခု မအေးတော့တဲ့အတွက် ငှက်ဖျားရှိ လာပြီ။ ခြင်တွေလည်း အပေါ်ကိုတက်လာပြီ။ မရှိတဲ့ရောဂါတွေ လည်းရှိလာပြီ။ အဲဒါတွေက ထူးထူးဆန်းဆန်းဖြစ်လာတာ”ဟု ပြောကြားသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန (လုပ်ငန်းခွင်ကျန်းမာရေး) ညွှန်ကြားရေးမှူး ဒေါက်တာကြည်လွင်ဦးကလည်း ရာသီဥတု ပြောင်းလဲမှုများ ကြောင့် တိုက်ရိုက်အားဖြင့် အပူလှိုင်း၊ အအေးလှိုင်းများဖြတ်ရာမှ အပူချိန်လွန်ကဲခြင်း၊ အအေးလွန်ကဲခြင်းတို့နှင့် ယှက်နွှယ်သော ရောဂါများဖြစ်ပွားရသည်ဟု ရှင်းပြသည်။
သွယ်ဝိုက်ခြင်းအားဖြင့် ယခင် မဖြစ်ဖူးသေးသော ရောဂါ များ အသစ်ဖြစ်ပေါ်လာခြင်း၊ ယခင်ငုပ်လျှိုးနေသည့် ရောဂါများ ပြန်လည်ဖြစ်ပွားခြင်း၊ ခြင်စသည့် ကြားခံအကောင်ပိုးမွှားတိရစ္ဆာန် များ သယ်ဆောင်ရာမှ တစ်ဆင့်ခံဖြစ်သည့်ရောဂါများနှင့် ရာသီ ဥတုပြောင်းလဲမှုကြောင့် သဘာဝဘေးအ္တနရာယ် ဖြစ်ရာမှ နောက်ဆက်တွဲရောဂါများ ဖြစ်ပွားလာရသည်ဟု ¤င်းက ပြောသည်။
ဗားရ်ရွာရှိ မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်များ ကောင်စီ၏ ငှက်ဖျားစီမံချက် အခမဲ့ဆေးခန်း ။ ဓာတ်ပုံ-အောင်ဖေကြည်စိုး/မော်ကွန်းမဂ္ဂဇင်း
ရာသီဥတုပြောင်းလဲမှုနှင့် ဆက်နွှယ်သည့်ရောဂါများ
ရာသီဥတုပြောင်းလဲမှုဆိုသည်မှာ ကမ္ဘာကြီးပူနွေးလာခြင်း နှင့် နှင်း၊ မိုး ရွာသွန်းမှု အကြိမ်ရေများခြင်း၊ နည်းခြင်း စသည့် အပြောင်းအလဲဖြစ်လာမှုကို ခေါ်သည်။ ယင်းပြောင်းလဲမှုများ၏ နောက်ဆက်တွဲ အကျိုးဆက်များအနေဖြင့် ရေခဲတောင်များ အရည်ပျော်ရာမှ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်း၊ရေကြီးခြင်း၊မိုးခေါင်ခြင်း၊လေထုညစ်ညမ်းခြင်း၊ လေအပူချိန် ပြောင်းလဲကာ လေဖိအားနည်းသွားပြီး မုန်တိုင်းများ ဖြစ်ပေါ်လာ ခြင်းများ ဖြစ်လာရသည်။
အမေရိကန်နိုင်ငံရှိ ပတ်ဝန်းကျင်ဆိုင်ရာ ကျန်းမာရေးသိပ္ပံ နှင့်ပတ်သက်သည့် သုတေသနဌာန National Institute of Environmental Health Science (NIEHS) ကလည်း ရာသီဥတုပြောင်းလဲမှုကြောင့် ပန်းနာရင်ကျပ်ရောဂါ၊ အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ၊ နှလုံးသွေးကြောဆိုင်ရာ ရောဂါ များ၊ အစားအသောက်မှ တစ်ဆင့်ဖြစ်ပွားသော ရောဂါများ၊ စိတ်ပိုင်းဆိုင်ရာ ရောဂါ၊ စိတ်မူမမှန်ခြင်း၊ အာရုံကြောဆိုင်ရာ ရောဂါ၊ ရေတွင်ရှိသော ပိုးမွှားများကြောင့်ဖြစ်သည့် ကူးစက် ရောဂါများ ဖြစ်လာနိုင်သည်ဟု သုတေသနပြုလုပ်ချက်များအရ တွေ့ရှိထားသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း(WHO)၏ ၂ဝ၁၆ အစီရင် ခံစာတွင် ရာသီဥတုပြောင်းလဲမှုနှင့် ဆက်နွှယ်သော ရောဂါများ နှင့် သဘာဝဘေးအ္တနရာယ်များကြောင့် ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် နှစ်စဉ်လူပေါင်းခြောက်သောင်းကျော် သေဆုံးနေရသည်ဟု ခန့် မှန်းဖော်ပြထားသည်။
ထို့အပြင်တစ်ကမ္ဘာလုံးအနေဖြင့် ၂ဝ၃ဝ မှ ၂ဝ၅ဝအတွင်း ရာသီဥတုပြောင်းလဲမှုကြောင့် အာဟာရချို့တဲ့မှု၊ ငှက်ဖျားရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် အပူလွန်ကဲမှုကြောင့် ဖြစ်သော ရောဂါများဖြင့် တစ်နှစ်လျှင် ပုံမှန်သေဆုံးသူဦးရေထက် လူဦးရေ နှစ်သိန်းခွဲနီးပါး ပိုမိုသေဆုံးနိုင်ပြီး ၎င်းတို့အနက် ငှက်ဖျားရောဂါ ကြောင့် သေဆုံးသူမှာ တစ်နှစ်လျှင် ပုံမှန် သေဆုံးသူဦးရေထက် ခြောက်သောင်းနီးပါး ပိုမိုလာဖွယ်ရှိသည်ဟု(WHO)က ခန့်မှန်း ထားသည်။
ရာသီဥတုပြောင်းလဲမှုကြောင့် ခန္ဓာကိုယ်တွင်းအပူချိန်ကို ပြင်ပအပူချိန်နှင့် ကိုက်ညီမှုရှိစေရန် ကိုယ်တွင်းခံနိုင်ရည်ကို သုံးစွဲ ရသဖြင့် လူ့ခံနိုင်ရည်စွမ်းအားကို ကျဆင်းစေသည်ဟု ပြည်သူ့ ကျန်းမာရေးပညာရှင် ဒေါက်တာစစ်နိုင်က ဆိုသည်။ သူသည် လူထုကျန်းမာရေး လုပ်ငန်းများဆောင်ရွက်နေသည့်အပြင် ရာသီဥတုပြောင်းလဲမှုကြောင့် လူထုကျန်းမာရေးအပေါ် သက် ရောက်မှုတို့ကို လေ့လာနေသူဖြစ်သည်။
”အပူကို လိုက်ဖို့၊ အအေးကို လိုက်ဖို့ လုပ်နေရတော့ စွမ်း အင် တော်တော်သုံးလိုက်ရတဲ့အတွက် ခန္ဓာကိုယ်ရဲ့ ဖြစ်စဉ်တွေ ပြောင်းလဲလာသလို ပုံမှန်ခုခံအားစနစ်က ခံနိုင်ရည်ကို ကျသွား နိုင်တယ်။ ဒါကြောင့် ရောဂါပိုးတွေဝင်လာနိုင်တာ”ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံ၌ ရာသီဥတုပြောင်းလဲမှုကြောင့် ရောဂါခံ စားနေရသည့် လူနာများကို သီးခြားအနေဖြင့် စနစ်တကျ စာရင်း ကောက်ထားခြင်းမျိုး မရှိသေးသော်လည်း ယင်းရောဂါများဖြစ်၍ သက်ဆိုင်ရာအစိုးရဆေးရုံများသို့ လာရောက်ပြသပါက လူနာမှတ်တမ်းတွင် စာရင်းပြုစုထားမှုများရှိကြောင်း ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယòန်ကြား ရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က မော်ကွန်းကို ရှင်းပြသည်။
ဟားခါးမြို့နယ် ငှက်ဖျားရောဂါတိုက်ဖျက်ရေးဌာနမှ တာဝန်ခံဖြစ်သူ ဒေါက်တာထန်မွန်းခိုင်က ချင်းပြည်နယ်တွင် ၁၉၉ဝ လောက်မှ စတင်ကာ ငှက်ဖျားဖြစ်ပွားလာသည်ကို ဒေသ ခံများ ပိုမို သတိထားမိလာခဲ့သည်ဟု သူ့အတွေ့အကြုံကို ပြော ပြသည်။
ဖလမ်းမြို့နယ်၊ဇောင်သဲရွာသို့ ကျန်းမာရေးဝန်ထမ်းများ ကွင်းဆင်းကုသပေးနေစဉ်။ Photo – Htawng ro Htang
ရာသီဥတုပြောင်းလဲမှုနှင့် ငှက်ဖျား
ငှက်ဖျားရောဂါဖြစ်ရခြင်း အဓိကအကြောင်းရင်းမှာ အနောဖိလိခြင်(Anopheles) ကြောင့်ဖြစ်ရပြီး ၎င်းခြင်အမျိုး အစားမှာ အပူချိန် ၁၆ ဒီဂရီစင်တီဂရိတ်အောက်ရှိသည့်ဒေသ များတွင် ပေါက်ပွားခြင်း၊ ကူးစက်ခြင်းမရှိနိုင်ဘဲ ယင်းစင်တီဂရိတ် အထက် ကျော်လွန်လာလျှင်သာ ပေါက်ပွား ရှင်သန်နိုင်ပြီး ၃ဝ ဒီဂရီစင်တီဂရိတ်တွင်တော့ အကောင်းဆုံး ပေါက်ပွားရှင်သန်နိုင် သည်ဟု ယခင် ကျန်းမာရေးဦးစီးဌာန (ရောဂါနှိမ်နင်းရေး)တွင် တာဝန်ထမ်းဆောင်ခဲ့သော ဒုတိယညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဒေါက်တာစောလွင်က ရှင်းပြသည်။
”အခုဟာက အပူချိန်က မြင့်တက်လာပြီး သူ့(ခြင်)ရဲ့ အကြိုက်ဆုံးအပူချိန်ကို ရောက်လာလို့ ကူးစက်မှုဖြစ်ပွားတာ။ လူ ကို ဆက်ကိုက်ရင်းနဲ့ တစ်ခါတည်းပြန့်ပွားသွားတာ”ဟု ဒေါက် တာစောလွင်က ထောက်ပြသည်။
ဖလမ်းမြို့နယ်တွင် ၁၉၉ဝ ပြည့်နှစ်က အမြင့်ဆုံးအပူချိန်မှာ ၂၈ ဒသမ ၅ ဒီဂရီစင်တီဂရိတ် ရှိခဲ့ရာမှ ၁ဝ နှစ်အကြာ ၂ဝဝဝ ပြည့် နှစ်တွင် အမြင့်ဆုံးအပူချိန်မှာ ၃ဝ ဒသမ ၈ ဒီဂရီစင်တီဂရိတ် အထိ ရှိလာခဲ့သည်ဟု ဖလမ်းမြို့ မိုးလေဝသနှင့်ဇလဗေဒတိုင်းတာ ရေးစခန်း၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။
ဖလမ်းမြို့နယ်၊ ငှက်ဖျားတိုက်ဖျက်ရေးဌာနက ၂ဝ၁၂ မှ ၂ဝ၁၅ အတွင်း ကျေးရွာအုပ်စု ကိုးခုမှ ကျေးရွာပေါင်း ၁၈၁ ရွာ တွင် ငှက်ဖျားရောဂါ ရှိ၊ မရှိ စစ်ဆေးကြည့်ရာ ၂ဝ၁၄ တွင် စံချိန် တင်အဖြစ် ၇၄ဦးအထိ တွေ့ရှိခဲ့သည်ဟု ယင်းဌာနမှ ငှက်ဖျားကြီး ကြပ် ဦးထောင်းရိုထန်းက ဆိုသည်။
ဖလမ်းမြို့နယ် ပြည်သူ့ဆေးရုံကြီးမှ ဒုတိယစာရင်းအင်းမှူး ဒေါ်ဇင်ခန့်လွင်က ၂ဝ၁၂ မှ ၂ဝ၁၆ အတွင်း အဖြစ်အများဆုံး ရောဂါငါးမျိုးကို စာရင်းပြုစုရာတွင် ၂ဝ၁၂ ၌ ပဉ္စမနေရာတွင် ရှိနေသည့် ငှက်ဖျားရောဂါသည်၂ဝ၁၄ တွင် ”ပထမအများဆုံး ဖြစ်ခဲ့တယ်”ဟု ပြောသည်။
ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၄,၆ဝဝ ကျော် အမြင့် ရှိသည့် ချင်းပြည်နယ်၊ မင်းတပ်မြို့တွင်လည်း ၂ဝဝဝပြည့်နှစ်က အမြင့်ဆုံးအပူချိန် ၂၇ ဒသမ ၂ ဒီဂရီစင်တီဂရိတ်ရှိခဲ့ရာမှ ၂ဝ၁ဝ တွင် ၃၇ ဒသမ ၇ ဒီဂရီစင်တီဂရိတ်အထိ ရှိခဲ့သည်။ ထိုနှစ်က မင်း တပ်မြို့တွင် ငှက်ဖျားရောဂါမှာ ”ကပ်ရောဂါအသွင်”ဖြင့် ကျ ရောက်ခဲ့သည်ဟု ဒေါက်တာစောလွင်က ပြောသည်။
မင်းတပ်ပြည်သူ့ဆေးရုံတွင်လည်း ၂ဝဝ၉၊ ဇွန်တွင် ငှက် ဖျားလူနာဦးရေသည် ၅၂ ဦးရှိခဲ့ရာမှ ၂ဝ၁ဝ၊ ဇွန်တွင် ၁၄၃ ဦး အထိ လည်းကောင်း၊ အတွင်းလူနာဦးရေမှာ လေးဦးမှ ၂၁ ဦး အထိလည်းကောင်း တိုးမြင့်ခဲ့သည်ဟု ဒေါက်တာစောလွင်က သူပြုစုခဲ့သည့် မှတ်တမ်းများအရ ဆိုသည်။
ဟားခါးပြည်သူ့ဆေးရုံကြီးတွင်လည်း ၂ဝ၁၄ ၌ ငှက်ဖျား ရောဂါ အများဆုံးစံချိန်တင်ခဲ့ပြီး လူနာ ၁၆၁ ဦးအထိ ရှိခဲ့ကာ ငှက်ဖျားရောဂါသည် အဖြစ်အများဆုံး ရောဂါ နံပါတ် ၁ ဖြစ် သည်ဟု ဆေးရုံမှတ်တမ်းတွင် ဖော်ပြထားသည်။ ယင်းနှစ် မေ ၂၁ ရက်၊ ဟားခါးမြို့ အမြင့်ဆုံးအပူချိန်မှာ ၃ဝ ဒသမ ၅ ဒီဂရီ စင် တီဂရိတ် ရှိခဲ့ကြောင်း ဟားခါးမြို့၊ ပြည်နယ် ဦးစီးမှူးရုံး၊ မိုးလေ ဝသနှင့် ဇလဗေဒ òန်ကြားမှု ဦးစီးဌာန မှတ်တမ်းများက ဖော် ပြသည်။
ဖလမ်းမြို့နယ်ရှိ မိုးလေဝသနှင့် ဇလဗေဒတိုင်းတာရေးစခန်း ။ ဓာတ်ပုံ- အောင်ဖေကြည်စိုး/မော်ကွန်းမဂ္ဂဇင်း
ရာသီဥတု တကယ် ပြောင်းနေတာလား
ကမ္ဘာ့ မိုးလေ ဝသ အဖွဲ့ချုပ်က ၂ဝ၁၆ ကမ္ဘာ့ရာသီ ဥတု အခြေအနေ အစီရင်ခံစာတွင် ၂ဝ၁၁ မှ၂ဝ၁၅ အထိ သည် ကမ္ဘာ့ အပူဆုံး ငါးနှစ်ဖြစ်ပြီး ၂ဝ၁၅ သည် အပူဆုံးနှစ် ဖြစ်လာခဲ့ကြောင်း ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင်လည်း အယ်လ်နီညို ဖြစ်ခဲ့သည့် ၂ဝ၁ဝ တွင် အပူဆုံးစံချိန်သစ် တင်ခဲ့သည်။ ထိုနှစ် မေ ၁၄ ရက်က စစ် ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့ ၌ ၄၇ ဒသမ ၂ ဒီဂရီစင်တီဂရိတ် အထိ မြင့်တက်ခဲ့သည်ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြား မှူးဦးစီးဌာန မှတ်တမ်းများတွင် ဖော်ပြထားသည်။
မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ၂ဝ၁၆ သည် ပြီးခဲ့သည့်နှစ်များထက် စံချိန်မြင့်တက်ကာ ပိုပူလာပြီး လာမည့် နှစ်များတွင်လည်း တစ်နှစ်ထက် တစ်နှစ် အပူချိန်ပိုမိုလာနိုင်ဖွယ် ရှိသည်ဟု ပြီးခဲ့သည့် ၂ဝ၁၆၊ ဒီဇင်ဘာ ၂၄ ရက်က သူ၏လူမှုကွန် ရက်စာမျက်နှာတွင် သုံးသပ်ရေးသားထားသည်။ အပူရှိန်လွန် ကဲမှုကြောင့် အပူဒဏ်သင့်မှုများ၊ ရေရှားပါးမှုများ၊ မီးလောင်မှု အန္တရာယ်များ၊ စိုက်ပျိုးသီးနှံထုတ်လုပ်မှု ကျဆင်းခြင်းကြောင့် စားနပ်ရိက္ခာဖူလုံမှု ကျဆင်းကာ ကုန်ဈေးနှုန်းမြင့်တက်မှုများ အပြင် ကျန်းမာရေးပြဿ နာများပါ ကြုံတွေ့လာနိုင်သည်ဟု သတိပေးထားသည်။
ချင်းပြည်နယ်၊ ဟားခါးမြို့၏ စံချိန်တင်အမြင့်ဆုံး အပူချိန် သည် ၂ဝဝ၃ ၊ ဧပြီ ၂၇ ရက်တွင် ၃၂ ဒီဂရီစင်တီဂရိတ်ဖြင့် အမြင့် ဆုံးဖြစ်ခဲ့ပြီး တစ်နှစ်ထက် တစ်နှစ် အပူချိန်ပိုမိုတိုးလာခြင်း ကြောင့် ရေရှားပါးမှုဖြစ်ခြင်းနှင့် နွေရာသီတွင် အပူချိန်ကြောင့် ကူးစက်ရောဂါများ မဖြစ်ပွားစေရန် သဘာဝဘေးအန္တရာယ် စီမံ ချက်များကို သီးသန့်ကြိုတင်ဆောင်ရွက်ထားသည်ဟု ဟားခါးမြို့ နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးက မော်ကွန်းကို ရှင်းပြသည်။
ဖလမ်းမြို့နယ်ရှိ လုမ်ဘန်းကျေးရွာ တိုက်နယ်ဆေးရုံတွင် လာရောက်ကုသမှု ခံယူနေသော ဒေသခံများ ။ ဓာတ်ပုံ- အောင်ဖေကြည်စိုး/မော်ကွန်းမဂ္ဂဇင်း
ဘာတွေ ပြင်ဆင်ရမလဲ
ကျန်းမာရေးပညာရှင်များကတော့ ကြိုတင်ပြင်ဆင်မှုများ ကို အဓိကထားဆောင်ရွက်သင့်သလို အရေးပေါ်အခြေအနေ ကြုံ တွေ့ပါကလည်း နီးစပ်ရာကျန်းမာရေးဌာနများသို့ အမြန်ဆုံးသွား ရောက် ကုသမှု ခံယူသင့်သည်ဟု ဆိုကြသည်။
ထို့ပြင် ဆေးရုံ၊ ဆေးခန်းများမှ ဆရာဝန်နှင့်ကျန်းမာရေး ဝန်ထမ်းများအနေဖြင့်လည်း အရေးပေါ်အခြေအနေကြောင့် လူ နာများရောက်လာပါက အမြန်ဆုံးကုသပေးနိုင်ရန် စုပေါင်း ဆောင်ရွက်မှုအား လေ့ကျင့်ထားရန်နှင့် လိုအပ်မည့် ဆေးဝါးများ အသင့်ရှိနေရန် စုဆောင်ထားသင့်သည်ဟုလည်း ပညာရှင်များ က အကြံပြုသည်။
”ရာသီဥတု ပြောင်းလဲသည်ဖြစ်စေ၊ မပြောင်းလဲသည် ဖြစ်စေ ကြိုတင်ကာကွယ်မှုတွေကို ဆောင်ရွက်ထားသင့်ပါတယ်။ ဒီလိုမလုပ်နိုင်ရင်တော့ ရာသီဥတုပြောင်းလဲလို့ ကျန်းမာရေး ပြဿ နာတွေဖြစ်ရင် အရင်ကထက် ပိုဆိုးသွားနိုင်ပါတယ်”ဟု ဆေးတက္ကသိုလ်(၁)မှ ဂုဏ်ထူးဆောင်ပါမောက္ခဒေါက်တာကြည် ကြည်သင်းက သတိပေးသည်။
ပြည်သူ့ကျန်းမာရေးပညာရှင် ဒေါက်တာစစ်နိုင်ကလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ပြည်သူလူထု သတိ ပြုမိစေရန် ရေဒီယို၊ ရုပ်မြင်သံကြားနှင့် သတင်းစာများမှ အသိ ပေးနှိုးဆော်ရာတွင် ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပွားခဲ့ သည့် ရောဂါများကိုသာ ပုံသေမတွက်ဘဲ ဖြစ်ပွားလာနိုင်ဖွယ်ရှိ သည့် ရောဂါများကိုပါ ကြိုတင်အသိပေးသင့်သည်ဟု ဆိုသည်။
”ဒီလိုမျိုး ကြိုတင်ပြင်ဆင်မှုတွေမလုပ်နိုင်ရင်တော့ မထင် ထားတဲ့နေရာတွေမှာ မထင်ထားတဲ့ ရောဂါတွေဖြစ်ပြီးတော့ သေဆုံးနှုန်းရော၊ မကျန်းမာတဲ့နှုန်းတွေရော များလာနိုင်ပါ တယ်” ဟု ၎င်းက သတိပေးသည်။
ဟားခါးမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ငှက်ဖျားတိုက်ဖျက်ရေးဌာနအနေဖြင့်လည်း ရာသီဥတုပြောင်းလဲမှု ကြောင့် ၎င်းတို့ဒေသတွင် အဖြစ်များလာသည့် ငှက်ဖျားရောဂါ မဖြစ်ပွားစေရန် ကျန်းမာရေးဌာနခွဲများမှ သားဖွားဆရာမနှင့် အရန်သားဖွားဆရာမများက ငှက်ဖျားနှင့်ပတ်သက်၍ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ မြို့နယ်တိုင်းတွင်လည်း ငှက်ဖျား ကြီးကြပ်များ ခန့်ထားဆောင်ရွက်ခြင်းတို့ကြောင့် ”ငှက်ဖျား ဖြစ် ပွားမှု ကျဆင်းခဲ့တယ်”ဟု ဟားခါးမြို့ ငှက်ဖျားတိုက်ဖျက်ရေး ဌာနတာဝန်ခံ ဒေါက်တာ ထန်မွန်းခိုင်က မော်ကွန်းကို ပြောသည်။
ဖလမ်းမြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာရဲအောင်ထွန်းက သဘာဝဘေးအန္တရာယ်ကျရောက်ချိန်များတွင် သန့်ရှင်းသော အစားအသောက်နှင့် ရေရရှိရန် အခက်အခဲများကြောင့် ဝမ်းပျက် ဝမ်းလျှောရောဂါများနှင့် အစာအိမ်ရောင်ရောဂါများ ဖြစ်ပွားနိုင် သည်ဟု သတိပေးသည်။
ဖလမ်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးလွင်ကလည်း သဘာဝ ဘေးအန္တရာယ်ဖြစ်စဉ်များနှင့် ရာသီဥတုပြောင်းလဲမှုကြောင့် ထူး ခြားမှုများ ကြုံတွေ့လာနိုင်ပါက ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ အမြန်ဆုံးသတင်းပေးပို့၍ ၎င်းတို့မှတစ်ဆင့် ဒေသခံများကို သတိ ပေးချက်များ အချိန်မီထုတ်ပြန်ခြင်းအပြင် ရပ်ရွာအုပ်ချုပ်ရေးမှူး များနှင့် ၁၅ ရက်လျှင် တစ်ကြိမ် တွေ့ဆုံကာ ပုံမှန် ဆွေးနွေးကြ ကြောင်း မော်ကွန်းကို ပြောပြသည်။
ပြည်သူ့ကျန်းမာရေးဦးစီးဌာန(လုပ်ငန်းခွင်ကျန်းမာရေး)မှ ညွှန်ကြားရေးမှူး ဒေါက်တာကြည်လွင်ဦးကလည်း ခြင်ပေါက် ပွားမှုနဲ့ ပတ်သက်ပြီး သုတေသနများ တောက်လျှောက်လုပ်နေ သည်ဟု ဆိုပါသည်။
ယခင်က ငှက်ဖျားမဖြစ်ခဲ့သည့်နေရာများတွင် ငှက်ဖျား တွေ့လာရခြင်းနှင့် အဖြစ်များသည့် ရောဂါများမှာလည်း ဖြစ်ပွား သည့် ပုံစံများ ပြောင်းလာသည်ဟု ၎င်းက ပြောသည်။
”ဥပမာ-ဒီနှစ်က သွေးလွန်တုပ်ကွေး ကျသွားလိမ့်မယ်လို့ ထင်ထားပေမယ့် ကျမသွားတာမျိုးပေါ့။ ဒါတွေအကုန်လုံးက Climate Change (ရာသီဥတုပြောင်းလဲမှု) ကြောင့် ဖြစ်တယ်”ဟု သူက ထောက်ပြသည်။ ယခုနောက်ပိုင်းကာလများတွင် အပူ ချိန်မြင့်မားမှုကြောင့် ဖြစ်ပွားရသည့် ရောဂါများနှင့် ခြင်ကြောင့် ဖြစ်တဲ့ ရောဂါများ မြင့်တက်လာသည်ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံသည် ရာသီဥတုပြောင်းလဲမှုများနှင့် နှစ်စဉ် ကြုံတွေ့နေရသောကြောင့် အရေးပေါ်အခြေအနေ ပေါ်ပေါက်ခဲ့ ပါက အမြန်ဆုံး တုံ့ပြန်ဆောင်ရွက်နိုင်ရန် ရန်ပုံငွေတစ်ခု သီး ခြားထူထောင်ရန် ဆွေးနွေးနေကြကြောင်းလည်း ဒေါက်တာ ကြည်လွင်ဦးက ပြောသည်။
နေ့စဉ်ပျမ်းမျှပြင်ပလူနာ ၉၀ဦးကျော်နှင့် အတွင်းလူနာ ၅၀နီးပါး ပြသနေသည့် ခလမ်းမြို့နယ် ပြည်သူဆေးရုံကြီး ။ ဓာတ်ပုံ-အောင်ဖေကြည်စိုး/မော်ကွန်းမဂ္ဂဇင်း
ထို့ပြင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ နှစ်စဉ်ပုံမှန်ဆောင် ရွက်လျက်ရှိသော ကူးစက်ရောဂါပိုး ၁၈မျိုးခန့်အား ရောဂါ ထောက်လှမ်းစုံစမ်းသည့်စနစ် (Disease Surveillance) ဖြင့် ဆောင်ရွက်နေသည့်အပြင် ဖြစ်ပေါ်လာသည့် ကူး စက်ရောဂါ သတင်းအချက်အလက်များကို ဖြန့်ဝေနိုင်သည့် စင်တာတစ်ခု အကောင်အထည်ဖော်နိုင်ရန် စီစဉ်လျက်ရှိဟု မော်ကွန်းကို ပြောသည်။
၂ဝ၁ဝ နောက်ပိုင်းတွင် မြန်မာနိုင်ငံခရစ်ယာန်အသင်း တော် များကောင်စီမှလည်း ချင်းပြည် နယ်အတွင်းရှိ မြို့နယ်များ တွင် ဆေးစိမ်ခြင်ထောင်များ ဝေငှခြင်း၊ ခြင်ပေါက်ပွားမှုမရှိစေရန် ပညာ ပေးလုပ်ငန်းများကို ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်း ကာ ဆောင်ရွက်ခဲ့သည်။
ထို့ကြောင့် လွန်ခဲ့သော ၁ဝ နှစ်ဝန်းကျင်က ဗားရ်ရွာတွင် တစ်လလျှင် ငှက်ဖျားပိုးတွေ့ရှိသူ ၁ဝ ဦးခန့်ရှိရာမှ လက်ရှိ အချိန်တွင် သုံးလလျှင်မှ ပျမ်းမျှနှစ်ဦး၊ သုံးဦးခန့်သာ ရှိတော့သည် ဟု ခရစ်ယာန် အသင်းတော်များကောင်စီမှ ငှက်ဖျားစီမံချက် တာဝန်ခံ ဦးဗန်နိုင်က ရှင်းပြပါသည်။
ဖလမ်းမြို့နယ်၊ ဗားရ်ရွာတွင် နေထိုင်သော တစ်မိသားစုလုံး ငှက်ဖျားရောဂါ ကူးစက်ခံခဲ့ရဖူးသည့် ဒေါ်မန်ငိုက်လွင်တို့ မိသားစု အနေဖြင့်လည်း ငှက်ဖျားရောဂါကာကွယ်သည့်အနေဖြင့် ဆေး စိမ်ခြင်ထောင်ကို ယနေ့ထိအသုံးပြုနေဆဲ ဖြစ်သည်ဟု ဆိုသည်။
သူ၏သမီးအငယ်ဆုံးမှာ ငှက်ဖျားကို အပြင်းထန်ဆုံးခံစား ခဲ့ရသူဖြစ်ကာ မွေးဖွားပြီးခြောက်လအကြာတွင် ရောဂါကူးစက် ခံရသဖြင့် ဖလမ်းဆေးရုံပေါ်တွင် နှစ်ရက်ခန့်မေ့မြောခဲ့ပြီး သွေး သွင်းကုသရသည်အထိ ဖြစ်ခဲ့ရသည်။
”ကိုယ့်သမီးဆိုတော့ သေသွားမှာ အရမ်း ကြာက်တာ ပေါ့။ သမီး သတိရပြီး နို့တန်းစို့တော့မှ မသေနိုင်တော့ဘူးဆိုပြီး စိတ်ချမ်းသာသွားတာ”ဟု ပေါင်သွင်းထားသည့် သမီးဖြစ်သူ၏ ဓာတ်ပုံကို ရင်ဝယ်ပိုက်ကာ ကွမ်းချိုးအထပ် ထပ်ဖြစ်နေသည့် သွားများပေါ်အောင် ပြုံးရင်း ပြောသည်။
ပြီးလျှင် မူလ အပြာရောင်ပျောက်ကာ မီးခိုးရောင်သန်းပြီး ဖားဥတက်နေသည့် အိပ်ခန်းအတွင်းက ဆေးစိမ်ခြင်ထောင် ဟောင်းကြီးတစ်လုံးကို လက်ညှိုးထိုးပြရင်း သူကယခုလိုဆိုသည်။
”ဆေးစိမ်ခြင် ထောင်ကို စပေးတဲ့ အချိန်က နေပြီး ဒီနေ့ထိ သုံးတယ်။ သုံးရာသီစလုံး လုံးဝကို မဖြုတ်တော့ဘူး။ ခြင်မရှိ လည်း ခြင်ထောင်နဲ့ပဲ အိပ်တယ်” ။ ။
၂၀၁၇-ဖေဖေါ်ဝါရီလထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၃)မှ သတင်းဆောင်းပါး ဖြစ်ပါသည်။
အောင်ဖေကြည်စိုး ရေးသည်။

