ကူကယ်ရာမဲ့ပုဂံ အပိုင်း(၈)

သစ်ပင်ကြီးတစ်ပင်ကို ဧဒင်ခြံထဲသို့ရွှေ့ပြောင်းစိုက်ပျိုးနေပုံ

Photo : Than Htike

၂၀၁၅ ဧပြီလထုတ်၊ မော်ကွန်းမဂ္ဂဇင်းအမှတ်(၂၂)၊မှမျက်နှာဖုံးဆောင်းပါးဖြစ်ပါသည်။

ပုဂံရှိဘုရားများနှင့် မြေများကို အပိုင်သိမ်းခြင်း၊ ဌာနဆိုင် ရာများနှင့်ပူးပေါင်း၍ မြေနေရာများကျူးကျော်ခြင်း၊ ဥပဒေနှင့် ဆန့်ကျင်သည့် ကိစ္စရပ်များပြုလုပ်ပြီး ရှေးဟောင်းအမွေအနှစ် များကို ထိခိုက်ပျက်စီးစေနိုင်သည့် လုပ်ရပ်များ လုပ်ကိုင်နေခြင်း ကို ပုဂံဒေသအနှံ့တွေ့ရှိရသည်။

          ပုဂံဒေသအတွင်း ပြိုပျက်တော့မည့် ရှေးဟောင်းအမွေ အနှစ်များအနီး အဆောက်အအုံဆောက်လုပ်ခြင်း၊ ဘုရားပုထိုးများကို ခြံဝင်းခတ်ခြင်း၊ ဥမင်လိုဏ်ခေါင်းများကို ပိတ်ဆို့ဆောက် လုပ်ခြင်း၊ ဟိုတယ်များတွင် ဘုရားပုထိုးပုံစံမုခ်ဦးပုံစံ အဆင်တန် ဆာများ ပြုလုပ်ထားခြင်း အစရှိသည့် ကိစ္စများကို မမြင်မတွေ့ချင် သည့်အဆုံး မြင်တွေ့နေရသည်။

          ယခုအချိန်တွင် ဆောက်လုပ်ထားကြသည်မှာ အတော် လွန်နေပြီဖြစ်ပြီး ၎င်းတို့ကိုတားမြစ်ရမည်မှာ ရှေးဟောင်းသုတေ သနဦးစီးဌာန၏အလုပ်ဖြစ်သော်လည်း ကျူးကျော်ထားမှုများကို ဖျက်သိမ်းရန်မှာ နိုင်ငံတော်အစိုးရက လုပ်မှသာရမည် ဖြစ်ကြောင်း ဦးအောင်ကြိုင်က ပြောသည်။

          ရှေးဟောင်းသုတေသနမှ ဝန်ထမ်းငယ်တစ်ဦးကလည်း ဟိုတယ်များကို သွားရောက်တားဆီးရာ၌ ၎င်းင်းတို့သြဇာမပေါက် သည့်အကြောင်းကို “ကျွန်တော်တို့ချည်း လှိမ့်ခံနေရတယ်ဗျာ၊ ရေးကြပါဦး”ဟု ကျွန်တော်နှင့် တွေ့ဆုံစဉ်က ပြောဆိုခဲ့သည်။

          မြို့ခံများအနေဖြင့်လည်း လွန်ခဲ့သည့်နှစ်နှစ်ကျော်က အဆို ပါကိစ္စများကို ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ “ပုဂံချစ်သူများအသင်း နဲ့ လူတစ်ရာ၊ နှစ်ရာလောက်တော့ရှိမှာပေါ့။ ဆန္ဒပြတယ်။ နောက် ဆုံးပိတ ်Result ကတော့ ဘာမှဖြစ်မသွားဘူး”ဟု ပုဂံဒေသခံ စာရေးဆရာ၊ ပုဂံခရီးသည်များလမ်းညွှန်ဂျာနယ်၏ အယ်ဒီတာချုပ် ဦးအောင်မြင့်က ပြောသည်။

          သူတို့အနေဖြင့်လည်း ယင်းသို့စီးပွားရေးလုပ်ငန်းရှင်များနှင့် ထိပ်တိုက်တွေ့လျှင် ထောင်ကျသွားနိုင်သောကြောင့် ဆက် လက်မကန့်ကွက်တော့ခြင်းဖြစ်ကြောင်း ပြောသည်။

          “ကျွန်တော်တို့ထက် တတ်ကျွမ်းနားလည်တဲ့ ဦးနှောက် ကြီးတဲ့ ပုဂ္ဂိုလ်ကြီးတွေအထက်မှာရှိတာပဲ။ သူတို့က ခွင့်ပြုပေး   လိုက်တယ်ဆိုတော့ ကျွန်တော်တို့က တားလည်း အပိုပဲ”ဟု ဦးအောင်မြင့်က ဆိုသည်။

          ယင်းသို့ဖြစ်ပွားနေသည့် ပြဿ      နာများကို နမူနာယူ ဖြေ ရှင်းရန် ပုဂံသမိုင်းထဲတွင်ပင် ရှိနေသည်။

          ပုဂံခေတ်က တရုတ်ပြေးမင်းခေါ် နရသီဟပတေ့၏ အဘိုး တော်စပ်သူ ကျစွာမင်းလက်ထက်တွင်လည်း ဘုရားမြေသိမ်း သည့် ကိစ္စရပ်များ ဖြစ်ပွားခဲ့ဖူးသည်။ ဘုရားကျောင်းကန်သို့ လှူဒါန်းထားသည့် ဘုရားပတ်လည်ရှိ ဝတ္တကမြေများအတွက် ဘုရင်က မြေခွန် မရရှိပေ။ ထို့ကြောင့် အကြေအညာတွင် ရှိသော ဝတ္တကမြေအားလုံးကို ကျစွာမင်းသိမ်းယူခဲ့သည်။ ထိုအချိန်တွင် ဘုန်းကြီးများက ဘုရားကျောင်းကန်မြေများကို မသိမ်းသင့် ကြောင်း ပြောလေသည်။

          အကြောင်းမှာ မြေယာကို သာသနာတွင်လှူပါက သာ သနာတည်သမျှ အနှစ်ငါးထောင်လုံးတည်သည်ဟု ပြောကြ သည်။ မူလလှူထားသော ကျောင်းပျက်စီးသွားပါကလည်း နီးစပ် ရာကျောင်းများက ယင်းမြေကိုဆက်ခံခွင့်ရမည်ဟု ဘုရင်ကို ပြောခဲ့သည်။

          ကျစွာမင်းသည် အမတ်များပါဝင်သော ခြောက်ဦးကော် မတီဖွဲ့၍ စစ်ဆေးစေခဲ့သည်။ ကော်မတီက ‘မင်းဖြစ်ပါစေ ဝတ္တက မြေကို မဖျက်နိုင်’ဟုဆုံးဖြတ်ချက်ချလိုက်သဖြင့် မြေအားလုံး ပြန်လည်လှူဒါန်းခဲ့ရသည်။

          ကျစွာမင်း၏သားဖြစ်သော ဥဇနာမင်းလက်ထက်တွင် လည်း ယင်းသို့မြေအငြင်းပွားမှုဖြစ်ပွားခဲ့ပြီး သာသနာ့မြေကို ပြန်လည်ပေးအပ်ခဲ့ရသည်။

          ယူနက်စကိုမှ ပညာရှင်များကလည်း အချို့သောမြေများ သည် ယခင်အစိုးရလက်ထက်ကတည်းက စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရန် ချပေးထားခဲ့ခြင်းဖြစ်သော်လည်း ရှေးဟောင်း အထိမ်းအမှတ်တည်ရှိရာဇုန်ထဲတွင် ရောက်ရှိနေသဖြင့် ၎င်းလုပ်ငန်းရှင်များလည်း နစ်နာမှုမရှိစေရန် အခြားနေရာများတွင် အစားပေးသင့်ကြောင်း အကြံပြုသည်။

          ယနေ့ခေတ်တွင် ပုဂံဒေသအခက်အခဲများကို ဖြေရှင်းရန် အုပ်ချုပ်ရေးပိုင်းမှ ဆယ်ဦးကော်မတီဖွဲ့ထားသည်။ ထိုဆယ်ဦး ကော်မတီအနေဖြင့် လောလောဆယ်တွင် ဟိုတယ်လုပ်ငန်းများ ကို စိစစ်ဆဲသာဖြစ်ပြီး ဘုရားသိမ်းထားသည့် ကိစ္စများတွင်လည်း အုပ်ချုပ်ရေးပိုင်းမှ စဉ်းစားသုံးသပ်နေကြကြောင်းသာ ဆိုသည်။

          ဥပဒေပြုရေးဘက်တွင်လည်း ညောင်ဦးမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြိုင်အား ယခုကိစ္စများကို လွှတ်တော်တွင် မေးမြန်းဆွေးနွေးရန်ရှိပါသလားဟု မေးမြန်းရာ “လူကြီးတွေကို အားနာတယ်လေ။ လူကြီးတွေကောင်းမယ်ထင် လို့ လုပ်ခဲ့တာ၊ လွှတ်တော်မှာ တရားဝင်မေးဖို့တော့မရှိပါဘူး”ဟု ဖြေကြားခဲ့သည်။

          ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးတို့က မီးစိမ်းမပြသည့်အခါ ပုဂံဒေသအတွက် တရားစီရင်ရေးသည် အသက်မဲ့နေသည်။ ယခု အချိန်တွင်တော့ ယင်းကိစ္စနှင့် ပတ်သက်၍ မဏ္ဍိုင်သုံးရပ်လုံး တိတ်ဆိတ်နေသလိုဖြစ်နေသည်။

          ယခုပြဿ      နာအချို့ကို ပြည်တွင်းရှိ သတင်းစာ၊ ဂျာနယ် အချို့ကလည်း ရေးသားခဲ့ဖူးသည်။ သို့သော်စတုတ္ထမဏ္ဍိုင်၏ ကလောင်သွားသည် ဧရာဝတီမြစ်ရေပြင်တွင် အရုပ်ရေးသကဲ့သို့ သာ ဖြစ်ခဲ့ရသည်။ ထိထိရောက်ရောက်မရှိခဲ့။

          ယခင်အချိန်က ပုတတ်လိုက်ရင်း ပုတတ်ဝင်သွားသည့် ကျင်းကိုပင် မတူးဆွခဲ့သည့် ပုဂံသားတို့၏ ပုဂံမြေသည် ယခုအခါ တွင် စက်ယန္တရားကြီးများသုံး၍ တူးဆွခြင်းကိုခံနေရပြီ။ တစ်မြို့ လုံး အနှံ့အပြားရှိနေသည့် အုတ်ကျိုးအုတ်ပဲ့တစ်ချပ်ကိုပင် အသုံး မပြုခဲ့သည့် ပုဂံသားတို့၏ ပုဂံမြေသည် ပုဂံသားတို့၏ရှေ့တွင်ပင် မြေတူးစက်ကြီးများ၏ အသွားအောက်အုတ်ရိုးတို့ တဖွားဖွား လွင့်စဉ်နေရပြီ။ အရိမဒ္ဒနပူရမည်သော ပုဂံပြည်၏တံခါး၀ လောက နန္ဒာဆိပ်ကမ်းသည် စီးပွားရေးသမားတို့၏ မတော်လောဘ ကြောင့် ပြိုစပြုနေပြီ။

          ပုဂံပြည်၏ ပြည့်ဦးကင်းနှင့်တူသော ဥမင်လိုဏ်တို့သည် အခြိမ်းခြောက်ခံနေရလေပြီ။ ပြည့်ဝမ်းနှင့်တူသော ပုဂံမြေသည် လည်း ကုတ်ဆွတူးဖော်ခြင်းခံနေရလေပြီ။ ပြည့်တံခွန်နှင့်တူသော စေတီပုထိုးတို့ကိုလည်း သိမ်းယူခြင်း၊ အဂါရဝအမှုများ ပြုလုပ်၍ အလှဲခံနေရလေပြီ။

          သို့သော်ဦးဇော်ဝင်းချိုနှင့် ပုဂံဒေသခံအချို့တို့ကတော့ ယခုလို အားတင်းရင်း ပြောသည်။

          “ငါတို့ကတော့ တာဝန်ရှိတယ်လို့ခံယူပြီး စိတ်ဓာတ်မကျ ဘဲ ပြောနေကြတာ။ ပြောခွင့်ရတော့ ပြောနေရမှာပဲ။ တစ်ခါနဲ့ မရ နှစ်ခါ၊ နှစ်ခါနဲ့ မရ သုံးခါ။ တစ်ခေါက်ခေါက်တော့မိမှာပါ”

          ၁၉၉၈ ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်း သိမ်းရေး ဥပဒေ၊ အခန်း(၄)ပုဒ်မ (၆) အရဆိုလျှင် ရှေးဟောင်း အထိမ်းအမှတ် အဆောက်အအုံမြင်ကွင်း၊ ပတ်ဝန်းကျင် သဘာ၀ မြင်ကွင်းကို အနှောင့်အယှက်ဖြစ်စေနိုင်သည်ဟု ယဉ်ကျေးမှုဝန် ကြီးဌာနက ယူဆပါက မည်သည့်အဆောက်အအုံကိုမဆို ဖျက် သိမ်းနိုင်လေသည်။

          ဦးဝင်းမောင်က ယင်းဥပဒေကို ကိုးကားရင်း ယခုလိုေ၀ ဖန်သည်။

          “၉၈ ဥပဒအရ အကုန်ဖျက်လို့ရတယ်။ အခု ဘာကြောင့် မဖျက်နိုင်တာလဲ။ ခြေလွန်လက်လွန်တွေ လုပ်ထားတယ်။ ဝန်ကြီး ဌာနက ငွေကြေးဥစ္စာတွေကိုလက်ခံပြီးတော့ လုပ်ထားတဲ့ လုပ် ငန်းစဉ်လို့ ကျွန်တော်တို့မြင်တယ်”ဟု သူက ပြောသည်။         ။

အပိုင်း(၇)

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."