(၂၀၁၅၊မေလထုတ်၊ေမာ်ကွန်း မဂ္ဂဇင်း အမှတ်(၂၃) မှ အယ်ဒီတာအာဘော်ဖြစ်ပါသည်။)
အမျိုးဘာသာသာသနာစောင့်ရှောက်ရေး(မဘသ)အဖွဲ့၏သက်တမ်းသည်လာမည့်ဇွန်ဆိုလျှင် နှစ်နှစ်ပြည့်တော့မည်ဖြစ်ရာကုန်လွန်ခဲ့သည့်နှစ်နှစ်တာကာလအတွင်းအမျိုးစောင့်ဥပဒေလေးရပ်နှင့်ပတ်သက်ပြီး ပေါ်ထွက်လာသော ထောက်ခံသံ၊ ကန့်ကွက်သံတို့မှာ အကျယ်လောင်ဆုံးဟု ဆိုနိုင်ပါသည်။
အမျိုးစောင့်ဥပဒေများပြဋ္ဌာန်းနိုင်ရေးကို လုံးပန်းနေသည့်မဘသအဖွဲ့၏အဓိကစိုးရိမ်မှုက မြန်မာနိုင်ငံတွင် အစ္စလာမ်ဘာသာ ကိုးကွယ်သူများပြားလာပြီး ပတ်ဝန်းကျင်မှ နိုင်ငံအချို့ကဲ့သို့ ဗုဒ္ဓဘာသာနိုင်ငံအဖြစ်မှ အစ္စလာမ္မစ်နိုင်ငံအဖြစ်ပြောင်းလဲသွားမည်ကို စိုးရိမ်နေကြခြင်းဖြစ်သည်။ ဗုဒ္ဓဘာသာဝင်များနှင့် ဆရာတော်ကြီးများတွင်လည်း ထိုစိုးရိမ်မှု မျိုးရှိကြပါသည်။
မိမိအမျိုးဘာသာသာသနာကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရေးအတွက်ရည်ရွယ်ဖွဲ့စည်းခဲ့သောမဘသအဖွဲ့၏ ရည်ရွယ်ချက်များကို နားလည်လက်ခံကြသည့်တိုင် အချို့သော လုပ်ဆောင်ချက်များအပေါ်တွင်တော့ ဝေဖန်စရာများ ရှိလာကြပါသည်။ အထူးသဖြင့် အမျိုးဘာသာသာသနာကာကွယ်ချင်စိတ် ကိန်းအောင်းလာအောင် ဟောပြောလှုံ့ဆော် စည်းရုံး ရာတွင် အခြားဘာသာဝင်များ (အထူးသဖြင့် အစ္စလာမ်ဘာသာ)ကို ပုတ်ခတ်ဟောပြောမှုများနှင့် ပတ်သက်၍ ဝေဖန် ကြခြင်းဖြစ်သည်။
အခြားဘာသာကိုပုတ်ခတ်မှကိုယ့်အမျိုးကိုချစ်ခင်စိတ်၊ကာကွယ်ထိန်းသိမ်းလိုစိတ်ကိန်းအောင်းမြင့်မားလာမည်ဟူ သောအယူအဆမျိုးမှာလုံးဝလက်ခံနိုင်စရာမရှိပါ။ထိုသို့ဟောပြောခြင်းဖြင့်မိမိဘာသာဝင်များကို သွေးထိုးပေးရာ ရောက်နိုင်သကဲ့သို့တစ်ဖက်ဘာသာဝင်များ ဒေါသဖြစ်လာအောင် သွားဆွရာလည်း ရောက်ပါသည်။ထို့ထက်ဆိုးသည်ကတစ်ဖက်လူမျိုး(သို့မဟုတ်)ဘာသာဝင်များ၏စိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင်ရာလုံခြုံမှုကိုထိခိုက်စေမည့်အမုန်းစကားဆန်သည့်စကားလုံးများကိုသုံးနှုန်းဟောပြောမှုများကလည်း ဝေဖန်စရာဖြစ်နေပါသည်။ထိုကဲ့သို့ ဟောပြောခြင်းသည် မတူညီသော လူမျိုး၊ ဘာသာဝင်များကြား ပဋိပက္ခဖြစ်အောင် တိုက်ရိုက်မဖန်တီး သည့်တိုင် ပဋိပက္ခဖြစ်စေနိုင်လောက်သည့် မျိုးစေ့များ ချပေးရာရောက်သည်ဟူ၍တော့ ပဋိပက္ခဖြစ်စဉ်များကို လေ့လာ ဆန်းစစ်သည့် ပညာရှင်တို့က ထောက်ပြကြသည်။သို့ဖြစ်ရာထိုကဲ့သို့သော အဟောအပြောများကိုမဟောကြားရန်နှင့်အခြားသင့်လျော်မည့်နည်းဖြင့်သာအမျိုးဘာသာ စောင့်ထိန်းလိုစိတ်များကိန်းအောင်လာအောင် ဟောကြားသင့်ပါသည်။
တစ်ဖက်တွင်လည်း မဘသအဖွဲ့၏ စိုးရိမ်မှုများကို လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့များ၊ သက်ဆိုင်ရာ ဘာသာအဖွဲ့အစည်းများ၊လူမှုအဖွဲ့အစည်းများကနားလည်ပေးပြီး အပြုသဘောဆောင်သည့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ကာ အတည်ပြုရန် ကျန်နေသေးသည့် ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေကြမ်းများတွင် လူအများလက်သင့်မခံနိုင်သည့်၊ မသင့်လျော်သည့် အကြောင်းအရာများ မပါဝင် သွားအောင် ကူညီပေးသင့်ကြသည်ဟုယူဆပါသည်။
မဘသအဖွဲ့ဘက်ကလည်း တစ်ဖက်ကထောက်ပြ၊ တင်ပြလာသော အယူအဆများကို ထည့်သွင်းစဉ်းစားပေးရန် လိုအပ်ပါလိမ့်မည်။ တစ်ချိန်တည်းတွင် အမျိုးစောင့်ဥပဒေနှင့်ပတ်သက်ပြီး ဝေဖန်ထောက်ပြ၊ အကြံပေးသူများကို အောက်ခြေမှ မဘသအဖွဲ့ဝင်များက ပုတ်ခတ်ပြောဆိုမှုများ မဖြစ်ပွားအောင်လည်း ဆရာတော်ကြီးများက သြဝါဒချပေးကာ ထိန်းကျောင်းပေးရန် လိုအပ်လိမ့်မည်ဟု ယူဆပါသည်။ဤသို့ဖြင့်သာ ကမ္ဘာ့အလယ်တွင် မြန်မာ့လူမှုအဖွဲ့အစည်းအပေါ် ဝေဖန်ကဲ့ရဲ့ခံရနိုင်ခြေများကို လျှော့ချနိုင်မည်ဖြစ်ပါကြောင်း ကျွနု်ပ်တို့မော်ကွန်းကယုံကြည်ပါသည်။
မော်ကွန်းအယ်ဒီတာအဖွဲ့
(editors@mawkun.com)

