၂၁ရာစု ပင္လုံအလားအလာ

 

၂၀၁၆-ဇူလိုင်လထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၆) မှ သုံးသပ်ချက် ဆောင်းပါး ဖြစ်ပါသည်။

သန်းစိုးနိုင် ရေးသည်။

ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက်က လာမယ့်တစ်လ၊ နှစ်လခန့်  အတွင်း ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပနိုင်ရေး စတင် ဆောင်ရွက်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုက်တွန်းပြော ဆိုပြီးချိန်ကစလို့ NLD အစိုးရသစ်ရဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှု လုပ်ငန်းစဉ်တွေ လှုပ်ရှားသက်ဝင်လာခဲ့ပါ ပြီ။ တကယ်တော့ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်သတ်မှတ်ချက်များအရ ပြည် ထောင်စုငြိမ်းချမ်းရေးညီလာခံကို လေးလတစ် ကြိမ်ပြုလုပ်ရမှာပါ။ ဒါကြောင့် ပြည်ထောင်စုငြိမ်း ချမ်းရေးညီလာခံကို မေလမှာ ဒုတိယအကြိမ်ကျင်းပ ရမှာဖြစ်ပေမယ့် မကျင်းပခဲ့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့  ၂၁ ရာစု ပင်လုံညီလာခံကို ဇူလိုင်လ နှောင်းပိုင်းမှာမှ ကျင်းပနိုင်ဖို့ စီစဉ်ထား တယ်လို့ဆိုပါတယ်။ ဒီမှာ ၂၁ ရာစု ပင်လုံညီလာခံဆိုတာ သမ္မတဟောင်း ဦးသိန်းစိန် ဦး ဆောင်ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေး ညီလာခံရဲ့ အဆက်လား၊ ဒုတိယအကြိမ် ညီလာခံလား၊ သီး ခြားလားဆိုတာ စဉ်းစားစရာဖြစ်လာခဲ့ရပါတယ်။

ဒုတိယညောင်နှစ်ပင်

ထွက်တော်မူနန်းက ခွာရတော့မယ့် သမ္မတကြီးဦးသိန်းစိန်ဟာ ‘ငြိမ်းချမ်းရေးဗိသုကာကြီး’ ဘွဲ့ ခံယူခွင့်ရရေးအတွက် ‘ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကြီး’ကို ၂ဝ၁၆၊ ဇန်နဝါရီ ၁၂ ရက်မှာ တက်သုတ်ရိုက် ကျင်းပခဲ့ပါတယ်။ ဒီညီလာခံကြီးကို ကိုယ်စားပြုအဖွဲ့ငါးဖွဲ့က ကိုယ်စားလှယ် ၇ဝဝ အထိ တက်ရောက် စေခဲ့ပါတယ်။ အစိုးရအဖွဲ့ကိုယ်စားလှယ် ၇၅ ဦး၊ လွှတ်တော်ကိုယ် စားလှယ် ၇၅ ဦး၊ တပ်မတော်သားကိုယ်စားလှယ် ၁၅ဝ၊ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်ကိုယ်စား လှယ် ၁၅ဝ၊ နိုင်ငံရေးပါတီကိုယ်စားလှယ် ၁၅ဝ၊ တိုင်းရင်းသားနှင့် အခြားကိုယ်စားလှယ် ၅ဝ စီတို့ ပါဝင်စေခဲ့ပါတယ်။ ဒါကြောင့် ညီ လာခံဟာ အသွင်သဏ္ဌာန်အရ ကြီးကျယ်ခမ်းနားအောင် လုပ်ထားပေမယ့် ဘာအနှစ်သာရမှ မရှိအောင် ဖောင်းပွနေခဲ့ပါတယ်။

ဒီညီလာခံမှာ ဆွေးနွေးဖို့ မူဘောင်ချမှတ်ထားတဲ့ ကဏ္ဍကြီး ခြောက်ရပ်ရှိပါတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံ ရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒတွေကို ဆွေး နွေးသွားကြဖို့ပါပဲ။ ဒါပေမဲ့ ညီလာခံမှာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်မယ်ဆိုရင် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းအထက် ထောက်ခံမဲရရှိရမယ်ဆိုတော့ တပ်မတော်မထောက်ခံရင် ဘယ်လိုဆုံးဖြတ်ချက်မှ မချနိုင်တဲ့သဘောပါပဲ။ ၂ဝဝ၈ ဖွဲ့စည်းပုံဥပဒေနဲ့ အတွင်းသဘောက အတူတူပါပဲ။ ဒါကြောင့်လည်း ဘာဆုံးဖြတ်ချက်မှ မချနိုင်ဘဲ လူများပြီး ပွဲမစည်တဲ့ ဒုတိယညောင်နှစ်ပင် ငြိမ်းချမ်းရေးညီလာခံကြီး ဖြစ်သွားခဲ့ရပါတယ်။

တကယ်တော့ တစ်ပြည်လုံး အပစ်ရပ်ရေး NCA စာချုပ် ကို ရေးဆွဲခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံး ၁၇ ဖွဲ့ ရှိပါတယ်။ ဒါပေမဲ့ NCA စာချုပ် တကယ်တမ်း လက်မှတ်ထိုးတဲ့ အချိန်မှာတော့ ၈ ဖွဲ့ပဲ ပါဝင်ခွင့်ရခဲ့ပါတော့တယ်။ ဒီလို NCA မှာ ပါဝင်လက်မှတ်ရေးထိုးခြင်းမရှိတဲ့ အဖွဲ့တွေကို ငြိမ်းချမ်းရေးညီ လာခံတက်ရောက်ဖို့ ဖိတ်ပါတယ်။ ဒါပေမဲ့ ဆုံးဖြတ်ချက်ချပိုင်ခွင့် ရှိတဲ့ ကိုယ်စားလှယ်အဖြစ် မဟုတ်ဘဲ လေ့လာသူအဖြစ်သာ ဖိတ် ကြားတာဖြစ်လို့ ခွဲခြားဆက်ဆံတဲ့သဘောမို့ မတက်ရောက်ခဲ့ကြ ပါဘူး။ ပိုအရေးကြီးတာ ဒီ NCA လက်မှတ်မထိုးတဲ့ အဖွဲ့တွေဟာ တပ်မတော်နဲ့ စစ်ရေးပဋိပက္ခဖြစ်နေခဲ့ကြတာ အများစုပါ။ ဒီ တော့လည်း ဦးသိန်းစိန်ရဲ့ ငြိမ်းချမ်းရေးညီလာခံ ကျင်းပချိန်က စပြီး ထွက်ပေါ်နေတဲ့ သေနတ်သံတွေဟာ ဒီနေ့အထိ ပွက်လော ညံနေဆဲပါပဲ။ သမ္မတဟောင်းဦးသိန်းစိန်ရဲ့  ငြိမ်းချမ်းရေးညီလာခံ ဟာ မအောင်မြင်ပါဘူး။ သူ့သဘောထား၊ သူ့မူဝါဒတွေနဲ့ ရှေ့ ဆက်သွားလို့လည်း ငြိမ်းချမ်းရေးရနိုင်စရာ အကြောင်းမမြင်ပါဘူး။ ဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်က ‘၂၁ ရာစု ပင်လုံ ညီလာခံ’ကို ခေါ်ယူကျင်းပဖို့ ကြိုးစားတာ ဖြစ်ပါလိမ့်မယ်။  ‘၂၁ ရာစု ပင်လုံညီလာခံ’ဟာ ဦးသိန်းစိန်ရဲ့ ငြိမ်းချမ်းရေးညီလာခံနဲ့ အသွင်သဏ္ဌာန်အရရော အတွင်းသဘောအရပါ ကွဲပြားခြားနား နိုင်ပါတယ်။

၂၁ ရာစု ပင်လုံအကြို

အရင် သမ္မတဟောင်း ဦးသိန်းစိန်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီ၊ လုပ်ငန်းကော်မတီတွေ ဖွဲ့စည်းပြီး မြန်မာ့ငြိမ်းချမ်းရေး ဗဟို (MPC) ကို မဏ္ဍိုင်ထားကာ စေ့စပ်ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်စေခဲ့ပါတယ်။ NLD အစိုးရသစ်လက်ထက်မှာတော့ MPC ကို ဖျက်သိမ်းလိုက်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေး နဲ့ ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) နှင့် အစားထိုးပြင်ဆင်ဖွဲ့ စည်းလိုက်ပါတယ်။ အလားတူ ပြည်ထောင်စုငြိမ်းချမ်းရေး ပူးတွဲ ကော်မတီ (UPDJC) ကိုလည်း ဒေါ်အောင်ဆန်းစုကြည်ကိုယ် တိုင် ဥက္ကဋ္ဌအဖြစ်ပါဝင်ပြီး ပြင်ဆင်ဖွဲ့စည်းလိုက်ပါတယ်။ ဒီ အောက်မှာ ကော်မတီတစ်ရပ်နဲ့ ဆပ်ကော်မတီနှစ်ရပ်ကို ထပ်မံ ဖွဲ့စည်းထားပါတယ်။ ၂၁ ရာစု ပင်လုံညီလာခံအကြိုပြင်ဆင်ရေး ကော်မတီနဲ့ ဆပ်ကော်မတီနှစ်ရပ်ပါပဲ။

၂၁ ရာစု ပင်လုံညီလာခံ အကြိုပြင်ဆင်ရေးကော်မတီ ဥက္ကဋ္ဌအဖြစ် ဒေါက်တာတင်မျိုးဝင်းက တာဝန်ယူခဲ့ပါတယ်။ တစ်ချိန်တည်းမှာ MPC ကို ပြောင်းလဲပြင်ဆင်ခဲ့တဲ့ NRPC မှာ လည်း ဒေါက်တာတင်မျိုးဝင်းက စေ့စပ်ညှိနှိုင်းရေးတာဝန်ခံရာထူးကို ယူထားပါသေးတယ်။ NRPC ရဲ့ ဥက္ကဋ္ဌကတော့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေပါပဲ။ ဒီအဖွဲ့ထဲမှာ အရင် MPC အဖွဲ့ဝင်ဟောင်းဖြစ်တဲ့ ဒေါက်တာမင်းဇော်ဦးလည်း ဆက်လက်ပါဝင်နေပါသေးတယ်။ NRPC ဥက္ကဋ္ဌဖြစ်တဲ့ ဦးကျော် တင့်ဆွေဟာ ၂၁ ရာစု ပင်လုံညီလာခံအကြိုပြင်ဆင်ရေးကော် မတီမှာတော့ ဒု-ဥက္ကဋ္ဌတာဝန် ရယူထားပါတယ်။ အရင် MPC အဖွဲ့ရဲ့ အထူးအကြံပေး ဦးလှမောင်ရွှေက ဒီပြင်ဆင်ရေးကော်မတီရဲ့ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ပါလိမ့်မယ်။

ပြင်ဆင်ရေးကော်မတီအောက်မှာ ဆပ်ကော်မတီနှစ်ခု ထပ်မံဖွဲ့စည်းထားပါတယ်။ ဆပ်ကော်မတီ ၁ ရဲ့ ဥက္ကဋ္ဌက ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်ဖြစ်ပြီး အတွင်းရေးမှူးက ချင်းအမျိုးသား တပ်ဦး (CNF) က ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းဖြစ်ပါတယ်။ ဒီဆပ်ကော်မတီ ၁ ရဲ့ တာဝန်က NCA လက်မှတ်ရေးထိုး ထားတဲ့ အဖွဲ့တွေနဲ့ နိုင်ငံရေးမူဘောင်ရေးဆွဲရာမှာ ကျစ်ကျစ်လျစ်လျစ်ဖြစ်အောင် သုံးသပ်ဆွေးနွေးကြရမှာ ဖြစ်ပါတယ်။ ဆပ်ကော်မတီ ၂ ကို ဥက္ကဋ္ဌအဖြစ် ဒေါက်တာတင်မျိုးဝင်းက တာဝန်ယူပြီး ဦးလှမောင်ရွှေက အတွင်းရေးမှူးတာဝန်ကို ရယူ ထားပါတယ်။ ဒေါက်တာတင်မျိုးဝင်းဦးဆောင်တဲ့ ဆပ်ကော် မတီ၂ ရဲ့ တာဝန်က NCA လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ တွေကို NCA လက်မှတ်ရေးထိုးပြီး ၂၁ ရာစုပင်လုံညီလာခံမှာ ပါဝင်လာနိုင်ဖို့ ဆွေးနွေးအဖြေရှာပေးရမှာ ဖြစ်ပါတယ်။ ဆိုရရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် စုဖွဲ့မှုဟာ သဏ္ဌာန်သစ်ဖြစ်ပေမယ့် အမျိုးသား ပြန်လည်သင့်မြတ်ရေးစိတ်ဓာတ် အခြေခံအောက်မှာ အင်အားစု ဟောင်းတွေလည်း ဆက်လက်ပါဝင်နေဆဲဖြစ်ပါတယ်။

အားလုံးပါဝင်ရေး

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖြစ် တဲ့ ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံအစီအစဉ်ဟာ ဖွဲ့စည်းပုံ သဘောအရသာ ဦးသိန်းစိန်ရဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံနှင့် ကွဲပြားခြားနားတာမဟုတ်ပါဘူး။ မူဝါဒသဘောထားအရ လည်း အပြောင်းအလဲတွေ ရှိနေတာကို တွေ့ကြရပါတယ်။ မူလ ရေးဆွဲခဲ့ကြတဲ့ နိုင်ငံရေးမူဘောင်မှာ ကဏ္ဍကြီးခြောက်ရပ် ပါဝင် ခဲ့ပေမယ့် ၂၁ ရာစု ပင်လုံညီလာခံမှာတော့ နိုင်ငံရေးနဲ့ လုံခြုံရေး ကဏ္ဍတွေကိုပဲ ဦးစားပေး ဆွေးနွေးကြရပါလိမ့်မယ်။ ကဏ္ဍတွေ၊ ခေါင်းစဉ်ခွဲတွေ သိပ်များလွန်းရင် ‘ငါးသိုင်းများပြီး ဟင်းဟုန်’ သွားနိုင်ပါတယ်။ ၂၁ ရာစု ပင်လုံညီလာခံရဲ့ အရေးကြီးဆုံး အောင်မြင်မှုကို အဆုံးအဖြတ်ပေးမှာက နိုင်ငံရေး၊ လုံခြုံရေး ကဏ္ဍတွေမှာ ပါဝင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုထူ ထောင်ရေးနှင့် D.D.R/S.S.R (လက်နက်စွန့်၊ ပယ်ဖျက်၊ ပြန် လည်ပေါင်းစည်းရေး/လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး)ပြဿနာတွေကို ဖြေရှင်းနိုင်ရေးသာ အဓိကကျပါလိမ့်မယ်။

တစ်ချိန်တည်းမှာ နိုင်ငံရေးမူဘောင်တွေ ပြင်ဆင်လိုတဲ့ သဘောထားကိုလည်း ထင်ထင်ရှားရှား တွေ့မြင်နေကြရပါတယ်။ ပထမအချက်က ညီလာခံကို လွှတ်တော်ကိုယ်စားလှယ် အနည်းဆုံး တစ်နေရာရရှိတဲ့ နိုင်ငံရေးပါတီတွေကိုသာ တက်ရောက်ခွင့်ပြုလိုက်ခြင်း ဖြစ်ပါတယ်။ မြန်မာပြည်မှာ တရားဝင်နိုင်ငံရေးပါတီ ပေါင်း ၉ဝ ကျော် ရှိပါတယ်။ ဒီပါတီအားလုံးက ကိုယ်စားလှယ်တွေကို ညီလာခံတက်ခွင့်ပြုလိုက်ရင် ဒုတိယညောင်နှစ်ပင်ညီလာခံလို ဖြစ်သွားနိုင်ပါတယ်။ အရေးကြီးတာ နိုင်ငံရေးပါတီအားလုံးရဲ့ အမြင်ကို ကိုယ်စားပြုစုစည်းဖော်ပြနိုင်တဲ့ Political Forum တွေ ကျင်းပပေးနိုင်ရင် ဖြစ်ပါတယ်။ ဒီလိုပုံစံမျိုးနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ အမြင်တွေကို စုစည်းဖော်ပြနိုင်ဖို့ C.S.O Forum တွေ ကျင်းပပေးမယ်လို့ NLD ကလည်း ပြောပြီးသားပါ။ မပြည့်စုံတဲ့ စာရင်းအရ အဖွဲ့အစည်းပေါင်း ၈ဝဝ ကျော်ရှိနေတဲ့ C.S.O  အဖွဲ့တွေကို ညီလာခံတက်ခိုင်းဦးမယ်ဆိုရင်တော့ နိုင်ငံရေးဆွေးနွေးပွဲဟာ ဆယ်စုနှစ်နှင့်ချီကြာပြီး အလုပ်ဖြစ်စရာ သိပ် အကြောင်းမရှိပါဘူး။ အရေးကြီးတာ သူတို့အမြင်ကို ဖော်ထုတ် တင်ပြခွင့်ရှိတဲ့ စင်မြင့် (Stage) တွေ ရှိနေဖို့ပါပဲ။ NLD ကတော့ ၂၁ ရာစုပင်လုံညီလာခံကို လူများပြီး ပွဲမစည်တာမျိုး မဖြစ်အောင်  ကိုယ်စားပြုမှုကျယ်ပြန့်ပြီး သိပ်သည်းကျစ်လျစ် ထိရောက် အလုပ်ဖြစ်တဲ့ ညီလာခံဖြစ်စေလိုပုံရပါတယ်။

၂၁ ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံမှာ NLD ပါတီအနေ နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံး ပါဝင်တက် ရောက်ဖို့ လမ်းဖွင့်ပေးလိုတဲ့ ဆန္ဒပြင်းပြပုံရပါတယ်။ ဒါပေမဲ့ NCA စာချုပ်မှာ လက်မှတ်မထိုးဘူးဆိုရင် ညီလာခံတက်ခွင့် မရှိဘူးဆိုတဲ့ သဘောထားတစ်ရပ်က ကန့်သတ်ထားပါတယ်။ NLD အနေနဲ့ ဒီသဘောထားကို ဖြေရှင်းကျော်လွှားနိုင်မှ ၂၁ ရာစု ပင်လုံညီလာခံဟာလည်း အောင်မြင်အဓိပ္ပာယ်ရှိပါလိမ့်မယ်။ တကယ်တော့ ‘အားလုံးပါဝင်ရေး’ ကို အခြေခံမူတစ်ရပ်အဖြစ် ချမှတ်အကောင်အထည်ဖော်ခဲ့တဲ့ သမ္မတဟောင်း ဦးသိန်းစိန်ရဲ့ ငြိမ်းချမ်းရေးညီလာခံကြီးမှာလည်း အားလုံးပါဝင်ခွင့် မရခဲ့ပါဘူး။ လက်ရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၂၁ ဖွဲ့ရှိတဲ့ အနက် NCA လက်မှတ်ထိုးတာ ရှစ်ဖွဲ့ပဲ ရှိပါတယ်။ တပ်မတော်နဲ့ စစ်ရေးပဋိပက္ခဖြစ်နေတဲ့ အဖွဲ့အများစု NCA မှာ ပါဝင်ခွင့်မရလို့ ဒီနေ့အထိ မြန်မာပြည်မြောက်ပိုင်းမှာ ပြင်းထန်တဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာပါ။ တကယ်တော့ ဒီလို စစ်ရေးပဋိပက္ခ ဖြစ်နေတဲ့ အဖွဲ့အစည်းအားလုံးဟာ NCA စာချုပ် ညှိနှိုင်းဆွေး နွေးရာမှာ ပါဝင်သဘောတူခဲ့ကြပြီးပါပြီ။ NCA စာချုပ်ကို သူတို့ ပါဝင်လက်မှတ်ရေးထိုးခြင်း မပြုနိုင်စရာ အကြောင်းမရှိပါဘူး။ အဓိကပြဿနာဟာ တပ်မတော်က ပလောင်အဖွဲ့၊ ကိုးကန့်အဖွဲ့နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့တွေကို လက်နက်မချရင် NCA လက်မှတ်ထိုးရာမှာ ပါဝင်ခွင့်မပြုနိုင်ဘူး ဆိုတဲ့ သဘောထားကြောင့် အားလုံး ပါဝင်ခွင့် မရခဲ့တာပါ။ NLD အနေနဲ့ ဒီဆက်ထုံးကို ဖြေရှင်းနိုင်မှ ညီလာခံမှာ အားလုံးပါဝင် ခွင့်ရမှာပါ။

ဒီလိုဖြေရှင်းနိုင်ဖို့ NLD အနေနဲ့ ညီလာခံမတိုင်မီ NCA မှာ အားလုံးပါဝင်နိုင်အောင် ဦးစွာကြိုးစားသင့်ပါတယ်။ အားလုံး ပါဝင်ရေးအတွက် အဖွဲ့အစည်းသုံးဖွဲ့အနေနဲ့ အပစ်အခတ်ရပ်စဲ ကြောင်း ပူးတွဲကြေညာချက်ထုတ်ပြန်သင့်သလို တပ်မတော်ဘက်ကလည်း စစ်ဆင်ရေးတွေ ရပ်ဆိုင်းပေးအောင် NLD အနေ နဲ့ ကြိုးစားနားချသင့်ပါတယ်။ တစ်ချိန်တည်းမှာ NCA လက်မှတ်ထိုးပြီးမှ ညီလာခံတက်ခွင့်ပြုမယ်ဆိုတဲ့ ပြဋ္ဌာန်းချက်ကို ဖြေလျှော့ပေးပြီး အားလုံးပါဝင်နိုင်ရေးကို ပိုမိုအလေးပေးသင့်ပါ တယ်။ ‘အားလုံးပါဝင်ရေး’ မူကို လက်တွေ့အကောင်အထည်ဖော် နိုင်မှ ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံ အောင်ပွဲခံပါလိမ့်မယ်။     ။

အမျိုးအစား - သုံးသပ်ချက်

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."