Illustration : MAUNG NOE
နိုဝင်ဘာ ၂၉ ရက်က မိတ္ထီလာမဲဆန္ဒနယ်မှ ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမောင်သင်းက ပြည်သူ့လွှတ်တော်မှာ အရေးကြီးအဆိုတစ်ရပ် တင်သွင်းခဲ့ပါတယ်။ သူ့အဆိုအရ KIA ၊ MNDAA ၊ TNLA နဲ့ AA ပူးပေါင်းအဖွဲ့က ရှမ်းပြည်မြောက်ပိုင်း သိန္နီ၊ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်းနဲ့ ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်တွေကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ဖျက်ဆီးတိုက်ခိုက်၊ မိုင်းထောင်ဗုံးခွဲမှုများကြောင့် ပြည်သူများ သေကျေဒဏ်ရာရခြင်း၊ အိုးအိမ်စွန့်ခွာ စစ်ဘေးဒုက္ခသည် ဖြစ်ရခြင်း၊ နိုင်ငံရဲ့ အချုပ်အခြာ အာဏာတည်မြဲရေး၊ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းမှုနဲ့ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များ ထိခိုက်စေခြင်းတို့အတွက် လွှတ်တော်မှ စိုးရိမ်ပူပန်မိကြောင်းတွေ ပါဝင်ပါတယ်။
ဒီအဆိုကို ဒီဇင်ဘာ ၂ ရက်နေ့က ဆက်လက်ဆွေးနွေးရာ မှာ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ် ချုပ်ကြီးစိန်ဝင်းနှင့် တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးကြီး သန်းအောင်တို့က ထောက်ခံဆွေးနွေးရာမှာ ဒီမြောက်ပိုင်း မဟာ မိတ်အဖွဲ့ဝင်တွေကို ‘အကြမ်းဖက်အဖွဲ့အစည်း’ အဖြစ် လွှတ် တော်မှ သတ်မှတ်ပေးသင့်ကြောင်း ထည့်သွင်းတင်ပြသွားခဲ့ပါ တယ်။ ဒီလိုတင်ပြရာမှာ ‘ယခု ဖြစ်ပွားခဲ့တဲ့ အပြစ်မဲ့ပြည်သူတွေ ကို ဥပဒေမဲ့ သတ်ဖြတ်ခြင်း၊ အများပြည်သူ အသုံးပြုနေတဲ့ ဆက် သွယ်ရေးလမ်းကြောင်း သံကူကွန်ကရစ်တံတားများ ဖောက်ခွဲ ဖျက်ဆီးခြင်း၊ မြို့ ရွာများရှိ စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ် သားများနှင့် အခြေခံအဆောက်အအုံတို့ကို ပစ်မှတ်ထား တိုက် ခိုက်ခြင်းတို့အပြင် ဒို့တာဝန်အရေးသုံးပါးကို ထိပါးနှောင့်ယှက် လာတဲ့အတွက် ယခုဖြစ်စဉ်မှာ အဓိကတာဝန်ရှိတဲ့သူများဖြစ်တဲ့ UNFC ဥက္ကဋ္ဌ အင်ဘန်လ၊ KIA မှ ဂမ်ရှောင်၊ TNLA မှ တာ့အိုက်ဖုန်း၊ MNDAA မှ ဖုန်ကြားရှင်၊ AA မှ ထွန်းမြတ်နိုင်တို့အပါ အဝင် ပြစ်မှုကျူးလွန်သူတို့ကို အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေ အပါအဝင် တည်ဆဲဥပဒေများနဲ့အညီ ထိရောက်ပြင်းထန်စွာ အရေးယူပြီး သူတို့ရဲ့ လုပ်ရပ်များအပေါ် အကြမ်းဖက် အဖွဲ့အစည်း အဖြစ် ဆန့်ကျင်ချေမှုန်းသင့်ပါတယ်။ ဒါကြောင့် အဆိုပါ KIA ၊MNDAA ၊ TNLA နဲ့ AA အဖွဲ့တွေကို အကြမ်းဖက်အဖွဲ့ အစည်းအဖြစ် လွှတ်တော်မှ သတ်မှတ်ပေးရန် တင်ပြလိုပါတယ်။ ဒါ့အပြင် နိုင်ငံတကာမှ လူသားချင်းစာနာမှုအရ အကြမ်းဖက် အဖွဲ့များကို ရိက္ခာထောက်ပံ့ခြင်း၊ ဆေးဝါးကုသပေးခြင်းများကို လည်း တားမြစ်သင့်ကြောင်း အဆိုပြုသွားခဲ့ပါတယ်။
ဒီအရေးကြီးအဆိုကို လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦး ပါဝင်ဆွေးနွေးကြရာမှာ ကိုယ်စားလှယ်အများစုက လက်ရှိဖြစ် ပွားနေတဲ့ ဖြစ်ရပ်များနဲ့ ပတ်သက်ပြီး တစ်ဖက်နဲ့ တစ်ဖက် အပြန် အလှန် ဝေဖန်အပြစ်တင်နေရုံဖြင့် အဖြေထွက်နိုင်မည် မဟုတ် ကြောင်း၊ စားပွဲဝိုင်းဆွေးနွေးပွဲတွင် ဆွေးနွေးအဖြေရှာကာ စစ် မှန်သည့် ငြိမ်းချမ်းရေးရယူပေးရန် တိုက်တွန်းကြောင်း၊ သူ့ဘက် ကိုယ့်ဘက် ဘက်အသီးသီး တွင် ပြောမည်ဆိုလျှင် နှစ်ဖက်စလုံး တွင် ပြောစရာ ရှိနေနိုင်ကြောင်း၊ ပြဿ နာကို စစ်ရေးနည်းအရ မဖြေရှင်းဘဲ နိုင်ငံရေးနည်းအရ ဖြေရှင်းရန် လိုအပ် ကြောင်း ဆွေးနွေးတင်ပြခဲ့ကြပါတယ်။ ပြည်သူ့လွှတ်တော်မှာ ဒီအဆိုကို မဲခွဲဆုံးဖြတ် ကြရမှာ ထောက်ခံဆန္ဒမဲ ၁၄၁ မဲ၊ ကန့်ကွက်မဲ ၂၄၄ မဲ၊ ကြား နေမဲ ၇ မဲ ရှိနေတာကြောင့် ဒေါက်တာမောင်သင်းရဲ့ အဆို ရှုံးနိမ့်ပြီး လွှတ်တော်က မှတ်တမ်းတင်ထားလိုက်ပါတယ်။
ဒါပေမဲ့ ပြည်ခိုင်ဖြိုးပါတီနဲ့ တပ်မတော်သားကိုယ်စားလှယ် များ ပူးတွဲတင်ပြတဲ့ ‘အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ် ရေး’အဆိုက ပြည်သူ့လွှတ်တော်မှာတင် တစ်ခန်းရပ် ပြီးပြတ် မသွားခဲ့ပါဘူး။ ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်တွေ အသာစီးရ ထားတဲ့ ရှမ်းပြည်နယ်လွှတ်တော်မှာ တစ်ကြိမ် ထပ်ပြီး တင်ခဲ့ကြ ပြန်ပါတယ်။ ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် အရေးပေါ် အစည်းအဝေး ဒုတိယနေ့မှာ ပြည်ခိုင်ဖြိုးပါတီ လားရှိုးမြို့နယ် အမှတ် ၂ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သူက အဆိုတင်ခဲ့ တာ ဖြစ်ပါတယ်။ နောက်တစ်နေ့ ဒီအဆိုကို ရှမ်းပြည်နယ်လွှတ် တော်မှာ ဆွေးနွေးကြရမှာတော့ ဆန့်ကျင်ကန့်ကွက်မှုတွေ ရှိခဲ့ပါ တယ်။ ရှမ်းပြည်နယ် ကချင်ရေးရာဝန်ကြီး ဦးဇွတ်ဒေါင်က အဆို ကို ကန့်ကွက်ရာမှာ ‘အကြမ်းဖက်အဖွဲ့အစည်းလို့ သတ်မှတ်လိုက် ရုံဖြင့် တိုင်းပြည်ငြိမ်းချမ်းသွားမှာ မဟုတ်ကြောင်း၊ ကောင်းကျိုး ထက် ဆိုးကျိုးသာ ပိုများလာ စရာရှိကြောင်း၊ တိုင်းရင်း သား ညီအစ်ကိုအချင်းချင်းရဲ့ အရေးကိစ္စဖြစ်၍ နူးညံ့သိမ်မွေ့စွာ သဘောထား ကိုင်တွယ်သင့် ကြောင်း၊ ပြည်သူ့လွှတ်တော်က ပယ် ချထားသည့်အဆိုကို ပြည်နယ် တစ်ခုက မဆန့်ကျင်သင့်ကြောင်း၊ ယခုလို အပြစ်တင်ရှုံ့ချနေမည့် အစား ငြိမ်းချမ်းရေးရရှိနိုင်မည့် နည်းလမ်းကို သာ စဉ်းစားသင့်ကြောင်း’ တင်ပြသွားခဲ့ပါတယ်။
ရပ်စောက်မဲဆန္ဒနယ် အမှတ် ၁ မှ ဦးခိုင်ညီညီကျော်က လည်း ‘၂ဝဝ၈ ဖွဲ့စည်းပုံအရ တပ်မတော်ရဲ့ အဓိကတာဝန်ဟာ နိုင်ငံတော်ကာကွယ်ရေးတာဝန်ဖြစ်ကြောင်း၊ နိုင်ငံတော် အချုပ် အခြာအာဏာကို ထိပါးလာသူမှန်သမျှ ‘အကြမ်းဖက်သမား’ ဟူ ၍ တံဆိပ်ခတ်နေစရာမလိုဘဲ ဥပဒေကြောင်းအရ အရေးယူ ဆောင်ရွက်နိုင်ခွင့်ရှိကြောင်း၊ တိုင်းရင်းသားအဖွဲ့အစည်းတစ်ရပ် ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်လိုက်ခြင်းဖြင့် အမြင်သဘောထားများ ပိုမိုကွဲပြားခြားနားလာကာ စစ်ပွဲတွေ ဆက်ဖြစ်လာရေးအတွက် တွန်းအားပေးလိုက်သလိုသာ ဖြစ်လာ နိုင်ကြောင်း၊ ယခုလို ထိလွယ်ရှလွယ် အချိန်မျိုးတွင် တိုင်းရင်း သားလက်နက်ကိုင်များအား အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ် လိုက်ပါက နိုင်ငံတော်၏ အဓိကရည်မှန်းချက်ဖြစ်သော ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်များ ထိခိုက်နှောင့်နှေး ကြန့်ကြာသွားမည်ကို စိုး ရိမ်ရသဖြင့် အဆိုကို မှတ်တမ်းတင်ပေးပါရန် သဘောထား တင် ပြခဲ့ပါတယ်။ ဒီလို ကန့်ကွက်မှုတွေ ရှိနေတဲ့အတွက် ရှမ်းပြည်နယ် လွှတ်တော်က မဲခွဲဆုံးဖြတ်ရာမှာ ကန့်ကွက်မဲ ၄၅ မဲ၊ ကြားနေမဲ ၇ မဲ၊ ထောက်ခံမဲ ၆၃ မဲ ရရှိတဲ့အတွက် အတည်ပြုလိုက်ပါတယ်။
ဒီဇင်ဘာ ၁၁ ရက်မှာတော့ မြန်မာပြည်မြောက်ပိုင်း ရှမ်း မျိုးနွယ်စုအဖွဲ့က မြစ်ကြီးနားမြို့မှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့ (KIA, MNDAA, TNLA, AA) အဖွဲ့တွေကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်မှုကို ထောက်ခံကြောင်း ကြေညာ ချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒီထုတ်ပြန်ချက်ထဲမှာ ပြည်သူ့လွှတ် တော်က မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ချက်ကို မှတ်တမ်းတင်ခြင်းမှာ သဘောထားကြီးမား ခြင်းကို ဖော်ပြကြောင်း၊ ရှမ်းပြည်နယ်လွှတ်တော်က အကြမ်း ဖက်အဖွဲ့အဖြစ် သတ်မှတ်ခြင်းကို ထောက်ခံကြောင်း၊ နိုင်ငံတော် အနေနဲ့ NCA လက်မှတ်ထိုးခြင်းမရှိတဲ့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့မှန်သမျှ ပြည်ထောင်စုငြိမ်းချမ်းရေး၊ ညီညွတ်ရေးကို မလိုလားတဲ့အဖွဲ့အဖြစ် သတ်မှတ်ပြီး ၎င်းတို့ရရှိထားတဲ့ ပြည်နယ် နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများကို ဖျက်သိမ်းပေးရန်၊ ၎င်း ဒေသရှိ ဒေသခံတိုင်းရင်းသားများ မိမိကိုယ်ကိုယ် ကာကွယ်ရန် တရားဥပဒေနဲ့အညီ ယာယီလက်နက်ကိုင်ဆောင်ခွင့်ဥပဒေ ပြဋ္ဌာန်းပေးရန် စတဲ့ တောင်းဆိုချက်တွေ ပါဝင်ခဲ့ပါတယ်။ တကယ်တော့ ရှမ်းမျိုးနွယ်စုအဖွဲ့ (ရှမ်းနီ)ရဲ့ သဘောထားဟာ ပြည်ခိုင်ဖြိုးပါတီလို တပ်မတော်ရဲ့ သဘောထား ကိုယ်စားပြု ပုံဖော်ပေးနေတဲ့ အမျိုးသားအဖွဲ့အစည်းသဘောမျိုး ဖြစ်နေပါတယ်။ လက်တွေ့မှာလည်း တပ်မတော်က ဦးဆောင်ဖွဲ့စည်းပေး ထားတဲ့ ရှမ်းနီပြည်သူ့စစ်အဖွဲ့ဟာ KIA အဖွဲ့ကို စစ်ဆင်တိုက်ခိုက် ရာမှာ တပ်မတော်နဲ့ ပူးတွဲလှုပ်ရှားနေတဲ့အဖွဲ့လို့ ဆိုကြပါတယ်။ ဒီအဖွဲ့ရဲ့ သဘောထားတွေ ဟာ ငြိမ်းချမ်းရေးအတွက် အကျိုးမဲ့စေရုံ မက အမျိုးသား ပြန်လည်သင့်မြတ်ရေးလုပ်ငန်း စဉ်ကို အန္တရာယ်ပေးမယ့် အမျိုးသားမုန်းတီးရေး၊ အမျိုးသား သွေးကွဲရေး လုပ်ငန်းစဉ်တွေ ဖြစ်ပါတယ်။ ရှမ်းမျိုးနွယ်စုအဖွဲ့ဆို ပေမယ့် ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရော ရှမ်းတိုင်းရင်းသားနိုင်ငံရေးပါတီတွေကပါ လက်မခံနိုင်တဲ့ သဘောထားတွေကို တင်ပြနေတာဖြစ်လို့ ရှမ်းမျိုးနွယ်တွေကို ကိုယ်စားမပြုနိုင်ပါဘူး။
ဒီသဘောထားတွေကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ပိုမိုခက်ခဲရှုပ်ထွေးသွားနိုင်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမို ကရေစီအဖွဲ့ချုပ် (SNLD) အထွေထွေအတွင်းရေးမှူး ဦးစိုင်း ညွန့်လွင်က ပြောကြားရာမှာ ”မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်တာကို ကျွန်တော်တို့ ကန့် ကွက်ပါတယ်။ အထူးသဖြင့် KIA အဖွဲ့ကိုပါ သတ်မှတ်မယ်ဆိုရင် တော့ ငြိမ်းချမ်းရေးဖြစ်စဉ်က ပိုပြီး ခက်ခဲသွားပါလိမ့်မယ်။ ငြိမ်း ချမ်းရေးလိုချင်ရင် အကြမ်းဖက်အဖွဲ့အဖြစ် မသတ်မှတ်ရဘူး။ ကျွန်တော်တို့မကြိုက်ဘူး။ ငြိမ်းချမ်းရေးအောင်မြင်စေချင်တယ် ဆိုရင် ဒါမျိုးတွေ မလုပ်သင့်ဘူး”လို့ ရှင်းပြသွားခဲ့ပါတယ်။
ဒီဇင်ဘာ ၁၁ ရက်မှာတော့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ် စဲရေးစာချုပ် (NCA) မှာ ပါဝင်လက်မှတ်ရေးထိုးထားတဲ့ တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များက ကြေညာချက်တစ်ရပ် ထုတ် ပြန်ခဲ့ပါတယ်။ ဒီကြေညာချက်ထဲမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦး ဆောင်အဖွဲ့ (PPST) လုပ်ငန်းဆောင်ရွက်ချက်တွေကို အဖွဲ့ အစည်းရှစ်ဖွဲ့အနေနဲ့ ဆွေးနွေးညှိနှိုင်းပြီး လက်ရှိနိုင်ငံရေး၊ စစ်ရေး အခြေအနေတွေကို သုံးသပ်လေ့လာဆုံးဖြတ်ခဲ့ကြတယ်။ ဒီ အစည်းအဝေးကနေ ‘မည်သည့်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းနှင့် ခေါင်းဆောင်ကိုမဆို အကြမ်းဖက်အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်အဖြစ် သတ်မှတ်ရန် ဆောင်ရွက်နေမှုမှန်သမျှ ဆန့်ကျင် ကန့်ကွက်ကြောင်း’ ကြေညာခဲ့ပါတယ်။ ‘ဝ’အဖွဲ့ (UWSA) ကလည်း မြောက်ပိုင်းမဟာ မိတ်များအဖွဲ့နဲ့ ပတ်သက်ပြီး နိုင်ငံရေး နည်းလမ်းအရ ဖြေရှင်းဖို့ တိုက်တွန်း ခဲ့ပါတယ်။ နိုင်ငံရေးပြဿ နာကို စစ်ရေးအရ ဖြေရှင်းခဲ့တာ နှစ်ပေါင်း ၆ဝ ကျော်သည့်တိုင် မအောင်မြင်ခဲ့ဘူး။ တကယ်လို့ နိုင်ငံရေးအရ ဆွေးနွေးဖြေရှင်းရင် ‘ဝ’အဖွဲ့အနေနဲ့ အကူ အညီပေးမယ်၊ အကြမ်းဖက်အဖွဲ့အစည်း အဖြစ် သတ်မှတ်မှုကိုတော့ ‘ဝ’အဖွဲ့အနေနဲ့ အပြင်းအထန် ဆန့်ကျင်ကန့်ကွက်ကြောင်း ဖော်ပြခဲ့ပါတယ်။
စစ်မှန်ပြီး တရားမျှတတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်ပေါ် လာရေးအတွက် စစ်ရပ်စဲရန် အသင့်ရှိကြောင်း ဒီဇင်ဘာ ၄ ရက် မှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒီ ကြေညာချက်ထဲမှာ မြန်မာအစိုးရက တစ်နိုင်ငံလုံး အတိုင်း အတာဆောင်သည့် အပစ်အခတ်ရပ်စဲရေးကို ကြေညာပေးရန်၊ မြန်မာ့တပ်မတော်က ထိုးစစ်များရပ်ဆိုင်းပြီး တိုင်းရင်းသား နယ်မြေဒေသများမှ ဆုတ်ခွာပေးရန်၊ လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းစေရန်၊ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး အဖြေရှာရေး နည်းလမ်းများ အမြန်ဆုံးစတင်ရန်၊ တရုတ်-မြန်မာနယ်စပ်ဒေသ အေးချမ်းတည်ငြိမ်ရေးအတွက် တရုတ်နိုင်ငံအနေနဲ့ ကြားဝင် စေ့စပ် ညှိနှိုင်းပေးရန်တို့ ဖြစ်ပါတယ်။
တရုတ်အစိုးရရဲ့ စီစဉ်ပေးမှုအရ ဒီဇင်ဘာလဆန်းပိုင်းက ယူနန်ပြည်နယ် မြို့တော်ကူမင်းမှာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ကော်မရှင်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့ တွေ့ဆုံခဲ့ကြပေမယ့် နိုင်ငံရေးဆွေးနွေးပွဲတော့ ဖြစ်မြောက်အောင်မြင်ခြင်း တော့ မရှိခဲ့ပါဘူး။ ထုံးစံအတိုင်း ငြိမ်းချမ်းရေးကော်မရှင်က တစ်ဖွဲ့ချင်းစီပဲ ခွဲတွေ့ချင်တယ်။ မဟာမိတ်အဖွဲ့ တစ်ဖွဲ့လုံးနဲ့ တွေ့ဆုံလိုတဲ့ သဘောထားမရှိဘူး။ တစ်ဖက်ကလည်း မဟာ မိတ်လေးဖွဲ့လုံးနဲ့ ပူးပေါင်းဆွေးနွေးချင်တယ်။ တစ်ဖွဲ့ချင်း ခွဲပြီး ဆွေးနွေးဖို့တော့ သဘောထားမရှိဘူး။ ဒီလိုဆွေးနွေးပွဲပုံသဏ္ဌာန် ညှိနှိုင်းမရတဲ့ အတွက် ဆွေးနွေးပွဲပျက်သွားခဲ့ရတာလို့ ဆိုပါတယ်။ အမှန်တော့ အခြေအနေ အရပ်ရပ်အောက်မှာ မဆွေးနွေးရင် မကောင်းလို့ လာခဲ့ကြရပေ မယ့် ဆွေးနွေးညှိနှိုင်းလို့ ရနိုင်မယ်မထင်ဘူးဆိုတဲ့အမြင်က ရှိနေ ကြပြီးသားပါ။ ဘာဖြစ်လို့လဲဆိုတော့ အပြန်အလှန် ယုံကြည် မှု မရှိကြလို့ပါ။ ဆွေးနွေးပွဲပုံစံဆိုတာက အရေးကြီး အဆုံးအဖြတ် ကျတဲ့ ကိစ္စမဟုတ်ပါဘူး။ တကယ်တမ်း အပစ်ရပ်လိုတဲ့ ဆန္ဒ၊ ငြိမ်း ချမ်းရေးရယူလိုတဲ့ ဆန္ဒ ရှိ၊ မရှိဆိုတဲ့ သဘောထားသာ အဆုံး အဖြတ်ပေးနိုင်ပါလိမ့်မယ်။
ဒီဇင်ဘာ ၃ ရက် ရန်ကုန်မြို့၊ Orchid Hotel မှာ ကျင်းပတဲ့ ‘အမျိုးသားပြန်လည်သင့်မြတ်ရေး ဘာလဲ၊ ဘယ်လဲ’ ခေါင်းစဉ်နဲ့ DVB Debate ဆွေးနွေးပွဲမှာ NCA လက်မှတ်ထိုးထားတဲ့ ပအိုဝ်းလက်နက်ကိုင်အဖွဲ့ (PNLO) ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက တော့ ”အမျိုးသားပြန်လည်သင့်မြတ်ရေးရဲ့ အဓိကဦးတည်ချက် က ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးပါပဲ။ ဒါကို တိုက်ပွဲတွေနဲ့ ထူထောင်လို့မရဘူး။ နိုင်ငံရေးပြဿ နာကို နိုင်ငံ ရေးနည်းနဲ့ ဖြေရှင်းကြရမယ်။ ဆွေးနွေးပွဲတွေနဲ့ ဖြေရှင်းရမယ်။ အပေးအယူ၊ အလျှော့အတင်းတွေနဲ့ စေ့စပ်ညှိနှိုင်းကြရမှာပဲ။ NCA က တစ်ဆင့် ကျင်းပတဲ့ ၂၁ ရာစု ပင်လုံညီလာခံမှာ စေ့စပ် ဆွေးနွေး ညှိနှိုင်းကြရမယ်။ NCA မှာ၊ ၂၁ ရာစု ပင်လုံညီလာခံမှာ အားလုံးပါဝင်နိုင်အောင် အခင်းအကျင်းတွေ ဖန်တီးပြင်ဆင်ပေး ဖို့ လိုအပ်ပါတယ်။ ဒီလို ဖန်တီးပြင်ဆင်တဲ့နေရာမှာ ပထမဆုံးလို အပ်ချက်ဟာ စစ်ပွဲတွေ ရပ်လိုက်ကြဖို့ပါပဲ။ စစ်ပွဲတွေ ရပ်ဖို့ဆိုတဲ့ နေရာမှာလည်း အင်အားကြီးတဲ့သူက သဘောထားကြီးကြောင်း အရင်ပြဖို့ လိုပါလိမ့်မယ်”လို့ သူ့သဘောထားကို ရှင်းပြသွားခဲ့ပါ တယ်။ ဆွေးနွေးအပြီးမှာ ‘အင်အားကြီးသူများဆိုတာ ဘယ်သူ့ ကို ရည်ညွှန်းပါသလဲ’ လို့ မီဒီယာက မေးမြန်းရာမှာ ဦးခွန်မြင့် ထွန်းက ‘အစိုးရနဲ့ တပ်မတော်ကို ရည်ညွှန်းတာပါ’လို့ ပွင့်ပွင့် လင်းလင်း ဖြေကြားသွားခဲ့ပါတယ်။
နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ အမျိုး သားလက်နက်ကိုင်အဖွဲ့အစည်းတွေက ထိုးစစ်တွေ ရပ်ဆိုင်းဖို့၊ အပစ်အခတ်ရပ်စဲဖို့ ဘယ်လောက်ပဲ တောင်းဆိုနေပါစေ၊ တပ်မ တော်ကတော့ စစ်ဆင်ရေးကြီးတွေကို မြိုင်မြိုင်ဆိုင်ဆိုင် ဆက် လက်ဆင်နွှဲနေဆဲပါပဲ။ ၂ဝ၁၆ နှစ်ကုန်ခါနီးအထိ KIA ဌာနချုပ် လိုင်ဇာစခန်းနဲ့ လိုင်စင်ပို့စ်တို့ရဲ့ အရေးပါတဲ့ ရှေ့တန်းစခန်းဖြစ်တဲ့ ဂီဒွန်နဲ့ လိုင်ဖောင်စခန်းကို ခြေလျင်၊ အမြောက်၊ တင့်ကား၊ လေကြောင်းပစ်ကူတွေနဲ့ အပြင်း အထန် ထိုးစစ်ဆင်တိုက်ခိုက် နေပါတယ်။ ကျောက်မဲမြို့နယ်တစ်ခွင်လုံးမှာလည်း တပ်မ တော်ရဲ့ အနှံ့အပြားထိုးစစ်ဆင်မှု ကြောင့် တအာန်းပလောင် (TNLA)အဖွဲ့နဲ့ နေ့စဉ် လို တိုက်ပွဲတွေ ဖြစ်နေဆဲပါ။
ဒီလို တပ်မတော်က NCA လက်မှတ်မထိုးရသေးတဲ့ မြောက်ပိုင်းမဟာမိတ်တွေရဲ့ နယ်မြေထဲကို တရစပ် ထိုးစစ်ဆင် နေချိန်မှာပဲ UWSA ဌာနချုပ်တည်ရှိရာ ‘ဝ’နယ် ပန်ခမ်းမြို့မှာ NCA လက်မှတ်မထိုးရသေးတဲ့ UNFC ကိုယ်စားလှယ်အဖွဲ့ ရောက်ရှိလာခဲ့ပါ ပြီ။UWSA ဥက္ကဋ္ဌ ဦးပေါက်ယိုချန်းနဲ့ UNFC ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာတို့ရဲ့ ဆွေးနွေး ချက်တွေကို အသေးစိတ် မထုတ်ပြန်ခဲ့ပေမယ့် မြောက်ပိုင်းမဟာ မိတ်နယ်မြေတွေမှာ ဆင်နွှဲနေတဲ့ တပ်မတော်ရဲ့ ထိုးစစ်တွေရဲ့ အနေအထားနဲ့ အလားအလာအပေါ် သုံးသပ်တွက်ဆမှုတွေက အဓိကကျပါလိမ့်မယ်။ တပ်မတော်က စစ်ဆင်ရေးတွေ ဆက်ဆင် နွှဲနေမယ်ဆိုရင် စစ်ခွင်တွေ တိုးတက်များပြားလာနိုင်သလို မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်တွေလည်း ပိုမိုများပြားကျယ်ပြန့် လာနိုင်ခြေ ရှိပါတယ်။
ဒီအနေအထားဟာ ပြည်တွင်းစစ်ရှည်ကြာဦးမယ့် လက္ခဏာနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မအောင်မြင်နိုင်တဲ့ အလား အလာကို ညွှန် ပြနေပါတယ်။ တပ်မတော်ရဲ့ ‘သောင်းကျန်းသူ အမြစ်ဖြတ်ချေမှုန်းရေး’ သဘောထားနဲ့ စစ်ရေးဖိအားအောက် မှာ ပြည်တွင်းစစ် နှစ် ၇ဝ နီးပါး ရှည်ကြာခဲ့သလို အမျိုးသား လက်နက်ကိုင်အဖွဲ့အစည်း ၃ဝ နီးပါး တိုးပွားများလာခဲ့တာကို သင်ခန်းစာယူသင့်ပါပြီ။ စစ်ရဲ့သဘောက ‘လှံထက်ရင် ဒိုင်းထူ၊ ဒိုင်းထူရင် လှံပိုထက်’ ဆိုတာလို မဆုံးနိုင်တဲ့ သံသရာလည် နေမှာပါပဲ။ ဒီသံသရာကို ဖြတ်တောက်နိုင်မှ ပြည်တွင်းစစ်ရပ်စဲပြီး ငြိမ်းချမ်းရေး အောင်ပွဲကို ရယူနိုင်မှာပါ။ ဒုတိယအကျော့ ၂၁ ရာစု ပင်လုံငြိမ်း ချမ်းရေးညီလာခံ ကျင်းပဖို့ တစ်လကျော်သာလို တော့ချိန်မှာ ဗုံး၊ အမြောက်သံတွေ ညံနေဆဲပါပဲ။ ဒီကာလတို လေးအတွင်း အပစ်ရပ်လိုက်ကြပြီး နိုင်ငံရေးဆွေးနွေးဝိုင်းမှာ အားလုံးဝင်ထိုင်ကြဖို့ ကောင်းပါပြီ။ ဒီလိုမှ မဟုတ်ရင် လာမယ့် ၂၁ ရာစု ပင်လုံညီလာခံဆိုတာ အနှစ်အသား ဘာမှမပါတဲ့ ငွေကုန်၊ သံပြာ၊ အဆန်ချောင် ညီလာခံသာ ဖြစ်နေပါလိမ့်မယ်။ ။
၂၀၁၇-ဇန်နဝါရီလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၂)မှ သုံးသပ်ချက် ဖြစ်ပါသည်။
သန်းစိုးနိုင် ရေးသည်။

