ကျိုင်းတုံအလွန်

မော်ကွန်းမဂ္ဂဇင်း အမှတ် ၆၉ မှ သုံးသပ်ချက်ဖြစ်ပါသည်။

သန်းစိုးနိုင်ရေးသည်။

ပြီးခဲ့တဲ့ ဩဂုတ် ၁၅ ရက်က စပြီး ပလောင်တပ်ဖွဲ့  (TNLA)၊ ရခိုင်တပ်ဖွဲ့ (AA)၊ ကိုးကန့်တပ်ဖွဲ့  (MNDAA)စတဲ့ မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့ ဟာ မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ တံတားများကို မိုင်းထောင်ဖောက်ခွဲခြင်း၊ ကားများကို မီးရှို့ဖျက်ဆီးခြင်းဖြင့် မြန်မာ-တရုတ် အဓိကကုန်သွယ်ရေးလမ်းကြောင်းကြီး ပိတ်ဆို့ ပြတ်တောက်သွားအောင် ကြိုးပမ်းခဲ့ကြပါတယ်။ တပ်မတော်ကလည်း ပြည်ထောင်စုလမ်းမကြီး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် နယ်မြေရှင်းလင်းဖို့ ကြိုးစားရင်း မြောက်ပိုင်းတပ်ဖွဲ့တွေနဲ့ နေ့စဉ်ရက်ဆက်ဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိပါတယ်။ ဒီတစ်ကြိမ် တိုက်ပွဲဖြစ်စဉ်တွေရဲ့ ထူးခြားချက်ကတော့ မြောက်ပိုင်းအဖွဲ့တွေဟာ တပ်မတော်ဆိုင်ရာ စစ်ရေးပစ်မှတ်များကိုသာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြရုံမက အရပ်သားပစ်မှတ်တွေဖြစ်တဲ့ လူစီးကား၊ ကိုယ်ပိုင်ကား၊ ကုန်တင်ကားတွေအထိ မီးရှို့ဖျက်ဆီးမှုတွေ တိုးချဲ့လုပ်ဆောင်လာခဲ့ကြပါတယ်။

တိုက်ပွဲတွေဟာ ဩဂုတ် ၃၁ ရက် ကျိုင်းတုံမြို့မှာအစိုးရရဲ့ NRPC နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးနေကြချိန်အထိ အဆက်မပြတ် ဆက်လက်ဖြစ်ပွားနေဆဲပါပဲ။ အဲဒီဆွေးနွေးပွဲနေ့ကဆိုရင် ပြည်ထောင်စုလမ်းမကြီး ပိတ်ဆို့ရေးအတွက် အရပ်သားကားလေးစီးအထိ မြောက်ပိုင်းမဟာမိတ်အဖွဲ့က မီးရှို့ဖျက်ဆီးလိုက်ပါသေးတယ်။

ဒီဖြစ်စဉ်အတွင်းမှာပဲ ကွတ်ခိုင်မြို့ကနေ မူဆယ်ဘက်အထွက် တိုးဂိတ်အနီးရှိ မြော်ဟစ်စုစည်းကျေးရွာက နေအိမ်နှစ်လုံးပေါ်ကို လက်နက်ကြီး ကျရောက်ပြီး ဒေသခံ အရပ်သားငါးဦး သေဆုံးခဲ့ရပါတယ်။ သေဆုံးသူတွေထဲမှာ အမျိုးသမီး သုံးဦး၊ တတိယတန်းကျောင်းသား တစ်ဦး၊ လသားကလေး တစ်ဦး ပါဝင်ခဲ့ပါသေးတယ်။ လူမှုမီဒီယာပေါ်တက်လာတဲ့ ဒီ လသားကလေးငယ်ရဲ့ သွေးစွန်းနေတဲ့အလောင်းကို မြင်လိုက်ရချိန်မှာ တစ်ပြည်လုံး တုန်လှုပ်ချောက်ချား သနားကရုဏာစိတ် ပွားများခဲ့ကြရပါတယ်။

လူထုကို ပစ်မှတ်ထားတဲ့ ဒီတိုက်ပွဲတွေ ချက်ချင်းရပ်ဆိုင်းပစ်ဖို့ ဒေသခံ အရပ်ဘက်အဖွဲ့အစည်း ၄၀ ကျော်က ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီလက်နက်ကြီးကို ဘယ်အဖွဲ့က ပစ်ခတ်လိုက်တယ်ဆိုတာနဲ့ ပတ်သက်လို့တော့ အစိုးရ၊ တပ်မတော်နဲ့ မြောက်ပိုင်းအဖွဲ့တွေ နှစ်ဖက်စလုံးက အသည်းအသန် ငြင်းဆန်ခဲ့ကြပါတယ်။ လူထုရဲ့ အသက်စည်းစိမ်နဲ့ ပတ်သက်လာရင် ဘယ်လက်နက်ကိုင်အဖွဲ့ကမှ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိခဲ့ကြပါဘူး။ စစ်ပွဲရဲ့ဒဏ်ကို ထုံးစံအတိုင်း ပြည်သူ တွေကပဲ ခါးစည်းပြီးခံနေကြရဆဲပါ။

ကျိုင်းတုံဆွေးနွေးပွဲမှာ အစိုးရဘက်က ပြည်ထောင်စုလမ်းမကြီးဘေးကင်းလုံခြုံစွာ သွားလာနိုင်ရေး၊ အရပ်သားများ သေဆုံးမှုရှိနေတဲ့အတွက် လမ်းမကြီးအပါအဝင် ဆက်စပ်နယ်မြေ များမှာ တိုက်ပွဲတွေ ရပ်တန့်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ဆိုပါတယ်။ ဒါပေမဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့က ဒီကိစ္စနဲ့ပတ်သက်လို့ ချက်ချင်းအဖြေမပေးနိုင်ခဲ့ဘဲ သက်ဆိုင်ရာ ခေါင်းဆောင်တွေကို ပြန်လည်တင်ပြပြီးမှ အကြောင်းပြန်မယ်လို့ ဆိုပါတယ်။ တစ်ဖက်က တိုက်ပွဲများ ဖြစ်ပွားနေစဉ်အတွင်း ကျိုင်းတုံမှာ ကျင်းပနေတဲ့ NRPC နဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့တို့အကြား ဆွေးနွေးပွဲဟာ နိုင်ငံရေးအရ တိုးတက်မှု တစ်စုံတစ်ရာရှိတယ်လို့ နှစ်ဖက် ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒါဟာ လုပ်ရိုးလုပ်စဉ် အကောင်းမြင်သဘောထားကို လုပ်ရိုးလုပ်စဉ် ဖော်ပြလိုက်တာဖြစ်ပြီး လက်တွေ့မှာ မည်မည်ရရ ဘာသဘောတူညီချက်မှ ရရှိခဲ့ကြတာ မဟုတ်ပါဘူး။

ပြည်ထောင်စုလမ်းမပေါ်မှာ အပစ်အခတ် အတိုက်အခိုက် ရပ်စဲရေး အစိုးရရဲ့ အဆိုပြုချက်ကို မြောက်ပိုင်းအဖွဲ့က အဖြေမပေးနိုင်ခဲ့ပါဘူး။ စစ်ရှိန်လျှော့ချရေးအတွက်လည်း ဘာကတိ ကဝတ်မျှ မပေးနိုင်ခဲ့ပါဘူး။ ကျိုင်းတုံဆွေးနွေးပွဲမှာ အဓိက ညှိနှိုင်းခဲ့ကြတာ Bilateral Ceasefire Agreement လက်မှတ်ရေးထိုးကြဖို့ပါပဲ။ ဒီမှာလည်း မြောက်ပိုင်းအဖွဲ့တွေက အုပ်စုလိုက် တစ်ပြိုင်တည်း လက်မှတ်ရေးထိုးလိုပြီး တပ်မတော်က တစ်ဖွဲ့ချင်း သီးခြားစီ လက်မှတ်ရေးထိုးလိုတဲ့ ဆန္ဒရှိပုံရပါတယ်။ ပူးတွဲကြေညာချက်အလိုအရတော့ တပ်နေရာချထားရေး၊ တပ်နယ်မြေညှိနှိုင်းသတ်မှတ်ရေး၊ တိုက်ပွဲမဖြစ်ပွားဖို့ စစ်စည်းမျဉ်းစည်းကမ်း သတ်မှတ်ရေးတို့အတွက် တပ်မတော်နဲ့ ဆက်လက်ဆွေးနွေးသွားဖို့ သဘောတူတယ်လို့ ဆိုပါတယ်။ ဆိုရရင် ကျိုင်းတုံဆွေးနွေးပွဲဟာ စက်တင်ဘာ ၁၆ ရက်မှာ Bilateral အပစ်ရပ်စာချုပ် ချုပ်ဆိုနိုင်ရေးအတွက် အကြိုပြင်ဆင်မှုတစ်ရပ်သာဖြစ်တယ် ဆိုတာထက် မပိုပါဘူး။

ဩဂုတ် ၃၁ ရက်ဟာ တပ်မတော်ရဲ့ စစ်တိုင်းနယ်မြေငါးခုမှာ စစ်ရေးလှုပ်ရှားမှုတွေ ရပ်ဆိုင်းပေးခဲ့တာ ရှစ်လတင်းတင်း ပြည့်မြောက်တဲ့နေ့ပါ။ ဒါပေမဲ့ ပြည်ထောင်စုလမ်းမမှာ မြောက် ပိုင်းမဟာမိတ်အဖွဲ့နဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲစဉ်တွေကြောင့် တပ်မတော်အနေနဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရပ်ဆိုင်းပေးတော့မယ် မထင်ဘူးလို့ အကဲခတ်အတော်များများက ယူဆခဲ့ကြပါတယ်။ သို့သော်လည်း ကျိုင်းတုံဆွေးနွေးပွဲ ပြီးဆုံးချိန်မှာတော့ တပ်မ တော်က စက်တင်ဘာ ၂၁ ရက်အထိ စစ်ရေးလှုပ်ရှားမှုတွေရပ်ဆိုင်းဖို့ ဆက်လက်သဘောတူခဲ့ပါတယ်။

ဘာကြောင့် တပ်မတော်က စစ်ရေးလှုပ်ရှားမှုတွေကို ၂၁ ရက် ရပ် ဆိုင်းပေးခဲ့တာလဲ

တပ်မတော်ဘက်က စတင်ပြီး စစ်တိုင်းငါးတိုင်းမှာ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများ ရပ်ဆိုင်းပေးခြင်းကို ၂၀၁၈ ဒီဇင်ဘာ ၂၁ ရက်က အစပြုခဲ့ပါတယ်။ ပထမလေးလစစ်ရပ်စဲရေးကာလပြီး နောက် နှစ်လတစ်ကြိမ် စစ်ရပ်စဲရေးကာလ နှစ်ကြိမ်တိုးပေးခဲ့တဲ့အတွက် ဩဂုတ် ၃၁ ရက်မှာ စစ်ရပ်စဲရေးကာလ ရှစ်လတိတိရှိခဲ့ပါပြီ။ ဒီလို စစ်ရပ်စဲရေးကာလ ရှစ်လကြာခဲ့တဲ့တိုင် Bilateral စာချုပ်ချုပ်ဆိုနိုင်ရေးအတွက် ညှိနှိုင်းနေဆဲ အဆင့်သာ ရှိပါသေးတယ်။ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပမည့်နေရာ၊ ညှိနှိုင်းရွေးချယ်နေရတာနဲ့ အချိန်ကုန်နေပြီး ဘာဆုံးဖြတ်ချက်မှ မည်မည်ရရ မချနိုင်ခဲ့ကြပါဘူး။ လက်တွေ့ဖြစ်လာခဲ့တာကတော့ တပ်မတော်ဘက်က တစ်ဖက်သတ် စစ်ရပ်စဲထားချိန်မှာ မြောက်ပိုင်းအဖွဲ့သုံးဖွဲ့က ပြင်ဦးလွင်ကနေ ကွတ်ခိုင်အထိ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် စခန်းတွေဝင်စီး၊ တံတားတွေမိုင်းခွဲ၊ ကားတွေမီးရှို့၊ လမ်းပိတ်ဆို့ကာ စစ်ရေးပစ်မှတ်သာမက အရပ်သားပစ်မှတ်တွေအထိ အရှိန်မြှင့်တိုက်ခိုက်လာခဲ့ကြပါတယ်။ ဒီဖြစ်ရပ်တွေက တပ်မတော်ကို စစ်ရေးအရ နားရွက်ကိုတံတွေးဆွတ်လိုက်သလို ဖြစ်စေပြီး ဂုဏ်သိက္ခာအရ အတော်ထိခိုက်ကျဆင်းစေခဲ့ပါတယ်။ ဒီအခါ ပါးရိုက်ရင် နားကိုက်ချင်တဲ့စစ်ရေးအရ လက်တုံ့ပြန်မှုတွေ ရှိလာပြီး ရှမ်းမြောက်မှာ စစ်ခွင်တွေကျယ်လာစေနိုင်ပါတယ်။ မြောက်ပိုင်းအဖွဲ့တွေက အပြင်စည်းထွက်ပြီး ပြည်ထောင်စုလမ်းမပေါ်တက်လာရင် တပ်မတော်က အတွင်းစည်းဝင် ထိုးစစ်ဆင်ရင်း ဖြတ်လေးဖြတ် ဗျူဟာ ဆင်လာနိုင်စရာ အကြောင်းရှိပါတယ်။ နောက်ဆုံး တကယ်နစ်နာမှာကတော့ ဒေသခံပြည်သူတွေပဲ ဖြစ် ပါတယ်။

ဒီတစ်ကြိမ် တပ်မတော်က အပစ်ရပ်ကာလကို နှစ်လအထိ တိုးမြှင့်မပေးတော့ဘဲ ၂၁ ရက်သာ ပေးတော့တယ်ဆိုတာ စိတ်ရှည်သည်းခံနိုင်စွမ်း ကုန်ဆုံးနေပြီဆိုတဲ့ သဘောလက္ခဏာ ဖြစ်ပုံရပါတယ်။ အပစ်ရပ်ပေးထားလည်း ငြိမ်းချမ်းရေးညှိနှိုင်းဆွေးနွေးပွဲတွေက ဘာမှတိုးတက်အောင်မြင်မလာခဲ့ပါဘူး။ ပိုဆိုးတာ တပ်မတော်က တစ်ဖက်သတ် အပစ်ရပ်ထားချိန်မှာ မြောက်ပိုင်းအဖွဲ့တွေက ပြည်ထောင်စုလမ်းမတစ်လျှောက် စစ်ရေးပစ်မှတ်၊ အရပ်ပစ်မှတ်အားလုံး ပစ်ခတ်တိုက်ခိုက် ဖျက်ဆီးလာတာပါပဲ။ ဒီအခါ တပ်မတော်ကလည်း သဘာဝကျစွာ ခံစစ်ဗျုဟာကနေ ထိုးစစ်မဟာဗျူဟာကို ပြောင်းလဲဖို့ ဆုံးဖြတ်ပြင်ဆင်နေပြီလို့ ယူဆရပါတယ်။ စက်တင်ဘာ ၁၆-၁၇ ရက် ကျိုင်းတုံမှာ မြောက်ပိုင်းအဖွဲ့ နဲ့ တွေ့ဆုံဆွေးနွေးပွဲကျင်းပဖို့ ကတိကဝတ်ရှိနေလို့သာ အပစ်ရပ်ကာလကို ၂၁ ရက် တိုးပေးလိုက်ပုံရပါတယ်။ ဒီတစ်ကြိမ် ကျိုင်းတုံ ဆွေးနွေးပွဲမှာ Bilateral စာချုပ်လေးတောင် မချုပ်နိုင်ဘူးဆိုရင်တော့ ပွင့်လင်းကာလ ရှမ်းမြောက်ဒေသမှာ ပစ်သံခတ်သံတွေ စီစီညံပြီး ဗုံး၊ အမြောက်သံတွေ ပလူပျံနေတော့မှာ သေချာသလောက်ပါပဲ။

စစ်သဘောအရ ‘ဗုံလုံတစ်လှည့် ငါးပျံတစ်လှည့်’ ဆိုတာ လိုပါပဲ။ စစ်ရေးအရ လက်ဦးမှုရယူပြီးလျှင်တော့ မဆုံးနိုင်တဲ့ တိုက်ပွဲစဉ်တွေ ဆက်လက်ဆင်နွှဲနိုင်ရေးအတွက် စစ်ရှိန်တော့ လျှော့ကြရတာပါပဲ။ စက်တင်ဘာ ၉ ရက်မှာတော့ တအာန်းအဖွဲ့ (TNLA)၊ ကိုးကန့်တပ်ဖွဲ့ (MNDAA) နဲ့ ရခိုင်တပ်ဖွဲ့ (AA) တို့ ပါဝင်တဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ရဲ့ ကြေညာချက်တစ်စောင် ထွက်ပေါ်လာခဲ့ပါပြီ။ မြောက်ပိုင်းသုံးဖွဲ့ဟာ အဲဒီနေ့က စပြီး ရှမ်းပြည်မြောက်ပိုင်းနဲ့ ရခိုင်ပြည်နယ်အတွင်းမှာ တစ်လကြာ အပစ်အခတ်ရပ်ဆိုင်းထားမယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒီတစ်လအတွင်း တပ်မတော်ကို ထိုးစစ်ဆင်တာတွေ လုပ်ဆောင်မှာ မဟုတ်ပေမယ့် တပ်မတော်က စစ်ရေးလှုပ်ရှားတာ၊ တိုက်လေယာဉ်၊ ရဟတ်ယာဉ်တွေနဲ့ လက်နက်ကြီး အမြောက်အမြား ပစ်ခတ်လာရင် တုံ့ပြန်တိုက်ခိုက်သွားမယ်လို့လည်း ဖော်ပြထားပါတယ်။ စစ်ရေးမှာ အစဉ်အမြဲ သည်းသန်ပြင်းထန်နေတာချည်း မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးအလံလွှင့်ပြီး ခေတ္တစစ်နားဖို့ လေချိုသွေးကြတာမျိုးလည်း ရှိတတ်ပါတယ်။

စက်တင်ဘာ ၁၅-၁၆ ရက် ကျိုင်းတုံ ငြိမ်းချမ်းရေးဆွေးနွေးပွဲကတော့ အစိုးရ၊ တပ်မတော်နဲ့ KIA အပါအဝင် မြောက်ပိုင်း လေးဖွဲ့တို့အကြား နိုင်ငံရေးဆွေးနွေးပွဲတွေကတစ်ဆင့် NCA လမ်းကြောင်းပေါ်ကို ဆက်လျှောက်ကြမလား၊ စစ်ဆက်တိုက်ကြမလား ဆိုတာကို ရွေးချယ်ဆုံးဖြတ်ကြရမှာပါ။ ဒီတစ်ကြိမ် ဆွေးနွေးပွဲမှာ Bilateral စာချုပ် လက်မှတ်ရေးထိုးရေးအထိတော့ ယေဘုယျအားဖြင့် အဆင်ပြေနိုင်ပါတယ်။ ဒါပေမဲ့ တပ်တည်နေရာ၊ စစ်ရပ်စဲရေးမျဉ်း၊ စစ်ရေးစည်းမျဉ်းစည်းကမ်း သတ်မှတ်ရေး ကိစ္စမှာတော့ အထူးသဖြင့် ရခိုင်တပ်ဖွဲ့ (AA) နဲ့ အဆင်ပြေနိုင် စရာမရှိလှပါဘူး။ ရခိုင်ပြည်နယ်ကို အဖြူရောင်ဒေသအဖြစ် သဘောထားတဲ့ တပ်မတော်က AA ကို လိုင်ဇာပြန်ပို့လိုတဲ့ ဆန္ဒဟာ လက်တွေ့မကျသလို AA ကလည်း လက်ခံနိုင်မှာ မဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် စစ်ရှိန်တွေ လျှော့ချပြီး ကျိုင်းတုံဆွေးနွေးပွဲ က တစ်ဆင့် NCA လမ်းကြောင်းပေါ်ကို တက်လှမ်းနိုင်အောင် ကြိုးစားကြဖို့ အရေးကြီးနေပါပြီ။


#mawkun #magazine #chronicle #analysis #than_Soe_Naing


 

အမျိုးအစား - သုံးသပ်ချက်

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."