(၂၀၁၅၊ဇွန်လထုတ်၊ေမာ်ကွန်း မဂ္ဂဇင်း အမှတ်(၂၄) မှ အယ်ဒီတာအာဘော်ဖြစ်ပါသည်။)
ရခိုင်ပြည်နယ်တွင် လူမျိုးရေး၊ ဘာသာရေးဆန်သော ပဋိပက္ခဖြစ်ပွားခဲ့သည်မှာ ယခုလဆိုလျှင် သုံးနှစ်ပြည့်ပြီဖြစ်သော်လည်း ထိုသုံးနှစ်တာကာလအတွင်း အစိုးရအနေနှင့် နှစ်ဖက်လူမှုအသိုင်းအဝိုင်းကြား ပြန်လည်သဟဇာတဖြစ်ရေး ဆောင်ရွက် နိုင်ခြင်းမရှိသေးသကဲ့သို့ အိုးမဲ့အိမ်မဲ့များကို ပြန်လည်နေရာချထားရေးနှင့်ပတ်သက်လျှင်လည်း အားရလောက်အောင် ဆောင်ရွက်နိုင်ခြင်းမရှိသေးသည်ကို တွေ့ရသည်။
ထိုအခြင်းအရာကိုကြည့်ပြီး လေ့လာသူတို့က အစိုးရသည် ရခိုင်အရေးအား ပြီးပြတ်သွားအောင် ရှင်းလင်းလိုသည့် ဆန္ဒမရှိဘဲ နိုင်ငံရေးအမြတ်ထုတ်စရာနေရာဒေသတစ်ခုအဖြစ် ဆက်လက်သဘောထားဆဲဖြစ်ကြောင်း ထောက်ပြဝေဖန်ကြ သည်။ ရွေးကောက်ပွဲ ကာလများတွင် ဘင်္ဂါလီများအား မက်လုံးပေးကာ ၎င်းတို့ထံမှ ဆန္ဒမဲရယူခဲ့ဖူးသည့် အတိတ်က ဖြစ်ရပ် များကလည်း အထက်ပါသံသယကို အားကောင်းစေပါသည်။
လောလောဆယ်မြင်တွေ့နေရသည့် အခင်းအကျင်းအရ ယာယီသက်သေခံလက်မှတ် (White Card) များကို သိမ်း ဆည်းကာ နိုင်ငံသားလျှောက်လွှာတင်သူများကို ၁၉၈၂ နိုင်ငံသားဖြစ်ခွင့်ဥပဒေဖြင့် စိစစ်နေသည်ဟုဆိုပါသည်။ ထိုဥပဒေ အရ နိုင်ငံသားဖြစ်ခွင့်မရှိသူများကို မည်သို့ဆောင်ရွက်ရန် စီမံထားပါသနည်း။
မော်ကွန်းက ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံစဉ် ယင်းမေးခွန်းကို မေးမြန်းခဲ့သော်လည်း ရေရာသေချာသော အဖြေ မရရှိခဲ့ပါ။ ”အရေးယူမှာလားဆိုရင်တော့ သူတို့က ခိုးဝင်တာလည်း မဟုတ်ဘူးဆိုတော့ ဒီကြားကာလမှာ နိုင်ငံတကာ ရဲ့ အမြင်၊ ကိုယ်တို့ နိုင်ငံရဲ့ ဥပဒေ၊ ဒါတွေနဲ့ ဆက်စပ်ပြီးတော့ အခြေအနေပေါ်မှာ၊ အနာဂတ်မှာ တစ်ခုခုဖြစ်အောင်တော့ စီမံ သွားရမှာပေါ့”ဟုသာ ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ဖြေကြားသွားခဲ့သည်။
ရခိုင်ပြည်နယ်၏ အနာဂတ်နှင့်ပတ်သက်ပြီး တိကျသေချာသော အစီအစဉ်များမရှိသေးသည့်အချိန်တွင် ယခုရက်ပိုင်း အတွင်း ကပ္ပလီပင်လယ်ပြင်နှင့် မလက္ကာရေလက်ကြားတို့တွင် ကြံ့ခိုင်မှုမရှိသော လှေများဖြင့်မျောပါနေကြသည့် ဒုက္ခသည် များကိစ္စ ပေါ်ပေါက်လာပြန်သည်။ ထုံးစံအတိုင်း ယင်းတို့မှာ မြန်မာနိုင်ငံမှ ထွက်ပြေးကြသူများဖြစ်သည်ဟု နိုင်ငံတကာက လွယ်ကူစွာပင် လက်ညှိုးထိုးကြသည်။
ဒေသတွင်းနိုင်ငံများသို့ အခြေချနိုင်ရေး လှေများဖြင့် ထွက်ပြေးကြသည့်ပြဿဿ နာကိုလူကုန်ကူးမှုပြဿ နာအဖြစ်ရှုမြင်ကြောင်းနှင့် ထွက်ပြေးသူများအနေနှင့် ၎င်းတို့သည် မြန်မာနိုင်ငံမှထွက်ပြေးလာသည်ဟုပြောလျှင် နိုင်ငံတကာထံမှ အကူအညီများ လွယ်လွယ် ကူကူနှင့် ရရှိသည့်အတွက် ထိုသို့ပြောနေကြခြင်းဖြစ်ပြီး အတိတ်ကဖြစ်စဉ်များအရ မိမိတို့ဒေသ၊ ရွာနှင့် အမျိုးအမည်များကို မှန်ကန်အောင် မပြောနိုင်ကြကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က မီဒီယာများကို ဖြေကြားထားသည်။
ယခုဖြစ်စဉ်က မီးမောင်းထိုးပြသည်မှာ ရခိုင်အရေးနှင့်ပတ်သက်ပြီး ထိရောက်သောကိုင်တွယ်ဖြေရှင်းမှုများမလုပ် နိုင်သေးသမျှ ကာလပတ်လုံး ယင်းအချက်ကို ကိုင်ပြီး နိုင်ငံတကာမှ ဝေဖန်သူများက မြန်မာအစိုးရအားဆက်လက်ဖိအားပေး၊ ဝေဖန်ထောက်ပြ နေကြလိမ့်ဦးမည်ဆိုသောအချက်ပင်ဖြစ်သည်။ ယင်းသို့ဝေဖန်ခံရလေ နိုင်ငံ၏ ပုံရိပ်ကို ထိခိုက်လေဖြစ်ရာ မြန်မာအစိုးရအနေနှင့် အများလက်ခံနိုင်သည့်ပုံစံမျိုးဖြင့် ရခိုင်အရေးအား အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းလိုက်သင့်ပြီဖြစ် ကြောင်း ကျွနု်ပ်တို့ မော်ကွန်းက တိုက်တွန်းအပ်ပါသည်။
မော်ကွန်းအယ်ဒီတာအဖွဲ့
(editors@mawkun.com)

