ဓာတ်ပုံ- ဇေယျာလှိုင်/မော်ကွန်းမဂ္ဂဇင်း
ဦးဖရေးရယ်တို့ကျေးရွာမှာ မြေယာအငြင်းပွားမှု တွေ ဖြစ်လာတဲ့အခါ ရိုးရာဓလေ့ထုံးတမ်းမြေယာ ကော်မတီလူကြီးတွေ ရှေ့ မှောက်မှာ မျက်နှာစုံညီ ဖြေရှင်းလေ့ရှိခဲ့ကြတယ်။ ဓလေ့ထုံးတမ်း စည်းမျဉ်း စည်းကမ်းတွေနဲ့အညီ ဖြေရှင်းပေးလို့ ပြေလည်မှု ရသွားကြတဲ့အခါ သဘောတူညီချက်ကို စာရွက် ပေါ်ချရေးပြီး နှစ်ဖက် လက်မှတ်ထိုး အတည်ပြုပေး လိုက်တယ်ဆိုရင်ပဲ ပြဿ နာက ပြေလည်သွားတတ် ပါတယ်။
သူနေထိုင်တဲ့ ဒေါကူးခူကျေးရွာဟာ ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ ထီပေါဆိုကျေးရွာအုပ်စုမှာ ရှိတာပါ။ ဒီလို စီမံခန့် ခွဲအုပ်ချုပ်တဲ့စနစ်ဟာ ဘိုးဘွားမိဘလက်ထက်ကတည်းက ကျင့်သုံးခဲ့တာဖြစ်ပြီး တစ်ဦးအပေါ်တစ်ဦး လူမှုဆက်ဆံရေးမပျက် သလို စည်းလုံးညီညွတ်မှုကိုလည်း ထိခိုက်တာမျိုးမဖြစ်ဘူးလို့ သမ္မတဦးသိန်းစိန်လက်ထက်မှာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တာဝန်ထမ်းဆောင်ခဲ့ဖူးသလို ကျေးရွာရိုးရာဓလေ့ထုံးတမ်း မြေ ယာကော်မတီအဖွဲ့ဝင်လည်းဖြစ်တဲ့ ကရင်နီ(ကယား)တိုင်းရင်း သား ဦးဖရေးရယ်က ရှင်းပြပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့ လေးနှစ်ကျော်၊ ၂ဝ၁၂ လယ်ယာမြေဥပဒေ ကို စတင်ကျင့်သုံးတဲ့အချိန်မှာတော့ သူတို့ရွာမှာ ရပ်ကျော်ရွာ ကျော် မြေယာအငြင်းပွားမှု ပေါ်ပေါက်လာပါတော့တယ်။ မိဘ အမွေအနှစ် မြေယာတွေကို မောင်နှမလေးယောက် အတူတကွ လုပ်ကိုင်နေရာကနေ လယ်ယာမြေဥပဒေသစ်အရ မြေယာမှတ်ပုံ တင်စီမံချက် လာရောက်လုပ်ပေးချိန်မှာ မိဘအမွေအနှစ် လယ် ယာမြေအားလုံးကို အစ်ကိုအကြီးဆုံးဖြစ်သူက သူ့နာမည်နဲ့ မှတ် ပုံတင်ခဲ့ပါတယ်။ ဒါကြောင့် ဥပဒေအရ မြေအားလုံးကို သူတစ်ဦး တည်းအမည်နဲ့ လုပ်ပိုင်ခွင့်ရရှိသွားပြီး ကျန်တဲ့ မောင်နှမတွေရဲ့ မြေယာပိုင်ဆိုင်ခွင့်ကို အချိုးကျခွဲဝေပေးဖို့ ငြင်းဆန်ပါတော့တယ်။
သူတို့ရဲ့ရိုးရာဓလေ့ထုံးတမ်းဥပဒေအရဆိုရင် မိဘအမွေ အနှစ်ကို သားသမီးအားလုံးက အညီအမျှ ခွဲဝေယူကြဖို့ သတ်မှတ် ထားပါတယ်။ ဒါပေမဲ့ ဓလေ့ထုံးတမ်းအရ အခြား မောင်နှမတွေရဲ့ ရပိုင်ခွင့်ကို အစ်ကိုအကြီးဆုံးက ငြင်းဆန်နေတဲ့အခါ လယ်ယာ မြေဥပဒေသစ်အရ အမည်ပေါက် ရထားတဲ့ ရွာရဲ့ ထုံးတမ်းဓလေ့နဲ့ အစိုးရဥပဒေတွေ ထိပ်တိုက်တွေ့နေတဲ့ အငြင်းပွားမှုအဖြစ် ရွာမှာ နာမည်ကြီးသွားပါတယ်။
အစိုးရဥပဒေသစ်အရ မြေယာအမည်ပေါက်သွားတဲ့သူက မြေယာကို တရားဝင်ပိုင်ဆိုင်ပေမယ့် ဓလေ့ထုံးတမ်းဥပဒေ အမြင်အရဆိုရင် ”တရားမျှတမှု မရှိတဲ့၊ ကြီးနိုင်ငယ်ညှဉ်းလုပ်ရပ် ဖြစ်သွားပြီ”လို့ လယ်ယာမြေဥပဒေသစ်အရ ဖွဲ့စည်းထားတဲ့ ကျေးရွာအုပ်စု မြေယာစီမံခန့်ခွဲမှုကော်မတီမှာ လယ်သမားကိုယ် စားလှယ်အဖြစ်လည်း ပါဝင်တဲ့ ဦးဖရေးရယ်က မှတ်ချက်ပေးပါ တယ်။ ကျေးရွာခြောက်ရွာပါဝင်တဲ့ ထီပေါဆိုကျေးရွာအုပ်စုတစ် စုလုံးမှာ ၂ဝ၁၂ နောက်ပိုင်း ဖြေရှင်းလို့မရသေးတဲ့ မြေယာအမှု ၂၅ ခုလောက်ရှိလာတယ်လို့ သူကပြောပါတယ်။
ရိုးရာဓလေ့ထုံးတမ်းမြေယာစနစ် ကျင့်သုံးမှုတွေကို ဥပဒေ အရ အသိအမှတ်ပြု ကာကွယ်ပေးတာမျိုး မရှိသေးတာကြောင့် တိုင်းရင်းသား လူမျိုးစုဒေသတွေရဲ့ ရိုးရာဓလေ့ဥပဒေဖြေရှင်းမှု တွေနဲ့ အစိုးရရဲ့ ဥပဒေသစ်တွေအကြား အငြင်းပွားဖွယ်ရာတွေ ဖြစ်ပြီး ပြဿ နာတွေမပြေမလည်ဖြစ်လာတယ်လို့ မြေယာအခွင့် အရေး ကူညီဆောင်ရွက်နေသူတွေက ပြောပါတယ်။ ဒါ့အပြင် မြေယာတွေကို အစိုးရမြေအဖြစ် လွယ်လွယ်သတ်မှတ်ခံရတာ၊ ပုဂ္ဂလိကကုမ္ပဏီတွေရဲ့ စီမံကိန်းတွေအတွက် သိမ်းယူခံရတာတွေ လည်း ကြုံတွေ့လာရတယ်လို့ ဆိုကြပါတယ်။
၂ဝ၁၂လယ်ယာမြေဥပဒေမှာ တိုင်းရင်းသားတွေရဲ့ ရိုးရာ ဓလေ့ထုံးတမ်းအရ စီမံခန့်ခွဲအုပ်ချုပ်တဲ့ မြေယာလုပ်ပိုင်ခွင့်ကို အကာအကွယ်ပေးတဲ့ ဥပဒေပြဋ္ဌာန်းချက်အဖြစ် ”ဘာမှထည့် မထားဘူး” လို့ မြေယာမဏ္ဍိုင်အဖွဲ့(Land Core Group )မှ ဒါရိုက်တာ ဦးရွှေသိန်းက ဆိုပါတယ်။ သူတို့အဖွဲ့ဟာဌာနေ တိုင်း ရင်းသားတွေရဲ့ ရိုးရာဓလေ့ထုံးတမ်းအရ စီမံခန့်ခွဲအုပ်ချုပ်တဲ့ မြေ ယာလုပ်ပိုင်ခွင့် အခွင့်အရေးအတွက် သုတေသနလုပ်ဆောင်တာ၊ အခွင့်အရေးတောင်းဆိုတာတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့ပါ။
ဒါ့အပြင် မြေယာစီမံခန့်ခွဲအုပ်ချုပ်မှုနဲ့သက်ဆိုင်တဲ့ မြေ လွတ်၊ မြေလပ်နှင့်မြေရိုင်းဥပဒေ၊ သစ်တောဥပဒေနဲ့ ရင်းနှီးမြှုပ်နှံ မှုဆိုင်ရာ ဥပဒေတွေမှာလည်း ရိုးရာဓလေ့ထုံးတမ်းမြေယာတွေကို ဥပဒေအရ လုံလောက်စွာအကာအကွယ်ပေးထားတာမျိုး မရှိ ဘူးလို့ သူကပြောပါတယ်။
မြေယာဥပဒေအသစ်တွေအရဆိုရင် တိုင်းရင်းသားလူမျိုး စုတွေရဲ့ ရိုးရာဓလေ့ထုံးတမ်းစီမံခန့်ခွဲမှုစနစ်တွေနဲ့ စိုက်ပျိုးထိန်းသိမ်းနေတဲ့မြေယာတွေဟာ အစိုးရမြေစာရင်းမှာ မြေလွတ်၊ မြေ လပ်၊ မြေရိုင်းတွေအဖြစ် သတ်မှတ်ခံနေကြရတယ်လို့ ဌာနေတိုင်း ရင်းသားတွေရဲ့ မြေယာအခွင့်အရေးကို ကူညီဆောင်ရွက်ပေးနေ သူတွေက ပြောပြပါတယ်။
”အစိုးရဥပဒေမှာက အနိုင်နဲ့ အရှုံးကိုပဲ ဦးစားပေးတယ်။ လူမှုရေးဆိုတာကို နားလည်လက်ခံပေးတာ၊ ထည့်သွင်းစဉ်းစား တာမရှိဘူး။ ဓလေ့ထုံးတမ်းစီမံခန့်ခွဲမှုတွေနဲ့ ကွာခြားတဲ့ အဓိက အချက်က အဲဒါပဲ”လို့ ဦးဖရေးရယ်က မှတ်ချက်ပြုပါတယ်။
”ဓလေ့ထုံးတမ်းစီမံခန့်ခွဲမှုပုံစံအရ ဘယ်လောက်ပဲ တစ် ဖက်လူက မှန်ကန်နေပါစေ၊ လက်ရှိအစိုးရဥပဒေနဲ့ မကိုက်ညီဘူး ဆိုရင် (တရားရုံးမှာ)အရေးနိမ့်သွားရတာပါပဲ”လို့ ဦးဖရေးရယ် က ပြောတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် တွေ့ရသော လယ်သမားသားအဖနှစ်ဦး ။ ဓာတ်ပုံ-ဇေယျာလှိုင်/မော်ကွန်းမဂ္ဂဇင်း
ရိုးရာဓလေ့ဆိုတာ
ရိုးရာဓလေ့ထုံးတမ်းမြေယာဥပဒေဆိုတာ ကျေးရွာပိုင် နက်တစ်ခု၊ ဒေသတစ်ခုမှာရှိတဲ့ သစ်တော၊ ရေထွက် ချောင်း/ မြောင်း၊ စိုက်ပျိုးမြေ၊ ရွာမြေ စတာတွေကို ရပ်ရွာစည်းလုံးညီ ညွတ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ သဘာဝသယံဇာတထိန်းသိမ်း ရေး ရည်ရွယ်ချက်တွေနဲ့ ခွဲဝေသုံးစွဲဖို့၊ စီမံခန့်ခွဲထိန်းသိမ်းဖို့ တိုင်း ရင်းသားလူမျိုးစုတွေ ကျင့်သုံးတဲ့ စနစ်တစ်ခုဖြစ်တယ်လို့ တိုင်း ရင်းသားလူမျိုးများလူထုဖွံ့ဖြိုးရေးဆုံရပ် (ECDF – Ethnic Community Development Forum) အဖွဲ့က ‘ကျွနု်ပ်တို့၏ ဓလေ့ထုံးတမ်းမြေယာ- လူထုကို အခြေခံသည့် ရေရှည်တည်တံ့ ခိုင်မြဲသော သဘာဝအရင်းမြစ်စီမံခန့်ခွဲမှု’အမည်နဲ့ ၂ဝ၁၆ ဇန် နဝါရီမှာ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ECDF ကဒီအစီရင်ခံစာအတွက် ရခိုင်ပြည်နယ်ကလွဲလို့ အခြားပြည်နယ်ခြောက်ခုမှ မတူညီတဲ့ တိုင်းရင်းသားလူမျိုးစု ခုနစ်ခုရဲ့ ဓလေ့ထုံးတမ်းဥပဒေတွေကို သုတေသနလုပ်ဆောင်ခဲ့ တာ ဖြစ်ပါတယ်။ လုံခြုံရေးအရ သုတေသနပြုလုပ်ဖို့ အဆင်မပြေ တာကြောင့် ရခိုင်ပြည်နယ်ကို ချန်လှပ်ထားခဲ့ရတာဖြစ်တယ်လို့ ECDF ရဲ့ပြောရေးဆိုခွင့်ရှိသူ မိခမွန်က ရှင်းပြပါတယ်။
ရိုးရာဓလေ့ထုံးတမ်းဥပဒေတွေက တိုင်းရင်းသားလူမျိုးစုတစ်ခုစီရဲ့ နောက်ခံသမိုင်းကြောင်းတွေ၊လူမျိုးစုရဲ့တန်ဖိုးတွေနဲ့ ယဉ်ကျေးမှုအမှတ်လက္ခဏာတွေကို ထင်ဟပ်ဖော်ပြတဲ့စနစ် တစ်ခုအဖြစ် တွေ့ရှိရတယ်လို့ ၎င်းအစီရင်ခံစာမှာ ဖော်ပြထားတယ်။
မြန်မာနိုင်ငံက တိုင်းရင်းသားလူမျိုးစုတိုင်းမှာ သူတို့ရဲ့ မြေ ယာနဲ့ သဘာဝသယံဇာတတွေကို ထိန်းသိမ်းဖို့ ချမှတ်ထားတဲ့ ဒီလိုစနစ်တွေဟာ ရှေးပဝေသဏီတည်းကရှိခဲ့တာလို့ ဌာနေတိုင်း ရင်းသားအရေး သုတေသနပြုလုပ်နေသူတွေနဲ့ ဒေသခံတိုင်းရင်း သားတွေက ပြောပါတယ်။
ဓလေ့ထုံးတမ်းဥပဒေနဲ့ အကောင်အထည်ဖော်တဲ့ကိစ္စတွေ မှာ အောက်ကနေအထက်ကို သွားတဲ့နည်းနာနဲ့ ရပ်ရွာလူထုအား လုံး ပူးပေါင်းပါဝင်ဆုံးဖြတ်တဲ့နည်းနာကို အသုံးပြုတယ်လို့ အစီ ရင်ခံစာမှာ ဖော်ပြထားပါတယ်။
အုပ်ချုပ်မှုစီမံခန့်ခွဲတဲ့စနစ်မှာရှိသင့်တဲ့ အများလက်ခံတဲ့ ဦးဆောင်ကော်မတီဖွဲ့စည်းတာ၊ ကော်မတီဝင်တွေကို မဲဆန္ဒနဲ့ ရွေးချယ်တာ၊ ပြဿ နာတွေကို ဖြေရှင်းမယ့်နည်းနာနဲ့ လုပ်ထုံး လုပ်နည်းတွေရှိတာ၊ အများဆန္ဒခံယူပြီး အမှုအခင်းတွေ ဖြေရှင်း တာကို ရိုးရာဓလေ့ထုံးတမ်းစနစ်ထဲမှာ ထည့်သွင်းသတ်မှတ်ထား ကြတယ်လို့ ECDF ရဲ့ သုတေသန အစီရင်ခံစာမှာ ဖော်ပြတယ်။
ဓလေ့ထုံးတမ်းဥပဒေတွေရဲ့ အရေးကြီးတဲ့ သွင်ပြင် လက္ခဏာဟာ ပြောင်းလဲနေတဲ့ လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု တွေနဲ့ လိုက်လျောညီထွေ ပြောင်းလဲပြဋ္ဌာန်းနိုင်စွမ်းရှိတာနဲ့ ဒေသခံတွေအတွက် လက်လှမ်းမီ အသုံးချနိုင်မှုတွေဖြစ်တယ်လို့ ECDF ရဲ့ အစီရင်ခံစာက ဆိုပါတယ်။
၂ဝ၁၂ လယ်ယာမြေဥပဒေကို ဒေသခံတွေက သေချာနား မလည်ကြသလို မြေယာမှတ်ပုံမတင်ရင် မြေလွတ်၊ မြေရိုင်းစာ ရင်းဝင်သွားမယ်ဆိုတဲ့ သတင်းစကားတွေကြောင့်သာ ဥပဒေ အရ မှတ်ပုံတင်ခဲ့ကြတာလို့ ဦးဖရေးရယ်က ရှင်းပြတယ်။
သက်ဆိုင်ရာကလာရောက်ပြီး စီမံချက်ကာလအဖြစ် လုပ် ဆောင်ပေးသွားတာကြောင့် လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ် ပုံစံ ၇ နဲ့ လယ်ယာမြေ ဦးပိုင်မြေပုံလက်မှတ် ပုံစံ ၁ဝ၅ တို့ကို ကိုင်ဆောင်ထားကြပေမယ့် အဲဒီလက်မှတ်တွေဟာ ဘာကိုဆိုလို သလဲဆိုတာကို ဂဃနဏ မသိကြဘူးလို့ ဦးဖရေးရယ်က ရှင်း ပြတယ်။
”အစိုးရဥပဒေက မကောင်းဘူးလို့ပြောတာထက် ကျွန် တော်တို့ တိုင်းရင်းသားတွေအတွက်တော့ အကျိုးဖြစ်ထွန်းတာ ထက် ပျက်စီးတာက ပိုများတယ်ဆိုတာကို ပြောချင်တာပါ”လို့ သူက ဆိုပါတယ်။
ရိုးရာဓလေ့ထုံးတမ်းမြေယာစနစ်ကျင့်သုံးမှုနဲ့ ပတ်သက် ရင် အစိုးရမှာ တိကျတဲ့ စာရင်းဇယား ကောက်ယူထားမှုမျိုး မရှိ ဘူးလို့ ဌာနေတိုင်းရင်းသားတွေရဲ့ မြေယာအခွင့်အရေး ကူညီ ဆောင်ရွက်နေသူတွေက ဆိုပါတယ်။
ခိုင်မာခဲ့တဲ့ ရိုးရာဓလေ့ထုံးတမ်း
ကုန်းမြင့်ဒေသတွေမှာနေထိုင်ကြတဲ့ တိုင်းရင်းသားတွေ ဟာ မြေယာစီမံခန့်ခွဲတဲ့စနစ်ကို ဓလေ့ထုံးတမ်းဥပဒေတွေအရ ကျင့်သုံးနေကြတယ်လို့ စားနပ်ရိက္ခာဖူလုံမှုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Food Security Working Group –FSWG) ရဲ့’တောင်တန်းဒေသ မြေယာလုပ်ကိုင်ခွင့် လုံခြုံစိတ်ချရမှု အခြေ အနေကို ခြုံငုံသုံးသပ်ခြင်း’ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ပင်လယ်ရေမျက်နှာပြင်အထက်ပေ တစ်ထောင်ကျော်ရှိတဲ့ ကုန်းမြင့်ဒေသဟာ နိုင်ငံတစ်ခုလုံးမှာရှိတဲ့ မြို့နယ်အားလုံးရဲ့ ၆၆ ရာခိုင်နှုန်း လွှမ်းခြုံနေပြီး ကချင်၊ ကယား၊ ကရင်၊ ချင်းနဲ့ ရှမ်း စတဲ့ တိုင်းရင်းသား အများစုအပါအဝင် နိုင်ငံလူဦးရေရဲ့ ၄၂ ရာခိုင်နှုန်း နေထိုင်နေကြတယ်လို့ ၂ဝ၁၁ က ထုတ်ပြန်ခဲ့တဲ့ ဒီအစီရင်ခံစာက ဆိုပါတယ်။
လူဦးရေ ၅၁ သန်းကျော်ရဲ့ အနည်းဆုံး ငါးပုံတစ်ပုံလောက် ဟာ တောင်တန်းဒေသတွေမှာ နေထိုင်ကြတဲ့ တိုင်းရင်းသား လူ မျိုးစုတွေဖြစ်ကြတယ်လို့ အကြမ်းဖျင်းတွက်ယူရင်တောင် ဓလေ့ ထုံးတမ်းနဲ့ မြေယာလုပ်ပိုင်ခွင့် စီမံခန့်ခွဲတဲ့စနစ်ဟာ နိုင်ငံလူဦးရေ ရဲ့ ၂ဝ ရာခိုင်နှုန်းလောက်ကို လွှမ်းခြုံဆက်နွှယ်မှုရှိတယ်လို့ ဦးရွှေ သိန်းက ခန့်မှန်းတွက်ချက်ပြတယ်။
အင်္ဂလိပ်ကိုလိုနီခေတ်ဥပဒေတွေမှာ တောင်တန်းဒေသ တွေက တိုင်းရင်းသားတွေရဲ့ ရိုးရာဓလေ့ထုံးတမ်းအရ မြေယာ စီမံခန့်ခွဲတဲ့စနစ်ကို ဥပဒေအရ အသိအမှတ်ပြုခဲ့ပါတယ်။ ၁၈၈၉ အထက်မြန်မာပြည် မြေနှင့်အခွန်တော် လက်စွဲဥပဒေနဲ့ အောက် မြန်မာပြည်မြေနှင့် အခွန်တော်လက်စွဲဥပဒေတွေမှာ ပြဋ္ဌာန်း အကာအကွယ်ပေးခဲ့တာပါ။
ဒါပေမဲ့ ၁၉၅၃ မှာ ပြဋ္ဌာန်းလိုက်တဲ့ လယ်ယာမြေနိုင်ငံပိုင် ပြုလုပ်ရေးဥပဒေဟာ တောင်တန်းဒေသမှာရှိတဲ့ တိုင်းရင်းသား လူမျိုးစုတွေရဲ့ ရွှေ့ပြောင်းတောင်ယာစနစ်ကျင့်သုံးတဲ့ မြေယာ တွေရဲ့ တရားဝင်မှုအခြေအနေကို ဆိတ်သုဉ်းသွားစေတဲ့ ပထမ ဆုံး အကြောင်းရင်းတစ်ခုဖြစ်တယ်လို့ မြေယာအခွင့်အရေး ကူ ညီဆောင်ရွက်ပေးနေသူတွေက သုံးသပ်ပါတယ်။
”ကိုလိုနီခေတ်မှာ အင်္ဂလိပ်ကတောင်၊ ဥပမာ- ချင်းအက် (Chin Act) လိုမျိုးတွေနဲ့ အသိအမှတ်ပြု လက်မှတ်တွေကို ဓလေ့ထုံးတမ်းမြေယာလုပ်ပိုင်ခွင့်တွေအတွက် အသိအမှတ်ပြုခဲ့ တာရှိတယ်။ အခု ခေတ်ပြောင်းလာတဲ့နောက်ပိုင်းမှာတော့ ဗမာ ဥပဒေတွေထဲမှာ တစ်ခုမှ (တိုင်းရင်းသား) ဓလေ့ထုံးတမ်းမြေယာ တွေကို အသိအမှတ်ပြု အကာကွယ်ပေးတာမရှိသေးဘူး”လို့ ဦးရွှေသိန်းက ဥပမာပေးတယ်။
ချင်းအက်ဆိုတာ အင်္ဂလိပ်ကိုလိုနီလက်အောက်ကို မြန်မာ နိုင်ငံကျရောက်ခဲ့စဉ်တုန်းက တောင်တန်းဒေသက ဓလေ့ထုံး တမ်း ကျင့်သုံးကြတဲ့ တိုင်းရင်းသားတွေအတွက် အင်္ဂလိပ်အစိုးရ က အသိအမှတ်ပြုပေးတဲ့ ဒေသန္တရ ဥပဒေတစ်မျိုး ဖြစ်ပါတယ်။ ချင်းတိုင်းရင်းသားတွေမှမဟုတ်ပါဘူး။ အခြား ကချင်၊ ကယား၊ မှာလည်း သူတို့ရဲ့ ဓလေ့ထုံးတမ်းတွေနဲ့အညီ မြေ၊ ရေ နဲ့ သဘာဝ သယံဇာတတွေကို ကိုယ်တိုင်စီမံခန့်ခွဲဖို့ အသိအမှတ် ပြုခဲ့တဲ့ အထောက်အထားတွေ ရှိကြောင်း ဌာနေ တိုင်းရင်းသားတွေရဲ့ မြေယာအခွင့်အရေး ကူညီ ဆောင်ရွက်ပေးသူတွေက ပြောတယ်။
တကယ်တော့ မြန်မာ နိုင်ငံဟာ ဌာနေတိုင်းရင်းသား တွေရဲ့ အခွင့်အရေးနဲ့ ပတ် သက်ရင် အကာအကွယ်ပေးဖို့ အပြည်ပြည်ဆိုင်ရာ ကြေညာစာ တမ်းတွေကို လက်မှတ်ထိုးစာချုပ် ချုပ်ဆိုထားတာတွေ ရှိ ပါတယ်။
ဒီအထဲမှာ ထင်ရှားတာကတော့ ကုလသမဂ္ဂဌာနေ တိုင်း ရင်းသားများ အခွင့်အရေးဆိုင်ရာ ကြေညာစာတမ်း (United Nations Declaration on the Rights of Indigenous People – UNDRIP) ကမ္ဘာ့စားနပ်ရိက္ခာဖူလုံးရေးအဖွဲ့ (Food and Agriculture Organization – FAO) ရဲ့အမျိုးသားစားနပ် ရိက္ခာလုံခြုံစိတ်ချရေးဆိုင်ရာ မြေယာ၊ သားငါးနှင့် သစ်တောများ လုပ်ပိုင်ခွင့်အား စီရင်အုပ်ချုပ်ခြင်းအတွက် လိုက်နာရမည့် လမ်း ညွှန်ချက် (Voluntary Guidelines on the Responsible Governance of Tenure of Land, Fisheries and Peoples –VGGT) တွေဖြစ်ပါတယ်။
မြန်မာအစိုးရအနေနဲ့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်တာ ကြောင့် UNDRIP ကို လေးစားလိုက်နာဖို့ တာဝန်ရှိသလို FAO ရဲ့ VGGT ကိုလည်း ၂ဝ၁၂ မှာ ပထမဆုံး ထောက်ခံလက်မှတ် ရေးထိုးတဲ့ ခုနစ်နိုင်ငံအနက် ပါဝင်ပါတယ်။
ကယားပြည်နယ်လူ့အခွင့်အရေးနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အခွင့်အရေးလှုပ်ရှားဆောင်ရွက်မှုကွန်ရက် (Kayah Earthrights Action Network – KEAN)က ညှိနှိုင်းရေးမှူး ဦးအယ်ဆေးက ”နိုင်ငံတကာ သဘောတူညီချက်တွေကို လက် မှတ်မထိုးဘူးလားဆိုတော့ (အစိုးရက) ထိုးတယ်။ အကောင် အထည်ဖော်မှုကျတော့ အားနည်းလွန်းတယ်။ အားနည်းတဲ့ အတွက် ဒေသခံပြည်သူတွေကို အကာကွယ်ပေးနိုင်မှုအပိုင်းက မရှိသလောက်ပဲ”လို့ ထောက်ပြပါတယ်။
”လက်မှတ်ထိုးတဲ့အတွက် နိုင်ငံတကာမှာတော့ အစိုးရ အနေနဲ့ မျက်နှာပန်းလှတယ်။ နိုင်ငံတွင်းမှာတော့ ဘာမှ အကျိုး ဖြစ်ထွန်းမှုမရှိသေးဘူး”လို့ သူက ဝေဖန်ပါတယ်။
အဲဒီလို တိုင်းရင်းသားရိုးရာဓလေ့ထုံးတမ်း မြေယာ စီမံ ခန့်ခွဲမှုဥပဒေတွေကို အစိုးရက အကာအကွယ်ပေးမထားတာ ကြောင့်လည်း တိုင်းရင်းသားလူမျိုးစုတွေအနေနဲ့ သူတို့ ပိုင်ဆိုင် ထားတဲ့ မြေယာတွေအတွက် စိုးရိမ်မှုတွေ ရှိနေရတယ်လို့ တွေ့ဆုံ မေးမြန်းခဲ့တဲ့ ဒေသခံတွေက ပြောကြတယ်။
လွိုင်ကော်-ဒီမောဆို ကားလမ်းမဘေးတွင် တွေ့ရသော သချုႋင်း ။ ဓာတ်ပုံ- ကျော်ဇေယျ/မော်ကွန်းမဂ္ဂဇင်း
ဒေသခံတွေရဲ့ စိုးရိမ်မှု
ကယားပြည်နယ်၊ ဒီမောဆိုမြို့နယ်၊ဒေါကလောဒူကျေးရွာအုပ်စုဟာ ကယားပြည်နယ်မှာ သဘာဝခရီးသွားလုပ်ငန်းနဲ့ နာ မည်ကြီးတဲ့ ဒေသတစ်ခုပါ။ လွိုင်ကော်မြို့ကနေ ဆိုင်ကယ်နဲ့ သွား မယ်ဆိုရင် နာရီဝက်လောက်သွားရင် ဒီဒေသကို ရောက်ပါတယ်။ အဲဒီမှာ နေထိုင်တဲ့ ကရင်နီတိုင်းရင်းသားတွေရဲ့ အဓိက အသက် မွေးဝမ်းကျောင်းလုပ်ငန်းက တောင်ယာစိုက်ပျိုးရေးနဲ့ လယ်ယာ စိုက်ပျိုးရေး ဖြစ်ပါတယ်။
ဒါပေမဲ့ ဒေသအေးချမ်းပြီး လမ်းပန်းဆက်သွယ်ရေးတွေ ကောင်းလာတဲ့ အခုလိုအချိန်မှာ အဲဒီဒေသကို ရင်းနှီးမြှုပ်နှံမှုတွေ ဝင် လာပြီး မြေယာနဲ့တောင်ယာတွေ သိမ်းဆည်းခံရမှာကို ဒေသခံ တွေက စိုးရိမ်နေကြတယ်လို့ ဦးပကူးက ရှင်းပြပါတယ်။
သူဟာ ဒေါကလောဒူကျေးရွာ အုပ်စုအောက်မှာရှိတဲ့ ဒေါတငူကျေးရွာမှာ နေထိုင်တဲ့ အသက် ၆၅ နှစ် အရွယ်ရှိတဲ့ ကရင်နီ(ကယား) တိုင်းရင်းသားတစ်ဦးဖြစ်ပါတယ်။ သူ့ဒေသရဲ့ ရိုးရာဓလေ့ထုံးတမ်းမြေယာစီမံခန့်ခွဲမှု ကော်မတီရဲ့ ကျေးရွာ အုပ်စုအဆင့် ရွာလူကြီးအဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ပါတယ်။
သူတို့ကျေးရွာအုပ်စုထဲမှာ ပြည်တွင်း၊ ပြည်ပ ခရီးသည်တွေ မကြာခဏလာရောက်လည်ပတ်တဲ့ ကန်ခုနစ်ဆင့် ရေကန်တွေရှိ ရာ ယင်းနေရာကို ဟိုတယ်စီမံကိန်းတွေ ဝင်လာမယ်ဆိုတဲ့ သတင်းတွေကြောင့်လည်း ဒေသခံတွေက စိုးရိမ်နေကြတာလို့ သူက ဆိုပါတယ်။
အခုလို စိုးရိမ်ရတဲ့ အကြောင်းရင်းကလည်း ၂ဝ၁၂ တုန်း ကဆိုရင် ဦးပကူးတို့ ဘိုးဘွားစဉ်ဆက်ထိန်းသိမ်းခဲ့တဲ့ သစ်တောနဲ့ တောင်တွေဆီကို အစိုးရသစ်တောဌာနက လူတွေ ရောက်လာ ကာ အစိုးရပိုင် ကြိုးပြင်ကာကွယ်တောတွေ ဖြစ်တယ်ဆိုပြီး ‘မကျူးကျော်ရ’ဆိုတဲ့ ဆိုင်းဘုတ်တွေ တပ်ဆင်ခဲ့တာကြောင့် လည်း ဖြစ်ပါတယ်။ သစ်တောဧက နှစ်ထောင်ကျော်ကို အစိုးရက ကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်လိုက်တာဖြစ်ပါတယ်။
အစိုးရကြိုးပြင်ကာကွယ်တောသတ်မှတ်လိုက်တဲ့အတွက် ၂ဝ၁၂ မြေလွတ်မြေလပ်နှင့် မြေရိုင်းဥပဒေအရ ဦးပကူးတို့ ဘိုး ဘွားစဉ်ဆက် ထိန်းသိမ်းလာတဲ့ ဒီသစ်တောတွေဟာ မြေရိုင်း စာရင်း ဝင်သွားပါတယ်။ ဒီဥပဒေအရ မြေရိုင်းအမျိုးအစားမြေကို နိုင်ငံတော်ပိုင်မြေအဖြစ် သတ်မှတ်ထားပြီး ကျူးကျော်ဝင်ရောက် မှု၊ အသုံးချမှုတွေ ပြုလုပ်တဲ့အခါ အရေးယူအပြစ်ပေးလို့ ရ ပါတယ်။
၎င်းနေရာဒေသတွေဟာ ရွာပိုင်သစ်တောနဲ့ တောင်တန်း အဖြစ် ဓလေ့ထုံးတမ်းစနစ်အရ ကျင့်သုံးထိန်းသိမ်းလာခဲ့ကြပေ မယ့် အစိုးရရဲ့ ဥပဒေအသစ်တွေအရတော့ ရွာပိုင်မြေယာတွေ အဖြစ် မှတ်ပုံတင်ခွင့် မပေးပါဘူး။
ကြိုးပြင်ကာကွယ်တော သတ်မှတ်လိုက်တဲ့အထဲမှာ ဒေါ တငူရွာရဲ့ ဘိုးဘွာစဉ်ဆက်ယုံကြည်ကိုးကွယ်မှုအရ မတို့မထိရ သစ်တောအဖြစ် ထိန်းသိမ်းထားတဲ့ နတ်ကိုးကွယ်ရာ သစ်တော တွေ၊ ရိုးရာဓလေ့အရ ရွာသားတွေ သစ္စာရေသောက် ကတိ ကဝတ်ပြုပွဲ ကျင်းပရာ သစ်တောတွေ ပါသွားတယ်လို့ ဦးပကူးက လိုက်လံပြသရင်းနဲ့ ပြောပြတယ်။
ရွာအရှေ့ဘက်ခြမ်းမှာရှိတဲ့ တောနဲ့တောင်တွေကို ‘ကြိုး ပြင်ကာကွယ်တော မကျူးကျော်ရ’ဆိုတဲ့ ဆိုင်းဘုတ်တွေကို သစ်ပင်မှာ ချိတ်ဆွဲထားပြီး ခြံစည်းရိုးကာရံထားတာကိုလည်း တွေ့ ခဲ့ရတယ်။
ဒါ့အပြင် သချုႋင်းမြေတွေ၊ ကျေးရွာ ဘုံအသုံးပြုတဲ့ သစ် တောတွေနဲ့ တောင်ယာစိုက်ပျိုးရေးလုပ်ကိုင်တဲ့ မြေတွေလည်း ကြိုးပြင်ကာကွယ်တော သတ်မှတ်တဲ့ ဧရိယာထဲ ပါသွားပါတယ်။
”အစိုးရက ကာကွယ်တောအဖြစ် သတ်မှတ်ပြီး မဝင်ရ၊ မခုတ်ရ ဆိုပေမယ့် ကျွန်တော်တို့ ရွာသချုႋင်းမြေသစ်တောပါသွားတဲ့ အတွက် သွားလာနေရတုန်းပါပဲ”လို့ ဦးပကူးက ပြောတယ်။
လူသေအလောင်းမြှုပ်နှံဖို့ သစ်တောရှိရာကို သွားတဲ့အခါ မြေပြင်ရှင်းလင်းမှုလုပ်ဆောင်တာကလွဲရင် ဒီသချုႋင်းမြေရှိတဲ့ သစ်တောကို ရွာသားတွေအနေနဲ့ ခုတ်ယူတာ၊ ရှင်းလင်းတာ လုပ် ခွင့်မရှိသလို ဘယ်သူမှလည်း မတို့မထိကြဘူးလို့ ဦးပကူးက ရှင်း ပြတယ်။
”သချုႋင်း ဆိုတာ ကျွန်တော်တို့ ရွာ စတည်ကတည်းက ရှိခဲ့ တဲ့နေရာ၊ မျိုးဆက်အလိုက် မြှုပ်နှံထားတဲ့နေရာဖြစ်ပါတယ်။ ဒီ တော၊ ဒီတောင်တွေဟာ ကျွန်တော်တို့ ရွာတည်ရှိမှုရဲ့ သက်သေ တွေဖြစ်တယ်။ ဒါတွေကို တန်ဖိုးထားတာက ရိုးရာဓလေ့အရ အားလုံးလက်ခံထားတဲ့အရာတွေပါ”လို့ သူက ရှင်းပြတယ်။
တကယ်တော့ အစိုးရသစ်တောဌာနက မထိန်းသိမ်းလည်း ဒီတော၊ ဒီတောင်တွေဟာ သူတို့ဒေသခံတွေရဲ့ ယုံကြည်မှု၊ အသက်ရှင်သန်ရပ်တည်မှုနဲ့ ဆက်နွှယ်နေတဲ့အရာတွေ ဖြစ်တာ ကြောင့် မိဘဘိုးဘွားလက်ထက်ကတည်းက ဓလေ့ထုံးတမ်း သတ်မှတ်ချက်တွေနဲ့ အကာအကွယ်ပေးခဲ့တာ ယနေ့အထိပါပဲလို့ သူက ရှင်းပြတယ်။
ရွာရဲ့ ကာကွယ်ထိန်းသိမ်းရေးတောအဖြစ် သတ်မှတ်ထား တဲ့ တောနဲ့ တောင်တွေကို မည်သူမျှ ဖျက်ဆီးခွင့်၊ ခုတ်ယူသုံးစွဲခွင့် မရှိတာဟာ သူတို့ဒေသမှာ လူမျိုးစုတိုင်း လက်ခံကျင့်သုံးနေတဲ့ ဓလေ့ထုံးတမ်းဥပဒေဖြစ်တယ်လို့ သူက ရှင်းပြတယ်။ ယုံကြည် ကိုးကွယ်မှုအရ ထိန်းသိမ်းကာကွယ်ထားတဲ့ တောတွေကို ဖျက် ဆီး၊ ခုတ်ယူတဲ့အခါ ရွာမှာ နာမကျန်းဖြစ်ကြတာ၊ ကပ်ရောဂါဘေး လိုမျိုး ဖြစ်တာတွေ ကြုံရတတ်တယ်လို့ ဒေသခံတွေက ယုံကြည် ကြတယ်လို့ ဦးပကူးက ရှင်းပြတယ်။
”တကယ်လို့ တစ်ယောက်ယောက်က စည်းဖောက်ပြီး ခုတ်ယူဖျက်ဆီးရင် နွားမတစ်ကောင်သော်လည်းကောင်း၊ ဝက်တစ်ကောင်သော်လည်းကောင်းပြန်ပြီး ပူဇော်ပသပေးရတယ်။ မဟုတ်ရင် တစ်ရွာလုံးကို ထိခိုက်တတ်တယ်လို့ ကျွန်တော်တို့ ယုံ ကြည်တယ်”လို့ သူက ဆက်ရှင်းပြတယ်။
ဒီလို မှားယွင်းမှုမျိုးတွေ ဖြစ်ပေါ်ခဲ့ဖူးသလို ယုံကြည်ကိုး ကွယ်မှုအရ ထိန်းသိမ်းထားတဲ့ သစ်တောကို ဖျက်ဆီးမိတာ ကြောင့် ရွာမှာ လူသေဆုံးမှုတွေ၊ ဖျားနာမှုတွေ ဆက်တိုက် ဖြစ် ပေါ်တာလည်း ကြုံဖူးတယ်လို့ ဦးပကူးက ရှင်းပြတယ်။
ရွာက ယုံကြည်ကိုးကွယ်မှုအရ ထိန်းသိမ်းထားတဲ့ သစ် တော၊ သစ်ပင်တွေကို ရွာသားမဟုတ်တဲ့ ပြင်ပအသိုင်းအဝိုင်းမှ တစ်ဦးတစ်ယောက်က ဖျက်ဆီးပါက ဖျက်ဆီးခံရတဲ့ မြေအမျိုး အစားကိုလိုက်ပြီး လျော်ကြေးပုံစံအမျိုးမျိုး ရှိပါတယ်။
ဒီလို လျော်ကြေးသတ်မှတ်တဲ့အခါ ဓလေ့ထုံးတမ်းကော် မတီတစ်ခုတည်းက ဆုံးဖြတ်တာထက် ရွာသားအားလုံး ပါဝင်တဲ့ စုံညီအစည်းအဝေးကနေ တောင်းဆိုမယ့် လျော်ကြေးကို သတ် မှတ်ပါတယ်။ ဒီအစည်းအဝေးတွေက သတ်မှတ်လိုက်တဲ့ လျော် ကြေးကို ဖျက်ဆီး၊ ခုတ်ယူခဲ့ကြတဲ့ သူတွေက ပေးလျော်ကြရတယ် လို့ သူက ရှင်းပြတယ်။
ယခင်တပ်မတော်အစိုးရလက်ထက်က ဦးပကူးတို့ရွာ မြောက်ဘက်မှာရှိတဲ့ ကျောက်တောင်ကို ကျောက်ထုတ်လုပ်ရေး စီမံကိန်းတစ်ခု ရောက်လာပါတယ်။ ဒေသခံတွေက သူတို့ ရိုးရာ ဓလေ့ထုံးတမ်းဥပဒေတွေအရ ထိန်းသိမ်းကာကွယ်ထားတဲ့ တောတောင်တွေဖြစ်တာကြောင့် စီမံကိန်းကို တားမြစ်ကြပါ တယ်။ သို့ပေမဲ့ အစိုးရအာဏာပိုင်တွေက အတင်းအကျပ်ဆက် လုပ်ကြတယ်။ ဒါပေမဲ့ ကျောက်ထုတ်လုပ်ရေး စက်ပစ္စည်းတွေဟာ ဘာကြောင့်မှန်းမသိ ပျက်စီးကုန်ကြပါတယ်။ နောက်ဆုံးမှာတော့ ကျောက်ထုတ်လုပ်ရေးလုပ်ကိုင်သူတွေက ကျောက်ထုတ်ခဲ့တဲ့ တောင်ကို ဒေသဓလေ့အတိုင်း နွားမတစ်ကောင်နဲ့ ပြန်လည် တောင်းပန်ပူဇော်ပြီး ပြန်သွားကြတယ်လို့ ဦးပကူးက သူ့အတွေ့ အကြုံကို ပြောပြတယ်။
ဦးရွှေသိန်းကတော့ တိုင်းရင်းသားမြေယာအခွင့်အရေး တွေနဲ့ပတ်သက်ရင် အစိုးရပိုင်းက အမှန်တကယ် လုပ်ဆောင်ပေး ချင်တဲ့ဆန္ဒရှိတယ်ဆိုပါက အမျိုးသားမြေအသုံးချမှု မူဝါဒကို စတင်အသုံးပြုသင့်တယ်လို့ အကြံပြုပါတယ်။
အမျိုးသားမြေအသုံးချမှု မူဝါဒ
၂ဝ၁၅၊ ဇန်နဝါရီမှာ အတည်ပြုပြဋ္ဌာန်းလိုက်တဲ့ အမျိုးသား မြေအသုံးချမှုမူဝါဒ(National Land Use Policy) ထဲမှာတော့ တိုင်းရင်းသားဒေသတွေက မြေယာအသုံးချမှုတွေနဲ့ ပတ် သက်ပြီး အသိအမှတ်ပြုတဲ့ မူဝါဒလမ်းညွှန်ချက်တွေ စတင်ပါဝင် လာပါတယ်။
ဒီမူဝါဒအရ အမျိုးသားမြေဥပဒေရေးဆွဲတဲ့အခါ တိုင်းရင်း သားဒေသတွေမှာ ကျင့်သုံးလုပ်ကိုင်နေတဲ့ ဓလေ့ထုံးတမ်း မြေ ယာစနစ်နဲ့ ဒီစနစ်တွေက အသိအမှတ်ပြုထားတဲ့ မြေလုပ်ပိုင်ခွင့် အခွင့်အရေးတွေကို ဥပဒေအရအကာအကွယ်ပေးနိုင်ဖို့ ထည့် သွင်း ပြဋ္ဌာန်းရမယ်လို့ ဖော်ပြထားပါတယ်။ ဒီမူဝါဒကို မြေယာ ပညာရှင်တွေက မြန်မာမြေယာကဏ္ဍရဲ့ ထီးရိပ်မူဝါဒလို့ သုံး နှုန်းကြပါတယ်။
အပိုင်း ၁၃ ပိုင်းပါဝင်ပြီး ပုဒ်မပေါင်း ၈၄ ခု ပြဋ္ဌာန်းထားတဲ့ ဒီမူဝါဒရဲ့ အပိုင်း ၈ မှာဆိုရင် ‘တိုင်းရင်းသားများ၏မြေအသုံးချ မှုအခွင့်အရေးများ’ ဆိုတဲ့ အခန်းတစ်ခုလည်း ပါဝင်တယ်။’အပိုင်းရဲ့ ပုဒ်မ ၆၄ မှာဆိုရင် ‘တိုင်းရင်းသားတို့၏ မြေအသုံးချမှု အလေ့အကျင့်ကို သိရှိလိုက်နာကျင့်သုံးရေးအတွက် လည်း ကောင်း၊ ရိုးရာမြေအသုံးချမှု အခွင့်အရေး အပြည့်အဝ ရရှိရေး အတွက်လည်းကောင်း၊ ယင်းအခွင့်အရေးကို ကာကွယ်နိုင်ရေး အတွက်လည်းကောင်း၊ ဘက်မလိုက်သော အငြင်းပွားမှုဖြေရှင်း ရေး လုပ်ငန်းစဉ်များကို အသင့်အသုံးပြုနိုင်ရေးအတွက်လည်း ကောင်း ရိုးရာမြေအသုံးချမှုစနစ်ကို အမျိုးသားမြေဥပဒေမှာ ပြဋ္ဌာန်းပေးရမည်’ လို့ ဖော်ပြထားပါတယ်။
ဒါကြောင့် အမျိုးသားမြေအသုံးချမှုမူဝါဒဟာ တိုင်းရင်း သားဒေသတွေရဲ့ ရိုးရာဓလေ့ထုံးတမ်းမြေယာတွေကို အစိုးရ အနေနဲ့ အကာကွယ်ပေးနိုင်တဲ့လမ်းကြောင်းတစ်ခုလို့ ဌာနေ တိုင်းရင်းသားအခွင့်အရေး ကူညီဆောင်ရွက်ပေးနေသူတွေက ထောက်ပြတယ်။
”အစိုးရအနေနဲ့ သိမ်းဆည်းမြေတွေ ပြန်လည်စိစစ်တာ၊ မြေယာအမှုအခင်းတွေကို ဖြေရှင်းနေတာနဲ့ တစ်ချိန်တည်းမှာပဲဒီမူဝါဒလမ်းညွှန်ချက်ကို သုံးပြီးတော့ အမျိုးသားမြေဥပဒေကို အလျင်အမြန်စရေးသင့်တယ်”လို့ ဦးရွှေသိန်းက အကြံပြုတယ်။
အမျိုးသားမြေဥပဒေရေးနိုင်ဖို့ ဒီမူဝါဒမှာ ပါဝင်တဲ့ အမျိုး သားမြေ အသုံးချမှုကောင်စီလို အဖွဲ့ကို အလျင်အမြန်ဖွဲ့စည်းဖို့ လိုအပ်တယ်လို့ သူက ဆိုပါတယ်။ အမျိုးသားမြေအသုံးချမှုကောင် စီရဲ့ ဦးဆောင်မှုနဲ့ မြေယာကဏ္ဍ ပြုပြင်ပြောင်းလဲရေးတွေကို ဆက်လက်ဆောင်ရွက်ရမယ်လို့ ဦးရွှေသိန်းက ပြောတယ်။
ဒါပေမဲ့ အခုအချိန်အထိတော့ အမျိုးသားမြေဥပဒေနဲ့ပတ် သက်လို့ ရေးဆွဲတာတွေ၊ ဆွေးနွေးတာတွေ မတွေ့ရသေးဘူးလို့ ဌာနေတိုင်းရင်းသားမြေယာအခွင့်အရေး ကူညီဆောင်ရွက်ပေး နေသူတွေက ဆိုပါတယ်။
တိုင်းရင်းသားဒေသတွေမှာ ကျင့်သုံးနေတဲ့ ဓလေ့ထုံးတမ်း မြေယာစီမံခန့်ခွဲမှုတွေနဲ့ ပတ်သက်ရင် လက်ရှိ ကျင့်သုံးနေတဲ့ ၂ဝ၁၂ လယ်ယာမြေဥပဒေ၊ ၂ဝ၁၂ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းဥပဒေနဲ့ သစ်တောဥပဒေတွေမှာ ဥပဒေပုဒ်မတစ်ခုနဲ့ တိတိကျကျ အကာအကွယ်ပေးထားတာမျိုး မပါဝင်ပါဘူး။
ဒါပေမဲ့ အမျိုးသားမြေအသုံးချမှု မူဝါဒအရ ပေါ်ပေါက်လာ မယ့် အမျိုးသားမြေဥပဒေမှာတော့ ရိုးရာဓလေ့ထုံးတမ်းမြေယာလုပ်ပိုင်ခွင့်တွေကို ဥပဒေပုဒ်မတွေနဲ့ အတိအကျ အကာအကွယ် ပေးရမယ်လို့ မူဝါဒချမှတ်ပြဋ္ဌာန်းထားပါတယ်။
ကယားပြည်နယ်လှေကားထစ်စိုက်ခင်းများ ။ ဓာတ်ပုံ- သက်ဦးမွန်/မော်ကွန်းမဂ္ဂဇင်း
မရေရာသေးတဲ့ အစိုးရမူဝါဒ
အထက်ပါ တိုင်းရင်းသားဓလေ့ထုံတမ်း မြေယာပြသာနာ တွေ၊ အမျိုးသားမြေအသုံးချမှုမူဝါဒ စတာတွေနဲ့ပတ်သက်ပြီး မေးမြန်းနိုင်ဖို့ အစိုးရသစ်လက်ထက်မှာ အသစ်ဖွဲ့စည်းထားတဲ့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနကို မော်ကွန်းက ချဉ်း ကပ်ခဲ့ပါတယ်။
ဒါပေမဲ့ အဆိုပါဝန်ကြီးရုံးရဲ့ လက်ထောက်အမြဲတမ်းအတွင်း ဝန် ဦးမင်းအေးကိုကတော့ ရိုးရာဓလေ့ထုံးတမ်း ဥပဒေအရ စီမံ ခန့်ခွဲနေတဲ့ မြေယာတွေဆိုတာကို ”သဲသဲကွဲကွဲ နားမလည်ဘူး”လို့ ပြန်ဖြေပါတယ်။
”ဒီမြေယာစနစ်တွေနဲ့ ပတ်သက်ရင် အစ်ကိုတို့ ကိုယ်တိုင် လည်း ထဲထဲဝင်ဝင်သိတာမရှိသေးတော့ အခုအချိန်မှာ မပြောနိုင် သေးဘူး”လို့ သူက ပြောတယ်။
ဝန်ကြီးဌာနအသစ်ဖြစ်နေတာ၊ ဌာနဖွဲ့စည်းပုံမပြည့်သေး တာနဲ့ သူတို့ကိုယ်တိုင် တိုင်းရင်းသားရေးရာကိစ္စတွေကို ဆောင် ရွက်နိုင်ဖို့ သက်ဆိုင်ရာ နယ်ပယ်အလိုက် အရည်အသွေးမြှင့်သင် တန်းတွေယူနေရတဲ့ အချိန်ကာလမှာပဲရှိသေးတယ်လို့ ဦးမင်း အေးကိုက ရှင်းပြတယ်။
၂ဝ၁၅၊ ဖေဖော်ဝါရီမှာတော့ ‘၂ဝ၁၅ တိုင်းရင်းသားလူမျိုး များ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ’ကို ပြည်ထောင်စုအစိုးရက ပြဋ္ဌာန်းလိုက်ပါတယ်။ အခန်း ၉ ခန်း၊ ပုဒ်မ ၃၄ ခုပါဝင်တဲ့ ဒီဥပဒေမှာလည်း တိုင်းရင်းသားတွေရဲ့ ယဉ် ကျေးမှု၊ ကိုးကွယ်ယုံကြည်မှုဆိုင်ရာတွေကို ဘယ်လို စီမံခန့်ခွဲရ မယ်ဆိုတာတွေပဲ ပါဝင်ပါတယ်။ ဓလေ့ထုံးတမ်းမြေယာစီမံခန့်ခွဲမှုစနစ်တွေနဲ့ ပတ်သက်ပြီး အတိအကျ အကာအကွယ်ပေးတဲ့ ဥပဒေပုဒ်မ တစ်ခုမှ မပါဝင်ပါဘူး။
လက်ရှိအချိန်မှာတော့ ဒီဥပဒေရဲ့ နောက်ဆက်တွဲ နည်း ဥပဒေကို အမြန်အကောင်အထည်ပေါ်လာဖို့ ဝန်ကြီးဌာနက ဆောင်ရွက်နေတယ်လို့ ဦးမင်းအေးကိုက ဆိုပါတယ်။ ဒီနည်း ဥပဒေမှာ တိုင်းရင်းသားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးကော် မတီတွေကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဖွဲ့စည်းနိုင်ဖို့ ထည့်သွင်း ရေးဆွဲထားပါတယ်။
နည်းဥပဒေအရ ဒီကော်မတီတွေဟာ တိုင်းရင်းသားတွေရဲ့ မြေယာအငြင်းပွားမှုတွေအပါအဝင် အခြားသော အခွင့်အရေး တောင်းဆိုမှုတွေကို အဓိကကိုင်တွယ်ဖြေရှင်းမှာဖြစ်တယ်ဆိုပေမယ့် ဝန်ကြီးဌာနကို တိုက်ရိုက်ကိုင်တွယ်ဖြေရှင်းခွင့်ပေးမထားဘဲ ယဉ်ကျေးမှု၊ စာပေ၊ ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ပြဿနာတွေ ကိုသာ အဓိက ဖြေရှင်းခွင့်ပေးထားတယ်လို့ သူက ဆိုပါတယ်။
တိုင်းရင်းသားလူမျိုးစုတွေမှာ မြေယာပြဿ နာတက်လာ တဲ့အခါ သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ညှိနှိုင်းဆောင်ရွက်တဲ့ ပုံစံနဲ့ မြေယာအရေးကို ကြားဝင်ဆောင်ရွက်မယ်လို့ ဦးမင်းအေး ကိုက ပြောတယ်။
ပြည်သူ့လွှတ်တော်၊ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီရဲ့ ဥက္ကဋ္ဌဖြစ်သူ ဦးခွန်မောင် သောင်းက တိုင်းရင်းသားတွေရဲ့ ဓလေ့ထုံးတမ်းစီမံအုပ်ချုပ်မှုစနစ် ကို ”ဥပဒေတစ်ရပ်နဲ့ အစိုးရက လုပ်ပေးနိုင်ရင် တိုင်းရင်းသား တွေအတွက် လုံခြုံမှုတစ်ခုရတာပေါ့”လို့ ဆိုပါတယ်။
ဦးခွန်မောင်သောင်းဟာ တိုင်းရင်းသားတွေရဲ့ မြေယာလုပ် ပိုင်ခွင့် အာမခံချက်ရရှိဖို့ ၂၁ ရာစု ပင်လုံညီလာခံမှာ ဆွေးနွေးနေ သူတစ်ဦးလည်း ဖြစ်ပါတယ်။
”ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ တိုင်းရင်းသားတွေဘက် က တောင်းဆိုနေတဲ့ မျှတမှု၊ တန်းတူညီမှုဆိုတာတွေက အခုလို မြေယာအခွင့်ရေး ဆုံးရှုံးနေမှုတွေကို အကာအကွယ်ဖြစ်ဖို့ပဲ”လို့ သူက ဆိုပါတယ်။
ဒါပေမဲ့ ရိုးရာဓလေ့ထုံးတမ်းမြေယာအခွင့်အရေးနဲ့ပတ် သက်ရင် လွှတ်တော်အစည်းအဝေးထဲမှာ ဆွေးနွေးဆောင်ရွက် နေတာမျိုးတော့ လက်ရှိအချိန်အထိ မတွေ့ရသေးဘူးလို့ ဦးခွန် မောင်သောင်းက ပြောတယ်။
ဒေါကူးခူကျေးရွာမှ ဦးဖရေးရယ်ကတော့ သူတို့ကျင့်သုံးတဲ့ ဓလေ့ထုံးတမ်းစနစ်ကို အစိုးရဥပဒေအရ အသိအမှတ်ပြု အကာ အကွယ်ပေးဖို့ မျှော်လင့်နေပါတယ်။ တိကျတဲ့ ဥပဒေအကာ အကွယ်တွေ မရှိခင်အထိတော့ သူ့ရွာမှာ ဓလေ့ထုံးတမ်းဥပဒေနဲ့ အစိုးရတည်ဆဲဥပဒေတွေ ထိပ်တိုက်တွေ့ခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ခံစားနေရဦးမယ်လို့ သူက ဆိုတယ်။
ဒါအပြင် တိုင်းရင်းသားတွေကျင့်သုံးတဲ့ ဓလေ့ထုံးတမ်း စနစ်တွေကို အစိုးရအသိအမှတ်ပြုမှုမခံရတဲ့အပေါ် သူက အခုလို မှတ်ချက်ပြုတယ်။
”အနည်းစုလူမျိုးတွေဖြစ်နေတဲ့အတွက် ငါတို့ကို ဂရုမစိုက် တာလားဆိုပြီး စိတ်ထဲမှာ အဲဒီလိုမျိုးခံစားရတယ်။ ။
၂၀၁၇-ဇန်နဝါရီလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၂)မှ သတင်းဆောင်းပါး ဖြစ်ပါသည်။
ကျော်ဇေယျ ရေးသည်။

