သြဂုတ်လထုတ်-၂၀၁၅၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၂၆)မှ သတင်းဆောင်းပါးဖြစ်ပါသည်။
ခင်မောင်မြင့် ရေးသည်။
မြက်ခင်းစိမ်းများကိုဖြတ်ကာ တိုက်ခတ်လာသည့် လေတွင် အောက်သိုးသိုး နွားချေးနံ့များ မွှန်ထူနေသည်။ ထိုမြက်ခင်းစိမ်းတို့ အလယ်တွင် အစိမ်းရောင် သွပ်မိုးထားသော ရှည်မျောမျော အဆောက်အအုံလေးခုရှိသည်။ အဆောက် အအုံတစ်ခုချင်းစီ၏ အလယ်တွင် ရေမြောင်းပုံစံလုပ်ထားသည့် နွားစာခွက် နှစ်ခုစီရှိသည်။
အဆိုပါနွားစာခွက်ထဲရှိ မြက်များကို နွားများက အထွေး လိုက် ဝါးစားနေကြသည်။ နဖားကြိုးတပ်ထားသော ယင်းနွားများ သည် အမြင့် ငါးပေခန့်ရှိသည်။
အဆောက်အအုံအပြင်ဘက်တွင် သံပိုက်ချောင်းများဖြင့် ကာရံထားသည့် ခြံငယ်များလည်းရှိသေးသည်။ ယင်းခြံများထဲ တွင် နွားချေးနှင့် ရွှံ့များရောကာ ဗွက်ထနေသည်။ အထဲတွင် နွား ငယ်လေးများက မျက်လုံးများ ပြူးကာ ဟိုဟိုဒီဒီ ကြည့်နေကြသည်။
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ညောင်နှစ်ပင် မွေးမြူရေးဇုန် ၃ တွင်ရှိသော ဤနွားခြံဝန်းသည် အသားစားနွား သီးသန့်မွေးမြူထားသည့် ခြံဖြစ်ပြီး နွားကောင်ရေ ၃၅ဝ ရှိသည်။ နွားခြံပိုင်ရှင်မှာ မြန်မာနိုင်ငံ ကျွဲ၊ နွား၊ သိုး၊ ဆိတ်မွေးမြူရေးအသင်း ဥက္ကဋ္ဌ ဦးမြင့်သူဖြစ်သည်။
ထိုင်းနိုင်ငံမှတစ်ဆင့် အသားစားနွားမျိုးများကို တင်သွင်း ကာ မြန်မာနွားမများနှင့်သားစပ်ပြီး မြန်မာနိုင်ငံ၏ ရာသီဥတုနှင့် ကိုက်ညီသည့် အသားစားနွားများရရှိလာစေရန် လွန်ခဲ့သည့် ခုနစ်နှစ်ကတည်းက မွေးမြူခဲ့ခြင်းဖြစ်သည်။ သို့သော် သူ့ အတွက် ခေါင်းခဲနေရသည့် အချက်တစ်ခုရှိသည်။
”ဒီအသားစားနွားတွေကို လွတ်လွတ်လပ်လပ်ရောင်းဖို့ ကျွန်တော်တို့နိုင်ငံမှာ ဈေးကွက်မရှိဘူး”ဟု ဦးမြင့်သူက ဆိုသည်။
အသားစားနွားမွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်ချင်သူများ နှင့် ဦးမြင့်သူကဲ့သို့ လက်ရှိလုပ်ကိုင်လျက်ရှိသူများအတွက် ဈေး ကွက်မရှိဖြစ်ရသည်မှာ နွားများကို လွတ်လပ်စွာသယ်ယူရောင်းချခွင့်နှင့် အသားထုတ်လုပ်ခွင့်ကို အစိုးရက ဥပဒေဖြင့် ထိန်းချုပ် ထားခြင်းတို့ကြောင့် အဓိကဖြစ်ရသည်ဟု မွေးမြူရေးလုပ်ကိုင်သူ များနှင့် ပညာရှင်များက ဆိုသည်။
အသားစားနွားမွေးမြူရေးလုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်လာ အောင် ဆောင်ရွက်နိုင်မည်ဆိုပါက စီးပွားဖြစ်လည်း လုပ်နိုင်မည် ဖြစ်သလို တစ်ပိုင်တစ်နိုင်လည်း မွေးမြူနိုင်ကြလိမ့်မည်ဟု မြန်မာ နိုင်ငံမွေးမြူရေးအဖွဲ့ချုပ်မှ အကြံပေး ဒေါက်တာသန်းလှက ဆိုသည်။
”ရွာတွေမှာ တစ်ပိုင်တစ်နိုင်လည်းမွေးလို့ ရတယ်။ ခိုင်းနွား တစ်ရှဉ်းကို ပြုစုသလို မွေးရင် မွေးလို့ရတယ်။ ကျေးလက်နေ ပြည်သူတွေလည်း ဝင်ငွေတိုးလာနိုင်တယ်” ဟု သူက အကြံပြုသည်။
အသားစားနွားမွေးမြူရေးကို အားပေးပြီး လွတ်လပ်စွာ သယ်ယူရောင်းချခွင့်ပြုပါက ကျွဲ၊ နွား မှောင်ခိုရောင်းချနေမှု လျော့နည်းသွားမည်ဖြစ်သလို ကျေးလက်ဒေသများတွင် ခိုင်း နွားများ ရှားပါးလာသည့် ပြဿနာကိုလည်း ဖြေရှင်းပေးနိုင်လိမ့် မည်ဟု အသားစားနွားမွေးမြူသူများနှင့် မွေးမြူရေးပညာရှင်များ က သုံးသပ်ကြသည်။
အသားစားနွားဆိုသည်မှာ အသားထုတ်လုပ်ရန်အတွက် သာ မွေးမြူခြင်းဖြစ်ပြီး လယ်ယာလုပ်ငန်းခွင်တွင် အသုံးပြု၍ မရပေ။ ခိုင်းနွားမှာ လယ်ယာလုပ်ငန်းတွင် လုပ်ကိုင်နိုင်သော အကြမ်းခံသည့် နွားမျိုးဖြစ်သည်။
ခိုင်းနွားများသည် ငါးနှစ်၊ ခြောက်နှစ်အရွယ်မှသာ ပိဿာ ချိန် ၁ဝဝကျော်၊ ၂ဝဝ ခန့်ရှိပြီး အသားစားနွားများကတော့ တစ် နှစ်ကျော်၊ နှစ်နှစ်အတွင်း ပိဿာချိန် ၃ဝဝ ခန့်အထိ အသားတိုး သည်ဟု အသားစားနွားမွေးမြူကြသူများက ဆိုသည်။ ဈေးနှုန်း မှာလည်း ထိုင်းနိုင်ငံတွင် အသားစားနွားတစ်ကောင်လျှင် ကျပ် သိန်း ၂ဝမှ ၃ဝ ကြားအထိ ဈေးရသည်ဟု မြန်မာနိုင်ငံ ကျွဲ၊ နွား၊ သိုး၊ ဆိတ်မွေးမြူရေးဥက္ကဋ္ဌ ဦးမြင့်သူက ဆိုသည်။
”အသားစားနွားက ထိုင်းမှာလို နှစ်နှစ်မွေးလို့ တစ်ကောင် ကို သိန်း ၂ဝ၊ ၃ဝ ဖြစ်လာမယ်ဆိုရင် ခိုင်းနွားက သက်သက်ဖြစ် လာမယ်။ အသားစားနွားက အသားစားနွားသက်သက် ဖြစ်လာ မှာပဲလေ”ဟု ဦးမြင့်သူက ဆိုသည်။
သို့သော် လက်ရှိဥပဒေများက အသားစားနွားမွေးမြူလိုသူ များအတွက် အခက်အခဲဖြစ်နေသည်။
ထိန်းချုပ်ထားသည့်ဥပဒေများ
မြန်မာနိုင်ငံတွင် ကျွဲ၊ နွား ရောင်းဝယ်၊ သယ်ဆောင်မှုကို အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေဖြင့် ထိန်းချုပ်ထား သည်။ ထိုဥပဒေက ပြည်တွင်းတွင် လွတ်လပ်စွာ ရောင်းချသယ် ဆောင်မှုကို တားမြစ်ထားသကဲ့သို့ ပြည်ပသို့ တင်ပို့ရောင်းချခွင့် ကိုလည်း ထိန်းချုပ်ထားသည်။
တစ်မြို့နယ်မှ အခြားတစ်မြို့နယ်သို့ သယ်ဆောင်သွား မည်ဆိုလျှင်ပင် သက်ဆိုင်ရာမြို့နယ် ရဲနှင့် အထွေထွေအုပ်ချုပ်ရေး အစရှိသည့်အာဏာပိုင်အဖွဲ့များထံမှခွင့်ပြုချက်ရရှိမှသာ သယ် ဆောင်ခွင့်ရရှိသည်ဟု ဒေါက်တာသန်းလှက ဆိုသည်။
ပြစ်မှုကျူးလွန်သူများကို အနည်းဆုံး ထောင်ဒဏ်ခြောက် လမှ အများဆုံးထောင်ဒဏ်သုံးနှစ်အထိ ချမှတ်မည့်အပြင် ကျပ် ငါးသိန်းအထက် မပိုသောငွေဒဏ်ကိုလည်း ချမှတ်ခြင်းခံရမည်ဟု ၂ဝ၁၂ခုနှစ်၊ သြဂုတ်လအတွင်း ပြဋ္ဌာန်းခဲ့သည့် အဆိုပါ ဥပဒေ တွင် ဖော်ပြထားသည်။
ထို့အပြင် အသားထုတ်လုပ်ခွင့်ကိုလည်း သက်ဆိုင်ရာမြို့ နယ်စည်ပင်သာယာရုံးများက သားသတ်ခွင့်လိုင်စင်များဖြင့် သယ်ယူခွင့်၊ ရောင်းချခွင့်များကို ထိန်းချုပ်ထားသည်။
မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကျွဲ၊ နွားများကို သယ်ယူခွင့်၊ သတ်ဖြတ်ရောင်းချခွင့်ရရှိသူများမှာ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ လက်အောက်ရှိ ပြည် နယ်နှင့် တိုင်း စည်ပင်သာယာရေးဝန်ကြီးဌာန၊ မြို့နယ်စည်ပင် သာယာရေးကော်မတီများမှ တရားဝင်ချထားပေးသည့် လိုင် စင်စီ (Licensee-လိုင်စင်ရသူ) ရရှိသူများသာ ဖြစ်သည်။ သူတို့သည်လည်း စည်ပင်က ခွင့်ပြုထားသည့် မြို့နယ်များ တွင်သာ သယ်ယူခွင့်၊ ဝယ်ယူခွင့်ရှိသည်။
လိုင်စင်စီ သို့မဟုတ် လိုင်စင်ရသူဆိုသည်မှာ မြို့နယ်စည် ပင်သာယာရေးကော်မတီလက်အောက်တွင်ရှိသည့် ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ ဝက် အစရှိသည့် တိရစ္ဆာန်များကို သတ်ဖြတ်ရောင်းချ ခွင့်ပြုထားသည့် ခွင့်ပြုမိန့်ဖြစ်သည်။ အဆိုပါ ခွင့်ပြုမိန့်တွင် ကျွဲ၊ နွား လိုင်စင်စီ၊ သိုး၊ ဆိတ် လိုင်စင်စီနှင့် ဝက်လိုင်စင်စီဟုဆိုကာ ခွဲခြားသတ်မှတ်ထားသည်။
ယင်းကဲ့သို့ လိုင်စင်စီများ ချပေးရခြင်း၏ ရည်ရွယ်ချက်မှာ သတ်ဖြတ်သည့် ကျွဲ၊ နွား အကောင်ရေထိန်းချုပ်ရန်နှင့် သား သတ်ရုံများမှ ထွက်ရှိသည့် အသားများသည် ပြည်သူများအတွက် သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနှင့် ညီညွတ်သည့် အသား များ ရရှိစေရေးအတွက် ဖြစ်သည်ဟု ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီ၊ တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာနမှ ဒုတိယဌာနမှူး ဦးမျိုးလွင်က ရှင်းပြသည်။
ရန်ကုန်မြို့တွင်တော့ မြို့နေလူဦးရေ၏ အမဲသား စားသုံးမှု ရာခိုင်နှုန်းကို တွက်ချက်ကာ တစ်နေ့လျှင် လိုင်စင်စီသမား လေး ဆယ်ကျော်အား ကျွဲ၊ နွားအကောင်ရေ ၂၂၄ ကောင်ကို သတ်ခွင့် ပြုထားသည်။ သဘောမှာ တစ်လလျှင် ကျွဲ၊ နွားအကောင်ရေ ၆,၇ဝဝ ကျော်၊ တစ်နှစ်လျှင် ရှစ်သောင်းကျော် သတ်ခွင့်ပြုထား သည့် သဘောဖြစ်သည်။
”ဥပဒေတွေနဲ့ ထိန်းကျောင်းတာက အတိုင်းအတာတစ်ခု အထိ လုံလောက်တယ်လို့ထင်တယ်။ လုံးဝ ထောက်ခံချက် မပါ ဘဲနဲ့ သယ်လို့ရမယ်ဆိုရင် တန်းစီပြီး အကုန်ထွက်သွားမှာပဲ။ ဒါလည်း နွားရှားပါးမှုကို ထိန်းကျောင်းတာတစ်ခုပေါ့”ဟု ဦးမျိုး လွင်က ဆိုသည်။
မြန်မာနိုင်ငံ၏ လယ်ယာလုပ်ငန်းကို စက်မှုလယ်ယာဘက် သို့ အသွင်ကူးပြောင်းနေပြီဟုဆိုသော်လည်း တောင်သူ ၉ဝ ရာ ခိုင်နှုန်းခန့်မှာ ကျွဲ၊ နွားများကိုသာ အားထားအသုံးပြုနေရဆဲဖြစ် သောကြောင့် ဥပဒေများဖြင့် ထိန်းချုပ်ကာကွယ်ထားခြင်းဖြစ် သည်ဟု မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနလက်အောက်ရှိ ကျေး လက်ဒေသဖွံ့ဖြိုးရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ခင်မြတ်နွယ်က ဆိုသည်။
မြန်မာတစ်နိုင်ငံလုံးတွင် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ် ဖေဖော် ဝါရီလအထိ နွားကောင်ရေ ၁၆ သန်းနီးပါးရှိပြီး ကျွဲကောင်ရေ သုံးသန်းခွဲနီးပါးရှိသည်ဟု မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက် ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
အသားစားနွားများကို တရားဝင်သယ်ယူခွင့်၊ ရောင်းချ ခွင့်များပေးလိုက်မည်ဆိုပါက ယိုပေါက်များနေသည့်၊ တစ်နည်း အားဖြင့် မှောင်ခိုလမ်းကြောင်း များစွာရှိနေသည့် မြန်မာနိုင်ငံ တွင် စီးပွားရေးသမားများက ခိုင်းနွားများကို အသားစားနွား အဖြစ် အသွင်ပြောင်းကာ နည်းလမ်းမျိုးစုံဖြင့် ပြည်ပသို့ သယ်ယူ သွားနိုင်သည့်အတွက် ခိုင်းနွားမျိုးများ ပိုမိုပြုန်းတီးသွားနိုင်သည် ဟု မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး ဌာနခွဲမှ ဒေါက်တာခင်မြတ်နွယ်က ဆိုသည်။
”ကျွန်မတို့ ဆင်းရဲတဲ့နိုင်ငံမှာကျတော့ ဒီခိုင်းနွား လိုအပ် တယ်လေ။ အဲဒီလိုမှ မတားရင် ကျွန်မတို့နိုင်ငံမှာ နွားတွေ ကုန် တော့မှာရှင့်”ဟု သူက ဆိုပါသည်။
Photo: Khin Maung Myint နွားစာများ သယ်ဆောင်လာသည့် လှည်းတစ်စီးကို တွေ့ရစဉ်
ထိန်းချုပ်မှု၏ ရလဒ်
ဥပဒေများဖြင့် ထိုကဲ့သို့ ထိန်းချုပ်ထားသော်လည်း အိမ်နီး ချင်း တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့၏ ကျွဲ၊ နွားဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် မြန်မာနိုင်ငံ မှ ကျွဲ၊ နွားများမှာ မှောင်ခိုကူးခံနေကြရသည်။
မြန်မာနိုင်ငံတွင် ကျွဲ၊ နွားရှားပါးလာရခြင်းမှာ ”ပြည် တွင်းစားသုံးမှုကြောင့် ဒီအကောင်ရေလျော့သွားတာ မဟုတ် ဘူး”ဟု ဦးမြင့်သူက ဆိုသည်။
”နယ်စပ်တွေကနေ တရားမဝင်ခိုးထုတ်သူတွေကြောင့် (ကျွဲ၊ နွား ရှားပါးမှု)ဖြစ်လာတာ”
မှောင်ခိုလုပ်ကိုင်နေကြသူများသည် သက်ဆိုင်ရာမြို့နယ်အာဏာပိုင်အဖွဲ့အစည်းများကို လာဘ်ထိုးကာ လုပ်ကိုင်ကြခြင်း ဖြစ်သည်ဟု လွန်ခဲ့သည့်တစ်နှစ်ခန့်အထိ ဧရာဝတီတိုင်းဒေသကြီး တွင် ကိုယ်တိုင် ကျွဲ၊ နွား မှောင်ခိုလုပ်ကိုင်ခဲ့ဖူးသူတစ်ဦးက ဆိုသည်။
သူသည် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်မှ တစ် ဆင့် ပင်လယ်ကိုဖြတ်ကာ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ ကင်း ချောင်းကျေးရွာသို့ မှောင်ခိုကူးခဲ့ခြင်းဖြစ်သည်။
”ဒီ(ဧရာဝတီတိုင်း)က ကျွဲ၊ နွားကို တစ်ကောင် လေးသိန်း လောက်နဲ့ဝယ်တယ်။ ဌာနဆိုင်ရာတွေ ဘာတွေ ပေးလိုက်တော့ တစ်ကောင် ငါးသိန်းခွဲလောက်ကုန်ကျတယ်။ ကင်းချောင်း ရောက်တော့ ကိုးသိန်း၊ ဆယ်သိန်း ဝန်းကျင်ရတယ်။ ဆယ်သိန်း ကျော်အထိ ရတာတွေရှိတယ်။ တစ်ကောင်ကို သုံး၊ လေးသိန်း လောက်တော့ အနည်းဆုံး အမြတ်ကျန်တယ်”ဟု သူက ဆိုသည်။
ကင်းချောင်းကျေးရွာမှတစ်ဆင့် တောင်ပေါ်လမ်းကို ဖြတ် ကာ ထိုင်းနိုင်ငံသို့ တင်ပို့ကြခြင်းဖြစ်ပြီး ထိုင်းနယ်စပ်ရောက် သွားသည့်အခါ ကျွဲ၊ နွားတစ်ကောင်၏ဈေးနှုန်းမှာ ဆယ်သိန်း ကျော်ဖြစ်သွားသည်။ သူသည် ကျွဲကောင်ရေ ၂ဝ ခန့်ဆံ့သော စက်လှေနှင့် သုံးခေါက် (ကျွဲအကောင် ၆ဝ) ပို့ပြီးနောက် ကျန်းမာ ရေး မကောင်းသဖြင့် မှောင်ခိုကူးသည့်အလုပ်မှ အနားယူလိုက် ခြင်း ဖြစ်သည်ဟုဆိုသည်။
သူကိုယ်တိုင်မလုပ်နိုင်တော့သည့်အတွက် စက်လှေကို ကျွဲ၊ နွားမှောင်ခိုကူးသူများထံတွင် ခေါက်ပြန်ကြေးဖြင့် ငှားရမ်းထား ရာ လွန်ခဲ့သည့် ခြောက်လခန့်က လိုင်းကြေးပုံမှန်မပေးဟုဆိုကာ ဖမ်းဆီးခြင်းခံခဲ့ရသည်ဟု ဇူလိုင်ဒုတိယပတ်တွင် မော်ကွန်းသို့ ပြောပြသည်။
”ဘယ်ဌာနဆိုင်ရာပဲဖြစ်ဖြစ် ပိုက်ဆံရရင် ပြီးရော ဖြစ်နေ တယ်။ သူတို့ကို ခေါက်ကြေးမှန်မှန်ပေးရင် ကြိုက်သလောက် သွားလို့ရတယ်”ဟု သူက ဆိုသည်။
သူ၏အဆိုအရ မြန်မာနိုင်ငံမှ ကျွဲ၊ နွားတစ်ကောင် ပြည်ပ နိုင်ငံကို ထွက်သွားတိုင်း လေးငါးသိန်းမျှရှိသော ကျပ်ငွေများ သည် ကျွဲ၊ နွားမှောင်ခိုကူးသူများနှင့် ဒေသမှာရှိသည့် အာဏာပိုင် အဖွဲ့အစည်းများ၏ အိတ်ကပ်ထဲသို့ ရောက်ရှိသွားသည်ဟု ဆိုသည်။
ခိုင်းနွားများဆုံးရှုံးနေခြင်းသည် မှောင်ခိုဈေးကွက်များ ကြောင့်ဖြစ်ပြီး မှောင်ခိုဈေးကွက်ကို တရားဝင်သတ်မှတ်လိုက် မည်ဆိုပါက အမှန်တကယ် နွားမွေးမြူသည့် တောင်သူလယ် သမားများသည်လည်း ဈေးကောင်းရလာမည်ဖြစ်ကာ နိုင်ငံ တော်အတွက်လည်း အခွန်အခများရရှိမည်ဖြစ်သည်ဟု မြန်မာ နိုင်ငံ ကျွဲ၊ နွား၊ သိုး၊ ဆိတ် မွေးမြူရေးအသင်းဥက္ကဋ္ဌ ဦးမြင့်သူက ဆိုသည်။
”ထိုင်းနိုင်ငံမှာဆိုရင် မြန်မာနိုင်ငံက ကျွဲ၊ နွားတွေကို မှောင်ခိုက တစ်ဆင့်ဝယ်တယ်။ အဲဒီဘက်ကိုရောက်သွားရင် သူ တို့က ကျွေးမွေးလိုက်တယ်။ ဖက်တီးကြီးဖြစ်လာမှ သူတို့က တရုတ်ကို ပြန်ပို့တော့ သူတို့က ဈေးကောင်းရတယ်” ဟု သူက ပြောပြသည်။
မှောင်ခိုလမ်းကြောင်းမှ တရားမဝင်တင်ပို့နေကြခြင်း ကြောင့် မည်သို့မျှကြီးကြပ်၍မရသလို မည်သည့်ကိန်းဂဏန်းမျှ လည်း မရရှိဘဲ ကျွဲ၊ နွားများပျောက်သွားကာ တရားမဝင်မှောင်ခိုလမ်းကြောင်းမှာလည်း ပိုမိုခိုင်မာလျက်သာရှိနေသည်ဟု မွေး မြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ အကြံပေး ဒေါက်တာသန်းလှက ဆိုသည်။
”ဒီဥစ္စာက ခွင့်မပြုထားတာတောင် သွားနေတာပဲ။ တရား ဝင်ခွင့်ပြုလိုက်တော့ ကိန်းဂဏန်းလည်းရတယ်။ ကိုယ့်ရဲ့ အောက် မှာ ဥပဒေတွေနဲ့ ထိန်းချုပ်လို့လည်း ရတယ်။ ပွင့်လင်းမြင်သာမှု လည်း ပိုရှိတယ်။ ဟိုဘက်နိုင်ငံ၊ ဒီဘက်နိုင်ငံ ပွင့်ပွင့်လင်းလင်း စကားပြောလို့ရတယ်” ဟု သူက အကြံပြုသည်။ အပိုင်း(၂)သို့

