သက်ကြီးရွယ်အို စောင့်ရှောက်ရေးမူဝါဒ အချိန်မီ ရေးဆွဲဖို့လို

သက်ကြီးရွယ်အို စောင့်ရှောက်ရေးမူဝါဒ အချိန်မီ ရေးဆွဲဖို့လို

အချိန်က ခေါင်းပေါ် နေရောက်တဲ့အချိန်။ အချို့အဘွား တွေက သူတို့ရဲ့ ခုတင်အသီးသီးမှာ အိပ်စက်နေကြတယ်။ အချို့ အဘွားတွေကတော့ ဘေးနားက သူနာပြုဆရာမလေးဆီက သောက်ရေတောင်းတဲ့သူက တောင်း၊ မုန့်လှမ်းတောင်းတဲ့သူက တောင်းနဲ့ စီစီညံနေတယ်။

အနံပေ ၃ဝ၊ အလျား ၄၅ ပေရှိတဲ့ ဒီအခန်းလေးဟာ ဒီက နေ့ (ဇန်နဝါရီ ၅ ရက်)မှာ ခါတိုင်းထက် ပိုပြီးလှုပ်လှုပ်ရှားရှားဖြစ် နေတယ်။ အခန်းသန့်ရှင်းရေးတာဝန်ခံနှစ်ယောက်နဲ့ အလုပ် သမားအချို့ဟာ အိပ်ယာလိပ်နဲ့ အိပ်ယာခင်းအချို့ကို အခန်းထဲက နေ အပြင်ကို ဆွဲထုတ်နေကြပါတယ်။

ဓာတ်ပုံ - ဇေယျာလှိုင်/မော်ကွန်းမဂ္ဂဇင်း
ဓာတ်ပုံ – ဇေယျာလှိုင်/မော်ကွန်းမဂ္ဂဇင်း

ဒါကိုကြည့်ပြီး ခုတင်ပေါ်မှာ သွေးပေါင်ချိန်နေတဲ့ အသက် ၈၉ နှစ်အရွယ် အဘွားဒေါ်သိန်းကြည်ဟာ ထိတ်လန့်သွားတယ်။ သူ့ကိုသွေးပေါင်ချိန်ပေးနေတဲ့ သူနာပြုဆရာမလေးကို မဝံ့မရဲ လှမ်းမေးလိုက်တယ်။

ဘာတွေရွှေ့နေတာလဲ။ ငါတို့ကိုပါ ရွှေ့တော့မှာလား”

ဆရာမလေးက ဒါဟာ အခန်းသန့်ရှင်းရေးလုပ်တာဖြစ်ပြီး အဘွားတို့ကို ဘယ်ကိုမှ ရွှေ့ဖို့မဟုတ်ပါဘူးလို့ ပြောလိုက်တဲ့အခါ မှပဲ အဘွားဒေါ်သိန်းကြည်ဟာ စိတ်အေးလက်အေးဖြစ်သွားရ ပါတော့တယ်။

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(အရှေ့)၊ ၁၂ ရပ်ကွက်မှာရှိတဲ့ ဆည်း ဆာရိပ် ဂီလာနဘိုးဘွားရိပ်သာမှာ အဘွားဒေါ်သိန်းကြည်နဲ့အတူ အဘိုး၊ အဘွားအားလုံးပေါင်း ၆၄ ယောက်ရှိနေကြပါတယ်။ ဒီ ဂေဟာကို ရောက်လာကြတဲ့ အဘိုးအဘွားတွေက ပုံစံအမျိုးမျိုး ပါပဲ။ အဘွားဒေါ်သိန်းကြည်ဆိုရင် သူ့တူမက သူ့ကို ဒီဆည်းဆာ ရိပ်မှာ လာထားသွားတာဖြစ်ပါတယ်။

သူ့တူမဆိုတာက အဘွားဒေါ်သိန်းကြည် မွေးစားလာခဲ့တဲ့ တူမပါ။ အပျိုကြီးဒေါ်သိန်းကြည်ဟာ ၁၂ မျိုးချင်းသုပ်ရောင်းပြီး သူ့တူမလေးကို ခုနစ်လသားအရွယ်ကတည်းက ကျွေးမွေးစောင့် ရှောက်လာခဲ့တဲ့တာ ဖြစ်ပါတယ်။

ဒီဂေဟာလေးကတော့ အသက်၇ဝအထက်၊ သားသမီး ဆွေမျိုးကျောထောက်နောက်ခံမရှိသူ၊ ကျောထောက်နောက်ခံ ရှိပါသော်လည်း စောင့်ရှောက်မှု မရတဲ့သူ၊ ကျန်းမာရေးချို့တဲ့ပြီးလမ်းပေါ်မှာအစွန့်ပစ်ခံရတဲ့ ဘိုးဘွားတွေကို သူတို့ရဲ့ ဘဝနေဝင် ချိန်အထိ ပြုစုစောင့်ရှောက်ပေးတဲ့ ဂေဟာတစ်ခု ဖြစ်ပါတယ်။

ခိုးကိုးရာမဲ့တဲ့သက်ကြီးရွယ်အိုတွေကို အခုနောက်ပိုင်းမှာ လမ်းမတန်းတွေ၊ ဈေးတွေ၊ ဘူတာရုံတွေနဲ့ ဘုရားပရဝဏ်တွေမှာ ပုံစံအမျိုးမျိုးနဲ့ တွေ့ရှိလာရတယ်လို့ သက်ကြီးရွယ်အိုစောင့် ရှောက်ရေးလုပ်ဆောင်နေသူတွေက ဆိုပါတယ်။

”ဆေးရုံတက်ချိန်မှာ ဆေးဖိုးဝါးခမတတ်နိုင်လို့ ဆေးရုံ တွေပေါ်မှာပဲ မိသားစုရဲ့ စွန့်ပစ်တာကို ခံရတဲ့ သက်ကြီးရွယ်အိုတွေ၊ ဘုရားကျောင်းကန်၊ လူသူကင်းမဲ့တဲ့လမ်းတွေနဲ့ ဘိုးဘွားရိပ်သာ လို နေရာတွေရှေ့မှာ ညဘက်လာစွန့်ပစ်တာတွေ ရှိလာတယ်”လို့ ဆည်းဆာရိပ်တည်ထောင်သူတွေထဲက တစ်ဦးဖြစ်တဲ့ စာရေး ဆရာမ ဒေါ်သန်းမြင့်အောင်က ပြောပြပါတယ်။

မြန်မာ့ယဉ်ကျေးမှုမှာ သက်ကြီးရွယ်အိုတွေကို သားသမီး၊ မြေးမြစ်တွေက တစ်ဖန်ပြန်လည်ပြုစုရတဲ့ အစဉ်အလာရှိခဲ့ပေ မယ့် ပြောင်းလဲလာတဲ့ ခေတ်အခြေအနေ၊ လျော့ကျလာတဲ့ လူမှု တန်ဖိုး၊ ကျပ်တည်းလာတဲ့ စီးပွားရေးအခြေအနေတွေအရ လက် ရှိအချိန်မှာ သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်ရေးဟာ အလွန်အားနည်းနေတယ်လို့ သက်ကြီးရွယ်အို စောင့်ရှောက်ရေး လုပ်ဆောင်နေတဲ့ အဖွဲ့တွေက ဆိုပါတယ်။

ပညာရှင်တွေရဲ့အဆိုအရ လက်ရှိအချိန်မှာကတည်းက သက်ကြီးရွယ်အိုစောင့်ရှောက်ရေးလုပ်ငန်းတွေကို နိုင်ငံတော်ရဲ့ မူဝါဒတစ်ခုအနေနဲ့ ရေးဆွဲအကောင်အထည်ဖော်ဖို့ လိုအပ်နေပြီ လို့ဆိုပါတယ်။ ထိုသို့မဟုတ်ဘဲ အချိန်မီ မရေးဆွဲနိုင်ခဲ့ပါက နောင် ဆယ်စုနှစ် သုံး၊ လေးခုလောက်အကြာ တိုင်းပြည်ရဲ့ သက်ကြီးလူ ဦးရေများပြားလာတဲ့အခါမှာ အခက်ကြုံနိုင်စရာရှိတယ်လို့ ဆို ပါတယ်။

အစိုးရနဲ့ သက်ကြီးရွယ်အိုစောင့်ရှောက်ရေး လုပ်ဆောင် နေသူတွေရဲ့ ခန့်မှန်းတွက်ချက်မှုအရ လက်ရှိမြန်မာနိုင်ငံရဲ့ သက် ကြီးရွယ်အိုအရေအတွက်ဟာ လူဦးရေရဲ့ ၁ဝ ရာခိုင်နှုန်းဝန်းကျင် (ငါးသန်းကျော်) ရှိနေပြီ ဖြစ်ပါတယ်။

ခရစ်နှစ် ၂ဝ၅ဝ ရောက်တဲ့အခါ မြန်မာနိုင်ငံမှာ အသက်၆ဝ နဲ့အထက်ရှိလာမယ့် လူဦးရေဟာ နိုင်ငံလူဦးရေရဲ့ လေးပုံတစ် ပုံအထိ ရောက်ရှိလာနိုင်တယ်လို့ နိုင်ငံတကာမှာ တစ်ခုတည်း သော သက်ကြီးရွယ်အိုစောင့်ရှောက်ရေးအဖွဲ့ Help Age International နဲ့ ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UN Population Fund – UNFPA) တို့ ပြုလုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုက မှန်းဆထား ပါတယ်။

ဆိုလိုတာက ဒီကနေ့ အသက် ၂၃ နှစ်နဲ့ အထက် အသက် အရွယ်ရှိတဲ့သူတွေရဲ့ အရေအတွက်ဟာ ၂ဝ၅ဝ ရောက်တဲ့အခါ မှာ တစ်နိုင်ငံလုံးရှိ လူဦးရေနဲ့ နှိုင်းယှဉ်ရင် လေးယောက်မှာ တစ်ယောက်နှုန်းလောက် ရှိလာမှာဖြစ်ပါတယ်။

ဆည်းဆာရိပ် ဂီလာန ဘိုးဘွားရိပ်သာမှ အဘွားများ ။ ဓာတ်ပုံ - ကောင်းမြတ်မိုး/မော်ကွန်းမဂ္ဂဇင်း
ဆည်းဆာရိပ် ဂီလာန ဘိုးဘွားရိပ်သာမှ အဘွားများ ။ ဓာတ်ပုံ – ကောင်းမြတ်မိုး/မော်ကွန်းမဂ္ဂဇင်း

ဆင်းရဲမွဲတေမှုနဲ့ သက်ကြီးစောင့်ရှောက်ရေး ပြဿ      နာ

လက်ရှိမြန်မာနိုင်ငံရဲ့ သက်ကြီးအရေအတွက် ငါးသန်း ကျော်ထဲမှာ ဘိုးဘွားဦးရေ ငါးသိန်း (၁ဝ ရာခိုင်နှုန်း)လောက်ဟာ စောင့်ရှောက်မှုလိုအပ်နေတယ်လို့ လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးအောင်ထွန်းခိုင်က မော်ကွန်းကို ပြောပါ တယ်။

အဲဒီထဲကမှ ငါးသောင်းကျော်ကို အစိုးရ၊ ရပ်ရွာလူမှုအဖွဲ့ အစည်းတွေနဲ့ ပရဟိတဂေဟာတွေက စောင့်ရှောက်ထားနိုင် ပေမယ့် ကျန်လေးသိန်းခွဲကတော့ စောင့်ရှောက်မှုမခံကြရဘဲ လမ်းပေါ်မှာ တောင်းရမ်းစားသောက်နေကြရတယ်လို့ ဦးအောင် ထွန်းခိုင်က ဆိုပါတယ်။

နိုင်ငံအတွင်း အိမ်ထောင်ပြုနှုန်း၊ ကလေးမွေးဖွားနှုန်း ကျ ဆင်းခြင်းနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ယခင်ကထက် ကောင်း မွန်လာခြင်းတို့ကြောင့် သက်ကြီးရွယ်အိုအရေအတွက် မြင့်မား လာနေတဲ့ တစ်ချိန်တည်းမှာ အသက်ရှည်လာတဲ့ သက်ကြီးလူဦး ရေအတွက် ထိုက်သင့်တဲ့ စောင့်ရှောက်မှုတွေကို ဖော်ဆောင်ပေး ဖို့ကိုလည်း မေ့ထားဖို့မသင့်ဘူးလို့ ပညာရှင်တွေက ဆိုပါတယ်။

HelpAge International မှ ဌာနေကိုယ်စားလှယ် မစ္စတာတပ်ပန်ဘားမန်း (Mr.Tapan Barman) က ”ဒါက မြန် မာတစ်နိုင်ငံတည်း ရင်ဆိုင်နေရတဲ့ပြဿ      နာမဟုတ်ဘူး” လို့ ဆို  ပါတယ်။

”တစ်ကမ္ဘာလုံးမှာ ရင်ဆိုင်နေရတဲ့ပြဿနာပဲ။ ဒါကို အစိုး ရက ဘယ်လိုစီစဉ်မလဲ။ ဘယ်လိုလုပ်မလဲဆိုတာကို အခုကတည်း က အစိုးရအနေနဲ့ မူဝါဒတစ်ခု ချမှတ်ထားဖို့လိုပါတယ်”လို့ သူက မှတ်ချက်ပေးပါတယ်။

မြန်မာနိုင်ငံမှာ သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်တဲ့ ရိုးရာယဉ်ကျေးမှုရှိတော့ ဒါက သူများနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် အားသာချက်တစ်ခုဖြစ်တယ်လို့ မစ္စတာဘားမန်းက ဆိုပါတယ်။ ဒါပေမဲ့ ဒီထက် ဆင်းရဲမွဲတေမှု မြင့်တက်လာမယ်ဆိုရင်တော့ အခြေအနေ တော်တော်ဆိုးသွားနိုင်ပါတယ်လို့ သူက သတိပေး ပါတယ်။

အစိုးရကိန်းဂဏန်းများအရ လက်ရှိ မြန်မာနိုင်ငံလူဦးရေ သန်း ၆ဝ ရဲ့ ၂၆ ရာခိုင်နှုန်း (လေးယောက်မှာ တစ်ယောက်နှုန်း)ဟာ ဆင်းရဲမွဲတေမှုမျဉ်းကြောင်း (တစ်နေ့ ဝင်ငွေ တစ်ဒေါ်လာ သို့ မဟုတ် ၉၈ဝ ကျပ်) အောက် ရှိနေတယ်လို့ ဆိုပါတယ်။

ဆင်းရဲမွဲတေမှုဟာလည်း သက်ကြီးရွယ်အိုစောင့်ရှောက် ရေးမှာ ကြီးမားတဲ့ အဟန့်အတားတစ်ခုဖြစ်တယ်လို့ ပညာရှင် တွေက ဆိုကြတာဟာ အကြောင်းရှိပါတယ်။

တောရွာတွေမှာ အလုပ်မရှိတဲ့အတွက် ဆင်းရဲမှုဒဏ်ကို တွန်းလှန်ဖို့ လူငယ်လူရွယ်တွေဟာ မြို့ပေါ်တက် အလုပ်လုပ်လာ ကြသူတွေရှိသလို နိုင်ငံရပ်ခြားသို့ အလုပ်ကြမ်းသမားအဖြစ်နဲ့  သွားရောက်လုပ်ကိုင်ကြတဲ့သူတွေလည်း မနည်းမနောရှိလာနေ ပါတယ်။

နောက်ဆက်တွဲရလဒ်ကတော့ ကျေးတောရွာမှာ ကျန်ရစ် ခဲ့တဲ့ မိဘ၊ ဘိုးဘွားအစရှိတဲ့ သက်ကြီးရွယ်အိုတွေဟာ အထီးကျန် လာကြတယ်လို့ သက်ကြီးရွယ်အိုအရေး ဆောင်ရွက်နေသူတွေက ဆိုပါတယ်။

သက်ကြီးရွယ်အိုတွေနဲ့ပတ်သက်ရင် နောက်ထပ်တွေ့ရ လေ့ရှိတဲ့ ပြဿ      နာတစ်ခုကတော့ သားသမီးတွေနဲ့ မတည့်တဲ့ အတွက်ကြောင့် အိမ်ပေါ်ကဆင်းသွားကြခြင်းပဲဖြစ်တယ်လို့ ပညာရှင်တွေက ဆိုပါတယ်။

အိမ်ပေါ်ကဆင်းသွားတဲ့ သက်ကြီးရွယ်အိုအချို့ကတော့ သူတို့ဆွေမျိုးသားချင်းတွေရှိရာဆီကို သွားရောက်နေထိုင်ကြပေ မယ့် အချို့ကတော့ လမ်းပေါ်မှာပဲ ဖြစ်သလိုနေ၊ ဖြစ်သလိုစား သောက်ပြီး လမ်းပေါ်မှာပဲ ဘဝနေဝင်ချိန်အထိ နေထိုင်သွားကြ တာတွေလည်း ရှိပါတယ်။

တချို့ကျတော့လည်း ကံအားလျော်စွာ ပတ်ဝန်းကျင်က ဖေးမကူညီမှုကြောင့် သားသမီးတွေနဲ့ ပြန်ပေါင်းထုပ်နိုင်တာတွေ လည်းရှိပါတယ်။

၂ဝ၁၂ ရဲ့ တစ်ခုသော နံနက်ခင်းမှာ ကိုခိုင်သူရိန်နဲ့ သူ့သူ ငယ်ချင်းဟာ လှည်းတန်းဘက်ကိုလာဖို့ စမ်းချောင်းမြို့နယ်က မြေနီကုန်း ကားမှတ်တိုင်ဘက်ကို ဦးတည်လျှောက်လှမ်းလာကြပါ တယ်။ မြေနီကုန်းပန်းခြံရှေ့ အရောက်မှာ အဘွားအိုတစ်ယောက် လဲကျသွားတာကို လှမ်းမြင်လိုက်ကြပါတယ်။ ဘေးနားမှာ ကူညီ မယ့်သူရယ်လို့လည်း မရှိပါဘူး။

အခြေအနေမကောင်းမှန်းသိတာနဲ့ ကိုခိုင်သူရိန်တို့ သူငယ် ချင်းနှစ်ယောက်ဟာ အဲဒီ အဘွားကို တက္ကစီပေါ်တင်ပြီး ရန်ကုန် ဆေးရုံကြီးကို လိုက်ပို့ခဲ့ပါတယ်။

”အဘွားက အားတော်တော်နည်းနေပြီ။ တော်တော် လည်း ပိန်ချုံးနေပြီ။ သေချာကြည့်မိတော့မှ ခြေဖဝါးနဲ့ ခြေ ထောက်တစ်ဝိုက်မှာ ပြည်တည်နေတာ။ ပြည်ဖုတွေက ကွမ်းသီး လုံးလောက်ရှိတယ်။ လမ်းတောင် ကောင်းကောင်းမလျှောက်နိုင် ဘူး”လို့ ကိုခိုင်သူရိန်က သူမှတ်မိသမျှ ပြန်ပြောပြပါတယ်။

သူ့မှာမိသားစုရှိရင် ဆက်သွယ်ပေးဖို့မေးတဲ့အခါမှာ အဘွားဟာ သူ့သားနဲ့ အတူနေကြောင်းနဲ့ နောက်ပိုင်း စကားများ ရန်ဖြစ်ပြီး အိမ်ပေါ်က ဆင်းလာကြောင်း ပြောပြပါတယ်။ ဆက်သွယ်ပေးမယ်ဆိုတော့လည်း လက်မခံပါဘူးတဲ့။ နောက်ဆုံး အဘွားက သူ့အစ်ကိုကို ဆက်သွယ်ပေးဖို့ လိပ်စာပြောပြတာ ကြောင့် ဆက်သွယ်ကြည့်ရာမှာတော့ ဆွေမျိုးတွေ ရောက်လာ ကြပါတယ်။ အဘွားရဲ့ဆွေမျိုးတွေ ရောက်လာတဲ့အခါမှာ ကိုခိုင် သူရိန်  တော်တော် အံအားသင့်ခဲ့ရပါတယ်တဲ့။

”အဘွားရဲ့ ညီမတွေ ရောက်လာတယ်။ အသက် ၆ဝ ကျော် လောက်တွေပေါ့။ အကုန်လုံးက ကိုယ်ပိုင်ကားတွေနဲ့၊ အဘွားနဲ့က တခြားစီပဲ” လို့ ကိုခိုင်သူရိန်က ဆိုပါတယ်။

ဆွေမျိုးတွေ ပြောပြတာကတော့ အဘွားက အိမ်က ဆင်း သွားတာ တစ်နှစ်ကျော်လောက်ရှိပြီလို့ဆိုတယ်။ အဲဒီအချိန် အတွင်းမှာ သူ့ရဲ့သားကိုယ်တိုင်က လိုက်ရှာပေမယ့် မတွေ့လို့ လက်လျှော့ထားလိုက်ရတာလို့ ပြောပါတယ်။ သက်သတ်လွတ် စားတတ်တဲ့ အဲဒီအဘွားဟာ ဘုရားကျောင်းကန်တွေမှာ လိုက် လံတောင်းစားရင်း နီးစပ်ရာ ဇရပ်၊ ဘုရားပရဝဏ်တွေထဲမှာ ဖြစ် သ လို လှည့်လည်အိပ်ရင်း အသက်မသေရုံတမယ် နေထိုင်ခဲ့ရပါ တယ်။

တကယ်လို့များ အဲဒီအဘွားဟာ အဲဒီနေ့က ကိုခိုင်သူရိန်တို့ လို ကူညီဖေးမတတ်တဲ့လူမျိုးနဲ့ မတွေ့ခဲ့ဘူးဆိုရင် သူ့ရဲ့ ကံကြမ္မာ က မစဉ်းစားဝံ့စရာပါပဲ။

ဆည်းဆာရိပ် ဂီလာနဘိုးဘွားရိပ်သာမှ အဘွားများ။ ဓာတ်ပုံ - ကောင်းမြတ်မိုး/မော်ကွန်းမဂ္ဂဇင်း
ဆည်းဆာရိပ် ဂီလာနဘိုးဘွားရိပ်သာမှ အဘွားများ။ ဓာတ်ပုံ – ကောင်းမြတ်မိုး/မော်ကွန်းမဂ္ဂဇင်း

အသင့်ပြင်ထားတဲ့ ခုတင်တစ်လုံး

ဆည်းဆာရိပ်မှာတော့ ခုတင်နေရာလပ်တစ်ခုကို အမြဲချန် ထားရတယ်လို့ အဲဒီဂေဟာက အလုပ်အမှုဆောင် ဒေါ်ခင်မမက ဆိုပါတယ်။

အကြောင်းကတော့ လမ်းပေါ်မှာ စွန့်ပစ်ခံရတဲ့ အဘိုး၊ အဘွားတစ်ယောက်ယောက်နဲ့ပတ်သက်ပြီး တစ်စုံတစ်ယောက် က အကြောင်းကြားလာခဲ့ရင် အလျင်အမြန် ခေါ်ဆောင်ဖို့အတွက် ဖြစ်ပါတယ်လို့ သူက ဆက်ပြီးရှင်းပြပါတယ်။ အဲဒီလို အရေးပေါ် ခေါ်ဆောင်ရတာတွေလည်း ရှိခဲ့တာကိုး။

လွန်ခဲ့တဲ့ နှစ်နှစ်လောက်က အဘွားအိုတစ်ယောက်ကို ကယ်ခဲ့ရပုံနဲ့ပတ်သက်ပြီး ဒေါ်ခင်မမ ယနေ့တိုင် မှတ်မှတ်ရရ ရှိနေ ဆဲပါ။

၂ဝ၁၂ မတ်လရဲ့ ပူပြင်းလှတဲ့ နွေနေ့လယ်ခင်းတစ်ခုမှာပေါ့။ ဆည်းဆာရိပ်မှာ ရှိနေတဲ့ ဒေါ်ခင်မမဆီကို ဖုန်းဝင်လာတယ်။ ပုဇွန်တောင်ဘက်မှာ အဘွားတစ်ယောက် လမ်းမပေါ်မှာ လဲကျ နေတယ်တဲ့။ သတင်းပေးတဲ့နေရာကို ဒေါ်ခင်မမ ရောက်သွား ပါတယ်။

ဟိုရောက်တော့ အဘွားအိုတစ်ယောက် ပလက်ဖောင်းပေါ် မှာ လဲနေတာကို တွေ့လိုက်ရတယ်။ ဘေးနားမှာတော့ ရေဘူး တချို့ရှိရဲ့။ သို့ပေမဲ့ ရေသောက်နိုင်မယ့် အင်အားတောင် အဘွား အိုမှာ ရှိဟန်မတူ။ အနားကပ်ကြည့်ချိန်မှာ အနံ့က လုံးဝမခံနိုင်ဘူး တဲ့။ သူ့အသက်က နာရီပိုင်းပဲ၊ အလွန်ဆုံးနေရ နောက်တစ်ရက်ပဲ လို့ ဒေါ်ခင်မမ တွက်ဆလိုက်တယ်။ ဂေဟာကို ခေါ်သင့်၊ မခေါ်သင့် ခဏတော့ ဒွိဟဖြစ်သွားတယ်။

ရုတ်ခြည်းဆိုသလိုပဲ ဒေါ်ခင်မမဟာ စီးလာတဲ့ ဖိနပ်ကို ချွတ်ပြီး ပလက်ဖောင်းပေါ်ကို ခြေတစ်ဖက်တင်လိုက်တယ်။ ပြီး တော့ သူဆုံးဖြတ်ချက်ချလိုက်တယ်။ အဘွားအသက် တစ်နာရီပဲ ခံပါစေ၊ ဂေဟာကိုရောက်အောင် ခေါ်သွားဖို့ ဆုံးဖြတ်လိုက်တယ်။ ပလက်ဖောင်းအပူချိန်က သာမန်လူတောင် မခံရပ်နိုင်အောင် ခြစ်ခြစ်တောက်ပူနေမှတော့ လူမမာ အဘွားခံနိုင်ဖို့ဆိုတာ မဖြစ် နိုင်။

ဂေဟာရောက်ရောက်ချင်း ဆေးကုသတဲ့အခါမှာအဘွားရဲ့ သားအိမ်ကြီးတစ်ခုလုံး အပြင်ရောက်နေတာကို တွေ့လိုက်ရ တယ်။ အဲဒီကနေ အနံ့က ထွက်နေတာဖြစ်ပါတယ်။ ကံကောင်းစွာ ပဲ အဲဒီအဘွားဟာ ဒီနေ့အချိန်အထိ ဂေဟာမှာ အသက်ရှင်နေဆဲ ဖြစ်ပါတယ်။

နေ့ဂေဟာ ဖွင့်ပေးရေး၊ အကြောင်းကြောင်းကြောင့် သား သမီးတွေ မစောင့်ရှောက်နိုင်တဲ့ သက်ကြီးရွယ်အိုတွေကိုလည်း စောင့်ရှောက်မှုပေးရေးဟာ အလေးပေးလုပ်ဆောင်ပေးရမယ့် ကိစ္စတစ်ရပ်အဖြစ် ပညာရှင်တွေက အလေးထား ပြောဆိုလာကြ ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆင်းရဲနွမ်းပါးတဲ့ သက် ကြီးရွယ်အိုတွေအတွက် စောင့်ရှောက်ရေး ‘နေ့ဂေဟာ’တွေ ဖွင့် လှစ်ပေးနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ဦး ဆောင်ပေးဖို့အဆိုကို ဗဟန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းက ၂ဝ၁၃၊ ဒီဇင်ဘာ ၉ ရက်မှာ ပြုလုပ်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပုံမှန် အစည်းအဝေးမှာ  တင်သွင်းခဲ့ပါတယ်။

အဲဒီအဆိုကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှု ရေးဝန်ကြီး ဒေါက်တာမြင့်သိန်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေနဲ့ အဲဒီလုပ်ငန်းတွေလုပ်ဖို့အတွက် ငွေစာရင်းခေါင်းစဉ်သီးသန့်ရန်ပုံငွေ မရှိတဲ့အတွက်ကြောင့် အခက်အခဲရှိပါတယ် လို့ တုံ့ပြန်ခဲ့ပါတယ်။

ဦးအောင်ထွန်းခိုင်ကတော့ အစိုးရအနေနဲ့ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးအတွက် နေ့ပိုင်းနားနေဖို့ ကမ္ဘာအေးဘုရား လမ်းပေါ်ရှိ ချော်တွင်းကုန်းမီးပွိုင့်အနီးမှာ ဂေဟာတစ်ခုကို ဖွင့် လှစ်ထားတယ်လို့ ဆိုပါတယ်။

ကျန်ရှိတဲ့လုပ်ငန်းစဉ်တွေအနေနဲ့ကတော့ အစိုးရဆီမှာ မှတ်ပုံတင်ထားတဲ့ ဘိုးဘွားရိပ်သာတွေကို အစားအသောက်၊ အဝတ်အစားနဲ့ အခြားလိုအပ်တဲ့ ပစ္စည်းတွေကို ထောက်ပံ့ပေးနေ ပါတယ်လို့ သူက ဆက်ပြောပါတယ်။

အစိုးရကိန်းဂဏန်းတွေအရ တရားဝင်မှတ်ပုံတင်ထားတဲ့ ဘိုးဘွားစောင့်ရှောက်ရေးဂေဟာ တစ်နိုင်ငံလုံးမှာ ၆၂ ခုရှိပြီး မှတ်ပုံမတင်ရသေးတာတွေလည်း ရှိတယ်လို့ဆိုပါတယ်။

တခြားလုပ်ဆောင်မှုတွေကတော့ နိုင်ငံတကာအဖွဲ့အစည်း တွေနဲ့ ပူးပေါင်းပြီး အိမ်တိုင်ရာေရောက် စောင့်ရှောက်မှုတွေကို   လုပ်ဆောင်နေပါတယ်လို့ ဦးအောင်ထွန်းခိုင်က ဆိုပါတယ်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရချထားရေး ဝန်ကြီးဌာနကလည်း မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ဘိုးဘွားတွေကို အိမ်အရောက်ကျန်းမာရေး စောင့်ရှောက်မှုတွေကို ၂ဝဝ၄ ခုနှစ်မှာ စတင်လုပ်ဆောင်ခဲ့တယ်လို့ဆိုပါတယ်။

စစချင်းနှစ်မှာ နှစ်မြို့နယ်ကိုသာ စောင့်ရှောက်ပေးနိုင်ပြီး ၂ဝ၁၂  ခုနှစ်တွင် မြို့နယ်ပေါင်း ၁၅၄ မြို့နယ်အထိ တိုးမြှင့်နိုင်ခဲ့ တယ်လို့ ဆိုပါတယ်။

အဲဒီမြို့နယ်တွေမှာတော့ ဘိုးဘွားတစ်သောင်းခွဲကျော်ကို စေတနာ့ဝန်ထမ်းတွေနဲ့ အိမ်အရောက်စောင့်ရှောက်မှုတွေပေး နေတယ်လို့ ဆိုပါတယ်။ ယခုနှစ်မှ စပြီး ၂ဝ၁၆ အထိ နောက်ထပ် အဆင့်မြှင့်တင်မှုတွေကိုပြုလုပ်သွားမှာဖြစ်ပြီး အဲဒီအစီအစဉ်မှာ နာတာရှည်ရောဂါ ဖြစ်နေတဲ့ ဘိုးဘွားတွေကို စောင့်ရှောက်သွား မှာ ဖြစ်တယ်လို့ ဦးအောင်ထွန်းခိုင်က ဆိုပါတယ်။

ဒါပေမဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းကတော့ အစိုးရအနေနဲ့လုပ်ဆောင်နေတဲ့ သက်ကြီးရွယ်အို စောင့်ရှောက် မှုတွေကို အားရကျေနပ်မှုမရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။

အစိုးရနဲ့ အတိုက်အခံနှစ်ဖက်စလုံးဟာ သက်ကြီးစောင့် ရှောက်မှုတွေကို စိတ်မဝင်စားကြဘူးလို့လည်း ဒေါ်ညိုညိုသင်းက ဆိုပါတယ်။

အခြားစီမံကိန်းတွေကို ဘီလီယံများစွာ အသုံးပြုအကောင် အထည်ဖော်ပေမယ့် သက်ကြီးရွယ်အိုစောင့်ရှောက်ရေးအတွက် တော့ အသုံးပြု မှုမှာ အလွန်နည်းနေကြောင်း သူက အခုလို ဝေ ဖန်ပြောဆိုပါတယ်။

”ဘိုးဘွားရိပ်သာ ဆောက်တာတွေ၊ ဘိုးဘွားစောင့်ရှောက် မှုလုပ်တာတွေ မရှိဘူး။ အစိုးရဆိုတာ သက်ကြီးတွေကို အခမဲ့ ဆေးကုသခွင့်၊ အခမဲ့ ယာဉ်၊ ရထားစီးနင်းခွင့်၊ လုပ်ပေးရမှာတွေက အများကြီးပေါ့။ ဒါပေမဲ့ မရှိဘူး။ တခြားနိုင်ငံတွေနဲ့ ယှဉ်ရင် ဒါမျိုး တွေလုံးဝ မရှိဘူး”

နောင်လာမယ့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးနဲ့ပတ်သက်ပြီး အရေးကြီး အဆို ထပ်မံတင်သွင်းဖို့ ပြင်ဆင်နေပြီလို့လည်း သူက ဆိုပါတယ်။

  HelpAge International မှ ဌာနေကိုယ်စားလှယ်က တော့ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးနဲ့ ပတ်သက်ပြီး အစိုးရ က လိုလိုလားလားရှိတယ်လို့ ဆိုပါတယ်။

”လူမှုဝန်ထမ်းက (သက်ကြီးရွယ်အိုစောင့်ရှောက်ရေး ဥပဒေ)မူကြမ်း စရေးနေပါပြီ။ မကြာခင် လွှတ်တော်မှာ တင်နိုင် တော့မှာပါ”လို့ မစ္စတာဘားမန်းက ဆိုပါတယ်။

တစ်ဖက်ကကြည့်မယ်ဆိုရင် မြန်မာနိုင်ငံမှာက သက်ကြီး ရွယ်အိုစောင့်ရှောက်ဖို့အတွက်က အစိုးရမှာ အသုံးစရိတ် လုံလုံ လောက်လောက် မရှိသေးဘူးလို့ မစ္စတာဘားမန်းက ပြောပါ တယ်။ အဲဒီအသုံးစရိတ်တွေရှိမှ သက်ကြီးရွယ်အိုတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု၊ သက်ကြီးပင်စင်နဲ့ လူမှုလုံခြုံရေး ကိစ္စတွေကို လုပ်ဆောင်နိုင်မှာဖြစ်တယ်လို့ သူက ဆိုပါတယ်။

ကျိုက်ထီးရိုး နဂါးပတ်လမ်းမှာ တွေ့ရတဲ့ အဘွား ဒေါ်ကြင်စန်း။ ဓာတ်ပုံ - ကောင်းမြတ်မိုး/မော်ကွန်းမဂ္ဂဇင်း
ကျိုက်ထီးရိုး နဂါးပတ်လမ်းမှာ တွေ့ရတဲ့ အဘွား ဒေါ်ကြင်စန်း။ ဓာတ်ပုံ – ကောင်းမြတ်မိုး/မော်ကွန်းမဂ္ဂဇင်း

ကြမ်းရှဦးမယ့် ဘဝများ
 
သက်ကြီးရွယ်အိုဆိုင်ရာ စောင့်ရှောက်မှုတွေ၊ ပံ့ပိုးမှုတွေကို အစိုးရအနေနဲ့ လုပ်မပေးနိုင်သေးခင်မှာတော့ ဆိုက်ကားနင်းရင်း အသက်မွေးနေရတဲ့ အသက် ၆၆ နှစ်အရွယ် ဦးအေးကြူ တို့ရဲ့ ဘဝဟာ ဆက်လက် ခက်ခဲ၊ ကြမ်းတမ်းနေဦးမှာပါပဲ။

လမ်းမတော် မော်တင်ဆိပ်ကမ်းမှာ ဦးအေးကြူ လုပ်ကိုင် စားသောက်လာတာ အနှစ် ၂ဝ ကျော်ရှိပါပြီ။ ဒီမှာ သူ အလုပ်မျိုးစုံ လုပ်ခဲ့ဖူးပါတယ်။ အခု နောက်ဆုံးအလုပ်ကတော့ အနှေးယာဉ် လုပ်သား ဖြစ်ပါတယ်။

သူ့ရဲ့အသက်အရွယ်ကြောင့် ဘယ်ကုမ္ပဏီကမှ သူ့ကို အလုပ်မခန့်တော့ပါဘူး။ ခြံစောင့်အလုပ်တောင် ခန့်မယ့်သူမရှိ ပါဘူး။ တကယ်ဆိုရင် အသက်အရွယ်အရ နားနားနေနေ သူနေ ချင်ပါပြီ။ ဒါပေမဲ့ လက်လုပ်လက်စား ဦးအေးကြူ တို့မိသားစုမှာက တစ်ယောက်လုပ်အားလျော့ရင် လျော့သလောက် အခက်အခဲ ဖြစ်လေ့ရှိတော့ နားဖို့ကို စိတ်ပင် မကူးနိုင်ပါဘူး။

”ဒီအသက်အရွယ်နဲ့ အိမ်မှာ နားနားနေနေ နေချင်တာ ပေါ့။ ဘုရား၊ တရားလုပ်ပြီး ငြိမ်းငြိမ်းချမ်းချမ်းလေးပေါ့။ ဒါပေမဲ့ ကိုယ့်စီးပွားရေး အခြေအနေက မလုပ်လို့မရဘူးလေ”လို့ ဦးအေး ကြူ က ညည်းပါတယ်။

ကျောင်းကန်ဘုရားကိုလည်း ဦးအေးကြူ သွားချင်တယ်။ အလှူ အတန်းတွေလည်း လုပ်ချင်တယ်။ ဒါပေမဲ့ အလုပ်ပြီးရင်း အလုပ်လုပ်နေရတဲ့ သူ့အတွက်တော့ ဘုရားကျောင်းကန်ဆိုတာ လည်း ဘာမှန်းမသိတော့။ တစ်နေ့ သုံးထောင်လောက် မနည်းရ အောင်ရှာပြီး ဝမ်းရေးကို ကျောင်းနေရတဲ့အနေအထားမှာ အလှူ အတန်းဘက်ကိုလည်း မလှည့်နိုင်ရှာပါ။

”ကိုယ်ဝမ်းနာ ကိုယ်ပဲသိတယ်။ ကိုယ့်အိမ်မိသားစု အကြောင်း ကိုယ်ပဲသိတယ်”

တချို့သက်ကြီးရွယ်အိုတွေကျတော့လည်း အလုပ်မလုပ် နိုင်တော့တဲ့အခါမှာ မြို့ပြရဲ့ လူစည်ကားရာ လမ်းမတန်းတွေ၊ ဘုရားကျောင်းကန်တွေမှာ လှည့်လည်တောင်းရမ်းရင်း မိသားစု ဝင်ငွေကို တစ်ဖက်တစ်လမ်းက ကူရှာနေကြရပါတယ်။

ဒီလိုတောင်းရမ်းစားသောက်နေကြတဲ့ ဘိုးဘွားတွေဟာ မြို့ပြတွေမှာပဲရှိနေတာ မဟုတ်ဘဲ မြန်မာနိုင်ငံအနှံ့အပြားမှာ ရှိ နေပါတယ်။

အသက် ၇၆ နှစ်ရှိတဲ့ အဘွားဒေါ်ကြင်စန်းဆိုရင် သူ့သမီး က မွေးထားတဲ့ မြေးသုံးယောက် စားဖို့သောက်ဖို့နဲ့ ကျောင်းစရိတ် လေးရအောင် ကျိုက်ထီးရိုးဘုရားကနေ မိနစ် ၃ဝ လောက် လျှောက်ရတဲ့ နဂါးပတ်လမ်းတစ်လျှောက်မှာ တောင်းရမ်းနေတာ လေးလလောက်ပင် ရှိသွားပါပြီ။

တစ်ခုလပ်ဖြစ်တဲ့ သူ့သမီးက ဘုရားဂေါပကရုံးမှာ အလုပ် လုပ်တာ တစ်လ သုံးသောင်းလောက်ရတယ်လို့ ဆိုပါတယ်။ ဒါ ပေမဲ့ မိသားစုစားဝတ်နေရေးအတွက် သမီးလုပ်စာတစ်ခုတည်း အပေါ်မှာ မှီခိုနေလို့မရပါဘူး။ ဒါကြောင့်လည်း အဘွားဒေါ်ကြင်စန်း အခုလို ထွက်ပြီး တောင်းရမ်းနေရတာဖြစ်တယ်လို့ ဆိုပါတယ်။

”မြေးသုံးယောက်အတွက် ဒီလိုလုပ်မှပဲ ရတော့မှာ၊ သူတို့ လေးတွေကို ပညာတတ်စေချင်တယ်”လို့ ပြောပြပါတယ်။

ခန္ဓာကိုယ် ပိန်ပိန်ပါးပါးနဲ့ ရှေ့သွားတွေမရှိတော့တဲ့ အဘွား ဒေါ်ကြင်စန်းဟာ တစ်ရက်ကျပ်သုံးထောင်ကျော်လောက်ရ တယ်လို့ပြောပါတယ်။ အဘွားမှာ ရောဂါအထွေအထူးမရှိပေမယ့် မကြာခဏတော့ လေအောင့်တတ်တယ်လို့ ပြောပါတယ်။ ဒီလို ခံစားရတိုင်းလည်း ဆေးမြီးတိုတွေနဲ့ပဲ ကုသနေပါတယ်။ တောင် အောက်ဆင်းပြီး ဆေးခန်းပြနိုင်ဖို့ဆိုတာ ငွေရေးကြေးရေးအရ မတတ်နိုင်ဘူးလို့ အဘွားက ဆိုပါတယ်။

အဘွားက သူ ဒီထက်အသက်ရှည်အောင် နေချင်ပါသေး တယ်တဲ့။ အကြောင်းကတော့ အိမ်မှာ သူ မရှိရင် ဖြစ်လာမယ့် စီးပွားရေး ပြဿ      နာတွေကို စိုးရိမ်လို့ပါတဲ့။

”ဘုရားရှိခိုးတိုင်း ဆုတောင်းနေတယ်။ ကျန်းမာပါစေလို့။ ဒီဆုပဲ တောင်းတော့တယ်”လို့ အဘွားဒေါ်ကြင်စန်းက ဆိုတယ်။

အကြောင်းကတော့ ”ကိုယ်သေရင် ရှာနိုင်တဲ့သူတစ်ယောက် လျော့သွားမှာ”မို့ပါတ ဲ့။    ။

၂၀၁၄-ဇန်နဝါရီလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၁၁)မှ သတင်းဆောင်းပါး ဖြစ်ပါသည်။

ကောင်းမြတ်မိုး နှင့် ခင်မောင်မြင့် ရေးသည်။

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."