ပါဂျောင်လူသတ်ကုန်းမှ ပဲ့တင်သံများ အပိုင်း(၂)

ပါဂျောင်လူသတ်ကုန်းမှ ပဲ့တင်သံများ အပိုင်း(၂)

ဒီဇင်ဘာ-၂၀၁၂ – ဇန်နဝါရီ-၂၀၁၃ထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၃)မှ မှတ်တမ်းဆောင်းပါး ဖြစ်ပါသည်။

ထွန်းဦးခိုင် ရေးသည်။

တိုက်ပွဲများနှင့် သံသယ

ကျွန်တော်တို့ စစ်ကြောင်းသည် တပ်ရင်း-၅ ဝန်းကျင်တွင် သွားလာလှုပ်ရှား နေပါသည်။ စခန်းဟောင်းတွင်ကား မထိုင် ဖြစ်တော့ပါ။ တစ်နေ့တွင် ကိုအောင်ဆွေဦး ခေါင်းဆောင်သော စစ်ကြောင်းနှင့် ပေါင်း မိပါသည်။ ကိုအောင်ဆွေဦးက ၇ဝ၂ တပ် ရင်းအသစ် ထပ်ဖွဲ့သောအခါ တပ်ရင်းမှူး တာဝန်ဖြင့် တပ်ရင်း-၆ ဒေသ ဖားကန့်သို့ တာဝန်ကျပါသည်။ ၇ဝ၂ တပ်ရင်း၏ ရုံး အဖွဲ့တာဝန်ခံမှာ ကိုညီညီလွင်၊ ဝန်းသိုသား ဖြစ်ပါသည်။ သူက ရွှေဘိုကောလိပ်တွင် ကျောင်းတက်ဖူးပါသည်။ ထို့ကြောင့် ရွှေဘိုသား ကျွန်တော့်ကို ခင်နေပါသည်။ သူတို့ နှစ်ယောက်က ကျွန်တော့်ကို ၇ဝ၂ တပ်ရင်းသို့ ခေါ်သွားပါသည်။ အဲဒီအချိန် ကတည်းက ကိုအောင်ကျော် (သောင်း ညွန့်-တောင်သာ-ရေဆင်းတက္ကသိုလ်)နှင့် ကွဲသွားပါသည်။ ယနေ့အချိန်ထိ သတင်း အတိအကျ စုံစမ်းမရသေးပါ။ ကိုညီကျော် (မန္တလေး)ကတော့ ကိုအောင်ကျော် ကျဆုံးသွားပြီဟု ပြောပါသည်။

ကျွန်တော်တို့စစ်ကြောင်းသည် ဆားမှော်နှင့် နေ့တစ်ဝက်လျှောက် ခရီး အကွာအဝေး တောထဲတွင် နေရာယူ ထားပါသည်။ တခြား ကေအိုင်အေစစ် ကြောင်းများလည်း လာရောက် ပေါင်းဆုံ ကြပါသည်။ ထိုအချိန်တွင် သိန်းထွန်း (ဇီးကုန်း)ကို ကေအိုင်အေမှ တိုက်ခိုက်ရေး (Point)တပ်စိတ်နှင့် တောထဲတစ်နေရာ တွင် သီးခြားတစ်ယောက်တည်းတွေ့၍ ပြန်ခေါ်လာပါသည်။ အမှန်ကတော့ ကြိုး ချည်၍ ဖမ်းလာခြင်းဖြစ်ပါသည်။ ကေအိုင် အေမှ ကျောင်းသားတပ်ဖွဲ့ သို့ ပြန်အပ်ပါ သည်။ ကျောင်းသားအဖွဲ့မှ တာဝန်ရှိသူ အချို့က သူ့ကို စစ်မေးနေတာကို ဖြတ် သွားရင်း ကျွန်တော်မြင်တွေ့ရပါသည်။ စိတ်မကောင်းတော့ဖြစ်မိပါသည်။ ကျွန် တော်တို့အဖွဲ့ကလည်း သံလမ်းကို ဖြတ် ကူးခါစအချိန်ဆိုတော့ အဆင်သင့် အနေ အထားဖြင့် ကိုယ့်တပ်စိတ်နှင့်ကိုယ်နေ ကြရပါသည်။ အဲဒီ စစ်မေးနေသော အချိန် ညမှာပင် သိန်းထွန်း (ဇီးကုန်း)ကို သတ်ပစ်လိုက်ပါသည်။ တကယ်တော့ သူ ပြန် သွားတာလား၊ ပြန်မသွားဘူးလား၊ လူကွဲ သွားတာလားဆိုတာကိုတော့ သူကိုယ် တိုင်နှင့် မေးသည့်သူများပဲ သိပါလိမ့်မည်။ အဲဒီအချိန်မှာ တိုက်ပွဲတွေဖြစ်ပြီး ရှုပ်ထွေး နေသောအချိန်၊ ရှောင်တိမ်းသော စစ်ကြောင်းက ရှောင်တိမ်းဆိုတော့ သတင်း ပေါက်ကြားလို့တော့ မရပါ။

စစ်ဆင်ရေးကာလမဟုတ်သည့် အချိန်တို့၊ နောက်တန်းဗဟိုတို့လိုနေရာမျိုး တွေမှာဆိုလျှင်တော့ ဒီလိုပြဿ နာလောက်တော့ ဖြေရှင်း၍ရမည်ထင်ပါသည်။  ယခု နေရာက ရှေ့တန်းစစ်မြေပြင်နေရာ စစ်ဆင်ရေးအချိန်ဆိုတော့ နေရာကို အတည်တကျမနေဘဲ ပြောင်းရွှေ့ပြီးသိုသို သိပ်သိပ်နေရသည့်အနေအထားဆိုတော့ ဆုံးဖြတ်ချက်တွေက မတူညီတော့ပါ။ ညနေစောင်းအချိန်တွင် ထွန်းသိန်း (မှိုှု်င်းဝေအစ်ကို)၊ သိန်းထွန်း (ဘူးသီး)၊ ထွန်းသိန်း (ဆေးဆရာ)နှင့် ကျွန်တော်တို့လေးယောက် ကို တပ်ရင်း-၆ ဖားကန့်ဘက်သို့ကူးမည့် ကေအိုင်အေစစ်ကြောင်းနှင့် ထည့်ပေး လိုက်ပါသည်။ ခရီးပြင်း လျှောက်ရပါသည်။ ညဘက်ရောက်တော့ လယ်ကွင်းတွေ ထဲမှာ ကျွန်တော်တို့စစ်ကြောင်းအားလုံး ဝပ်နေ ကြရပါသည်။

ဆားမှော်ဘူတာရုံကို မီးရောင်ကြောင့် လှမ်းမြင်နေရပါသည်။ ရပ်ကွက် လား၊ ရွာလား ကျွန်တော်တို့မသိပါ။ ဗီဒီ ယိုရုံမှ ကော်နီ၏ ကိုကိုလို့မခေါ်တော့ဘူး ဆိုသည့်သီချင်းသံကို ကျွန်တော်တို့တစ် တွေ ကြားနေရပါသည်။ လယ်ကွင်းပြင်ထဲတွင် အကြာကြီး ငြိမ်နေကြရပါသည်။ တော်တော်ကြီးမိုးချုပ်လို့ ဘာသံမှမကြား ရတော့မှ ကေအိုင်အေစစ်ကြောင်းမှူးက သံလမ်းကို ဖြတ်မယ်၊ ခြေထောက်နဲ့ သံလမ်း မတိုက်မိစေနဲ့ဟု သတိပေးစကား ပြောပါသည်။ ဆားမှော်ဘူတာရုံမှ ၇၅ မီတာ အကွာအဝေးလောက် ရှိမည်ထင် ပါသည်။ ကျွန်တော်တို့ စစ်ကြောင်းသည် သံလမ်းကိုဖြတ်ကူးပြီး မိုးကောင်း၊ ဖားကန့်၊ ကာမိုင်းကားလမ်းကို ဖြတ်ကာ တော လမ်းခရီးအတိုင်း မနားတော့ဘဲ အပြင်းသွားကြရပါသည်။ ထို့နောက် ကျွန်တော်တို့လေးယောက်ကို ၂၅၁ တပ်နှင့် ပြောင်းပြီးထည့်ပေး၍ အတူသွား ရပါသည်။ ဒူကမ္ဘာလှဆိုင်းက ဦးဆောင်ပါ သည်။ တောလမ်းအတိုင်း ကျွန်တော်တို့ကိုခေါ် သွားပြီး ဆိုင်းတောင်ရွာဟောင်းသို့ သွားသည့်လမ်းကိုရောက်သောအခါ လမ်းခွဲပြီး ကျွန်တော်တို့လေးယောက် သည် ဖားကန့်သို့ ညတွင်းချင်းအရောက် သွားကြပါသည်။ အရင်ရောက်နေသော သူငယ်ချင်းများလည်း တွေ့ရပါသည်။ နောက်ရက်တွင် ဖားကန့်မှ ဆိုင်းတောင် ရွာသစ်သို့ ကျွန်တော်တို့ ပြောင်းရွှေ့ရ ပါသည်။ ဆိုင်းတောင်ရွာသစ်က အိမ် တစ်အိမ်မှာ ရက် ၂ဝခန့် နေကြရပါသည်။

ထို့နောက် အဲဒီကမှတစ်ဆင့် ဖားပြင်ဆိုသော ရွာလေး တစ်ရွာမှာ ကိုညီညီ လွင် (ဝန်းသို)၊ အန်တီအေး (ရန်ကုန်)၊ ဆန်းဆန်း (မြစ်ကြီးနား)၊ ကျော်ကျော်ဦး (ကသာ)၊ တပ်စိတ်တစ်စိတ်တည်း နေရပါသည်။ တစ်ခါ တစ်ရံ ညတွေမှာ တောင် ပေါ် ရှိ မှော်တွေထဲတွင် လှည့်နေ ရပါသည်။  အောင်ကျော်ဝင်း (အင်းတော်)က ဖားကန့်မှာ ကျွန်တော့်အရင်ရောက်နေပြီး ဂျက်ကော့ခါးပတ်ကို ကျွန်တော်က တောင်း၍ လက်ဆောင်အဖြစ် ချွတ်ပေးပါ သည်။ ကျွန်တော်တို့နေသော ဖားပြင်ရွာမှ ဖားကန့်သို့ အလည်သွားရန် ကိုညီညီလွင်က ကျွန်တော်နှင့် ကျော်ကျော်ဦးကို မုန့်ဖိုးနှစ်ရာစီ  ပေးပါသည်။

ကျွန်တော်ကတော့ လက်ဖက်ရည် ဆိုင်ထိုင်ပြီး နှစ်ခွက် သောက်ပစ်လိုက်ပါ သည်။ မသောက်ရတာ ကြာတော့ လက်ဖက်ရည်က တော်တော် အရသာရှိ ပါသည်။ ကျောင်းဆရာ ကိုပီတာ (မန္တ လေး)၊ ကိုရန်ရှင်း (ရေဆင်းတက္ကသိုလ်) တို့ကိုလည်းတွေ့ရပါသည်။ ဖားကန့်ဒေသ တွင် နယ်ပေါင်းစုံမှ အရင်း အနှီးရှိ သော လူများ၊ အရင်းအနှီးမရှိသောလူများ အားလုံးအလုပ်လာလုပ်ကြပါသည်။ ကျောက်တူးသူများသည်လည်း ကိုယ် အလုပ်လုပ်သည့်မှော်တွင် ကိုယ့်လောပန်း နှင့် ကိုယ့်အဖွဲ့လိုက် သစ္စာရှိရှိ ပူးပေါင်း အလုပ်လုပ်ကြပါသည်။ ကျောက်အောင် လျှင်တော့ ကျောက်တူးအလုပ်သမားများ သည်လည်း လောပန်းဖြစ်နိုင်ခွင့် အိပ်မက်ကိုယ်စီရှိကြပါသည်။ အရက်ဆိုင်က လည်း ပေါမှပေါ။ ဆိုင်ကြီး၊ ဆိုင်သေး ပုံ သဏ္ဌာန်အမျိုးမျိုး၊ လောင်းကစားဝိုင်း တွေကလည်း ပေါမှပေါ။ လောင်းကစား နည်းပေါင်းစုံလင်ပါ သည်။ ကိုယ်မသိသော ကိုယ် မကြားဖူးသော ကစားနည်းတွေ မျိုးစုံရှိပါသည်။

ကျွန်တော်က ဖားကန့်တွင် နေ့ဝက် လောက်နေပြီး ညနေစောင်းတွင် ဆိုင်း တောင်သို့ ပြန်လာပါသည်။ ထိုမှတစ်ဆင့် ဖားပြင်သို့ ပြန်လာပါသည်။ ကျောက်စိမ်း ထွက်သော ဒေသတွင် ငါးလဝန်းကျင် လောက်နေရပြီး ဗဟိုသို့ ပြန်လာကြပါ သည်။ ယခုအပြန်ခရီးတွင် ကေအိုင်အေ စစ်ကြောင်းမပါဘဲ ကိုအောင်ဆွေဦး ခေါင်းဆောင်သော ကျောင်းသားစစ် ကြောင်း သက်သက်ဖြင့် ပြန်လာပါသည်။ ဆားမှော်အနီးဝန်းကျင်တွင် သံလမ်းကို ဖြတ်မကူးနိုင်တော့ဘဲ ပိတ်မိနေပါသည်။ ကျွန်တော်တို့စစ်ကြောင်းသည် တောင်ပေါ်သို့တက်ခဲ့ကြပြီးနောက် တိုက်ပွဲဖြစ် ပါသည်။ ကျွန်တော်တို့ ကျောင်းသား စစ်ကြောင်းသည် နားမနေဘဲ အပြင်းအထန် ခရီးပြင်းနှင်ကြရပါသည်။ ထမင်း စားချိန်မှလွဲပြီး နေ့မနား ညမနား ခရီးပြင်း လျှောက်ကြရပါသည်။ လမ်းတွင် ရိက္ခာ နှင့်လဲရန်၊ လိုအပ်ပါက ဆေးအဖြစ်သုံးရန် ဘိန်းမည်းတစ်ပိဿ       နှစ်ထုပ်ကို ကျွန်တော်၏ ကျောပိုးအိတ်တွင်ထည့်ပြီး သယ်ရသည် မှာ မချောင်လှပေ။ ရေရှည်ခရီးသွားသည့် အခါ ရေခွက်ကလေးတစ်ခွက်ကပင် သူ့ အလေးချိန်နှင့်သူ သိသာလှပါသည်။ ကျွန်တော့်ကို ယုံကြည်စိတ်ချသဖြင့် သယ်ခိုင်းခြင်းဖြစ်ပါသည်။ မှိုင်းခံစက္ကူဖြင့် ပတ်ထားပြီး ဂုန်နီကြိုးဖြင့် ပတ်ပတ်လည် ချည်ထားပါသည်။ မြစ်ကြီးနားအထက် ချီဗွေ-လောခေါင်လမ်းအထိ ဖောက်ထွက် ကြရပါသည်။

တစ်ခါတစ်ရံ တောလမ်းထဲက လျှောက်လိုက်၊ လမ်းမကြီးက လျှောက် လိုက်နှင့် ပူတာအိုက ရေခဲတောင်ဖွေးဖွေး ကို နေရောင်အောက်တွင် လှမ်းမြင်တွေ့ရ ပါသည်။ မြန်မာပြည်၏ မြောက်ဘက်ဖျား နှင့် အနောက်မြောက်ဘက်ဖျား တို့တွင် တောင်တန်းမြင့်ကြီးများ အလွန်ထူထပ် လှပါသည်။  မြေပြန့်ကို မတွေ့သလောက် ပင်။ တောင်မတ်မတ်တွေချည်းပဲ တက် နေရပါသည်။

မှတ်မိနေပါသေးသည်။ မြစ်ကြီးနား အထက်နားတွင် ထင်းရှူးတောင် တစ် တောင်ရှိပါသည်။ တောင်တစ်ခုလုံး ထင်းရှူး ပင်တွေချည်းပဲ ပေါက်ပါသည်။ ဝါးရုံပင် လည်းရှိပါသည်။ အဲဒီတောင်ပေါ်တွင် ကျွန် တော်တို့စစ်ကြောင်းသည် ရိက္ခာဆန် ပြတ်သွားပါသည်။ ဆန်ပြုတ်စရာပင် မရှိပါ။ ဝါးပင်မှထွက်သော မျှစ်များကို လိုက်ချိုးရပါသည်။ မျှစ်များကို မီးသွေးခဲ ထည့်ပြီး အဆိပ်အတောက်ပျောက် စေရန်ပြုတ်ကြရပါသည်။ ရေသုံးခါ လောက်ငှဲ့ပြီး ဆားဖြင့်နယ်ပြီး စားကြရပါ သည်။ လေးနပ်လောက် မျှစ်ပြုတ် စားခဲ့ရ ပါသည်။ မငတ်တာကိုပင် ကျေးဇူးတင် ရမည်။

နောက်မှ ရွာဆက် ပြန်တွေ့ပြီး ထမင်း စားရပါတော့သည်။ ကျွန်တော့်ဆီ မှာပါလာသော ဘိန်းမည်းဖြင့် ဟင်းလဲစား ရပါတော့သည်။ ပိုက်ဆံဖြင့် ဝယ်၍မရပါ။ ဘိန်းမည်းဖြင့် လဲမှသာ ရပါတော့ သည်။ မေခမြစ်နှင့် မလိခမြစ် နှစ်ခုစလုံးကို ဝါးဖောင်ငယ် သေးသေးဖြင့် ကူးဖြတ်ရပါ သည်။ တစ်ခေါက်ကူးမှ သုံး ယောက်သာ လိုက်ပါရပါ သည်။ မြစ်ကိုမကူးခင်မှာ ရေချိုးကြပါသည်။ မြစ်က နက်သော ကြောင့် ရေက စိမ်းကြည်နေပါသည်။ ကျောက်တုံး ကျောက်ဆောင် တွေလည်း ပေါများပါသည်။ ရေက ရေခဲကဲ့သို့ အေးသောကြောင့် အကြာ ကြီးမချိုးနိုင်ကြပါ။ ခဏချိုးပြီး ပြန်တက် ကြရသည်။ ကေအိုင်အေ၏ တပ် မဟာ-၁၊ တပ်မဟာ-၂ နှစ်တပ်စလုံးကို ဖြတ်သွား ကြရပါသည်။

တောင်ပေါ်အယူအဆနှင့် ဓလေ့   

လမ်းတွင် လီဆူးရွာများကိုလည်း တွေ့ကြရပါသည်။ နတ်ကြော့ရွာဟုခေါ် သော နတ်ကိုးကွယ်သည့်ရွာများကိုလည်း တွေ့ရပါသည်။ ကျွဲခေါင်းကြီးများ အိမ်တိုင် မှာ ကပ်ချည်ထားပြီဆိုလျှင် နတ်ကြော့ အိမ်ဖြစ်ပါသည်။ အဲဒီလိုအိမ်မျိုးမှာ တည်း လျှင် အလွန်သတိထားရပါသည်။ သူတို့ မပေးဘဲ ဘာမှမယူရပါ။ သူတို့ ကြည်ကြည် ဖြူဖြူ ပေးမှသာယူပြီးစားကြရပါသည်။ တောကြီးတောင်ကြီးထဲတွင်ဆိုတော့ လွဲချော်သွားမှာကို အလွန် စိုးရိမ်ကြပါသည်။ တချို့ ရွာတွေဆိုလျှင် သူတို့ရွာထဲဝင်တော့ မည်ဆိုလျှင် ၎င်းတို့ရွာထိပ်တွင်ရှိသော ကျောက်တုံးကြီး တစ်တုံးပေါ်သို့ မြေကြီး ပေါ်ရှိ ကြွေကျနေသော သစ်ရွက်ကို ကောက်တင်ပြီးမှဝင်ရပါသည်။ ကျွန်တော် တို့လည်း သေချာနားမလည်ပါ။ ရှေ့ကလူ ကကောက်တင်သောကြောင့် နောက်မှ လိုက်ပြီး လုပ်ဆောင်ရပါသည်။

ထိုနေရာတွင် မှားသည်၊ မှန်သည်ဟု အယူအဆ ငြင်းခုံနေ၍မဖြစ်ပါ။ သူ့ဓလေ့၊ သူ့ဒေသအလိုက်အရိုအသေပေးလုပ် ဆောင်ရပါသည်။ တစ်ရွာလုံးမှ နတ်ကြော့ ဟုခေါ်သော နတ်ကိုးကွယ်သည့်အိမ်ဆို၍ သုံး၊ လေးအိမ်သာရှိပါသည်။ ရံဖန်ရံခါတွင် တော့ တစ်ရွာလုံးနီးပါး နတ်ကိုးကွယ်ပါ သည်။ များသောအားဖြင့် တောင်ပေါ်ဒေသ ကချင်တိုင်းရင်းသား၊ လီဆူး၊ ရဝမ်၊ ရှမ်း လူမျိုးများသည် လူမျိုးသာကွဲနေကြသော် လည်း ကိုးကွယ်မှုအများဆုံးမှာ ခရစ်ယာန်ဘာသာကို ယုံကြည်ကိုးကွယ်မှုက များသည်။

ကျွန်တော်တို့ စစ်ကြောင်းသည် မြန်မာပြည်၏ မြောက်ဖျားပိုင်းသို့ ရောက်လာလေလေ တောင်တန်းတွေက မြင့်သထက် မြင့်လာလေ ဖြစ်နေပါ သည်။ မြေပြန့်ကို မတွေ့ရတော့ပါ။ တက်ပြီးရင်းတက်ရင်း ဖြစ်နေပါတော့သည်။ မနက်မိုးလင်းလို့စစ်ကြောင်း စထွက်ပြီဆိုကတည်းက တောင်ကို စပြီးတက်ရပါတော့သည်။

ရွာတွေကလည်း တောင်ကမ်းပါး ယံ၊ တောင်ထိပ်တွေမှာ ရွာတည်ထားပါ သည်။ လေကလည်း အေးလှပါ သည်။ တချို့ ရွာများဆိုလျှင်  တိမ်တွေက ခေါင်းပေါ် ရောက်နေကြပါသည်။ နံနက်စောစောဆိုလျှင် မြူတွေက တောင်တွေကြားတွင် ပတ်ကာ ဝိုင်းနေကြပါသည်။ အလင်းအား မကောင်းသေးသောအချိန်ဆိုလျှင် မြစ်ရေ ပြင်ကြီးဟု မှတ်ထင်နေရပါသည်။

တောင်များထူထပ်သောကြောင့် ကျွန်တော်တို့စစ်ကြောင်းသည် နားနားနေနေ သွားကြပါသည်။ တချို့ ရွာကြီးဆိုလျှင် နှစ်ညလောက် အိပ်ကြရပါသည်။ စားစရာရိက္ခာဝယ်လို့ရလျှင် ညအိပ်ကြပါသည်။ ရှောက်ပန်းသီး အချိုပင် နိမ့်နိမ့် ကလေးတွေ အလွန်ပေါများပါသည်။ ကျွန်တော်တို့သည် ရှောက်ပန်းသီးကို ခူးပြီး ဆားနှင့်တို့ပြီး စားကြပါသည်။ ရွာ သားတွေက မစားကြပါ။ ကျွန်တော်တို့ ကျောင်းသားစစ်ကြောင်းကတော့ မစား ရတာကြာပြီဆိုတော့ ပြောင်နေအောင် ခူးပြီး စားကြပါသည်။

တစ်ခါတုန်းက တောင်ယာတစ်ခုကို အမှတ်ရမိပါသည်။ ကျွန်တော်တို့ တပ်စိတ် နေသော ယာတဲတွင် ပိန်းဥကို ဝက်စာ ကျွေးရန်အတွက် ခြေတံအမြင့် တောင် ယာတဲတွင် တစ်နှစ်စာ လှောင်ထားပါ သည်။ ကျွန်တော်တို့က ၎င်းနေရာတွင် လေးရက်ခန့် နားနေကြရပါသည်။ အဲသည့် အချိန်တွင် ပိန်းဥကို ပြုတ်လိုက်၊ ပြာပုံ အောက်ထဲထည့်ပြီး မီးအုံးလိုက်နှင့် နေ့ ရော ညရော စားကြပါသည်။ ထမင်းမစား ကြပါ။ တောင်ယာရှင်က ပလိုင်းကို လွယ်၍ ဝက်ကျွေးရန် ပိန်းဥကိုလာသယ်ပါသည်။ ထိုအခါ သူမ၏ ပိန်းဥ တော်တော်ကြီး နည်း သွားသည်ကို တွေ့ရပြီး  ဝက်ကျွေးရန် သူမ ၏ပိန်းဥ မလောက်တော့ကြောင်း ရွာလူ ကြီးမှတစ်ဆင့် ပြောပြပါသည်။

ထိုမှသာ ပိန်းဥကို ကျွန်တော်တို့ မစားကြတော့ပါ။ ကျွန်တော်တို့က ပိန်းဥ ကိုအလွယ်ရပြီး အပိုလှောင်ထားသည်ဟု ယူဆနေကြပါသည်။ တကယ်တော့ ပိန်းဥရာသီတွင် စိုက်ပျိုးပြီးနောက် တစ်နှစ်စာ ဝက်စာအတွက် သိုလှောင်ထားသည်ကို ကျွန်တော်တို့ အမှန်တကယ်မသိပါ။ တောင်ယာပိုင်ရှင်သည် လင်ယောက်ျား သေဆုံးပြီး မုဆိုးမကိုယ်တိုင် ကလေးငယ်တွေကို ဦးဆောင်ပြီး စိုက်ပျိုးထားသည်ဟု နောင် မှသိရသည့်အတွက် ပိုပြီး စိတ်မကောင်း ဖြစ်ရပါသည်။ ထိုအဖြစ်အပျက်ကို ယနေ့ အချိန်ထိ သတိရနေမိ ပါသည်။     ကျွန်တော်တို့စစ်ကြောင်းသည် တောင်ပေါ်ဒေသရှိ တိုင်းရင်းသားရွာမျိုး စုံကို ဖြတ်သွားကြပါသည်။ ဝိုင်းမော်မြို့ ဝန်းကျင်ရှိ ဆမား၊ ဆတုန်းရွာတွေဆိုလျှင် အလွန်ဆင်းရဲ ပင်ပန်းကြပါသည်။ စားစရာ အတွက် အလွန်ခက်ခဲပြီး ရုန်းကန်နေကြ သည်ကို တွေ့မြင်ရ ပါသည်။

ကျွန်တော်တို့စစ်ကြောင်းသည် မြန်မာပြည် မြောက်ဖျားပိုင်း တောင်ထူ ထပ်သောနေရာဒေသတွင် တစ်ရွာမှတစ် ရွာ ကူးပြီးသွားကြပါသည်။ ထိုသို့ ခရီးသွား ရာလမ်းတစ်လျှောက်တွင် လမ်းပြရွာသား များကို အကူအညီတောင်းပြီး သွားကြရ ပါသည်။ လမ်းပြမပါလျှင်တော့ မျက်စိ လည် သွားနိုင်ပါသည်။ ကျွန်တော်တို့ ဖြတ်သန်းသွားလာနေထိုင်သော ကချင် ပြည်နယ်၏ တောတောင်ထူ ထပ်သော နေရာများတွင် နေထိုင်သော ရွာသားများ သည် တောင်ယာခုတ်၍ စိုက်ပျိုးခြင်းဖြင့် အသက်မွေးပါသည်။ မိုးရာသီတွင်စိုက်ပျိုး ၍ရသော သီးနှံပင်များပေါ်တွင်သာ အခြေပြု၍ ဘဝရပ်တည် ရှင်သန်နေထိုင် ကြရပါသည်။ အလွန် ပင်ပန်းဆင်းရဲကြ ပါသည်။

တောင်ယာကလည်း အကြာကြီး စိုက်ပျိုး၍ မရပါ။ လေး၊ ငါးနှစ်လောက် ရှိပြီဆိုလျှင် နောက်ထပ်တစ်နေရာကို ခုတ်ထွင် ရှင်းလင်းကြရပါသည်။ ထိုသို့ ခုတ်ထွင်ရာတွင်လည်း မသက်သာလှပါ။ သစ်ပင်များကို ဓားဖြင့် ခုတ်လှဲရပါသည်။ ပေါက်ဆိန် (ရဲတင်း) မရှိကြပါ။ ဓား နှစ်လက် သို့မဟုတ် သုံးလက်လောက်ဖြင့် သာ သစ်ပင်များကို ပင်ပင်ပန်းပန်း ခုတ်လှဲ ရပါသည်။ သစ်ပင်များကို အခြောက်ထား ပြီး မီးရှို့ကြပါသည်။ သို့မှသာ မိုးရာသီတွင် စိုက်ပျိုးနိုင်ပါမည်။ တောင်ယာခုတ်ရာတွင် အမျိုးသမီးများက ယောက်ျားများထက်ပင် ပိုပြီး အလုပ်လုပ်နိုင်ကြပါသည်။ ရွာသား များသည် မိုးလင်း သည်နှင့် တောင်ယာသို့ သွားကြပါသည်။

တောင်ယာတွင် ခြေတံရှည် ဝါးကြမ်းခင်း၊ ထရံကာဖြင့် တဲတစ်လုံး ဆောက်ထားပါသည်။ နေ့လယ်ခင်းအချိန် များတွင် နားနေရန်အတွက် ဖြစ်ပါသည်။ တစ်ခါတစ်ရံတွင် တောင်ယာတဲတွင် အိပ်ကြပါသည်။ တောင်ယာတွင် တစ်နေ့ လုံး အလုပ်လုပ်ပြီး ညနေစောင်းတော့မှ ရွာသို့ ပြန်လာကြပါသည်။  အဲဒီတော့မှ အမျိုးသမီးများက ညနေစာအတွက် ချက်ပြုတ်ကြပါတော့သည်။ အမျိုးသား များကတော့ အလုပ်မလုပ်တော့ဘဲ အိမ်ဦးခန်းတွင်ရှိသော မီးလင်းဖိုဘေး တွင် ငှက်ပျောရွက်အနုစိမ်းစိမ်းကလေး ကို ဓားနှင့် နုတ်နုတ်စင်းပြီး ဘိန်းမည်းဖြင့် ရောနယ်ပြီးလျှင် လေထွက်ပေါက်ပြုလုပ် ထားသော ဝါးဆစ်ပိုင်းကို ရေသင့်အောင် ထည့်ကာ ဘိန်းမည်းနယ်ထားသော ငှက်ပျောရွက် အလုံးကလေးကို ဝါးဆစ် အတက် ထိပ်ဝတွင်မီးရှို့၍ ဘိန်းမဲရှူကာ မှိန်း ကြပါတော့သည်။

အရွယ်ရောက်ပြီး ရွာသားတိုင်း ဘိန်းမည်းရှူတာကို တွေ့မြင်ရပါသည်။ ကချင်အမျိုးသမီးများသည် မိမိ၏လင်ယောကျ်ားကိုအိမ်ဦးခန်းတွင် ထားပါသည်။ အမျိုးသားများထိုင်နေပါက မိမိထက် အသက်ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ ကချင်အမျိုးသမီးများ သည် ရှေ့မှဖြတ်မလျှောက်ဘဲနောက်မှ ကွေ့ဝိုက်ပြီးသွားကြသည့် အပြုအမူ လေးသည် အလွန်မြတ်နိုးစရာ ကောင်း လှပါသည်။ ကျွန်တော်တို့သည် အလွန် နက်ရှိုင်းသော တောထဲ တောင်ထဲတွင် ဖြူစင်ရိုးသားသော ကချင်လူမျိုး၊ ရှမ်းလူမျိုး၊ လီဆူးလူမျိုး စသည့် တိုင်းရင်းသား များကို ကြုံတွေ့ ခဲ့ရပါသည်။

ထင်မထားသော ကံကြမ္မာ

ကျွန်တော်တို့စစ်ကြောင်းသည် ဆားမှော်မြို့ဝန်းကျင်မှ မထင်မှတ်ဘဲ မြစ်ကြီးနား မြို့အထက်ဘက်မြန်မာနိုင်ငံ၏ မြောက် ပိုင်းဒေသများထိ ရောက်သွားည်။ မေခမြစ်နှင့် မလိခမြစ်တို့ကို ဖြတ်ကူးပြီး တောင်ထူထပ်သော နယ်မြေများနှင့် တပ်ရင်း-၃ ကိုကျော်ဖြတ်ကာ တရုတ် ပြည်နယ်စပ်အနီးမှ ဌာနချုပ်တည်ရှိရာ လိုင်ဇာသို့ ညနေစောင်းတွင် ရောက်ရှိ ပါသည်။ ဤနေရာသို့ လွန်ခဲ့သော နှစ်နှစ် နီးပါးခန့်ကလည်း တစ်ခေါက် ရောက်ဖူးပါသည်။ သို့သော် ဘယ်နေရာ ဘာရှိသည်၊ ဈေးနေ့က ဘယ်နေရာ၊ အမျိုးသမီးရဲမေ များနေသော ဘားတိုက် (အဆောင်)က ဘယ်နေရာဆိုတာတွေကို သေချာမသိပါ။ ကျွန်တော်မှတ်မိတာ တစ်ခုရှိပါသည်။ မနက်အိပ်ရာထအချိန် တဲအတွင်းမှ အပြင်ထွက်လိုက်တော့ ရေခဲနှင်းပြင် ကြီးကို တွေ့လိုက်ရသည်။ အရင်က တစ်ခါ မှ မတွေ့ဖူးပါ။ ရုပ်ရှင်ဇာတ်လမ်းတွေ ထဲမှာသာတွေ့ဖူးပြီး အပြင်မှာမတွေ့ ဖူးပါ။ ယခုမှတွေ့ရတော့ အထူးအဆန်း ဖြစ်နေပြီး နှင်းထုအပေါ်မှာ လမ်းလျှောက်ကြည့်ပါ သည်။ နှင်းထုအောက်ကို လက်နှိုက်ကြည့် တော့ လက်တစ်ထွာလောက်ထု ရှိပါသည်။

မှတ်မိတာဆို၍ ဆီးနှင်းကျတာရယ်၊ နှင်းထုပေါ်မှာ လမ်းလျှောက်တာရယ် ဒါပဲ သတိရပါသည်။ ယခုခရီးက ဗဟို လိုင်ဇာသို့ ဒုတိယအကြိမ် ရောက်ရှိခြင်းဖြစ်ပါသည်။ ကေအိုင်အေတပ်ကလည်း ဒီဒေသမှာပဲ ဌာနချုပ် လုပ်ထားပါသည်။ သို့သော် ကျောင်းသားတွေနှင့် ရောပြီးမနေပါ။ သီး ခြားတစ်နေရာစီ နေပါသည်။ ကျွန်တော် တို့စစ်ကြောင်း ဗဟိုဌာနချုပ်သို့ရောက် သောညတွင် တီးဝိုင်းဖြင့် ကြိုဆိုပွဲပြုလုပ်ပါ သည်။ စိတ်ထဲမှာ ပျော်ရွှင်မိပါသည်။ ကျွန် တော်လည်း သီချင်းသွားပြီးနားထောင်ပါ သည်။ ကျောင်းသားသူငယ်ချင်းတွေလည်း တက်ပြီး သီချင်းဆိုကြပါသည်။

ကိုယ်မသိသည့်လူက များပါသည်။ တီးဝိုင်းပြီးတော့ သူငယ်ချင်းတွေနှင့် ရော ပြီး ပြန်ပါသည်။ ခက်တာက ရောက်တာဆို ၍ ညနေတစ်ပိုင်းအချိန်ပဲ ရှိသေးတော့ ကိုယ်နေတဲ့တဲကိုပင် မမှတ်မိပါ။ ကိုယ်နဲ့ အတူတူအိပ်တဲ့သူတွေကိုလည်း ယခုအချိန်ထိ ဘယ်သူဘယ်ဝါဆိုပြီး သတိမရ ပါ။ စဉ်းစားကြည့်လို့လည်း မရပါ။

နောက်တစ်နေ့ နံနက်ကျတော့ မှတ် မိတာက သူငယ်ချင်း နှစ်ယောက်လား၊ သုံးယောက်လားမသိ၊ သူတို့နဲ့အတူ တခြားနေရာသို့ လျှောက်သွားပါသည်။ မနက်ခင်းပိုင်းလောက်ပဲ ဖြစ်ပါသည်။ ကျွန်တော်တို့တစ်တွေ ပြန်လာကြပါ သည်။ တံတားလေးတစ်ခုကိုတော့ဖြတ် ရပါသည်။ ချောင်းလားတော့ မပြောတတ် ပါ။ အဲဒီ ဘေးမှာ ကျွန်တော်တို့အိပ်သော တဲရှိပါသည်။ ကျွန်တော်တို့တစ်တွေ ပြန်လာတော့ တဲရှေ့မှာစောင့်နေတဲ့ ရဲဘော် လေး၊ ငါးယောက် ရှိမည်ထင်ပါသည်။

မင်းတို့ထဲမှာ ထွန်းဦးခိုင်က ဘယ်သူလဲဟု မေးပါသည်။ ကျွန်တော်ပါဟု ပြန် ပြောလိုက်ပါသည်။ ထိုအခါ ကျွန်တော့်ကို အေးအေးဆေးဆေးလိုက်ခဲ့ပါဟု ပြောပြီး လက်ကို နောက်ပြန်ကြိုးတုပ်ပါသည်။ ကျွန်တော်ကလည်း ဇဝေဇဝါနှင့် ဘာဖြစ် တာပါလိမ့်၊ နောက်မှကြည့်ပြီး အကျိုး အကြောင်းရှင်းပြမယ်၊ ငါ မဟုတ်တာ ဘာတစ်ခုမှ လုပ်မထားဘူး၊ ကိုယ့်ကိုယ် ကိုယ် ယုံကြည်မှုအပြည့်ရှိသည်။ ရှင်းရှင်း ပြောရင် ABSDF မှာ ရန်တောင်မဖြစ်ဖူးဘူး။ ဖြေရှင်း၍ရသည့်ကိစ္စဟုပင် ကျွန်တော် က ထင်နေသည်။ ဘာဆို ဘာမှ မသိ။

ကျွန်တော်နှင့် တစ်ချိန်တည်းမှာ စိုး ဝင်းသန်း(မန်း)၊ ကျော်ကျော်ဦး (ကသာ) ၊ ဟန်ဝင်းအောင် (ဇီးကုန်း)၊ ညီညီနိုင်၊ ကျွန်တော်တို့အားလုံးကို ဖမ်းပြီးခေါ်သွား သည်။ တောင်ကုန်း အစောင်းလေးမှာရှိ သော တဲတစ်ခုကို ခေါ်သွားသည်။ ဘာ အတွက် အသုံးပြုသည့်နေရာဆိုသည်ကို  ကျွန်တော် မသိပါ။

ရောက်တာတောင် နှစ်ရက်မပြည့် သေး။ တစ်ညပဲ အိပ်ရသေးသည်။ ရှင်းရှင်း ပြောရလျှင် ကျွန်တော်မသိသည့် သူငယ် ချင်းတွေ အများကြီးရှိပါသေးသည်။ ကျွန်တော်တို့ တစ်တွေ တဲအတွင်းရောက်တော့ တခြားအရင် ရောက်နေသော သူငယ်ချင်း တွေလည်း ရှိနေသည်။ မြေကြီးပေါ်မှာ ထိုင်ခိုင်းပြီး မျက်လုံးနှစ်ဖက်ကို မမြင်ရ အောင် အဝတ်စနဲ့ စည်းရပါသည်။ ဒါပေမဲ့ကျွန်တော် မြင်နေရ ပါသည်။

ကျွန်တော်တို့ကို ထောက်လှမ်းရေး သူလျှိုဖြစ်ကြောင်း ဝန်ခံရန်အတွက် အတင်းရိုက် မေးပါသည်။ တယ်လီဖုန်းကို ဝါယာနှစ်စထုတ်၍ လက်ဖြင့်လှည့်လိုက် လျှင် ရှော့ခ်တိုက်ပြီးသားဖြစ်အောင် လုပ်ထားသည်။ ကျွန်တော်တို့၏ ချိုင်းကြား တွင် ညှပ်ခိုင်းထားပြီး လှည့်လိုက်လျှင် တစ်ကိုယ်လုံးကျဉ်လာပြီး ရှော့ခ် တိုက်ခံရ ပါသည်။

ကျွန်တော်တို့၏ အော်ဟစ်သံသည် ကျောင်းသားစခန်းတစ်ခုလုံး ဆူညံနေပါ သည်။ တချို့ သူငယ်ချင်းတွေက ထောက် လှမ်းရေး ဟုတ်ပါတယ်လို့ ပြောကြပါသည်။  ကျွန်တော်တို့မျက်နှာတွေလည်း ကွဲပြဲနေ ကြပါသည်။ သွေးတွေကလည်းထွက်လို့ တစ်ကိုယ်လုံး နာကျင်နေပါသည်။ ကျွန် တော်က ဘာပြောရမှန်းလည်း မသိတော့။ ”ငါ ထောက်လှမ်းရေးမဟုတ်ဘူး၊ ကျောင်း သား၊ တပ်ကို စရောက်လာကတည်းက တပ်ရင်း – ၅ မှာ ရောက်ကတည်းက တပ် ရင်းမှူး အောင်ဆွေဦး သိတယ်၊ ယခု တပ် ရင်း ၇ဝ၂ ဖွဲ့တော့လည်း သူက တပ်ရင်းမှူး တာဝန်ယူတယ်။ အောင်ဆွေဦးကို မေး ကြည့်၊ ကျွန်တော့်အကြောင်း သူကောင်း ကောင်းသိတယ်”ဟု ဇွတ်ပြောလိုက်သည်။

ထောက်လှမ်းရေးဟု ဝန်မခံလေ ရိုက်လေပင်။ ထောက်လှမ်းရေးဝန်ခံလျှင် မရိုက်တော့ပါ။ ထို့ကြောင့် တချို့ သူငယ် ချင်းများက ရိုက်တာကို မခံနိုင်၍ ဟုတ် တယ်ဟု ညာပြောကြသည်။ ကျွန်တော်က တော့ မဟုတ်ဘူးဟု ဇွတ်ပဲ ငြင်းသည်။

အဲဒီတော့ ပိုနာသည်။ အဲဒီအချိန် မှာ ဖမ်းထားတဲ့လူတွေက များနေသော ကြောင့် ကျွန်တော်နှင့် သုံး၊လေးယောက်ကို ထားရန်အတွက် သီးသန့်ဆောက်ထား သော ကုန်းပေါ်သို့ခေါ်လာပြီး ထားလိုက်သည်။

ကျွန်တော်တို့ကို ထိပ်တုံးခတ်လိုက် ကြသည်။ ဖမ်းထားသော ကျောင်းသားသူ ငယ်ချင်းတွေက အများကြီး။ ခုနစ်ဆယ် ဝန်းကျင်ခန့်ရှိသည်။ ကျန်တဲ့သူတွေကို ခြေထောက်နှစ်ဖက်စလုံးကို သံကြိုးနှင့် ချည်ထားသည်။ သံကြိုးတွေကိုဖြုတ် မရအောင် သော့နှင့်ခတ်ထားတာ တွေ့ရသည်။ ထိပ်တုံးခတ်ထားသော သူငယ်ချင်း တွေလည်းများသည်။ ဘယ်သူဘယ်ဝါ မသိရပါ။ မျက်လုံးနှစ်ဖက်ကို မမြင်ရ အောင် အဝတ်စနှင့် တင်းနေအောင် အချည်ခံရ သည်။ ဘာမှ မမြင်ရ၊ စကား မပြောရပါ။ မျက်နှာကို အောက်ကိုပဲ ငုံ့ထားရသည်။ ဘေးဝဲယာသို့ ငေးမကြည့် ရ။ စည်းကမ်းကို တင်းတင်းကျပ်ကျပ်ထားသည်။ စည်းကမ်း ဖောက်လို့ကတော့ သေပြီ သာမှတ်။

ထမင်းစားချိန်ရောက်မှ မျက်နှာ တွင် စည်းထားသည့်အဝတ်စကို ဖြေရ သည်။  ကျွေးတာပေးတာပဲ စားရသည်။

ခြေတစ်ဖက်ကတော့ ထိပ်တုံးထဲမှာ ခတ်ထားသည်။ ထမင်းစားပြီးတော့ မျက်နှာကို အဝတ်ပြန်ပြီး စည်းရသည်။ ကျွန်တော့်ကို မစစ်ဘဲ သုံးရက်လောက် ထားလိုက်ကြသည်။ ကျန်သည့်သူငယ်ချင်း များကို စစ်မေးဖို့ ညရောက်လျှင် လာပြီး ခေါ်သွားသည်။

ကျွန်တော့်ကို လာမခေါ်သေး၍ အချိန်ရနေသေးသည်။ အဲဒီအချိန်များတွင် စိတ်ထဲကနေ ပရိတ်၊ ဂါထာတွေကို အမြဲ တမ်း ရွတ်နေရသည်။ ရတနာသုံးပါးကို အာရုံပြုနေရသည်။ အရင်ကတည်းက ကျွန်တော်က ဘုရားသွားပြီး  ပုတီးစိပ် သည့် ဂါထာရွတ်သည့် အလေ့ အထရှိ သောကြောင့် ယခုလို အကျဉ်းထဲ အကျပ် ထဲရောက်နေတဲ့အချိန်တွင် အမြဲတမ်း လိုလို စိတ်ထဲမှာ ရွတ်ဖြစ်နေသည်။ ¤င်းအချိန်များတွင် ကျွန်တော့်သူငယ်ချင်း ကျော်ကျော်မင်းတစ်ယောက် ဘယ်ဆီ ရောက်၍ ဘာတွေလုပ်နေသည်မသိ၊ အဆက်အသွယ်မရ။

တစ်နေ့ညနေစောင်း ထမင်းစားချိန် မှာ ထင်လင်းအောင် (ငကောက်)က ထမင်းစားနေတုန်း မြန်မြန်ဖတ်ဆိုပြီး စာ ရွက် အပိုင်းသေးသေးလေးတစ်ခုကို ထမင်းပုံဘေးမှာ ချပေးသည်။ လက်ရေးက လည်း လူမသိအောင် အမြန်ရေးထား၍ သိပ်မပီ၊ ဖတ်ရတာလည်း အဆက်အစပ် မရှိ။ အဲဒီတော့ ကျွန်တော် အဓိပ္ပာယ် မပေါက်။ စာဖတ်ပြီးလျှင် မျိုချရန်ပြော၍ ပါးစပ်ထဲ ဝါးပြီး မျိုချလိုက်ရသည်။

နောက်ထပ် စာရွက်တစ်ပိုင်း ချပေး သည်။ ကျွန်တော်ဖတ်ကြည့်သည်။ အဲဒီ တော့မှ အဓိပ္ပာယ်ပေါက်တော့သည်။ ဒါပေ မဲ့  လွန်သွားပြီ၊ ဘယ်လိုမှ အစားထိုးလို့ မရ၊ စဉ်းစားလို့လည်း မရတော့။ ပထမ ဖတ်သည့် စာရွက်၏ အဓိပ္ပာယ်ကို မမှတ်မိ။ နောက်တစ်ရွက်ဖတ်တော့မှ ဆက်စပ်မိ သည်။ စာရွက်က ရှေ့နောက်မှားနေတာ ကိုး။ စာရေးပေးသည့်သူက ဇီးကုန်းသား ဝင်းမြင့်က ရေးပေးခြင်းဖြစ်သည်။ ငကောက်က ကျွန်တော်နဲ့ ထမင်းအတူတူ ဝိုင်းပြီးစားရတဲ့သူဆိုတော့ စာကို အသာ ကပ်ပြီး ထည့်ပေးလိုက်ခြင်း ဖြစ်သည်။ ကံ ကောင်းတာက ကျွန်တော့်ကို စစ်မေးဖို့ လာမခေါ်သေးပါ။ အဲဒီညက ကျော်ကျော် ဦး (ကသာ)ကို လာခေါ်သွားသည်။ သူ့ကို ပြန်မပို့ကြတော့။ စစ်မေးရင်း ကျဆုံးသွားသည် ထင်သည်။

ဟုတ်ဟုတ်မဟုတ်ဟုတ် စပိုင်လုပ်

နောက်တစ်နေ့မနက်မှာ သံခြေချင်း ခတ်ထားသည့် ကျွန်တော်တို့တစ်တွေကို အပေါ့အပါးသွားရန်အတွက် တန်းစီးလုပ် နေသော ဝင်းမြင့် (ဇီးကုန်း)က ဦးဆောင် ပြီး ခေါ်သွားသည်။ နောက်ဖေးသွားတဲ့ နေရာရောက်တော့ ကျွန်တော့်ကို ပြော သည်။ ”ကိုထွန်းဦးခိုင်၊ ခင်ဗျားကို ထောက် လှမ်းရေး စပိုင်လားလို့ ခေါ်စစ်လို့ရှိရင် ဟုတ်ပါတယ်လို့ ပြောလိုက်ပါ”ဟု သင်ပေးပါသည်။ ”ငါမှ ထောက်လှမ်း ရေးစပိုင်မှ မဟုတ်တာ ဝန်မခံနိုင်ပါဘူး”ဟု ပြန်ပြောလိုက်ပါသည်။ ကျွန်တော် လည်း ထောက်လှမ်းရေးစပိုင် မဟုတ်၊ ကျန်တဲ့သူတွေလည်း ထောက်လှမ်းရေး စပိုင်မဟုတ်၊ ထောက်လှမ်းရေးစပိုင်လို့ ဝန်ခံလိုက်လျှင် သူတို့က မရိုက်တော့ဘဲ အချုပ်ထဲလာပို့မည်။ ဝန်မခံသေးလျှင် စပိုင်ဟုတ်ကြောင်း မပြောမချင်း ရိုက်ပြီး စစ်မေးမည်။ ဒီလိုနှင့်  လက်လွန်ပြီး သေဆုံး သွားသူတွေ အများကြီးပဲဟု တန်းစီးဝင်း မြင့်က ကျွန်တော့်ကို ရှင်းပြ ပါသည်။

”ကဲ…ဟုတ်ပါပြီလို့ ဝန်ခံလိုက်မယ် ဆိုလျှင် ငါက ဘယ်လိုပြောရမယ်ဆိုတာမှ မသိတာ”ဟုပြောတော့ သူက ”ကျွန်တော် ရှင်းပြမယ်၊ ကိုထွန်းဦးခိုင်နဲ့ ကျော် ကျော်မင်း (ကန့်ဘလူ)က သူငယ်ချင်းတွေ ဟုတ်လား။ ကျော်ကျော်မင်းက ကျွန်တော့် ကို ပြောထားတယ်၊ သူ့ရဲ့ ထွက်ဆိုချက်ထဲမှာ ကိုထွန်းဦးခိုင်ကို ဆွဲထည့်ထားတယ်။ မတွေ့ရတာကြာတော့ ကိုထွန်းဦးခိုင် ပြန်သွားပြီထင်လို့ ကိုကျော် ကျော်မင်းက ဆွဲထည့်လိုက်တာ”ဟု ရှင်း ပြပါသည်။

”ကိုထွန်းဦးခိုင်ကို ထောက်လှမ်း ရေးစပိုင် ဟုတ်သလားလို့ စစ်မေးလို့ရှိရင် ဟုတ်ပါတယ်လို့ ဝန်ခံလိုက်၊ ရွှေဘိုစစ်တပ်က လွှတ်လိုက်တာလို့ပြော၊ ဘာအဆင့် လည်းလို့မေးလို့ရှိရင် တပ်သားအဆင့်ပါ လို့ပြော”ဟု သင်ပေးလိုက်ပါသည်။ ငြင်းနေလျှင် စစ်မေးနေရင်း လက်လွန်ပြီး သေသွားလိမ့်မယ်ဟု ထပ်ပြီး သတိပေးလိုက်ပါ သည်။ ကျွန်တော်နှင့်အတူ အပေါ့သွားရန် ပါလာသော သူငယ်ချင်းများကလည်း ထောက်လှမ်းရေးစပိုင် ဟုတ်ကြောင်း ဝန်ခံရန် ဝိုင်းပြီးပြောကြပါသည်။

ကျွန်တော်တို့အားလုံးကို အချုပ် ပြုလုပ်ထားသော ဘားတိုက်ထဲတွင် ပြန် ထားပြီး ထိပ်တုံးခတ်လိုက်ပါသည်။ ကျွန်တော့်ကိုဖမ်းထားသော အချုပ်တွင် လုံခြုံရေးတပ်စိတ် အမြဲတမ်းရှိပါသည်။ သူတို့ရှေ့တွင် ဖြတ်လျှောက်သွားလျှင် အလွန်သတိ ထားရသည်။ သတိမထား၍ မရပါ။ သူတို့ စိတ်ထဲ မထင်လျှင် မထင် သလို ရိုက်ကြပါ သည်။

လုံခြုံရေးတပ်စိတ်အောက်တွင် အဖမ်းခံထားရသော ကျောင်းသားထဲမှ လေးယောက်ကို တန်းစီးအဖြစ် ပြန်ပြီး ခန့် ထားပါသည်။ ကိုစိုးလေး (ရန်ကုန်)၊ကိုမြင့်သိန်း (ကသာ)၊ ကိုဝင်းမြင့် (ဇီး ကုန်း)၊ ကိုမျိုးဇော်အောင် (ကန့်ဘလူ)တို့ ဖြစ်ပါသည်။ အဖမ်းခံရသော ကျောင်းသူ မိန်းကလေးများလည်း ရှိပါသည်။ နန်းအောင်ထွေးကြည် (ရန်ကုန်)၊ မခင်ချိုဦး (ရန်ကုန်)၊ နန်းစော၊ မတူးတူး (ဗန်းမော်)တို့ ဖြစ်ပါ သည်။

ညနေစောင်း အလုပ်သိမ်းချိန်ကြမှ  အလုပ်သွားလုပ်သော သူငယ်ချင်းများ ပြန်လာပါသည်။ ကျွန်တော်၏ မျက်နှာချင်း ဆိုင်တွင် ကျော်ကျော်မင်းကို တွေ့ရသည်။ ကျွန်တော်၏ရှေ့က ဖြတ်လျှောက်နေချိန် တွင် ”မင်း ငါ့ကို ဆွဲထည့်ထားတယ်” ဟု ပြောလိုက်ပါသည်။

”မင်းမရှိတော့ဘူးထင်လို့ မင်းနာ မည်ပြောလိုက်တာ”ဟု သူကပြန်ပြောပါ သည်။ ဒီထက်လည်းပိုပြီး စကားပြောခွင့် မသာပါ။ ဒီတစ်ကြိမ် သူငယ်ချင်းနှစ် ယောက် ပြန်ဆုံရသည်မှာ ပျော်စရာ မကောင်းပါ။ စိတ်တက်ကြွမှု မရှိတော့ပါ။ ယုံကြည်ချက်များ ပျောက်ဆုံးကုန်ပါပြီ။ ရေခဲပါသည်ဆိုသော  ပါဂျောင်လိုင်ဇာ စခန်း၏ အအေးဓာတ်သည် ကျွန်တော်တို့ ရင်ထဲက အပူကို မအေးချမ်းစေပါ။ သူက ခြေထောက်သံကြိုးတန်းလန်းနှင့် တစ်နေ ကုန် အလုပ်လုပ်ပြီး ညနေစောင်းမှ ပြန် လာချိန်တွင် ကျွန်တော်က ထိပ်တုံးထဲမှာ ပက်လက်အနေအထားဖြင့် သူငယ်ချင်း နှစ်ယောက်၏ တွေ့ဆုံမှုသည် ကြေကွဲစရာ ကောင်းလှပါသည်။

သူ့မှာလည်း သူ့ခံစားချက်နှင့်သူ၊ ကျွန်တော့်မှာလည်း ကျွန်တော့်ခံစားချက် နှင့်ကျွန်တော်။ ရှေ့ခရီးက မရေရာတော့ပါ။ ခံယူချက်တွေ  မယိမ်းယိုင်အောင် အားတင်းထားပြီး ယုံကြည်ချက်ပန်းတိုင် အရောက်သွားမည်ဟု ဆုံးဖြတ်ထားသော ဆုံးဖြတ်ချက်သည်လည်း လေထဲတွင် ပျောက်ကွယ်သွားတော့သည်။

ညခုနစ်နာရီလောက်တွင် ကျွန်တော့်ကို စစ်မေးဖို့ ကြိုးတုပ်ပြီး အချုပ်ထဲ မှခေါ် ထုတ်သွားပါသည်။ ပထမဆုံး အစစ်ခံရသော နေရာဖြစ်ပါသည်။ ကျွန်တော့်ကို မြေကြီးပေါ်တွင် ခြေထောက်ဆင်းပြီး ထိုင် ခိုင်းပါသည်။ လက်နှစ်ဖက်ကို နောက်ပြန် ကြိုးတုပ်ထားပါသည်။ မင်း ထောက်လှမ်း ရေးစပိုင်ဟုတ်တယ်မို့လားဟုစပြီး မေးပါ သည်။ ကျွန်တော်က မဟုတ်ဘူးဟု ငြင်းပါသည်။

ထိုအချိန်မှစပြီး ကျွန်တော့်ကို စစ်ဖိ နပ်တွေနဲ့ ဝိုင်းပြီးကန်ပါတော့သည်။ ”ကျွန်တော်က ရွှေဘိုမြို့ ကျောင်းသားသမဂ္ဂမှာ အလုပ်လုပ်ခဲ့တဲ့ ကျောင်းသားစစ်စစ် တစ်ယောက်ပါ။ ခင်ဗျားတို့မယုံရင် လှမ်းပြီး စုံ စမ်းလို့ရပါတယ်”ဟု ထပ်ပြီး ပြောလိုက်ပါသည်။

ဘာပြောကောင်းမလဲ၊ ဝိုင်းပြီး ထိုး ကြပါတော့သည်။ ကျွန်တော့်ကို ဝိုင်းရိုက် သူများကတော့ သောကြာ၊ သန်းဇော်၊ ဇော်ဇော်မင်း၊ အောင်စိုးမြင့်၊ နာမည်မေ့နေ သော အခြားလေးယောက်လောက် ရှိပါ သေးသည်။ ကျွန်တော်မသိသောသူတွေ လည်း  ပါပါသည်။ ဒီတစ်ကြိမ်စစ်မေးတော့ ကျွန်တော့်မျက်နှာကို အဝတ်မစည်းတော့ ပါ။ အောက်က မြေကြီးကလည်း ညပိုင်း ရောက်လေ ပိုပြီး အေးလေပါပဲ။ သူတို့ က ကျွန်တော့်ကို ခေါင်းမာသည်ဟုပြောပါသည်။

တကယ်တော့ ကျွန်တော် ခေါင်းမာ ခြင်းမဟုတ်ပါ။ ပြောစရာအချက်အလက် က နည်းနေတော့ တခြားသူတွေကိုပါ ထပ် ပြီး အထည့်ခံရမှာ စိုးရိမ်ပြီး မိမိအသားကို အနာခံ၍ အချိန်ဆွဲနေခြင်းဖြစ်ပါသည်။ သူ တို့စိတ်ကြိုက် အဖြေမရလေ၊ ညှဉ်းဆဲလေ လုပ်နေပါသည်။ ကျွန်တော်ရှေ့တွင်ရှိသော မီးဖိုမှ ထင်းချောင်းဖြင့် ဘယ်ဘက်နဖူး အပေါ်ကို ရိုက်လိုက်ရာ သွေးများ ပါးပေါ် သို့ စီးကျလာပါသည်။ နောက်ထပ် ထင်းချောင်းဖြင့် ဦးခေါင်းဘယ်ဘက်ခြမ်း ပေါ်သို့ သုံး၊ လေးကြိမ်လောက် ရိုက်လိုက်ရာ ကျွန်တော်၏မျက်နှာပေါ်တွင် သွေးခြင်း ခြင်းရဲပါတော့သည်။

ကျွန်တော်က ထောက်လှမ်းရေး ဟုတ်ကြောင်း ဝန်မခံလေ သူတို့တစ်တွေ စိတ်ဆိုးလေ ဖြစ်နေပါသည်။ ကျွန်တော်၏  ချိုင်းကြားသို့ ဝါယာပင်နှစ်စ ညှပ်ပြီး ရှော့ခ်တိုက်ပါသည်။ တစ်ကိုယ်လုံး စူး ကျဉ်လာပြီး မခံနိုင်၍ အော်နေရပါသည်။

ကျွန်တော်၏အသံသည် တိတ်ဆိတ် ငြိမ်သက်နေသော ပါဂျောင်ကို နှင်းမှုန်တွေ ကြားမှာ လှုပ်နှိုးလိုက်ပါတော့သည်။ ကျွန် တော့်ကို ရိုက်လိုက်၊ မေးလိုက် တစ်လှည့်စီ လုပ်နေပါသည်။ ထိုအချိန်တွင် ကျွန်တော့် ကို စစ်ဆေးနေသော တဲဘေးမှနာရီ သံချောင်းခေါက်သံ ပေါ်လာပါသည်။ ညလည်း တော်တော်နက်လာပါသည်။ အအေးဓာတ်လည်း လွန်ကဲလာပါတော့ သည်။ သူတို့လည်း စိတ်ရှည်ပုံမပေါ်တော့။

”ဒီကောင် တော်တော် ခေါင်းမာ တာပဲ”ဟု ပြောပြီး သောကြာက ကြွပ် ကြွပ်အိတ် (ပလတ်စတစ်အိတ်)အကြီးနှင့် ကျွန်တော်၏ ခေါင်းကို စွပ်လိုက်ပါသည်။ အသက်ရှူလိုက်လျှင် ပလတ်စတစ်က နှာခေါင်းပေါက်ကို လာကပ်ပြီး လေပေါက် ပိတ်သွားပါသည်။ ပလတ်စတစ်ကို ခေါင်းမှာစွပ်ပြီး ဝိုင်းကန်ကြပါသည်။ ကျွန်တော် တော်တော် အနေခက်ပါသည်။ ပလတ်စတစ်အိတ်ကို ကျွန်တော့်ခေါင်းမှ ဆွဲချွတ်လိုက်ပြီး သောကြာက ဓားမြှောင် ကို ဓားအိမ်မှ ဆွဲထုတ်လိုက်ပါသည်။ ကျွန်တော်လည်း လန့်သွားပါသည်။ လက် လွန်သွားမှာကို ကြောက်ပါသည်။ ဓားချွန် ဖြင့်  ကျွန်တော်၏လက်မောင်းကို ကြိမ်ဖန်များစွာခြစ်ပါသည်။ ညာလက်မောင်း အင်္ကျီစများ စုတ်ပြတ်သွားပါသည်။ ထို့ နောက် ဓားမြှောင်ကို မီးကင်ပြီး ကျွန်တော် ၏ ဘယ်ဘက်ရင်အုံကို ကြယ်သီးဖြုတ်ပြီး ကပ်လိုက်ပါသည်။ ကျွန်တော်လည်း မခံ နိုင်၍ အော်နေရပါ သည်။

ကျွန်တော့်ကိုယ်ခန္ဓာတစ်ခုလုံး မခံနိုင်လောက်အောင် နာကျင်နေပါသည်။ ဆုံးဖြတ်ချက်ချလိုက်ပါသည်။ ကျွန်တော် ထောက်လှမ်းရေးစပိုင်ဟု ပြောလိုက်ပါ သည်။ ထိုအခါကျမှ သူတို့စိတ်ကျေနပ် သွားကြပြီး ကျွန်တော့်ကို မရိုက်တော့ပါ။  ”မင်းက အသားအနာခံပြီး တော်တော် ခေါင်းမာတာပဲ။ နောက်ဆုံးတော့ ဝန်ခံရ တာပဲမဟုတ်လား”ဟု သူတို့က ပြောပါ သည်။ ”မင်းကို ဘယ်တပ်က စပိုင်လုပ်ဖို့ လွှတ်လိုက်တာလဲ”ဟု စမေးပါသည်။        ”ရွှေဘိုစစ်တပ်ကလွှတ်တာပါ” ”မင်းက ဘယ် အဆင့်လဲ”  ”ကျွန်တော်က ရိုးရိုးတပ် သားပါ”  ”မင်းဆရာက ဘယ်သူလဲ” ”ဆရာ ကြီးမြင့်ဦး”  ”ဘယ်နှယောက်လွှတ်လိုက်တာလဲ” ”ကျွန်တော် တစ်ယောက်တည်း လွှတ် လိုက်တာ ပါ”

တကယ်တော့ ဒီအကြောင်း အရာတွေကို ထွက်ဆိုဖို့တန်းစီးလုပ်သည့် ဝင်းမြင့်(ဇီးကုန်း)က သင်ပေးလိုက်ခြင်း သာဖြစ်ပါသည်။ သူသာ အချိန်မီ မပြောနိုင် ခဲ့လျှင် ကျွန်တော့်မှာ ပြောစရာစကားမရှိ၍ စစ်မေးနေရင်း လက်လွန်ပြီး အသက် သေဆုံးနိုင်ပါသည်။ နောက်ဆုံး ကျွန်တော် ၏ လက်ဗွေရာများကို ကျွန်တော့် ထွက်ဆို ချက်တွင် နှိပ်ပြီး လက်မှတ်ထိုးခဲ့ရပါသည်။ ကျွန်တော့်ကို အချုပ်ထဲပြန်ပို့ရန်အတွက် နှစ်ယောက်မပြီး ဆွဲထူရပါသည်။ ခြေ ထောက်တွေလည်း ထုံကျဉ်နေပါသည်။ လမ်းလျှောက်ရတာ တရွတ်တိုက်နေ ပါသည်။

စစ်မေးသည့် တဲအပြင်ရောက်တော့ နာရီခေါက်သံမှာ ညတစ်နာရီဖြစ်နေပါ သည်။ တဲအပြင်သို့ရောက်သောအခါ အအေးဓာတ်က ဆီးကြိုနေပါသည်။ ဆီး နှင်းများကျပြီး လေကတိုက်သောအခါ ခိုက်ခိုက်တုန်အောင် ချမ်းပါသည်။ စစ်ယူ နီဖောင်း ရှပ်အင်္ကျီနှစ်ထည်သာ ဝတ်ထား သော ကျွန်တော်သည် ရေခဲတောင်ဒေသ ၏ ညသန်းခေါင်ယံ အအေးဓာတ်ကို အလူးအလဲ ခံရပါသည်။

ခြေထောက်မှာလည်း ဖိနပ်မပါ သောကြောင့် ခြေဖျားများ ထုံကျဉ်နေပြီး အချုပ်ဘားတိုက် နေရာသို့ရောက်အောင် တရွတ်တိုက်ပြီး သွားနေရပါသည်။ အချုပ် ဆောင်နေရာတွင် လုံခြုံရေးတာဝန်ယူရ သော တပ်စိတ်မှူးက ကျွန်တော့်ကိုမြင် ပြီး စိတ်မကောင်းဖြစ်နေပုံရပါသည်။ ကျွန် တော့်ကို မီးပုံဘေးတွင် မီးလှုံခိုင်းပြီး လက် တွင်ချည်ထားသော ကြိုးများကို ဖြေခိုင်း ကာ ရေနွေးကြမ်းတိုက်ပါသည်။ ဆယ့်ငါး မိနစ်ခန့် မီးလှုံ၍ အချမ်းပြေသောအခါ ထိပ်တုံးထဲတွင် ခတ်လိုက်ပါသည်။ သူနှင့် ကျွန်တော်သည် တပ်ရင်း – ၅ ကတည်းက သိကျွမ်းခဲ့သူဖြစ်ပါသည်။   အပိုင်း(၁)သို့   |    အပိုင်း(၃)သို့

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."