ပုလဲ-၂၀၂၄ မတ် ၈ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက တာဝန်ရှိသူတစ်ဦးဟာ အခုလ ၆ ရက်က ပုလဲမြို့နယ်တွင်းက ဒေသခံကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ ကျားသစ်နတ်တပ်မတော်အတွက် ပါတီပိုင်ကားတစ်စီး လှူဒါန်းလိုက်တယ်လို့ ကျားသစ်နတ်တပ်မတော် ဥက္ကဌ ကိုဥက္ကာက မော်ကွန်းကိုပြောပါတယ်။
“ကျွန်တော်တို့ကိုလှမ်းလှူတာက မြို့နယ်အလုပ်အမှုဆောင်အဆင့်ရှိတဲ့လူတစ်ယောက်ဗျ။ အဲဒီလူက ဖုန်းနဲ့ဆက်သွယ်ပြီးတော့မှ ကားတစ်စီးရှိတယ်ပေါ့လေ၊ ဆရာတို့လိုတာသုံးပါဆိုပြီး လှမ်းလှူတာပေါ့။ ဘယ်လိုသဘောနဲ့လှူသလဲတော့ ကျွန်တော်တို့ခန့်မှန်းလို့မရဘူးပေါ့နော်။ ကြံ့ခိုင်ရေးပါတီဆိုတာ စစ်တပ်ကျောထောက်နောက်ခံပါတီဟုတ်တယ်၊ သို့ပေမယ့် မတရားတာကို မတရားမှန်းသိတဲ့သူတွေအများကြီးရှိလိမ့်မယ်လို့ထင်တယ်။ လှူတဲ့သူကလည်း အဲဒီထဲကတစ်ယောက်ဖြစ်မယ်လို့ထင်တယ်” လို့ သူကပြောပါတယ်။
အဲဒီလို ဆက်သွယ်လှူဒါန်းတာကြောင့် ပုလဲမြို့ပေါ်အထိ ကားကိုသွားရောက်ယူဆောင်ခဲ့ပြီး လုံခြုံရေးအတွက်စစ်ဆေးတာတွေ၊ ပြင်စရာတွေပြင်ဆင်ပြီးမှ ယူလာခဲ့တာလို့ သူကဆိုပါတယ်။
“ကျွန်တော်တို့ဘက်ကတော့ ဒီကားက လုံခြုံရေးနဲ့ပက်သက်ပြီး နည်းပညာတွေ GPS တွေဘာတွေတပ်ထားသလားသေချာစီစစ်ပြီးသွားပြီ။ ပြင်စရာတွေပြင်ပြီးသွားပြီ။ လိုအပ်တဲ့နေရာတွေမှာသုံးမှာပါဗျ။ စစ်ဘေးရှောင်ကူညီတာတွေ၊ ရိက္ခာပို့တာတွေမှာ လိုအပ်သလိုသုံးမှာပါဗျ” လို့ ကျားသစ်နက်တပ်မတော်က ပြောပါတယ်။
ကျားသစ်နတ်တပ်မတော်က ရဲဘော်တွေ အဲဒီကားကို သွားယူပြီးနောက်မှာတော့ စစ်ကောင်စီတပ်သားတချို့က ကြံ့ခိုင်ရေးရုံး အနီးကိုရောက်လာပြီး ဒေသခံတချို့ကို စစ်ဆေးမေးမြန်းကာ နေအိမ်တစ်လုံးကိုမီးရှို့သွားတယ်လို့ ဆိုပါတယ်။
မီးရှို့ခံရတဲ့အိမ်ဟာ စစ်ကောင်စီတပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတစ်ဦးရဲ့အိမ်ဖြစ်တာကြောင့် မီးသတ်ကားနဲ့ မီးပြန်ငြှိမ်းသွားတယ်လို့ ကျားသစ်နတ်တပ်မတော်က ပြောပါတယ်။
ပုံစာ-ကြံ့ခိုင်ရေးပါတီက PDF အဖွဲ့ကိုလှူခဲ့တဲ့ကား။
ဓာတ်ပုံ-ကျားသစ်နတ်တပ်မတော်။