ဆိုင်ကယ်တွေကိုသာဖမ်းပေမယ့် ဆိုင်ကယ်စီးလုယက်သူတွေကို စကစမဖမ်းနိုင်

ဆိုင်ကယ်တွေကိုသာဖမ်းပေမယ့် ဆိုင်ကယ်စီးလုယက်သူတွေကို စကစမဖမ်းနိုင်

ရန်ကုန် – ၂၀၂၃ ဖေဖေါ်ဝါရီ ၉ (မော်ကွန်း)

ရန်ကုန်တိုင်းအတွင်းမှာ ဆိုင်ကယ်မစီးရအမိန့်တွေကို စစ်ကောင်စီကထုတ်ပြန်ထားပေမယ့်လည်း ဆိုင်ကယ်စီးလုယက်မှုတွေ နေ့စဥ်နီးပါးကြုံတွေ့နေရတယ်လို့ ရန်ကုန်ဒေသခံတွေကပြောပါတယ်။

ရန်ကုန်မှာ ဆိုင်ကယ်စီးနင်းတာကို အရင်က ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်ပြင်ပ ၁၂ မြို့နယ်မှာ လမ်းပန်းဆက်သွယ်ရေးလိုအပ်ချက်အရ ခွင့်ပြုထားပေမယ့် စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ဒီလိုခွင့်ပြုထား တဲ့မြို့နယ်တွေမှာပါ လုံခြုံရေးအကြောင်းပြချက်နဲ့ ဆိုင်ကယ်စီးနင်းခွင့်ကို ကန့်သတ်ပိတ်ပင်လာတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း မူလထဲက ဆိုင်ကယ်စီးခွင့်တားမြစ်ထားတဲ့ မြို့နယ်တွေမှာတော့ ဆိုင်ကယ်စီးပြီး ပစ္စည်းလုယူမူတွေကို နေ့စဥ်နီးပါးကြုံတွေ့နေရတယ်လို့ ရန်ကုန်ဒေသခံတွေကဆိုပါတယ်။

“အရင်ကဆိုင်ကယ်တရား၀င်စီးခွင့်မရှိပေမယ့် စီးနေကြတာပဲ၊ အဲဒီတုန်းကတောင် အခုလိုလုယက်မှာကို ကြောက်မနေရဘူး။ အခုသူတို့အာဏာသိမ်းပြီးမှ ဆိုင်ကယ်နဲ့လုယက်တာတွေက တော်တော်ဆိုးလာတယ်။ လမ်းသွားရင်ပိုက်ဆံအိတ်နဲ့ဖုန်းကို ပိုက်ထားရတယ်။ ဖုန်းလာရင်တောင်မပြောရဲဘူး၊ အဲ့လိုပြောနေရင်းနဲ့ အလုခံရတာတွေက မြင်ရတော့ တော်တော်သတိထားနေရတယ်” လို့ မရမ်းကုန်းမြို့နယ်မှာနေထိုင်တဲ့ ပြည်သူတစ်ဦးကပြောပါတယ်။

ဒါ့အပြင် အာဏာမသိမ်းခင်ထဲက ဆိုင်ကယ်အသုံးများတဲ့ အင်းစိန်မြို့နယ်ထဲမှာလည်း ဆိုင်ကယ်နဲ့လုယက်ခံရမှု တွေက ပိုဆိုးလာတယ်လို့ အင်းစိန်ဒေသခံတွေကပြောပါတယ်။ အာဏာမသိမ်းခင်က လူပျက်တဲ့နေရာတွေ လောက်မှာသာ လုယက်မှုတွေဖြစ်ပွားတတ်ပေမယ့် အခုချိန်မှာတော့ ရပ်ကွက်တွေထဲထိပါ အုပ်စုနဲ့ ဆိုင်ကယ်စီးလုယက်မှုတွေကိုလုပ်ဆောင်နေတယ်လို့ ဒေသခံတွေကဆိုပါတယ်။

အင်းစိန်မြို့နယ် ကြို့ကုန်းရပ် ကွက်မှာတော့ အခုတစ်ပတ်ထဲမှာပဲ ဆိုင်ကယ်နဲ့လုယက်ခံရသူငါးဦးလောက်ရှိတယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။

“ဆိုင်ကယ်တစ်စီးမှာသုံးယောက်လောက်စီးပြီးတော့ သူတို့ကရပ်ကွက်ထဲပတ်နေတာ။ လမ်းသွားတဲ့သူတွေမှာ ဘာပစ္စည်းပါလဲ၊ ဖုန်းပြောသွားတယ်ဆိုရင်ကြည့်ပြီး ဆိုင်ကယ်နဲ့လုတော့တာပဲ။ သူတို့ကနေ့တိုင်းလိုလို ဆိုင်ကယ်နဲ့ပတ်နေတော့ ကိုယ်တွေက ဒီလိုလုတဲ့သူတွေဆိုတာသိပေမယ့်လည်း ခေတ်ကမကောင်းတော့ တိုင်တာတွေ၊ပြောတာ တွေမလုပ်ရဲဘူး။ လုတာကလည်းနေ့ခင်းကြီးကို ပေါ်တင်လုနေတာ”လို့ ၎င်းရပ်ကွက်မှာနေထိုင်သူတစ်ဦးကပြောပါတယ်။

စစ်ကောင်စီရဲ့ ဆိုင်ကယ်စီးနည်းခွင့် တားမြစ်မှုဟာ ပြည်သူတွေရဲ့ နေ့စဥ်ဘ၀ကိုသာ အခက်ခဲဖြစ်ပေါ်စေပြီး အခုလို ဒုစရိုက်မှုလုပ်ဆောင်နေသူတွေကိုတော့ ထိရောက်တဲ့ ဖမ်းဆီးအရေးယူတာတွေမလုပ်ဆောင်ဘဲ ပိုဆိုးလာစေတယ်လို့ အမည်အဖော်လိုတဲ့ပြည်သူတစ်ဦးကပြောပါတယ်။

“ တစ်ခါတစ်လေဆိုင်ကယ်စီးမိရင်တောင် အစစ်ခံရမလား၊ မော်တော်ပီကယ် ဖမ်းမှာလားကြောက်ရတယ်။ အခုလိုဆိုင်ကယ်နဲ့ လုနေတဲ့ကောင်တွေကိုကျတော့ ဘယ်သူမှမဖမ်းဘူး”လို့ ၎င်းကပြောပါတယ်။

စစ်ကောင်စီကအာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ကစတင်ကာ ရန်ကုန်တိုင်းဒေသကြီးအပါအ၀င် မြန်မာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆိုင်ကယ်စီးနင်းခွင့်ကို တားမြစ်ကန့်သတ်တဲ့ ထုတ်ပြန်ချက်တွေလုပ်ဆောင် နေတာပဲ ဖြစ်ပါတယ်။


#Dailynews

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."