ရန်ကုန်- ၂၀၂၃ နိုဝင်ဘာ ၁ (မော်ကွန်း)
မြောက်ပိုင်းမဟာမိတ်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေ ရှမ်းမြောက်တခွင်မှာ တစ်ကျော့ပြန် တိုက်ပွဲတွေပြင်းထန်နေတာ ဒီနေ့ဆိုရင်ခြောက်ရက်မြောက်ဖြစ်လာသလို ဒါဟာစစ်ကောင်စီတပ်ကို မြောက်ပိုင်းဒေသကစတင်ပြီး တော်လှန်ရေး အင်အားစုတွေအနေနဲ့ ပြန်လှန်ထိုးစစ်ဆင်ဖို့ လမ်းဖွင့်တဲ့တိုက်ပွဲတွေဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကပြောပါတယ်။
“ အခု ရှမ်းမြောက်ဒေသကနေပြီးတော့ လုပ်ဆောင်လိုက်တဲ့ ‘၁၀၂၇’ ဟာ ပြန်လှန်ထိုးစစ်ကို စပြီးလမ်းဖွင့်ပေးလိုက်တာ ဖြစ်ပါတယ်။ အဲဒီလမ်းထဲကို တိုင်းရင်းသားပေါင်းများစွာ ကိုယ့်ဒေသနဲ့ကိုယ် ဘယ်လိုပေါင်းစပ်ပါဝင်လာမလဲဆိုတဲ့ နည်းလမ်းနဲ့ ညီညီညွတ်ညွတ် တိုက်ပွဲဝင်နိုင်တဲ့ အခြေအနေအပေါ် မူတည်ပါတယ်။ အဲဒီလှုပ်ရှားမှုဟာ အနည်းဆုံးတော့ နောက်နှစ် ၂၀၂၄ ခုနှစ်ထိ ရောက်ရှိသွားနိုင်တယ်လို့ ထင်ပါတယ်” လို့ သူက ပြောပါတယ်။
အောက်တိုဘာ ၂၇ နံနက်ခင်းကစတင်တဲ့ မြောက်ပိုင်းမဟာမိတ်တပ်တွေရဲ့ “၁၀၂၇ စစ်ဆင်ရေး” ကြောင့် လတ်တလောမှာ စစ်ကောင်စီဘက်မှာအထိနာနေပြီး ယခင်ကစစ်ကောင်စီထိန်းချုပ်တဲ့ တရုတ်နယ်စပ်မြို့ ချင်းရွှေဟော် အပါအဝင် ဖောင်းဆိုင်မြို့နဲ့ လားရှိုး-မူဆယ်လမ်းပေါ်က သိန္နီမြို့တို့ကိုပါ သူတို့ထိန်းချုပ်ထားလိုက်ပြီလို့ စစ်ဆင်ရေးစတင်တဲ့ ငါးရက်မြောက်နေ့ ဖြစ်တဲ့မနေ့တုန်းက မြောက်ပိုင်းမဟာမိတ်ဘက်က ထုတ်ပြန်ပါတယ်။
တိုက်ပွဲတွေကြောင့် လားရှိုး-မူဆယ်၊ လားရှိုး-ချင်းရွှေဟော်ပြည်ထောင်စုလမ်းမတွေ အသွားအလာပိတ်ထားပြီး လားရှိုး-မူဆယ်၊ လားရှိုး-ချင်းရွှေဟော်သွားကားလမ်းဆုံ မြို့ဖြစ်တဲ့ သိန္နီမြို့အဝင်မှာ စစ်ကောင်စီဘက်က စစ်ကူတွေ မတက်လာနိုင်အောင် တံတားနဲ့လမ်းတွေကို မဟာမိတ်တွေက ဖြတ်တောက်ပိတ်ဆို့ထားတာကို ဒေသခံတချို့ရဲ့ လူမှုကွန်ယက်တွေမှာ တွေ့ရပါတယ်။
လက်ရှိမှာ မန္တလေး-မြစ်ကြီးနားလမ်းကြောင်းကို ကချင်အဖွဲ့(KIA)က ပိတ်ဆို့ထားနိုင်သလို၊ ကရင်နီ၊ ချင်းနဲ့ ကရင်ပြည်နယ်တို့မှာလည်း စစ်ကောင်စီတပ်တွေကို တော်လှန်ရေးအင်အားစုတွေက ပိတ်ဆို့ထားတဲ့ အနေအထားဖြစ်နေ တာကြောင့် “လမ်းများအားလုံး နေပြည်တော်သို့” ဆိုတဲ့အခင်းအကျင်း ဖြစ်လာနေတယ်လို့ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။
“၁၀၂၇ စစ်ဆင်ရေး” အတွင်း ရှမ်းမြောက်ခွင်မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံစခန်းပေါင်း (၈၇) ခုကို သိမ်းပိုက်ထားနိုင်ပြီး သုံ့ပန်း ၁၀၀ ကျော်နဲ့ လက်နက်ခဲယမ်းအများအပြားကို သိမ်းယူထားနိုင်တယ်လို့ ကိုးကန့်(MNDAA)အဖွဲ့က မနေ့က ထုတ်ပြန် ပါတယ်။
ဒါအပြင် စစ်ကောင်စီလက်အောက်ခံတပ်တွေအပါအဝင် စစ်ကောင်စီအောက်မှာ အမှုထမ်းနေသူတွေကို လက်နက်ချအလင်းဝင်ဖို့ မြောက်ပိုင်းမဟာမိတ်တွေက ကမ်းလှမ်းထားသလို စစ်သားနဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ အလင်းဝင်လာတာလည်း ရှိနေတယ်လို့ ကိုးကန့်ဘက်က ထုတ်ပြန်ထားပါတယ်။
တရုတ်ဘာသာနဲ့ ထုတ်လွှင့်တဲ့ ကိုးကန့်မီဒီယာတွေမှာ ဖော်ပြချက်အရ စခန်းသိမ်းတိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ သံချပ်ကာ ယာဉ်တွေ၊ တင်ကားတွေအထိ မြောက်ပိုင်းမဟာမိတ်တွေက ဖျက်ဆီးခြေမှုန်းထားကို ဖော်ပြပါတယ်။
ရှမ်းမြောက်က တိုက်ပွဲတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က အသေးစိတ်သတင်းထုတ်ပြန်တာမျိုး ဒီနေ့အထိ မလုပ်သေးပေမယ့် မြန်မာနိုင်ငံကို ရောက်လာတဲ့ တရုတ်နိုင်ငံတော်ကောင်စီဝင်နဲ့ ပြည်သူ့လုံခြုံရေးဝန်ကြီး Mr. Wang Xiaohong နဲ့ နေပြည်တော်မှာ တွေ့ဆုံစဉ် အာဏာသိမ်းစစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က ရှမ်းမြောက် တိုက်ပွဲတွေအကြောင်းကို ဆွေးနွေးခဲ့တယ်လို့ သူတို့အာဘော်သတင်းစာတွေမှာ ဖော်ပြပါတယ်။
ဦးသန်းစိုးနိုင်ကတော့ တရုတ်နိုင်ငံဟာ သံတမန်လုပ်ထုံးလုပ်နည်းအတိုင်းသာ ဆောင်ရွက်နေတာဖြစ်ပြီး နိုင်ငံတွင်း ကိစ္စရပ်တွေကို တိုက်ရိုက်ဝင်ရောက်စွက်ဖက်လာဖွယ် မရှိသေးတဲ့အတွက် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေရဲ့ တိုက်ပွဲ ဖော်ဆောင်မှုတွေဟာ ရပ်တန့်သွားဖွယ်မရှိသေးဘူးလို့ သုံးသပ်ပါတယ်။
“ တရုတ်ရဲ့ သံတမန်ရေးရာ လုပ်ထုံးလုပ်နည်းနဲ့ သူတို့ရပ်တည်တဲ့ နည်းလမ်းအတိုင်း မသိချင်ယောင်ဆောင်နေပါလိမ့်မယ်။ မြန်မာစစ်ခေါင်းဆောင်ကတော့ ပြောချင်လည်း ပြောပါလိမ့်မယ်။ ပြောပေမယ့် အဲဒီကိစ္စတွေနဲ့ ပတ်သက်လို့ တရုတ်က တိုက်ရိုက်ပါဝင်စွတ်ဖက်ဖို့ လုပ်မှာလည်း မဟုတ်ပါဘူး” လို့ သူက သုံးသပ်တယ်။
ဆက်လက်ဖြစ်ပွားနေဆဲ ရှမ်းပြည်မြောက်ပိုင်းက တိုက်ပွဲတွေကို မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ်(MNDAA)၊ တအာင်းတပ်(TNLA)၊ ရက္ခိုင့်တပ်( AA) တို့က ပူးတွဲထိုးစစ်ဆင်နေတာဖြစ်ပြီး နွေဦးတော်လှန်ရေးက ပေါက်ဖွားလာတဲ့ အာဏာရှင်တော်လှန်ရေးလက်နက်ကိုင်အင်အားစုတွေဖြစ်တဲ့ PLA၊ BPLA အဖွဲ့တွေဟာလည်း မဟာမိတ်တွေနဲ့အတူ ပါဝင်ဆင်နွှဲနေတာ ဖြစ်ပါတယ်။
ပုံစာ- လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမပေါ်က အဓိကမြို့တစ်ခုဖြစ်တဲ့ သိန္နီမြို့ကို ‘၁၀၂၇ စစ်ဆင်ရေး’ အတွင်း မဟာမိတ်တပ်တွေက ထိန်းချုပ်ပြီးနောက် တပ်ဖွဲ့ဝင်တချို့ အထွေထွေအုပ်ချုပ်ရေးရုံးရှေ့မှာ မှတ်တမ်းတင်ထားကြတာပဲ ဖြစ်ပါတယ်။
ဓါတ်ပုံ- ကိုးကန့်မီဒီယာ

