ရန်ကုန်-၂၀၂၄ ဇန်နဝါရီ ၂၉ (မော်ကွန်း)
အမျိုးသားညီညွတ်ရေးအစိုးရ NUG က ရန်ကုန်တိုင်း PDF တပ်ရင်း (၅၁၀၁)ကို အခုလ ၂၅ ရက်က လက်နက်တပ်ဆင်ပြီးနောက် ရန်ကုန်မြို့တွင်းနဲ့ မြို့အဝင်အထွက်စစ်ဆေးရေးဂိတ်တွေမှာ စစ်ကောင်စီတပ်တွေ အရင်ကထက် အစစ်ဆေးပိုတင်းကြပ်နေတယ်လို့ ရန်ကုန်မြို့ခံတွေနဲ့ ကားသမားတွေက ပြောပါတယ်။
“လက်နက်တပ်တဲ့သတင်းထွက်ပြီးနောက်တစ်ရက် ပန်တိုင်ဂိတ်မှာ အရင်ကထက်ပိုစစ်တယ်။ ညနေပိုင်းပိုစစ်တာ။ အဲဒီနေ့က ပန်တိုင်ကနေ ဆားမလောက်ထိ ကားပိတ်တာ။ ကားပေါ်က ပစ္စည်းတွေပါအကုန်ချပြီးစစ်တယ်။ ခရီးသွားကားတွေဆိုလည်း လူတွေလမ်းဆင်းလျှောက်ပြီး မှတ်ပုံတင်ပြရတယ်”လို့ ကားသမားတစ်ဦးကပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကမှစပြီး ရန်ကုန်မြို့အဝင်အထွက်ဂိတ်တွေမှာ အိမ်စီးကားရော ကုန်ကားတွေပါတစ်စီးချင်းစစ်ဆေးတာကြောင့် အဲဒီဂိတ်တွေမှာ အချိန်ကြာမြင့်စွာစောင့်ဆိုင်းရတယ်လို့ ကားသမားတွေက ပြောပါတယ်။
“ပန်တိုင်ဂိတ်မှာ ကားတန်းရှည်နေတယ်ကြားလို့ တွံတေးဘက်ကနေဝင်တာ။ အဲဒီမှာလည်း ကားပိတ်တာပဲ။ တစ်စီးချင်သေချာစစ်နေတာ။ ကျွန်တော်တို့ကားပေါ်က ပစ္စည်းတွေကိုလည်း ဖွင့်ပြခိုင်းတယ်။ တစ်ခုချင်းပြနေတာနဲ့ အချိန်ကြာနေတာ” လို့ လျှပ်စစ်ပစ္စည်းဖြန့်ချိရေး လုပ်ငန်းတစ်ခုက ယာဉ်မောင်းတစ်ဦးကပြောပါတယ်။
မြို့အဝင်အထွက်ဂိတ်တွေမှာ အစစ်ဆေးကြပ်သလို မြို့တွင်းမှာလည်း အခုရက်ပိုင်းမှာ ပြန်ပြီး ဧည့်စာရင်းစစ်တာများလာတယ်လို့ ရန်ကုန်မြို့ခံတွေကပြောပါတယ်။
“ငါတို့ရပ်ကွက်ထဲ ဧည့်စာရင်းစစ်တာရှားတယ်။ မနေ့တုန်းက ညပိုင်းဧည့်စာရင်းစစ်မယ်လို့ ကြားတယ်လို့ အုပ်ကြီးပြောလို့ သွားတိုင်ထားရသေးတယ်” သင်္ဃန်းကျွန်းမြို့နယ်အတွင်း နေထိုင်သူတစ်ဦးက ပြောပါတယ်။
တောင်ဥက္ကလာမြို့နယ်အတွင်းက ရပ်ကွက်ရုံးစာရေးတစ်ဦးကလည်း စစ်ကောင်စီတပ်တွေဟာ PDF တွေ ရန်ကုန်မြို့တွင်း ဝင်ရောက်လာမှာစိုးရိမ်တာကြောင့် ညပိုင်းတွေမှာ ဧည့်စာရင်းစစ်ဖို့ ပိုမိုလုပ်ဆောင်လာနေတယ်လို့ ဆိုပါတယ်။
မနှစ်က ဇွန်လတုန်းကလည်း အမျိုးသားညီညွတ်ရေးအစိုးရ NUGကရန်ကုန် PDF တပ်ရင်း ၅၁၀၁ တည်ထောင်ကြောင်းကြေညာချက်ထုတ်ပြန်ပြီးနောက် စစ်ကောင်စီတပ်တွေဟာ ရန်ကုန်မြို့တွင်းမှာ လုံခြုံရေးတင်းကြပ်ခဲ့ပြီး ညပိုင်းတွေမှာလည်း ဧည့်စာရင်းစစ်တာတွေ လုပ်ဆောင်ခဲ့ပါသေးတယ်။
ပုံစာ – လှိုင်သာယာ ပန်တိုင်စစ်ဆေးရေးဂိတ်
ဓာတ်ပုံ-mawkun

