ရန်ကုန် – ၂၀၂၅ ဇန်နဝါရီ ၂၇ (မော်ကွန်း)
ရန်ကုန်တိုင်းထဲက မြို့နယ်တချို့မှာ အမျိုးသမီးစစ်မှုထမ်းဆင့်ခေါ်ဖို့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေ ဒီရက်ပိုင်းစတင်ပြီး စာရင်းကောက်ယူလာတယ်လို့ ကိုယ်တိုင်ကြုံတွေ့လာသူတချို့က ပြောပါတယ်။
ရပ်ကွက်အတွင်းက စစ်မှုထမ်းဖို့အကျုံးဝင် အသက်အပိုင်းခြားတွေရဲ့စာရင်းကို ဒီရက်ပိုင်းမှာ တစ်အိမ်တက်ဆင်း ကောက်ယူသွားတာဖြစ်ပြီး ဘယ်အချိန်ဆင့်ခေါ်မလဲဆိုတာကို မသိရသေးဘူးလို့ ကိုယ်တိုင်ကြုံတွေ့လာတဲ့ တောင်ဥက္ကလာပမြို့နယ်မှာနေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“မနေ့က လာကောက်တယ်၊ တစ်ရပ်ကွက်လုံးမှာ ၁၀ ယောက်ဝန်းကျင်လောက် ခေါ်မယ်လို့တော့ အုပ်ချုပ်ရေးမှူးက ပြောသွားတယ်။ စာရင်းကောက်ပြီး ခရီးသွားတာတို့ဆိုရင်လည်း အကြောင်းကြားဖို့ ပြောသွားတယ်” လို့ ၎င်းက ပြောပါတယ်။
အခုလို အမျိုးသမီးစစ်မှုထမ်းအတွက် စာရင်းကောက်ယူမှုတွေကြောင့် တချို့လည်း နေရပ်ကနေ တိမ်းရှောင်နေကြတာမျိုးလည်း ရှိလာပါတယ်။
ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်မှာ နေထိုင်သူတစ်ဦးကတော့ သူတို့ရပ်ကွက်ထဲမှာ စာရင်းကောက်မယ့်သတင်းကြောင့် အမျိုးသမီးတချို့ တိမ်းရှောင်တာရှိပေမယ့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က စာရင်းအတိုင်းပဲ ကောက်ယူသွားတယ်လို့ ပြောပါတယ်။
“လူမရှိလည်း ဒီအိမ်တစ်အိမ်မှာ သူတို့သတ်မှတ်ချက်နဲ့ အကျုံးဝင်တဲ့စာရင်း ဘယ်လောက်ရှိလဲဆိုတာ ကောက်သွားတယ်။ တချို့လည်း အိမ်ပြန်မလာဘူးပေါ့နော်၊ လူမရှိလည်း စာရင်းထဲထည့်သွားတယ်။ နောက်လလောက်ဆိုရင် စပြီးခေါ်တော့မယ်လို့လည်း ပြောသွားတယ်” လို့ ၎င်းကပြောပါတယ်။
နိုင်ငံတစ်ဝန်းမှာစစ်ရှုံးနေပြီး နယ်မြေစိုးမိုးမှုကျဆင်းလာတဲ့ စစ်ကောင်စီဟာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလကစပြီး နိုင်ငံသားတိုင်းကို စစ်မှုထမ်းအဖြစ် ဆင့်ခေါ်မယ့် ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်ပါတယ်။
စစ်ကောင်စီလက်ထက် အသက်ဝင်လာတဲ့ ဒီစစ်မှုထမ်းဥပဒေမှာ အမျိုးသားက အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်းနဲ့ အမျိုးသမီးတွေက အသက် ၁၈ နှစ်ကနေ ၂၇ နှစ်အတွင်း စစ်မှုထမ်းဖို့ အကျုံးဝင်နေတာပါ။
စစ်ကောင်စီအနေနဲ့ ဒီနှစ် ဧပြီလကပြီး စစ်မှုထမ်းသင်တန်း အပတ်စဉ် (၁) ကို စတင်ဖွင့်လှစ်ခဲ့ကာ လက်ရှိမှာ အပတ်စဉ် (၉) ထိ ဖွင့်လှစ်ထားပြီး လူငယ်သောင်းနဲ့ချီပြီး စစ်တပ်ထဲကို ဆွဲသွင်းထားတာပါ။
ပြည်တွင်းအလုပ်အကိုင်အဆင်မပြေဖြစ်နေလို့ ပြည်ပထွက်ခွာဖို့ ပြင်ဆင်နေတဲ့ အမျိုးသမီးတချို့လည်း အခုလိုသတင်းတွေကြောင့် စိုးရိမ်နေပြီး သူတို့ရဲ့ပြည်ပထွက်ခွင့်တွေကိုလည်း ပိတ်ပင်လာမှာကို စိုးရိမ်နေမှုတွေရှိနေပါတယ်။
“ဒီမှာက ဘာမှလုပ်ကိုင်စားလို့မရတဲ့အပြင် ဒီစစ်မှုထမ်းကိစ္စက တော်တော်လေး စိုးရိမ်စရာဖြစ်နေပြီ။ ဒီပုံစံအတိုင်းဆို အပြင်ထွက်ဖို့တောင် တော်တော်ခက်သွားတယ်။ ဒီစစ်မှုထမ်းသတင်းက လူငယ်တွေကို တော်တော်လေးသောကပေးနေတာပါ” လို့ ပြည်ပထွက်ခွာဖို့ ပြင်ဆင်နေတဲ့ အမျိုးသမီးတစ်ဦးကလည်း ပြောပါတယ်။
၂၀၁၉ က ကောက်ယူခဲ့တဲ့ ကြားဖြတ်သန်းခေါင်စာရင်းအရ စစ်မှုမထမ်းမနေရ ဥပဒေနဲ့ အကျုံးဝင်တဲ့ မြန်မာနိုင်ငံသား အမျိုးသား ၆ ဒသမ ၃ သန်းနဲ့ အမျိုးသမီး ၇ ဒသမ ၇ သန်းရှိတယ်လို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီမှာ စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေကနေ ထုတ်ပြောထားဖူးပါတယ်။
ဒါ့အပြင် အမျိုးသမီးစစ်မှုထမ်းတွေကိုလည်း စစ်မှုထမ်းသင်တန်း အပတ်စဉ် (၅) က စတင်ပြီး ခေါ်ယူသွားမယ်လို့လည်း ပြောထားတာပါ။
ပုံစာ – စစ်ကောင်စီရဲ့ အမျိုးသမီးဗိုလ်လောင်းသင်တန်းတစ်ခုရဲ့ စစ်ရေးပြအခမ်းအနား
ဓါတ်ပုံ – စစ်ကောင်စီဝါဒဖြန့်မီဒီယာ

