ရန်ကုန် – ၂၀၂၃ စက်တင်ဘာ ၇ (မော်ကွန်း)
စစ်ကောင်စီဟာ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စ.စ.စ) ရဲ့ ညွှန်ကြားရေးမှူးချုပ်အသစ် ပြောင်းလဲလိုက်တာဟာ စီးပွါးရေးလုပ်ငန်းရှင်တွေကို ပိုမိုဖိနှိပ်ဖမ်းဆီးမှုတွေလုပ်ဖို့ဖြစ်တယ်လို့ အငြိမ်းစားညွှန်းကြားရေးမှူးတစ်ဦးက သုံးသပ်ပါတယ်။
စသုံးလုံးမှာ ၁၀ နှစ်နီးပါးတာဝန်ထမ်းဆောင်ခဲ့တဲ့ ညွှန်ကြားရေးမှူးချုပ်ဟောင်း ဦးမောင်မောင်ကျော်နေရာမှာ ဦးအောင်ဇော်လင်းကို ညွှန်ကြားရေးမှူးချုပ်အသစ်အဖြစ် ပြောင်းလဲခန့်အပ်လိုက်တယ်လို့ စစ်ကောင်စီက ဒီနေ့မှာကြေညာပါတယ်။
ဦးအောင်ဇော်လင်းဟာ ကာကွယ်ရေးဝန်ကြီးဌာနမှဖြစ်ပြီး ဗိုလ်မှူးကြီးအဆင့်ရာထူးရှိသူတစ်ဦးဖြစ်တယ်လို့ စသုံးလုံးသတင်းအရင်းအမြစ်ထံမှသိရပါတယ်။
“အခုမှစရောက်တာဆိုတော့ သူ့ရဲ့ မူဝါဒကဘယ်လိုရှိတယ်ဆိုတာကတော့ ပြောဖို့ခက်တယ်။ သေချာတာကတော့ ငွေကြေးလုပ်ငန်းတွေ၊ လာဘ်ပေးလာဘ်ယူ လုပ်တဲ့ဝန်ထမ်းတွေ၊ စီးပွါးရေးလုပ်ငန်းရှင်တွေ ကိုတော့ အဖမ်းအဆီးတွေပိုလုပ်တာတော့ ရှိကောင်းရှိလာနိုင်တယ်။” လို့ မကြာသေးမီက အငြိမ်းစားယူခဲ့တဲ့ စသုံးလုံးညွှန်ကြားရေးမှူးဟောင်းတစ်ဦးက ပြောပါတယ်။
လက်ရှိမှာစသုံးလုံးဟာ ဗဟိုဘဏ်နဲ့ပူးပေါင်းပြီး ဒေါ်လာအရောင်းအဝယ်လုပ်ကိုင်နေသူတွေကို အသွင်ယူ ဖမ်းဆီးမှုတွေလုပ်နေတာကြောင့် အရောင်းအဝယ်တွေရပ်ကုန်တယ်လို့ ဒေါ်လာရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။
လွန်ခဲ့တဲ့ရက်သတ္တပတ်ကလည်း မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဌအပါအဝင် ဒေါ်လာရောင်းဝယ်သူ အယောက် ၄၀ ကို စသုံးလုံးကခေါ်ယူမေးမြန်းတာတွေ ပြုလုပ်ခဲ့တယ်လို့ စစ်ကောင်စီဝါဒဖြန့်မီဒီယာတွေမှာဖော်ပြပါတယ်။
စသုံးလုံးဟာ ပြည်ထဲရေးဝန်ကြီးဌာန အောက်မှာရှိပြီး၊ နိုင်ငံတော်သမ္မတက တိုက်ရိုက်အမိန့်တာဝန် ပေးအပ်လာရင်လည်း ဆောင်ရွက်ပေးရတယ်လို့ စသုံးလုံးအငြိမ်းစားညွှန်ကြားရေးမှူးကပြောပါတယ်။
စသုံးလုံးရဲ့လုပ်ငန်းတာဝန်ဟာ စီးပွါးရေးဆိုင်ရာမသမာမှုတွေကို စုံစမ်းဖော်ထုတ်အရေးယူတာ၊ ဝန်ထမ်းမသမာမှုတွေကို ဖမ်းဆီးအရေးယူတာတွေနဲ့ နိုင်ငံတော်လုံခြုံရေးဆိုင်ရာ သတင်းအချက်အလက်တွေ စုဆောင်းတင်ပြတာတွေလုပ်ရတယ်လို့ သူကပြောပါတယ်။
စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံ့ဝန်ထမ်းအများအပြားဟာ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု(CDM) မှာ ပါဝင်ခဲ့ကြပေမယ့် စသုံးလုံးကတော့ CDM ပြုလုပ်သူ အနည်းဆုံးဌာနဖြစ်တယ်လို့ဆိုပါတယ်။
စစ်ကောင်စီဟာ ဇူလိုင် ၃၁ မှာ အမျိုးသားကာကွယ်ရေး၊ လုံခြုံရေးကောင်စီအစည်းအဝေးကျင်းပပြီး အရေးပေါ်ကာလသက်တမ်း ခြောက်လထပ်တိုးလိုက်တဲ့နောက်ပိုင်း ဝန်ကြီးဌာနအကြီးအကဲတွေကို အပြောင်းအလဲပြုလုပ်နေတာပါ။
ပုံစာ – ၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်ခဲ့သည့် စ.စ.စ ဝန်ထမ်းသားသမီးတွေကို ညွှန်ကြားရေးမှူးချုပ်ဟောင်းဦးမောင်မာင်ကျော်မှဆုချီးမြင့်သည့်မြင်ကွင်း။
ဓာတ်ပုံ- အထူးစုံးစမ်းစစ်ဆေးရေးဦးစီးဌာန
#Dailynews