မကွေး-၂၀၂၄ ဖေဖော်ဝါရီ ၂၉ (မော်ကွန်း)
မကွေးတိုင်း၊ စလင်းမြို့နယ်မှာ ဒီနေ့လယ်ပိုင်းက လေယာဉ်ပျက်ကျရာမှာ လေထီးနဲ့ခုန်ထွက်လွတ်မြောက်သွားတဲ့ ပိုင်းလော့နှစ်ဦးကို စစ်ကောင်စီတပ်က ပြန်ခေါ်သွားပြီလို့ စလင်းဒေသခံတွေကပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ လေယာဉ်ပျက်ကျခဲ့တဲ့နေရာဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ဒေသဖြစ်ပြီး စစ်ကောင်စီတပ်တွေထိန်းချုပ်ထားတာလို့ ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။
“ဖြစ်စဉ်ကတော့ မွန်းလွဲပိုင်း ၁၂ နာရီ ၄၅ မိနစ်လောက်မှာ မင်းဘူးခရိုင်၊ စလင်းမြို့နယ်ထဲက ကြိုဝန်းကြီးကျေးရွာက လယ်ကွင်းထဲမှာ MIG 29 အမျိုးအစားပျက်ကျတယ်။ (ပိုင်းလော့နှစ်ဦးက)လေယာဉ်ပျက်ကျတဲ့အချိန်မှာ လေထီးနဲ့ခုန်ထွက်သွားတယ်။ ထွက်သွားတဲ့နောက်ပိုင်းမှာ စစ်ကောင်စီလေတပ်ကပဲ Mi 17 နဲ့ခေါ်သွားတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အဲဒီလေယာဉ်ဟာ မကွေးလေတပ်ကနေပျံတက်လာတဲ့ လေယာဉ်ဖြစ်ပြီး ပျက်ကျပြီးနောက်မှာတော့ စစ်ကောင်စီ တပ်သားတွေရောက်ရှိလာပြီး လေယာဉ်အစိတ်အပိုင်းတချို့ကို ပြန်သယ်ယူကာ ဓာတ်ပုံရိုက်ပြီး ပြန်ထွက်သွားကြတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေမှာလည်း စလင်းမြို့နယ်နဲ့ ပွင့်ဖြူမြို့နယ်ကြားမှာ စစ်တပ်ပိုင်လေယာဉ်တစ်စီးပျက်ကျခဲ့ပြီး ပိုင်းလော့နှစ်ဦးကတော့ လေထီးနဲ့ခုန်ချလွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ဇန်နဝါရီလတုန်းကလည်း စစ်ကောင်စီတပ်ရဲ့ ဂျက်တိုက်လေယာဉ်တစ်စီး ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဖက်ကာရွာအနီးမှာ KIA က ပစ်ချလို့ ပျက်စီးခဲ့သလို ကရင်ပြည်နယ်မှာလည်း ရဟတ်ယာဉ်တစ်စီးပစ်ချခံခဲ့ရပါသေးတယ်။
ပုံစာ-စစ်ကောင်စီလေတပ်ရဲ့ ဒီနေ့ပျက်ကျခဲ့တဲ့ တိုက်လေယာဉ်အစိတ်အပိုင်းတချို့။
ဓာတ်ပုံ-မင်းဘူးခရိုင်၊ အမှတ်-၇ တပ်ရင်း

